မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို ကျွန်တော်တို့ စမ်းသပ်ခဲ့ကြ

ယေဟောဝါကို ကျွန်တော်တို့ စမ်းသပ်ခဲ့ကြ

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ​ကို ကျွန်တော်​တို့ စမ်းသပ်​ခဲ့​ကြ

ပေါလ် စ​ခရစ်​ဗ်​နာ ပြောပြ​သည်

“မင်္ဂလာပါ၊ မ​စ္စစ်​စတက်​ခ်​ဟောက်​စ်။ ဒီနေ့​မနက် အီစတာကိတ်​အော်ဒါ​တွေ ကျွန်တော်​လက်ခံ​နေပါတယ်၊ ခင်ဗျား​မိသားစု အတွက်​လည်း ကိတ်​တစ်လုံး​မှာ​ချင်မှာပဲ။” အဲဒီ​အချိန်​က ၁၉၃၈၊ နွေဦး​ပေါက်​ရာသီ​ဖြစ်​ပြီး ယူ.အက်စ်.အေ.၊ န​ယူး​ဂျာ​စီ ပြည်နယ်၊ အက်​တ်​ကို​မြို့က ကိတ်​မျိုးစုံ​ကုမ္ပဏီ​ရဲ့ ကျွန်တော့်​အရောင်း​လမ်းကြောင်း​မှာ အများဆုံး​အားပေးတဲ့​ဖောက်သည် တစ်ဦး​နဲ့ စကားပြော​နေတာ​ဖြစ်တယ်။ ကျွန်တော့်​ကမ်းလှမ်းချက်​ကို မ​စ္စစ်​စတက်​ခ်​ဟောက်​စ်​လက်မခံ​လို့ ကျွန်တော်​အံ့သြခဲ့ရ​တယ်။

“ကျွန်မ​စိတ်မဝင်စား​ပါ​ဘူး၊ အီစတာပွဲ​ကို ကျွန်မ​တို့​မ​ကျင်းပ​ဘူး” လို့​သူ​ပြော​ခဲ့တယ်။

ကျွန်တော်​ဘယ်လို​ယူမှတ်​ရ​မှန်း​တောင် မသိတော့ဘူး။ အီစတာပွဲ​မ​ကျင်းပ​ဘူး​ဟုတ်​လား။ အရောင်းအဝယ်​ရဲ့​ဦးဆုံး​စည်းမျဉ်း​မှာ ဖောက်သည်​က အမြဲ​မှန်တယ်။ ဒါ​ကြောင့် ကျွန်တော်​ဘာဆက်​လုပ်သင့်သလဲ။ “ကျွန်တော်​တို့​ကိတ်​က အရမ်း​ကောင်း​တာ၊ ခင်ဗျား​ကြိုက်​တတ်​မှန်း​သိလို့​ပါ။ ခင်ဗျား​ကိုယ်တိုင် အီစတာပွဲ​မ​ကျင်းပ​ရင်တောင် ဒီ​ကိတ်​ကို ခင်ဗျား​မိသားစုက ကြိုက်​လိမ့်မယ်လို့​မထင်​ဘူးလား” ဆိုပြီး ကျွန်တော်​အရဲစွန့်​ပြော​လိုက်တယ်။

“ကျွန်မ,မထင်​ပါ​ဘူး၊ ဒါပေမဲ့ မစ္စတာ​စ​ခရစ်​ဗ်​နာ​ကို ကျွန်မ​ပြောပြ​ချင်​တာ​နဲ့​အတော်​ပဲ” ဆိုပြီး သူ​ပြန်​ပြော​တယ်။ အဲဒီလို​စကား​လက်ဆုံ​ပြော​လိုက်တာ​က ကျွန်တော့်​ဘဝကို လုံးဝ​ပြောင်းလဲ​သွား​စေ​ခဲ့တယ်! န​ယူး​ဂျာ​စီ​ပြည်နယ်၊ ဘာလင်​မြို့ရဲ့ ယေဟောဝါသက်သေ​အဖွဲ့ (သို့​မဟုတ်၊ အသင်းတော်) ဝင်​တစ်ဦး​ဖြစ်​တဲ့ မ​စ္စစ်​စတက်​ခ်​ဟောက်​စ်​က အီစတာပွဲ​ရဲ့​မူလအစ​ကို​ရှင်းပြ​ပြီး ကျွန်တော့်​ကို စာအုပ်​ငယ်​သုံး​အုပ်​ပေး​ခဲ့တယ်။ အဲဒီ​စာအုပ်​သုံး​အုပ်​ရဲ့​ခေါင်းစဉ်​က လုံခြုံမှု၊ လှစ်ဟ​ထား​ရာ နဲ့ ကာကွယ်​မှု တို့​ဖြစ်တယ်။ ဒီ​စာအုပ်​ငယ်​တွေ​ထဲမှာ ဘာ​ပါ​သလဲ​ဆိုတာ​သိချင်ခဲ့တယ်၊ ဒါပေမဲ့ စိတ်​တ​ထ​င့်​ထ​င့်​နဲ့ အိမ်​ယူသွား​ခဲ့တယ်။ မ​စ္စစ်​စတက်​ခ်​ဟောက်​စ်​ပြော​သွားတဲ့​အကြောင်းဟာ ကျွန်တော်​ကလေး​ဘဝက အကျွမ်းတဝင်​ရှိခဲ့​ဖူး​သလိုပဲ။

ကျမ်းစာ​ကျောင်းသား​များနှင့် အစောပိုင်း​ဆက်သွယ်မှု

၁၉၀၇ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ကျွန်တော့်​ကို​မွေး​ပြီး ကျွန်တော့်​အသက်​ရှစ်နှစ်​အရွယ် ၁၉၁၅ ခုနှစ်​မှာ ကျွန်တော့်​အဖေဟာ ကင်ဆာ​ရောဂါ​နဲ့​ကွယ်လွန်​သွားတယ်။ ဒါနဲ့ အမေနဲ့​ကျွန်တော် မက်ဆာချူးဆက်​ပြည်နယ်၊ မာ​လ်ဒင်​က အမေ့​မိဘတွေရဲ့​အိမ်​ဂေဟာ​ကြီး​မှာ သွား​နေကြ​တယ်။ ကျွန်တော့်​အမေ​ဘက်က​ဦးလေး ဘင်ဂျမင်ရဲန်ဆမ်း​နဲ့ သူ့​ဇနီး​လည်း အဲဒီ​အိမ်​ရဲ့​တတိယ​အထပ်​မှာ​နေကြ​တယ်။ ဦးလေး​ဘင်​ဟာ ရာစုနှစ်​မစ​ခင်​ကတည်းက အပြည်ပြည်ဆိုင်ရာ​ကျမ်းစာ​ကျောင်းသား​တွေ​လို့ လူသိ​များ​ကြ​တဲ့ ယေဟောဝါသက်သေ​တွေ​နဲ့ ပေါင်းသင်း​ခဲ့​တာ။ ဦးလေး​ဘင်​ကို ကျွန်တော်​အရမ်းချစ်တယ်၊ ဒါပေမဲ့ မက်သဒစ်​တွေ​ဖြစ်​ကြ​တဲ့ ကျန်​တဲ့​အမေ့​မိသားစုက ဦးလေး​ကို လူ့​ခွ​စာ​လို့​ထင်​နေကြ​တယ်။ နောက်ပိုင်း နှစ်​အတော်ကြာ​တဲ့​အခါ အဒေါ်​က ဦးလေး​ကို​မ​ကွာရှင်း​ခင် ဦးလေးရဲ့​ဘာသာရေး​ယုံကြည်ချက်တွေ​ကြောင့် စိတ္တ​ဇ​စိတ်ရောဂါ​ကု​ဆေးရုံ​မှာ ခဏ​သွား​ထား​တယ်! ဆေးရုံ​ဆရာဝန်​တွေ​က ဦးလေး​ကို​ဆေးစစ်​တော့ သူ့ရဲ့​စိတ်​ဘာမှ​မဖြစ်​ဘူးဆို​တာ​ကို​သိလို့ ဦးလေး​ကို တောင်းပန်​ပြီး ပြန်လွှတ်​လိုက်ကြတယ်။

ဘော​စ်တွန်​မြို့က အပြည်ပြည်ဆိုင်ရာ​ကျမ်းစာ​ကျောင်းသား​တွေ​ရဲ့ အစည်းအဝေးတွေကို ဦးလေး​ဘင်​က ကျွန်တော့်​ကို​ခေါ်​သွားတယ်၊ အထူးသဖြင့် ဟောပြောသူတွေ လည်ပတ်​ရောက်လာတဲ့​အခါ​မျိုး၊ ဒါမှ​မဟုတ် အထူး​အခါသမယ​တွေ​မှာ​ဖြစ်တယ်။ တစ်ခါ​က လည်ပတ်​ရောက်ရှိ​လာတဲ့​ဟောပြောသူက​တော့ အဲဒီ​အချိန်​က ဟောပြောခြင်း​လုပ်ငန်း​ကို​ကြီးကြပ်​ပေး​တဲ့ လူသိ​များတဲ့​ချားလ်စ် တေ့ဇ် ရပ်စဲ​လ်​ကိုယ်တိုင်​ဖြစ်တယ်။ နောက်​တစ်ခါ​ကျ​တော့ “ဖန်ဆင်း​ခြင်း​ဓာတ်​ပုံ​ပြဇာတ်” ကို​ပြ​တဲ့ အထူး​အစီအစဉ်​ဖြစ်တယ်။ အဲဒီ​နေ့​က ၁၉၁၅ ခုနှစ်​က​ဖြစ်​ပေမဲ့လည်း အာဗြဟံဟာ ဣဇာက်​ကို​ပူဇော်​ဖို့ တောင်ပေါ်​ခေါ်သွား​တဲ့​ပုံ​ကို ကျွန်တော်​ကောင်းကောင်း​မှတ်မိတယ်။ (ကမ္ဘာဦး​အခန်းကြီး ၂၂) အာဗြဟံ​က ယေဟောဝါ​ကို အကြွင်းမဲ့ယုံ​ကြည်​ကိုးစား​ပြီး ဣဇာက်​နဲ့​အတူ ထင်း​စည်း​ကို​ထမ်း​ပြီး အာဗြဟံ​တောင်ပေါ်​တက်​သွားတာကို ကျွန်တော်​မြင်ယောင်​နိုင်​သေး​တယ်။ ကျွန်တော်​က ဖတဆိုး​လေး​ဖြစ်​တဲ့​အတွက် အဲဒီ​ပြကွက်​လေး​ကို တကယ်ပဲ​စွဲမှတ်​သွားပါ​တယ်။

နောက်တော့ ဦးလေး​ဘင်​က သူ့​ဇနီး​နဲ့ မိန်း​မြို့ကို​ပြောင်း​သွားတယ်၊ အမေက နောက်​အိမ်ထောင်​ပြုပြီး ကျွန်တော်​တို့ န​ယူး​ဂျာ​စီ​ကို​ပြောင်း​သွား​ကြတယ်။ ဒါ​ကြောင့် အတော်ကြာ​တဲ့​အထိ ဦးလေး​ဘင်​နဲ့​မ​တွေ့ရ​တော့​ဘူး။ န​ယူး​ဂျာ​စီ​မှာ ကျွန်တော်​ဆယ်ကျော်သက်​အရွယ်​က ကျွန်တော်​သွား​သွားလည်​တဲ့ ကလေး​ရှစ်ယောက်​ရှိတဲ့​ပ​ရက်စ်​ဘီ​တေး​ရီး​ယန်း မိသားစု​တစ်စု​ထဲ​က မာရီယန်​နီ​ဖ်​နဲ့ ကျွန်တော်​တွေ့ဆုံ​ခဲ့တယ်။ တနင်္ဂနွေ​ညနေပိုင်း အတော်များများမှာ အဲဒီ​မိသားစု၊ သူတို့ရဲ့​ချာ့ခ်ျ​လူငယ်​အဖွဲ့နဲ့ ကျွန်တော်​အချိန်ကုန်​ခဲ့ လို့ နောက်ဆုံး ကျွန်တော်​ကိုယ်တိုင် ပ​ရက်စ်​ဘီ​တေး​ရီး​ယန်း​ဖြစ်လာ​တယ်။ ဒါပေမဲ့ ကျမ်းစာ​ကျောင်းသား​တွေ​ရဲ့​စည်းဝေး​တွေ​ကနေ ကျွန်တော်​သိရှိ​ခဲ့​ရတဲ့​အကြောင်းအရာ​အချို့​ကို ကျွန်တော်​မှတ်မိ​နေတုန်းပဲ။ မာရီယန်​နဲ့ ၁၉၂၈ ခုနှစ်​မှာ လက်ထပ်ခဲ့​ပြီး ကျွန်တော်​တို့​သမီး ဒေါ​ရ​စ္စ​နဲ့​လူ​ဝိစ္စ​တို့ကို ၁၉၃၅ ခုနှစ်​နဲ့ ၁၉၃၈ ခုနှစ်​မှာ​မွေးခဲ့တယ်။ ကျွန်တော်​တို့​မှာ လမ်းလျှောက်​တတ်​ခါ​စ​ကလေး​နဲ့ နို့စို့​ကလေး​ရှိနေတဲ့​အတွက် မိသားစုကို​ပြုစု​ပျိုးထောင်​ဖို့ ဝိညာဉ်​ရေး​ညွှန်ကြားချက်​တွေ လိုအပ်​လာပြီ​ဆိုတာ ကျွန်တော်​တို့​နှစ်ယောက်စလုံး သဘောပေါက်ခဲ့​ကြတယ်။

ထို​စာအုပ်​ငယ်​များ​မှ အမှန်တရားကို​တွေ့ ရှိ​ခြင်း

မာရီယန်​နဲ့​ကျွန်တော်​ဟာ ချာ့ခ်ျ​တစ်ခု​ကို​ရှာပြီး​ပူးပေါင်း​ဖို့ အကြံ​တစ်ခုပေါ်​လာ​ခဲ့​ကြတယ်။ တနင်္ဂနွေ​နေ့တိုင်း​အလှည့်ကျ​စီ တစ်ယောက်​က ချာ့ခ်ျ​ကို​သွား​နေတုန်း တစ်ယောက်​က ကလေး​တွေ​နဲ့​အတူ အိမ်မှာ​နေကြ​တယ်။ တနင်္ဂနွေ​တစ်ရက်​ကျ​တော့ မာရီယန်​အိမ်မှာ​နေဖို့​အလှည့်ကျ​ပေမဲ့ မ​စ္စစ်​စတက်​ခ်​ဟောက်​စ်​ပေး​လိုက်တဲ့ စာအုပ်​ငယ်​သုံး​အုပ်​ထဲ​က လုံခြုံမှု ဆို​တဲ့ ပထမ​စာအုပ်​ငယ်​ကို​ဖတ်​ဖို့ ကလေးထိန်း​ပေး​မယ်​လို့ ကျွန်တော်​ပြော​ခဲ့တယ်။ ကျွန်တော်​စ​ဖတ်​လိုက်တာနဲ့​ပဲ အဲဒီ​စာအုပ်​ကို လက်​က​မချ​ချင်​တော့​ဘူး! ဘယ်​ချာ့ခ်ျ​ကမှ မပြောပြ​နိုင်တာ​တွေ​ကို ကျွန်တော်​တွေ့​ပြီ​လို့ ပို​ပြီး​ပို​ပြီး​ယုံကြည်​စိတ်ချ​လာတယ်။ နောက်​တစ်ပတ်​မှာလည်း ဒီအတိုင်းပဲ၊ လှစ်ဟ​ထားသော ဆို​တဲ့ ဒုတိယ​စာအုပ်​ငယ်​ကို​ဖတ်ချင်​လို့ ကလေးထိန်း​ကျန်ရစ်​ခဲ့တယ်။ ကျွန်တော်​ဖတ်နေ​တဲ့​အကြောင်း​တွေ​ဟာ အကျွမ်းဝင်​နေ​သလို​လို​ပဲ။ ဦးလေး​ဘင် ယုံကြည်ခဲ့​တာ ဒါ​များလား။ ကျွန်တော်​တို့​မိသားစုက ဦးလေးရဲ့​ဘာသာ​တရားကို အူ​ကြောင်​ကြောင်​နိုင်​လွန်းတယ်လို့ ထင်​ခဲ့​ကြ​တာ။ မာရီယန်​ကော ဘယ်လိုထင်​မလဲ။ ကျွန်တော် စိုးရိမ်​စ​ရာ​မလို​ခဲ့​ပါ​ဘူး။ လှစ်ဟ​ထားသော စာအုပ်​ငယ်​ကို ကျွန်တော်​ဖတ်​ပြီး​ရက်​အနည်းငယ်​မှာ အလုပ်​ကနေ​အိမ်​ပြန်​ရောက်တဲ့အခါ မာရီယန်​က “ရှင်​ယူ​လာတဲ့ ဒီ​စာအုပ်​ငယ်​တွေ​ကို ကျွန်မ​ဖတ်​ပြီးပြီ။ တကယ့်ကို​စိတ်ဝင်စားစရာ​ပါ​ပဲ” လို့​ပြောလိုက်​တော့​မှ ကျွန်တော်​စိတ်အေး​ရတော့တယ်!

ဒီ​စာအုပ်​ငယ်​တွေ​ရဲ့​နောက်ကျော​မှာ မှားယွင်း​တဲ့​ဘာသာ​တရားကို သတ္တိရှိရှိ​ဖော်ထုတ်​ထား​တဲ့ ရန်သူများ ဆို​တဲ့​စာအုပ် မကြာခင်​ထွက်​တော့​မယ့်​အကြောင်း ဖော်ပြ​ထား​တယ်။ အဲဒီ​စာအုပ်​ကို ကျွန်တော်​တို့​လိုချင်​ကြတယ်။ စာတိုက်​က​တစ်ဆင့်​မ​မှာ​ခင်​မှာပဲ သက်သေခံ​တစ်ယောက် ကျွန်တော်​တို့​တံခါး​ကိုလာ​ခေါက်​ပြီး အဲဒီ​စာအုပ်​ကို​ပေး​ခဲ့တယ်။ အဲဒီ​စာအုပ်​ကြောင့် ကျွန်တော်​တို့ စိတ်​ဆုံးဖြတ်​လိုက်​ကြ​တော့​တယ်! ချာ့ခ်ျ​တွေ​ကို ဆက်​မ​တက်​တော့​ဘဲ န​ယူး​ဂျာ​စီ​ပြည်နယ်၊ ကဲ​မ်​ဒန်း​မြို့က ယေဟောဝါသက်သေ​အဖွဲ့ရဲ့​အစည်းအဝေးတွေကို စတက်​ခဲ့​ကြတယ်။ နောက်​လအနည်းငယ် ၁၉၃၈၊ ဇူလိုင် ၃၁၊ တနင်္ဂနွေ​နေ့မှာ ကျွန်တော်​တို့​လူ​အ​ယောက် ၅၀ အုပ်စု​ဟာ ညီအစ်မ​စတက်​ခ်​ဟောက်​စ်​ရဲ့​မြက်ခင်း—ကျွန်တော် အီစတာကိတ်​တွေ​ရောင်းဖို့ ကြိုးစား​ခဲ့​တဲ့​အိမ်—မှာ​တွေ့ဆုံ​ကြ​ပြီး တရားသူကြီး​ရပ်သဖော့ဒ်​ရဲ့ အသံသွင်း​ထား​တဲ့​နှစ်ခြင်း​ဟောပြောချက်ကို နားထောင်​ခဲ့​ကြတယ်။ ပြီး​တော့ အိမ်ထဲမှာ ကျွန်တော်​တို့​အဝတ်အစား​တွေ​လဲ​ပြီး အနား​က​ချောင်း​ကလေး​တစ်ခု​မှာ ၁၉ ယောက်​နှစ်ခြင်း​ခံ​လိုက်ကြတယ်။

ရှေ့ဆောင်​ဖြစ်​ဖို့ သန္နိ​ဋ္ဌာန်​ချ​ခဲ့

ကျွန်တော်​နှစ်ခြင်း​ခံ​ပြီး​မကြာခင်​မှာ အဖွဲ့​ထဲ​က​ညီအစ်မ​တစ်ယောက်​က လူထုရှေ့​အမှုတော်​ဆောင်ခြင်း​ကို အဓိက​လုပ်ဆောင်နေ​ကြ​တဲ့ ရှေ့ဆောင်​တွေ​အကြောင်း ကျွန်တော့်​ကို​ပြောပြ​တယ်။ အဲဒါကို ကျွန်တော်​ချက်ချင်း​စပ်စု​မေးမြန်း​ပြီး မကြာခင်​မှာ ရှေ့ဆောင်​လုပ်​နေကြ​တဲ့ မိသားစု​တစ်စု​ကို ကျွန်တော်​သိခွင့်​ရလာတယ်။ အနား​က​အသင်းတော်​တစ်ခု​မှာ သက်ကြီး​ပိုင်း​ညီအစ်ကို,ကို​နင်း၊ သူ့ရဲ့​ဇနီး​နဲ့ အရွယ်ရောက်​သမီးတို့​ဟာ ရှေ့ဆောင်​လုပ်​နေကြ​တယ်။ ကလေးငယ်​တွေ​ရှိတဲ့ ဖခင်​တစ်ယောက်​အနေ​နဲ့ ခရစ်ယာန်​ဓမ္မ​အမှုမှာ ကို​နင်း​မိသားစု​ပါဝင်​နေကြ​လို့ သူတို့​ရတဲ့​ပျော်ရွှင်မှု​ကို အားကျမိ​တယ်။ တစ်ခါ​တ​လေ ကျွန်တော့်​ရဲ့​ကိတ်မုန့်​ထရပ်ကား​ကို​ရပ်​ပြီး သူတို့နဲ့အတူ တစ်အိမ်​မှ​တစ်အိမ်​အမှုဆောင်မှာ ပါဝင်​ခဲ့တယ်။ မကြာခင် ကျွန်တော်​ကိုယ်တိုင် ရှေ့ဆောင်​လုပ်ချင်​လာတယ်။ ဒါပေမဲ့ ဘယ်လို​လုပ်မလဲ။ မာရီယန်​နဲ့​ကျွန်တော့်​မှာ ကလေးငယ်​နှစ်ယောက်​ရှိပြီး ကျွန်တော့်​အလုပ်​က​လည်း အတော်​အချိန်ကုန်​တဲ့​အလုပ်​ဖြစ်တယ်။ ဥရောပ​မှာ ဒုတိယ​ကမ္ဘာ​စစ်​စ​လို့ လူငယ်​အတော်များများ အမေရိကန်​ပြည်ထောင်စု​စစ်တပ်​ထဲ ဝင်​သွား​ကြ​တာ​ကြောင့် အရပ်သား​တွေ​အတွက် အလုပ်တွေ​များ​လာတယ်။ အရောင်း​လမ်းကြောင်း​ပို​ပြီး​မြှင့်တင်​ဖို့ တိုက်တွန်း​ခံ​နေရ​တော့ အဲဒီလို​အစီအစဉ်​မျိုးနဲ့​သာ​ဆိုရင် ကျွန်တော် ဘယ်တော့မှ​ရှေ့ဆောင်​လုပ်နိုင်မှာ မဟုတ်တော့ဘူး​ဆိုတာ​သိတယ်။

ရှေ့ဆောင်​လုပ်ချင်တဲ့ ကျွန်တော့်​ဆန္ဒ​အကြောင်း ညီအစ်ကို,ကို​နင်း​ကို​ပြောပြ​တော့ သူက “ယေဟောဝါ​ရဲ့​လုပ်ငန်းတော်မှာ ဆက်​ပြီး​ကြိုးစား​လုပ်ဆောင်နေ​ပါ၊ ကိုယ်တော့်​ထံ​ဆုတောင်း​ပြီး ညီအစ်ကို​ရဲ့​ပန်းတိုင်​ဆက်​ထား​ပါ။ ပန်းတိုင်​ရောက်​အောင် ကိုယ်တော်​ကူညီပေး​လိမ့်မယ်” လို့​ပြော​ခဲ့တယ်။ အဲဒီအတိုင်း တစ်နှစ်​ကျော်​ကျော် ကျွန်တော်​ဆက်​လုပ်ဆောင်ခဲ့တယ်။ ယေဟောဝါ​ကို​မတောင်းဆို​ခင် ကျွန်တော်​တို့​လိုအပ်ရာ​တွေ​ကို ကိုယ်တော်​သိတယ်လို့ အာမခံ​ထား​တဲ့ မဿဲ ၆:၈ လို​ကျမ်းချက်​တွေ​ကို ကျွန်တော်​မကြာခဏ​ပြန်ဖတ်​တယ်။ ပြီး​တော့ ဘုရားသခင့်​နိုင်ငံတော်​နဲ့​ဖြောင့်မတ်ခြင်း​ကို ရှေးဦး​ရှာပါ​ဆို​တဲ့ မဿဲ ၆:၃၃ က​အကြံဉာဏ်​ကို လိုက်လျှောက်ဖို့ ကြိုးစား​ခဲ့တယ်။ ဇုန်​အမှုထမ်း (ယခု​အခေါ်​အရ တိုက်နယ်​ကြီးကြပ်မှူး) မဲ​လ်ဗင် ဝင်း​ချက်​စ​တာ​က​လည်း ကျွန်တော့်​ကို​အားပေးခဲ့တယ်။

မာရီယန်​ကို ကျွန်တော့်​ပန်းတိုင်​တွေ​ပြောပြ​တယ်။ ကျွန်တော်​တို့ကို ကောင်းချီး​မင်္ဂလာ​သွန်းလောင်း ပေး၊ မပေး​စမ်းသပ်​ကြည့်​ဖို့ အားပေးထား​တဲ့ မာလခိ ၃:၁၀ ကို​ကျွန်တော်​တို့​ဆွေးနွေး​ခဲ့​ကြသေးတယ်။ “တကယ်လို့ ရှင်​ရှေ့ဆောင်​လုပ်ချင်​တယ်​ဆိုရင် ကျွန်မ​ကြောင့် အနှောင့်အယှက်​မဖြစ်စေ​နဲ့။ ရှင်​ရှေ့ဆောင်​လုပ်​နေတုန်း သမီးတွေကို ကျွန်မ​ထိန်း​နိုင်တယ်။ ကျွန်မ​တို့​မှာ ဥစ္စာ​ပစ္စည်း​များများ​စား​စား​မလိုဘူး” လို့​သူ​ပြော​တဲ့​အတွက် ကျွန်တော်​အားရှိခဲ့​တယ်။ အိမ်ထောင်သက် ၁၂ နှစ်​ကြာ​အတွင်းမှာ မာရီယန်​ဟာ ချွေတာ​စေ့စပ်​တဲ့​အိမ်ရှင်မ​ဆိုတာ ကျွန်တော်​သိလာတယ်။ နှစ်တွေ​တစ်လျှောက် မာရီယန်​ဟာ ရှေ့ဆောင်​အဖော်ကောင်း​တစ်ယောက်​ဖြစ်​ခဲ့တယ်၊ အနှစ် ၆၀ နီးပါး အချိန်ပြည့်​လုပ်ငန်းတော်မှာ အောင်မြင်​တဲ့​လျှို့ဝှက်ချက်​တစ်ခု​က​တော့ ရှိတာ​လေး​နဲ့​ရောင့်ရဲ​ပြီး အဲဒါကို​တောင် အများကြီး​လို့​ယူမှတ်​တတ်​တဲ့ သူ့ရဲ့​အရည်အချင်း​ပဲ။

လ​နဲ့​ချီ ဆုတောင်း​စီစဉ်​ပြီး​တဲ့​နောက် ၁၉၄၁၊ နွေ​ရာသီမှာ မာရီယန်​နဲ့​ကျွန်တော်​တို့ စု​ထား​တဲ့​ပိုက်ဆံ​နဲ့ မိသားစု​နေဖို့ ၁၈ ပေ​ရှိတဲ့ ခရီး​သွား​နောက်​တွဲ​ယာဉ်​တစ်ခု​ဝယ်ခဲ့တယ်။ အလုပ်​က​ထွက်​ပြီး ၁၉၄၁၊ ဇူလိုင်​လမှာ မှန်မှန်ရှေ့ဆောင်​လုပ်ခဲ့တယ်၊ အဲဒီ​ကတည်းက အချိန်ပြည့်​လုပ်ငန်းမှာ ကျွန်တော်​ပါဝင်​ခဲ့တယ်။ ကျွန်တော်​ဦးဆုံး​တာဝန်ကျ​တဲ့​နေရာ​က ဩဂုတ်​လ​အစောပိုင်းမှာ စည်းဝေးကြီး​ကျင်းပ​မယ့် မစ်ဆူရီ​ပြည်နယ်၊ န​ယူး​ဂျာ​စီ​နဲ့ စိန့်​လူး​ဝ​စ္စ​မြို့​ကြား​က လမ်းကြောင်း ၅၀ ပေါ်မှာ​ရှိတဲ့ ဆယ်​မှတ်တိုင်​အဝေး​မှာ​ဖြစ်တယ်။ အဲဒီ​လမ်းတစ်လျှောက်​မှာ​ရှိတဲ့ ညီအစ်ကို​တွေ​ရဲ့ နာမည်​နဲ့​လိပ်စာ ကျွန်တော့်​ကို​ပို့ပေး​လို့ ကျွန်တော်​ရောက်​မယ့်​အချိန်ကို ကြို​ပြီး​အကြောင်းကြား​နိုင်တာ။ စည်းဝေးကြီး​ရောက်တဲ့အခါ ရှေ့ဆောင်​စားပွဲ​ကို​သွားပြီး တာဝန်ကျ​မယ့် နောက်​တစ်​နေရာကို သွား​စုံစမ်း​ဖို့​ဖြစ်တယ်။

“ယေဟောဝါ​ကို စမ်းသပ်​ကြည့်​ဦး​မယ်”

ကျွန်တော်​တို့​ရဲ့​ခရီး​သွား​နောက်​တွဲ​ယာဉ်​လေး​ပေါ် စာအုပ်စာတမ်း​တွေ​တင်ပြီး ညီအစ်ကို​တွေ​ကို​နှုတ်ဆက်​ဖို့ ကန်​ဒန်း​မြို့မှာ နောက်ဆုံး​အစည်းအဝေး​သွား​တက်​ခဲ့​ကြတယ်။ အရမ်း​ငယ်​သေး​တဲ့​သမီးလေး​နှစ်ယောက်​နဲ့ စည်းဝေးကြီး​ပြီး​ရင် ဘယ်​ရောက်မယ်​မှန်း​မသိသေးတဲ့ ကျွန်တော်​တို့​ရဲ့​အဖြစ်ကို လက်တွေ့​မကျ​ဘူးလို့ အချို့​ညီအစ်ကို​တွေ ယူမှတ်တယ်​ထင်​ပါ​ရဲ့၊ “ညီအစ်ကို​တို့ မကြာခင်​ပြန်လာ​ကြ​မှာ​ပါ” လို့​ပြော​ကြတယ်။ “ကျွန်တော်​ပြန်​မလာ​ဘူးလို့ မပြော​ပါ​ဘူး။ ကျွန်တော့်​ကို ယေဟောဝါ​ကြည့်ရှု​စောင့်ရှောက်​မယ်​လို့​ပြော​ထား​လို့ ယေဟောဝါ​ကို စမ်းသပ်​ကြည့်​ဦး​မယ်” လို့​ဖြေ​ခဲ့​တာ​ကို ကျွန်တော်​မှတ်မိ​သေး​တယ်။

မက်ဆာချူးဆက်​ကနေ မစ္စစ္စပီ​အထိ​မြို့ ၂၀ မှာ​အနှစ်​ခြောက်​ဆယ် ရှေ့ဆောင်​ခဲ့​ပြီး​နောက် ယေဟောဝါ​ကတိပေး​တာ​ထက်​တောင် ပို​ပါ​တယ်လို့ ကျွန်တော်​တို့​ပြော​နိုင်တယ်။ မာရီယန်၊ ကျွန်တော်​နဲ့ သမီး​နှစ်ယောက်​အပေါ် ကိုယ်တော်​သွန်းလောင်း​တဲ့​ကောင်းချီး​တွေ​ဟာ ၁၉၄၁ ခုနှစ်​က ကျွန်တော်​မျှော်လင့်​ထား​တာ​ထက်​ပို​ပါ​တယ်။ ကျွန်တော်​တို့​သမီးတွေဟာ အနား​က​အသင်းတော်​တွေ​မှာ သစ္စာရှိ​ရှိ​ရှေ့ဆောင်​ခဲ့​တာ​ရ​ယ်၊ (နောက်ဆုံး​တွက်ချက်မှု​အရ) အမေရိကန်​ပြည်ထောင်စု အရှေ့​ကမ်းရိုးတန်း​တစ်လျှောက်​မှာ ဝိညာဉ်​ရေးသား​သမီး​တစ်​ရာ​နီးပါး​ရှိတာ​ရ​ယ်​က​လည်း ကောင်းချီး​တွေ​ထဲမှာ​ပါ​တယ်။ သူတို့​ဘဝကို ယေဟောဝါ​ဘုရားသခင်​အတွက် ဆက်ကပ်​အပ်နှံ​ခဲ့​ကြ​တဲ့ ၅၂ ယောက်​ကို ကျွန်တော်​ကျမ်းစာ​သင်ပေး​ပြီး မာရီယန်​က ၄၈ ယောက်​ကို​သင်ပေးခဲ့တယ်။

၁၉၄၁၊ ဩဂုတ်​လမှာ စိန့်​လူး​ဝ​စ္စ​မြို့ကို ကျွန်တော်​တို့​ရောက်တော့ ဗေသလ​က​ညီအစ်ကို​တီ. ဂျေ. ဆ​လီ​ဗန်​နဲ့​တွေ့ဆုံ​ခဲ့တယ်။ စစ်​ဖြစ်​တော့​မယ်​ဆိုတော့ စစ်မှု​မ​ထမ်း​မနေ​ရ​အမိန့်​ကြောင့် ကျွန်တော်​လိုအပ်​နေတဲ့ ကျွန်တော့်​ခန့်အပ်​စာ​ကို သူ​ပေး​တယ်။ ကျွန်တော့်​ဇနီး​က ခရစ်ယာန်​ဓမ္မ​အမှုမှာ ကျွန်တော့်​လို​ပဲ အချိန်ပေး​တယ်၊ သူလည်းပဲ ကျွန်တော်​နဲ့​အတူ ရှေ့ဆောင်​လုပ်ချင်​တယ်လို့ ညီအစ်ကို​ဆ​လီ​ဗန်​ကို ပြောပြ​ခဲ့တယ်။ ဒီ​စည်းဝေးကြီး​မှာ ရှေ့ဆောင်​စားပွဲ​မ​စီစဉ်​ရ​သေး​ပေမဲ့ ညီအစ်ကို​ဆ​လီ​ဗန်​က မာရီယန်​ကို ရှေ့ဆောင်​အဖြစ် ချက်ချင်း​လက်မှတ်ထိုး​ခန့်​လိုက်ပြီး “စည်းဝေးကြီး​ပြီး​ရင် ဘယ်​နေရာမှာ ရှေ့ဆောင်​လုပ်မှာ​လဲ” လို့​ကျွန်တော်​တို့ကို​မေးတယ်။ ကျွန်တော်​တို့​မသိ​ရသေးတဲ့​အကြောင်း ပြောပြ​တယ်။ သူက “မစိုးရိမ်ပါနဲ့၊ ရှေ့ဆောင်​လို​နေတဲ့​ဒေသက တစ်ယောက်ယောက်​ကို ဒီ​စည်းဝေးကြီး​မှာ တွေ့​ပါ​လိမ့်မယ်၊ အဆင်ပြေ​မှာ​ပါ။ ဘယ်​ရောက်နေတယ်​ဆိုတာ​ကို စာရေး​အကြောင်းကြား​ပါ၊ ခန့်အပ်​စာ ပို့ပေး​လိုက်မယ်” တဲ့။ အဲဒီအတိုင်းပဲ​ဖြစ်လာ​တယ်။ ဖြစ်​ပုံ​က​ဒီလို– ဇုန်​ကြီးကြပ်မှူး​ဖြစ်​ခဲ့​တဲ့ ညီအစ်ကို​ဂျက်​ခ် ဒီ​ဝီတ်​က ရှေ့ဆောင်​အနည်းငယ်​ထပ်​လို​နေတဲ့ ဗာဂျီးနီးယား​ပြည်နယ်၊ န​ယူး​မား​ကဲ​တ်​က ရှေ့ဆောင်​အိမ်မှာ နေထိုင်ကြ​တဲ့​လူတချို့ကို သိတယ်။ ဒါနဲ့ စည်းဝေးကြီး​ပြီး​တော့ န​ယူး​မား​ကဲ​တ်​ကို ကျွန်တော်​တို့​ထွက်ခွာ​ခဲ့​ကြတယ်။

န​ယူး​မား​ကဲ​တ်​မှာ ကျွန်တော်​တို့ အထူး​ပျော်ရွှင်စရာ​တစ်ခု​ဖြစ်​ခဲ့တယ်။ ကျွန်တော်​တို့​နဲ့​အတူ ရှေ့ဆောင်​လုပ်ငန်းမှာပါ​ဝင်​ဖို့ ဖီလဒဲလ်ဖီးယား​ကနေ​ရောက်လာ​သူကတော့ ဘင်ဂျမင်ရဲန်ဆမ်း​ပါ​လား! ဟုတ်တယ်၊ ဦးလေး​ဘင်​ပါ​ပဲ။ ဘော့စတွန်​မှာ​နေတုန်းက ကျွန်တော့်​နှလုံး​ထဲ အမှန်တရား​မျိုးစေ့ကြဲ​ခဲ့​တဲ့​ဦးလေး​နဲ့ ၂၅ နှစ်​ကျော်​တွဲ​ပြီး တစ်အိမ်​မှ​တစ်အိမ်​ဓမ္မ​အမှုမှာ​ပါဝင်​ရတာ တကယ့်ကို​ပျော်စရာ​ပါ​ပဲ! မိသားစုရဲ့​ဥပေက္ခာပြု​ခံရ၊ ကဲ့ရဲ့​ပြောင်လှောင်​ခံရ​ရုံ​မ​က ညှဉ်းပန်း​နှိပ်စက်မှု​ခံရ​တဲ့​ကြား​က ဦးလေး​ဘင်​ဟာ ယေဟောဝါ​နဲ့​ခရစ်ယာန်​ဓမ္မ​အမှု​အပေါ် သူ့ရဲ့​မြတ်နိုး​စိတ် တစ်ခါ​မှ​မ​ပျောက်​ခဲ့​ဘူး။

န​ယူး​မား​ကဲ​တ်​က ရှေ့ဆောင်​အိမ်မှာ ရှစ်​လ​အထိ​ပျော်ပျော်ပါးပါး​နေခဲ့​ကြတယ်။ အဲဒီ​အချိန်​အတောအတွင်း​မှာ စာအုပ်စာတမ်း​တွေ​အတွက် ကြက်​တွေ၊ ကြက်​ဥ​တွေ​နဲ့ လဲလှယ်​တတ်​ရုံ​မ​က အခြား​အရာ​တွေ​လည်း​တတ်သိလာ​ခဲ့​ကြရတယ်။ အဲဒီနောက် ဦးလေး​ဘင်၊ မာရီယန်၊ ကျွန်တော်​တို့​နဲ့​အတူ အခြား​သုံးယောက်ကို ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ပြည်နယ်၊ ဟဲ​နို​ဗာ​မြို့မှာ အထူး​ရှေ့ဆောင်​အဖြစ်​ခန့်အပ်​ခဲ့တယ်။ အဲဒါ​က ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ပြည်နယ်​မှာ ၁၉၄၂ ခုနှစ်​ကနေ ၁၉၄၅ ခုနှစ်​အထိ တာဝန်ကျ​တဲ့​ခြောက်​နေရာ​ထဲ​က ဦးဆုံး​တာဝန်​ပဲ။

ဒုတိယ​ကမ္ဘာ​စစ်​အတွင်း အထူး​ရှေ့ဆောင်​များ

ဒုတိယ​ကမ္ဘာ​စစ်​အတွင်းမှာ ကျွန်တော်​တို့​ရဲ့​ကြားနေ​မှု​ကြောင့် ရန်လို​မုန်းတီးမှု​ခံရ​တဲ့​အချိန်တွေ​ရှိပေမဲ့ ယေဟောဝါ​က ကျွန်တော်​တို့ကို အမြဲတမ်း​ကူညီပေး​ခဲ့တယ်။ တစ်ခါ​က မက်ဆာချူးဆက်​ပြည်နယ်၊ ပ​ရော​ဖင့်​တောင်​မြို့ရွာ​မှာ ကျွန်တော်​တို့​ရဲ့​ဗျူးအစ်ခ်​ကားဟောင်း​ကြီး​ပျက်​သွား​လို့ ရန်လို​နေတဲ့ . . . ရပ်ကွက်ကို မိုင်​အနည်းငယ်​ဖြတ်လျှောက်​ပြီး ပြန်လည်ပတ်မှု​သွားခဲ့​ရတယ်။ ကျွန်တော့်​ကို​မှတ်မိ​တဲ့ လမ်း​သရဲ​လူငယ်​တစ်စု​နားက​ဖြတ်သွားတဲ့​အခါ သူတို့​ကျွန်တော့်​ကို အော်ဟစ်​ပါ​လေ​ရော။ ဒီ​လူငယ်တွေ ကျွန်တော့်​နောက်​မလိုက်​လာပါစေ​နဲ့​လို့​မျှော်လင့်​ရင်း ကျောက်ခဲ​ပစ်ပေါက်သံ​တွေ​ကြား​က သုတ်​ခြေ​တင်လျှောက်​ခဲ့​ရတယ်။ ဒဏ်ရာ​မရဘဲ စိတ်ဝင်စားသူ​အိမ်ကို ကျွန်တော်​ချောချောမောမော​ရောက်သွား​တယ်။ လေးစား​ခံရ​တဲ့​အမေရိကန်​စစ်မှုထမ်း​ဟောင်း အိမ်ရှင်​ဆီ​ရောက်တော့ သူက “ကျွန်တော်​တို့ မြို့ထဲမှာ​ရုပ်ရှင်​သွား​ကြည့်​မှာ​မို့ ဒီနေ့​ည ခင်ဗျား​ကို​အချိန်​မပေး​နိုင်ဘူး” လို့​တောင်းပန်​ခဲ့တယ်။ ကျွန်တော့်​အပြန်​ကို လမ်းထောင့်​မှာ​စောင့်​နေကြ​တဲ့ ခဲ​နဲ့​ပစ်​ခဲ့​တဲ့​အုပ်စု​ကို​စဉ်းစားမိ​ပြီး ကျွန်တော်​ကြောက်​ဒူး​တုန်​သွားတယ်။ ဒါပေမဲ့ ဒီ​လူကြီး​လူကောင်း​က “ကျွန်တော်​တို့​နဲ့​အတူ လမ်းလျှောက်​လိုက်ခဲ့ပါ​လား။ လမ်းမှာ စကားပြော​လို့​ရတာပေါ့” လို့​ပြော​တော့ ကျွန်တော်​အားတက်သွား​တယ်။ ဒီလိုနဲ့ သူ့ကို​သက်သေခံ​ရင်း အန္တရာယ်​နေရာကို ဘေးကင်း​စွာ​နဲ့​ဖြတ်ကျော်​နိုင်​ခဲ့တယ်။

မိသားစု​နှင့် ခရစ်ယာန်​ဓမ္မ​အမှုကို ဟန်ချက်ညီ​စေခြင်း

စစ်​ပြီး​နောက် ချား​လက်​စ်ဗီလ်​မှာ အထူး​နဲ့​မှန်မှန်ရှေ့ဆောင်​တွေ​အနေ​နဲ့ ရှစ်နှစ်​နေခဲ့ရ​သေး​တဲ့ ဗာဂျီးနီးယား​ပြည်နယ် တစ်​နေရာ​ပြီး​တစ်​နေရာမှာ တာဝန်ကျ​ခဲ့​သေး​တယ်။ ၁၉၅၆ ခုနှစ်​မှာ သမီးတွေလည်း အရွယ်ရောက်​လို့ အိမ်ထောင်ကျ​ကုန်ပြီ၊ မာရီယန်​နဲ့​ကျွန်တော်​လည်း ဗာဂျီးနီးယား​ပြည်နယ်၊ ဟာ​ရီ​စ​န်​ဘာ​ဂ်​မြို့မှာ ရှေ့ဆောင်​အဖြစ်၊ မြောက်​ကယ်ရိုလိုင်းနား​ပြည်နယ်၊ လင်း​ကွန်​တန်​မြို့မှာ အထူး​ရှေ့ဆောင်​တွေ​အဖြစ် ရွှေ့​ပြောင်း​နေထိုင်ခဲ့​ကြတယ်။

၁၉၆၆ ခုနှစ်​မှာ အသင်းတော်​တစ်ခု​ကနေ​တစ်ခု​ကို​သွားပြီး ညီအစ်ကို​တွေ​ကို​အားပေး​ရတဲ့ တိုက်နယ်​လုပ်ငန်းမှာ တာဝန်ရ​ရှိခဲ့တယ်၊ ၁၉၃၀ ပြည့်နှစ်​တွေ​တုန်း​က န​ယူး​ဂျာ​စီ​မှာ ကျွန်တော့်​ကို ညီအစ်ကို​ဝင်း​ချက်​စ​တာ​အားပေးခဲ့​သလို​ပေါ့။ နှစ်နှစ်​အထိ တဲ​နက်​စီ​တိုက်နယ်​က အသင်းတော်တွေဆီ​လှည့်​ခဲ့​ရတယ်။ နောက်တော့ ကျွန်တော်​တို့​အလွန်​မြတ်နိုးတဲ့​အထူး​ရှေ့ဆောင်​အလုပ်ကို ပြန်​လုပ်ကြ​မလားလို့ မာရီယန်​နဲ့​ကျွန်တော့်​ကို​မေးတယ်။ ၁၉၆၈ ခုနှစ်​ကနေ ၁၉၇၇ ခုနှစ်​အထိ တောင်ဘက်​စွန်း​မှာ ဂျော်ဂျီယာ​ပြည်နယ်​ကနေ မစ္စစ္စပီ​ပြည်နယ်​တစ်လျှောက်​မှာ အထူး​ရှေ့ဆောင်​လုပ်ခဲ့ကြတယ်။

ဂျော်ဂျီယာ​ပြည်နယ်၊ အီစ်မဲန်မြို့​မှာ နှစ်ပေါင်း​များစွာ တိုက်နယ်​ကြီးကြပ်မှူး​လုပ်ခဲ့ပေမဲ့ ကျန်းမာ​ရေး​ချို့တဲ့​လာတဲ့ ချစ်ရသူသက်ကြီး​ညီအစ်ကို​ပေါင်​ဝဲ​လ် ခါ​ခ်​လဲ​န်​အစား ကျွန်တော့်​ကို အသင်းတော်​ကြီးကြပ်မှူး (ယခု​အခေါ်​အရ ဦးစီး​ကြီးကြပ်မှူး) အဖြစ်​ခန့်အပ်​လိုက်တယ်။ ကျွန်တော့်​ကို သူ​အရမ်း​ကျေးဇူး​တင်ပြီး ကူညီပေး​ခဲ့တယ်။ အဲဒီ​အသင်းတော်မှာ အထင်ကရ​ပုဂ္ဂိုလ်​တချို့​ပါဝင်​တဲ့ စိတ်ဝမ်းကွဲ​မှု​ဖြစ်နေ​လို့ သူ့​အကူအညီ​က တကယ့်ကို​အရေးပါ​ခဲ့တယ်။ အချေအတင်​ငြင်းခုံ​မှု​က အတော်လေး​ဆိုး​လာ​ခဲ့လို့ အချိန်​ယူပြီး ယေဟောဝါ​ကို​ဆုတောင်း​ခဲ့တယ်။ “ထာဝရ​ဘုရား[သခင်]ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်။ သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရား[သခင်]ကို မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်” ဆို​တဲ့ နယပုံပြင် ၃:၅၊ ၆ လို​ကျမ်းချက်​တွေ​ကို ကျွန်တော်​ပြန်သတိရ​မိတယ်။ ဆက်သွယ်ရေး​လမ်းကြောင်းကို ကြိုးစား​ဖွင့်ပေး​ထား​တဲ့​အတွက် အကျိုးရှိရှိ​နဲ့​အသင်းတော်ကို​ပြန်​စည်းလုံးစေ​နိုင်​ခဲ့တယ်။

၁၉၇၇ ခုနှစ်​မှာ ကျွန်တော်​တို့​အသက်​တွေ​ထောက်​လာ​ကြ​လို့ သမီး​နှစ်ယောက်စလုံး​ရဲ့ မိသားစု​တွေ​နေတဲ့ ချား​လက်​စ်ဗီလ်​ဒေသ​ကို ကျွန်တော်​တို့​ပြန်​ပြီး​တာဝန်ကျ​ခဲ့တယ်။ လွန်ခဲ့တဲ့ ၂၃ နှစ်​အတွင်း ဗာဂျီးနီးယား​ပြည်နယ်၊ ရာ​ခါ​စ်ဗီလ်​အသင်းတော်ကို​စ​တည်ထောင်​ဖို့ ကူညီပေး​ခွင့်​ရတယ်၊ ကျွန်တော်​တို့​ရဲ့​အစောပိုင်း​ကျမ်းစာ​သင်သားတွေရဲ့ သားသမီးတွေ​နဲ့​မြေး​တွေ အရွယ်​ရောက်လာ​ကြ​ပြီး အသင်းတော်​အကြီးအကဲ​တွေ၊ ရှေ့ဆောင်​တွေ​နဲ့ ဗေသလ​အိမ်သားတွေ​ဖြစ်လာ​တာတွေကို မြင်တွေ့ရ​တဲ့​အတွက် ဒီ​ဒေသမှာ​အမှုဆောင်ခဲ့​ရတာ ပျော်ရွှင်​ခဲ့​ရ​ပါ​တယ်။ မာရီယန်​နဲ့​ကျွန်တော်​ဟာ အခုထိ လယ်ကွင်း​လုပ်ငန်းမှာ အတော်များများ​ပါဝင်​နိုင်​သေး​တဲ့​အပြင် အရှေ့​ချား​လက်​စ်ဗီလ်​အသင်းတော်မှာ စာအုပ်ကြီး​သင်တန်း​ကိုင်​ရပြီး လူထု​ဟောပြောချက်​ပေး​တဲ့ အကြီးအကဲ​တစ်ယောက်​အနေ​နဲ့ တက်ကြွ​စွာ​လုပ်ဆောင်ခွင့်​ရရှိ​သေး​တယ်။

နှစ်တွေ​တစ်လျှောက်​မှာ လူတိုင်း​လို​ပဲ ကျွန်တော်​တို့​ပြဿနာ​တွေ​ကြုံ​ခဲ့​ရတယ်။ ဥပမာ၊ ကျွန်တော်​တို့​ကြိုးစား​နေတဲ့​ကြား​က ဒေါ​ရ​စ္စ​ဟာ ဆယ်ကျော်သက်​နှောင်းပိုင်း​မှာ အတော်ကြာကြာ ဝိညာဉ်​ရေး​အားနည်း​ပြီး သက်သေခံ​မဟုတ်တဲ့​သူနဲ့ အိမ်ထောင်ပြု​ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါ​အပေါ် သူ့ရဲ့​မေတ္တာက လုံးဝ​ပျောက်​မသွား​ပါ​ဘူး၊ သူ့​သား​ဘီလ်​ဟာ နယူးယောက်၊ ဝေါလ်ကီး​လ်​က​ဗေသလမှာ အမှုဆောင်တာ ၁၅ နှစ်​ရှိသွား​ပြီ။ အခု​ဆိုရင် ဒေါ​ရ​စ္စ​ရော၊ လူ​ဝ​စ္စ​ပါ မုဆိုးမ​တွေ​ဖြစ်နေ​ကြ​ပေမဲ့ သူတို့ဟာ အနားမှာ​ပဲ ပျော်ပျော်ရွှင်ရွှင်​နဲ့ မှန်မှန်ရှေ့ဆောင်​နေကြပါ​တယ်။

နှစ်များ​တစ်လျှောက် သင်ယူ​ခဲ့​ရသော သင်ခန်းစာများ

ယေဟောဝါ​ရဲ့​အမှုတော်ကို​ထမ်းဆောင်​တဲ့​အခါ အောင်မြင်​ဖို့​အတွက် နည်း​ရိုးရိုးလေး​တွေ​ကို​လိုက်​ဖို့ ကျွန်တော်​တတ်​လာတယ်– သင့်​ဘဝကို ရိုးရှင်း​စွာ​ထား​ပါ။ သင့်ကိုယ်​ရေး​ကိုယ်တာ​ဘဝ​အပါအဝင် သင့်​အပြု​အမူ​အားလုံး​မှာ ပုံသက်သေ​ဖြစ်စေ​ပါ။ အရာရာတိုင်းမှာ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ ရဲ့​ညွှန်ကြားချက်​ကို လိုက်နာပါ။—မဿဲ ၂၄:၄၅

မာရီယန်​လည်း ကလေး​တွေ​ကို​ကြည့်ရှု​ပြုစု​ရင်း အောင်မြင်​တဲ့​ရှေ့ဆောင်​ဖြစ်​နိုင်​ဖို့ ထိရောက်​တဲ့​အကြံပြုချက်​တွေ​ပါ​တဲ့​စာရင်း​တစ်ခု ပြုစု​ထား​တယ်– လိုက်လျှောက်​လုပ်ကိုင်​နိုင်​တဲ့ ဇယား​တစ်ခု​ထား​ပါ။ သင့်ရဲ့​ရှေ့ဆောင်​ဓမ္မ​အမှုကို တကယ့်​အသက်တာ​လုပ်ငန်း​ဖြစ်စေ​ပါ။ ကျန်းမာ​ရေး​ညီညွတ်​စေ​တဲ့ အစာ​တွေ​ကို​စား​ပါ။ လိုအပ်​သလို အနား​ယူပါ။ အလွန်​အ​ကြူး အပန်း​မဖြေ​ပါ​နဲ့။ ခရစ်ယာန်​ဓမ္မ​အမှု​ရဲ့ ကဏ္ဍ​အားလုံး​အပါအဝင် အမှန်တရားကို သင့်​ကလေး​တွေ​ရဲ့​ဘဝမှာ နှစ်သက်​ပျော်ရွှင်စရာ​အတွေ့အကြုံ​ဖြစ်စေ​ပါ။ အချိန်တိုင်းမှာ ခရစ်ယာန်​ဓမ္မ​အမှုကို သူတို့​အတွက် စိတ်ဝင်စားစရာ​အတွေ့အကြုံ​ဖြစ်စေ​ပါ။

အခု​ဆိုရင် ကျွန်တော်​တို့​အသက် ၉၀ ကျော်​နေကြပါ​ပြီ။ စတက်​ခ်​ဟောက်​စ်​အိမ်​မြက်ခင်း​မှာ​ပေး​တဲ့ နှစ်ခြင်း​ဟောပြောချက်ကို​ကြား​ခဲ့​တဲ့​အချိန်​ဟာ ခြောက်​ဆယ့်နှစ်​နှစ်​ကြာ​ခဲ့ပြီ၊ အချိန်ပြည့်​လုပ်ငန်းတော်မှာ အနှစ် ၆၀ ပါဝင်​ခဲ့​ပါ​ပြီ။ ကျွန်တော်​တို့​ရဲ့​အသက်တာကို အ​ကျေနပ်​ကြီး​ကျေနပ်​တယ်လို့ မာရီယန်​နဲ့​ကျွန်တော် အမှန်အတိုင်း​ပြော​နိုင်​ပါ​တယ်။ ဝိညာဉ်​ရေး​ပန်းတိုင်​တွေ​ကို ရှေးဦး​ထားပြီး ပန်းတိုင်​ရောက်​ဖို့​ကြိုးစား​ပါ​လို့ ဖခင်​ပေါက်စ​ဖြစ်​တုန်း​က ကျွန်တော်​အားပေးမှု​ရရှိခဲ့တဲ့​အတွက် အင်မတန်​ကို​ကျေးဇူး​တင်ပြီး နှစ်တွေ​တစ်လျှောက်​မှာ ကျွန်တော့်​ချစ်​ဇနီး​မာရီယန်​ရ​ယ်၊ သမီးတွေ​ရဲ့ ထောက်ပံ့​ကူညီ​မှု​ရခဲ့လို့ ကျေးဇူး​တင်​ပါ​တယ်။ ကျွန်တော်​တို့​မှာ စည်းစိမ်ဥစ္စာ​မရှိကြ​ပေမဲ့ ‘ငါ့​ထက် အဘယ်သူ​စား​ရသနည်း။ အဘယ်သူ​သောက်​ရသနည်း’ ဆို​တဲ့ ဒေ. ၂:၂၅ ဟာ​ကျွန်တော်​နဲ့​ပတ်သက်​တယ်လို့ မကြာခဏ​ပြော​ခဲ့​ပါ​တယ်။

ကျွန်တော်​တို့​အဖြစ်အပျက်​ကို​ကြည့်​မယ်​ဆိုရင် ယေဟောဝါ​ဟာ မာလခိ ၃:၁၀ မှာ​တွေ့ရ​တဲ့​ကတိ​အတိုင်း မခြွင်းမချန်​လုပ်ဆောင်ပေး​ခဲ့​တာ​အမှန်ပါပဲ။ ကိုယ်တော်​ဟာ တကယ်ပဲ “ကောင်းချီး​မင်္ဂလာ​ကို အကုန်အစင်​သွန်းလောင်း” ခဲ့တယ်!

[စာမျက်နှာ ၂၉ ပါ​လေးထောင့်ကွက်/ ရုပ်ပုံ]

စစ်​အတွင်း​နှစ်များ​က အမှတ်ရ​စ​ရာ​များ

စစ်​ပြီး​နောက် အနှစ် ၆၀ နီးပါး​ကြာ​သွားပေ​မဲ့ အဲဒီ​နှစ်များ​ရဲ့​အဖြစ်အပျက်တွေကို မိသားစု​လိုက် ကွင်းကွင်းကွက်ကွက်​အမှတ်ရနေ​ကြ​တုန်း​ပါ​ပဲ။

“ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ပြည်နယ်​ဟာ တကယ်ပဲ​အေးခဲ​သွားနိုင်တယ်” ဟု​ဒေါ​ရ​စ္စ​က​ပြန်​အမှတ်ရ​သည်။ “တစ်ည​မှာ ၃၀ ဒီဂရီ​ဖာရင်ဟိုက်​အောက်​ရောက်သွား​တယ်။ ခြေထောက်​တွေ​နွေး​ရအောင် ကျွန်မ​တို့​ရဲ့​ဗျူးအစ်ခ်​ကားဟောင်း​ရဲ့ အနောက်​ထိုင်ခုံ​မှာ ဒေါ​ရ​စ္စ​နဲ့​ကျွန်မ​ဟာ တစ်ယောက်​ခြေထောက်​အပေါ် တစ်ယောက်​တက်​ထိုင်​ခဲ့​ကြတယ်” ဟု​လူ​ဝိစ္စ​က ဖြည့်စွက်​ပြောပြ​သည်။

“ဒါပေမဲ့ ကျွန်မ​တို့​ဟာ ဆင်းရဲ​ချို့တဲ့​နေတယ်လို့ တစ်ခါ​မှ​မခံစား​ခဲ့​ရ​ဖူး​ဘူး” ဟူ၍ ဒေါ​ရ​စ္စ​က​ပြောပြ​သည်။ “သူများ​ထက် ကျွန်မ​တို့​ဟာ ပို​ပြီး​ပြောင်းရွှေ့​ခဲ့​ရပေမဲ့ ကျွန်မ​တို့​ကောင်းကောင်း​စားသောက်​ခဲ့​ရတယ်၊ ကျွန်မ​တို့​ထက် နည်းနည်း​ကြီး​တဲ့​သမီးတွေ​ရှိတဲ့ အိုဟိုင်အို​မြို့က မိတ်ဆွေ​အချို့​ပေး​တဲ့ အသစ်စက်စက်​နီးပါး​လောက်​ရှိတဲ့​အဝတ်အစား​လှလှ​တွေ ကျွန်မ​တို့​ဝတ်​ခဲ့​ရတယ်။”

“ကျွန်မ​တို့​ဟာ​ချစ်ခင်​မြတ်နိုး​စ​ရာ​ကောင်း​တဲ့​သမီးတွေ​လို့ အဖေနဲ့​အမေကို အမြဲ​ခံစား​စေတယ်၊ ကျွန်မ​တို့​လည်း မိဘတွေ​နဲ့​အတူ ခရစ်ယာန်​ဓမ္မ​အမှုမှာ အချိန်​အတော်များများ​ပါဝင်​ခဲ့​ကြတယ်။ ဒါ​ကြောင့် ကျွန်မ​တို့​ဟာ အခွင့်ထူး​တယ်လို့​ခံစား​ရပြီး မိဘတွေ​နဲ့ တကယ့်ကို​ရင်းနှီး​ခဲ့​တာ” ဟု​လူ​ဝိစ္စ​က​ပြောပြ​သည်။

“ကျွန်တော့်​မှာ ၁၉၃၆ ဗျူးအစ်ခ်​စပယ်ရှယ်​ကား​တစ်စီး​ရှိတယ်၊ အဲဒီ​ကား​တွေ​က ဝင်ရိုး​ကျိုး​တတ်တယ်​လို့ နာမည်ကြီး​တယ်။ စက်​အား​က ကား​ရဲ့​ကျန်​အပိုင်း​အတွက် အရမ်း​ကောင်း​လွန်း​တယ် ထင်​ပါ​တယ်။ အေး​လွန်း​တဲ့​ည​ဆိုရင် အဲလို​ဖြစ်တတ်​တယ်၊ ဒါနဲ့​ပဲ ကား​သင်္ချိုင်း​ကို​သွားပြီး စွန့်ပစ်​ထား​တဲ့​ကား​တစ်စီး​ကနေ ဝင်ရိုး​ဖြုတ်​ပြီး ပြန်​တပ်​ခဲ့​ရတယ်။ ဝင်ရိုး​လဲ​တဲ့​နေရာမှာ ကျွန်တော်​တကယ်​ကျွမ်းကျင်​လာတယ်” ဟု​ပေါလ်​ပြောပြ​သည်။

“ရာ​ရှင်​ကတ်​တွေ မမေ့နဲ့” ဟု​မာရီယန်​ပြော​သည်။ “စားစရာ၊ ဓာတ်ဆီ၊ ကား​တာယာ အစစအရာရာ​အားလုံး​ရာ​ရှင်​နဲ့​ပဲ။ တာဝန်ကျ​တဲ့​နေရာ​အသစ်​ကို​ရောက်သွား​တိုင်း ဒေသန္တရ​ဘုတ်​အဖွဲ့​ဆီ​သွားပြီး ရာ​ရှင်​ကတ်​ရဖို့ လျှောက်လွှာတင်​ခဲ့​ရတယ်။ ရာ​ရှင်​ကတ်​တစ်ခု​ရဖို့ လ​နဲ့​ချီ​ကြာ​တယ်၊ ခါ​တိုင်း​လို ကတ်​ရလာ​ပြီ​ဆိုရင် ကျွန်မ​တို့ နောက်​တာဝန်​တစ်ခု​ကို ပြောင်း​ရ​ရော၊ ဒါနဲ့​ပဲ​အစ​ကနေ​ပြန်​စ​ရတယ်။ ဒါပေမဲ့ ကျွန်မ​တို့ကို ယေဟောဝါ​အမြဲ​ကြည့်ရှု​စောင့်ရှောက်​ခဲ့​ပါ​တယ်။”

[ရုပ်ပုံ]

၂၀၀၀ ပြည့်နှစ်​တွင် ဒေါ​ရ​စ္စ (လက်ဝဲ)၊ လူ​ဝိစ္စ​တို့​နှင့်အတူ မာရီယန်​နှင့်​ကျွန်တော်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ကျွန်တော့်​အသက်​ဆယ့်တစ်နှစ်​အရွယ် ၁၉၁၈ ခုနှစ်​၌ အမေ​နှင့်အတူ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

သမီး​များ​နှစ်ခြင်း​ခံ​ခဲ့​သော ၁၉၄၈ ခုနှစ်​၌ လူ​ဝိစ္စ၊ မာရီယန်၊ ဒေါ​ရ​စ္စ​တို့​နှင့်အတူ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၂၈၊ အောက်တိုဘာ​လ​က ကျွန်တော်​တို့၏​မင်္ဂလာဆောင်​ဓာတ်​ပုံ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၅၅ ခုနှစ် ရန်ကီး​အားကစားကွင်း​၌ ကျွန်တော်​၏​သမီး​များ (လက်ဝဲ​စွန်​နှင့်​လက်ယာ​စွန်) နှင့်​ကျွန်တော်