မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘမဲ့များ နှင့်မုဆိုးမများ ဆင်းရဲသောအခါ ကြည့်ရှုလော့

မိဘမဲ့များ နှင့်မုဆိုးမများ ဆင်းရဲသောအခါ ကြည့်ရှုလော့

မိဘမဲ့​များ နှင့်​မုဆိုးမများ ဆင်းရဲသော​အခါ ကြည့်ရှု​လော့

မေတ္တာ​ခေါင်းပါး​သော​လောကတွင် ကျွန်ုပ်​တို့​နေထိုင်ကြ​သည်ကို အသိအမှတ်ပြု​ရန်​မ​ခက်​ပေ။ ‘နောက်ဆုံး​ကာလ’ တွင်​ရှိ​မည့်​လူတန်းစား​ကို​ရည်ညွှန်း​ကာ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– “ခဲယဉ်း​သော​ကာလ​ဖြစ်​မည်​ဟု သိမှတ်​လော့။ အဘယ်​သို့​နည်း​ဟူ​မူ​ကား၊ လူတို့သည် ကိုယ်ကို​ကိုယ်​ချစ်သော​သူ၊ . . . ပကတိ​ကြင်နာ​စုံမက်ခြင်း​နှင့်​ကင်း​သော​သူ” ဖြစ်​ကြလိမ့်မည်။ (၂ တိမောသေ ၃:၁-၃) အဆိုပါ​စကား​များသည် တကယ်​ကို​မှန်ကန်​လိုက်ပါ​ဘိ!

ကျွန်ုပ်​တို့​ခေတ်​၏​ကိုယ်ကျင့်တရား​အခြေအနေ​က လူအများ​၏​နှလုံးထဲတွင် ထောက်ထား​စာနာမှု​ကင်းမဲ့​စေ​သည်။ လူတို့သည် အခြားသူ​၏​အကျိုး၊ အချို့​ဆိုလျှင် မိမိတို့​မိသားစု​၏​အကျိုးကို​ပင် စိတ်ဝင်စားမှု​မရှိသလောက်​ပင်။

ယင်းသည် အကြောင်း​အမျိုးမျိုး​ကြောင့် ခိုး​ကိုး​ရာ​မဲ့​ဖြစ်လာ​သူများစွာ​ကို ထိခိုက်​၏။ မုဆိုးမများနှင့် မိဘမဲ့​များ​အရေအတွက်​သည် စစ်ပွဲ​များ၊ သဘာဝဘေးဒဏ်​များနှင့် ခိုလှုံရာ​ရှာဖွေ​နေ​သူများ​၏ အခြေအနေ​မဲ့​မှု​တို့​ကြောင့် တဖြည်းဖြည်း​တိုးများ​လာ​သည်။ (ဒေ. ၃:၁၉) “စစ်မှု​ကြောင့် [ကလေး​များ] ၁ သန်း​ကျော်​သည် မိဘမဲ့​ဖြစ်​ခဲ့​ရသည်၊ သို့​မဟုတ် သူတို့​မိသားစု​များနှင့် တ​ကွဲ​တ​ပြား​စီ​ဖြစ်​ခဲ့​ရသည်” ဟု​ကုလသမဂ္ဂ​အပြည်ပြည်ဆိုင်ရာ​ကလေး​များ​ရန်ပုံငွေ​အဖွဲ့​မှ သတင်း​တစ်ပုဒ်​က​ဖော်ပြ​သည်။ မိမိ​ဘာသာ​ရုန်းကန်​ပြီး မိသားစုကို​လုပ်ကျွေး​ရသော ကြင်ဖော်​မဲ့​သူ၊ စွန့်ပစ်​ခံရ​သူ သို့​မဟုတ် ကွာရှင်း​ခံရ​သူ မိခင်​အတော်များများကို​လည်း သင်​သိရှိ​ပေမည်။ အချို့​နိုင်ငံ​များ​၏​စီးပွားရေး​အကြီးအကျယ်​ကျဆင်း​မှု​ကြောင့် တိုင်းသူပြည်သား​များစွာ ဆင်းရဲ​မွဲတေ​ရခြင်း​အခြေအနေ​ဆိုး​လည်း​ရှိသေး​သည်။

ယင်းကြောင့် ဆင်းရဲ​ဒဏ်​ခံရ​သူများ​အတွက် မျှော်လင့်ချက်​တစ်စုံတစ်ရာ​ရှိသလော။ မုဆိုးမများနှင့် မိဘမဲ့​များ​၏​ဆင်းရဲခြင်း​ကို မည်သို့​လျော့ပါး​စေနိုင်​မည်​နည်း။ ဤ​ပြဿနာ​ကို ဖယ်ရှား​နိုင်​မည်​လော။

ကျမ်းစာ​ခေတ်​က မေတ္တာပါ​ဂရုစိုက်​မှု

မုဆိုးမများနှင့်​မိဘမဲ့​များ​၏ ခန္ဓာရေး​နှင့်​ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို ဂရုစိုက်​ခြင်း​သည် ဘုရားသခင်​ဝတ်ပြုရေး​၏ အဓိက​အပိုင်းကဏ္ဍ​အမြဲ​ဖြစ်​ခဲ့​သည်။ ဣသရေလလူ​တို့သည် အသီးအနှံ​ရိတ်သိမ်း​ရာ​တွင် ကောက်သိမ်း​ပြီး​နောက် လယ်​၌​ကျန်ရှိ​ရာ​များ​ကို ပြန်​မယူ​ရတော့​ချေ။ ကောက်သင်း​ကောက်ခြင်း​ကို “တစ်ပါး​အမျိုးသား၊ မိဘ​မရှိသော​သူ၊ မုဆိုးမ​အဖို့” ထားရစ်​ခဲ့​ရသည်။ (တရားဟောရာ ၂၄:၁၉-၂၁) “မိဘ​မရှိသော​သူငယ်​နှင့် မုဆိုးမ​ကို သင်တို့သည် မနှောင့်ယှက်​ရ” ဟု​မောရှေ​ပညတ်​က ဖော်ပြ​သည်။ (ထွက်မြောက်ရာ ၂၂:၂၂၊ ၂၃) ခင်ပွန်း​ဖြစ်စေ၊ ဖခင်​ဖြစ်စေ သို့​မဟုတ် မိဘ​နှစ်ပါးစလုံး​ဖြစ်စေ ဆုံးသွား​သောအခါ မိ​သားစု​မှ​ကျန်ရစ်သူ​များသည် အထီးကျန်​ပြီး ခိုး​ကိုး​ရာ​မဲ့​ဖြစ်​ရ​ကြ​ရာ ကျမ်းစာ​က မုဆိုးမများနှင့် မိဘမဲ့​များ​ဟု ဖော်ပြ​ပြောဆို​သောအခါ ဆင်းရဲသား​များ​ကို လျောက်ပတ်​စွာ​ဆိုလို​နေခြင်း​ဖြစ်သည်။ ဘိုးဘေး​ယောဘသည် ဤသို့​ပြော​ခဲ့​သည်– “ငါသည် ဆင်းရဲသော​သူ၊ မိဘ​မရှိသော​သူ၊ ကိုးကွယ်​ရာ​မရ​သော​သူ အော်ဟစ်​သောအခါ ကယ်တင်​တတ်၏။”—ယောဘ ၂၉:၁၂

ခရစ်ယာန်​အသင်းတော်​၏ အစောပိုင်း​ကာလ​တွင် မိဘ သို့​မဟုတ် ခင်ပွန်း​ဆုံးသွား​ခြင်း​ကြောင့် အမှန်တကယ်​ချို့တဲ့​သူများကို ကြည့်ရှု​စောင့်ရှောက်ခြင်း​သည် စစ်မှန်သော​ဝတ်ပြုရေး​၏ ထူးခြားချက်​တစ်ခု​ဖြစ်​ခဲ့​သည်။ ဤသို့​သော​သူများ​၏​အကျိုးကို အလွန်​စိတ်ဝင်စား​စွာ​ဖြင့် တပည့်တော်​ယာကုပ်​က ဤသို့​ရေးခဲ့​သည်– “ခမည်းတော်​ဘုရားသခင့်​ရှေ့၌ စင်ကြယ်​သန့်ရှင်းသော​သီလ​ဟူ​မူ​ကား၊ မိဘ​မရှိသော​သူငယ်​တို့​နှင့် မုဆိုးမ​တို့သည် ဆင်းရဲခံ​ရသောအခါ သူတို့ကို​ကြည့်ရှု​ပြုစု​ခြင်း၊ ကိုယ်တိုင်​လည်း လော[က]အညစ်အကြေး​နှင့်​ကင်းစင်​အံ့​သော​ငှာ စောင့်ရှောက်ခြင်း​ပေ​တည်း။”—ယာကုပ် ၁:၂၇

ယာကုပ်​သည် မိဘမဲ့​များနှင့် မုဆိုးမများ​အကြောင်း ပြော​သည့်​အပြင် ဆင်းရဲ​ချို့တဲ့ ခိုး​ကိုး​ရာ​မဲ့​နေသော အခြားသူများ​အတွက်​လည်း စိုးရိမ်​ပူပန်​ကြောင်း ဖော်ပြ​ခဲ့​သည်။ (ယာကုပ် ၂:၅၊ ၆၊ ၁၅၊ ၁၆) တမန်​တော်​ပေါလု​သည် အလားတူ​ထောက်ထား​စာနာမှု​တင်ပြ​ခဲ့​၏။ သူနှင့်​ဗာနဗ​တို့သည် ဟောပြောခြင်း​တာဝန် ပေးအပ်​ခံရသော​အခါ သူတို့​ရရှိ​သည့်​သွန်သင်ချက်​များ​တွင် “ဆင်းရဲသော​သူများကို​အောက်မေ့” ဖို့​ပါဝင်​သည်။ ‘ထို​အမှုကို အလိုအလျောက်​ကြိုးစား​အားထုတ်​ခဲ့ပြီ’ ဟု​ပေါလု​သည် ကြည်လင်​သော​ကိုယ်ကို​ကိုယ်​သိသောစိတ်​ဖြင့်​ပြော​နိုင်​ခဲ့​သည်။ (ဂလာတိ ၂:၉၊ ၁၀) ခရစ်ယာန်​အသင်းတော်​တည်ထောင်​ပြီး​သည်​နှင့် ၎င်း​၏ ဆောင်ရွက်မှု​များ​အကြောင်းကို ဤသို့​ဖော်ပြ​သည်– “ထို​သူတို့တွင် ဆင်းရဲသော​သူ​တစ်ယောက်မျှ​မရှိ။ . . . လူများ​ဆင်းရဲ​သည်​အတိုင်း အသီးအသီး​တို့အား ဝေငှ​ပေးကမ်း​ကြ​၏။” (တမန်​တော် ၄:၃၄၊ ၃၅) မှန်ပါသည်၊ ရှေး​ဣသရေလ​ခေတ်​က မိဘမဲ့​များ၊ မုဆိုးမများနှင့် ခိုး​ကိုး​ရာ​မဲ့​သူများ​အား ဂရုစိုက်​ကြည့်ရှု​ခြင်း​အစီအစဉ်ကို ခရစ်ယာန်​အသင်းတော်တွင် ဆက်​လုပ်ဆောင်ခဲ့​သည်။

ထိုသို့​သော​ကူညီ​ထောက်ပံ့မှု​သည် အတော်အသင့်​ဖြစ်၍ အသင်းတော်​တစ်ခုစီ​၏ ငွေကြေး​အခြေအနေ​နှင့်​အညီ​ဖြစ်သည်။ ငွေ​ဖြုန်းတီးခြင်း​မရှိဘဲ ကူညီပေး​ခံရ​သူများ​သည် အမှန်တကယ်​ချို့တဲ့​သူများ​ဖြစ်သည်။ အဘယ်​ခရစ်ယာန်​တစ်ဦး​တစ်ယောက်မျှ ဤ​အစီအစဉ်ကို အခွင့်ကောင်း​မယူ​ကြ​ရ​ဘဲ မလို​အပ်သော​ဝန်ကို အသင်းတော်​အပေါ်​မတင်​ကြ​ရ​ချေ။ ယင်းသည် ၁ တိမောသေ ၅:၃-၆ ၌​ဖော်ပြ​ထားသော ပေါလု​၏​မှာကြားချက်​တွင် ထင်ရှား​ပေါ်လွင်​ပါ​သည်။ ထို​တွင် ဆင်းရဲ​ချို့တဲ့သော​သူ၏ ဆွေမျိုး​များ​က သူ့ကို ကူညီပေး​နိုင်​မည်​ဆိုလျှင် ၎င်း​တာဝန်​ကို သူတို့​ယူ​ကြ​ရမည်ဟု ဖော်ပြ​ထား​သည်။ ချို့တဲ့သော​မုဆိုးမများ​သည် အကူအညီ​ရနိုင်​ကြဖို့​အတွက် သူတို့တွင်​လိုအပ်ချက်​အချို့​ရှိ​ရမည်​ဖြစ်သည်။ ယင်း​တို့အားလုံး​သည် ချို့တဲ့​သူများကို ကြည့်ရှု​စောင့်ရှောက်​ရန် ယေဟောဝါ​အသုံးပြု​သော ပညာရှိ​အစီအစဉ်ကို​ထင်ဟပ်​စေ​၏။ သို့​တိုင် ပြသ​သည့်​ကြင်နာ​မှု​ကို အခွင့်အရေး​မယူ​မိ​ရန် ချင့်ချိန်မှု​ရှိ​ရမည်ဟု​လည်း ဖော်ပြ​သည်။—၂ သက်သာလောနိတ် ၃:၁၀-၁၂

မိဘမဲ့​များနှင့် မုဆိုးမများ​ကို ယနေ့ ကြည့်ရှု​ပြုစု​ခြင်း

ဆင်းရဲခံ​နေရသူ​များ​အတွက် စိုးရိမ်​ပူပန်ခြင်း​နှင့် အကူအညီ​ပေးခြင်း​အမှု​ဆိုင်ရာ​မူများ​ကို အတိတ်​မှ ဘုရားသခင့်​ကျေးကျွန်​များ လိုက်နာ​သကဲ့သို့ ယေဟောဝါသက်သေ​များ​၏​အသင်းတော်များ​တွင် ကျင့်သုံး​နေဆဲ​ပင်။ “သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင် လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်” ဟု​ယေရှု​မိန့်မှာ​သည်​အတိုင်း ညီအစ်ကို​ချင်း​ချစ်​သည့်​မေတ္တာသည် ထူးခြား​ထင်ရှားသော​လက္ခဏာ​ဖြစ်သည်။ (ယောဟန် ၁၃:၃၅) အချို့​သည် ချို့တဲ့​နေလျှင်၊ ဘေးသင့်​နေလျှင်၊ စစ်ပွဲ သို့​မဟုတ် ပြည်တွင်းစစ်​ဒဏ်​ခံ​နေရ​လျှင် ကျန်​အပြည်ပြည်ဆိုင်ရာ​ညီအစ်ကို​အသင်းအပင်း​သည် ဝိညာဉ်​ရေး​နှင့်​ကာယရေး​အရ ထောက်ကူ​နိုင်​မည့် နည်းလမ်းများ​ကို​ရှာကြံ​ကြ​၏။ ယင်း​နှင့်​ပတ်သက်​၍ အဘယ်အရာ​ပြုမူ​လုပ်ဆောင်နေ​ကြ​ကြောင်း မျက်မှောက်ခေတ်​တွေ့ကြုံမှု​အချို့​ကို သတိပြု​ကြ​စို့​လေ။

ပက်​ဒရို​သည် မိမိ​အသက်​တစ်နှစ်​ခွဲ​အရွယ်​တွင် သေဆုံး​ခဲ့​သော​မိခင်​ကို ကောင်းကောင်း​မမှတ်မိ​တော့​ချေ။ ပက်​ဒရို အသက်​ငါး​နှစ်​ရောက်​သောအခါ ဖခင်​လည်း​ဆုံးသွား​၏။ ထို့​ကြောင့် ပက်​ဒရို​သည် သူ၏​အစ်ကို​များနှင့်​ကျန်ရစ်​ခဲ့​သည်။ ယေဟောဝါသက်သေ​များသည် သူတို့​ဖခင်​ထံ​လည်ပတ်​ခဲ့​နှင့်​ပြီ​ဖြစ်​ရာ ပက်​ဒရို​နှင့် သူ့​အစ်ကို​အားလုံး​သည် အိမ်တွင်း​ကျမ်းစာ​သင်အံမှု​ကို စတင်​လက်ခံခဲ့သည်။

ပက်​ဒရို​က​ဤသို့​ပြောပြ​သည်– “နောက်​အပတ်​မှာပဲ​ကျွန်တော်​တို့ စည်းဝေး​တွေ​စတက်​ခဲ့​ကြတယ်။ ညီအစ်ကို​တွေ​နဲ့ ကျွန်တော်​တို့​ပေါင်းသင်း​ကြ​တဲ့​အခါ သူတို့ရဲ့​မေတ္တာကို ကျွန်တော်​တို့​ခံစား​ရတယ်။ ညီအစ်ကို၊ ညီအစ်မ​တွေ​က ကျွန်တော့်​မိဘတွေ​လို​ပဲ မေတ္တာပြ​ကြ​တဲ့​အတွက် အသင်းတော်ဟာ ကျွန်တော့်​အတွက် ခိုလှုံရာ​ဖြစ်​ခဲ့တယ်။” ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​သည် မိမိကို အိမ်​သို့​ဖိတ်ခေါ်လေ့​ရှိကြောင်း ပက်​ဒရို​အမှတ်ရ​သည်။ ပက်​ဒရို​သည် ထို​မိသားစု​နှင့်အတူ စကားစမြည်​ပြောဆို အပန်းဖြေ​လေ့​ရှိ၏။ အသက် ၁၁ နှစ်​တွင် ယုံကြည်ခြင်း​အကြောင်း စတင်​ဟောပြောခဲ့​ပြီး အသက် ၁၅ နှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့​သော​ပက်​ဒရို​က “အဲဒါတွေဟာ ကျွန်တော့်​အတွက် အမှတ်တရ​တွေ​ပါ” ဟု​ပြောပြ​သည်။ အသင်းသားများ​၏ ကူညီပေး​မှု​ကြောင့် သူ၏​အစ်ကို​များလည်း ဝိညာဉ်​ရေး​ဘက်တွင်​ထပ်​ထူ​စွာ အတော်လေး​တိုးတက်​ခဲ့​ကြ​၏။

ဒေးဗစ်​၏​အဖြစ်​လည်း ရှိသေး​သည်။ မိဘများ​ခွဲနေ​သောအခါ သူနှင့်​သူ၏​အမြွှာ​ညီအစ်မ​တို့သည် စွန့်ပစ်​ခံ​ခဲ့​ကြ​ရသည်။ သူတို့​ဘိုးဘွား​နှင့်​အဒေါ်​တို့​က သူတို့ကို ကျွေးမွေး​စောင့်ရှောက်​ခဲ့​သည်။ “ကျွန်တော်​တို့​အရွယ်​ရောက်လာ​ပြီး ကျွန်တော်​တို့​ရဲ့​အခြေအနေ​ကို သိလိုက်​ရတဲ့အခါ​မှာ အားငယ်​ဝမ်းနည်း​လာခဲ့တယ်။ ကျွန်တော်​တို့ အားကိုးစရာ​လိုအပ်​ခဲ့တယ်။ ကျွန်တော့်​အဒေါ်​က ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်လာ​တာ​ကို ကျေးဇူး​တင်​ရမယ်၊ အဲဒါ​ကြောင့် ကျွန်တော်​တို့ ကျမ်းစာ​အမှန်တရားအတိုင်း ဆုံးမ​သွန်သင်ခံ​ခဲ့​ရတယ်။ ညီအစ်ကို​တွေ​က ကျွန်တော်​တို့ကို မေတ္တာ​ပြပြီး ခင်မင်​ကြတယ်။ ကျွန်တော်​တို့ကို သူတို့​အရမ်း​ချစ်ခင်​ကြ​ပြီး ပန်းတိုင်​တွေ​ထား​ဖို့ ယေဟောဝါ​အမှုတော်ကို ဆက်​ဆောင်ရွက်ဖို့ အားပေးခဲ့​ကြတယ်။ ကျွန်တော့်​အသက် ၁၀ နှစ်လောက်မှာ ဓမ္မ​အမှုထမ်း​တစ်ယောက်​က အမှုဆောင်ထွက်​ဖို့ ကျွန်တော့်​ကို​အမြဲ​လာ​ခေါ်​တယ်။ နောက်​ညီအစ်ကို​တစ်ယောက်​က ကျွန်တော် စည်းဝေးကြီး​တွေ သွား​တက်​တဲ့​အခါ ကျွန်တော့်​ရဲ့​ကုန်ကျ​စရိတ်​ကို​ခံ​ပေး​တယ်။ တစ်ယောက်​ဆိုရင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ ကျွန်တော်​အလှူငွေ​ထည့်​နိုင်​ဖို့ ကူညီပေး​တယ်။”

ဒေးဗစ်​သည် အသက် ၁၇ နှစ်အရွယ်​တွင် နှစ်ခြင်း​ခံ​ခဲ့​ပြီး နောက်ပိုင်း​တွင် မက္ကဆီကို​ရှိ ယေဟောဝါသက်သေ​များ​၏​ဌာနခွဲရုံး​၌ စတင်​အမှုဆောင်ခဲ့​၏။ သူသည် ယခု​ပင် ဤသို့​ဝန်ခံ​သည်– “ကျွန်တော့်​ပညာရေး​ကို ထောက်ပံ့​ပေး​ကြ​ပြီး ဆုံးမ​ပေး​တဲ့ အကြီးအကဲ​တွေ​ရှိတယ်။ သူတို့​ကြောင့် အထီးကျန်​အားငယ်​တဲ့​စိတ်​ကို ကျွန်တော်​ကျော်လွှား​နိုင်​ခဲ့​တာ။”

အကူအညီ​လိုအပ်​နေသော မုဆိုးမ​အချို့​ရှိသည့် မက္ကဆီကို​အသင်းတော်​တစ်ခု​မှ အကြီးအကဲ​ဖြစ်သူ အေ​ဘဲလ်​က ဤသို့​ပြောပြ​သည်– “မုဆိုးမ​တွေ​ရဲ့​အလိုအပ်ဆုံး​အကူအညီ​က​တော့ စိတ်ဓာတ်​ရေး ထောက်ပံ့မှု​ပဲ။ တစ်ခါ​တ​လေ သူတို့​ခမျာ စိတ်ဓာတ်ကျ​ပြီး အားငယ်​နေတတ်​ကြတယ်။ ဒါ​ကြောင့် သူတို့ကို​ထောက်မ​ပေးဖို့၊ သူတို့ကို​နားထောင်​ပေးဖို့ အရမ်း​အရေးကြီးတယ်။ ကျွန်တော်​တို့ [အသင်းတော်​အကြီးအကဲ​တွေ] က​သူတို့ဆီ မကြာခဏ​သွားလည်​ပတ်​ကြတယ်။ သူတို့ရဲ့​ပြဿနာ​တွေ​ကို ဂရုစိုက်​နားထောင်​ပေးဖို့ အချိန်ပေး​တာ​ကောင်းတယ်။ ဒီလိုလုပ်​ပေး​တာ​ဟာ သူတို့​အတွက် ဝိညာဉ်​ရေး​ဘက် အားရှိစေတယ်။” သို့သော် တစ်ခါတစ်ရံ ငွေ​ရေး​ကြေး​ရေး​အကူအညီလည်း​လိုအပ်​သည်။ “အခု မုဆိုးမ​ညီအစ်မ​တစ်ယောက်​အတွက် ကျွန်တော်​တို့ အိမ်တစ်လုံး​ဆောက်​ပေး​နေကြ​တယ်။ စနေနေ့​အချို့​နဲ့ နေ့ခင်း​အချို့​တွေ​မှာ သွား​ဆောက်​ကြတယ်” ဟု​မကြာသေးမီ​အချိန်​က အေ​ဘဲလ်​ပြောပြ​ခဲ့​သည်။

နောက်​အသင်းတော်​တစ်ခု​မှ အကြီးအကဲ​တစ်ဦး​သည် မိဘမဲ့​များနှင့် မုဆိုးမများ​ကို ကူညီပေး​ရာ​၌ သူ၏​ကိုယ်ပိုင်​အတွေ့အကြုံကို ဤသို့​ပြောပြ​သည်– “မိဘမဲ့​တွေ​က မုဆိုးမ​တွေ​ထက်​တောင် ခရစ်ယာန်​မေတ္တာပြ​ခံရ​ဖို့​လိုတယ်လို့ ကျွန်တော်​ထင်​တယ်။ သူတို့ဟာ မိဘ​စုံ​ညီ​ရှိကြ​တဲ့ ကလေး​တွေ​နဲ့ မြီး​ကောင်​ပေါက်​တွေ​ထက် ပစ်ပယ်​ခံရ​ကြတယ်​လို့​ခံစားရ​တာ​ကို ကျွန်တော်​သတိထား​မိတယ်။ သူတို့မှာ ညီအစ်ကို​ချင်း​မေတ္တာပြ​ခံရ​ဖို့ အများကြီး​လိုအပ်​တယ်။ စည်းဝေး​တွေ​ပြီး​ရင် သူတို့​ဘယ်လို​နေကြ​သလဲ​လို့ မေးမြန်း​ဖို့​အရေးကြီးတယ်။ ကျွန်တော်​တို့​အသင်းတော်မှာ ကလေး​ဘဝက​တည်း​က မိဘမဲ့​ခဲ့​ရတဲ့​အိမ်ထောင်သည် ညီအစ်ကို​တစ်ယောက်​ရှိတယ်။ စည်းဝေး​မှာ သူ့ကို ကျွန်တော် အမြဲတမ်း​လှိုက်လှိုက်လှဲလှဲ​နှုတ်ဆက်​တယ်၊ ကျွန်တော့်​ကို သူ​တွေ့​တိုင်း ပွေ့ဖက်​တတ်တယ်။ ဒါက စစ်မှန်​တဲ့​ညီအစ်ကို​ချင်း​မေတ္တာ​နှောင်ကြိုး​ကို ပို​ခိုင်မြဲ​စေတယ်။”

ယေဟောဝါ​သည် ‘ဆင်းရဲသော​သူကို ချမ်းသာပေး​တော်​မူ​လိမ့်​မည်’

မုဆိုးမများနှင့် မိဘမဲ့​များ​တို့၏​အခြေအနေ​ကို အောင်မြင်စွာ​ကိုင်တွယ်​ဖြေရှင်း​နိုင်​ရန် ယေဟောဝါ​ကို ယုံကြည်​ကိုးစားခြင်း​သည် အခြေခံ​လိုအပ်ချက်​ဖြစ်သည်။ ကိုယ်တော့်​အကြောင်းကို ဤသို့​ဆို​သည်– “ထာဝရ​ဘုရား​သည် ဧည့်သည်​တို့ကို စောင့်မ​တော်​မူ​၍ မုဆိုးမ​နှင့်​မိဘ​မရှိသော​သူတို့ကို ထောက်မ​တော်​မူ​၏။” (ဆာလံ ၁၄၆:၉) ဤ​ကဲ့သို့​သော​ပြဿနာ​များ​ကို လုံးဝ​ဖြေရှင်း​ပေး​နိုင်​သည်​မှာ ယေရှု​ခရစ်​လက်ဝယ်​ရှိ ဘုရားသခင့်​နိုင်ငံတော်​သာ​ဖြစ်သည်။ မေရှိယ​၏​အုပ်ချုပ်မှု​ကို ပရောဖက်ပြု​ဖော်ပြ​သည်​ကား ဆာလံဆရာ​၏​ဤ​စကား​ဖြစ်၏– “ငတ်မွတ်​သော​သူ အော်ဟစ်​သောအခါ ထို​သူကိုလည်း​ကောင်း၊ ကိုးကွယ်​ရာ​မ​ရှိ၍ ဆင်းရဲသော​သူကိုလည်း​ကောင်း ချမ်းသာပေး​တော်​မူ​လိမ့်​မည်။ ဆင်းရဲသော​သူနှင့် ငတ်မွတ်​သော​သူကို​သနား​၍ ငတ်မွတ်​သော​သူတို့၏​အသက်ကို ကယ်တင်​တော်​မူ​လိမ့်​မည်။”—ဆာလံ ၇၂:၁၂၊ ၁၃

လက်ရှိ​အစီအစဉ်​စနစ်​၏​အဆုံး နီး​သည်ထက်​နီးလာသည်နှင့်​အမျှ ခရစ်ယာန်​အများ​ကြုံတွေ့​ရမည့် အကျပ်အတည်း​များသည် တိုးများ​လာ​မည်​မှာ​အမှန်ပင်။ (မဿဲ ၂၄:၉-၁၃) ခရစ်ယာန်​များ​အချင်းချင်း တစ်ယောက်ကို​တစ်ယောက် ပို​၍​စိုးရိမ်​ပူပန်မှု​ပြသ​ရန်​နှင့် “အချင်းချင်း​အား​ကြီးသော​ချစ်ခြင်း​မေတ္တာ​ရှိကြ” ရန် နေ့စဉ်​လိုအပ်​ပေ​သည်။ (၁ ပေတရု ၄:၇-၁၀) ခရစ်ယာန်​အမျိုးသားများ အထူးသဖြင့် အကြီးအကဲ​များသည် မိဘမဲ့​များ​ကို စိုးရိမ်​ပူပန်မှု​နှင့် ထောက်ထား​စာနာမှု​ပြသ​ဖို့ လိုအပ်​သည်။ ထို့​ပြင် အသင်းတော်​ရှိ ရင့်ကျက်သော​အမျိုးသမီးများ​သည် မုဆိုးမများ​ကို များစွာ​ထောက်မ​ကူညီပေး​ပြီး နှစ်သိမ့်​ပေး​နိုင်​ပါ​သည်။ (တိတု ၂:၃-၅) အမှန်​မှာ ဆင်းရဲခြင်း​ခံ​နေရသူ​များ​ကို အလုပ်​နှင့်​စိုးရိမ်​ပူပန်မှု​ပြ​ခြင်း​ဖြင့် လူတိုင်း​ထောက်ကူ​နိုင်​သည်။

ခရစ်ယာန်စစ်​များသည် “မိမိ​ညီအစ်ကို​ဆင်းရဲခြင်း​ကို​မြင်” သောအခါ “သနားခြင်း​ကရုဏာ​စိတ်​ကို​ချုပ်တည်း” မည်​မဟုတ်။ တမန်​တော်​ယောဟန်​၏ ဤ​ဆုံးမ​စကား​ကို သူတို့​ကောင်းစွာ​သတိပြု​ကြသည်– “ချစ်​သားတို့၊ ငါ​တို့သည် စကားပြော​ကာ​မျှ​အားဖြင့်​သာ မချစ်​ဘဲ စိတ်ပါ​ကိုယ်​ရောက် ဧကန်​အမှန် ချစ်​ကြ​ကုန်​အံ့။” (၁ ယောဟန် ၃:၁၇၊ ၁၈) ထို့​ကြောင့် “မိဘ​မရှိသော​သူငယ်​တို့​နှင့် မုဆိုးမ​တို့ . . . ဆင်းရဲခံ​ရသောအခါ သူတို့ကို . . . စောင့်ရှောက်” ကြ​စို့​လေ။—ယာကုပ် ၁:၂၇

[စာမျက်နှာ ၁၁ ပါ အကျဉ်း​ဖော်ပြချက်]

“ငါ​တို့သည် စကားပြော​ကာ​မျှ​အားဖြင့်​သာ မချစ်​ဘဲ၊ စိတ်ပါ​ကိုယ်​ရောက် ဧကန်​အမှန် ချစ်​ကြ​ကုန်​အံ့။” ၁ ယောဟန် ၃:၁၈

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ခရစ်ယာန်စစ်​များသည် မိဘမဲ့​များနှင့် မုဆိုးမများ​၏ ခန္ဓာရေး၊ ဝိညာဉ်​ရေး​နှင့် စိတ်ဓာတ်​ရေး​တို့ကို ကြည့်ရှု​ပြုစု​ကြ