မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၌ သင့်ယုံကြည်ကိုးစားမှုကို ခိုင်ခံ့စေလော့

ယေဟောဝါ၌ သင့်ယုံကြည်ကိုးစားမှုကို ခိုင်ခံ့စေလော့

ယေဟောဝါ​၌ သင့်​ယုံကြည်​ကိုးစားမှု​ကို ခိုင်ခံ့​စေ​လော့

လူသတ်​ရန်​အကြံအစည်​တစ်ခု​ကို ကြံစည်​နေကြ​သည်။ တစ်နိုင်ငံ​လုံး​မှ မှူးမတ်​အရာရှိ​အားလုံး တိုင်ပင်​ဆွေးနွေး​ခဲ့​ကြ​ပြီး ဥပဒေသစ်​တစ်ခု​ထုတ်​ဖို့ အဆို​တင်သွင်း​ကြသည်။ သူတို့က နိုင်ငံ​သဘောတူ​သည့် ဝတ်ပြုရေး​မဟုတ်သော ဝတ်ပြုမှု​တွင်​ပါဝင်သူ မည်သူ​မဆို​အား သေဒဏ်​ပေး​လောက်​သော​ပြစ်မှု ဖြစ်စေ​လို​ကြသည်။

ဤ​အကြောင်းအရာ​နှင့် သင်​အကျွမ်းတဝင်​ရှိပါ​သလော။ သမိုင်း​သည် ဥပဒေ​ကိုင်​၍ အမှု​ဆင်​ခဲ့​သူတို့၏​နမူနာ​များနှင့် ပြည့်လျက်​ရှိသည်။ ပရောဖက်​ဒံယေလ​အချိန်တွင် ပါရှန်း​အင်ပါယာ​၌ အထက်ပါ​အမှု​တစ်ခု ဖြစ်ပျက်​ခဲ့​သည်။ ဘုရင်​ဒါရိ​ချမှတ်​ခဲ့​သော ဥပဒေက ဤသို့​သတ်မှတ်​ပြဋ္ဌာန်း​ခဲ့​သည်– “ကိုယ်တော်မြတ်​မှတစ်ပါး အခြားသော​လူကို​ဖြစ်စေ၊ ဘုရား​ကို​ဖြစ်စေ အရက်​သုံး​ဆယ်​အတွင်း​တွင် ဆုတောင်း​သော​သူ​မည်​သည်ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချပစ်​ရမည်။”—ဒံယေလ ၆:၇-၉

ဒံယေလ​သည် အသက်ဘေး​နှင့်​ရင်ဆိုင်​ရ​စဉ် အဘယ်အရာ​ပြုလုပ်​မည်​နည်း။ သူ၏​ဘုရားသခင် ယေဟောဝါ​အား ဆက်၍​ယုံကြည်​ကိုးစား​မည်​လော၊ သို့​မဟုတ် အလျှော့ပေး​လိုက်လျော​ကာ ဘုရင်​စီရင်​ပြဋ္ဌာန်း​သည့်​အတိုင်း လုပ်ဆောင်​မည်​လော။ မှတ်တမ်းက ဤသို့​ဆို​သည်– “အမိန့်တော်​ထုတ်​၍ တံဆိပ်​ခတ်​ကြောင်းကို ဒံယေလ​သည် ကြားသိ​သော်လည်း မိမိ​အိမ်​သို့​သွား​၍ ယေရုရှလင်​မြို့​သို့​မျက်နှာ​ပြု​ရာ အထက်ခန်း​ပြတင်းပေါက်​ပွင့်​လျက်​ပင် အထက်​ပြု​လေ့​ရှိသည်​အတိုင်း တစ်နေ့​သုံးကြိမ် ဒူးထောက်​လျက် ဘုရားသခင်​ကို​ဆုတောင်း၍ ဂုဏ်​ကျေးဇူးတော်​ကို ချီးမွမ်း​လေ​၏။” (ဒံယေလ ၆:၁၀) မှတ်တမ်း​၏​ကျန်​အပိုင်း​ကို အများ​သိ​ကြသည်။ ဒံယေလ​သည် သူ၏​ယုံကြည်ခြင်း​ကြောင့် ခြင်္သေ့​တွင်း​ထဲ​ပစ်ချ​ခံရ​သည်၊ သို့သော် ယေဟောဝါ​သည် “ခြင်္သေ့​နှုတ်​ကို​ပိတ်​ထား” ၍​မိမိ၏​တည်ကြည်သော​ကျေးကျွန်​ကို ကယ်နုတ်​ခဲ့​သည်။—ဟေဗြဲ ၁၁:၃၃; ဒံယေလ ၆:၁၆-၂၂

မိမိကိုယ်ကို​ဆန်းစစ်​ရမည့်​အချိန်

ယေဟောဝါ​၏​ကျေးကျွန်​များသည် ရန်လိုသော​လောကတွင် ယနေ့ အသက်ရှင်​နေရ​ပြီး ကာယရေး​နှင့်​ဝိညာဉ်​ရေး​ကောင်းကျိုး​ဘက် အန္တရာယ်များ​စွာ​နှင့်​ရင်ဆိုင်​နေရ​သည်။ ဥပမာ၊ အချို့​တိုင်းပြည်​များ​တွင် ရက်စက်​ကြမ်းကြုတ်​သော လူမျိုးရေး​မုန်းတီးမှု ရုတ်တရက်​ဖြစ်ပေါ်​လာ​ရာ သက်သေခံ​မြောက်မြားစွာ အသတ်ခံခဲ့ရ​သည်။ အခြား​ဒေသ​များ​တွင် ယေဟောဝါ​၏​ကျေးကျွန်​များသည် အစာ​ခေါင်းပါး​မှုများ၊ စီးပွားရေး​ကျပ်တည်း​မှုများ၊ သဘာဝဘေးဒဏ်​များ၊ အသည်းအသန်​ဖျားနာ​မှု​နှင့် အသက်ကို​ခြိမ်းခြောက်​သော အခြား​အခြေအနေ​များ​ကို ရင်ဆိုင်ခဲ့​ရသည်။ ထို့​အပြင် သူတို့၏​ဝိညာဉ်​ရေး​ကို အန္တရာယ်​ဖြစ်စေ​မည့် နှိပ်စက်​ညှဉ်းပန်း​ခြင်း၊ အလုပ်​မှ​ဖိအားများ​နှင့် အမှား​ပြု​ရန် သွေးဆောင်ခြင်း​အမျိုးမျိုးကို တွေ့ကြုံ​ကြ​ရသည်။ မဟာရန်သူ​ကြီး​စာတန်​သည် ယေဟောဝါ​၏​ကျေးကျွန်​များ​အား အောင်မြင်​နိုင်​မည့် မည်သည့်​နည်း​နှင့်​မဆို ဖျက်ဆီး​ရန်​စိတ်ပိုင်းဖြတ်​ထား​သည်။—၁ ပေတရု ၅:၈

ယင်း​သို့​သော​အခြေအနေ​များနှင့်​ရင်ဆိုင်​ရ​လျှင် ကျွန်ုပ်​တို့​အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ အသက်​အန္တရာယ်​နှင့်​ကြုံတွေ့​ရသောအခါ ကြောက်ရွံ့​ခြင်း​သည် သဘာဝ​ကျ​သော်လည်း ကျွန်ုပ်​တို့သည် တမန်​တော်​ပေါလု​၏ အားတက်ဖွယ် ဤ​စကား​များ​ကို စွဲမှတ်​ထား​နိုင်​သည်– “‘ငါသည် သင့်ကို​မစွန့်၊ အလျှင်း​ပစ်​၍​မထား’ ဟု [ယေဟောဝါ] မိန့်တော်မူ၏။ ထို​ကြောင့် ငါ​တို့​က ‘ထာဝရ​ဘုရား​သည် မစ​တော်​မူ​သော​အရှင်​ဖြစ်၍ လူသည် ငါ့ကို​အဘယ်​သို့​ပြု​နိုင်​မည်​နည်း၊ မကြောက်​မ​ရွံ့​ရ’ ဟု​ရဲရင့်​သော​စိတ်​နှင့် ပြောဆို​ရသော​အခွင့်​ရှိကြ​၏။” (ဟေဗြဲ ၁၃:၅၊ ၆သမ္မာ) ယေဟောဝါ​သည် မျက်မှောက်ခေတ်​မိမိ၏​ကျေးကျွန်​များ​အပေါ် ထပ်တူ​သဘောထား​ရှိကြောင်း ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ သို့ရာတွင် ယေဟောဝါ​၏​ကတိတော်​များ​ကို​သိရှိ​ထားခြင်း​သည် တစ်​ကဏ္ဍ​ဖြစ်​ပြီး ကျွန်ုပ်​တို့​အကျိုးအတွက် ကိုယ်တော်​လုပ်ဆောင်​တော်​မူ​မည်​ဟု ယုံကြည်​စိတ်ချ​နေခြင်း​သည် နောက်​တစ်​ကဏ္ဍ​ဖြစ်သည်။ ထို့​ကြောင့် ယေဟောဝါ​၌​ယုံကြည်​ကိုးစားမှု​ကို အဘယ်အရာ​ပေါ်​တည်ဆောက်​ထား​ကြောင်း​ဆန်းစစ်​ပြီး ထို​ယုံကြည်​ကိုးစားမှု​ကို ခိုင်ခံ့​မြဲမြံ​စေရန် ကျွန်ုပ်​တို့​အတတ်နိုင်ဆုံး​လုပ်ဆောင်ခြင်း​သည် အလွန်​အရေးကြီး​ပါ​သည်။ ထို​သို့ပြုလျှင် “အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် [ကျွန်ုပ်] တို့၏​စိတ်နှလုံး​တို့ကို စောင့်မ​လိမ့်​မည်။” (ဖိလိပ္ပိ ၄:၇) သို့​ဖြစ်​လျှင် စမ်းသပ်မှု​များ​ကြုံ​ရသည့်​အခါ ကျွန်ုပ်​တို့သည် ပီပီပြင်ပြင်​စဉ်းစား​ပြီး ပညာရှိရှိ​ပြုမူ​ဆောင်ရွက်​နိုင်​မည်​ဖြစ်သည်။

ယေဟောဝါ​အား​ယုံကြည်​ကိုးစား​ရန် အကြောင်းရင်း

ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​ယေဟောဝါ​အား ယုံကြည်​ကိုးစား​ရန် အကြောင်းရင်း​များစွာ အမှန်ပင်​ရှိသည်။ ၎င်း​တို့​မှ​ပထမ​အချက်​မှာ ယေဟောဝါ​သည် မိမိ​ကျေးကျွန်​များ​ကို အမှန်တကယ်​ဂရုစိုက်​သည့် မေတ္တာရှင်​ဘုရားသခင်​ဖြစ်​ခြင်း​တည်း။ ယေဟောဝါ​သည် မိမိ​ကျေးကျွန်​များ​ကို မေတ္တာပါ​စွာ​ကြည့်ရှု​စောင့်ရှောက်​ကြောင်း​ဖော်ပြ​သည့် နမူနာ​များစွာ သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​သည်။ ယေဟောဝါ​ရွေးချယ်​ထားသော ဣသရေလ​လူမျိုး​နှင့်​ဆက်ဆံပုံ​ကို​ဖော်ပြ​ရာ​တွင် မောရှေ​ဤသို့​ရေးသားခဲ့​သည်– “လူဆိတ်ညံ​သော​အရပ်၊ သားရဲ​မြည်​၍ လွတ်လပ်​သောတော​လွင်ပြင်​၌ ယာကုပ်​ကို​တွေ့​တော်​မူ​သောအခါ ဝန်းရံ​ဆီး​ကာ​ခြင်း၊ သွန်သင်ခြင်း​ကျေးဇူး​ကို​ပြု​၍ မျက်ဆန်​တော်​ကဲ့သို့​စောင့်​တော်​မူ​၏။” (တရားဟောရာ ၃၂:၁၀) မျက်မှောက်ခေတ်တွင် ယေဟောဝါ​သည် မိမိ​ကျေးကျွန်​များ​ကို အုပ်စု​လိုက်​အနေ​နှင့်​ရော တစ်ဦးစီ​အနေ​နှင့်​ပါ ကောင်းစွာ​ဆက်၍​ဂရုစိုက်​လျက်​ရှိသည်။ ဥပမာ၊ ဘော့စနီးယား​၌ ပြည်တွင်းစစ်​အတွင်း သက်သေခံ​အချို့​သည် အလွန့်အလွန် အစာ​ခေါင်းပါး​မှုကြုံ​ခဲ့​ရ​စဉ် မိမိတို့​ညီအစ်ကို​များ​အတွက် ကယ်ဆယ်​ရေး​ပစ္စည်း​များ​သယ်ဆောင်​ကာ အန္တရာယ်​ထူပြော​သော​နယ်မြေ​များ​ကို အသက်စွန့်​ကြိုးပမ်း​ဖြတ်သန်း​ခဲ့​ကြ​သည့် ခရိုအေးရှား​နှင့် ဩစတြီးယား​မှ​ညီအစ်ကို​များ​၏ ရဲရင့်​သည့်​အားထုတ်မှု​ဖြင့် အလွန်​လိုအပ်​နေသော ထောက်ပံ့​ပစ္စည်း​များ​ရရှိရန် ယေဟောဝါ​စီစဉ်​ပေး​တော်​မူ​ခဲ့​သည်။ *

ယေဟောဝါ​ဘုရားသခင်​သည် အတိုင်းအဆမဲ့​တန်ခိုးရှင်​ဖြစ်သော​ကြောင့် မည်သည့်​အခြေအနေ​မျိုး​၌​မဆို မိမိ​ကျေးကျွန်​များ​ကို အမှန်ပင်​ကာကွယ်​ပေး​နိုင်​သည်။ (ဟေရှာယ ၃၃:၂၂; ဗျာဒိတ် ၄:၈) ယေဟောဝါ​သည် မိမိ​ကျေးကျွန်​အချို့​ကို သေ​သည်​အထိ​တည်ကြည်​ရန် ခွင့်ပြု​သည့်​တိုင် သူတို့၏​တည်ကြည်မှု​ကို​စောင့်ထိန်း​နိုင်​ရန် မပြတ်​ထောက်မ​ကူညီ​ပေးခြင်း​ဖြင့် သူတို့သည် အဆုံးတိုင်အောင် မ​ဖောက်​မပြန်၊ ပျော်ရွှင်​ငြိမ်သက်​စွာ တည်ကြည်​နိုင်​ခဲ့​ကြသည်။ ထို့​ကြောင့် ဆာလံဆရာ​ကဲ့သို့ ကျွန်ုပ်​တို့​လည်း ဤသို့​ယုံကြည်​စိတ်ချ​နိုင်​သည်– “ဘုရားသခင်​သည် ငါ​တို့​ခိုလှုံရာ​ဖြစ်၍ ခွန်အား​ကို​ပေး​တော်​မူ​၏။ ဘေးရောက်​သည်​ကာလ အထူးသဖြင့်​ကူမ​တော်​မူ​ကြောင်း ထင်ရှား​လျက်​ရှိ၏။ ထို့​ကြောင့် ပထဝီ​မြေကြီး​သည်​ရွေ့သွား​၍ တောင်​များ​တုန်လှုပ်​လျက် သမုဒ္ဒရာ​သို့​ကျ​သော်လည်း ငါ​တို့သည် ကြောက်လန့်​ခြင်း​မရှိ။”—ဆာလံ ၄၆:၁၊ ၂

ယေဟောဝါ​သည် သစ္စာစောင့်​တော်​မူ​သော​ဘုရားသခင်​ဖြစ်​ကြောင်းကို​လည်း သမ္မာကျမ်းစာ​ဖော်ပြ​သည်။ ဆိုလိုသည်မှာ ကိုယ်တော်​သည် အမြဲ​ကတိတည်​တော်​မူ​သည်။ သမ္မာကျမ်းစာ​က ကိုယ်တော်​အား “မုသာ​နှင့်​ကင်းစင်​တော်​မူ​သော” ဘုရားသခင်​ဟူ၍ပင် ဖော်ပြ​ထား​သည်။ (တိတု ၁:၁) ယေဟောဝါ​သည် မိမိ​ကျေးကျွန်​များ​ကို စောင်မ​ကယ်တင်​ရန် တလိုတလား​ရှိကြောင်း ကြိမ်ဖန်​များစွာ​မြွက်ဆို​ထားခြင်း​ကြောင့် ကိုယ်တော်​သည် ကတိတော်​ရှိသည်​အတိုင်း​လုပ်ဆောင်​နိုင်​ရုံ​သာမက ပြည့်စုံစေရန် အသင့်​ရှိကြောင်း ကျွန်ုပ်​တို့ အကြွင်းမဲ့ယုံ​ကြည်​စိတ်ချ​နိုင်​ပေ​သည်။—ယောဘ ၄၂:၂

ယုံကြည်ခြင်း​ခိုင်ခံ့​မြဲမြံ​စေရန် နည်းလမ်းများ

ယေဟောဝါ​အား ယုံကြည်​ကိုးစား​ရန် အကြောင်း​များစွာ​ရှိသော်လည်း ယုံကြည်ခြင်း​အမြဲ​ရှိ​မည်​ဟု ယူ​မှတ်၍​မရ​ပေ။ အကြောင်း​မှာ လောကသား​အများစု​သည် ဘုရားသခင်​အား​ယုံကြည်မှု​နည်း​သဖြင့် ယင်း​သဘောထား​က ယေဟောဝါ​အား ကျွန်ုပ်​တို့၏​ယုံကြည်​ကိုးစား​စိတ်​ကို အလွယ်တကူ​လျော့နည်းစေ​နိုင်သော​ကြောင့်​ဖြစ်သည်။ ထို့​ကြောင့် ထို​ယုံကြည်​ကိုးစားမှု ခိုင်ခံ့​မြဲမြံ​နေ​ရန် ကျွန်ုပ်​တို့​အားသွန်ခွန်စိုက်​ကြိုးစား​ရမည်​ဖြစ်သည်။ ယင်းကို ယေဟောဝါ​ကောင်းစွာ​သိတော်မူပြီး ထိုသို့​ပြု​နိုင်​မည့်​နည်းလမ်း​များစွာကို ပြင်ဆင်​ပေး​ထား​တော်​မူ​သည်။

ဦးစွာ၊ ရေးသား​ထား​သည့်​စကားတော် သမ္မာကျမ်းစာ​ကို ကိုယ်တော်​ပေး​ထား​သည်၊ ယင်း​တွင် မိမိ၏​ကျေးကျွန်​များ​အတွက် ကိုယ်တော်​လုပ်ဆောင်ခဲ့​သည့် တန်ခိုး​ပါ​သော​လုပ်ရပ်များ​စွာ​ကို မှတ်တမ်း​တင်ထား​သည်။ စဉ်းစား​ကြည့်​ပါ၊ လူတစ်ယောက်​၏​နာမည်​ကို သိ​ရုံ​လောက်​နှင့်​သာ သူ့​အား သင်​မည်မျှ​ယုံကြည်​စိတ်ချ​နိုင်​မည်​နည်း။ သူ့ကို​ယုံ​နိုင်​သည့်​တိုင် အလွန်​နည်း​ပေမည်။ သူ့ကို​ယုံကြည်​စိတ်ချ​နိုင်​ဖို့ သူ၏​အမူအကျင့်များ​နှင့် သူ၏​ဆောင်ရွက်မှု​များ​ကို သိထား​ရန်လို​မည်​မဟုတ်လော။ ကျမ်းစာ​မှတ်တမ်းများ​ကို ကျွန်ုပ်​တို့​ဖတ်ရှု​ဆင်ခြင်​ကြ​စဉ် ယေဟောဝါ​အား​လည်းကောင်း၊ ကိုယ်တော်​၏​အံ့ဖွယ်အမှု​များ​ကိုလည်း​ကောင်း တိုး​သိ​နားလည်​လာ​ရာ ကိုယ်တော်​သည် အမှန်တကယ်​ယုံကြည်​ကိုးစား​ထိုက်​ကြောင်း တိုး၍​တိုး၍​သဘောပေါက်​လာ​ပေ​သည်။ ဤနည်းဖြင့် ကိုယ်တော့်​အပေါ် ကျွန်ုပ်​တို့၏​ယုံကြည်​ကိုးစားမှု ခိုင်ခံ့​မြဲမြံ​လာ​သည်။ ဘုရားသခင်​အား ဤသို့​ထက်သန်​စွာ​ဆုတောင်း​ခဲ့​သော ဆာလံဆရာ​သည် အကောင်းဆုံး​နမူနာ​ပြ​ခဲ့​သည်– “ထာဝရ​ဘုရား​၏​အမှုတော်​တို့ကို အောက်မေ့ပါ​မည်။ ရှေး​ကာလ​၌ ကိုယ်တော်​ပြု​ဖူး​သော​အံ့သြဖွယ်​တို့ကို အောက်မေ့ပါ​မည်။ ပြု​တော်​မူသမျှ​တို့ကို​ဆင်ခြင်​၍ စီရင်တော်မူ​သော​အရာ​တို့ကို မြွက်ဆို​ပါ​မည်။”—ဆာလံ ၇၇:၁၁၊ ၁၂

သမ္မာကျမ်းစာ​အပြင် ယေဟောဝါ​၏​အဖွဲ့အစည်း​မှ​ထုတ်ဝေ​သော ကျမ်းစာ,စာပေ​များ​မှ​တစ်ဆင့် ကျွန်ုပ်​တို့သည် ဝိညာဉ်​အစာများ​စွာ​ရရှိ​ကြသည်။ ယင်း​စာစောင်​များ​တွင် အခြား​အရာများ​အပြင် မျှော်လင့်ချက်​ကင်းမဲ့​နေသည့် အခြေအနေ​များ တွေ့ကြုံ​ရသောအခါ ယေဟောဝါ မည်သို့​ကူညီ​ထောက်မ​ပေး​နိုင်​ခဲ့​ကြောင်း​ဖော်ပြ​သည့် မျက်မှောက်ခေတ် ဘုရားသခင့်​ကျေးကျွန်​များ​၏ လှုံ့ဆော်မှု​ပေး​သည့်​မှတ်တမ်းများ​လည်း ပါ​လေ့​ရှိသည်။ ဥပမာ​အနေ​နှင့်၊ နောက်ပိုင်း​တွင် ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​ဖြစ်လာ​သည့် မာတင် ပေါ့​တ်​ဇ​င်္ဂါ​သည် သူ၏​မွေးရပ်မြေ​နှင့်​ဝေး​သော ဥရောပ​ဒေသ​အချို့​တွင် ရှေ့ဆောင်​အဖြစ်​အမှုထမ်းဆောင်​စဉ် အပြင်းအထန်​ဖျား​ခဲ့​သည်။ သူ့မှာ​ပိုက်ဆံ​လည်း​မရှိ၊ အဘယ်​ဆရာဝန်​မှ​လည်း သူ့​အား​လာ​မကြည့်​ပေး​လို​ချေ။ သို့သော် ယေဟောဝါ​သည် သူ့ကို​စွန့်​မထား​ခဲ့​ပေ။ နောက်ဆုံး​တွင် ဒေသခံ​ဆေးရုံ​၏ အတိုင်ပင်ခံ​ဆရာဝန်​ကြီး​နှင့် သူ​အဆက်အသွယ်​ရခဲ့​သည်။ ဤ​ကြင်နာ​မှု​ရှိသူ​သည် သမ္မာကျမ်းစာ​ကို စွဲစွဲမြဲမြဲ​ယုံကြည်သူ​တစ်ဦး​ဖြစ်သော​ကြောင့် အဖိုးအခ​မယူ​ဘဲ သားတစ်ယောက်​ကဲ့သို့ ညီအစ်ကို ပေါ့​တ်​ဇ​င်္ဂါ​ကို ကြည့်ရှု​ပြုစု​ခဲ့​သည်။ ထိုသို့​သော ကိုယ်ရေး​အတ္ထုပ္ပတ္တိ​များ​ကို​ဖတ်ရှု​ရခြင်း​က ကောင်းကင်​ခမည်းတော်​၌ ကျွန်ုပ်​တို့၏​ယုံကြည်​ကိုးစားမှု​ကို အမှန်ပင်​ခိုင်ခံ့​မြဲမြံ​စေနိုင်​သည်။

ယေဟောဝါ​အား ကျွန်ုပ်​တို့၏​ယုံကြည်​ကိုးစားမှု​ခိုင်ခံ့​မြဲမြံ​စေရန် ကိုယ်တော်​စီမံ​ပေး​သည့် တန်ဖိုး​ဖြတ်​မရ​သော​နောက်​အထောက်အမ​တစ်ခု​မှာ ဆုတောင်းခြင်း​အခွင့်ထူး​ဖြစ်သည်။ တမန်​တော်​ပေါလု​က မေတ္တာပါ​စွာ​ဤသို့​ဆို​သည်– “အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း . . . သော​အားဖြင့်၊ သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား​ကြားလျှောက်​ကြလော့။” (ဖိလိပ္ပိ ၄:၆) “အရာ​ရာ” ဟု​ဆို​ရာ​တွင် ကျွန်ုပ်​တို့၏​ခံစားချက်​များ၊ လိုအပ်ရာ​များ၊ ကြောက်ရွံ့​မှုများ​နှင့် စိုးရိမ်​ပူပန်မှု​များ​ပါဝင်​နိုင်​သည်။ ကျွန်ုပ်​တို့သည် နှလုံး​အကြွင်းမဲ့​ဆုတောင်း​လေ ယေဟောဝါ​၌ ကျွန်ုပ်​တို့၏​ယုံကြည်​ကိုးစားမှု​သည် ပို​၍​ခိုင်ခံ့​မြဲမြံ​လာ​လေ​ဖြစ်​မည်။

ယေရှု​ခရစ်​ကမ္ဘာ​ပေါ်​ရှိ​စဉ်​က အနှောင့်အယှက်​မရှိ ဆုတောင်း​နိုင်​ရန် လူဆိတ်ညံ​ရာ​သို့ တစ်ခါတစ်ရံ တစ်ယောက်တည်း​ထွက်​သွားလေ့​ရှိသည်။ (မဿဲ ၁၄:၂၃; မာကု ၁:၃၅) ယေရှုသည် အရေးကြီး​သည့်​ဆုံးဖြတ်ချက်​များ​မချ​မီ မိမိ​ခမည်းတော်​ထံ တစ်ညလုံး​ပင် ဆုတောင်း​ခဲ့​ဖူး​သည်။ (လုကာ ၆:၁၂၊ ၁၃) မည်သူ​မဆို​အပေါ် ကျရောက်​ခဲ့​ဖူး​သမျှ​တွင် ထိတ်လန့်ဖွယ်​အကောင်းဆုံး​စမ်းသပ်မှု​ကို ယေရှု​ခံရပ်​နိုင်​သည်​အထိ ယေဟောဝါ​၌ သူ၏​ယုံကြည်​ကိုးစားမှု အလွန်​ခိုင်ခံ့​မြဲမြံ​ခဲ့​ခြင်း​သည် အံ့အားသင့်​စ​ရာ​မဟုတ်ပေ။ ညှဉ်းဆဲ​ရာ​သစ်တိုင်ပေါ်​၌ ကိုယ်တော်​ပြော​ခဲ့​သည့်​နောက်ဆုံး​စကား​မှာ– “အို​အဘ၊ အကျွန်ုပ်၏​စိတ်​ဝိညာဉ်​ကို ကိုယ်တော်​လက်၌​အကျွန်ုပ်​အပ်​ပါ​၏” ဟူ၍​ဖြစ်သည်။ ယေဟောဝါ​သည် သူ့​အား ကြားဝင်​ကယ်တင်​မပေးခဲ့​သော်လည်း ခမည်းတော်​အပေါ်​ထား​သည့် ကိုယ်တော်၏​ယုံကြည်​ကိုးစားမှု​မှာ အဆုံးတိုင်အောင် ယုံကြည်​စိတ်ချမှု​အပြည့်​ရှိကြောင်း ထိုစကား​က​တင်ပြ​ခဲ့​သည်။—လုကာ ၂၃:၄၆

ယေဟောဝါ​၌ ကျွန်ုပ်​တို့၏​ယုံကြည်​ကိုးစားမှု​ကို​တည်ဆောက်​ရန် နောက်ထပ်​နည်း​တစ်နည်း​မှာ ကိုယ်တော်​အား​စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်​ကိုးစား​သူများ​နှင့် မှန်မှန်​ပေါင်းသင်း​ခြင်း​ဖြစ်သည်။ ယေဟောဝါ​အား​ပိုမို​သိကျွမ်း​ရန်​နှင့် တစ်ယောက်ကို​တစ်ယောက်​အားပေး​တိုက်တွန်း​ရန် မှန်မှန်​စည်းဝေး​ဖို့ မိမိ​လူမျိုး​အား ကိုယ်တော်​မိန့်မှာ​ခဲ့​သည်။ (တရားဟောရာ ၃၁:၁၂; ဟေဗြဲ ၁၀:၂၄၊ ၂၅) ယင်း​သို့​ပေါင်းသင်း​ခြင်း​က ယေဟောဝါ​၌ သူတို့၏​ယုံကြည်​ကိုးစားမှု​ကို ခိုင်ခံ့​မြဲမြံ​စေ​ရာ ယုံကြည်ခြင်း​အကြီးအကျယ်​စမ်းသပ်မှု​များ​ကို ခံရပ်​နိုင်​စေ​ခဲ့​သည်။ ဟောပြောခြင်း​လုပ်ငန်း ပိတ်ပင်​ခံ​ထား​ရသော အာဖရိက​တိုင်းပြည်​တစ်ခု​တွင် ယေဟောဝါသက်သေ​များသည် ရဲ​တို့၏​စောင့်ရှောက်​ကာကွယ်​မှု၊ ခရီး​သွား​စာရွက်စာတမ်း​များ၊ လက်ထပ်ခွင့်​စာချုပ်​များ၊ ဆေးရုံ​တွင် ဆေး​ကုသ​ခွင့်​များနှင့် လုပ်ငန်း​ကိုင်​ငန်း​များ မရရှိ​ခဲ့​ကြ​ချေ။ ဒေသ​တစ်ခု​တွင် ပြည်တွင်းစစ်​ဖြစ်​ခဲ့​ချိန်​က ၎င်း​အနီးရှိ​အသင်းတော်​တစ်ခု​မှ ကလေး​များ​အပါအဝင် အသင်းသား ၃၉ ယောက်​သည် သူတို့၏​မြို့တွင်း ဗုံး​ဒဏ်​မှ​လွတ်မြောက်​ရန် သဲကန္တာရ​ထဲ​ရှိ နိမ့်​သော​တံတား​တစ်ခု​အောက်တွင် လေးလ​ခန့်​ခိုအောင်း​ခဲ့​ကြ​ရသည်။ ထိုသို့​သော ကျပ်တည်း​ခက်ခဲ​မှု​နှင့်​ရင်ဆိုင်​ရ​စဉ် နေ့စဉ်​ကျမ်းချက်​ဆွေးနွေးခြင်း​နှင့် အခြားသော​အစည်းအဝေး​များ​က သူတို့ကို အကြီးအကျယ်​ခွန်အား​ပေး​ခဲ့​သည်။ ထို့​ကြောင့် ထို​တုန်လှုပ်​ချောက်ချား​ဖွယ်​အခြေအနေ​ကို သူတို့၏​ဝိညာဉ်​ရေး​အခြေ​မပျက်​ဘဲ ခံရပ်​နိုင်​ခဲ့​သည်။ ထို​တွေ့ကြုံမှု​က ယေဟောဝါ​၏​လူများ​နှင့်အတူ​တကွ မှန်မှန်​စည်းဝေး​ခြင်း​၏​တန်ဖိုး​ကို ကောင်းစွာ​ဖော်ပြ​သည်။

နောက်ဆုံး​အနေ​နှင့် ယေဟောဝါ​၌ ကျွန်ုပ်​တို့၏​ယုံကြည်​ကိုးစားမှု​ကို ခိုင်ခံ့​မြဲမြံ​စေရန် အခြားသူများ​အား သတင်းကောင်း​ဝေမျှ​ရန် အမြဲ​အသင့်ရှိ​ပြီး ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​တွင် တက်တက်ကြွကြွ ဆက်​ပါဝင်​နေရ​မည်​ဖြစ်သည်။ ယင်းကို ကုသ​၍​မရ​သည်​အထိ သွေးကင်ဆာ​ဖြင့် ဖျားနေ​သော ကနေဒါ​နိုင်ငံ​မှ ထက်သန်​သည့်​ကြေညာသူ ငယ်ရွယ်သူ​တစ်ဦး၏ စိတ်ထိခိုက်​စ​ရာ ဤ​တွေ့ကြုံမှု​က ဖော်ပြ​ခဲ့​သည်။ သူသည် အသည်းအသန်​ဖျားနေ​သော်လည်း အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​ဖြစ်သည့် မှန်မှန်ရှေ့ဆောင်​တစ်ဦး​ဖြစ်​လို​ခဲ့​သည်။ သူသည် ခဏတာ ရောဂါ​သက်သာ​ချိန်​အတွင်း အရန်ရှေ့ဆောင်​အဖြစ် ခရစ်ယာန်​ဓမ္မ​အမှု​တွင် တစ်လ​ပါဝင်​နိုင်​ခဲ့​သည်။ ထို့နောက် သူ၏​ကျန်းမာ​ရေး​အခြေအနေ ပြန်​ဆိုး​လာ​ကာ လအနည်းငယ်​အကြာတွင် ကွယ်လွန်​သွား​သည်။ သို့​တိုင် ယေဟောဝါ​၌​သူ၏​ယုံကြည်ခြင်း​သည် တစ်ခဏမျှ​ပင် တိမ်းယိမ်း​ခြင်း​မရှိဘဲ အဆုံးတိုင်အောင် ဝိညာဉ်​ရေး​ခိုင်ခံ့​မြဲမြံ​ခဲ့​သည်။ သူ့​မိခင်​က ဤသို့​ပြန်​ပြောပြ​သည်– “အဆုံးအထိ​ပဲ သူကိုယ်တိုင်​အတွက်​ထက် သူများ​အတွက်​စိုးရိမ်​တာ​က​များတယ်။ ‘ပရဒိသု​မှာ​အတူ​နေကြ​မယ်​နော်’ လို့​ပြော​ပြီး ကျမ်းစာ​ကို​လေ့လာ​ကြဖို့ သူများကို​အားပေးခဲ့တယ်။”

ယေဟောဝါ​အား​ယုံကြည်​ကိုးစားမှု​ကို ထင်ရှားစေ​ခြင်း

“ဝိညာဉ်​နှင့်​ကင်း​သော​ကိုယ်​သည် အသေ​ဖြစ်​သကဲ့သို့၊ အကျင့်​နှင့်​ကင်း​သော​ယုံကြည်ခြင်း​သည် အသေ​ဖြစ်၏။” (ယာကုပ် ၂:၂၆) ဘုရားသခင်​အား​ယုံကြည်ခြင်း​နှင့်​စပ်လျဉ်း၍ ယာကုပ်​ပြော​ခဲ့​သော​စကား​သည် ကိုယ်တော်​အား ယုံကြည်​ကိုးစားခြင်း​နှင့်​လည်း ပတ်သက်​နိုင်​သည်။ ဘုရားသခင်​အား ယုံကြည်​ကိုးစား​သည်​ဟု ကျွန်ုပ်​တို့​မည်မျှ​ပင်​ပြောဆို​စေ​ကာ​မူ အပြုအမူအားဖြင့်​မပြ​လျှင် ၎င်း​သည်​အဓိပ္ပာယ်​မရှိ​ချေ။ အာဗြဟံ​သည် ယေဟောဝါ​အား လုံးလုံးလျားလျား​ယုံကြည်​ကိုးစား​ခဲ့​ပြီး သား​ဣဇာက်​ကို​ပူဇော်​ရန် အသင့်ရှိ​သည်​တိုင်အောင် ကိုယ်တော့်​အမိန့်​ကို မတွန့်မဆုတ်​နာခံခြင်း​ဖြင့် သက်သေပြ​ခဲ့​သည်။ ထို​ကဲ့သို့​သော ထူးခြားသည့်​ယုံကြည်မှု​နှင့် နာခံမှု​တို့​ကြောင့် အာဗြဟံ​သည် ယေဟောဝါ​၏​မိတ်ဆွေ​အဖြစ် ကျော်ကြား​ခဲ့​သည်။—ဟေဗြဲ ၁၁:၈-၁၀၊ ၁၇-၁၉; ယာကုပ် ၂:၂၃

ယေဟောဝါ​အား ယုံကြည်​ကိုးစား​ကြောင်း​တင်ပြ​ရန် ပြင်းထန်​သည့်​စမ်းသပ်မှု​တစ်ခုခု ခံရ​သည်​အထိ စောင့်နေ​စ​ရာ​မလို​ချေ။ တပည့်တော်​များ​အား ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “အနည်းငယ်​သော​အမှု၌ သစ္စာရှိ​သော​သူသည် ကြီးသော​အမှု၌​လည်း သစ္စာရှိ​လိမ့်​မည်။ အနည်းငယ်​သော​အမှု၌ သစ္စာ​မရှိသော​သူသည် ကြီးသော​အမှု၌​လည်း သစ္စာ​မရှိ။” (လုကာ ၁၆:၁၀) အရေး​မကြီး​ဟု​ထင်​ရသည့် ကိစ္စရပ်​များ​တွင်​ပင် နာခံမှု​တင်ပြခြင်း​ဖြင့် ကျွန်ုပ်​တို့၏​နေ့စဉ်​လုပ်ငန်းများ​၌​လည်း ယေဟောဝါ​အား​ယုံကြည်​ကိုးစားမှု​ရှိ​ရန် သင်ယူ​သင့်​သည်။ ထိုသို့​သော​နာခံမှု​မျိုး​မှ​ရရှိ​သည့် အကျိုးကျေးဇူးများ​ကို တွေ့မြင်​သောအခါ ကောင်းကင်​ခမည်းတော်​အား ကျွန်ုပ်​တို့၏​ယုံကြည်​ကိုးစားမှု​သည် ခိုင်ခံ့​မြဲမြံ​လာ​ရာ သာ၍​ခက်ခဲ​ပြီး ကြီးမားသော​စမ်းသပ်မှု​များ​ကို ရင်ဆိုင်​နိုင်​စေမည်​ဖြစ်သည်။

ဤ​လောက​၏​အဆုံး နီးကပ်​လာ​သည်​နှင့်​အမျှ ယေဟောဝါ​၏​လူများ​သည် စမ်းသပ်မှု​များနှင့် အန္တရာယ်များ တိုး၍​တွေ့ကြုံ​ကြ​ရ​ပေမည်။ (တမန်​တော် ၁၄:၂၂; ၂ တိမောသေ ၃:၁၂) ယေဟောဝါ​၌ ခိုင်ခံ့​မြဲမြံ​သော​ယုံကြည်​ကိုးစားမှု​ကို ယခု​ပင်​တည်ဆောက်​ထားခြင်း​ဖြင့် ကြီးစွာ​သော​ဆင်းရဲခြင်း​တစ်လျှောက် အသက်ရှင်ခြင်း​ဖြင့်​ဖြစ်စေ၊ ရှင်ပြန်ထမြောက်ခြင်း​အားဖြင့်​ဖြစ်စေ ကိုယ်တော်​ကတိထားရာ ကမ္ဘာသစ်​ထဲ​သို့ ကပ်ကျော်​ရန် မျှော်လင့်​နိုင်​ပါ​သည်။ (၂ ပေတရု ၃:၁၃) ကျွန်ုပ်​တို့​ဘက်​မှ ယုံကြည်​ကိုးစားမှု​ကင်းမဲ့​ခြင်း​ကြောင့် ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​အဖိုးထိုက်​လှ​သော​ဆက်ဆံ​ရေး ပျက်ပြား​သွားခြင်း​ကို မည်သည့်​အခါ​မျှ ခွင့်​မပြု​ကြ​စို့​နှင့်။ သို့​ဖြစ်​လျှင် ခြင်္သေ့​တွင်း​မှ​ကယ်လွှတ်​ခံရ​ပြီး​သောအခါ ဒံယေလ​နှင့်​ပတ်သက်​၍ ပြောဆို​ခဲ့​သော ဤ​စကား​များ​ကို ကျွန်ုပ်​တို့​နှင့်​ပတ်သက်​၍​လည်း ပြောဆို​နိုင်​ပေမည်– “ဘုရားသခင်​ကို​ယုံကြည် [“ကိုးစား၊” သမ္မာ] သောကြောင့် သူ၌ ထိခိုက်​သော​အနာ​တစ်ခု​မျှ​မရှိ။”—ဒံယေလ ၆:၂၃

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 9 အသေးစိတ်​အချက်အလက်​များ​အတွက် ၁၉၉၄၊ နိုဝင်ဘာ ၁ ကင်းမျှော်စင်၊ စာမျက်နှာ ၂၃-၇ ရှု။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မာတင် ပေါ့​တ်​ဇ​င်္ဂါ​ကဲ့သို့ ယေဟောဝါ အပေါ်​တည်ကြည်သော​ကျေးကျွန်​များ​၏ မှတ်တမ်းများ​ကို​ဖတ်ရှုခြင်း​က ယုံကြည်ခြင်းကို​ခိုင်ခံ့​မြဲမြံ​စေ