ငွေကြေးနှင့်ပတ်သက်၍ မျှတသောအမြင် မည်သို့ ရှိနိုင်မည်နည်း
ငွေကြေးနှင့်ပတ်သက်၍ မျှတသောအမြင် မည်သို့ ရှိနိုင်မည်နည်း
ငွေကိုတပ်မက်ခြင်းနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်လိုခြင်းတို့မှာ အသစ်အဆန်းမဟုတ်ချေ; ၎င်းတို့သည် မကြာသေးမီကမှဖြစ်ပေါ်လာသော ထူးဆန်းရာအလား ယင်းတို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာက မဖော်ပြဘဲမနေပါ။ ယင်းတို့မှာ အလွန်ပင်ရှေးကျသည်။ ပညတ်တော်တွင် ဘုရားသခင်သည် ဣသရေလလူတို့အား ဤသို့ညွှန်ကြားခဲ့၏– “ကိုယ်နှင့်သက်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ . . . ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။”—ထွက်မြောက်ရာ ၂၀:၁၇။
ယေရှုအချိန်၌ပင် ငွေနှင့် ပစ္စည်းဥစ္စာတပ်မက်စိတ်ရှိခဲ့သည်။ “များစွာသောဥစ္စာကိုရတတ်သော” လူငယ်တစ်ဦးနှင့် ယေရှုစကားပြောဆိုခဲ့သော ဤမှတ်တမ်းကို သုံးသပ်ကြည့်ပါ– ယေရှုက “‘သင်သည်တစ်ခုလိုသေး၏။ ကိုယ်ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့အားပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့လိုက်လော့’ ဟု မိန့်တော်မူ၏။ ထိုသူသည် များစွာသောဥစ္စာကိုရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည်နှင့်သွားလေ၏။”—လုကာ ၁၈:၁၈-၂၃။
ငွေနှင့်ပတ်သက်၍ လျောက်ပတ်သောအမြင်
သို့သော် သမ္မာကျမ်းစာသည် ငွေကြေးကိုယ်နှိုက် သို့မဟုတ် ယင်း၏အခြေခံအသုံးပြုရာမှန်သမျှကို ပြစ်တင်ရှုတ်ချထားသည်ဟု ကောက်ချက်ချလျှင် မှားပေလိမ့်မည်။ သမ္မာကျမ်းစာက ငွေကြေးသည် ဆင်းရဲနွမ်းပါးမှုနှင့် ယင်းနှင့်ဆက်နွှယ်သောအခက်အခဲများကို လက်တွေ့ကျ ကာကွယ်မှုတစ်ရပ်ပေးကြောင်း၊ လူတို့အား လိုအပ်ရာများကိုဖြည့်ဆည်းပေးရန် ဖြစ်စေနိုင်ကြောင်း ဖော်ပြသည်။ ဘုရင်ရှောလမုန်က ဤသို့ရေးသားခဲ့သည်– “ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။” ထို့ပြင် “ပျော်မွေ့ခြင်းငှာ ပွဲကိုလုပ်တတ်၏။ စပျစ်ရည်သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူကား အရာရာ၌ နိုင်တတ်၏။”—ဒေ. ၇:၁၂; ၁၀:၁၉။
ငွေကို လျောက်ပတ်စွာအသုံးပြုခြင်းကို ဘုရားသခင်လက်ခံတော်မူသည်။ ဥပမာ၊ ယေရှု ဤသို့မိန့်တော်မူခဲ့သည်– “အဆွေရှိစေခြင်းငှာ မမြဲသောလော [က] စည်းစိမ်ကိုသုံးဆောင်ကြလော့။” (လုကာ ၁၆:၉) ယင်းတွင် ဘုရားသခင်၏ စစ်မှန်သောဝတ်ပြုကိုးကွယ်ရေး တိုးတက်မှုအတွက် ငွေကြေးထည့်ဝင်ခြင်း ပါဝင်သည်၊ အကြောင်းမှာ ဘုရားသခင်အား ကျွန်ုပ်တို့၏မိတ်ဆွေ အမှန်ပင်ဖြစ်စေလိုကြသည်။ ရှောလမုန်ကိုယ်တိုင် သူ့ဖခင်ဒါဝိဒ်၏ပုံနမူနာကို လိုက်ပြီး ယေဟောဝါ၏ဝတ်ပြုရာအိမ်တော် ဆောက်လုပ်ခြင်းအတွက် ငွေနှင့် တန်ဖိုးရှိရာပစ္စည်း အမြောက်အမြားကို ထည့်ဝင်လှူဒါန်းခဲ့သည်။ ခရစ်ယာန်ပညတ် အခြားတစ်ခုမှာ လိုအပ်နေသူတို့ကို ကာယရေးအရကူညီပေးရမည်ဖြစ်သည်။ “သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့” ဟုတမန်တော်ပေါလုပြောခဲ့သည်။ ထပ်ဆင့်၍ သူက “အာဂန္တု [ဧည့်သည်]တို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့” ဟုဆို၏။ (ရောမ ၁၂:၁၃) ယင်းတွင် ငွေကိုသုံးစွဲခြင်း ပါဝင်လေ့ရှိသည်။ သို့သော် ငွေတပ်မက်ခြင်းကော အသို့နည်း။
‘ငွေကို ခင်တွယ်နှစ်သက်ခြင်း’
ပေါလုသည် သူ၏လုပ်ဖော်ဆောင်ဖက် ခရစ်ယာန်လူငယ် တိမောသေထံ စာရေးခဲ့သောအခါ “ငွေကိုတပ်မက်ခြင်း”—သို့မဟုတ် စာသားအတိုင်း “ငွေကိုခင်တွယ်ခြင်း” အကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့၏။ ပေါလု၏သတိပေးချက်ကို ၁ တိမောသေ ၆:၆-၁၉ ၌တွေ့ရှိနိုင်သည်။ ရုပ်ပစ္စည်းများအကြောင်း အကျယ်တဝင့်သုံးသပ်စဉ်းစားရာတွင် “ငွေကိုတပ်မက်ခြင်း” ကိုတစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းပြောဆိုခဲ့သည်။ ငွေအပေါ် ယနေ့လူ့အဖွဲ့အစည်း အရေးထားပုံကိုထောက်ရှု၍ ပေါလု၏ မှုတ်သွင်းခံမှတ်ချက်များကို ကျွန်ုပ်တို့အသေအချာ လေ့လာကြည့်ကြရန်ကောင်းသည်။ ယင်းသို့ ဆန်းစစ်ကြည့်ခြင်းက “မှန်သောအသက်ကိုဝင်စား” နိုင်ပုံ၏လျှို့ဝှက်ချက်ကို ဖော်ပြပေးသောကြောင့် အမှန်ပင်အကျိုးရှိပေသည်။
ပေါလုက ဤသို့သတိပေးသည်– “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ။” (၁ တိမောသေ ၆:၁၀) ဤကျမ်းချက်က ငွေကြေးကိုယ်နှိုက်သည် ဆိုးညစ်သောအရာဟုမဖော်ပြသကဲ့သို့ အခြားမည်သည့်ကျမ်းချက်ကမျှလည်း ထိုသို့မဖော်ပြပါ။ ငွေကြေးသည် “မကောင်းသောအမှု” ၏ အခြေခံအကြောင်းရင်း သို့မဟုတ် ပြဿနာတိုင်း၏အစဟူ၍ လည်း တမန်တော်ကဆိုလိုနေခြင်းမဟုတ်ချေ။ ယင်းအစား ငွေကိုတပ်မက်ခြင်းက “မကောင်းသောအမှု” အမျိုးမျိုး၏ တစ်ခုတည်းသောအကြောင်းရင်းမဟုတ်သည်တိုင် အကြောင်းတစ်ခုဖြစ်နိုင်ပေသည်။
တပ်မက်မှုများခြင်းကို ကြဉ်ရှောင်ခြင်း
ငွေကိုယ်နှိုက်ကို သမ္မာကျမ်းစာ၌ ရှုတ်ချပြစ်တင်မထားဟူသောအချက်က ပေါလု၏သတိပေးချက်ကို တန်ဖိုးမလျော့စေသင့်ချေ။ ငွေကိုတပ်မက်စပြုလာသော ခရစ်ယာန်များသည် ပြဿနာအမျိုးမျိုးတက်နိုင်၍ အဆိုးဆုံးမှာ ယုံကြည်ခြင်းမှ လမ်းလွဲသွားခြင်းဖြစ်သည်။ ဤအမှန်တရားကို ကောလောသဲရှိ ခရစ်ယာန်များအား ပေါလုပြောဆိုခဲ့သည့်စကားက ပိုခိုင်လုံစေသည်– “ဆိုးညစ်သောတပ်မက်ခြင်း၊ . . . ကိုကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့။” (ကောလောသဲ ၃:၅) သူတစ်ပါးပစ္စည်းကို တပ်မက်ခြင်း၊ လိုချင်မက်မောစိတ်များခြင်း သို့မဟုတ် “ငွေကိုတပ်မက်ခြင်း” သည် မည်သို့အရုပ်ကိုးကွယ်ရာရောက်သနည်း။ ယင်းကြောင့် သာ၍ကြီးသောအိမ်၊ ကားအသစ်၊ ပို၍အကျိုးအမြတ်ရသောအလုပ်အကိုင်ရလိုခြင်းကား မှားသည်ဟု ဆိုလိုသလော။ မဟုတ်ပါ၊ ဤအရာအားလုံးကိုယ်နှိုက်က ဆိုးညစ်သည်မဟုတ်ပါ။ မေးခွန်းမှာ– ဤအရာတစ်စုံတစ်ခုကို အဘယ်ကြောင့်လိုချင်စိတ်ရှိရသနည်း၊ ယင်းတို့သည် အမှန်တကယ်ပင် လိုအပ်သလောဟူ၍ဖြစ်သည်။
သာမန်လိုချင်စိတ်နှင့် တပ်မက်စိတ်များခြင်း၏ ကွာခြားချက်ကို စခန်းချရာအရပ်တွင် အစာချက်ပြုတ်သည့် မီးပုံငယ်လေးနှင့် သစ်တောတစ်ခုလုံးကို ဝါးမျိုလောင်ကျွမ်းသွားစေသည့် မီးတောက်မီးလျှံနှင့် နှိုင်းယှဉ်နိုင်သည်။ အကျိုးဖြစ်စေ၍ လျောက်ပတ်သောဆန္ဒရှိခြင်းသည် အကူအညီဖြစ်နိုင်သည်။ ယင်းက ကျွန်ုပ်တို့ကို ကြိုးစားလုပ်ဆောင်စေ၍ ဖြစ်ထွန်းအောင်မြင်စေသည်။ နယပုံပြင် ၁၆:၂၆ က ဤသို့ဆိုသည်– “အလုပ်လုပ်သောသူသည် မိမိပါးစပ်တောင်းသောကြောင့် မိမိအဖို့လုပ်တတ်၏။” သို့သော် တပ်မက်စိတ်များခြင်းသည် အန္တရာယ်ရှိပြီး ပျက်စီးတတ်၏။ ယင်းသည် ထိန်းချုပ်မှုမရှိသော လိုအင်ဆန္ဒဖြစ်သည်။
ထိန်းချုပ်မှုသည် အဓိကဖြစ်၏။ ကျွန်ုပ်တို့စုဆောင်းထားသောငွေကြေး သို့မဟုတ် ကျွန်ုပ်တို့လိုချင်သောပစ္စည်းများသည် ကျွန်ုပ်တို့လိုအပ်ရာများကို ဖြည့်စွက်ပေးမည်လော သို့မဟုတ် ကျွန်ုပ်တို့လိုအပ်ရာများက ငွေ၏ကျေးကျွန်ဖြစ်စေမည်လော။ ယင်းကြောင့် ပေါလုက “လောဘလွန်ကျူးသောသူ” ကို ‘ရုပ်ပုံကိုးကွယ်သောသူ’ ဟု ဆိုထားခြင်းဖြစ်သည်။ (ဧဖက် ၅:၅) တစ်စုံတစ်ရာကိုလိုချင်တပ်မက်ခြင်းသည် အမှန်မှာ ကျွန်ုပ်တို့၏လိုအင်ကို အလျှော့ပေးခြင်းဖြစ်သည်—တစ်နည်းအားဖြင့် ယင်းကို ကျွန်ုပ်တို့၏သခင်၊ ကျွန်ုပ်တို့ကိုးကွယ်ရာ၊ ကျွန်ုပ်တို့အစေခံရာ ဖြစ်စေလေသည်။ ယင်းနှင့်ဆန့်ကျင်ပြီး ဘုရားသခင်က ဤသို့တိုက်တွန်းထားသည်– “ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။”—ထွက်မြောက်ရာ ၂၀:၃။
ကျွန်ုပ်တို့၌တပ်မက်မှုများခြင်းက ကျွန်ုပ်တို့၏လိုအပ်ရာကို ဘုရားသခင်ဖြည့်စွက်ပေးမည်ဟူသော ကတိတော်ကို မယုံကြည်ရာကျသည်။ (မဿဲ ၆:၃၃) သို့ဖြစ်၍ တပ်မက်စိတ်များခြင်းသည် ဘုရားသခင်ထံမှ သွေဖည်ရာရောက်သည်။ ဤသဘောမျိုးဖြင့်လည်း ယင်းသည် ‘ရုပ်ပုံကိုးကွယ်ခြင်း’ ဖြစ်သည်။ ယင်းကြောင့် ၎င်းကိုကြဉ်ရှောင်ရန် ပေါလု အတိအလင်းသတိပေးထားခြင်းမှာ အံ့အားသင့်စရာမဟုတ်ပေ!
တပ်မက်မှုများခြင်းကို ကြဉ်ရှောင်ရန် ယေရှုကလည်း တိုက်ရိုက်သတိပေးသည်။ ကျွန်ုပ်တို့တွင်မရှိသောအရာတစ်ခုကို မက်မောခြင်းမရှိစေရန် ကျွန်ုပ်တို့အား ကိုယ်တော် ဤသို့မိန့်မှာတော်မူခဲ့သည်– “ထိုမှတစ်ပါး လောဘလွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်။” (လုကာ ၁၂:၁၅) ဤစာပိုဒ်နှင့် ယေရှု၏နောက်ဆက်တွဲ ပုံဥပမာအရ တပ်မက်မှုများခြင်းသည် လူတစ်ဦး၏ဘဝတွင် မည်ရွေ့မည်မျှပိုင်ဆိုင်ခြင်းကား အရေးပါသည်ဟူသော မိုက်မဲသည့်ခံယူချက်အပေါ် အခြေပြုသည်။ ငွေကြေး၊ အဆင့်အတန်း၊ တန်ခိုးအာဏာ သို့မဟုတ် ၎င်းတို့နှင့်ဆက်နွှယ်သောအရာများ ဖြစ်ပေမည်။ စုဆောင်း၍ရနိုင်သမျှ အဘယ်အရာမဆိုအပေါ် တပ်မက်မှုများနိုင်ပေသည်။ ထိုအရာရှိပြီဆိုလျှင် ကျွန်ုပ်တို့ရောင့်ရဲတင်းတိမ်မည်ဟု သဘောထားခြင်းဖြစ်သည်။ သို့သော် သမ္မာကျမ်းစာနှင့် လူ့အတွေ့အကြုံအရ ဘုရားသခင်တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့အမှန်တကယ်လိုအပ်ရာများကို ဖြည့်စွက်ရောင့်ရဲစေနိုင်ပြီး ထိုသို့ပင်ပြုတော်မူမည်၊ ယင်းကို မိမိ၏နောက်လိုက်များနှင့် ယေရှုဆင်ခြင်ခဲ့သည်။—လုကာ ၁၂:၂၂-၃၁။
ပစ္စည်းများ ရောင်းဝယ်သုံးစွဲခြင်းကိုအာရုံစိုက်သည့် မျက်မှောက်ခေတ်ယဉ်ကျေးမှုသည် တပ်မက်စိတ်များခြင်းမီးစကို တောက်လောင်စေရန် ယပ်ခပ်ပေးရာ၌ အလွန်ကျွမ်းကျင်သည်။ ပါးနပ်လိမ္မာ၍ တစ်ကြိမ်တည်း တန်ခိုးပါသောနည်းလမ်းများဖြင့် လွှမ်းမိုးခံကြရရာ လူများစွာက မိမိတို့တွင် အဘယ်အရာရှိရှိ မလုံလောက်သေးဟု ယူမှတ်လာကြသည်။ သူတို့သည် ပိုမိုကြီးမား၊ သာ၍ကောင်းမွန်သောအရာ များများလိုအပ်နေကြသည်။ ကျွန်ုပ်တို့ဝန်းကျင်ရှိ လောကကြီးကို ပြောင်းလဲပစ်ရန် မမျှော်လင့်နိုင်သော်လည်း ဤရေစီးကြောင်းကို ကျွန်ုပ်တို့တစ်ဦးချင်းစီ မည်သို့တွန်းလှန်နိုင်ကြမည်နည်း။
တပ်မက်မှုများခြင်းတစ်ဖက် ရောင့်ရဲတင်းတိမ်မှုရှိခြင်း
ပေါလုက တပ်မက်မှုများခြင်းနှင့်တခြားစီဖြစ်သော ရောင့်ရဲတင်းတိမ်ခြင်းကို ဖော်ပြပေးသည်။ သူကဤသို့ဆိုသည်– “သို့ဖြစ်၍၊ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။” (၁ တိမောသေ ၆:၈) ကျွန်ုပ်တို့ အမှန်တကယ်လိုအပ်ရာအားလုံးဖြစ်သည့် “စားရန်၊ ဝတ်ရန်” ဟူသော ဤဖော်ပြချက်မှာ ရိုးလွန်း၍ အသည်၊ နုံသည်ဟုထင်မှတ်စရာဖြစ်ပေမည်။ ရုပ်မြင်သံကြားအစီအစဉ်များအားဖြင့် အဖျော်ဖြေခံကြသူများသည် ဇိမ်ခံအိမ်ဂေဟာများ၌ နေထိုင်ကြသော အကျော်အမော်များကို ရှုစားကြ၏။ ဤနည်းဖြင့် ရောင့်ရဲတင်းတိမ်မှုရှိနိုင်မည်မဟုတ်။
သု. ၃၀:၈၊ ၉) သို့သော် ပေါလုက အမှန်တကယ်ဆင်းရဲခြင်းသည် အဘယ်အရာဖြစ်ကြောင်း သတိပေး၏၊ ၎င်းကား လူတစ်ဦးအသက်ဆက်ရန်အတွက် လုံလောက်သည့် စားစရာ၊ အဝတ်အထည်နှင့် နေစရာနေရာမရှိခြင်းဖြစ်၏။ အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့တွင် ဤအရာများရှိထားလျှင် ကျေနပ်ရောင့်ရဲနိုင်စရာ အခြေခံကို ကျွန်ုပ်တို့ရထားလေပြီဖြစ်သည်။
မှန်ပါသည်၊ ဘုရားသခင်ကျေးကျွန်တို့သည် ဆင်းဆင်းရဲရဲ နေထိုင်ကြဖို့မလိုပါ။ (ရောင့်ရဲတင်းတိမ်ခြင်းကို ပေါလု ဤသို့ပုံဖော်ခြင်းသည် အမှန်တကယ်ပင် ဖြစ်ပါသလော။ အခြေခံလိုအပ်ရာ—စားရန်၊ ဝတ်ရန်နှင့် နေထိုင်စရာ—များဖြင့်သာ တကယ်ကျေနပ်ရောင့်ရဲနိုင်သလော။ ပေါလု အမှန်သိနိုင်သည်။ သူသည် ဂျူးအသိုင်းအဝိုင်းတွင် ရာထူးအဆင့်မြင့်မားခြင်းနှင့် ရောမနိုင်ငံသားဖြစ်ခြင်း၏ ချမ်းသာကြွယ်ဝမှုနှင့် အထူးအခွင့်အရေးတို့ကို သူကိုယ်တွေ့ကြုံခဲ့ရသည်။ (တမန်တော် ၂၂:၂၈; ၂၃:၆; ဖိလိပ္ပိ ၃:၅) ပေါလုသည် သူ၏ခရစ်ယာန်သာသနာပြုလုပ်ငန်းတွင် အခက်အခဲများ အကြီးအကျယ်ကြုံကြိုက်ခဲ့ရသည်။ (၂ ကောရိန္သု ၁၁:၂၃-၂၈) ထိုအရာအားလုံးကြား သူ့ကို ဆက်လက်ရောင့်ရဲစေသော သော့ချက်ကို သူသိရှိလာ၏။ ယင်းကား အဘယ်နည်း။
‘ငါသည် လျှို့ဝှက်ချက်ကို သင်ခဲ့ရပြီ’
ပေါလုသည် သူ၏စာတစ်စောင်တွင် ဤသို့ရှင်းပြခဲ့သည်– “ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကိုခံ [“နိုင်ပုံလျှို့ဝှက်ချက်ကို၊” ကဘ] ရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌သင်မိပြီ။” (ဖိလိပ္ပိ ၄:၁၂) ပေါလုသည် ယုံကြည်စိတ်ချမှုအပြည့်ရှိပုံ၊ အပြုသဘောပါအမြင်ရှိပုံပေါက်သည်တကား! ဤစကားများကို ပေါလုရေးသားချိန်တွင် သူ၏ဘဝသည် ပန်းခင်းလမ်းသဖွယ်ဖြစ်သည်ဟု ယူမှတ်ရလွယ်ကူသော်လည်း အမှန်မှာ ထိုသို့မဟုတ်ချေ။ သူသည် ရောမအကျဉ်းထောင်၌ ရှိနေချိန်ကဖြစ်သည်!—ဖိလိပ္ပိ ၁:၁၂-၁၄။
တစ်ဖက်စွန်းမရောက်သော ထိုအချက်ကို ထည့်စဉ်းစားကြည့်ရာ ဤစာပိုဒ်က စည်းစိမ်ဥစ္စာနှင့်သာမက အခြေအနေများနှင့်ပတ်သက်၍ ရောင့်ရဲတင်းတိမ်မှုကိစ္စကိုလည်း ပိုင်ပိုင်နိုင်နိုင်ဖော်ပြသည်။ ချမ်းသာကြွယ်ဝလွန်းခြင်း သို့မဟုတ် ခက်ခဲဆင်းရဲလွန်းခြင်းတို့က ကျွန်ုပ်တို့ဦးစားထားရာကိစ္စကို စမ်းသပ်မှုဖြစ်စေနိုင်သည်။ ကာယရေးအခြေအနေ မည်သို့ပင်ရှိပါစေ ပေါလုအား ရောင့်ရဲတင်းတိမ်မှုရှိစေသည့် ဝိညာဉ်ရေးအထောက်အကူများအကြောင်း သူဤသို့ပြောဆိုခဲ့သည်– “ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသောအရှင် [ဘုရားသခင်] အားဖြင့် ခပ်သိမ်းသောအမှုကို ငါတတ်စွမ်းနိုင်၏။” (ဖိလိပ္ပိ ၄:၁၃၊ သမ္မာ) မိမိ၏ပစ္စည်းဥစ္စာ အနည်းအများ၊ သို့မဟုတ် သူ၏အခြေအနေ အကောင်းအဆိုးကိုအားထားမည့်အစား ပေါလုသည် မိမိ၏လိုအပ်ရာများကို ဖြည့်စွက်ပေးရန် ဘုရားသခင်ကိုမျှော်ကိုးခဲ့သည်။ သူ၏ရလဒ်ကား ရောင့်ရဲတင်းတိမ်မှုဖြစ်သည်။
ပေါလု၏ပုံသက်သေသည် အထူးသဖြင့် တိမောသေအတွက် အရေးပါခဲ့သည်။ တမန်တော်သည် ထိုလူငယ်ကို ချမ်းသာကြွယ်ဝဖို့ထက် ဘုရားသခင်ရေးရာဆက်ကပ်အပ်နှံခြင်းနှင့် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိသည့် ဘဝပုံစံကိုလိုက်ဖို့ တိုက်တွန်းအားပေးခဲ့သည်။ ပေါလုက ဤသို့ပြောခဲ့သည်– “အိုဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရား [သခင်] ဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ တည်ကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းများကို မီအောင်လိုက်လော့။” (၁ တိမောသေ ၆:၁၁၊ သမ္မာ) ထိုစကားများကို တိမောသေထံရေးသားခဲ့သည်ဖြစ်သော်လည်း ယင်းတို့သည် ဘုရားသခင်ကိုဂုဏ်တင်လိုသူ၊ အမှန်တကယ် ပျော်ရွှင်သောအသက်တာရရှိလိုသူ မည်သူမဆိုနှင့် သက်ဆိုင်ပါသည်။
အခြားမည်သည့်ခရစ်ယာန်မဆိုနည်းတူ တိမောသေသည်လည်း တပ်မက်မှုများခြင်းကိုသတိပြုဖို့လိုအပ်ခဲ့သည်။ ဖြစ်နိုင်သည်မှာ တိမောသေထံ ပေါလုစာရေးချိန်၌ သူရှိခဲ့သည့် ဧဖက်အသင်းတော်တွင် ချမ်းသာကြွယ်ဝသော ယုံကြည်သူများရှိခဲ့ကြ၏။ (၁ တိမောသေ ၁:၃) ပေါလုသည် ဤကြီးပွားချမ်းသာသော ကုန်သွယ်ရေးဗဟိုထဲဝင် ပြီး ခရစ်တော်၏သတင်းကောင်းကို ဟောပြောခဲ့ရာ ဘာသာဝင်များစွာရခဲ့သည်။ ထိုသူတို့မှ အတော်များများမှာ ချမ်းသာကြွယ်ဝသူများဖြစ်ခဲ့ကြပေမည်၊ ယနေ့ ခရစ်ယာန်အသင်းတော်တွင်လည်း အချို့သူတို့သည် ထိုသို့ပင်ဖြစ်ကြ၏။
အထူးသဖြင့် ၁ တိမောသေ ၆:၆-၁၀ ပါ သွန်သင်ချက်ကိုထောက်ရှု၍ မေးရမည်မှာ ငွေပိုငွေလျှံရှိသူတို့သည် ဘုရားသခင်အား ဂုဏ်တင်လိုမည်ဆိုလျှင် အဘယ်အရာကိုပြုလုပ်ကြရမည်နည်းဟူ၍ဖြစ်သည်။ သူတို့အနေဖြင့် မိမိတို့၏သဘောထားကို ဆန်းစစ်ကြည့်ခြင်းဖြင့် စတင်သင့်ကြောင်း ပေါလုဆိုသည်။ ငွေသည် မိမိကိုယ်ကိုကျေနပ်စိတ် ရှိစေတတ်သည်။ ပေါလုက ဤသို့ဆိုသည်– “ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာအလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော၊ အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားရမည်။” (၁ တိမောသေ ၆:၁၇) ချမ်းသာကြွယ်ဝသူတို့သည် မိမိတို့၏ငွေထက်လွန်၍ ချမ်းသာကြွယ်ဝမှုမှန်သမျှ၏ မူလအမြစ်ဖြစ်သော ဘုရားသခင်ကိုမြင်ကာ ကိုယ်တော်အား မှီခိုအားထားကြရန်လိုသည်။
သို့သော် သဘောထားကား အောင်မြင်မှုရရန်လမ်းစ၏တစ်ဝက်မျှသာဖြစ်သည်။ ချမ်းသာကြွယ်ဝသော ခရစ်ယာန်များသည် သူတို့၏ကြွယ်ဝမှုကို နောက်ဆုံးတွင် ပညာရှိရှိအသုံးပြုကြရန်လိုအပ်လာသည်။ ပေါလုက ဤသို့သတိပေးသည်– “သူတစ်ပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သောစေတနာစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်း” ပြုလော့။—၁ တိမောသေ ၆:၁၈။
“မှန်သောအသက်”
ပေါလုဆုံးမစကား၏ ဦးတည်ချက်မှာ စည်းစိမ်ဥစ္စာ၏ တန်ဖိုးအကန့်အသတ်ရှိမှုကို မိမိကိုယ်ကိုသတိပေးရန်လိုကြောင်းဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ငွေရတတ်သောသူက ငါ့စည်းစိမ်သည် ခိုင်ခံ့သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ်၏။” (သု. ၁၈:၁၁) မှန်ပါသည်၊ ဥစ္စာဓနမှရသော လုံခြုံမှုသည် အမှန်မှာ စိတ်ကူးတွင်သာရှိပြီး အမှန်ပင်လှည့်ဖြားတတ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်မျက်နှာသာရဖို့ကြိုးစားခြင်းထက် ယင်းတို့ကို အဓိကထားခြင်းမှာ မှားပေသည်။
စည်းစိမ်ဥစ္စာ၏မရေရာမသေချာမှုက ၎င်းကို အားထားမျှော်လင့်၍မရနိုင်ချေ။ စစ်မှန်သောမျှော်လင့်ချက်သည် ခိုင်မာသော၊ အဓိပ္ပာယ်ပြည့်ဝသော၊ တည်မြဲသောအရာတစ်စုံတစ်ခုပေါ် ကျောက်ချထားရမည်။ ခရစ်ယာန်မျှော်လင့်ချက်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်အပေါ်လည်းကောင်း၊ ထာဝရအသက်ပေးမည်ဟူသော ကိုယ်တော်၏ကတိတော်အပေါ်လည်းကောင်း စိုက်တည်ထားသည်။ ငွေဖြင့် ပျော်ရွှင်မှု မဝယ်ယူနိုင်ဟူသည့်စကား မှန်ကန်သည်ထက် ငွေဖြင့် ကယ်တင်ခြင်း မဝယ်နိုင်ဟူသည်ကား သာ၍ပင်မှန်ကန်ပေသည်။ ဘုရားသခင်ကိုယုံကြည်ခြင်းသာလျှင် ထိုသို့သောမျှော်လင့်ချက်ကို ပေးနိုင်သည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဆင်းရဲချမ်းသာမရွေး ‘ဘုရားသခင့်ရှေ့တော်၌ချမ်းသာ’ စေမည့် ဘဝအသက်တာကို လိုက်လျှောက်ကြပါစို့။ (လုကာ ၁၂:၂၁) ဖန်ဆင်းရှင်ရှေ့ မျက်နှာသာရအနေအထားရှိခြင်းထက် သာ၍တန်ဖိုးရှိသောအရာ မရှိချေ။ ယင်းကို ဆက်ထိန်းသိမ်းထားရန် ကြိုးစားလေသမျှသည် ‘မှန်သောအသက်ကို ဝင်စားလိုသောငှာ၊ နောင်ဘဝ၌ကောင်းသောဘဏ္ဍာကို ကျွန်ုပ်တို့အဖို့ ဆည်းပူးခြင်း’ အတွက် အထောက်အကူဖြစ်သည်။—၁ တိမောသေ ၆:၁၉။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ပေါလုသည် ရောင့်ရဲတင်းတိမ်ခြင်း၏ လျှို့ဝှက်ချက်ကိုသင်ယူခဲ့ဤ
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
မိမိတို့တွင်ရှိသောအရာဖြင့် ကျွန်ုပ်တို့ ကျေနပ်ပျော်ရွှင်နိုင်ကြ