မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်မြင်မရသောအရှင်အား မြင်ရဘိသကဲ့သို့ ဆက်လက်စွဲမြဲပါ

မျက်မြင်မရသောအရှင်အား မြင်ရဘိသကဲ့သို့ ဆက်လက်စွဲမြဲပါ

မျက်မြင်မရ​သော​အရှင်​အား မြင်ရ​ဘိ​သကဲ့သို့ ဆက်လက်​စွဲမြဲ​ပါ

“[မောရှေ​သည်] မျက်မြင်မရ​သော​ဘုရားသခင်​ကို မြင်ရ​ဘိ​သကဲ့သို့ တည်ကြည်​ခြင်း​ရှိ၏။”—ဟေဗြဲ ၁၁:၂၇

၁။ ယေရှု၏​တောင်ပေါ်​တရားတော်​တွင် ကိုယ်တော်​သည် ဘုရားသခင်​နှင့်​ပတ်သက်​၍ အဘယ်​မှတ်သားလောက်ဖွယ်​ဖော်ပြချက်​ကို မိန့်တော်မူ​ခဲ့​သနည်း။

ယေဟောဝါ​သည် မျက်မြင်မရ​သော​ဘုရားသခင်​ဖြစ်​တော်​မူ​၏။ ယေဟောဝါ​၏​ဘုန်းတော်​ကို မိမိ​အား​ဖော်ပြ​ရန် မောရှေ​တောင်းဆို​ခဲ့​သောအခါ ကိုယ်တော်​ဤသို့​တုံ့ပြန်​ခဲ့​သည်– “သင်သည်​ငါ့​မျက်နှာကို​မမြင်နိုင်​ရာ။ ငါ့​မျက်နှာကို​မြင်လျှင် အသက်ရှင်​ရသော​လူ တစ်စုံ​တစ်ယောက်မျှ​မရှိ။” (ထွက်မြောက်ရာ ၃၃:၂၀) ထို့​ပြင် တမန်​တော်​ယောဟန်​က​လည်း ဤသို့​ရေးသားခဲ့​သည်– “ဘုရားသခင်​ကို အဘယ်သူမျှ​မမြင်​စ​ဖူး။” (ယောဟန် ၁:၁၈) ယေရှု​ခရစ်​သည် လူသား​အဖြစ် မြေကြီးပေါ်​ရှိ​စဉ် ကိုယ်တော်​ပင် ဘုရားသခင်​ကို​မမြင်နိုင်​ခဲ့​ချေ။ ကိုယ်တော်​၏ တောင်ပေါ်​တရားတော်​တွင် ယေရှု ဤသို့​မိန့်တော်မူသည်– “စိတ်နှလုံး​ဖြူစင်​သော​သူတို့သည် မင်္ဂလာ​ရှိကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် ဘုရားသခင်​ကို​မြင်ရ​ကြ​လတ္တံ့။” (မဿဲ ၅:၈) ယေရှု အဘယ်အရာကို​ဆိုလို​သနည်း။

၂။ ကျွန်ုပ်​တို့၏​ပကတိ​မျက်စိဖြင့် ဘုရားသခင်​ကို အဘယ်ကြောင့်​မမြင်နိုင်​ကြ​သနည်း။

သမ္မာကျမ်းစာ​က ယေဟောဝါ​အား မျက်မြင်မရ​သော . . . ဝိညာဉ်​တစ်ပါး​အဖြစ် ဖော်ပြ​ထား​၏။ (ယောဟန် ၄:၂၄; ကောလောသဲ ၁:၁၅; ၁ တိမောသေ ၁:၁၇) ထို့​ကြောင့် ကျွန်ုပ်​တို့​လူသားများ​သည် ယေဟောဝါ​အား ပကတိ​မျက်စိဖြင့် အမှန်တကယ်​တွေ့မြင်​နိုင်၏​ဟု ယေရှု​မိန့်တော်မူ​နေခြင်း​မဟုတ်​ချေ။ မှန်ပါသည်၊ ကောင်းကင်​အတန်းအစား ခရစ်ယာန်​များသည် . . . ဝိညာဉ်​သတ္တဝါများ​အဖြစ် ထမြောက်​ပြီး​နောက် ကောင်းကင်​တွင် ယေဟောဝါ​ဘုရားသခင်​ကို တွေ့မြင်​ကြ​ရ​လိမ့်​မည်။ သို့သော် “စိတ်နှလုံး​ဖြူစင်” ၍ ကမ္ဘာ​မြေပေါ်​တွင် ထာဝစဉ်​အသက်ရှင်ဖို့ မျှော်လင့်​သူတို့​သည်လည်း ဘုရားသခင်​ကို “မြင်” နိုင်​ကြသည်။ ယင်း​သို့ အဘယ်​နည်းဖြင့်​ဖြစ်​နိုင်​မည်​နည်း။

၃။ ဘုရားသခင်​၏​အရည်အသွေး​အချို့​ကို လူသား​တို့ မည်သို့​သိမြင်​လာနိုင်​သနည်း။

ယေဟောဝါ​၏​ဖန်ဆင်း​ထား​ရာ​များ​ကို ဂရုတစိုက်​လေ့လာခြင်း​ဖြင့် ကိုယ်တော်​အကြောင်း ကျွန်ုပ်​တို့​ပိုမို​သိရှိ​လာ​ကြသည်။ သို့​နှင့် ကိုယ်တော်​၏​တန်ခိုးတော်​သည် ကျွန်ုပ်​တို့အတွက် စိတ်​စွဲမှတ်စရာ​ဖြစ်​ပြီး ကိုယ်တော်​အား ဖန်ဆင်း​ရှင်​ဘုရားသခင်​အဖြစ် အသိအမှတ်ပြု​ရန် လှုံ့ဆော်​ခံရ​ကြ​၏။ (ဟေဗြဲ ၁၁:၃; ဗျာဒိတ် ၄:၁၁) ယင်း​နှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “[ဘုရားသခင်​၏] ဖန်ဆင်း​တော်​မူ​သော​အရာများ​ကို​ထောက်ရှု​သဖြင့်၊ ထာဝရ​တန်ခိုးတော်​နှင့် ထာဝရ​အဖြစ်တော်​တည်း​ဟူသော မျက်မြင်မရ​သော​ဘုရားသခင်​၏​အရာ​တို့သည် ကမ္ဘာ​တည်​သည်​ကာလ​မှ​စ၍ ထင်ရှား​လျက်​ရှိကြ​၏။” (ရောမ ၁:၂၀) သို့​ဖြစ်၍ ဘုရားသခင်​အား တွေ့မြင်​သည်​ဟု ယေရှု​ပြော​သော​စကား​တွင် ယေဟောဝါ​၏​အရည်အသွေး​အချို့​ကို သတိထား​မိ​ခြင်း​ပါဝင်​သည်။ ထိုသို့​တွေ့မြင်​ခြင်း​သည် တိကျသော​အသိပညာ​ပေါ်​အခြေခံ​ပြီး ‘စိတ်နှလုံး​၏​မျက်စိ’ ဖြင့်​ဝိညာဉ်​ရေး​အရ သိမြင်​လာ​သည်။ (ဧဖက် ၁:၁၉) ယေရှု၏​စကား​နှင့် ဆောင်ရွက်ချက်​များ​က ဘုရားသခင်​အကြောင်း များစွာ​ဖော်ပြ​ပေး​သည်။ သို့​ဖြစ်၍ ယေရှု ဤသို့​မိန့်တော်မူသည်– “ငါ့ကို​မြင်​သော​သူသည် ခမည်းတော်​ကို​မြင်​၏။” (ယောဟန် ၁၄:၉) ယေရှုသည် ယေဟောဝါ​၏​ပင်ကိုစရိုက်​ကို အပြည့်အဝ​ရောင်ပြန်ဟပ်​ခဲ့​သည်။ သို့ဖြင့် ယေရှု​အသက်တာ​နှင့် ကိုယ်တော်​၏​သွန်သင်ချက်​များ​ကို​သိကျွမ်းခြင်းက ဘုရားသခင်​၏​အရည်အသွေး​အချို့​ကို တွေ့မြင်​ရန် သို့​မဟုတ် သဘောပေါက်​သိမြင်​လာ​စေရန် ကူညီပေး​နိုင်​သည်။

ဝိညာဉ်​ရေးရာ​မှာ အရေးကြီး

၄။ ယနေ့ လူများစွာ​သည် ဝိညာဉ်​ရေး​ကင်းမဲ့​ကြောင်း မည်သို့​ဖော်ပြ​ကြ​သနည်း။

ယနေ့​တွင် ယုံကြည်ခြင်း​နှင့် စစ်မှန်သော​ဝိညာဉ်​ရေး​သည် အမှန်ပင်​ရှားပါး​၏။ “လူတိုင်း ယုံကြည်ခြင်း ရှိသည်​မဟုတ်” ဟု​ပေါလု​ပြော​ခဲ့​သည်။ (၂ သက်သာလောနိတ် ၃:၂သမ္မာ) လူများစွာ​သည် ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​၌ လုံးလုံး​အလုပ်​များနေ​ကြ​ပြီး ဘုရားသခင်​ကို မယုံကြည်​ကြ​ချေ။ သူတို့၏​အပြစ်​နှင့် ဝိညာဉ်​ရေး​သဘော​ကင်းမဲ့​ခြင်း​တို့​က ကိုယ်တော်​အား ဉာဏ်​မျက်စိဖြင့်​မတွေ့မြင်​နိုင်​ခြင်း​မှာ တမန်​တော်​ယောဟန်​ရေးသားခဲ့​သည်​အတိုင်း “မကောင်းသော​အကျင့်ကို​ကျင့်​သော​သူ​မူ​ကား၊ ဘုရားသခင်​ကို​မသိ​မမြင်​ရ” ခြင်း​ကြောင့်​ဖြစ်သည်။ (၃ ယောဟန် ၁၁) ထိုသို့​သော​သူတို့သည် ဘုရားသခင်​အား ပကတိ​မျက်စိဖြင့်​မမြင်​ကြသော​ကြောင့် မိမိတို့​ပြုမူ​သမျှ​ကို ကိုယ်တော်​မမြင်နိုင်​ဘိ​သကဲ့သို့ သူတို့​ပြုမူ​ကြ​၏။ (ယေဇကျေလ ၉:၉) ဝိညာဉ်​ရေးရာ​များ​ကို သူတို့​အထင်သေး​ကြ​သဖြင့် သူတို့သည် “ဘုရားသခင်​ကို​သိ​သော​ဉာဏ်” မရရှိ​နိုင်​ကြ​ချေ။ (သု. ၂:၅) သို့​ဖြစ်၍ ပေါလု​ဤသို့​ဆီလျော်​စွာ​ရေးသားခဲ့​သည်– “ဇာတိ​ပကတိ​လူသည် ဘုရားသခင်​၏​ဝိညာဉ်​တော်​အရာ​တို့ကို မခံမယူ။ ထို​အရာ​တို့သည် မိုက်မဲ​သော​အရာ​ဖြစ်သည်ဟု ထင်​တတ်၏။ ထို​အရာ​တို့ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​နားလည်​နိုင်သော​ကြောင့်၊ ဇာတိ​ပကတိ​လူသည် နားမလည်​နိုင်။”—၁ ကောရိန္သု ၂:၁၄

၅။ ဝိညာဉ်​ရေး​စိတ်ထား​ရှိသူတို့​သည် အဘယ်​အချက်​ကို သိထားကြ​သနည်း။

သို့သော် ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​စိတ်ထား​ရှိ​မည်​ဆိုလျှင် ယေဟောဝါ​သည် အပြစ်ရှာ​သော​ဘုရားသခင် မဟုတ်သော်လည်း ကျွန်ုပ်​တို့သည် ဆိုးညစ်သော​အကြံအစည်​နှင့် အလိုဆန္ဒ​များ​အတိုင်း ဆောင်ရွက်​ပြုမူ​သောအခါ ကိုယ်တော်​သိတော်မူ​ကြောင်း ကျွန်ုပ်​တို့ အမြဲ​သိထားကြ​ပေ​လိမ့်​မည်။ အမှန်​မှာ “လူ​သွားလာ​သမျှ​သော​လမ်း​တို့သည် ထာဝရ​ဘုရား​မျက်မှောက်တော်၌​ရှိကြ​၍ သွားလာ​သမျှ​သော​အခြင်းအရာ​တို့ကို စူးစမ်း​တော်​မူ​၏။” (သု. ၅:၂၁) ကျွန်ုပ်​တို့သည် အပြစ်ပြု​မိ​လျှင် ယေဟောဝါ​ကို ချစ်​မြတ်နိုး​၍ ကိုယ်တော့်​စိတ်တော် မ​နာ​စေ​လို​သောကြောင့် နောင်တ​ယူပြီး ယေဟောဝါ​၏​ခွင့်လွှတ်​မှု​ကို​ရရှိရန်​ကြိုးစား​ဖို့ လှုံ့ဆော်​ခံရ​ကြသည်။—ဆာလံ ၇၈:၄၁; ၁၃၀:၃

ကျွန်ုပ်​တို့အား အဘယ်အရာက တည်ကြည်​စေ​သနည်း

၆။ တည်ကြည်​ခြင်း​ဟူသည် အဘယ်နည်း။

ယေဟောဝါ​ကို ကျွန်ုပ်​တို့​မမြင်​ကြ​ရ​သော်လည်း ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို​တွေ့မြင်​နိုင်​ကြောင်း အမြဲ​သတိရ​ကြ​စို့။ ကိုယ်တော်​တည်ရှိ​တော်​မူ​ပြီး ကိုယ်တော့်​အား ဆုတောင်း​သူ​မှန်သမျှ​၏​အနီး​တွင် ကိုယ်တော်​ရှိ​တော်​မူ​ကြောင်း ယုံကြည်​စိတ်ချ​ခြင်း​က ကျွန်ုပ်​တို့ကို တည်ကြည်​စေမည်၊ ကိုယ်တော်​အား​တည်ကြည်​ခြင်း​တွင် ယိမ်းယိုင်​မှုမရှိ ခိုင်မြဲ​စေပါ​လိမ့်​မည်။ (ဆာလံ ၁၄၅:၁၈) “ယုံကြည်ခြင်း​အားဖြင့် ရှင်ဘုရင်​အမျက်​ကို​မကြောက်​ဘဲ၊ အဲဂုတ္တု​ပြည်​ကို​စွန့်​သွား​၏။ အကြောင်း​မူ​ကား၊ မျက်မြင်မရ​သော​ဘုရားသခင်​ကို မြင်ရ​ဘိ​သကဲ့သို့ တည်ကြည်​ခြင်း​ရှိ၏” ဟု​ပေါလု​ရေးသား​ဖော်ပြ​ခဲ့​သော မောရှေ​ကဲ့သို့​ပင် ကျွန်ုပ်​တို့​ဖြစ်​နိုင်​ကြသည်။—ဟေဗြဲ ၁၁:၂၇

၇၊ ၈။ ဖာရော​ရှေ့မှောက်​တွင် အဘယ်အရာက မောရှေ​ကို သတ္တိ​ရှိစေခဲ့​သနည်း။

အီဂျစ်​တွင်​ကျွန်​ဘဝ​မှ ဣသရေလလူ​တို့ကို ခေါ်ထုတ်​ရန် မိမိ၏​ဘုရားသခင်​ပေး​တာဝန်​ကို မောရှေ​ဆောင်ရွက်​ရာ​တွင် ဘာသာရေးနှင့် စစ်ရေး​သြဇာ​ရှိသူတို့​နှင့် ပြည့်နှက်​နေသည့် နန်းတော်​တွင်း​ရှိ မင်းဆိုး​ဖာရော​ရှေ့မှောက် မကြာခဏ​ဝင်ရောက်​ရလေ့​ရှိ၏။ ဖြစ်​နိုင်​ဖွယ်​ရာ​မှာ နန်းတော်​နံရံ​များ​ပေါ်​တွင် ရုပ်ပုံများ​စီ​တန်း​ခဲ့​ပေမည်။ အီဂျစ်​တို့၏​သက်မဲ့ဘုရား​များ​ကို ကိုယ်စား​ပြုသော ရုပ်ပုံ​အားလုံး​နှင့်​မတူ​သည့် ယေဟောဝါ​သည် မျက်မြင်မရ​ဖြစ်သော်လည်း မောရှေ​အတွက်​မှာ​မူ တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်သည်။ ယင်းကြောင့် မောရှေ​ကို ဖာရော ခြိမ်းခြောက်​၍​မရနိုင်​ခြင်း​မှာ အံ့အားသင့်​စ​ရာ​မဟုတ်​ချေ!

ဖာရော​ရှေ့မှောက်​သို့ အကြိမ်ကြိမ်​ဝင်ရောက်​ဝံ့​ရန် အဘယ်အရာက မောရှေ​ကို ခွန်အား​ပေး​ခဲ့​သနည်း။ သမ္မာကျမ်းစာ​က “မောရှေ​သည် မြေကြီး​ပေါ်မှာ​ရှိနေ​သော​သူအပေါင်းတို့ထက် သာ၍​နူးညံ့​သိမ်မွေ့​သော​သဘော​ရှိ” ၏​ဟု​ဖော်ပြ​ထား​သည်။ (တောလည်ရာ ၁၂:၃) ရှင်း​နေသည်​ကား မောရှေ၏​ဝိညာဉ်​ရေး​စိတ်ထား​ခိုင်ခံ့မှု​နှင့် ဘုရားသခင်​သည် မိမိ​နှင့်အတူ​ရှိသည်​ဟူသော ယုံကြည်​စိတ်ချမှု​က ရက်စက်​သည့်​အီဂျစ်ပြည့်ရှင်​မင်း​ရှေ့မှောက် ‘မျက်မြင်မရ​သော​အရှင်’ အား ကိုယ်စား​ပြု​ရန် သူလို​အပ်​သည့်​ခွန်အား​ရှိစေခဲ့​၏။ မျက်မြင်မရ​သော​ဘုရားသခင်​ကို ‘တွေ့မြင်’ သူတို့သည် မိမိတို့၏​ယုံကြည်ခြင်းကို ယနေ့ အဘယ်​နည်းများဖြင့် ဖော်ပြ​ကြ​သနည်း။

၉။ ကျွန်ုပ်​တို့​တည်ကြည်​နေနိုင်​သည့် နည်းလမ်း​တစ်ရပ်​ကား အဘယ်နည်း။

မျက်မြင်မရ​သော​အရှင်​အား မြင်တွေ့ရ​ဘိ​သကဲ့သို့ ယုံကြည်ခြင်း​တင်ပြ​ကာ ဆက်လက်​၍​တည်ကြည်​နိုင်​သည့်​နည်း​တစ်နည်း​မှာ နှိပ်စက်​ညှဉ်းပန်းမှု​များ​ကြား​မှ ရဲရင့်စွာ​ဟောပြောခြင်း​ဖြစ်၏။ တပည့်တော်​များ​ကို ယေရှု​က “လူအပေါင်း​တို့သည်​လည်း ငါ​၏​နာမ​ကြောင့် သင်တို့ကို​မုန်း​ကြလိမ့်မည်” ဟု​သတိပေး​ခဲ့​သည်။ (လုကာ ၂၁:၁၇) သူတို့ကို ကိုယ်တော်​ဤသို့​မိန့်တော်မူ​ခဲ့​သေး​သည်– “ကျွန်​သည် မိမိ​သခင်​ထက်​သာ၍​ကြီးမြတ်​သည်မဟုတ်။ . . . သူတို့သည် ငါ့ကို​ညှဉ်းဆဲ​လျှင် သင်တို့ကို​ညှဉ်းဆဲ​ကြလိမ့်မည်။” (ယောဟန် ၁၅:၂၀) ယေရှု​မိန့်တော်မူ​သည့်​အတိုင်း​ပင် ကိုယ်တော်​သေဆုံး​ပြီး များ​မကြာမီတွင် ကိုယ်တော်​၏​နောက်လိုက်​များသည် ခြိမ်းခြောက်​ခံရ​ခြင်း၊ ဖမ်းဆီး​ခံရ​ခြင်း​နှင့် ရိုက်နှက်​ခံရ​ခြင်း​ပုံစံ​တို့​ဖြင့် နှိပ်စက်​ညှဉ်းပန်းမှု​ခံ​ခဲ့​ကြ​ရ၏။ (တမန်​တော် ၄:၁-၃၊ ၁၈-၂၁; ၅:၁၇၊ ၁၈၊ ၄၀) နှိပ်စက်​ညှဉ်းပန်းမှု​လှိုင်းလုံး လှိမ့်​ဆင်းလာ​ခဲ့​သော်လည်း ယေရှု၏​တမန်​တော်​များနှင့် အခြား​တပည့်တော်​တို့သည် သတင်းကောင်းကို ရဲရင့်စွာ ဟောပြောလျက်​ရှိကြသည်။—တမန်​တော် ၄:၂၉-၃၁

၁၀။ ယေဟောဝါ​သည် ဂရုစိုက်​ကာကွယ်​ကြောင်း ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​ခြင်း​က ခရစ်ယာန်​ဓမ္မ​အမှု​တွင် မည်သို့​ကူညီပေး​သနည်း။

၁၀ မောရှေ​ကဲ့သို့​ပင် ယေရှု၏​အစောပိုင်း​နောက်လိုက်​များသည် သူတို့၏​မျက်မြင်ရ ရန်သူများ​ကို မကြောက်ရွံ့​ခဲ့​ချေ။ ယေရှု၏​တပည့်​များသည် ဘုရားသခင်​၌ ယုံကြည်မှု​ရှိကြ​ပြီး ရလဒ်​အနေ​ဖြင့် သူတို့သည် မိမိတို့​ကြုံတွေ့​ရသော ပြင်းထန်​သည့်​နှိပ်စက်​ညှဉ်းပန်းမှု​ကို ခံရပ်​နိုင်​ခဲ့​ကြ​၏။ မျက်မြင်မရ​သော​အရှင်​အား မြင်ရ​ဘိ​သကဲ့သို့ သူတို့​ဆက်လက်​တည်ကြည်​ခဲ့​ကြသည်။ ယနေ့ ကျွန်ုပ်​တို့ကို ယေဟောဝါ​အမြဲ​ဂရုစိုက်​ကာကွယ်​နေကြောင်း သိထားခြင်းက ဘုရားသခင့်​နိုင်ငံတော်​သတင်းကို ရဲရဲရင့်ရင့် ကြောက်ရွံ့​မှု​ကင်းမဲ့​စွာ ဟောပြော​စေ​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က “လူကို​ကြောက်ရွံ့​ခြင်း​သဘော​သည် ကျော့ကွင်း​ကို​ထောင်​တတ်၏။ ထာဝရ​ဘုရား​ကို​ခိုလှုံ​သော​သူ​မူ​ကား လုံခြုံ​လိမ့်​မည်” ဟု​ဆို​သည်။ (သု. ၂၉:၂၅) ထို့​ကြောင့် နှိပ်စက်​ညှဉ်းပန်းမှု​ခံရ​မည်​ကို​ကြောက်ရွံ့​ပြီး ကျွန်ုပ်​တို့​မတွန့်​ဆုတ်​ကြ​သကဲ့သို့ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​ကြောင့်​လည်း မရှက်​ကြ​ချေ။ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းက အိမ်နီးချင်း​များ၊ လုပ်ဖော်ဆောင်ဖက်​များ၊ ကျောင်းနေ​ဖက်​များနှင့် အခြား​သူတို့ကို ရဲစွမ်းသတ္တိ​ရှိ​ရှိ​သက်သေ​ခံရန် ကျွန်ုပ်​တို့အား​လှုံ့ဆော်ပေး​သည်။—ရောမ ၁:၁၄-၁၆

မျက်မြင်မရ​သော​အရှင်​သည် မိမိ၏​လူ​တို့ကို ညွှန်ကြား​ပေး

၁၁။ ပေတရု​နှင့် ယုဒ​တို့၏​ပြောဆိုချက်​အရ ခရစ်ယာန်​အသင်းတော်​နှင့် ပေါင်းသင်း​သူ​အချို့​တို့သည် ဝိညာဉ်​ရေး​ကင်းမဲ့​ကြောင်း မည်သို့​ဖော်ပြ​ခဲ့​ကြ​သနည်း။

၁၁ ယေဟောဝါ​သည် မိမိ၏​မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​ကို ညွှန်ကြား​နေကြောင်း ယုံကြည်ခြင်းက​တွေ့မြင်​စေ​၏။ သို့​ဖြစ်၍ အသင်းတော်၌ တာဝန်​ထမ်းဆောင်​နေသူတို့​ကို အပြစ်ရှာ​တတ်​သည့်​သဘော​မရှိ​ရန် ကျွန်ုပ်​တို့​ရှောင်ရှား​ကြသည်။ ခရစ်ယာန်​များ​ကို ဦးဆောင်နေသူ​တို့အား ရင့်သီး​စွာ​ပြောဆို​ကြသည်​အထိ ဝိညာဉ်​ရေး​သဘော​မရှိ​သူများ​အကြောင်း တမန်​တော်​ပေတရု​နှင့် ယေရှု၏​မိတူဖကွဲ​ညီ ယုဒ​တို့​က သတိပေး​ခဲ့​သည်။ (၂ ပေတရု ၂:၉-၁၂; ယုဒ ၈) ယင်း​သို့ အပြစ်ရှာ​သူတို့သည် အကယ်၍​ယေဟောဝါ​အား တကယ်​မြင်တွေ့ရ​လျှင် ကိုယ်တော်​၏​ရှေ့မှောက်​တွင် ထို​အတိုင်း​ပြောဆို​ကြ​ပါ​မည်​လော။ ဝေးလေစွ! သို့သော် ဘုရားသခင်​သည် မျက်မြင်မရ​သောကြောင့် ထို​ဇာတိ​ပကတိ​လူတို့သည် ကိုယ်တော်​ရှေ့ စာရင်း​ရှင်း​ရမည်ကို ထည့်​မ​တွက်​ခဲ့​ကြ​ချေ။

၁၂။ အသင်းတော်တွင် ဦးဆောင်​သူတို့အား အဘယ်​သဘောထား​တင်ပြ​သင့်​သနည်း။

၁၂ ခရစ်ယာန်​အသင်းတော်သည် မစုံလင်​သော​လူသား​တို့​ဖြင့် ဖွဲ့စည်းထား​သည်​မှာ​မှန်​၏။ အကြီးအကဲ​များ​အဖြစ် အမှုထမ်းဆောင်​ကြ​သူတို့သည် အမှား​များ​ပြု​မိ​တတ်ကြ​ပြီး တစ်ခါတစ်ရံ ကျွန်ုပ်​တို့ကို​ထိခိုက်​ပေမည်။ မည်သို့​ပင်​ဆို​စေ ယေဟောဝါ​သည် ထို​သူတို့ကို မိမိ​သိုးတော်စု​၏​သိုးထိန်း​များ​အဖြစ် အသုံးပြုလျက်​ရှိသည်။ (၁ ပေတရု ၅:၁၊ ၂) ယေဟောဝါ​သည် မိမိ၏​လူ​တို့ကို ဤ​နည်းလမ်း​ဖြင့် ညွှန်ကြား​နေကြောင်း ဝိညာဉ်​ရေး​စိတ်ထား​ရှိသော အမျိုးသား၊ အမျိုးသမီး​တို့​က အသိအမှတ်ပြု​ကြသည်။ သို့​ဖြစ်၍ ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် အပြစ်တင်၊ ညည်းညူ​သည့်​စိတ်ထား​ကို​ရှောင်ရှား​ပြီး ဘုရားသခင်​၏​သီအိုကရက်တစ်​အစီအစဉ်များ​ကို လေးစားကြောင်း​ဖော်ပြ​ကြသည်။ ကျွန်ုပ်​တို့ကို​ဦးဆောင်​နေကြ​သူတို့အား နာခံမှု​ပြ​ခြင်း​ဖြင့် မျက်မြင်မရ​သော​အရှင်ကို ကျွန်ုပ်​တို့​တွေ့မြင်​ကြောင်း ဖော်ပြ​ကြသည်။—ဟေဗြဲ ၁၃:၁၇

ဘုရားသခင်​အား ကျွန်ုပ်​တို့၏​မဟာ​သွန်သင်ပေး​ရှင်​အဖြစ် တွေ့မြင်​ခြင်း

၁၃၊ ၁၄။ မဟာ​သွန်သင်ပေး​ရှင်​အဖြစ် ယေဟောဝါ​အား တွေ့မြင်​ခြင်း​ကား သင့်အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၁၃ ဝိညာဉ်​ရေးထိုး​ထွင်း​သိမြင်မှု လိုအပ်သော အခြား​နယ်ပယ်​တစ်ခု​ရှိသေး​သည်။ ဟေရှာယ​က ဤသို့​ပရောဖက်ပြု​ခဲ့​သည်– “သင့်​မျက်စိ​များသည် ကြီးမြတ်သော​ညွှန်ကြား​ပေးရှင်​ကို​မြင်ရသော မျက်စိ​ဖြစ်လာ​ရမည်။” (ဟေရှာယ ၃၀:၂၀က​ဘ) ယေဟောဝါ​သည် မိမိ၏​မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​အားဖြင့် ကျွန်ုပ်​တို့ကို သွန်သင်ပေး​တော်​မူ​ကြောင်း အသိအမှတ်ပြု​ရန် ယုံကြည်ခြင်း​ရှိဖို့လို​သည်။ (မဿဲ ၂၄:၄၅-၄၇) ကျွန်ုပ်​တို့၏ မဟာ​သွန်သင်ပေး​ရှင်​အဖြစ် ဘုရားသခင်​အား ရှုမြင်ခြင်း​ဟူသည် ကျမ်းစာ​လေ့လာခြင်း​အလေ့အထ​ကောင်း​ဆက်​ရှိ​ခြင်း​နှင့် ခရစ်ယာန်​အစည်းအဝေး​များ​ကို ပုံမှန်​တက်ရောက်ခြင်း​ထက်မက အဓိပ္ပာယ်​ရှိသည်။ ယင်းက ဘုရားသခင်​၏​ဝိညာဉ်​ရေးရာ ပြင်ဆင်​ပေး​ချက်​များ​ကို အခွင့်အရေး​အပြည့်အဝ​ယူခြင်း​လည်း​ဖြစ်၏။ ဥပမာ၊ ယေရှု​မှ​တစ်ဆင့် ယေဟောဝါ​ပေး​သော​ညွှန်ကြားချက်​ကို ကျွန်ုပ်​တို့​ခါတိုင်းထက်​အာရုံစိုက်ရန် လိုအပ်​သည်၊ သို့​မှ​သာ ဝိညာဉ်ရေးတွင် ကျွန်ုပ်​တို့​ရွေ့​လျော့​သွား​ကြ​မည်​မဟုတ်​ချေ။—ဟေဗြဲ ၂:၁၊ ၂

၁၄ တစ်ခါတစ်ရံ ဝိညာဉ်​ရေး​အစာ​မှ အကျိုး​အပြည့်အဝ​ရရှိဖို့ အထူး​ကြိုးပမ်း​အားထုတ်​ရန်လို​သည်။ ဥပမာ၊ နားလည်​ရ​ခက်​သည်​ဟု ကျွန်ုပ်​တို့​တွေ့ရှိ​သော သမ္မာကျမ်းစာ​မှတ်တမ်း​အချို့​ကို သာမန်​ကာလျှံ​ကာ​ဖတ်​သွားပေ​မည်။ ကင်းမျှော်စင်​နှင့်​နိုးလော့! မဂ္ဂဇင်း​များ​ကို ကျွန်ုပ်​တို့​ဖတ်ရှု​ကြသောအခါ အချို့​ဆောင်းပါး​များ​ကို စိတ်ဝင်စားမှု​မရှိသော​ကြောင့် မဖတ်​ဘဲ​ကျော်​ပင်​ကျော်သွား​မည်။ သို့​မဟုတ် ခရစ်ယာန်​အစည်းအဝေး​များ​တွင် ကျွန်ုပ်​တို့၏​စိတ်အာရုံ​ပျံ့လွင့်​ခွင့်ပြု​ပေမည်။ သို့သော် သုံးသပ်​နေသော​အချက်အလက်​များ​ကို ကျွန်ုပ်​တို့​ဂရုတစိုက်​ဆင်ခြင်​ကြ​မည်​ဆိုလျှင် နိုးနိုးကြားကြား​ရှိ​နိုင်၏။ ကျွန်ုပ်​တို့​ရရှိ​သည့် ဝိညာဉ်​ရေးရာ​သွန်သင်ချက်​ကို အလွန်​လေးမြတ်ခြင်းက ယေဟောဝါ​အား မဟာ​သွန်သင်ပေး​ရှင်​အဖြစ် ကျွန်ုပ်​တို့​အသိအမှတ်ပြု​ကြောင်း ဖော်ပြ​သည်။

ကျွန်ုပ်​တို့​စစ်ကြော​ခံရ​ကြ​မည်

၁၅။ ယေဟောဝါ​သည် သူတို့ကို မ​တွေ့​နိုင်​သည့်​အလား အချို့ မည်သို့​ပြုမူ​ခဲ့​ကြပြီ​နည်း။

၁၅ အထူးသဖြင့် “အမှု​ကုန်​ရသည်​ကာလ” ဖြစ်သည့် ဤ​အချိန်၌ ဆိုးညစ်မှု​များပြားလွန်း​ရ​ကား မျက်မြင်မရ​သော​အရှင်​၌ ယုံကြည်ခြင်း​ရှိ​ရန် အလွန်​အရေးကြီး​၏။ (ဒံယေလ ၁၂:၄) မရိုးသားမှု​နှင့် လိင်ဆိုင်ရာ​အကျင့်​ယိုယွင်းမှု​မှာ ပျံ့နှံ့​လျက်​ရှိ၏။ လူတို့သည် ကျွန်ုပ်​တို့ကို​မတွေ့မမြင်​နိုင်​သော်လည်း ကျွန်ုပ်​တို့၏​လုပ်ရပ်များ​ကို ယေဟောဝါ​မြင်တော်မူ​ကြောင်း သတိရခြင်း​သည် ပညာရှိ​ပေ​သည်။ အချို့​တို့သည် ယင်းကို မျက်ခြည်ပြတ်​ကြသည်။ သူတို့ကို အခြားသူများ​မ​တွေ့သော​အခါ ကျမ်းစာ​နှင့်​မညီသော​အမူအကျင့်​တို့ကို သူတို့​ပြုမူ​ကြ​ပေမည်။ ဥပမာ၊ အချို့​တို့သည် အင်တာနက်၊ ရုပ်မြင်သံကြား​နှင့် အခြား​ခေတ်ပေါ်​နည်း​ပညာ​ပိုင်း​ဆိုင်ရာ ပုံစံ​များ​မှ အန္တရာယ်​ရှိသော​ဖျော်ဖြေမှု​နှင့် အ​ပြာပုံ​တို့ကို​ကြည့်ရှု​ရန် သွေးဆောင်​ခံရ​ခြင်း​ကို တွန်းလှန်​ဖို့အင်အား​မစိုက်​ထုတ်ခဲ့​ကြ​ချေ။ ထိုသို့​သော​အရာများ​ကို ဆိတ်ကွယ်ရာ​အရပ်၌ ပြုမူ​နိုင်သော​ကြောင့် အချို့​တို့​က သူတို့၏​လုပ်ဆောင်ချက်​ကို ယေဟောဝါ​မ​တွေ့​နိုင်​သည့်​အလား ပြုမူ​ခဲ့​ကြပြီ။

၁၆။ ယေဟောဝါ​၏​မြင့်မြတ်​သော​စံနှုန်း​များ​ကို လိုက်လျှောက်ရန် အဘယ်အရာက ကျွန်ုပ်​တို့ကို​ကူညီပေး​သင့်​သနည်း။

၁၆ “ငါ​တို့​ရှိသမျှသည် ဘုရားသခင်​စစ်ကြော​တော်​မူ​ခြင်း​ကို ခံရ​ကြ​မည်” ဟူသော​တမန်​တော်​ပေါလု​၏​စကား​များ​ကို စိတ်ထဲ​ထား​ရှိခြင်းမှာ အမှန်ပင်​ကောင်း​ပေ​သည်။ (ရောမ ၁၄:၁၂) ကျွန်ုပ်​တို့​အပြစ်ပြု​တိုင်း ယေဟောဝါ​အား​ပြစ်မှား​နေကြောင်း ကျွန်ုပ်​တို့​သတိပြု​ရန်လို​သည်။ ယင်းကို သိရှိ​ထားခြင်း​က ကိုယ်တော်​၏​မြင့်မြတ်​သော​စံနှုန်း​များ​ကို လိုက်လျှောက်ရန်​နှင့် မသန့်ရှင်း​သော​အမူအကျင့်များ​ကို ရှောင်ရှား​ရန် ကျွန်ုပ်​တို့အတွက်​အကူအညီ​ဖြစ်​သင့်​၏။ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို ဤသို့​သတိပေး​သည်– “ငါ​တို့ကို​စစ်ကြော​စီရင်တော်မူ​သော​သူ​ရှေ့၌ မထင်ရှား​သော​အရာ​တစ်စုံတစ်ခု​မျှ​မရှိ။ ခပ်သိမ်း​သော​အရာ​တို့သည် အကွယ်အကာ​မရှိဘဲ၊ မျက်မှောက်တော်၌ လှန်​ထား​လျက်​ရှိကြ​၏။” (ဟေဗြဲ ၄:၁၃) ကျွန်ုပ်​တို့သည် ဘုရားသခင်​ထံ​တော်​၌ စာရင်း​ရှင်း​ရမည်​မှန်​၏၊ သို့သော် ယေဟောဝါ​အား ကျွန်ုပ်​တို့​နက်ရှိုင်း​စွာ​ချစ်ခြင်း​ကြောင့် ကိုယ်တော့်​အလိုတော်​ဆောင်​ပြီး ကိုယ်တော်​၏​ဖြောင့်မတ်​သော​စံနှုန်း​များ​ကို လိုက်လျှောက်ခြင်း​ကား အဓိက​အကြောင်းရင်း​ဖြစ်သည်။ သို့​ဖြစ်၍ အပန်းဖြေမှု​ရွေးချယ်ခြင်း​အပြင် ဆန့်ကျင်ဘက်​လိင်​ရှင်​နှင့် ပြုမူ​ကျင့်ကြံ​ပုံ​ကိစ္စ​တို့​နှင့်​ပတ်သက်​၍ ပညာသတိ​ရှိကြပါ​စို့။

၁၇။ ယေဟောဝါ​သည် အဘယ်​စိတ်ဝင်စားမှု​မျိုး​ဖြင့် ကျွန်ုပ်​တို့ကို​သတိပြု​နေ​တော်​မူ​သနည်း။

၁၇ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို လွန်​စွာ​စိတ်ဝင်စား​တော်​မူ​၏၊ သို့သော် ကျွန်ုပ်​တို့ကို ကိုယ်တော်​အပြစ်ပေး​နိုင်​ရန် ကျွန်ုပ်​တို့​အမှား​ကို​စောင့်ကြည့်​နေသည်​ဟု ဆိုလိုခြင်း​မဟုတ်​ချေ။ ယင်းအစား ကိုယ်တော်​သည် နာခံမှု​ရှိသော​ကလေး​များ​ကို ဆုချ​လို​သည့်​ဖခင်​တစ်ဦး​ကဲ့သို့ မေတ္တာပါ​စွာ စိုးရိမ်​တ​ကြီး​ဖြင့် သတိပြု​နေ​တော်​မူ​သည်။ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို နှစ်သက်​တော်​မူ​၍ “ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ” ကြောင်း သိရှိ​ရခြင်း​က အမှန်ပင်​စိတ်​နှစ်သိမ့်မှု​ပေး​သည်​တကား! (ဟေဗြဲ ၁၁:၆) ကျွန်ုပ်​တို့သည် ယေဟောဝါ​အား​အပြည့်အဝ​ယုံကြည်၍ “စုံလင်သော​နှလုံး . . . နှင့်​ဝတ်ပြု” နိုင်​ကြ​ပါစေ။—၁ ရာဇဝင်ချုပ် ၂၈:၉

၁၈။ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို သတိပြု​၍ ကျွန်ုပ်​တို့၏​တည်ကြည်​ခြင်း​ကို သတိမူ​နေခြင်း​ကြောင့် သမ္မာကျမ်းစာ​မှ အဘယ်​အာမခံချက်ကို ကျွန်ုပ်​တို့​ရရှိကြ​သနည်း။

၁၈ နယပုံပြင် ၁၅:၃[သမ္မာ] က ဤသို့​ဆို​သည်– “ထာဝရ​ဘုရား​၏​မျက်စိတော်​သည် ခပ်သိမ်း​သော​အရပ်၌​ရှိ၍ ဆိုး​သူ၊ ကောင်း​သူတို့ကို​ကြည့်ရှု​တော်​မူ​၏။” မှန်ပါသည်၊ ဘုရားသခင်​သည် ဆိုးသော​သူတို့ကို သတိပြု​တော်​မူ​ပြီး သူတို့၏​အပြု​အမူ​နှင့်​အညီ ဆက်ဆံ​တော်​မူ​၏။ သို့သော် ကျွန်ုပ်​တို့သည် ‘ကောင်းသော​သူတို့’ တွင်​ပါဝင်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​တည်ကြည်​ခြင်း​ရှိသော​လုပ်ဆောင်မှုများ​ကို ယေဟောဝါ​သတိပြု​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​သည်။ ‘ကျွန်ုပ်​တို့သည် သခင်​ဘုရား​၏​အမှုတော်ကို​ဆောင်ရွက်၍ အကျိုး​ကြီး’ ကြောင်း​နှင့် မျက်မြင်မရ​သော​အရှင်​သည် ‘ကျွန်ုပ်​တို့၏​အလုပ်​နှင့် နာမတော်​ကို​ထောက်၍ ပြ​သော​မေတ္တာကို မေ့လျော့’ တော်​မူ​လိမ့်​မည်​မဟုတ်​ကြောင်း သိရှိ​ထား​ရခြင်း​က မည်မျှ​ယုံကြည်ခြင်း​ခိုင်မာ​တိုးပွား​စေ​သည်​တကား!—၁ ကောရိန္သု ၁၅:၅၈; ဟေဗြဲ ၆:၁၀

ကျွန်ုပ်​တို့ကို​ဆန်းစစ်​တော်​မူ​ရန် ယေဟောဝါ​အား တောင်းခံ​ခြင်း

၁၉။ ယေဟောဝါ​၌ ခိုင်မြဲ​သော​ယုံကြည်ခြင်း​ရှိ​ခြင်း​၏ အကျိုးကျေးဇူး​အချို့​ကား အဘယ်နည်း။

၁၉ ယေဟောဝါ​၏​တည်ကြည်သော ကျေးကျွန်​များ​အနေ​ဖြင့် ကျွန်ုပ်​တို့သည် ကိုယ်တော့်​အတွက်​တန်ဖိုး​ရှိ၏။ (မဿဲ ၁၀:၂၉-၃၁) ကိုယ်တော်​အား ကျွန်ုပ်​တို့​မမြင်နိုင်​ကြသော်လည်း ကျွန်ုပ်​တို့အတွက် ကိုယ်တော်​သည် တကယ့်​ပုဂ္ဂိုလ်​ဖြစ်​နိုင်​ပြီး ကိုယ်တော်​နှင့်​တန်ဖိုး​ရှိ​လှ​သော​ဆက်ဆံ​ရေး​ရှိ​နိုင်​ခြင်း​ကို လေးမြတ်​နိုင်​ကြသည်။ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​အပေါ် ထိုသို့​သော​သဘောထား​ရှိ​ခြင်း​က အကျိုးကျေးဇူး​များစွာ ဖြစ်ထွန်း​စေ​သည်။ ကျွန်​ပ်​တို့၏​ခိုင်မာ​သော​ယုံကြည်ခြင်းက ယေဟောဝါ​ရှေ့မှောက်​တွင် ဖြူစင်​သန့်ရှင်းသော​နှလုံး​နှင့် ကြည်လင်​သော​ကိုယ်ကို​ကိုယ်​သိ​သည့်​စိတ်​ရှိစေရန် ကူညီပေး​၏။ ဟန်ဆောင်မှု​ကင်း​သော​ယုံကြည်ခြင်း​သည် နှစ်​ဘဝ​မ​စံ​စေပါ။ (၁ တိမောသေ ၁:၅၊ ၁၈၊ ၁၉) ဘုရားသခင်​အား​ယုံကြည်ခြင်း၌ မယိမ်းယိုင်​ခြင်း​က ပုံသက်သေ​ကောင်း​ဖြစ်​ပြီး ပတ်ဝန်းကျင်​ရှိသူတို့​အတွက် အပြုသဘော​ပါ​သော​အကျိုး သက်ရောက်​စေနိုင်​သည်။ (၁ တိမောသေ ၄:၁၂) ထို​ထက်​ကား ထိုသို့​သော​ယုံကြည်ခြင်း​သည် ဘုရားသခင်​ရေးရာ အမူအကျင့်ကို​တိုးမြှင့်​ပေး​ရာ ယေဟောဝါ​၏​စိတ်တော်​ကို ရွှင်ပြုံး​စေ​သည်။—သု. ၂၇:၁၁

၂၀၊ ၂၁။ (က) ယေဟောဝါ​၏​သတိပြု​မှု​ကို ကျွန်ုပ်​တို့​ခံရ​ရန် အဘယ်ကြောင့်​လိုလား​သနည်း။ (ခ) ဆာလံ ၁၃၉:၂၃၊ ၂၄ ကို ကျွန်ုပ်​တို့​မည်သို့​လက်တွေ့​ကျင့်သုံး​နိုင်​မည်​နည်း။

၂၀ ကျွန်ုပ်​တို့သည် အမှန်ပင်​ပညာရှိ​မည်​ဆိုလျှင် ကျွန်ုပ်​တို့ကို ယေဟောဝါ​သတိပြု​သည့်​အတွက် ဝမ်းမြောက်​ကြသည်။ ကျွန်ုပ်​တို့ကို ကိုယ်တော်​မြင်​စေ​ရုံ​မ​က ကျွန်ုပ်​တို့၏​စဉ်းစား​တွေးခေါ်ပုံ​နှင့် အပြုအမူကို​ပါ စေ့စေ့​ဆန်းစစ်​ရန် အလို​ရှိသည်။ မ​လျောက်ပတ်​သော စိတ်​တိမ်းညွှတ်မှု​များ ကျွန်ုပ်​တို့​၌​ရှိမရှိ​ခွဲခြမ်း​စိတ်ဖြာ ရှာဖွေ​စစ်ဆေး​ရန် ယေဟောဝါ​ထံ​ဆုတောင်းခြင်း​ဖြင့် တောင်းခံ​သင့်​သည်။ ကျွန်ုပ်​တို့၏​ပြဿနာ​များ​ကို ဖြေရှင်း​ပေး​၍ လိုအပ်သမျှ​ပြုပြင်​ညှိနှိုင်း​မှုများ​ကို ပြုလုပ်​စေရန် ကိုယ်တော်​အမှန်ပင်​ကူညီပေး​နိုင်၏။ သင့်လျော်​စွာ​ဖြင့် ဆာလံဆရာ​ဒါဝိဒ်က ဤသို့​သီဆို​ခဲ့​သည်– “အို​ဘုရားသခင် အကျွန်ုပ်​ကို​စစ်ကြော​၍ အကျွန်ုပ်၏​နှလုံးကို သိမှတ်​တော်​မူ​ပါ။ စုံစမ်း​၍ စိတ်​အထင်​များ​ကိုလည်း သိမှတ်​တော်​မူ​ပါ။ ဆိုးသော​လမ်း​သို့ အကျွန်ုပ်​လိုက်​သည်၊ မလိုက်​သည်ကို​ကြည့်ရှု​၍ ထာဝရ​လမ်း​ထဲ​သို့ သွေးဆောင်​တော်​မူ​ပါ။”—ဆာလံ ၁၃၉:၂၃၊ ၂၄

၂၁ ဒါဝိဒ်​သည် မိမိ​၌ “ဆိုးသော​လမ်း” တစ်မျိုး​တစ်​မည်​ရှိမရှိ ရှာဖွေ​စစ်ဆေး​ရန် ယေဟောဝါ​ထံ​ဆုတောင်း အသနားခံ​ခဲ့​သည်။ ဆာလံဆရာ​ကဲ့သို့​ပင် ကျွန်ုပ်​တို့​တွင် မ​လျောက်ပတ်​သော​သဘောထားများ​ရှိ၊ မရှိ ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို ရှာဖွေ​စစ်ဆေး​စေ​လို​သည်မဟုတ်​ပေ​လော။ သို့​ဖြစ်​လျှင် ယုံကြည်ခြင်းဖြင့် ကျွန်ုပ်​တို့ကို ဆန်းစစ်​ကြည့်​ရန် ယေဟောဝါ​အား တောင်းဆို​ကြပါစို့။ သို့သော် ကျွန်ုပ်​တို့သည် အမှား​တစ်ခုခု​အတွက် စိုးရိမ်​ပူပန်​နေ​မည် သို့​မဟုတ် ကျွန်ုပ်​တို့​တွင် နာကြည်းဖွယ်​တစ်စုံတစ်ရာ​ရှိ​မည်​ဆိုလျှင် အသို့နည်း။ သို့​ဆိုလျှင် ကျွန်ုပ်​တို့၏​မေတ္တာရှင် ယေဟောဝါ​ထံ စိတ်ရင်းမှန်​ဖြင့် ဆက်လက်​ဆုတောင်း​ကြ​ပြီး သန့်ရှင်းသော​ဝိညာဉ်​တော်​၏​ညွှန်ကြားမှု​နှင့် ကိုယ်တော့်​နှုတ်မြွက်​စကား​၏​အကြံဉာဏ်​ကို နှိမ့်ချစွာ လက်ခံ​ကြပါစို့။ ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို​ထောက်မ​ပြီး ထာဝရ​အသက်​လမ်းပေါ်​လိုက်လျှောက်​သွား​ရန် ကျွန်ုပ်​တို့ကို ကူညီပေး​မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​ကြသည်။—ဆာလံ ၄၀:၁၁-၁၃

၂၂။ မျက်မြင်မရ​သော​အရှင်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​စိတ်ပိုင်းဖြတ်​ချက်​ကား အဘယ်​သို့​ဖြစ်​သင့်​သနည်း။

၂၂ မှန်ပါသည်၊ ယေဟောဝါ​၏​တောင်းဆိုချက်​များနှင့်​အညီ ကျွန်ုပ်​တို့​လိုက်လျှောက်​မည်​ဆိုလျှင် ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို ထာဝရ​အသက်​ကောင်းချီး​ပေး​တော်​မူ​မည်။ “လောကဓာတ်​တို့၏​ဘုရင်​တည်း​ဟူသော ဖောက်ပြန်​ပျက်စီးခြင်း​နှင့်​ကင်းလွတ်​တော်​မူ​ထ​သော၊ မျက်မြင်မရ​အ​ရူပ​ဖြစ်​တော်​မူ​ထ​သော၊ တစ်ဆူတည်း​သော​ဘုရားသခင်​သည် ကမ္ဘာ​အဆက်ဆက် ဂုဏ်​အသရေ ဘုန်း​အာနုဘော်​ရှိ​တော်​မူ​စေ​သတည်း။ အာမင်” ဟု​တမန်​တော်​ပေါလု အသိအမှတ်ပြု​ရေးသားခဲ့​သကဲ့သို့ ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​တန်ခိုးတော်​နှင့် အခွင့်အာဏာကို အသိအမှတ်ပြု​ကြ​ရမည်။ (၁ တိမောသေ ၁:၁၇) ယေဟောဝါ​အား ယင်း​သို့​သော​စိတ်နှလုံး​အပြည့် ကြည်ညို​လေးမြတ်​ကြောင်းကို ကျွန်ုပ်​တို့​အမြဲ​တင်ပြ​နိုင်​ကြ​ပါစေ။ ထို့​အပြင် မည်သို့​ပင်​ဖြစ်စေ​ကာ​မူ မျက်မြင်မရ​သော​အရှင်​အား မြင်ရ​ဘိ​သကဲ့သို့ ဆက်​တည်ကြည်​ရန် ကျွန်ုပ်​တို့၏​စိတ်​ဆုံးဖြတ်ချက်​သည် ဘယ်​သောအခါ​မျှ​မယိမ်းယိုင်​ပါစေ​နှင့်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ဘုရားသခင်​အား လူသား​တို့​တွေ့ မြင်​ရန် မည်သို့​ဖြစ်​နိုင်​သနည်း။

• ယေဟောဝါ​သည် ကျွန်ုပ်​တို့အတွက် တကယ့်​ပုဂ္ဂိုလ်​ဖြစ်​မည်​ဆိုလျှင် နှိပ်စက်​ညှဉ်းပန်း​ခံရသော​အခါ ကျွန်ုပ်​တို့​မည်သို့​ပြုမူ​ကြ​မည်​နည်း။

• ယေဟောဝါ​အား ကျွန်ုပ်​တို့၏ မဟာ​သွန်သင်ပေး​ရှင်​အဖြစ် တွေ့မြင်​ခြင်း​ကား အဘယ်အရာကို​ဆိုလို​သနည်း။

• ကျွန်ုပ်​တို့ကို ယေဟောဝါ ဆန်းစစ်​စေရန် အဘယ်ကြောင့်​လိုလား​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဖာရော​ကို မကြောက်ရွံ့​ခဲ့​သော​မောရှေ​သည် မျက်မြင်မရ​သော​ဘုရားသခင် ယေဟောဝါ​အား တွေ့ မြင်ရ​ဘိ​သကဲ့သို့ ပြုမူ​ဆောင်ရွက်​ခဲ့

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ကျွန်ုပ်​တို့ ပြုမူ​ရာ​ကို မမြင်နိုင်​သည့်​အလား ဘယ်တော့​မျှ​မလုပ်ဆောင်​မိ​ကြ​ပါစေ​နှင့်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဘုရားသခင်​အား ကျွန်ုပ်​တို့၏ မဟာ​သွန်သင်ပေး​ရှင်​အဖြစ် ကျွန်ုပ်​တို့​တွေ့ မြင်ကြ​သောကြောင့် ကိုယ်တော့်​အသိပညာကို ကျွန်ုပ်​တို့​စိတ်အား​ထက်သန်​စွာ​ဆည်းပူး​ကြ