ဝိညာဉ်ရေးပုံမှန် ပြန်ဖြစ်စေသည့် ဝန်ချတောင်းပန်ခြင်း
ဝိညာဉ်ရေးပုံမှန် ပြန်ဖြစ်စေသည့် ဝန်ချတောင်းပန်ခြင်း
“ငါသည် အပြစ်ကိုမဖော်မပြဘဲနေစဉ်အခါ တစ်နေ့လုံးညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ရောက်ကြ၏။ နေ့ညမပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာလေး၍ အကျွန်ုပ်၏ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ဖြစ်ပါ၏။” (ဆာလံ ၃၂:၃၊ ၄) အဆိုပါရင်နင့်ဖွယ်စကားများသည် ရှေးဣသရေလရှင်ဘုရင်ဒါဝိဒ် ခံစားခဲ့ရသော အကြီးအကျယ်စိတ်ဆင်းရဲမှုကို ဖော်ပြပေမည်၊ သူပြုမိသည့်ကြီးလေးသောအပြစ်ကို ဝန်ချတောင်းပန်မည့်အစား ထိမ်ဝှက်ထားခြင်းကြောင့် ထိုသို့စိတ်ဆင်းရဲခဲ့ရခြင်းဖြစ်သည်။
ဒါဝိဒ်သည် ထူးခြားသောစွမ်းရည်များရှိသူဖြစ်၏။ သူသည် ရဲစွမ်းသတ္တိနှင့်ပြည့်စုံသောစစ်သူရဲ၊ လုပ်ရည်ကိုင်ရည်ရှိသောနိုင်ငံ့ခေါင်းဆောင်၊ ကဗျာဆရာ၊ တေးဂီတသမားတစ်ဦးဖြစ်သည်။ သို့တိုင် သူသည် မိမိ၏စွမ်းရည်များကိုအားမကိုးဘဲ သူ၏ဘုရားသခင်ကိုမှီခိုအားထားခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၄၅၊ ၄၆) သူ၏စိတ်နှလုံးသည် “ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်း” ရှိ၏ဟု ဖော်ပြခံရသူဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၁၁:၄) သို့သော် သူကျူးလွန်မိသောအပြစ်တစ်ခုသည် အထူးသဖြင့် အပြစ်တင်ထိုက်ပြီး ဆာလံ ၃၂ တွင်ယင်းကို သူအရိပ်အမြွက်ဖော်ပြခဲ့ပေမည်။ သူအပြစ်ကျူးလွန်မိရန် ဖန်တီးပေးခဲ့သောအခြေအနေများကို ကျွန်ုပ်တို့ဆန်းစစ်ခြင်းမှ များစွာသင်ယူနိုင်သည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်လာစေရန် ကျွန်ုပ်တို့ရှောင်ရှားရမည့်ထောင်ချောက်များကို သတိပြုမိမည်သာမက ကျွန်ုပ်တို့၏အပြစ်များကို ဝန်ချတောင်းပန်ဖို့လိုကြောင်း သိမြင်လာလိမ့်မည်။
သစ္စာစောင့်သိသောရှင်ဘုရင်တစ်ပါး ပြစ်မှားမိ
ဣသရေလလူမျိုးသည် အမ္မုန်လူတို့ကို စစ်ဆင်နွှဲနေကြသော်လည်း ဒါဝိဒ်မူ ယေရုရှလင်မြို့တွင်နေရစ်ခဲ့သည်။ တစ်ညနေခင်း၌ သူသည် နန်းတော်အမိုးပေါ်တွင် လမ်းလျှောက်နေစဉ် မိမိအိမ်နားနေ အဆင်းလှသောအမျိုးသမီးတစ်ဦး ရေချိုးနေသည်ကို သတိပြုမိ၏။ သူသည် ချုပ်တည်းမှုမရှိတော့ဘဲ လိုချင်လာသည်။ ထိုအမျိုးသမီးသည် မိမိ၏တပ်မှ စစ်သည်ဖြစ်သူ ဥရိယ၏ဇနီး ဗာသရှေဘဖြစ်ကြောင်း ဒါဝိဒ်သိရပြီးနောက် သူ့ကိုခေါ်၍ သူနှင့်သူ့သားအိမ်ရာပြစ်မှားခဲ့လေသည်။ အချိန်တန်သော် ဗာသရှေဘသည် မိမိ၌ကိုယ်ဝန်ရှိနေကြောင်း ဒါဝိဒ်အား အကြောင်းကြားခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၁:၁-၅။
ဒါဝိဒ် ချောက်ကျလေပြီ။ သူတို့၏အပြစ်ပေါ်သွားခဲ့လျှင် သူတို့နှစ်ယောက်စလုံး၏ပြစ်ဒဏ်ကား သေခြင်းပင်ဖြစ်သည်။ (ဝတ်ပြုရာ ၂၀:၁၀) ထို့ကြောင့် သူသည် အကြံဉာဏ်ထုတ်ခဲ့၏။ စစ်မြေပြင်မှ ဗာသရှေဘ၏ခင်ပွန်း ဥရိယကို ပြန်ခေါ်လိုက်သည်။ ဒါဝိဒ်သည် ဥရိယကို စစ်ပွဲအကြောင်း အစုံအစေ့မေးမြန်းပြီးနောက် အိမ်သို့ပြန်ရန် အမိန့်ပေးသည်။ ဤနည်းဖြင့် ဗာသရှေဘကလေး၏ဖခင်မှာ ဥရိယဖြစ်ပုံရှိလိမ့်မည်ဟု ဒါဝိဒ်မျှော်လင့်ခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၁:၆-၉။
ဥရိယသည် သူ၏ဇနီးထံမသွားသောကြောင့် ဒါဝိဒ်၏အကြံပျက်ခဲ့ရသည်။ စစ်တပ်သည် စစ်ဆင်နွှဲနေစဉ် မိမိအိမ်ပြန်ရန်စဉ်းစား၍မရကြောင်း ဥရိယပြောသည်။ ဣသရေလစစ်တပ်သည် စစ်ဆင်နွှဲနေသောအခါ စစ်သားများသည် သူတို့၏ဇနီးများနှင့်ပင် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်လေ့ရှိသည်။ သူတို့သည် ထုံးတမ်းအရသန့်ရှင်းမှုရှိရ၏။ (၁ ဓမ္မရာဇဝင် ၂၁:၅) ထို့နောက် ဒါဝိဒ်သည် မိမိနှင့်အစာသုံးဆောင်ရန် ဥရိယကိုဖိတ်ခေါ်၍ သူ့အားမူးစေခဲ့သော်လည်း သူသည် ဇနီးထံပြန်မသွားချေ။ ဥရိယ၏သစ္စာရှိအပြုအမူသည် ဒါဝိဒ်၏ကြီးလေးသောအပြစ်ကို ဖော်ထုတ်ခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၁:၁၀-၁၃။
ဒါဝိဒ်သည် မိမိကိုယ်တိုင်ဆင်ခဲ့သော အပြစ်ထောင်ချောက်ထဲ ကျော့မိသည်ထက်ကျော့မိခဲ့သည်။ ကြံရာမရသည့်အဆုံး၌ လုပ်နိုင်သည့်နည်းတစ်နည်းသာ သူမြင်တော့၏။ စစ်ဗိုလ်ချုပ်ယွာဘထံ မှာစာနှင့်အတူ ဥရိယကို တိုက်ပွဲသို့ပြန်စေလွှတ်ခဲ့ရသည်။ မှာစာတို၏သဘောမှာ ရှင်းနေသည်– “ကျပ်တည်းစွာစစ်တိုက်ရာတပ်ဦး၌ ဥရိယကိုခန့်ထားပြီးမှ သူသည် ရန်သူလက်သို့ရောက်၍ သေစေခြင်းငှာ တပ်များကိုရုပ်သိမ်းလော့။” တန်ခိုးကြီးမားသောရှင်ဘုရင်သည် သူ၏ကလောင်စုတ်ချက်ဖြင့် မိမိ၏ခြေရာကိုဖုံးအုပ်ပုံပေါက်ခဲ့ပြီး ဥရိယအား သေစေခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၁:၁၄-၁၇။
ခင်ပွန်းအတွက် ဗာသရှေဘ၏ဝမ်းနည်းပူဆွေးချိန် ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် ဒါဝိဒ်သည် သူနှင့်ထိမ်းမြားလေသည်။ အချိန်ကုန်လွန်လေသော် သူတို့ကလေးမွေးဖွားလာခဲ့သည်။ ဤသို့ဖြစ်ခဲ့ယေရမိ ၁၇:၉; ၂ ဓမ္မရာဇဝင် ၁၁:၂၅။
စဉ်တစ်လျှောက်လုံး ဒါဝိဒ်သည် သူ၏အပြစ်ကို ထိမ်ဝှက်ထား၏။ သူသည် သူ့ကိုယ်သူ ကြိုးစားဆင်ခြေပေးနေပုံရှိသည်။ ဥရိယသည် အခြားသူများနည်းတူ တိုက်ပွဲတွင် သိက္ခာရှိရှိကျသွားသည်မဟုတ်ပေလော။ ထို့ပြင် ဇနီးထံသွားရန်ငြင်းပယ်ခြင်းဖြင့် ဘုရင့်အမိန့်ကို သူဖီဆန်ခဲ့သည်မဟုတ်လော။ ‘စဉ်းလဲသောနှလုံး’ သည်အပြစ်ကို ကြိုးစားဖုံးဖိရန် ဆင်ခြေဆင်လက်အမျိုးမျိုးပေးမည်။—အပြစ်ပြုစေသော အမှားကြီးများ
ဖြောင့်မတ်ခြင်းတရားကိုမြတ်နိုးသူ ဒါဝိဒ်သည် သူ့သားအိမ်ရာပြစ်မှားခြင်းနှင့် လူသတ်မှုကို မည်သို့ကျူးလွန်နိုင်ခဲ့သနည်း။ သူ၏အပြစ်မျိုးစေ့များကို အချိန်အတန်ကြာအတွင်း ကြဲခဲ့သည်မှာထင်ရှားပါသည်။ ဒါဝိဒ်သည် ယေဟောဝါ၏ရန်သူများကို စစ်ဆင်နွှဲနေကြသည့် သူ၏လူတို့နှင့်အတူရှိမနေသည့်အကြောင်းကို ကျွန်ုပ်တို့စဉ်းစားမိမည်။ စစ်တိုက်နေမည့်အစား၊ ဒါဝိဒ်သည် သစ္စာရှိစစ်သည်တော်၏ဇနီးကိုတပ်မက်သောစိတ် မချိုးနှိမ်နိုင်လောက်အောင် စစ်ဖြစ်ရပ်မှန်များနှင့် အလှမ်းကွာဝေးလှသည့် မိမိ၏နန်းတော်တွင် အပန်းဖြေနေသည်။ ယနေ့ အသင်းတော်နှင့်အတူ ဝိညာဉ်ရေးရာများတွင် တက်ကြွစွာပါဝင်ပြီး ဧဝံဂေလိလုပ်ငန်း၌ မှန်မှန်ပါဝင်ခြင်းတို့သည် ခရစ်ယာန်စစ်များအတွက် ကာကွယ်မှုတစ်ရပ်ဖြစ်သည်။—၁ တိမောသေ ၆:၁၂။
ဣသရေလရှင်ဘုရင်သည် ပညတ်တရားကိုကူးရေး၍ နေ့စဉ်ဖတ်ရှုရန် မိန့်မှာခံရသည်။ ယင်းအတွက် သမ္မာကျမ်းစာက ဤအကြောင်းရင်းကို ဖော်ပြထားသည်– “သူ၏ဘုရားသခင်ကိုကြောက်ရွံ့၍ ဤပညတ်တရားစကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင်သွန်သင်မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့် တရားလမ်းမှ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွဲမည်အကြောင်း” တည်း။ (တရားဟောရာ ၁၇:၁၈-၂၀) ဒါဝိဒ်သည် အဆိုပါကြီးလေးသောအပြစ်များကို ကျူးလွန်မိချိန်၌ ထိုမိန့်မှာချက်ကို လိုက်လျှောက်ခဲ့ပုံမရှိချေ။ သမ္မာကျမ်းစာကို မှန်မှန်လေ့လာပြီး ဆင်ခြင်သုံးသပ်ခြင်းသည် ဤခက်ခဲသောအချိန်၌ မှားယွင်းမှုမှကာကွယ်ပေးရန် အမှန်ပင်ထောက်ကူပါလိမ့်မည်။—သု. ၂:၁၀-၁၂။
ထို့ပြင် အထူးသဖြင့် ပညတ်တော်ဆယ်ပါး၏နောက်ဆုံးပညတ်က ဤသို့ဖော်ပြသည်– ‘ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယားကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။’ (ထွက်မြောက်ရာ ၂၀:၁၇) ထိုအချိန်တွင် ဒါဝိဒ်၌ ဇနီးမယားနှင့် မောင်းမမိဿံများစွာရှိသည်။ (၂ ဓမ္မရာဇဝင် ၃:၂-၅) သို့သော် ၎င်းသည် ဆွဲဆောင်မှုရှိသောအခြားအမျိုးသမီးကို လိုချင်တပ်မက်ခြင်းမှ သူ့အား မကာကွယ်ပေးခဲ့ချေ။ အဆိုပါအဖြစ်အပျက်သည် ယေရှု၏ဤစကားများ၏လေးနက်မှုကို အမှတ်ရစေသည်– “[တပ်မက်သော] စိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။” (မဿဲ ၅:၂၈) ဤသို့သောမတော်လျော်သည့်တပ်မက်မှုများကို သိုမှီးထားမည့်အစား ကျွန်ုပ်တို့၏စိတ်နှလုံးထဲမှ ၎င်းတို့ကိုအလျင်အမြန်ဖယ်ထုတ်ပစ်ကြစို့လေ။
နောင်တရခြင်းနှင့်ကရုဏာ
ဒါဝိဒ်ပြစ်မှားခဲ့ခြင်းအကြောင်းကို ကျမ်းစာ၌ ပွင့်လင်းစွာရေးသားထားခြင်းက တစ်ဦးတစ်ယောက်၏တပ်မက်မှုပြေစေဖို့ မဟုတ်သည်မှာအမှန်ပင်။ ထိုမှတ်တမ်းက ယေဟောဝါ၏ထင်ရှားသောအရည်အသွေးများမှ တစ်ခုဖြစ်သည့်ကရုဏာတော်ကို တွေ့မြင်ခွင့်ရရှိစေသော အလွန်ပင်ထိမိလှသည့်ဖွင့်ပြချက်ဖြစ်သည်။—ထွက်မြောက်ရာ ၃၄:၆၊ ၇။
ဗာသရှေဘ သားယောက်ျားမွေးပြီးနောက် ဒါဝိဒ်နှင့်မျက်နှာချင်းဆိုင်တွေ့ဆုံရန် ပရောဖက်နာသန်ကို ယေဟောဝါစေလွှတ်ခဲ့သည်။ ယင်းသည် ကရုဏာပြခြင်းဖြစ်သည်။ အကယ်၍ ဒါဝိဒ်ထံမည်သူမျှမချဉ်းကပ်ဘဲ သူသည် အပြစ်ကိုဆက်၍ထိမ်ဝှက်ထားလျှင် အပြစ်ပြုသောလမ်းစဉ်တွင် ပို၍စွဲမြဲသွားနိုင်သည်။ (ဟေဗြဲ ၃:၁၃) ဝမ်းသာစရာမှာ ဒါဝိဒ်သည် ဘုရားသခင်၏ကရုဏာတော်ကို တုံ့ပြန်ခဲ့သည်။ နာသန်သည် လိမ္မာပါးနပ်သော်လည်း အလွန်ရှင်းလင်းသောစကားများက ဒါဝိဒ်၏ကိုယ်ကိုကိုယ်သိသောစိတ်ကို ထိခိုက်ခဲ့ပြီး ဘုရားသခင်အား ပြစ်မှားမိကြောင်း နှိမ့်ချစွာဝန်ချတောင်းပန်စေခဲ့သည်။ အမှန်ဆိုရလျှင် ဗာသရှေဘနှင့် ဒါဝိဒ်ပြစ်မှားခဲ့သောအကြောင်းကို ဖော်ပြသည့် ဆာလံ ၅၁ ကိုသူသည် အပြစ်ဝန်ခံ၍ နောင်တရပြီးနောက်မှ ဖွဲ့ဆိုထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကြီးလေးသောအပြစ်ပြုမိလျှင် ကျွန်ုပ်တို့၏နှလုံးခိုင်မာစေဖို့ ဘယ်သောအခါမျှခွင့်မပြုပါလေနှင့်။—၂ ဓမ္မရာဇဝင် ၁၂:၁-၁၃။
ဒါဝိဒ်သည် အပြစ်လွှတ်ခြင်းခံရသော်လည်း ဆုံးမပဲ့ပြင်မှု သို့မဟုတ် အပြစ်၏အကျိုးဆက်များမှ မလွတ်ကင်းခဲ့ချေ။ (သု. ၆:၂၇) မဆုံးမဘဲ မည်သို့ဖြစ်နိုင်အံ့နည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို လုံးဝလျစ်လျူရှုလိုက်လျှင် ကိုယ်တော်၏စံနှုန်းများကို အယုံအကြည်ကင်းမဲ့သွားလိမ့်မည်။ ကိုယ်တော်သည် ဆိုးသွမ်းသောသားများကို ကျပ်တည်းစွာမဆုံးမ၊ သူတို့၏အကျင့်ဆိုးများကို ဆက်ခွင့်ပြုထားသော ယဇ်ပုရောဟိတ်မင်းကြီးဧလိကဲ့သို့ ထိရောက်ပြတ်သားမှုမရှိသူ ဖြစ်သွားလိမ့်မည်။ (၁ ဓမ္မရာဇဝင် ၂:၂၂-၂၅) သို့တိုင် ယေဟောဝါသည် နောင်တယူသူကို ချစ်ခင်ကြင်နာမှုမပြဘဲမနေပါ။ လန်းဆန်းအေးမြသောရေကဲ့သို့ ကိုယ်တော်၏ကရုဏာတော်သည် အပြစ်လုပ်သူခံစားရမည့် အပြစ်၏အကျိုးဆက်များကို ခံရပ်နိုင်စေရန် ထောက်ကူပေးပါလိမ့်မည်။ ဘုရားသခင်၏လှိုက်လှိုက်လှဲလှဲခွင့်လွှတ်မှုနှင့် ဝတ်ပြုသူချင်းများနှင့်တည်ဆောက်မှုဖြစ်စေသော ပေါင်းသင်းမှုတို့သည် ပြန်လည်အားသစ်လန်းစေသည်။ မှန်၏၊ ခရစ်တော်၏ရွေးနုတ်ဖိုးကိုအခြေပြု၍ နောင်တယူသူသည် “[ဘုရားသခင်၏] မခံစားထိုက်သောကရုဏာတော်ကြွယ်ဝမှု” ကိုမြည်းစမ်းကြည့်နိုင်သည်။—ဧဖက် ၁:၇၊ ကဘ။
“စင်ကြယ်သောနှလုံး” နှင့် ‘အသစ်သောသဘော’
ဒါဝိဒ်သည် အပြစ်ဝန်ချတောင်းပန်ပြီးနောက် မိမိသည် တန်ဖိုးမရှိသူဟူသော အပျက်သဘောမဆောင်ခဲ့ချေ။ အပြစ်ဝန်ချတောင်းပန်ခြင်းအကြောင်းရေးခဲ့သောဆာလံကျမ်းပါ သူ၏စကားများက သူ၏စိတ်သက်သာမှုရခြင်းနှင့် ဘုရားသခင်၏အမှုတော်ကို သစ္စာရှိရှိဆက်ဆောင်ရွက်ရန် သူ၏သန္နိဋ္ဌာန်ကို ဖော်ပြသည်။ ဥပမာ၊ ဆာလံအခန်းကြီး ၃၂ ကိုကြည့်ပါ။ အခန်းငယ် ၁ တွင်ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သောသူသည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ၏။” မည်မျှပင်အပြစ်ကြီးပါစေ၊ နောင်တစစ်နောင်တမှန်ရမည်ဆိုပါက ပျော်ရွှင်နိုင်သည်။ နောင်တစစ်နောင်တမှန်ရကြောင်း တင်ပြနည်းတစ်နည်းမှာ ဒါဝိဒ်နည်းတူ မိမိ၏အမှားအတွက်မိမိ အပြည့်အဝတာဝန်ယူခြင်းဖြစ်သည်။ (၂ ဓမ္မရာဇဝင် ၁၂:၁၃) သူသည် ယေဟောဝါရှေ့မှောက် ဆင်ခြေပေးရန် သို့မဟုတ် အခြားသူများအပေါ် အပြစ်ပုံချရန် မကြိုးစားခဲ့ချေ။ အခန်းငယ် ၅ တွင်ဤသို့ဆိုသည်– “တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ဝန်ချပါ၏။ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ‘ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်’ ဟုပြောဆိုသောအခါ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။” စစ်မှန်သောနောင်တဖြင့် ဝန်ချတောင်းပန်ခြင်းသည် ပြုမိသောအမှားများကြောင့် ကိုယ်ကိုကိုယ်သိသောစိတ် အနှောင့်အယှက်ခံနေရစရာမလိုတော့ပေ။
ဒါဝိဒ်သည် ယေဟောဝါ၏ခွင့်လွှတ်မှုကိုတောင်းခံပြီးနောက် ဤသို့အသနားခံခဲ့သည်– “အိုဘုရားသခင် အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါ။” (ဆာလံ ၅၁:၁၀) ဒါဝိဒ်သည် “စင်ကြယ်သောနှလုံး” နှင့် ‘အသစ်သောသဘော’ တောင်းဆိုခဲ့ခြင်းက မိမိတွင် အပြစ်လိုအင်ရှိနေသည်ကို သတိပြုမိကြောင်းနှင့် မိမိ၏နှလုံးကိုသန့်စင်စေရန်၊ ဘဝအသစ်ပြန်စရန် ဘုရားသခင့်အကူအညီလိုအပ်ကြောင်း အသိအမှတ်ပြုသည်ကို ဖော်ပြသည်။ သူသည် မိမိကိုယ်ကိုသနားနေမည့်အစား ဘုရားသခင်၏အမှုတော်ကို ဆက်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချခဲ့၏။ “အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ကိုဖွင့်တော်မူပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍မြွက်ဆိုပါမည်” ဟူ၍ သူဆုတောင်းခဲ့သည်။—ဆာလံ ၅၁:၁၅။
ဒါဝိဒ်၏စစ်မှန်သောနောင်တနှင့် ယေဟောဝါ၏အမှုတော်ကိုထမ်းဆောင်ရန် သန္နိဋ္ဌာန်ချခဲ့ခြင်းကို ကိုယ်တော်မည်သို့တုံ့ပြန်သနည်း။ ကိုယ်တော်သည် ဒါဝိဒ်ကို ဝမ်းသာအားရစရာ ဤအာမခံချက်ကိုပေးခဲ့သည်– “သင့်ကိုငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်။” (ဆာလံ ၃၂:၈) ဤတွင် နောင်တယူသူ၏ခံစားချက်များနှင့် လိုအပ်ရာများကို ယေဟောဝါကိုယ်တော်တိုင်ဂရုစိုက်ကြောင်း အာမခံချက်ရှိသည်။ ကိစ္စရပ် များကို အပေါ်ယံသာမက ကျော်၍မြင်နိုင်စွမ်းစေသည့် ပို၍ထိုးထွင်းသိမြင်ခြင်းကို ဒါဝိဒ်အားပေးရန် ယေဟောဝါကတိပေးခဲ့သည်။ နောက်နောင်တွင် သူသွေးဆောင်ခံရမည့်အခါ မိမိလုပ်ရပ်များ၏အကျိုးဆက်နှင့် အခြားသူများအပေါ်သက်ရောက်မှုကို သိမြင်နိုင်မည်ဖြစ်ပြီး သတိပညာနှင့်လုပ်ဆောင်နိုင်လိမ့်မည်။
ဒါဝိဒ်၏ဘဝတွင် အဆိုပါဖြစ်ရပ်သည် ကြီးလေးသောအပြစ်ပြုလုပ်ခဲ့သူအားလုံးအတွက် အားပေးမှုတစ်ရပ်ဖြစ်၏။ ကျွန်ုပ်တို့၏အပြစ်ကိုဝန်ချတောင်းပန်ကာ စစ်မှန်သောနောင်တယူခြင်းဖြင့် ကျွန်ုပ်တို့အတွက်တန်ဖိုးအရှိဆုံးဖြစ်သည့် ယေဟောဝါဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပြန်လည်ရရှိနိုင်ပေသည်။ ကျွန်ုပ်တို့ခေတ္တခံရမည့် စိတ်ပိုင်းဆိုင်ရာဝေဒနာနှင့် အရှက်တကွဲဖြစ်မှုသည် ထိမ်ဝှက်ထားခြင်းကြောင့်ခံရသော စိတ်ဆင်းရဲမှု သို့မဟုတ် ပုန်ကန်သည့်လမ်းစဉ်၌ စိတ်ခိုင်မာလာခြင်း၏ ကြောက်မက်ဖွယ်အကျိုးဆက်တို့ထက် များစွာသာ၍ကောင်း၏။ (ဆာလံ ၃၂:၉) ၎င်းအစား၊ “သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်၊” မေတ္တာကရုဏာရှင်ဘုရားသခင်၏ လှိုက်လှဲစွာခွင့်လွှတ်မှုကို ကျွန်ုပ်တို့ခံစားနိုင်ပါလိမ့်မည်။—၂ ကောရိန္သု ၁:၃။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ဒါဝိဒ်သည် ဥရိယအား သေဆုံးရန်စေလွှတ်လိုက်ခြင်းဖြင့် မိမိအပြစ်၏အကျိုးဆက်များကိုမခံရရန် မျှော်လင့်ခဲ့