မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မည်သူ့စံနှုန်းများကို သင်ယုံကြည်စိတ်ချနိုင်သနည်း

မည်သူ့စံနှုန်းများကို သင်ယုံကြည်စိတ်ချနိုင်သနည်း

မည်​သူ့​စံနှုန်း​များ​ကို သင်​ယုံကြည်​စိတ်ချ​နိုင်​သနည်း

အာဖရိက​သို့ ပထမ​အကြိမ်​ရောက်လာ​သူ​တစ်ဦး​သည် လမ်းဘေး​တွင် မတ်​မတ်​ရပ်နေ​သော လူတစ်ယောက်ကို အာရုံစိုက်မိ​သည်။ ထို​သူသည် မတ်​မတ်​ရပ်နေ​စဉ်​ပင် မိနစ်​အနည်းငယ်​တိုင်း သူ၏​ခြေထောက်​ကို​တဖြည်းဖြည်း​ရွှေ့​ကာ တစ်ဖက်​သို့​အနည်းငယ် ရွေ့ ရှား​သွား​သည်ကို သတိပြုမိ​သည်။ အဘယ်ကြောင့် ထိုသို့​ရွေ့ ရှား​နေရ​သည်ကို ခဏ​ကြာ​မှ သူ​သဘောပေါက်​သွား​သည်။ အမှန်​မှာ ထို​သူသည် ကြေးနန်း​တိုင်​အရိပ်​ကို ခို​နေခြင်း​ဖြစ်သည်။ မွန်းလွဲပိုင်း နေကျ​စဉ် ၎င်း​အရိပ်​သည်လည်း တဖြည်းဖြည်း​ရွေ့​နေ​၏။

ထို​နေ​ရိပ်​နည်းတူ လူမှုရေး​ကိစ္စ​များနှင့် စံနှုန်း​များသည်​လည်း အမြဲတစေ​ပြောင်းလဲ​လျက်​ရှိသည်။ “အလင်း​တို့၏​အဘ” ယေဟောဝါ​ဘုရားသခင်​မူ​ကား ပြောင်းလဲခြင်း​မရှိပေ။ “ထို​အဘသည် ပြောင်းလဲခြင်း​မရှိ၊ လှည့်၍​လည်း​အရိပ်​ကျစေ​တော်​မ​မူ​တတ်” ဟု​တပည့်တော်​ယာကုပ် ရေးသားခဲ့​သည်။ (ယာကုပ် ၁:၁၇သမ္မာ) ဟေဗြဲ​ပရောဖက်​မာလခိ​က ဘုရားသခင်​ကိုယ်တော်တိုင်​၏ ဤ​ကြေညာ​ချက်​ကို မှတ်တမ်းတင်​ခဲ့​သည်– “ငါသည် ထာဝရ​ဘုရား​ဖြစ်၏၊ ပြောင်းလဲခြင်း​မရှိ။” (မာလခိ ၃:၆) ဟေရှာယ​လက်ထက်​တွင် ဣသရေလ​လူမျိုး​ကို ဘုရားသခင် ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့​အသက်ကြီး​၍ ဆံပင်​ဖြူ​သည်​တိုင်အောင် ငါသည် ထိုသို့​သော​သူ​ဖြစ်၍ သင်တို့ကို​ဆောင်ရွက်​မည်။ ငါ​ပြု​ခဲ့​ပြီး​သည်​အတိုင်း ထမ်း​ဦး​မည်။” (ဟေရှာယ ၄၆:၄) ယင်းကြောင့် အချိန်ကုန်​လွန်သွား​ခြင်း​က တန်ခိုး​ကြီး​ရှင်​ဘုရားသခင်​၏​ကတိတော်​များ​အပေါ် ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​ကို မ​လျော့​သွား​စေပါ။

ပညတ်တရား​မှ သင်ခန်းစာ

ယေဟောဝါ​၏​ကတိတော်​များသည် ယုံကြည်​စိတ်ချ​နိုင်​ပြီး ပြောင်းလဲခြင်း​မရှိ​သကဲ့သို့ ကိုယ်တော်​၏​အမှားအမှန်​စံနှုန်း​များလည်း ထို့​အတူ​ဖြစ်သည်။ တစ်ခု​သာ​မှန်ကန်သော အလေး​နှစ်စုံ​အသုံးပြုသည့် ကုန်သည်​တစ်ဦး​ကို သင်​ယုံကြည်​စိတ်ချ​မည်​လော။ လုံးဝ​ယုံကြည်​မည်​မဟုတ်ပေ။ အလားတူ “မမှန်​သော​ချိန်ခွင်​သည် ထာဝရ​ဘုရား​စက်ဆုပ်​ရွံရှာ​တော်​မူ​ဖွယ်၊ မှန်သော​အလေး​မူ​ကား နှစ်သက်​တော်​မူ​ဖွယ်​ဖြစ်၏။” (သု. ၁၁:၁; ၂၀:၁၀) ဣသရေလ​လူမျိုး​အား ယေဟောဝါ​ပေး​ခဲ့​သော​ပညတ်​တွင် ဤ​အမိန့်တော်​ပါဝင်​သည်– “တရား​တွေ့သော​အမှု၊ တိုင်းထွာ​သော​အမှု၊ ချိန်တွယ်​သော​အမှု၊ ခြင်တွယ်​သော​အမှု၌ မတရား​စွာ​မပြုရ​ကြ။ မှန်သော​ချိန်ခွင်၊ မှန်သော​အလေး၊ မှန်သော​ဧဖာ၊ မှန်သော​ဟိန်​များ​ကို​သုံး​ရ​ကြ​မည်။ ငါသည် သင်တို့ကို အိဂျစ်ပြည်​မှ​နုတ်ဆောင်​သော သင်တို့၏​ဘုရားသခင် ထာဝရ​ဘုရား​ဖြစ်၏။”—ဝတ်ပြုရာ ၁၉:၃၅၊ ၃၆သမ္မာ။

ထို​အမိန့်​ကို​နာခံခြင်း​ဖြင့် ဣသရေလလူ​များသည် ဘုရားသခင်​၏​မျက်နှာသာတော်​သာမက စည်းစိမ်ဥစ္စာ​များစွာလည်း ရရှိခဲ့သည်။ အလားတူ​စွာ အလေးချိန်​နှင့်​အတိုင်းအတာ​များ​တွင်​သာမက ဘဝ​ကဏ္ဍအသီးသီး​တွင် ယေဟောဝါ​၏​မပြောင်းလဲ​သော​စံနှုန်း​များ​ကို လိုက်နာ​စွဲကိုင်​ခြင်း​က ကိုယ်တော်​အား​ယုံကြည်​ကိုးစား​သော ဝတ်ပြုသူ​ကို အကျိုးပေး​သည်။ ဘုရားသခင် ဤသို့​ကြေညာ​သည်– “ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့်​ပို့ဆောင်သော သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ဖြစ်၏။”—ဟေရှာယ ၄၈:၁၇

ယနေ့ စံနှုန်း​များ အဘယ်ကြောင့်​ကျဆင်း​နေသနည်း

သမ္မာကျမ်းစာ​က ယနေ့ စံနှုန်း​များ​ကျဆင်း​နေခြင်း​အကြောင်းရင်းကို ဖော်ပြ​သည်။ သမ္မာကျမ်းစာ​၏ နောက်ဆုံး​ကျမ်းစောင် ဗျာဒိတ်ကျမ်း​က ကောင်းကင်​စစ်ပွဲ​တစ်ခု​ကို​ဖော်ပြ​ကာ ယင်း​၏​အကျိုးဆက်ကို ယနေ့​ထိ​တိုင် လူသား​အားလုံး ခံစား​နေကြ​ရသည်။ တမန်​တော်​ယောဟန် ဤသို့​ရေးခဲ့​သည်– “ကောင်းကင်​၌​စစ်​ဖြစ်၏။ မိက္ခေလ​နှင့် သူ၏​ကောင်းကင်တမန်​တို့သည် နဂါး​ကို​စစ်တိုက်​ကြ​၏။ နဂါးနှင့်​သူ၏​တမန်​တို့သည် စစ်​တိုက်၍​မ​နိုင်​ကြ။ ကောင်းကင်​၌​လည်း သူတို့​နေစရာ​မရှိ။ ထို​အခါ ဤ​လောက​တစ်နိုင်ငံ​လုံး​ကို​လှည့်ဖြား​၍ . . . စာတန်​အမည်​ရှိသော ရှေး​မြွေ​ဟောင်း​တည်း​ဟူသော နဂါး​ကြီး​ကိုလည်း​ကောင်း၊ သူနှင့်​အတူ သူ၏​တမန်​တို့ကို​လည်းကောင်း မြေကြီး​သို့​ချ​လိုက်​ကြ​၏။”—ဗျာဒိတ် ၁၂:၇-၉

ထို​စစ်ပွဲ​၏ နောက်ဆက်တွဲ​အကျိုးဆက်​ကား​အဘယ်နည်း။ ယောဟန် ဤသို့​ဆက်​ရေးခဲ့​သည်– “ထို​ကြောင့်၊ ကောင်းကင်​နှင့်​ကောင်းကင်သား​တို့ ရွှင်လန်း​ကြလော့။ မြေကြီး​နှင့်​ပင်လယ်​သည် အမင်္ဂလာ​ရှိ [ဝမ်းနည်းဖွယ်​ဖြစ်]၏။ အကြောင်း​မူ​ကား [စာတန်] သည် မိမိ​ကာလ​တစ်ခဏ​သာ​ရှိသည်​ကို​သိ၍၊ ပြင်းစွာ​သော​ဒေါသ​အမျက်​နှင့်​တကွ သင်တို့​ရှိရာသို့​ဆင်း​လေ​ပြီ။”—ဗျာဒိတ် ၁၂:၁၂

၁၉၁၄ ခုနှစ်​၌​ပထမ​ကမ္ဘာ​စစ်​ဖြစ်သော​အခါ ‘မြေကြီး​အတွက်​ဆိုးကျိုး’ ကျရောက်​လာပြီး ယခု​ခေတ်​စံနှုန်း​များနှင့် အလွန်​ခြားနား​သော စံနှုန်း​များ​ကို အဆုံးတိုင်​စေ​ခဲ့​သည်။ “၁၉၁၄-၁၈ ခုနှစ်​စစ်ပွဲ​ကြီး​သည် ထို​အချိန်​မှ ကျွန်ုပ်​တို့​အချိန်ကို ခွဲခြား​လိုက်​သည့် မီးလောင်​ပြင်​ကြီး​ကဲ့သို့​ဖြစ်သည်။ အနာဂတ်​သား​ကောင်း​များ​ကို သေဆုံး​စေ​ခဲ့​ခြင်း၊ ယုံကြည်ချက်များ​ကို​ဖျက်ဆီး​ပစ်​ခြင်း၊ ထင်မြင်ချက်​တို့ကို​ပြောင်းလဲ​ခဲ့​ခြင်း၊ မ​ကုစား​နိုင်​သည့် စိတ်ပျက်ခြင်း​ဒဏ်ရာ​များ​ရစေ​ခြင်း​ဖြင့် ခေတ်​သမယ​နှစ်ခု​စပ်ကြား ပကတိ​နှင့်​စိတ်ပိုင်း​ဆိုင်ရာ ချောက်​ကမ်းပါး​ကြီး​တစ်ခု ဖြစ်ပေါ်​စေ​ခဲ့ပြီ” ဟု​သမိုင်း​ပညာရှင် ဘာ​ဘ​ရာ​တပ်​ခ်​မင်​က ပြော​ခဲ့​သည်။ သမိုင်း​ပညာရှင်​အခြား​တစ်ဦး​ဖြစ်သူ အဲရစ်​ခ် ဟော့စ်​ဗော​မ်​က သဘောတူညီ​စွာ ဤသို့​ဆို​သည်– “ဖွံ့ဖြိုး​သည့်​နိုင်ငံ​များ​တွင် သာမန်​အဖြစ်​သဘောထား​ခဲ့​ကြသော​စံနှုန်း​များသည် ၁၉၁၄ ခုနှစ်​ကတည်းက သိသိသာသာ​ကျဆင်း​ယိုယွင်း​လာ​ခဲ့ပြီ။ . . . ဆယ့်ကိုး​ရာစု​မှ​ဘိုးဘေး​များ​က အ​ရိုင်း​အ​စိုင်း​ဟု​ခေါ်​ခဲ့​ကြ​မည့် စံနှုန်း​များ​အား ဤမျှ​အရှိန်အဟုန်​နှင့် ကျင့်သုံး​နေကြ​ခြင်း​ကို သဘောပေါက်​ရန် မလွယ်​ချေ။”

လူသားချင်း​စာနာမှု—နှစ်​ဆယ်ရာစု​၏ ကိုယ်ကျင့်တရား​သမိုင်း စာအုပ်​တွင် စာရေး​ဆရာ ဂျော်​န​သန် ဂ​လို​ဗာ​က ဤသို့​သတိပြု​စေ​သည်– “ကျွန်ုပ်​တို့​ခေတ်​၏​ကြန်အင်​လက္ခဏာ​တစ်ရပ်​မှာ ကိုယ်ကျင့်တရား​ဆိုင်ရာ​ပညတ် ပျောက်ကွယ်​နေခြင်း​ဖြစ်သည်။” အနောက်​တိုင်း​တွင် ဘာသာ​တရား​ကိုင်းရှိုင်း​မှု လျော့နည်း​နေခြင်း​ကြောင့် ပြင်ပ​ရင်းမြစ်​မှ ကိုယ်ကျင့်တရား​ဆိုင်ရာ​ပညတ်​ကို သူ​လက်မခံနိုင်​သော်လည်း ဤသို့​သတိပေး​သည်– “ဘာသာရေးဆိုင်ရာ ကိုယ်ကျင့်တရား​ပညတ်​ကို မယုံကြည်​သူ ကျွန်ုပ်​တို့​အနေ​နှင့် ၎င်း​ကွယ်ပျောက်​သွားခြင်း​ကို စိုးရိမ်မကင်း​ဖြစ်နေ​သင့်​သည်။”

စီးပွားရေး၊ နိုင်ငံရေး သို့​မဟုတ် ဘာသာရေး​တွင်​ဖြစ်စေ၊ တစ်ဦးစီ​နှင့် မိသားစု​ဆက်ဆံ​ရေး​တွင်​ပင်​ဖြစ်စေ ယုံကြည်​အားထား​မှု​စော်ကား​ခံရ​သည့် လက်ရှိ​အခြေအနေ​နှင့် ကြောက်မက်​ဖွယ်​ဆိုးကျိုး​များ​က မြေကြီးသား​များ​အပေါ် ဆိုးကျိုး​သက်ရောက်​စေရန် စာတန်​၏​ယုတ်မာ​သော​အကြံအစည်​တစ်ခု​ဖြစ်သည်။ စာတန်​သည် သူ၏​စစ်ပွဲ​ကို အဆုံးတိုင်​ဆင်နွှဲ​ပြီး ဘုရားသခင့်​စံနှုန်း​များနှင့်​အညီ နေထိုင်ရန်​ကြိုးစား​သူအား​လုံး မိမိ​နှင့်အတူ​ဖျက်ဆီး​ခံရ​ရန် စိတ်ပိုင်းဖြတ်​ထား​သည်။—ဗျာဒိတ် ၁၂:၁၇

အထူး​ထင်ရှား​နေသော ယုံကြည်​အားထား​မှု​စော်ကား​ခံရ​ခြင်း​မှ လွတ်မြောက်​ရန် ဖြေရှင်း​နည်း​ရှိပါ​သလော။ တမန်​တော်​ပေတရု ဤသို့​ဖြေဆို​သည်– “ယခု​ရှိသမျှ​သော​အရာ​တို့သည် ပျက်​ရ​သော်လည်း၊ ဖြောင့်မတ်ခြင်း​တရား​တည်နေရာ မိုးကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​တို့သည် [ဘုရားသခင်​၏] ကတိတော်​နှင့်​အညီ မျှော်လင့်​ကြ​၏။” (၂ ပေတရု ၃:၁၃) ဘုရားသခင်​သည် မိမိ၏​ရည်ရွယ်ချက်ကို ပြီးမြောက်​အောင်မြင်​စေနိုင်​ရုံ​မ​က ပြည့်စုံ​စေမည်​ဟု အာမခံ​ထားသော​ကြောင့် ထို​ကတိတော်​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ ‘မိမိ​နှုတ်​မှ​ထွက်​သော’ အဘယ် ‘စကား’ နှင့်​ပတ်​သတ်​၍​မဆို ယေဟောဝါ​ဤသို့​ကြေညာ​သည်– “အကျိုးမရှိ​ဘဲ ငါ့​ထံ​သို့​မပြန်​ရ။ ငါ့​အလိုကို ပြည့်စုံ​စေမည်။ ငါ​စေခိုင်း​သော​အမှု၌ အောင်​လိမ့်​မည်။” အမှန်​ယုံကြည်​ကိုးစား​ထိုက်​သော ကတိတော်​ပင်!—ဟေရှာယ ၅၅:၁၁; ဗျာဒိတ် ၂၁:၄၊ ၅

ဘုရားသခင့်​စံနှုန်း​များနှင့်​အညီ နေထိုင်ခြင်း

ပြောင်းလဲ​ကျဆင်း​နေသော​စံနှုန်း​များ​ရှိ ဤ​လောကတွင် ယေဟောဝါသက်သေ​များသည် ကျမ်းစာ​ပါ အကျင့်အကြံ​စံနှုန်း​များနှင့်​အညီ​နေထိုင်ရန် ကြိုးစား​အားထုတ်​ကြသည်။ ယင်းကြောင့် သူတို့သည် အများ​နှင့်​မတူ​ကြောင်း​ထင်ရှား​သဖြင့် အခြားသူများ​၏​အာရုံစိုက်မှု​နှင့် အထင်သေး​မှု​ကို​ခံ​ရလေ့​ရှိကြသည်။

လန်ဒန်​တွင် ယေဟောဝါသက်သေ​များ​၏​စည်းဝေးကြီး​တစ်ခု​၌ ယေဟောဝါသက်သေ​များသည် အမှန်တကယ်​ပင် ခရစ်ယာန်​များ​ဟုတ်မဟုတ် တီဗွီ​သတင်းထောက်​တစ်ဦး​က ပြောရေးဆိုခွင့်​ရှိသူ​တစ်ဦး​အား မေးမြန်းခဲ့​သည်။ သူ​ဤသို့​ဖြေကြား​ခဲ့​သည်– “ယေရှုဟာ ကျွန်တော်​တို့​ရဲ့​စံနမူနာရှင်​ဖြစ်​တဲ့​အတွက် ခရစ်ယာန်​အစစ်​တွေ​ပါ။ ဒီ​လောကမှာ တစ်ကိုယ်ကောင်း​ဆန်​မှု​တွေ အများကြီး​ရှိနေပေမဲ့ ယေရှု​ခရစ်​ကိုပဲ ကျွန်တော်​တို့​ရဲ့​လမ်းခရီး၊ ကျွန်တော်​တို့​ရဲ့​အမှန်တရား​နဲ့ ကျွန်တော်​တို့​ရဲ့​အသက်​အဖြစ် အာရုံစိုက်​ကြတယ်။ ကိုယ်တော်​ဟာ သုံးပါး​ပေါင်း​တစ်ဆူ​အဝင်​မဟုတ်ဘဲ ဘုရားသခင့်​သားတော်​ဖြစ်တယ်​လို့​ယုံကြည်တာ​ကြောင့် သမ္မာကျမ်းစာ​ကို ကျွန်တော်​တို့​နားလည်​သဘောပေါက်​တဲ့​ပုံ​က လူသိ​များတဲ့​ဘာသာ​တရား​တွေ​နဲ့ ခြားနား​ပါ​တယ်။”

ဘီဘီစီ ရုပ်မြင်သံကြား​ပေါ် ဤ​လူတွေ့မေးမြန်းခန်း​ကို ထုတ်လွှင့်​သောအခါ သတင်းထောက်​က ဤသို့​ပြော​ရင်း​အစီအစဉ်ကို နိဂုံး​ချုပ်​ခဲ့​သည်– “ယေဟောဝါသက်သေ​တွေ ကျွန်တော်​တို့​ရဲ့​အိမ်တံခါး​ကို ဘာကြောင့်​လာ​ခေါက်​ကြတယ်​ဆိုတာ အခု​ပို​ပြီး​သိလာတယ်။ တစ်ချိန်တည်း​တစ်​နေရာ​ထဲမှာ သပ်သပ်ရပ်ရပ်​ဝတ်စား​ထားပြီး အမူအကျင့်ကောင်း​တဲ့​လူ ၂၅,၀၀၀ စုဝေး​နေတာကို ကျွန်တော်​မတွေ့ဖူး​ဘူး။” ဘုရားသခင်​၏​ပြောင်းလဲခြင်း​မရှိသော​စံနှုန်း​များ​ကို လိုက်နာခြင်း​သည် ဉာဏ်ပညာ​ရှိကြောင်း အပြင်လူ​တစ်ဦးထံ​မှ အလွန်​ကောင်းသော​သက်သေခံချက်​ပါ​တကား!

အချို့​သူတို့သည် ကိုယ်တိုင်​မချ​မှတ်​သည့်​စံနှုန်း​များနှင့်​အညီ နေထိုင်ခြင်း​ကို သဘောကျ​ကြ​မည်​မဟုတ်သော်လည်း သင့်​ကျမ်းစာ​ကို​လေ့လာ​ပြီး ဘုရားသခင့်​စံနှုန်း​များ​ကို​သင်ယူ​ရန် တိုက်တွန်း​ပါ​သည်။ သို့သော် သာမန်​ကာလျှံ​ကာ​ဆန်းစစ်​ကြည့်ရုံ​နှင့် ကျေနပ်​မနေ​ပါ​နှင့်။ တမန်​တော်​ပေါလု​၏ ဤ​သတိပေး​ချက်​ကို​လိုက်နာပါ– “သင်တို့သည် လော[က]ပုံသဏ္ဌာန်​ကို​မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ စုံလင်သော​အရာ​တည်း​ဟူသော ဘုရားသခင်​အလိုတော်​ရှိသော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို သင်​နိုင်​မည်​အကြောင်း၊ စိတ်နှလုံး​ကို​အသစ်​ပြင်ဆင်​၍ ပုံသဏ္ဌာန်​ပြောင်းလဲခြင်း​သို့​ရောက်​ကြလော့။” (ရောမ ၁၂:၂) သင့်​ရပ်ကွက်​ရှိ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့​သွားပြီး ထို​တွင်​ရှိ​သက်သေခံ​များနှင့် အကျွမ်းတဝင်​ရှိပါ။ သူတို့သည် သမ္မာကျမ်းစာ​၏​ကတိတော်​များ​ကို ယုံကြည်​စိတ်ချ​ကြ​၍ ဘုရားသခင့်​စံနှုန်း​များနှင့်​အညီ နေထိုင်ရန်​ကြိုးစား​ခြင်း​ဖြင့် ကိုယ်တော်​အား​ယုံကြည်​ကိုးစား​ကြောင်း​တင်ပြ​သည့် သာမန်​လူ​တို့​ဖြစ်သည်​ကို သင်​တွေ့ရှိ​ရ​ပေမည်။

ဘုရားသခင်​၏ ပြောင်းလဲခြင်း​မရှိ၊ ယုံကြည်​စိတ်ချ​နိုင်သော စံနှုန်း​များ​ကို လိုက်နာ​စောင့်ထိန်းခြင်း​အားဖြင့် သင့်​အသက်တာတွင် ကောင်းချီး​အမှန်​ခံစားရ​ပေ​လိမ့်​မည်။ ဘုရားသခင်​၏ ဤ​ဖိတ်ကြား​ချက်​ကို ဂရုပြုပါ– “သင်သည် ငါ​၏​ပညတ်​တို့ကို စောင့်ရှောက်​ပါစေ​သော။ သို့ပြုလျှင် သင်၏​ချမ်းသာ​သည် မြစ်​ကဲ့သို့​လည်းကောင်း၊ သင်၏​ဖြောင့်မတ်ခြင်း . . . သည် သမုဒ္ဒရာ​လှိုင်း​တံပိုး​ကဲ့သို့​လည်းကောင်း ဖြစ်​ရ​လိမ့်​မည်။”—ဟေရှာယ ၄၈:၁၈

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယနေ့ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး​နှင့် မိသားစု​ဆက်ဆံ​ရေး​တွင် ယုံကြည်​အားထား​မှု စော်ကား​ခံရ