မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြားနာ၍မေ့လျော့သောသူများ မဖြစ်ကြနှင့်

ကြားနာ၍မေ့လျော့သောသူများ မဖြစ်ကြနှင့်

ကြားနာ​၍​မေ့လျော့​သော​သူများ မဖြစ်​ကြ​နှင့်

“ကိုယ်ကို​ကိုယ်​လှည့်ဖြား​၍၊ နှုတ် [မြွက်] တရားကို နာ​ရုံ​မျှ​သာ​ပြုသောသူ​မဟုတ်၊ တရားကို​ကျင့်​သော​သူ​ဖြစ်​ကြလော့။” —ယာကုပ် ၁:၂၂

၁။ ရှေး​ဣသရေလလူ​များသည် အဘယ်​အံ့ဖွယ်အမှု​များ​ကို တွေ့မြင်​ခွင့်​ရခဲ့​ကြ​သနည်း။

ရှေး​အီဂျစ်​နိုင်ငံ​တွင် ယေဟောဝါ​ပြု​တော်​မူ​ခဲ့​သည့် အံ့ဖွယ်ရာများ​ကို​ဖော်ပြ​ရန် “မေ့​နိုင်​ဖွယ်​မရှိ” ဟူ​သည့်​စကားလုံး​သည် သင့်လျော်​ပေမည်။ ကပ်ဘေး​ဆယ်ခု​မှ တစ်ခုစီ​သည် မငြင်း​သာ​သည့် အံ့ဖွယ်ရာများ​ဖြစ်သည်။ ထို​ဘေးဒဏ်​များ​ကျ​ပြီး​နောက် နှစ်ခြမ်း​ကွဲ​နေသော ပင်လယ်နီ​ကို​ဖြတ်၍ ဣသရေလလူ​များ အံ့သြဖွယ်ကောင်း​စွာ ကယ်လွှတ်​ခံ​ခဲ့​ရသည်။ (တရားဟောရာ ၃၄:၁၀-၁၂) သင်သည် ထို​ဖြစ်ရပ်​များ​ကို မျက်မြင်​ကိုယ်တွေ့​မြင်ခဲ့​ရ​လျှင် ယင်း​တို့ကို​ပြုသော​အရှင်​အား ဘယ်​သောအခါ​မျှ မေ့လျော့​မည်​မဟုတ်​ချေ။ သို့​တိုင် ဆာလံဆရာ ဤသို့​ဆို​ခဲ့​သည်– “အဲဂုတ္တု​ပြည်​၌ ကြီးသော​အမှုတို့​ကိုလည်း​ကောင်း၊ ဟာ​မ​အမျိုး​နေရာ​ပြည်​၌ အံ့ဖွယ်သော​အမှုတို့​ကိုလည်း​ကောင်း၊ ဧဒုံ​ပင်လယ်​နား​မှာ ကြောက်မက်​ဖွယ်​သော​အမှုတို့​ကိုလည်း​ကောင်း​ပြု​၍ ကယ်တင်​တော်​မူ​သော​အရှင် ဘုရားသခင်​ကို [ဣသရေလလူ​များ] မေ့လျော့​ကြ​၏။”—ဆာလံ ၁၀၆:၂၁၊ ၂၂

၂။ ဘုရားသခင်​၏ တန်ခိုး​ပါ​သော​အမှုတော်များ​အပေါ် ဣသရေလလူ​များ​၏​လေးမြတ်မှု​သည် မ​တာ​ရှည်​ခဲ့​ကြောင်း အဘယ်အရာက​ဖော်ပြ​သနည်း။

ပင်လယ်နီ​ကို​ဖြတ်ကူး​ပြီး​နောက် ဣသရေလလူ​များသည် “ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ကြ​၏။ ထာဝရ​ဘုရား . . . ကို​ယုံကြည်​ကြ​၏။” (ထွက်မြောက်ရာ ၁၄:၃၁) ဣသရေလ​အမျိုးသားများသည် ယေဟောဝါ​အတွက်​အောင်ပွဲခံ​သီချင်းကို မောရှေ​နှင့်အတူ​သီဆို​ခဲ့​ကြ​ပြီး မိရိအံ​နှင့် အခြား​အမျိုးသမီးများ​က ပတ်​သာ​များ​တီး​၍ ကခုန်​ခြင်း​ဖြင့် တုံ့ပြန်​ခဲ့​ကြသည်။ (ထွက်မြောက်ရာ ၁၅:၁၊ ၂၀) မှန်ပါသည်၊ ယေဟောဝါ​၏​လူမျိုးတော်သည် ကိုယ်တော်​၏​တန်ခိုး​ကြီးသော​အမှုတော်များ​ကို စွဲမှတ်​သွား​သည်။ သို့သော် ထို​အမှု​များ​ကို​ပြု​တော်​မူ​ရှင်​အား သူတို့၏​တန်ဖိုး​ထား​လေးမြတ်မှု​သည် ကြာရှည်​မခံခဲ့​ပေ။ ထို့နောက် များ​မကြာမီတွင် သူတို့​ထဲ​မှ​အများစု​သည် မှတ်ဉာဏ်​ပျက်ယွင်း​သွား​သကဲ့သို့ ပြုမူ​ခဲ့​ကြသည်။ ယေဟောဝါ​ကို​ဆန့်ကျင်​၍ မြည်တမ်း​ညည်းညူ​သူများ ဖြစ်လာ​ကြသည်။ အချို့​တို့သည် ရုပ်ပုံ​ကိုးကွယ်​ပြီး​လိင်​အကျင့်​ယိုယွင်း​ခဲ့​ကြသည်။—တောလည်ရာ ၁၄:၂၇; ၂၅:၁-၉

အဘယ်အရာက ကျွန်ုပ်​တို့ကို မေ့လျော့​စေနိုင်​သနည်း

၃။ ကျွန်ုပ်​တို့၏​မစုံလင်​သော သဘောသဘာဝ​ကြောင့် အဘယ်အရာကို မေ့လျော့​နိုင်​သနည်း။

ဣသရေလလူ​များ​၏ လေးမြတ်မှု​ကင်းမဲ့​ခြင်း​ကို နားလည်​ရန်​အမှန်​ခက်ခဲ​ပေ​သည်။ သို့သော် ကျွန်ုပ်​တို့​လည်း အလားတူ​ဖြစ်​နိုင်​သည်။ ထို​ကဲ့သို့​သော ဘုရားသခင့်​အံ့ဖွယ်အမှု​များ​ကို ကျွန်ုပ်​တို့​ကိုယ်တိုင်​မတွေ့ဖူး​ခဲ့​ကြသည်​မှာ မှန်​၏။ သို့​ဖြစ်စေ​ကာ​မူ ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​တွင် မမေ့နိုင်​ဖွယ်​အခါသမယ​များ အမှန်​ရှိခဲ့​ပေမည်။ ကျမ်းစာ​မှ​အမှန်တရား​အား ကျွန်ုပ်​တို့​လက်ခံခဲ့​ချိန်​ကို အချို့​ပြန်သတိရ​ကြ​ပေမည်။ အခြား​ရွှင်လန်းဖွယ်​အချိန်​များ​တွင် ယေဟောဝါ​ထံ ဆုတောင်း​ပြီး​ဆက်ကပ်​အပ်နှံ​ခဲ့​ချိန်​နှင့် ခရစ်ယာန်စစ်​များ​အဖြစ် ရေနှစ်ခြင်း​ခံယူ​ခဲ့​ချိန်​တို့​ပါဝင်​ပေမည်။ ကျွန်ုပ်​တို့​အများစု​သည် ဘဝ​တစ်လျှောက် တစ်ချိန်ချိန်​တွင် ယေဟောဝါ​၏​ထောက်မမှုကို ရရှိခဲ့​ကြသည်။ (ဆာလံ ၁၁၈:၁၅) ထို့​ထက်​ကား ယဇ်​သကာ​အဖြစ် ဘုရားသခင့်​သားတော် ယေရှု​ခရစ်​သေ​ခဲ့​ခြင်း​ကြောင့် ကျွန်ုပ်​တို့သည် ကယ်တင်ခြင်း​မျှော်လင့်ချက်ကို ရရှိ​ထား​ကြသည်။ (ယောဟန် ၃:၁၆) သို့သော် ကျွန်ုပ်​တို့၏​မစုံလင်မှု​သဘောသဘာဝ​ကြောင့် မှားယွင်းသော​ဆန္ဒ​များ၊ ဘဝ၏​စိုးရိမ်​ပူပန်မှု​များ​ရှိသည့်​အခါ ကျွန်ုပ်​တို့အတွက် ယေဟောဝါ​ပြုလုပ်​သည့် ကောင်းမြတ်​ရာ​များ​ကို အလွယ်တကူ​မေ့လျော့​သွား​ကြ​ပေမည်။

၄၊ ၅။ (က) ကြားနာ​၍​မေ့လျော့သူ​များ​ဖြစ်​ခြင်း​၏ အန္တရာယ်ကို ယာကုပ်​မည်သို့​သတိပေး​သနည်း။ (ခ) ယာကုပ်​၏ လူ​နှင့်​ကြေး​မုံ​ဥပမာ​ကို ကျွန်ုပ်​တို့​မည်သို့​သက်ဆိုင်​စေနိုင်​သနည်း။

ခရစ်ယာန်​ချင်း​များ​ထံ​ရေး​သည့် သူ၏​စာ​တွင် ယေရှု၏​မိတူဖကွဲ​ညီ​ယာကုပ်​က ကြားနာ​၍​မေ့လျော့သူ​များ​ဖြစ်​ခြင်း​၏ အန္တရာယ်ကို သတိပေး​ခဲ့​သည်။ သူ​ဤသို့​ရေးခဲ့​သည်– “ကိုယ်ကို​လှည့်ဖြား​၍ နှုတ် [မြွက်] တရားကို နာ​ရုံ​မျှ​သာ​ပြုသောသူ​မဟုတ်၊ တရားကို​ကျင့်​သော​သူ​ဖြစ်​ကြလော့။ တရားကို​မကျင့်​ဘဲ နာ​ရုံ​မျှ​သာ​ပြုသောသူ​မည်​သည်​ကား ကြေး​မုံ​၌ မိမိ​ပကတိ​မျက်နှာကို​ကြည့်​သော​သူနှင့်​တူ​၏။ အကြောင်း​မူ​ကား ကိုယ်ကို​ကြည့်​ပြီး​မှ အခြား​သို့​သွား​၍ မိမိသည်​အဘယ်​သို့​သော​သူ​ဖြစ်သည်​ကို ချက်ချင်း​မေ့လျော့​တတ်၏။” (ယာကုပ် ၁:၂၂-၂၄သမ္မာ) ထိုစကား​များ​ဖြင့် ယာကုပ်​အဘယ်အရာကို​ဆိုလို​ခဲ့​သနည်း။

နံနက်ပိုင်း အိပ်ရာထ​သောအခါ မိမိ​ရုပ်​ဆင်း​သွင်ပြင်​ကို မည်သို့​ပြုပြင်​ရန်လို​ကြောင်း​သိဖို့ မှန်ကြည့်​လေ့​ရှိသည်။ လုပ်ငန်းဆောင်တာ​အမျိုးမျိုး​လုပ်ကိုင်​ရ​၍ အခြား​အရာများ​ကို အာရုံစိုက်​နေစဉ် မှန်​ထဲ​တွေ့ခဲ့​ရသည့်​ပုံ​ကို သတိမရ​တော့​ပေ။ ဝိညာဉ်​ရေး​သဘော​အရ​လည်း ထပ်တူ​ဖြစ်​နိုင်​ပါ​သည်။ ကျမ်းစာ​ကို ကျွန်ုပ်​တို့​ဖတ်ရှု​လေ့လာ​သောအခါ ကျွန်ုပ်​တို့​ထံ​မှ​ယေဟောဝါ​မျှော်လင့်​ထား​ရာ​နှင့် ကျွန်ုပ်​တို့၏​လက်ရှိ​အနေအထား​ကို နှိုင်းယှဉ်​ကြည့်​နိုင်​သည်။ ထို​အခါ ကျွန်ုပ်​တို့၏​အားနည်းချက်များ​နှင့် ထိပ်တိုက်​ရင်ဆိုင်​ရလေ​သည်။ ဤသို့​သိရှိ​လာ​သည့်​အခါ ကျွန်ုပ်​တို့၏​ပင်ကိုစရိုက်​ကို ပြုပြင်​ရန် လှုံ့ဆော်​ခံရ​သင့်​သည်။ သို့သော် ကျွန်ုပ်​တို့၏​နေ့စဉ်​လုပ်ငန်းဆောင်တာ​များ​ကို လုပ်ဆောင်​စဉ်၊ ပြဿနာ​များနှင့်​ရုန်းကန်​နေရ​ကြ​စဉ် ဝိညာဉ်​ရေးရာ​များ​ကို မတွေး​တော​မိ​ဘဲ​နေနိုင်​သည်။ (မဿဲ ၅:၃; လုကာ ၂၁:၃၄) ကျွန်ုပ်​တို့​အကျိုးအတွက် ဘုရားသခင့်​မေတ္တာပါ​လုပ်ဆောင်မှုများ​ကို ကျွန်ုပ်​တို့​မေ့လျော့​ဘိ​သကဲ့သို့​ဖြစ်၏။ ထိုသို့​ဖြစ်လာ​ပါ​က အပြစ်ပြု​လို​သော​ဉာဉ်ဆိုး​များ​ကို မခုခံ​နိုင်​တော့​ပေ။

၆။ ကျမ်းစာ​မှ အဘယ်​သုံးသပ်ချက်​က ယေဟောဝါ​၏​စကားတော်​ကို​မမေ့​စေရန် ကူညီပေး​နိုင်​သနည်း။

ကောရိန္သု​မြို့သား​များ​ထံ​ရေး​သည့် သူ၏​မှုတ်သွင်းခံ​ပထမ​စာစောင်​တွင် တမန်​တော်​ပေါလု​သည် တောကန္တာရ​မှ မေ့တတ်​သော​ဣသရေလလူ​များ​ကို ရည်ညွှန်း​ထား​သည်။ ပထမ​ရာစု​ခရစ်ယာန်​များသည် ပေါလု​၏​စကား​များ​မှ အကျိုး​ရရှိခဲ့ကြ​သည့်​နည်းတူ သူ​ရေးသား​ထား​ရာ​ကို ပြန်လည်​သုံးသပ်ခြင်းက ယေဟောဝါ​၏​စကားတော်​ကို​မမေ့​ရန် ကျွန်ုပ်​တို့ကို​ကူညီပေး​နိုင်​သည်။ ထို့​ကြောင့် ၁ ကောရိန္သု ၁၀:၁-၁၂ ကို​သုံးသပ်ကြည့်​ကြပါစို့။

လောက​တပ်မက်​ခြင်း​များ​ကို ပယ်ရှားခြင်း

၇။ ယေဟောဝါ​၏​ချစ်ခြင်း​မေတ္တာ​နှင့်​ပတ်သက်​၍ မငြင်းဆို​နိုင်သော အဘယ်​သက်သေ​အထောက်အထား​ကို ဣသရေလလူ​များ ရရှိခဲ့ကြ​သနည်း။

ဣသရေလလူ​များ​အကြောင်း ပေါလု​ပြော​ခဲ့​သော​စကား​သည် ခရစ်ယာန်​များ​အတွက် သတိပေး​ချက်​ဖြစ်သည်။ ပေါလု​ရေးသားခဲ့​သည့်​စကား တစ်စိတ်​တစ်ပိုင်း​ကား ဤသို့​ဖြစ်သည်– “ညီအစ်ကို​တို့၊ ငါ​တို့​ဘိုးဘေး​အပေါင်းတို့သည် မိုးတိမ်​အောက်မှာ​ရှိ၍ ပင်လယ်​အလယ်​၌ လျှောက်​သွား​ကြသည်​ဟူ၍လည်း​ကောင်း၊ မိုးတိမ်​နှင့်​ပင်လယ်​ထဲမှာ မောရှေ​၌​ဗတ္တိဇံ​ကို​ခံ​ကြသည်​ဟူ၍လည်း​ကောင်း . . . သင်တို့​မသိ​မ​မှတ်​ဘဲ​နေ​စေခြင်း​ငှာ ငါ​အလို​မရှိ။” (၁ ကောရိန္သု ၁၀:၁-၄) မောရှေ​လက်ထက်​ရှိ ဣသရေလလူ​များသည် နေ့​အချိန်တွင် သူတို့ရှေ့​က​ဦးဆောင်​သွား​၍ ပင်လယ်နီ​မှ​လွတ်မြောက်​ရန် အထောက်အကူ​ပြု​ခဲ့​သည့် ဘုရားသခင်​၏​အံ့ဖွယ်​မိုးတိမ်တိုင်​အပါအဝင် ဘုရားသခင့်​ကြီးမားသော​တန်ခိုးတော် ထင်ရှားပြ​မှုများ​ကို တွေ့မြင်​ခဲ့​ကြ​ရသည်။ (ထွက်မြောက်ရာ ၁၃:၂၁; ၁၄:၂၁၊ ၂၂) မှန်ပါသည်၊ ထို​ဣသရေလလူ​များသည် သူတို့အား​ယေဟောဝါ​ချစ်​ကြောင်း မငြင်းဆို​နိုင်သော​သက်သေ​အထောက်အထား ရရှိခဲ့​ကြသည်။

၈။ ဣသရေလလူ​များ ဝိညာဉ်​ရေးရာ​မေ့လျော့ခြင်း​၏ အကျိုးဆက်များ​ကား အဘယ်နည်း။

“သို့သော်လည်း ထို​သူတို့တွင် များစွာသော​သူတို့ကို ဘုရားသခင်​သည် အားရ​နှစ်သက်​တော်​မ​မူ။ သူတို့သည် တော​၌​သေကျေပျက်စီး​ခြင်း​သို့​ရောက်​ကြ​၏” ဟု​ပေါလု​ဆက်ဆို​သည်။ (၁ ကောရိန္သု ၁၀:၅) တကယ်​ဝမ်းနည်းစရာပင်! အီဂျစ်​ပြည်​မှ​ထွက်​လာသော ဣသရေလလူ​အများစု​သည် ကတိထားရာ​ပြည်တော်​သို့​ဝင်ရန် အရည်အချင်း​မပြည့်မီ​ခဲ့​ကြ​ချေ။ သူတို့၏​ယုံကြည်ခြင်း​ကင်းမဲ့မှု​ကြောင့် ဘုရားသခင့်​မျက်နှာသာတော်​ဆုံးရှုံး​ခဲ့​၍ တောကန္တာရ​တွင် သေဆုံး​ခဲ့​ရ​ကြသည်။ (ဟေဗြဲ ၃:၁၆-၁၉) ယင်း​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။ ပေါလု ဤသို့​ဆို​သည်– “ထို​သူတို့သည် မကောင်းသော​အရာ​တို့ကို​တပ်မက်​သကဲ့သို့ ငါ​တို့သည်​မတပ်မက်​စေခြင်း​ငှာ၊ ထို​အကြောင်းအရာ​တို့သည် ငါ​တို့​အဖို့ ပုံသက်သေ​ဖြစ်​ကြ​၏။”—၁ ကောရိန္သု ၁၀:၆

၉။ ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​အတွက် မည်သို့​စီမံ​ပေး​ခဲ့​သနည်း၊ ဣသရေလလူ​များ မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

ဣသရေလလူ​များသည် တောကန္တာရ​တွင်​ရှိ​စဉ် ဝိညာဉ်​ရေး​ဘက် ဆက်၍​အာရုံစိုက်​နေနိုင်​စ​ရာ များစွာ​ရှိခဲ့​သည်။ သူတို့သည် ယေဟောဝါ​နှင့်​ပဋိညာဉ်ဖွဲ့​ခဲ့​ကြ​၍ ကိုယ်တော်​အား ဆက်ကပ်​အပ်နှံ​ထားသော​လူမျိုးတစ်မျိုး ဖြစ်လာ​ခဲ့​သည်။ ထို့​ပြင် သူတို့သည် ယဇ်ပုရောဟိတ်​အဖွဲ့၊ ဝတ်ပြုရေး​၏​ဗဟို​အဖြစ် တဲ​တော်​နှင့် ယေဟောဝါ​အား ယဇ်​ပူဇော်​ရန်​အစီအစဉ်​တစ်ခု ပေးအပ်​ခံ​ခဲ့​ကြ​ရ၏။ သို့ရာတွင် သူတို့သည် ဤ​ဝိညာဉ်​ရေး​ဆုကျေးဇူး​များ​ကြောင့် ရွှင်လန်း​ဝမ်းမြောက်နေ​မည့်​အစား ဘုရားသခင်​၏​စီမံချက်​များနှင့် မရောင့်ရဲ​သူများ ဖြစ်လာ​ကြသည်။—တောလည်ရာ ၁၁:၄-၆

၁၀။ ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို အဘယ်ကြောင့် မိမိတို့၏​စိတ်ကူး​ထဲ​တွင် အစဉ်​ထား​ရှိ​သင့်​သနည်း။

၁၀ တောကန္တာရ​ထဲ​မှ ဣသရေလလူ​များနှင့်​မတူဘဲ ယေဟောဝါ​၏​လူမျိုးတော်သည် ဘုရားသခင့်​မျက်နှာသာတော်​ကို ယနေ့​ရရှိ​ကြသည်။ သို့သော် ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​အနေ​နှင့် ဘုရားသခင်​ကို မိမိတို့၏​စိတ်ကူး​ထဲ​တွင်​ထား​ရှိ​ရန် အရေးကြီး​သည်။ ယင်း​သို့​ပြုခြင်း​က ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အမြင်​အာရုံ​ကို မှေးမှိန်​စေနိုင်​သည့် ကိုယ်ကျိုးရှာ​စိတ်​ကို​ပယ်ရှား​ရန် ထောက်ကူ​ပေမည်။ ကျွန်ုပ်​တို့သည် “ဘုရားမဲ့​တရား​မဲ့​နေခြင်း၊ လော[က] တပ်မက်​ခြင်း​ကို​ပယ်ရှား​လျက်၊ ယခု​ဘဝ​၌ ဣန္ဒြေ​စောင့်​ခြင်း၊ တရား​သဖြင့်​ကျင့်​ခြင်း၊ ဘုရား [သခင်၏] ဝတ်၌​မွေ့လျော်ခြင်း​တို့ကို​ပြု​နေ” ရန်​စိတ်ပိုင်းဖြတ်​ထား​ရမည်။ (တိတု ၂:၁၂၊ ၁၃) နို့စို့အရွယ်​ကတည်းက ခရစ်ယာန်​အသင်းတော်​နှင့် ပူးပေါင်း​ခဲ့​ကြ​သည့် ကျွန်ုပ်​တို့​အနေ​နှင့် ပျော်ရွှင်မှု​တစ်ခုခု​ဆုံးရှုံး​နေသည်​ဟု ဘယ်​သောအခါ​မှ မထင်မှတ်​သင့်​ချေ။ ထိုသို့​သော​ထင်မြင်ချက်များ ကျွန်ုပ်​တို့​စိတ်​တွင်​ပေါ်လာ​ပါ​က ယေဟောဝါ​နှင့် ကျွန်ုပ်​တို့အတွက် ကိုယ်တော်​ပြင်ဆင်​ပေး​ထား​သည့် အံ့ဖွယ်ကောင်း​ချီး​မင်္ဂလာ​များ​ကို ပြန်သတိရ​သင့်​သည်။—ဟေဗြဲ ၁၂:၂၊ ၃

ယေဟောဝါ​အား အကြွင်းမဲ့​နာခံခြင်း

၁၁၊ ၁၂။ လူတစ်ဦး​သည် ရုပ်ပုံများ​ကိုးကွယ်​ခြင်း​တွင် မပါဝင်ဘဲ​နှင့် ရုပ်ပုံ​ကိုးကွယ်​သည့်​အပြစ်ကို မည်သို့​ပြု​မိ​နိုင်​သနည်း။

၁၁ ပေါလု ဤသို့​ရေးသား​စဉ် ကျွန်ုပ်​တို့အတွက် နောက်ထပ်​သတိပေး​ချက်​တစ်ခု​ကို ပေး​သည်– “‘လူတို့သည် စားသောက်​လျက် ထိုင်​နေကြ၏။ နောက်​တစ်ဖန် ကခုန်​မြူးထူး​ခြင်း​ငှာ​ထကြ​၏’ ဟု​ကျမ်းစာ​လာ​သည်​အတိုင်း၊ ထို​သူ​အချို့​တို့သည် ရုပ်တုကို​ကိုးကွယ်​သကဲ့သို့ မကိုးကွယ်​ကြ​နှင့်။” (၁ ကောရိန္သု ၁၀:၇၊ ၈) ဣသရေလလူ​တို့သည် ရွှေ​နွား​ရုပ်​လုပ်ပေး​ရန် အာရုန်​အား တိုက်တွန်း​သွေးဆောင်​နိုင်​ခဲ့​ချိန်​ကို ပေါလု ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ (ထွက်မြောက်ရာ ၃၂:၁-၄) ကျွန်ုပ်​တို့သည် ရုပ်ပုံ​ကိုးကွယ်​ခြင်း​သို့ လုံးလုံး​လှည့်​သွား​ကြ​မည် မဟုတ်သော်လည်း ယေဟောဝါ​အား စိုးလ်​အကြွင်းမဲ့​ဝတ်ပြုခြင်း​မှ သွေဖည်​သွား​ခံရ​သည်​အထိ ကိုယ်ကျိုးရှာ​စိတ်​ကို​လွှမ်းမိုးခွင့်​ပြုခြင်း​ဖြင့် ရုပ်ပုံ​ကိုးကွယ်​သူများ ဖြစ်လာ​နိုင်​သည်။—ကောလောသဲ ၃:၅

၁၂ အခြား​တစ်ကြိမ်​တွင် ဝိညာဉ်​ရေးရာ​များ​အစား ရုပ်ပစ္စည်း​များ​ကို အဓိက​ထား​သည့် လူ​အချို့​အကြောင်း ပေါလု​ရေးသားခဲ့​သည်။ ထို​သူတို့နှင့်​စပ်လျဉ်း၍ သူ​ဤသို့​ရေးခဲ့​သည်– “ခရစ်တော်​၏​လက်ဝါးကပ်တိုင်​ကို ရန်ဘက်ပြု​၍​ကျင့်​သော​သူ​အများ​ရှိကြ​၏။ ထို​သူတို့သည် ပျက်စီးခြင်း​၌​လမ်းဆုံး​တတ်ကြ​၏။ သူတို့၏​ဘုရား​မူ​ကား မိမိတို့​ဝမ်း​ပေ​တည်း။” (ဖိလိပ္ပိ ၃:၁၈၊ ၁၉) သူတို့၏​ရုပ်ပုံ​ကိုးကွယ်​မှု​မှာ အရာဝတ္ထု​တစ်ခု​မဟုတ်​ချေ။ ရုပ်ပစ္စည်း​များ​ကို သူတို့​တပ်မက်သော ဆန္ဒ​ဖြစ်သည်။ ဆန္ဒ​တိုင်း မှား​သည်မဟုတ်​ပါ။ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို လူ့​လိုအပ်ရာ​များနှင့် ပျော်ရွှင်မှု​အမျိုးမျိုးကို ခံစား​နိုင်စွမ်း​ဖြင့် ဖန်ဆင်း​ထား​သည်။ သို့ရာတွင် ဘုရားသခင်​နှင့် မိမိတို့၏​ဆက်ဆံ​ရေး​ထက် အပျော်အပါး​လိုက်စားခြင်း​ကို​ဦးစားပေး​သူတို့သည် ရုပ်ပုံ​ကိုးကွယ်​သူများ အမှန်​ဖြစ်၏။—၂ တိမောသေ ၃:၁-၅

၁၃။ ရွှေ​နွား​ရုပ်​မှတ်တမ်း​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

၁၃ အီဂျစ်​ပြည်​မှ​ထွက်​လာပြီး​နောက် ဣသရေလလူ​များသည် ဝတ်ပြု​ကိုးကွယ်​ရန် ရွှေ​နွား​ရုပ်​ကို ပြုလုပ်​ခဲ့​ကြသည်။ ရုပ်ပုံ​မကိုးကွယ်​ရ​ဟူသော သတိပေး​ချက်​အပြင် ဤ​မှတ်တမ်း​တွင် နောက်ထပ်​အရေးကြီးသော သင်ခန်းစာ​တစ်ခု​ပါရှိ​သေး​သည်။ ဣသရေလလူ​များသည် ယေဟောဝါ​ထံ​မှ ရှင်းလင်း​ပြတ်သား​သော​ညွှန်ကြားချက်​ကို နားမထောင်​ခဲ့​ကြ​ချေ။ (ထွက်မြောက်ရာ ၂၀:၄-၆) သို့​တိုင် သူတို့သည် ယေဟောဝါ​အား မိမိတို့​ဘုရားသခင်​အဖြစ်​မှ ပယ်ရှား​ရန် မရည်ရွယ်ခဲ့​ကြ​ပေ။ သွန်း​လုပ်သော​နွား​သ​ငယ်​ထံ ယဇ်​ပူဇော်​ကြ​ပြီး ‘ယေဟောဝါ​အဖို့​ပွဲ’ ခံ​သည်​ဟု သူတို့​ဆို​ခဲ့​ကြသည်။ သူတို့၏​နာမခံ​မှု​ကို ဘုရားသခင်​အရေးမယူ​ဘဲ​နေမည်ဟု တွေးတော၍ တစ်နည်း​အားဖြင့် မိမိတို့​ကိုယ်ကို​လှည့်စား​ခဲ့​ကြသည်။ ယင်းသည် ယေဟောဝါ​ကို စော်ကားခြင်း​ဖြစ်၍ ကိုယ်တော်​အမျက်ထွက်​စ​ရာ​ဖြစ်စေ​ခဲ့​သည်။—ထွက်မြောက်ရာ ၃၂:၅၊ ၇-၁၀; ဆာလံ ၁၀၆:၁၉၊ ၂၀

၁၄၊ ၁၅။ (က) ဣသရေလလူ​များသည် ကြားနာ​၍​မေ့လျော့သူ​များ​ဖြစ်​ရန်​အကြောင်း အဘယ်ကြောင့်​မရှိ​သနည်း။ (ခ) ကျွန်ုပ်​တို့သည် ကြားနာ​၍​မေ့လျော့သူ​များ​မဖြစ်​ရန် စိတ်ပိုင်းဖြတ်​ထား​လျှင် ယေဟောဝါ​၏​ပညတ်တော်​များနှင့်​ပတ်သက်​၍ အဘယ်အရာ​ပြုလုပ်​ကြ​မည်​နည်း။

၁၄ ယေဟောဝါသက်သေ​တစ်ဦး​သည် မှောက်မှားသော​ဘာသာဝင်​တစ်ဦး​ဖြစ်သွား​ရန်​မှာ အလွန်​ဖြစ်​တော​င့်​ဖြစ်​ခဲ​ပေမည်။ သို့သော် အသင်းတော်​အတွင်းရှိ​နေ​လျက်​ကယ် အခြား​နည်းများဖြင့် ယေဟောဝါ​၏​လမ်းညွှန်ချက်ကို အချို့​သူတို့​ငြင်းပယ်​ကြ​ပေမည်။ ဣသရေလလူများ​သည် ကြားနာ​၍​မေ့လျော့သူ​များ​ဖြစ်လာ​ရန် အကြောင်း​မရှိပေ။ သူတို့သည် ပညတ်တော်​ဆယ်ပါး​ကို ကြားနာ​ခဲ့​ကြ​ရပြီး “ငါ​နှင့်​တူ​သည်​ဟူ၍ ငွေ​ဘုရား​ကို​မ​လုပ်​ရ၊ ရွှေ​ဘုရား​ကိုလည်း ကိုယ့်​အဖို့​မ​လုပ်​ရ” ဟူ​သည့်​ဘုရားသခင့်​အမိန့်တော်ကို မောရှေ​ပေး​သောအခါ သူတို့​ရှိခဲ့​ကြသည်။ (ထွက်မြောက်ရာ ၂၀:၁၈၊ ၁၉၊ ၂၂၊ ၂၃သမ္မာ) သို့​တိုင် ဣသရေလလူ​များသည် ရွှေ​နွား​ရုပ်​ကို ကိုးကွယ်​ခဲ့​ကြ​၏။

၁၅ ကျွန်ုပ်​တို့​လည်း ကြားနာ​၍​မေ့လျော့သူ​များ​ဖြစ်လာ​ကြ​မည်​ဆိုလျှင် ခြေမြစ်​သော​အကြောင်းပြချက်​ရှိ​မည် မဟုတ်ပေ။ သမ္မာကျမ်းစာ​တွင် ဘဝ​ကဏ္ဍအသီးသီး​နှင့်​ပတ်သက်​သည့် ဘုရားသခင့်​လမ်းညွှန်ချက်ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြသည်။ ဥပမာ၊ ယေဟောဝါ​၏​စကားတော်​က ချေးငှား​၍​ပြန်မဆပ်​ခြင်း​ကို အတိအလင်း​ပြစ်တင်​ရှုတ်ချ​ထား​၏။ (ဆာလံ ၃၇:၂၁) သားသမီး​များသည် မိဘ​စကား​နားထောင်​ရမည်ဟု မိန့်မှာ​ခံရ​၍ ဖခင်​များသည် သားသမီး​များ​ကို ‘ဘုရားသခင့်​အလိုတော်နှင့်​အညီ’ ပြုစု​ပျိုးထောင်​ပေး​ရန်ဖြစ်​သည်။ (ဧဖက် ၆:၁-၄) တစ်ကိုယ်ရေ​ခရစ်ယာန်​များသည် “သခင်​ဘုရား​၌​သာ” ထိမ်းမြား​ရမည်ဟု ညွှန်ကြားခံ​ရ​၍ အိမ်ထောင်သည်​ကျေးကျွန်​များ​ကို ဘုရားသခင် ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ခပ်သိမ်း​သော​သူတို့၌ မင်္ဂလာဆောင်ခြင်း​အမှု​နှင့် သစ္စာ​သံဝါသပြု​ခြင်း​အမှုသည် အသရေ​ရှိစေ​လော့။ မတရားသော​မေထုန်​ကို​ပြုသောသူ​နှင့် သူ့​မယား​ကို​ပြစ်မှား​သော​သူကို ဘုရားသခင်​စစ်ကြော​စီရင်တော်မူ​လိမ့်​မည်။” (၁ ကောရိန္သု ၇:၃၉; ဟေဗြဲ ၁၃:၄) ကျွန်ုပ်​တို့သည် ကြားနာ​၍​မေ့လျော့သူ​များ​မဖြစ်​ကြ​ရန် စိတ်ပိုင်းဖြတ်​ထား​လျှင် ဘုရားသခင်​ထံ​မှ ဤ​ညွှန်ကြားချက်​များနှင့် အခြား​ညွှန်ကြားချက်​များ​ကို အလွန်​အလေးအနက်​သဘောထား​ကာ လိုက်လျှောက်​ကြ​မည်​ဖြစ်သည်။

၁၆။ ရွှေ​နွား​ရုပ်​ကိုးကွယ်​ခြင်း​၏ အကျိုးဆက်များ​ကား အဘယ်နည်း။

၁၆ ကိုယ့်​နည်း​ကိုယ့်​ဟန်​ဖြင့် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ရန် ဣသရေလလူ​တို့၏​အားထုတ်မှုကို ကိုယ်တော်​လက်မခံခဲ့​ပေ။ ယင်းအစား ရွှေ​နွား​ရုပ်​ကိုကိုး​ကွယ်​ခြင်း ပုန်ကန်မှု​တွင် အထင်ကရ​အခန်းကဏ္ဍ​မှ ပါဝင်​ခဲ့​ကြ​သူ​ဖြစ်ဖွယ်​ရှိသည့် လူ ၃,၀၀၀ ဖျက်ဆီး​ခံ​ခဲ့​ရသည်။ ပြစ်မှား​သော​အခြား​သူများ​သည် ယေဟောဝါ​၏ ဒဏ်ခတ်​ခြင်း​ကို​ခံ​ခဲ့​ကြ​ရ၏။ (ထွက်မြောက်ရာ ၃၂:၂၈၊ ၃၅) သမ္မာကျမ်းစာ​ကို​ဖတ်ရှု​သော်လည်း လိုက်နာ​လို​ရာ​ကို ကိုယ်တိုင်​ရွေးချယ်​လိုက်နာ​ကြ​သူများ​အတွက် တကယ့်​သင်ခန်းစာ​တစ်ရပ်​ပင်!

“မတရားသော​မေထုန်​ကို ကြ​ဉ်​ရှောင်​ကြလော့”

၁၇။ ၁ ကောရိန္သု ၁၀:၈ သည်​အဘယ်​ဖြစ်ရပ်​ကို ရည်ညွှန်း​နေသနည်း။

၁၇ ဝိညာဉ်​ရေးရာ​ကို​မေ့လျော့​စေနိုင်​သည့် အသွေးအသား​ဆန္ဒ​တစ်ခု​ကို ပေါလု​ဤသို့​ဖော်ပြ​ခဲ့​သည်– “ထို​သူ​အချို့​တို့သည် မတရားသော​မေထုန်​အမှုကိုပြု​၍ တစ်နေ့​ခြင်း​တွင် လူ​နှစ်​သောင်း​သုံး​ထောင်​လဲ​၍​သေ​သကဲ့သို့​မပြု​ဘဲ၊ မတရားသော​မေထုန်​ကို ရှောင်​ကြ​ကုန်​အံ့။” (၁ ကောရိန္သု ၁၀:၈) ဤ​တွင် ဣသရေလ​လူမျိုး အနှစ် ၄၀ ကြာ​တောတွင်း​ခရီး​ကြမ်း​နှင်​ခြင်း​၏ အဆုံးပိုင်း​၌ မောဘ​လွင်ပြင်​တွင်​ဖြစ်​ခဲ့​သည် အဖြစ်အပျက်​တစ်ခု​ကို ပေါလု​ရည်ညွှန်း​သည်။ ဣသရေလလူ​များသည် မကြာမီ​က​ပင် ယေဟောဝါ​၏​အကူအညီ​ဖြင့် ယော်ဒန်​အရှေ့ဘက်​ရှိ နယ်မြေ​များ​ကို​သိမ်းပိုက်​ခဲ့​ကြသော်လည်း အများစု​သည် မေ့လျော့​၍ တန်ဖိုး​မထား​သူများ​ဖြစ်​နေကြောင်း ထင်ရှား​ခဲ့​သည်။ ကတိထားရာ​ပြည်တော်​နယ်စပ်​၌ လိင်​အကျင့်​ယိုယွင်းခြင်း​နှင့် မ​သန့်ရှင်း​သော ဗာလပေဂုရ​ဝတ်ပြု​ကိုးကွယ်​ခြင်း​၌​ပါဝင်​ရန် သွေးဆောင်​ခံ​ခဲ့​ကြ​ရသည်။ ၂၄,၀၀၀ ခန့်​ဖျက်ဆီး​ခံ​ခဲ့​ရ​၍ ထို​သူတို့​မှ ၁,၀၀၀ သည် ဦးဆောင်​သူများ​ဖြစ်​ကြသည်။—တောလည်ရာ ၂၅:၉

၁၈။ အဘယ်​သို့​သော​အမူအကျင့်​က လိင်​အကျင့်​ယိုယွင်းခြင်း​သို့ ဦးတည်​သွား​နိုင်​သနည်း။

၁၈ ယေဟောဝါ​၏​လူမျိုးတော်သည် မြင့်မားသော​ကျင့်ဝတ်​စံနှုန်း​များ​ကျင့်​ခြင်း​ကြောင့် ယနေ့​လူသိ​များ​ကြ​၏။ သို့ရာတွင် လိင်​အကျင့်​ယိုယွင်းမှု​နှင့် သွေးဆောင်​ခံရသော​အခါ ခရစ်ယာန်​အချို့​သည် ဘုရားသခင်​နှင့် ကိုယ်တော့်​မူများ​ကို မတွေး​တော​တော့​ချေ။ သူတို့သည် ကြားနာ​၍​မေ့လျော့သူ​များ ဖြစ်လာ​ကြ​၏။ အစပိုင်း​၌ သူတို့​ခံရ​သော​သွေးဆောင်မှု​တွင် မတရားမေထုန်​ပြုခြင်း ပါဝင်​မည်​မဟုတ်​ချေ။ ညစ်ညမ်း​သော​စာပေ​များ​ကို စူးစမ်း​ကြည့်ရှု​လို​ခြင်း၊ မတော်မလျော် နောက်​ပြောင်​ခြင်း၊ ပရောပရည်​လုပ်ခြင်း သို့​မဟုတ် အကျင့်​လျော့​ရဲ​သူများ​နှင့် ရင်းနှီး​စွာ​ပေါင်းသင်း​လို​ခြင်း​တို့​နှင့် စတင်​ပေမည်။ ထို​အရာအားလုံး​က ခရစ်ယာန်​များ​ကို အပြစ်ပြု​စေ​ခဲ့ပြီ။—၁ ကောရိန္သု ၁၅:၃၃; ယာကုပ် ၄:၄

၁၉။ အဘယ်​ကျမ်းစာ​သွန်သင်ချက်​က “မတရားသော​မေထုန်​ကို ကြ​ဉ်​ရှောင်​ကြ” ရန်​အထောက်အကူ​ပြု​သနည်း။

၁၉ အကျင့်​ယိုယွင်းခြင်း​တွင်​ပါဝင်​ရန် သွေးဆောင်​ခံရ​လျှင် ယေဟောဝါ​ကို​မမေ့​သင့်​ပေ။ ထို့​ထက်​ကား ကိုယ်တော့်​ကျမ်းစာ​ပါ သတိပေး​ချက်​များ​ကို လိုက်နာ​စောင့်ထိန်း​ကြ​ရမည်။ (ဆာလံ ၁၁၉:၁၊ ၂) ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့​အများစု​သည် ကိုယ်ကျင့်တရား​သန့်ရှင်း​ရန် အစွမ်းကုန်​ကြိုးစား​ကြသော်လည်း ဘုရားသခင့်​ရှေ့မှောက်​တွင် မှန်ကန်​ရာ​ကို အဆက်မပြတ်​ကြိုးစား​ပြုလုပ်​ရန်လို​သည်။ (၁ ကောရိန္သု ၉:၂၇) ရောမ​ရှိ​ခရစ်ယာန်​များ​ထံ ပေါလု​ဤသို့​စာရေး​ခဲ့​သည်– “သင်တို့​နားထောင်ခြင်း​၏​သတင်း​သည် လူအပေါင်း​တို့​တွင်​နှံ့ပြား​သည်​ဖြစ်၍ သင်တို့​အတွက် ငါ​ဝမ်းမြောက်ခြင်း​ရှိ၏။ သို့သော်လည်း သင်တို့သည် ကောင်းသော​အမှု၌​ကား ပညာရှိ​စေခြင်း​ငှာ​လည်းကောင်း၊ ဆိုးသော​အမှု၌​ကား အပြစ်ကင်း​စေခြင်း​ငှာ​လည်းကောင်း ငါ​အလိုရှိ၏။” (ရောမ ၁၆:၁၉သမ္မာ) ဣသရေလလူ ၂၄,၀၀၀ သည် သူတို့၏​အပြစ်​ကြောင့် ကွပ်မျက်​ခံ​ခဲ့​ရသကဲ့သို့ မတရားမေထုန်​ပြုသူ​များနှင့် အခြား​အမှား​ပြုသူ​များသည်​လည်း ယေဟောဝါ​၏​တရား​စီရင်ခြင်း​ကို မကြာမီ​ခံရ​ကြ​မည်​ဖြစ်သည်။ (ဧဖက် ၅:၃-၆) ထို့​ကြောင့် ကြားနာ​၍​မေ့လျော့သူ​များ​ဖြစ်​မည့်​အစား ကျွန်ုပ်​တို့သည် ဆက်၍ “မတရားသော​မေထုန်​ကို ကြ​ဉ်​ရှောင်​ကြ” ရမည်။—၁ ကောရိန္သု ၆:၁၈

ယေဟောဝါ​၏​ပြင်ဆင်​ပေး​ချက်​များ​ကို အစဉ်​လေးမြတ်ပါ

၂၀။ ဣသရေလလူ​များသည် ယေဟောဝါ​အား မည်သို့​စမ်းသပ်​ခဲ့​ကြ​သနည်း၊ ရလဒ်​ကား​အဘယ်နည်း။

၂၀ ခရစ်ယာန်​အများစု​သည် လိင်​အကျင့်​ယိုယွင်း​ရန် မည်သည့်​အခါ​မျှ​အရှုံးမပေး​ကြ​ချေ။ သို့​တိုင် ဘုရားသခင့်​မျက်နှာသာတော်​ဆုံးရှုံး​နိုင်​သည့် အမြဲ​မြည်တမ်း​နေတတ်​သော လမ်းစဉ်​ကို​မလိုက်လျှောက်​ဖို့ ကျွန်ုပ်​တို့​ဂရုစိုက်​ရမည်။ ပေါလု​က ကျွန်ုပ်​တို့ကို ဤသို့​သတိပေး​သည်– “ထို​သူ [ဣသရေလလူ​များ] အချို့​တို့သည် စုံစမ်း​နှောင့်ယှက်ခြင်း​ကို​ပြု​၍၊ မြွေ​ဖြင့်​ပျက်စီး​သကဲ့သို့ ငါ​တို့သည်​မပြု၊ [“ယေဟောဝါ၊” က​ဘ] ကို မစုံစမ်း​မနှောင့်ယှက်​ဘဲ​နေကြ​ကုန်​အံ့။ ထို​သူ​အချို့​တို့သည် မြည်တမ်း​ခြင်း​ကို​ပြု​၍၊ ဖျက်ဆီး​သော​သူ၏​လက်​ဖြင့် ပျက်စီး​သကဲ့သို့​မဟုတ်၊ မြည်တမ်း​ခြင်း​ကို​မပြု​ကြ​နှင့်။” (၁ ကောရိန္သု ၁၀:၉၊ ၁၀) ဣသရေလလူ​များသည် အံ့ဖွယ်​နည်းဖြင့်​ပြင်ဆင်​ပေး​သော မန္နမုန့်​နှင့်​ပတ်သက်​၍ မောရှေ​နှင့်​အာရုန်​ကို​သာမက အမှန်​မှာ ဘုရားသခင်​ကိုယ်တော်တိုင်​ကို​ပင် အပြစ်​တင်၍​မြည်တမ်း​ခဲ့​ကြသည်။ (တောလည်ရာ ၁၆:၄၁; ၂၁:၅) ယေဟောဝါ​သည် သူတို့၏​မြည်တမ်း​ခြင်း​ကို မတရားမေထုန်​ပြုခြင်း​လောက် စိတ်​မ​နာ​ပဲ​နေခဲ့​ပါသလော။ မြည်တမ်းသူ​များစွာ​သည် မြွေ​ကိုက်​၍​အသက်ဆုံး​ခဲ့​ရ​ကြောင်း ကျမ်းစာ​မှတ်တမ်းက ဖော်ပြ​ထား​သည်။ (တောလည်ရာ ၂၁:၆) အစောပိုင်း​အချိန်​တစ်ချိန်​တွင် ပုန်ကန်​သော​မြည်တမ်းသူ ၁၄,၇၀၀ ကျော်​ဖျက်ဆီး​ခံ​ခဲ့​ရသည်။ (တောလည်ရာ ၁၆:၄၉) သို့​ဖြစ်၍ ယေဟောဝါ​၏​ပြင်ဆင်​ပေး​ချက်​များ​ကို မ​ခန့်​လေးစား​ပြုမူ​ပြောဆိုခြင်း​ဖြင့် ကိုယ်တော်​၏​စိတ်ရှည်ခြင်း​ကို မ​စမ်းသပ်​ကြ​စို့​နှင့်။

၂၁။ (က) အဘယ်​တိုက်တွန်းချက်​ကို ရေးသား​ရန် ပေါလု​မှုတ်သွင်းခံ​ခဲ့​ရသနည်း။ (ခ) ယာကုပ် ၁:၂၅ အရ ကျွန်ုပ်​တို့သည် အဘယ်​နည်းဖြင့် အမှန်​ပျော်ရွှင်​နိုင်​မည်​နည်း။

၂၁ ခရစ်ယာန်​ချင်း​ထံ​စာရေး​ရာ​တွင် ပေါလု​က ဤ​အားပေး​တိုက်တွန်းမှု​ဖြင့် သတိပေး​ချက်​များ​ကို နိဂုံး​ချုပ်​လိုက်​၏– “ထို​အကြောင်းအရာ​ရှိသမျှ​တို့သည် ပုံသက်သေ​ဖြစ်​အံ့​သော​ငှာ ထို​သူတို့၌​ရောက်​ကြ​၏။ ကပ်ကာလ​အဆုံး​တွင်​ဖြစ်သော ငါ​တို့ကို ဆုံးမ​စ​ရာ​ဖို့ ကျမ်းစာ​၌​ရေးထား​လျက်​ရှိ​သတည်း။ ထို့​ကြောင့် အကြင်သူသည် မိမိ​တည်ကြည်​လျက်​နေသည်​ဟု မိမိ​ထင်မှတ်​၏၊ ထို​သူသည် မလဲ​ခြင်း​ငှာ​သတိပြု​စေ။” (၁ ကောရိန္သု ၁၀:၁၁၊ ၁၂) ဣသရေလလူ​များ​နည်းတူ ကျွန်ုပ်​တို့သည် ယေဟောဝါ​ထံ​မှ ကောင်းချီး​မြောက်မြားစွာ ရရှိထား​ကြသည်။ သို့ရာတွင် သူတို့နှင့်​မတူဘဲ ဘုရားသခင် ကျွန်ုပ်​တို့အတွက်​ပြုလုပ်​ပေး​သည့် ကောင်းမှု​များ​ကို ဘယ်တော့​မျှ​မမေ့လျော့၊ လေးမြတ်​သော​စိတ်​လည်း ဘယ်တော့​မျှ​မ​ပျောက်​ပါစေ​နှင့်။ ဘဝ​စိုးရိမ်​ပူပန်မှု​များ​၏​ဖိစီးမှုကို ကျွန်ုပ်​တို့​ခံရသော​အခါ သမ္မာကျမ်းစာ​တွင်​ပါ​သည့် အံ့ဖွယ်​ကတိတော်​များ​ကို ပြန်​သုံးသပ်ကြည့်​ကြ​စို့။ ယေဟောဝါ​နှင့်​ကျွန်ုပ်​တို့၏ တန်ဖိုး​ရှိ​ဆက်ဆံ​ရေး​ကို အမှတ်ရ​ပြီး ကျွန်ုပ်​တို့အား အပ်နှင်း​ထားသော ဘုရားသခင့်​နိုင်ငံတော် ဟောပြောခြင်း​လုပ်ငန်း​ကို ဆက်၍​လုပ်ကိုင်​ကြပါစို့။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ထိုသို့​သော​လမ်းစဉ်သည် စစ်မှန်သော​ပျော်ရွှင်မှု​ကို အမှန်​ရရှိစေ​မည်​ဖြစ်​ကြောင်း ကျမ်းစာ​က ဤသို့​ကတိပြု​သည်– “လွှတ်​ခြင်း​နှင့်​စပ်​ဆိုင်၍ စုံလင်သော​တရား၌​စေ့စေ့​ကြည့်ရှု​၍ တည်ကြည်သော​သူ​မူ​ကား၊ တရား​နာ​၍​မေ့လျော့​သော​သူ​မဟုတ်၊ အကျင့်​ကျင့်​သော​သူ​ဖြစ်​သဖြင့် မိမိ​ကျင့်​သော​အကျင့်​၌ မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ၏။”—ယာကုပ် ၁:၂၅

သင်​မည်သို့​ဖြေဆို​မည်​နည်း

• အဘယ်အရာက ကျွန်ုပ်​တို့ကို ကြားနာ​၍​မေ့လျော့သူ​များ ဖြစ်စေ​နိုင်​သနည်း။

• ဘုရားသခင်​အား အကြွင်းမဲ့​နာခံခြင်း​သည် အဘ​ယ့်​ကြောင့်​အလွန်​အရေးပါ​သနည်း။

• မည်သို့ “မတရားသော​မေထုန်​ကို ကြ​ဉ်​ရှောင်” နိုင်​သနည်း။

• ယေဟောဝါ​၏​ပြင်ဆင်​ပေး​ချက်​များနှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​သဘောထား​က မည်သို့​ဖြစ်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဣသရေလလူ​များသည် မိမိတို့​အတွက်​ပြုလုပ်​ပေး​သော ယေဟောဝါ​၏​တန်ခိုး​ပါ​သော​အမှုတော်များ​ကို မေ့လျော့​ခဲ့​ကြ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​လူများ​သည် မြင့်မားသော​ကျင့်ဝတ်​စံနှုန်း​များ​ကို ထိန်းသိမ်း​ရန် စိတ်ပိုင်းဖြတ်​ထား​ကြ