သူ၏ဝိညာဉ်ရေးလိုအပ်ရာများ ဖြည့်ဆည်းပေးခံရ
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
သူ၏ဝိညာဉ်ရေးလိုအပ်ရာများ ဖြည့်ဆည်းပေးခံရ
ဆိုက်ပရပ်စ်သည် မြေထဲပင်လယ်၏ အရှေ့မြောက်ဘက်ထောင့်ရှိ ကျွန်းတစ်ကျွန်းဖြစ်သည်။ ကျမ်းစာခေတ်က ဆိုက်ပရပ်စ်ကျွန်းသည် ၎င်း၏ ကြေးနီနှင့် အရည်အသွေးကောင်းသစ်များကြောင့် ကျော်ကြားခဲ့သည်။ ပေါလုနှင့်ဗာနဗတို့၏ ပထမသာသနာပြုခရီးစဉ်အတွင်း ထိုတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သူတို့ကြေညာခဲ့ကြသည်။ (တမန်တော် ၁၃:၄-၁၂) သတင်းကောင်းသည် ယနေ့ ဆိုက်ပရပ်စ်လူမျိုးများစွာ၏အသက်တာကို အကျိုးသက်ရောက်နေဆဲဖြစ်သည်။ အသက် ၄၀ ကျော်ရှိ လူးကပ်စ်အပေါ် အမှန်အကျိုးသက်ရောက်ခဲ့သည်။ သူကဤသို့ပြောပြသည်–
“နွားမွေးမြူရေးခြံတစ်ခုမှာနေတဲ့ ကလေးခုနစ်ယောက်ရှိ မိသားစုမှာ ကျွန်တော်မွေးဖွားလာပါတယ်။ ကလေးဘဝကတည်းက စာအရမ်းဖတ်ချင်ခဲ့တယ်။ ကျွန်တော်အနှစ်သက်ဆုံးစာအုပ်ကတော့ အိတ်ဆောင်အရွယ် ခရစ်ယာန်ဂရိကျမ်းစာဖြစ်တယ်။ ကျွန်တော်ဆယ်နှစ်အရွယ်မှာ သူငယ်ချင်းတချို့နဲ့ ကျမ်းစာလေ့လာတဲ့ အုပ်စုငယ်လေးတစ်ခုဖွဲ့ ခဲ့တယ်။ ဒါပေမဲ့ ရွာကလူကြီးတချို့က ကျွန်တော်တို့ကို အယူကွဲလွဲသူတွေလို့ခေါ်ကြတဲ့အတွက် ကျွန်တော်တို့အုပ်စုဖွဲ့တာ သိပ်မကြာလိုက်ပါဘူး။
“နောက်ပိုင်း ကျွန်တော်အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတက်နေတုန်း ဘာသာရေးနောက်ခံအမျိုးမျိုးရှိတဲ့လူတွေနဲ့ တွေ့ဆုံခဲ့တယ်။ အဲဒါက ကျွန်တော့်ရဲ့ဝိညာဉ်ရေးရာလိုအင်ဆန္ဒကို ပြန်နှိုးဆွပေးခဲ့တယ်။ တက္ကသိုလ်စာကြည့်တိုက်မှာ ရက်ပေါင်းများစွာအချိန်ကုန်ခံပြီး ဘာသာတရားအမျိုးမျိုးကို ကျွန်တော်လေ့လာခဲ့တယ်။ ချာ့ခ်ျအတော်များများကိုလည်း လျှောက်တက်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်ရဲ့ဝိညာဉ်ရေးလိုအင်ဆန္ဒ မပြည့်ခဲ့ပါဘူး။
“ပညာသင်ကြားပြီးနောက် ဆိုက်ပရပ်စ်ကိုပြန်ပြီးဆေးဝါးဓာတ်ခွဲခန်း ဒါရိုက်တာအဖြစ် အလုပ်ရခဲ့တယ်။ အန်တိုနစ္စလို့ခေါ်တဲ့သက်ကြီးရွယ်အို ယေဟောဝါသက်သေတစ်ယောက် ကျွန်တော့်ရဲ့အလုပ်ခွင်မှာ ကျွန်တော့်ဆီလာလည်လေ့ရှိတယ်။ သူလာလည်တာကို ဂရိသြသဒေါက်စ်ချာ့ခ်ျက သတိပြုမိသွားတယ်။
“မကြာခင်မှာပဲ ခရစ်ယာန်ဓမ္မပညာရှင်တစ်ယောက် ကျွန်တော့်ဆီရောက်လာပြီး ယေဟောဝါသက်သေတွေနဲ့ စကားမပြောဆိုဖို့ပြောခဲ့တယ်။ ဂရိသြသဒေါက်စ်ချာ့ခ်ျမှာ အမှန်တရားရှိတယ်လို့ ကလေးဘဝကတည်းက သွန်သင်ခံခဲ့ရတာကြောင့် ကျွန်တော်လိုက်လျောပြီး အန်တိုနစ္စနဲ့ အဆက်ဖြတ်လိုက်တယ်၊ ခရစ်ယာန်ဓမ္မပညာရှင်နဲ့ပဲ ကျမ်းစာကိုစဆွေးနွေးတော့တယ်။ ဆိုက်ပရပ်စ်မှာရှိတဲ့ ခရစ်ယာန်ဘုန်းကြီးကျောင်းအတော်များများကိုလည်း သွားလည်ခဲ့သေးတယ်။ ဂရိနိုင်ငံမြောက်ပိုင်းက ဩသဒေါက်စ်ခရစ်ယာန်လောကမှာ အသန့်ရှင်းဆုံးတောင်လို့ ယူဆကြတဲ့ အဲသော့စ်တောင်ကိုလည်းရောက်ခဲ့တယ်။ အဲဒါလည်း ကျွန်တော့်ကျမ်းစာမေးခွန်းတွေအတွက် အဖြေမရခဲ့ဘူး။
“အဲဒီနောက် အမှန်တရားကိုရှာတွေ့ရအောင်ကူညီပေးဖို့ ဘုရားသခင်ထံ ကျွန်တော်ဆုတောင်းခဲ့တယ်။ အဲဒီနောက်မကြာခင်မှာ ကျွန်တော့်အလုပ်ခွင်ကို အန်တိုနစ္စတစ်ခါပြန်ရောက်လာတယ်၊ ဒါဟာကျွန်တော့်ဆုတောင်းချက်ရဲ့အဖြေပဲလို့ ယူမှတ်မိတယ်။ ဒါနဲ့ ခရစ်ယာန်ဓမ္မပညာရှင်ကိုမလာခိုင်းတော့ဘဲ အန်တိုနစ္စနဲ့ ကျမ်းစာလေ့လာတော့တယ်။ ကျွန်တော်ဆက်တိုးတက်လာပြီး ၁၉၉၇၊ အောက်တိုဘာလမှာ ရေနှစ်ခြင်းအားဖြင့် ယေဟောဝါထံဆက်ကပ်အပ်နှံခဲ့တယ်။
“ကျွန်တော့်ဇနီးနဲ့ အဲဒီအချိန်က အသက် ၁၄ နှစ်နဲ့ ၁၀ နှစ်ရှိတဲ့ သမီးအကြီးနှစ်ယောက်က အစပိုင်းမှာ အတိုက်အခံလုပ်ကြတယ်။ ဒါပေမဲ့ ကျွန်တော့်အမူအကျင့်ကောင်းကြောင့် ကျွန်တော့်ဇနီးက ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ စည်းဝေးတက်ဖို့ဆုံးဖြတ်လိုက်တယ်။ သက်သေခံတွေရဲ့ ကြင်နာမှုနဲ့ သူတို့ပြသတဲ့ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုက သူ့ကိုအလွန်စွဲမှတ်သွားစရာဖြစ်စေခဲ့တယ်။ ကျမ်းစာကိုသူတို့အသုံးပြုပုံကြောင့် သူအထူးစွဲမှတ်သွားခဲ့တယ်။ ဒါနဲ့ကျွန်တော့်ဇနီးရယ် သမီးကြီးနှစ်ယောက်ဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာဖို့ လက်ခံခဲ့ကြတယ်။ ၁၉၉၉၊ “ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်” ခရိုင်စည်းဝေးကြီးမှာ သူတို့သုံးယောက်စလုံးနှစ်ခြင်းခံကြတဲ့အခါ ကျွန်တော်ရဲ့ဝမ်းသာကြည်နူးမှုကို မြင်ယောင်ကြည့်ပါ!
“အမှန်တရားကို ကျွန်တော်ရှာဖွေခဲ့လို့ တကယ်ကျေနပ်မှုရခဲ့ပါပြီ။ အခု ကျွန်တော့်ဇနီးနဲ့ ကလေးလေးယောက်အပါအဝင် မိသားစုတစ်ခုလုံး ယေဟောဝါရဲ့စစ်မှန်တဲ့ဝတ်ပြုရေးမှာ တစည်းတလုံးတည်းရှိနေကြပါပြီ။”