မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပေးကမ်းခြင်း၏ရွှင်လန်းမှုကို ခံစားလော့!

ပေးကမ်းခြင်း၏ရွှင်လန်းမှုကို ခံစားလော့!

ပေးကမ်း​ခြင်း​၏​ရွှင်လန်းမှု​ကို ခံစား​လော့!

“ခံယူ​ခြင်း​ထက်​ပေးကမ်း​ခြင်း​၌ ပျော်ရွှင်မှု​သာ၍​ရှိ၏။”—တမန်​တော် ၂၀:၃၅၊ က​ဘ။

၁။ ပေးကမ်း​ခြင်း​မှ​ရသော ပျော်ရွှင်မှု​ကို ယေဟောဝါ​မည်သို့​ဖော်ပြ​တော်​မူ​သနည်း။

အမှန်တရားကို သိကျွမ်းခြင်း​၏​ရွှင်လန်းမှု​နှင့် ယင်း​မှ​ရရှိသော ကောင်းချီး​များသည် ဘုရားသခင်​ထံ​တော်​မှ တန်ဖိုး​ရှိသော​ဆုကျေးဇူး​များ​ဖြစ်သည်။ ယေဟောဝါ​အား သိကျွမ်း​လာ​သူတို့တွင် ဝမ်းမြောက်စရာ​အကြောင်း​များစွာ​ရှိ၏။ သို့သော် လက်ဆောင်​တစ်ခု​ရခြင်း​မှ ပျော်ရွှင်မှု​ရရှိ​သည်​မှန်​သော်လည်း ပေးကမ်း​ခြင်း​မှ​လည်း ပျော်ရွှင်မှု​ရနိုင်​သည်။ ယေဟောဝါ​သည် “ကောင်းမြတ်​စုံလင်သော​ဆုကျေးဇူး​ရှိသမျှ​တို့” ကို ပေးကမ်း​သော​အရှင်ဖြစ်​ပြီး ကိုယ်တော်​သည် “ပျော်ရွှင်သော​ဘုရားသခင်” ဖြစ်​တော်​မူ​၏။ (ယာကုပ် ၁:၁၇; ၁ တိမောသေ ၁:၁၁က​ဘ) မေတ္တာပါ​သော​ညွှန်ကြားချက်​ကို ကလေး​များ​နာခံမှု​ပြ​ကြသော​ကြောင့် မိဘများ​ဝမ်းမြောက်​သကဲ့သို့ ကိုယ်တော်​သည် မိမိ၏​ကျန်း​ခံ့​သော​သွန်သင်ချက်​များ​ကို နားထောင်​၍ နာခံမှု​ပြ​သူတို့​ကြောင့် စိတ်​ရွှင်လန်း​တော်​မူ​၏။—သု. ၂၇:၁၁

၂။ (က) ပေးကမ်း​ခြင်း​အကြောင်း ယေရှု အဘယ်အရာကို မိန့်တော်မူ​ခဲ့​သနည်း။ (ခ) သမ္မာကျမ်းစာ​အမှန်တရားကို အခြား​သူတို့အား သွန်သင်ပေး​သောအခါ အဘယ်​ပျော်ရွှင်မှု​ကို ကျွန်ုပ်​တို့​ရရှိကြ​သနည်း။

အလားတူ ယေရှု​မြေကြီးပေါ်​ရှိ​စဉ် မိမိ၏​သွန်သင်ချက်​ကို အပြု​သဘောဖြင့် လက်ခံ​တုံ့ပြန်​သူများ​ကြောင့် ပျော်ရွှင်​ခဲ့​သည်။ ယေရှု ဤသို့​မိန့်ဆို​တော်​မူ​ခဲ့​ကြောင်း တမန်​တော်​ပေါလု ကိုးကား​ဖော်ပြ​ခဲ့​သည်– “ခံယူ​ခြင်း​ထက်​ပေးကမ်း​ခြင်း​၌ ပျော်ရွှင်မှု​သာ၍​ရှိ၏။” (တမန်​တော် ၂၀:၃၅က​ဘ) သမ္မာကျမ်းစာ​အမှန်တရားကို အခြား​သူတို့အား ကျွန်ုပ်​တို့​သွန်သင်ပေး​သောအခါ ကျွန်ုပ်​တို့​ရရှိ​သည့်​ပျော်ရွှင်မှု​မှာ ကျွန်ုပ်​တို့၏​ဘာသာရေး​ခံယူ​ချက်​များ​ကို တစ်ဦး​တစ်ယောက်​က သဘောတူ​လက်ခံခြင်း​ကြောင့် ရရှိ​သည့်​ကျေနပ်မှု​မျှ​သာ မဟုတ်​ချေ။ ထို​ထက်မက​သည်​ကား ကျွန်ုပ်​တို့သည် စစ်မှန်​၍​တည်မြဲ​သည့်​တန်ဖိုး​ရှိရာ​တစ်ခု​ကို ပေးကမ်း​နေကြောင်း သိရှိ​ထားသော​ရွှင်လန်းမှု​ဖြစ်သည်။ ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​အရ​ပေးကမ်း​ခြင်း​ဖြင့် ယခု​နှင့် ထာဝစဉ် လူ​တို့အား အကျိုး​ခံစား​စေရန် ကူညီပေး​နိုင်​ကြသည်။—၁ တိမောသေ ၄:၈

ပေးကမ်း​ခြင်း​က ရွှင်လန်းမှု​ရရှိစေ

၃။ (က) ဝိညာဉ်​ရေး​အရ အခြား​သူတို့ကို ကူညီပေး​ရာ​၌ တမန်​တော်​ပေါလု​နှင့် ယောဟန်တို့သည် ပျော်ရွှင်မှု​ရရှိကြောင်း မည်သို့​ဖော်ပြ​ခဲ့​ကြ​သနည်း။ (ခ) သမ္မာကျမ်းစာ​အမှန်တရားကို ကျွန်ုပ်​တို့၏​သားသမီး​များ​အား ပေးကမ်း​ခြင်း​က အဘယ်ကြောင့်​မေတ္တာပြ​ရာ​ကျ​သနည်း။

ဝိညာဉ်​ရေးရာ​ဆုကျေးဇူး​များ​ကို ပေးကမ်း​ခြင်း​၌ ယေဟောဝါ​နှင့် ယေရှု​တို့​ပျော်ရွှင်​ကြ​သကဲ့သို့ ခရစ်ယာန်​များလည်း အလားတူဖြစ်​ကြ​၏။ တမန်​တော်​ပေါလု​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော် အမှန်တရားကို အခြား​သူတို့အား သိရှိ​လာ​စေရန် ကူညီပေး​ခဲ့​ခြင်း​မှ ပျော်ရွှင်မှု​ရခဲ့​သည်။ သက်သာလောနိတ်​ရှိ အသင်းတော်​ထံ သူ​ဤသို့​ရေးသားခဲ့​၏– “ငါ​တို့​မျှော်လင့်ခြင်း​အကြောင်း၊ ဝမ်းမြောက်ခြင်း​အကြောင်း၊ ဝါကြွားခြင်း​၏​ဦးရစ်​သရဖူ​ကား၊ အဘယ်​သို့​သော​အကြောင်းအရာ​နည်း။ ငါ​တို့​သခင်​ယေရှု​ခရစ်​ကြွလာ​တော်​မူ​သောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့​သော​အကြောင်းအရာ​ဖြစ်​ကြသည်​မဟုတ်လော။ သင်တို့သည် ငါ​တို့၏​ဘုန်း​အသရေ၊ ငါ​တို့၏​ဝမ်းမြောက်ခြင်း​အကြောင်း​ဖြစ်​ကြ​သတည်း။” (၁ သက်သာလောနိတ် ၂:၁၉၊ ၂၀) အလားတူ​ပင် တမန်​တော်​ယောဟန်​က မိမိ၏​ဝိညာဉ်​ရေးရာ​ကလေး​များ​ကို ရည်ညွှန်း​၍ ဤသို့​ရေးသားခဲ့​သည်– “ငါ​၏​သားသမီးတို့​သည် [အမှန်] တရား၌​ကျင်လည်​သည်ကို ငါ​ကြား​၍​ဝမ်းမြောက်ခြင်း​ထက် သာ၍​ဝမ်းမြောက်ခြင်း​မရှိ။” (၃ ယောဟန် ၄) ကျွန်ုပ်​တို့၏​သားသမီး​ရင်း​ချာ​များ​ကို ဝိညာဉ်​ရေးရာ​သားသမီး​များ​ဖြစ်လာ​စေရန် ဖေးမ​ကူညီ​ပေးခြင်း​မှ ရရှိသော​ရွှင်လန်းမှု​ကိုလည်း စဉ်းစား​ကြည့်​ပါ။ “သခင်​ဘုရား​၏​အလိုတော်နှင့်​ညီသော ဆုံးမ​သွန်သင်ခြင်း” ၌ ကလေး​များ​ကို​ပြုစု​ပျိုးထောင်​ပေးခြင်း​က မိဘ​မေတ္တာကို​ပြ​ခြင်း​ဖြစ်၏။ (ဧဖက် ၆:၄) ထိုသို့​အားဖြင့် မိဘတို့​သည် မိမိ​သားသမီး​များ​၏ ထာဝရ​အကျိုးကို စဉ်းစား​ကြ​ကြောင်း ဖော်ပြ​သည်။ သူတို့​လေး​များ​က တုံ့ပြန်​လာ​ကြသောအခါ မိဘများသည် များစွာ​ပျော်ရွှင်​ပြီး ကျေနပ်​ရောင့်ရဲမှု​ရှိကြသည်။

၄။ ဝိညာဉ်​ရေးရာ​ပေးကမ်း​ခြင်း​၏ ရွှင်လန်းမှု​ကို အဘယ်​တွေ့ကြုံမှု​က ဖော်ပြ​သနည်း။

ဒဲလ်​သည် အချိန်ပြည့်​ဓမ္မ​အမှုဆောင်​တစ်ဦး​ဖြစ်​ပြီး သားသမီး​ငါး​ယောက်​၏​မိခင်​ဖြစ်သည်။ သူက ဤသို့​ပြော​သည်– “တမန်​တော်​ယောဟန်ရဲ့​စကား​ကို ကျွန်မ​ကောင်းကောင်း​နားလည်​နိုင်​ပါ​တယ်၊ ဘာကြောင့်လဲ​ဆိုရင် ကျွန်မ​ရဲ့​သားသမီး​လေးယောက်​ဟာ ‘အမှန်တရား​ထဲမှာ လျှောက်လှမ်း’ နေကြ​တဲ့​အတွက် ကျွန်မ​တကယ်ပဲ​ကျေးဇူး​တင်​မိတယ်။ မိသားစု​တွေ​ဟာ စစ်မှန်​တဲ့​ဝတ်ပြုရေးမှာ တစည်းတလုံး​တည်း​ရှိကြ​တဲ့​အခါ ယေဟောဝါ​ကို ဂုဏ်တင်​ချီးမွမ်းစရာ​ဖြစ်​တဲ့​အတွက် အမှန်တရားကို ကျွန်မ​ကလေး​တွေ နှလုံး​သွင်း​နိုင်​ဖို့ ကျွန်မ​ရဲ့​ကြိုးပမ်းမှု​တွေ​အပေါ် ကိုယ်တော်​ကောင်းချီး​သွန်းလောင်း​လို့ တကယ်​ကျေနပ်မှု​ရတယ်။ ကျွန်မ​ရဲ့​မိသားစုနဲ့​အတူ ပရဒိသု​မှာ အဆုံးမဲ့​အသက်တာနဲ့ နေနိုင်​မယ့်​အလားအလာကို မျှော်လင့်​ထား​လို့ အခက်အခဲ​တွေ၊ အတားအဆီးတွေကြား​မှာ ခံနိုင်ရည်​ရှိနိုင်ဖို့ ကျွန်မ​လှုံ့ဆော်​ခံရ​တယ်။” ဝမ်းနည်းစရာ​ကား ဒဲလ်​၏​သမီး​တစ်ဦး​သည် ခရစ်ယာန်မဆန်​သော​လမ်းစဉ်​တစ်ရပ်​ကြောင့် အသင်းတော်​မှ​နှင်ထုတ်​ခံ​ခဲ့​ရ၏။ သို့​တိုင် ဒဲလ်​သည် အပြုသဘော​ပါ​သော​စိတ်ထား​ကို ဆက်​ကြိုး​စား၍​ထိန်း​နေပါ​သည်။ “တစ်နေ့​ကျ​ရင် ကျွန်မ​သမီးဟာ စိတ်ရင်းမှန်​နဲ့ နှိမ့်ချ​ပြီး ယေဟောဝါ​ထံ ပြန်လှည့်​လာလိမ့်မယ်​လို့ ကျွန်မ​မျှော်လင့်​နေပါတယ်” ဟု​သူက​ပြော​သည်။ “ဒါပေမဲ့ ကျွန်မ​ရဲ့​သားသမီး​အများစုကတော့ ဘုရားသခင်​ကို​တည်ကြည်​စွာ​နဲ့ ဆက်လက်​ဝတ်ပြု​နေတာကို ကျေးဇူး​တင်​ပါ​တယ်။ ကျွန်မ​ခံစား​ရတဲ့​ရွှင်လန်းမှု​ဟာ ကျွန်မ​အတွက် တကယ်​အားရှိစရာ​ဖြစ်တယ်။”—နေဟမိ ၈:၁၀

ထာဝရ​တည်မြဲသော မိတ်ဆွေများ​ဖွဲ့​ခြင်း

၅။ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် ကျွန်ုပ်​တို့​ကိုယ်ကို​ပေးဆက်​ကြ​စဉ် အဘယ်အရာကို​သိထားခြင်းက ကျေနပ်မှု​ရရှိစေ​သနည်း။

ခရစ်ယာန်​တပည့်​များ​ဖြစ်စေ​ပြီး ယေဟောဝါ​နှင့် ကိုယ်တော်​၏​တောင်းဆိုချက်​များ​ကို သွန်သင်ပေး​ရန် မိမိ၏​နောက်လိုက်​များ​အား ယေရှု​ညွှန်ကြား​ခဲ့​သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယေဟောဝါ​နှင့် ယေရှု​နှစ်ပါးစလုံး​သည် လူ​တို့အား အမှန်တရား​လမ်းကို​သိလာ​စေရန် ကိုယ်ကျိုး​စွန့်​ကူညီပေး​ခဲ့​၏။ သို့ဖြင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ ကျွန်ုပ်​တို့​ကိုယ်ကို​ပေးဆက်​ကြ​မည်​ဆိုလျှင် အစောပိုင်း​ခရစ်ယာန်​များ​ကဲ့သို့​ပင် ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့် ယေရှု၏​ပုံ​နမူနာကို အတုယူ​နေကြ​ကြောင်း​သိရှိ​ရ​၍ ကျေနပ်​ရောင့်ရဲမှု​ရှိကြသည်။ (၁ ကောရိန္သု ၁၁:၁) ကျွန်ုပ်​တို့သည် ဤနည်းဖြင့် ကြီးမြတ်​တော်​မူ​သော​ဘုရားသခင်​နှင့် ကိုယ်တော်​ချစ်​မြတ်နိုး​လှ​သော​သားတော်​တို့​နှင့် ပူးပေါင်း​ဆောင်ရွက်​ကြသောအခါ ကျွန်ုပ်​တို့၏​ဘဝ​သည် အမှန်ပင်​အဓိပ္ပာယ်​ရှိလာ​သည်။ ဘုရားသခင်​၏ “အလုပ်လုပ်​သော​သူ​ချင်း” အလယ်တွင် ရေတွက်​ခံရ​ခြင်း​သည် ကြီးမားသော​ကောင်းချီး​တစ်ရပ်​ပါ​တကား! (၁ ကောရိန္သု ၃:၉) ထို့​ပြင် ကောင်းကင်တမန်​များ​ပင် ဤ​သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်း​၌ တစ်စိတ်​တစ်ပိုင်း​ပါဝင်​ကြ​ခြင်း​က စိတ်​လှုပ်ရှား​တက်ကြွ​စ​ရာ မဟုတ်ပေ​လော!—ဗျာဒိတ် ၁၄:၆၊ ၇

၆။ ဝိညာဉ်​ရေးရာ​ပေးကမ်း​ခြင်း​တွင် ကျွန်ုပ်​တို့​ပါဝင်​စဉ် မည်သူ​တို့သည် ကျွန်ုပ်​တို့၏​မိတ်ဆွေများ​ဖြစ်လာ​ကြ​သနည်း။

အမှန်​မှာ ဤ​ဝိညာဉ်​ရေးရာ​ပေးကမ်း​ခြင်း​လုပ်ငန်း​၌ ပါဝင်ခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​ချင်း ဖြစ်လာ​သည်ထက်​မ​က ကိုယ်တော်​၏ ထာဝရ​မိတ်ဆွေ​ဖြစ်သွား​နိုင်​သည်။ အာဗြဟံ​သည် သူ၏​ယုံကြည်ခြင်း​ကြောင့် ယေဟောဝါ​၏​အဆွေ​ဟု ခေါ်ဝေါ်​ခံ​ခဲ့​ရ၏။ (ယာကုပ် ၂:၂၃) ဘုရားသခင့်​အလိုတော်ကို ကျွန်ုပ်​တို့​ကြိုးပမ်း​ထမ်းရွက်​ကြ​စဉ် ကျွန်ုပ်​တို့သည်​လည်း ဘုရားသခင်​၏​မိတ်ဆွေများ ဖြစ်လာ​နိုင်​ကြသည်။ ထိုသို့ ကျွန်ုပ်​တို့​ပြုလုပ်​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့သည် ယေရှု၏​မိတ်ဆွေများ​လည်း​ဖြစ်လာ​ကြသည်။ တပည့်တော်​များ​ကို ကိုယ်တော်​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်တို့ကို​အဆွေ​ဟူ၍​ငါ​ခေါ်​၏။ အကြောင်း​မူ​ကား၊ ငါသည် ခမည်းတော်​ထံ​၌​ကြား​သမျှ​သော​အရာ​တို့ကို သင်တို့အား​ငါ​ပြသ​၏။” (ယောဟန် ၁၅:၁၅) လူများစွာ​သည် ဩဇာ​ရှိ​သူများ သို့​မဟုတ် ထိပ်​တန်း​အရာရှိ​ကြီး​များ​၏​မိတ်ဆွေများ​အဖြစ် ရေတွက်​ခံရ​ရန် ဝမ်းမြောက်​ကြသည်၊ ကျွန်ုပ်​တို့​မှာ​မူ စကြဝဠာ​တစ်ခွင် အကြီးဆုံး​မြတ်​ဆုံး​ပုဂ္ဂိုလ်​နှစ်ပါး​၏ အဆွေ​များ​အဖြစ် ရေတွက်​ခံရ​နိုင်​သည်​တကား!

၇။ (က) အမျိုးသမီး​တစ်ဦး​သည် မိတ်ဆွေစစ်​တစ်ဦး မည်သို့​ရရှိခဲ့​သနည်း။ (ခ) သင့်​၌ အလားတူ​တွေ့ကြုံမှု​ရှိသလော။

ထို​မျှ​မ​က ဘုရားသခင်​အား​သိကျွမ်း​လာရန် လူ​တို့ကို ကျွန်ုပ်​တို့​ကူညီပေး​ကြသောအခါ သူတို့သည် ကျွန်ုပ်​တို့၏​မိတ်ဆွေများ​ဖြစ်လာ​ကြ​ပြီး ကျွန်ုပ်​တို့အား အထူး​ပျော်ရွှင်မှု​ရရှိစေ​သည်။ အမေရိကန်​ပြည်ထောင်စု​တွင် နေထိုင်​သော ဂျုံး​သည် သဲ​လ်​မာ​အမည်​ရှိသူ​တစ်ဦး​နှင့် စ​တင်၍​ကျမ်းစာ​လေ့လာ​ခဲ့​သည်။ သူ၏​လေ့လာမှု​ကို မိသားစုက ဆန့်ကျင်​ကြသော်လည်း သဲ​လ်​မာ​သည် စွဲစွဲမြဲမြဲ​လေ့လာ​ခဲ့​ရာ တစ်နှစ်​အကြာတွင် နှစ်ခြင်း​ခံ​လိုက်​၏။ ဂျုံး​က ဤသို့​ရေးခဲ့​သည်– “ကျွန်မ​တို့​ရဲ့ ပေါင်းသင်း​ဆက်ဆံမှု​ဟာ အဲဒီမှာ​တင်​အဆုံးသတ်​မသွား​ပါ​ဘူး; အဲဒီအစား ၃၅ နှစ်​ခန့်​ကြာ​တဲ့ ခင်မင်​ရင်းနှီးမှု​ရှိစေခဲ့​ပါ​တယ်။ ခရစ်ယာန်​ဓမ္မ​အမှု​နဲ့ စည်းဝေးကြီး​တွေ​ကို ကျွန်မ​တို့ အတူတကွ​သွားလေ့​ရှိတယ်။ နောက်ဆုံး မိုင် ၅၀၀ ကွာဝေး​တဲ့ အိမ်အသစ်​ကို ကျွန်မ​ပြောင်းရွှေ့​ခဲ့​ရတယ်။ ဒါပေမဲ့​လည်း သဲ​လ်​မာ​ဟာ အခုထိ စိတ်နှလုံး​နွေးထွေး​စေ​တဲ့ မေတ္တာ​စာ​တွေ​ပို့​ပြီး ကျွန်မ​ကို​ခင်မင်​စွာ သတိရ​နေတဲ့​အကြောင်း၊ သူ့ရဲ့​သူငယ်ချင်း​နဲ့ ပုံသက်သေ​ဖြစ်​တဲ့​အတွက်​ရ​ယ်၊ သူ့ကို သမ္မာကျမ်းစာ​ထဲ​က အမှန်တရားကို သွန်သင်​ပေး​တဲ့​အတွက် ကျွန်မ​ကို​ကျေးဇူး​တင်တဲ့​အကြောင်း​ပြော​တယ်။ အဲဒီလောက် ရင်းနှီး​ချစ်ခင်​စ​ရာ​ကောင်း​တဲ့ မိတ်ဆွေ​တစ်ဦး​ရှိ​ထားခြင်း​ဟာ ယေဟောဝါ​ကို သူသိ​ကျွမ်း​လာအောင် ကြိုးစား​ကူညီပေး​ခဲ့​တဲ့ ဆုကျေးဇူး​ကောင်း​တစ်ခု​ပါ​ပဲ။”

၈။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် အဘယ်​အပြုသဘော​က ကူညီပေး​လိမ့်​မည်​နည်း။

ကျွန်ုပ်​တို့​တွေ့ဆုံ​ကြ​ရသူ​အများစု​သည် ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​ကို စိတ်ဝင်စားမှု​လုံးဝ​မပြ​သည့်​တိုင် အမှန်တရားကို​သိလိုစိတ်​ရှိသူ​တစ်ဦး​အား ကျွန်ုပ်​တို့​တွေ့ဆုံ​ဖို့​အလားအလာ​ရှိ​ခြင်း​က ခံနိုင်ရည်​ရှိစေ​၏။ ယင်း​သို့​သော စိတ်ဝင်စားမှု​မရှိခြင်းက ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​နှင့် ခံနိုင်ရည်​ကို စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်စေ​နိုင်​သည်။ သို့​တိုင်၊ အပြုသဘောထား​ခြင်း​သည် ကျွန်ုပ်​တို့ကို ကူညီပေး​လိမ့်​မည်။ ဂွာ​တီ​မာ​လာ​သား​ဖြစ်သော ဖော်​စ​တို​က ဤသို့​ပြော​သည်– “တခြား​သူတွေကို ကျွန်တော်​သက်သေခံတဲ့​အခါ ကျွန်တော်​စကားပြော​နေတဲ့​သူဟာ ဝိညာဉ်​ရေးရာ​ညီအစ်ကို ဒါမှ​မဟုတ် ညီအစ်မ​တစ်ဦး​ဖြစ်လာ​ရင် ဘယ်လောက်​ကောင်း​လိုက်မလဲ​လို့ စဉ်းစား​ကြည့်​တယ်။ ကျွန်တော်​တွေ့ဆုံ​ရတဲ့​သူ အနည်းဆုံး​တော့ တစ်ယောက်​ဟာ နောက်ဆုံး​ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အမှန်တရားကို လက်ခံ​လာ​နိုင်တယ်​လို့ ကျွန်တော်​တွေး​တယ်။ အဲဒီလို​စဉ်းစား​တဲ့​အတွက် ကျွန်တော်​ဆက်​အမှုဆောင်​နိုင်​ပြီး စစ်မှန်​တဲ့​ပျော်ရွှင်မှု​ကို​ရတယ်။”

ကောင်းကင်​၌​ဘဏ္ဍာ​ကို သိုမှီး​နေခြင်း

၉။ ကောင်းကင်​ဘဏ္ဍာ​နှင့်​ပတ်သက်​၍ ယေရှု မည်သို့​မိန့်တော်မူ​ခဲ့​သနည်း၊ ယင်း​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သိရှိ​နိုင်​သနည်း။

ကျွန်ုပ်​တို့၏​သားသမီး​များ​ကို​ဖြစ်စေ၊ အခြား​သူတို့ကို​ဖြစ်စေ တပည့်​ဖြစ်စေ​ခြင်း​သည် အမြဲ​မလွယ်ကူ​ပါ။ ထိုသို့​ပြုလုပ်​ရန် အချိန်၊ စိတ်ရှည်မှု​နှင့် စွဲမြဲမှု​တို့​ရှိ​ရ​ပေမည်။ သို့သော် လူအများသည် သူတို့ကို ပျော်ရွှင်မှု​ပေး​လေ့​မရှိသော၊ မတည်မြဲ​သည့်​ပစ္စည်းဥစ္စာ​မြောက်မြားစွာ သိုမှီး​ကြ​ရန် အလုပ်​ကြိုးစား​လုပ်ကိုင်​လို​ကြ​ကြောင်း သတိရပါ။ တရားတော်​ကို​နားထောင်သူ​တို့အား ယေရှု​က ဝိညာဉ်​ရေးရာ​များ​အတွက် လုပ်ဆောင်ခြင်း​သည် သာ၍​ကောင်း​သည်​ဟု မိန့်တော်မူ​ခဲ့​၏။ ကိုယ်တော်​ဤသို့​မိန့်မြွက်​ခဲ့​သည်– “သံချေး၊ ပိုးရွ​ဖျက်ဆီး​၍ သူခိုး​ထွင်းဖောက်​ခိုးယူ​ရာ မြေကြီး​ပေါ်မှာ ဘဏ္ဍာ​ကို​မ​ဆည်းပူး​ကြ​နှင့်။ သံချေး၊ ပိုးရွ​မဖျက်ဆီး​၍ သူခိုး​မထွင်းမဖောက် မခိုးမယူ​ရာ ကောင်းကင်ဘုံ​၌​ဘဏ္ဍာ​ကို ဆည်းပူး (“သိုမှီး၊” က​ဘ) ကြလော့။” (မဿဲ ၆:၁၉၊ ၂၀) အရေးပါသော တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ပါဝင်​သည့် ဝိညာဉ်​ရေးရာ​ပန်းတိုင်​များ​ကို ဆည်းပူးခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင့်​အလိုတော်ကို​ဆောင်ရွက်​နေကြောင်း​နှင့် ကျွန်ုပ်​တို့ကို ကိုယ်တော်​ကောင်းချီး​ပေး​မည်​ဖြစ်​ကြောင်း သိရှိ​ထား​၍ ကျေနပ်မှု​ရရှိနိုင်​ကြသည်။ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “သင်တို့၏​အလုပ်​မှ​စ၍ နာမတော်​ကို​ထောက်၍​ပြ​သော သင်တို့၏​မေတ္တာကို မေ့လျော့​သည်​တိုင်အောင် ဘုရားသခင်​သည် ဖြောင့်မတ်ခြင်း​ကင်း​တော်​မူ​သည်မဟုတ်။”—ဟေဗြဲ ၆:၁၀က​ဘ။

၁၀။ (က) ယေရှု​၌ ဝိညာဉ်​ရေးရာ​ဘဏ္ဍာများ အဘယ်ကြောင့်​ရှိ​သနည်း။ (ခ) ယေရှုသည် မိမိ​ကိုယ်နှိုက်​ကို မည်သို့​ပေး​တော်​မူ​ခဲ့​သနည်း၊ အဘယ်​ကြီးမားသော​အကျိုးကို အခြား​သူတို့အား ရရှိစေ​ခဲ့​သနည်း။

၁၀ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ လုံ့လ​ဝီရိယ​ရှိ​ရှိ လုပ်ဆောင်ကြ​မည်​ဆိုလျှင် ယေရှု၏​မိန့်တော်မူချက်​နှင့်​အညီ “ကောင်းကင်ဘုံ​၌​ဘဏ္ဍာ” ကို ကျွန်ုပ်​တို့အတွက် သိုမှီး​နေကြ​ခြင်း​ဖြစ်၏။ ယင်းက ပေးကမ်း​ခြင်း​၏​ရွှင်လန်းမှု​ကို ကျွန်ုပ်​တို့အား ရရှိစေ​သည်။ ကိုယ်ကျိုး​မ​ရှာ​ဘဲ ကျွန်ုပ်​တို့​ပေး​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့​ကိုယ်တိုင် ကြွယ်ဝ​လာ​သည်။ ယေရှု​ကိုယ်တော်တိုင် နှစ်ပေါင်း​ဘီလီယံ​နှင့်​ချီ​၍ ယေဟောဝါ​အမှုတော်ကို တည်ကြည်​စွာ​ထမ်းဆောင်​ခဲ့​သည်။ ကောင်းကင်​၌ ကိုယ်တော်​စုဆောင်း​ခဲ့​သော ဘဏ္ဍာ​ကို စဉ်းစား​ကြည့်​ပါ​လေ! မည်သို့​ပင်​ဖြစ်စေ ယေရှုသည် မိမိ၏​အကျိုး​စီးပွား​ကို မ​ရှာ​ခဲ့​ချေ။ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “[ယေရှု] သည် ငါ​တို့​အဘ​တည်း​ဟူသော ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ဆိုးညစ်သော​ဤ​ပစ္စုပ္ပန်​ဘဝ​မှ ငါ​တို့ကို​ကယ်နုတ်ခြင်း​ငှာ၊ ငါ​တို့​အပြစ်​ကြောင့် ကိုယ်ကို​ကိုယ်​အပ်ပေး​တော်​မူ​၏။” (ဂလာတိ ၁:၄) ယေရှုသည် မိမိ၏​ခရစ်ယာန်​ဓမ္မ​အမှု၌ ကိုယ်ကျိုး​မ​ရှာ​ဘဲ မိမိကိုယ်ကို​အပ်ပေး​သည်​သာမက ကိုယ်တော်​၏​အသက်ကို​ပင် ရွေးနုတ်ဖိုး​အဖြစ် ပေး​တော်​မူ​ခဲ့​သည်၊ သို့​နှင့် အခြား​သူတို့အား ကောင်းကင်​၌​ဘဏ္ဍာ​ကို​သိုမှီး​ဆည်းပူး​ခွင့် ရရှိစေ​ခဲ့​၏။

၁၁။ ပစ္စည်းဥစ္စာ​ပေးကမ်း​ခြင်း​ထက် ဝိညာဉ်​ရေးရာ​လက်ဆောင်​များ​ပေးကမ်း​ခြင်း​က အဘယ်ကြောင့်​သာ၍​ကောင်း​သနည်း။

၁၁ လူ​တို့ကို ဘုရားသခင်​အကြောင်း သွန်သင်​ပေးခြင်း​ဖြင့် သူတို့လည်း မပျက်စီး​နိုင်သော ဝိညာဉ်​ရေးရာ​ဘဏ္ဍာ​ကို မည်သို့​သိုမှီး​ထား​နိုင်​ကြောင်း သိရှိ​စေ​သည်။ ဤ​ထက်​သာ၍​ကြီးမားသော အဘယ်​လက်ဆောင်​ကို သင်ပေး​နိုင်​မည်​နည်း။ သင့်​မိတ်ဆွေ​တစ်ဦး​အား ဈေးကြီး​သော​နာရီ​တစ်လုံး၊ ကား​တစ်စီး၊ သို့​မဟုတ် အိမ်တစ်လုံး​ပင်​ဖြစ်စေ ပေး​လိုက်​လျှင် ထို​မိတ်ဆွေ​သည် ကျေးဇူး​တင်၍ ပျော်ရွှင်​ပေ​လိမ့်​မည်၊ သင်သည်​လည်း ပေးကမ်း​ခြင်း​မှ​ပျော်ရွှင်မှု ခံစားရ​ပေ​လိမ့်​မည်။ သို့သော် အနှစ် ၂၀ အကြာတွင် ထို​လက်ဆောင်​၏​အခြေအနေ​မှာ မည်သို့​ရှိ​လိမ့်​မည်​နည်း။ အနှစ် ၂၀၀၊ အနှစ် ၂,၀၀၀ ကြာ​လျှင်​ကော။ အခြား​တစ်ဖက်​တွင်​မူ သင်သည် လူတစ်ဦးကို ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူ​ဖြစ်​ဖို့ ကူညီပေး​ရန် သင့်ကိုယ်​သင်​ပေးဆက်​သည်​ဆိုလျှင် သူသည် အဆိုပါ​လက်ဆောင်​မှ ထာဝစဉ်​အကျိုး​ရရှိနိုင်​သည်။

အမှန်တရား​အလိုရှိ​သူတို့အား ရှာဖွေခြင်း

၁၂။ ဝိညာဉ်​ရေး​အရ အခြား​သူတို့ကို​ကူညီပေး​ရန် မိမိတို့​ကိုယ်ကို လူအများ မည်သို့​ပေးဆက်​ခဲ့​ကြ​သနည်း။

၁၂ ဝိညာဉ်​ရေးရာ​ပေးကမ်း​ခြင်း​၏ ရွှင်လန်းမှု​ရရှိရန် ယေဟောဝါ​၏​လူတို့သည် မြေကြီးစွန်း​တိုင်အောင် ရောက်ရှိ​ခဲ့​ကြ​ပေ​ပြီ။ ထောင်နှင့်ချီ​သူတို့သည် မိမိ​အိမ်​နှင့် မိသားစု​တို့ကို​စွန့်ခွာ​ပြီး ဘာသာ​စကား​အသစ်များ​နှင့် ယဉ်ကျေးမှု​အသစ်များ​ကို သင်​ခဲ့​ကြ​ရသည့်​နိုင်ငံ​များ​တွင် ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ကို ထမ်းရွက်​နေကြ​သည်။ အခြားသူ​တို့​မှာ​မူ မိမိတို့၏​နိုင်ငံ​တွင်း​၌​ပင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ကြွေးကြော်​သူများ ပို​၍​လိုအပ်သော နေရာ​ဒေသ​များ​သို့ ပြောင်းရွှေ့​ခဲ့​ကြ​၏။ ထို့​အပြင် မိမိတို့၏​ရပ်ကွက်​များ​အတွင်း တိုင်းတစ်ပါး​မှ​ရောက်လာ​သူတို့ကို ဟော​ပြာ​ခွင့်​ရရှိရန် နိုင်ငံ​ခြား​ဘာသာ​စကား​များ​ကို သင်ယူ​နေကြ​သူများ​ရှိသည်။ ဥပမာ၊ အမေရိကန်​ပြည်ထောင်စု၊ န​ယူး​ဂျာ​စီ​မှ မောင်နှံစုံ​တစ်စုံ​သည် ယခု ယေဟောဝါသက်သေ​တို့၏​ဌာနချုပ်​တွင် အမှုထမ်း​လျက်​ရှိကြ​သော ကလေး​နှစ်ဦး​ကို ပြုစု​ပျိုးထောင်​ခဲ့​ပြီး​နောက် ရှေ့ဆောင်​လုပ်ငန်း​၌​ပါဝင်​ပြီး တရုတ်​ဘာသာ​စကား​ကို သင်ယူ​နေကြ၏။ သူတို့သည် သုံးနှစ်​ကျော်​ကာလ​အတွင်း အနီးအနား​ရှိ​ကောလိပ်​တွင် တက်​နေကြ​သော တရုတ်​စကားပြော​သူ ၇၄ ဦး​နှင့် ကျမ်းစာ​သင်အံမှု​ကျင်းပ​ခဲ့​သည်။ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် သာ၍​ပျော်ရွှင်မှု​ရရှိရန် သင့်​ခရစ်ယာန်​ဓမ္မ​အမှုကို တစ်နည်း​နည်းဖြင့် တိုးချဲ့​နိုင်​ပါသလော။

၁၃။ သာ၍​သီးပွင့်​သော​ခရစ်ယာန်​ဓမ္မ​အမှုကို သင်​ရရှိရန် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

၁၃ သင်သည် ကျမ်းစာ​သင်အံမှု​ကျင်းပ​ရန် ဆန္ဒရှိ​မည်​ဖြစ်သော်လည်း ထိုသို့​မပြု​လုပ်နိုင်​ဘဲ​ဖြစ်နေ​ပေမည်။ နိုင်ငံ​အချို့​တွင် စိတ်ဝင်စားသူ​တို့ကို ရှာဖွေ​တွေ့ရှိ​ရန်​ခက်ခဲ​ပေ​သည်။ သင်​တွေ့ရှိ​သူတို့သည် သမ္မာကျမ်းစာ​၌ စိတ်ဝင်စားမှု​မရှိ​သူများ ဖြစ်​နိုင်​ပေ​သည်။ ထိုသို့​ဖြစ်​လျှင် ယေဟောဝါ​နှင့် ယေရှု​ခရစ်​နှစ်ပါးစလုံး​သည် အဆိုပါ​လုပ်ငန်း​တွင် အလွန်​စိတ်ဝင်စား​ကြ​ပြီး သိုး​ကဲ့သို့​သော​သူ​တစ်ဦးထံ သင့်ကို​ပို့ဆောင်​ပေး​နိုင်ရာ ဆုတောင်းချက်​တွင် သင်၏​ဆန္ဒ​ကို ကြိမ်ဖန်​များစွာ ဖော်ပြ​နိုင်​သည်။ သင့်​အသင်းတော်​မှ အတွေ့အကြုံ​ရှိသူ သို့​မဟုတ် ခရစ်ယာန်​ဓမ္မ​အမှု​တွင် အသီးများစွာ​သီး​ခဲ့​သော​သူတို့​ထံ​မှ အကြံပေး​ချက်​များ​ကို​တောင်းဆို​ပါ။ ခရစ်ယာန်​အစည်းအဝေး​များ​တွင်​ပေး​သော လေ့ကျင့်မှု​နှင့် အကြံပြုချက်များ​ကို အခွင့်အရေး​ယူ အသုံးပြုပါ။ တိုက်နယ်​ကြီးကြပ်မှူး​များနှင့် သူတို့၏​ဇနီး​များ​၏ အကြံပေး​ချက်​ကို​လက်ခံ​ပြီး​အကျိုး​ရယူပါ။ ထို​ထက်​ကား ဘယ်​သောအခါ​မျှ လက်မလျှော့​ပါ​နှင့်။ ပညာရှိ​တစ်ဦး ဤသို့​ရေးသားခဲ့​သည်– “နံနက်​အချိန်၌ မျိုးစေ့ကို​ကြဲ​လော့။ ည​ဦး​အချိန်၌​လည်း မ​ကြဲ​ဘဲ​မနေ​နှင့်။ အကြောင်း​မူ​ကား အဘယ်အရာ​သည် အကျိုးရှိ​မည်​ကို . . . မသိနိုင်။” (ဒေ. ၁၁:၆) တစ်ချိန်တည်း​တွင် နောဧ​နှင့် ယေရမိ​တို့​ကဲ့သို့​သော တည်ကြည်မှု​ရှိသူတို့​ကို သတိရပါ။ သူတို့​ဟောပြောသော​သတင်းကို လိုလိုလားလား​တုံ့ပြန်​လက်ခံသူ အလွန်​နည်း​သော်လည်း သူတို့၏​ခရစ်ယာန်​ဓမ္မ​အမှုသည် အောင်မြင်​ခဲ့​၏။ ထို​ထက်​ကား ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့ခဲ့​သည်။

အတတ်နိုင်ဆုံး လုပ်ဆောင်ခြင်း

၁၄။ ကိုယ်တော်​၏​လုပ်ငန်းတော်​၌ အသက်အရွယ်​ကြီးရင့်​လာ​သူတို့ကို ယေဟောဝါ​မည်သို့​ရှုမှတ်​တော်​မူ​သနည်း။

၁၄ ခရစ်ယာန်​ဓမ္မ​အမှု​တွင် သင်​ပါဝင်​လုပ်ဆောင်​လိုသမျှ သင်​အခြေအနေ​က ခွင့်​မပြု​ဘဲ​ဖြစ်​နိုင်​သည်။ ဥပမာ၊ အသက်အရွယ်​ကြီးရင့်​ခြင်း​က ယေဟောဝါ​၏​လုပ်ငန်းတော်​၌ သင့်​လုပ်ဆောင်​နိုင်​မှု​ကို ကန့်သတ်​ပေမည်။ သို့​တိုင် ပညာရှိ​တစ်ဦး ဤသို့​ရေးသားခဲ့​သည်ကို အမှတ်ရပါ– “ဖြူ​သော​ဆံပင်​သည် ဖြောင့်မတ်ခြင်း​တရားလမ်း​၌​တည်​လျှင် ဘုန်းကြီး​သော​သရဖူ​ဖြစ်၏။” (သု. ၁၆:၃၁) အသက်တာ​တစ်လျှောက် အမှုတော်ထမ်း​ခဲ့​ခြင်း​သည် ယေဟောဝါ​အတွက် ကျေနပ်​အားရစရာ​ဖြစ်​ပေ​သည်။ ထို့​ပြင် သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “သင်တို့​အသက်ကြီး​၍ ဆံပင်​ဖြူ​သည်​တိုင်အောင် ငါ [ယေဟောဝါ] သည် ထိုသို့​သော​သူ​ဖြစ်၍ သင်တို့ကို​ဆောင်ရွက်​မည်။ ငါ​ပြု​ခဲ့​ပြီး​သည်​အတိုင်း ထမ်း​ဦး​မည်။ ဆောင်ရွက်၍​ကယ်တင်​မည်။” (ဟေရှာယ ၄၆:၄) ကျွန်ုပ်​တို့၏​မေတ္တာရှင် ကောင်းကင်​ခမည်းတော်​သည် မိမိ​အပေါ် တည်ကြည်သူ​တို့ကို ခွန်အား​ပေး​၍ ကူညီ​မစ​မည်​ဟု ကတိပြု​တော်​မူ​သည်။

၁၅။ သင့်​အခြေအနေ​ကို ယေဟောဝါ​သိ​နားလည်​တော်​မူ​ကြောင်း သင်​ယုံကြည်ပါ​သလော။ အဘယ်ကြောင့်​နည်း။

၁၅ သင်သည် ဖျားနာ​မှု၊ မယုံကြည်​သူ​အိမ်ထောင်ဖက်​မှ အတိုက်အခံ၊ ကြီး​လေး​သော မိသားစု​တာဝန်​များ၊ သို့​မဟုတ် အခြား​ခက်ခဲ​သော​ပြဿနာ​တစ်ခုခု​နှင့် လုံးပန်း​နေရ​ပေမည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ကန့်သတ်ချက်​များနှင့် အခြေအနေ​များ​ကို သိတော်မူပြီး ကိုယ်တော့်​အမှုတော်ထမ်း​ရန် ကျွန်ုပ်​တို့​အတတ်နိုင်ဆုံး ကြိုးစား​အားထုတ်​သည့်​အတွက် ကျွန်ုပ်​တို့ကို ကိုယ်တော်​ချစ်တော်မူ​သည်။ ကျွန်ုပ်​တို့သည် အခြားသူ​တို့​လုပ်ဆောင်​သည်ထက် သာ၍​နည်းစေ​ကာ​မူ ထိုသို့​အမှန်ပင်​ဖြစ်၏။ (ဂလာတိ ၆:၄) ကျွန်ုပ်​တို့သည် မစုံလင်​ကြောင်း ယေဟောဝါ​သိတော်မူပြီး ကျွန်ုပ်​တို့​ထံ​မှ အမှန်​လက်တွေ့ကျ​ရာ​ကို​သာ မျှော်လင့်​တော်​မူ​သည်။ (ဆာလံ ၁၄၇:၁၁) ကျွန်ုပ်​တို့​အတတ်နိုင်ဆုံး​လုပ်ဆောင်​လျှင် ဘုရားသခင့်​မျက်မှောက်​တော်​တွင် ကျွန်ုပ်​တို့သည် တန်ဖိုး​ရှိရာ​ဖြစ်​ပြီး ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​ဆောင်ရွက်ချက်​များ​ကို ကိုယ်တော် ဘယ်တော့​မျှ​မေ့​တော်မူ​မည်​မဟုတ်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​ကြသည်။—လုကာ ၂၁:၁-၄

၁၆။ တပည့်​တစ်ဦး​ဖြစ်လာ​စေခြင်း​၌ အသင်းတော်​တစ်ခုလုံး​သည် အဘယ်​နည်းဖြင့် ပါဝင်​သနည်း။

၁၆ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​သည် ပူးပေါင်း​ဆောင်ရွက်​ရသော လုပ်ငန်း​ဖြစ်​ကြောင်းကို​လည်း သတိရပါ။ မိုး​ရေ​တစ်​စက်​သည် အပင်​တစ်ပင်​ကို အာဟာရ​မပေးနိုင်​သကဲ့သို့ တစ်ဦး​တစ်ယောက်တည်း​မျှ​ဖြင့် တပည့်​တစ်ဦး မဖြစ်စေ​ပါ။ သက်သေခံ​တစ်ဦး​သည် စိတ်ဝင်စားသူ​တစ်ဦး​ကို ရှာဖွေ​တွေ့ရှိ​ပြီး သူနှင့်​ကျမ်းစာ​သင်အံမှု​ကျင်းပ​မည်​မှန်​၏။ သို့သော် ထို​လူသစ်​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့​ရောက်လာ​အခါ သူသည် အမှန်တရားကို​အသိအမှတ်ပြု​လာရန် အသင်းတော်​တစ်ခုလုံး​က သူ့ကို​ဝိုင်းဝန်း​ကူညီပေး​ကြသည်။ ညီအစ်ကို​အသင်းအပင်း​၏ နွေးထွေးမှု​က ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​၏​လွှမ်းမိုးမှုကို ပေါ်လွင်​ထင်ရှားစေ​သည်။ (၁ ကောရိန္သု ၁၄:၂၄၊ ၂၅) ကလေး​များနှင့် ဆယ်ကျော်သက်​တို့​က အားတက်စေ​သော​အဖြေ​များ​ကို ပေးခြင်း​ဖြင့် ကျွန်ုပ်​တို့၏​လူငယ်များသည် လောက​မှ​ငယ်ရွယ်သူ​တို့​နှင့် ကွာခြား​ကြောင်း ထို​လူသစ်​အား​တွေ့မြင်​စေ​သည်။ အသင်းတော်၌ ဖျားနာသူ၊ မသန်စွမ်း​သူနှင့် အသက်ကြီးသူတို့​က လူသစ်များ​ကို ခံနိုင်ရည်​အကြောင်း သွန်သင်ပေး​သည်။ ကျွန်ုပ်​တို့၏​အသက်အရွယ် သို့​မဟုတ် ကန့်သတ်ချက်​များ မည်သို့​ပင်​ရှိပါစေ လူသစ်​များသည် ကျမ်းစာ​အမှန်တရား​အပေါ် သူတို့၏​မေတ္တာ​နက်ရှိုင်း​လာ၍ နှစ်ခြင်း​ခံသည့်​အထိ တိုးတက်လာ​ကြ​စဉ် ကျွန်ုပ်​တို့အားလုံး အရေးပါသော​ကဏ္ဍ​မှ ပါဝင်​ကူညီပေး​နေကြ​သည်။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့​အသုံးပြုသည့်​နာရီ​တိုင်း၊ ပြန်လည်ပတ်မှု​တိုင်း၊ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၌ စိတ်ဝင်စားသူ​တစ်ဦး​နှင့် ပြောဆို​သည့်​စကား​တိုင်း​တို့သည် သူ့ဘာသာ​သူ အရေးမပါ​ပုံ​ရှိသော်လည်း ယင်းသည် ယေဟောဝါ​ပြီးမြောက်​နေ​စေတော်မူ​သည့် ကြီးမားသော​လုပ်ငန်း​တွင် တစ်စိတ်​တစ်ပိုင်း​ပါဝင်​နေသည်။

၁၇၊ ၁၈။ (က) တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ ကျွန်ုပ်​တို့​ပါဝင်ခြင်း​အပြင် ပေးကမ်း​ခြင်း​မှ ပျော်ရွှင်မှု​ကို ကျွန်ုပ်​တို့​မည်သို့​ရရှိနိုင်​ကြ​မည်​နည်း။ (ခ) ပေးကမ်း​ခြင်း​မှ ပျော်ရွှင်မှု​ရရှိ​ခြင်း​ဖြင့် မည်​သူ့ကို ကျွန်ုပ်​တို့​အတူယူ​ကြ​သနည်း။

၁၇ ကျွန်ုပ်​တို့သည် ဤ​အရေးပါသော တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ ပါဝင်​နေသည့်​အပြင် ခရစ်ယာန်​များ​အနေ​နှင့် အခြား​နည်းများဖြင့်​လည်း ပေးကမ်း​ခြင်း​မှ ပျော်ရွှင်မှု​ရရှိ​ကြသည်။ စင်ကြယ်သော​ဝတ်ပြုရေးကို ထောက်ကူ​ပေးဖို့​နှင့် လိုအပ်​နေသူတို့​ကို​ကူညီ​ဖို့ အလှူငွေ​ထည့်ဝင်​ရန် ရန်ပုံငွေ​များ​ကို ကျွန်ုပ်​တို့​သီးသန့်​ဖယ်​ထား​နိုင်​ကြ​၏။ (လုကာ ၁၆:၉; ၁ ကောရိန္သု ၁၆:၁၊ ၂) အခြား​သူတို့ကို ဧည့်ဝတ်ပြု​ရန် အခွင့်အရေး​များ​ရှာယူ​နိုင်​သည်။ (ရောမ ၁၂:၁၃) ကျွန်ုပ်​တို့သည် “ယုံကြည်ခြင်း​၏​အိမ်သူအိမ်သား​တို့​၌ အထူးသဖြင့်​ကျေးဇူးပြု​လျက်၊ ခပ်သိမ်း​သော​သူတို့အား ကျေးဇူးပြု​ကြ” ရန် ကြိုးပမ်း​နိုင်​ကြ​၏။ (ဂလာတိ ၆:၁၀) ထို့​ပြင် ရိုးရိုးလေး​ဖြစ်သော်လည်း အရေးပါသော​နည်းလမ်းများ​ဖြင့် စာရေး​ခြင်း၊ ဖုန်း​ဆက်​ခြင်း၊ လက်ဆောင်​ပေးခြင်း၊ လက်တွေ့ကျ​အကူအညီ​ပေးခြင်း၊ အားပေး​စကားပြော​ဆို​ခြင်း​တို့ကို အခြား​သူတို့အား ပေး​နိုင်​ကြ​ပါ​သည်။

၁၈ ကျွန်ုပ်​တို့သည် ပေးကမ်း​ခြင်း​ဖြင့် ကောင်းကင်​ခမည်းတော်​ကို အတုယူ​ကြ​ကြောင်း​ဖော်ပြ​၏။ ထို့​ပြင် စစ်မှန်သော​ခရစ်ယာန်​တို့၏ ထင်ရှား​သည့်​အမှတ်အသား​ဖြစ်သော ကျွန်ုပ်​တို့၏​ညီအစ်ကို​ချင်း​မေတ္တာကိုလည်း ဖော်ပြ​ရာ​ကျ​သည်။ (ယောဟန် ၁၃:၃၅) ဤ​အရာများ​ကို အမှတ်ရနေ​ခြင်း​အားဖြင့် ပေးကမ်း​ခြင်း​မှ​ပျော်ရွှင်မှု​ရရှိနိုင်​သည်။

သင်​ရှင်းပြ​နိုင်​သလော

• ယေဟောဝါ​နှင့် ယေရှုသည် ဝိညာဉ်​ရေးရာ​ပေးကမ်း​ခြင်း​ပုံ​နမူနာကို မည်သို့​ချထား​သနည်း။

• ကျွန်ုပ်​တို့သည် ထာဝရ​မိတ်ဆွေများ​မည်သို့ ဖွဲ့ နိုင်​ကြ​သနည်း။

• ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုသည် သာ၍​အောင်မြင်​စေဖို့ အဘယ်​ခြေလှမ်း​များ​ပြု​ရန်လို​သနည်း။

• အသင်းတော်၌​ရှိသူ​အားလုံး ပေးကမ်း​ခြင်း​မှ မည်သို့​ပျော်ရွှင်မှု​ရရှိနိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

လေ့ကျင့်ပေး​မှု​ကို သားသမီးတို့​က တုံ့ပြန်​ကြသောအခါ မိဘများသည် ပျော်ရွှင်မှု​နှင့် စိတ်​ကျေနပ်မှု များစွာ​ရရှိကြ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

တပည့်​များ​ဖြစ်စေ​ခြင်း​၌ ကျွန်ုပ်​တို့၏​မိတ်ဆွေစစ်​များ ဖြစ်စေ​နိုင်​ကြ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အသက်အရွယ်​ကြီးရင့်​လာသော​အခါ ကျွန်ုပ်​တို့ကို ယေဟောဝါ​ထောက်မ​ပေး

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ရိုးရိုးလေး​ဖြစ်သော်လည်း အရေးပါသော​နည်းများဖြင့် ပေးကမ်း​ခြင်း​မှ​ပျော်ရွှင်မှု​ရရှိကြ