မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါအား သိကျွမ်းခြင်းပညာ၌ ဝမ်းမြောက်လော့

ယေဟောဝါအား သိကျွမ်းခြင်းပညာ၌ ဝမ်းမြောက်လော့

ယေဟောဝါ​အား သိကျွမ်းခြင်း​ပညာ၌ ဝမ်းမြောက်​လော့

“ဘုရားသခင့်​နှုတ် [မြွက်​စကား] တော်​ကို ကြားနာ​၍ စောင့်ရှောက်သော​သူတို့သည် ပျော်ရွှင်​ကြ​၏!”—လုကာ ၁၁:၂၈၊ က​ဘ။

၁။ ယေဟောဝါ​သည် လူသား​တို့​နှင့် အဘယ်​အချိန်တွင် စ​တင်၍​ဆက်သွယ်​တော်​မူ​ခဲ့​သနည်း။

ယေဟောဝါ​သည် လူ​တို့ကို​ချစ်တော်မူ​၍ သူတို့၏​အကျိုးကို အလွန်​စိတ်ဝင်စား​တော်​မူ​၏။ သို့​ဖြစ်၍ သူတို့နှင့် ကိုယ်တော်​ဆက်သွယ်ခြင်း​မှာ အံ့အားသင့်​စ​ရာ​မဟုတ်​ချေ။ ဤ​ဆက်သွယ်မှု​သည် ဧဒင်ဥယျာဉ်​၌​အစပြု​ခဲ့​၏။ ကမ္ဘာဦး ၃:၈ အရ “နေ​အေး​သော​အချိန်” တစ်ချိန်​တွင် အာဒံ​နှင့် ဧဝ​တို့သည် ‘[“ယေဟောဝါ၊” က​ဘ] ကြွလာ​တော်​မူ​သော​အသံကို​ကြား’ ၏။ ယင်းကြောင့် ယေဟောဝါ​သည် အာဒံ​နှင့် နေ့တိုင်း ထို​အချိန်တွင် ဆက်သွယ်​လေ့​ရှိ​ပုံ​ရ၏​ဟု​အချို့​က​ဆို​ကြသည်။ မည်သို့​ပင်​ဖြစ်စေ​ကာ​မူ ဘုရားသခင်​သည် ပထမ​လူသားကို သွန်သင်ချက်​များ​ပေး​ရုံ​မ​က သူ၏​တာဝန်​များ​ကို​ထမ်းဆောင်​နိုင်​ရန် သိရှိ​ထား​ဖို့​လို​သော​အရာ​တို့ကို အချိန်​ယူ သင်ကြား​ပေး​ခဲ့​ကြောင်း သမ္မာကျမ်းစာ​က​ဖော်ပြ​၏။—ကမ္ဘာဦး ၁:၂၈-၃၀

၂။ ပထမ​မောင်နှံစုံ​သည် ယေဟောဝါ​၏​လမ်းညွှန်မှု​မှ မိမိတို့​ကိုယ်ကို မည်သို့​အဆက်ဖြတ်​လိုက်​ကြ​သနည်း၊ ရလဒ်​ကား အဘယ်နည်း။

ယေဟောဝါ​သည် အာဒံ​နှင့်​ဧဝ​ကို ဇီဝ​အသက်ပေး​ရုံ​မ​က တိရစ္ဆာန်​များ​ကို​အုပ်စိုး​ရန်​နှင့် တစ်ကမ္ဘာ​လုံး​ကို အုပ်ချုပ်​ရန် တာဝန်​ပေးအပ်​ခဲ့​သည်။ သို့သော် တားမြစ်ချက်​တစ်ခု​ရှိ၏၊ သူတို့သည် ကောင်း​မကောင်း​သိကျွမ်းရာ​အပင်​၏​အသီးကို စား​ခွင့်​မရှိ​ချေ။ အာဒံ​နှင့်​ဧဝ​တို့သည် စာတန့်​သြဇာညောင်းမှု​ကြောင့် ဘုရားသခင့်​ပညတ်တော်​ကို မနာခံ​ခဲ့​ကြ​ချေ။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၁-၆) သူတို့​အ​မှီခို​ကင်း​စွာ​ပြုမူ​ရန် ရွေးချယ်​ခဲ့​ပြီး ကောင်း​မကောင်း​ကို မိမိတို့​ဘာသာ​ဆုံးဖြတ်​ခဲ့​ကြ​၏။ ထိုသို့​ပြုခြင်း​အားဖြင့် သူတို့သည် မေတ္တာ​ရှိ​ဖန်ဆင်း​ရှင်​၏ လမ်းညွှန်မှု​မှ မိုက်မဲ​စွာ မိမိတို့​ဘာသာ​အဆက်ဖြတ်​လိုက်​ကြသည်။ အကျိုးဆက်များ​မှာ သူတို့နှင့် မမွေးဖွား​ရ​သေး​သော သူတို့၏​သားစဉ်မြေးဆက်​များသည် ဆိုးဝါး​သော​ဘေးများ​သင့်​ခဲ့​ခြင်း​ဖြစ်၏။ အာဒံ​နှင့်​ဧဝ​တို့သည် အသက်အရွယ်​အိုမင်း​လာပြီး နောက်ဆုံး ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​မရှိဘဲ သေဆုံး​ခဲ့​ကြ​ရသည်။ သူတို့၏​မျိုးဆက်​သည် အပြစ်​နှင့် ယင်း​၏​အကျိုးဆက် သေခြင်းကို အမွေ​ရခဲ့​ကြသည်။—ရောမ ၅:၁၂

၃။ ယေဟောဝါ​သည် ကာဣန​နှင့် အဘယ်ကြောင့်​ဆက်သွယ်​ခဲ့​သနည်း၊ ကာဣန​သည် မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

ဧဒင်​တွင် ပုန်ကန်မှု​ဖြစ်​ခဲ့​သော်လည်း ယေဟောဝါ​သည် မိမိ၏​ဖန်ဆင်း​ရာ လူသား​တို့​နှင့် ဆက်လက်​ဆက်သွယ်​ခဲ့​သည်။ အာဒံ​နှင့်​ဧဝ​တို့၏​သားဦး ကာဣန​သည် အပြစ်​၏​လွှမ်းမိုးမှု​ခံရ​စ​ရာ​အကြောင်း​ရှိ​နေသည်။ ထို​အခါ ယေဟောဝါ​က ကာဣန​သည် ခြေလှမ်း​မှား​လိမ့်​မည်​ဟု သတိပေး​ကာ “ကောင်းမွန်​စွာ​ပြု” ရန် အကြံပေး​ခဲ့​သည်။ ဤ​မေတ္တာပါ​သော​ဆုံးမ​စကား​ကို ကာဣန​ငြင်းပယ်​ခဲ့​ပြီး သူ၏​ညီ​ကို​သတ်​လေ​၏။ (ကမ္ဘာဦး ၄:၃-၈) သို့​နှင့် ကမ္ဘာ့​ပထမ​လူသား​သုံးဦးသည် သူတို့ကို အသက်ပေး​ခဲ့​သော​အရှင်၊ မိမိလူ​တို့အား သူတို့၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို သွန်သင်ပေး​သော ဘုရားသခင်​၏ ရှင်းလင်း​ပြတ်သား​သော​လမ်းညွှန်ချက်ကို ငြင်းပယ်​ခဲ့​ကြသည်။ (ဟေရှာယ ၄၈:၁၇) ယင်းက ယေဟောဝါ​ကို တကယ်​စိတ်ပျက်​စေ​ခဲ့​မည်​တကား!

ရှေးခေတ်​က​အသက်ကြီးသူတို့​အား မိမိကိုယ်ကို ယေဟောဝါ​ဖော်ပြ

၄။ အာဒံ​၏​မျိုးဆက်​နှင့်​ပတ်သက်​၍ အဘယ်အရာကို ယေဟောဝါ​စိတ်ချ​တော်​မူ​ပြီး ယင်းကို​စွဲမှတ်​ထား​လျက် အဘယ်​မျှော်လင့်ချက်ကို ပေး​တော်​မူ​ခဲ့​သနည်း။

ယေဟောဝါ​သည် လူ​တို့​နှင့်​အဆက်အသွယ်​ဖြတ်​ပိုင်ခွင့်​ရှိသော်လည်း ထိုသို့​မပြု​ခဲ့​ချေ။ အာဒံ​၏​မျိုးဆက်​အချို့​သည် ကိုယ်တော်​၏​လမ်းညွှန်ချက်ကို ပညာရှိ​စွာ​ဂရုစိုက်​လိမ့်​မည်​ဟု ယုံကြည်​စိတ်ချ​တော်​မူ​ခဲ့​၏။ ဥပမာ၊ အာဒံ​နှင့်​ဧဝ​ကို တရား​စီရင်​ရာ​တွင် မြွေ၊ စာတန်​ကို တိုက်လှန်​မည့် “မျိုးနွယ်တော်” ရောက်လာ​မည်​ဟု ယေဟောဝါ​တင်ကူး​မိန့်တော်မူ​ခဲ့​သည်။ အချိန်တန်သော် စာတန်​သည် ခေါင်း​တွင် သေစေ​လောက်​သည့်​ဒဏ်ရာ​ရ​လိမ့်​မည်။ (ကမ္ဘာဦး ၃:၁၅) ဤ​ပရောဖက်ပြုချက်​သည် “ဘုရားသခင့်​နှုတ် [မြွက်​စကား] တော်​ကို ကြားနာ​၍ စောင့်ရှောက်သော​သူတို့” အတွက် မျှော်လင့်ချက်​ပေး​သည့် ဝမ်းမြောက်​ဖွယ်​သတင်း​ဖြစ်၏။—လုကာ ၁၁:၂၈က​ဘ။

၅၊ ၆။ စီ.အီး. ပထမ​ရာစု​မတိုင်မီ​က မိမိလူ​တို့​နှင့် အဘယ်​နည်းဖြင့် ယေဟောဝါ​ဆက်သွယ်​ခဲ့​သနည်း၊ ယင်းက သူတို့ကို မည်သို့​အကျိုး​ဖြစ်စေ​ခဲ့​သနည်း။

ယေဟောဝါ​သည် ရှေးခေတ်​က တည်ကြည်သူ​ဘိုးဘေး နောဧ၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ယောဘ​တို့​ကဲ့သို့​သော​သူများ​အား မိမိ၏​အလိုတော်ကို​ပြောပြ​ခဲ့​သည်။ (ကမ္ဘာဦး ၆:၁၃; ထွက်မြောက်ရာ ၃၃:၁; ယောဘ ၃၈:၁-၃) နောက်ပိုင်း​တွင် ကိုယ်တော်​သည် ဣသရေလ​လူမျိုး​အား ပညတ်​ဥပဒေသ​များ​ကို မောရှေ​မှ​တစ်ဆင့်​ပေး​ခဲ့​သည်။ မောရှေ၏​ပညတ်တရား​သည် သူတို့ကို နည်း​အမျိုးမျိုးဖြင့် အကျိုးပေး​ခဲ့​၏။ ယင်းကို လိုက်နာခြင်း​အားဖြင့် ဣသရေလလူ​တို့သည် ဘုရားသခင်​၏​အထူး​လူမျိုး​အဖြစ် အခြား​လူမျိုးများ​မှ သီးခြားခွဲ​ထုတ်​ခံ​ခဲ့​ရသည်။ ဣသရေလ​လူမျိုး​သည် ပညတ်တော်​ကို လိုက်လျှောက်​မည်​ဆိုလျှင် သူတို့အား ကာယရေး​အရသာ​မ​က ဝိညာဉ်​ရေး​အရ​လည်း ကောင်းချီး​ပေး​ပြီး ယဇ်ပုရောဟိတ်​နိုင်ငံ၊ သန့်ရှင်းသော​လူမျိုး ဖြစ်စေ​မည်​ဟု သူတို့ကို​အာမခံခဲ့​၏။ ပညတ်တော်​တွင် ကျန်းမာ​ရေး​ကောင်း​စေသော ဓာတ်စာ​နှင့် သန့်ရှင်းမှု​စည်းမျဉ်း​များ​ပင် ပါဝင်​သည်။ သို့သော် နာခံမှု​မရှိခြင်း​ကြောင့် ဝမ်းနည်းဖွယ် အကျိုး​ရလဒ်များ​ရှိ​မည်​ဟု​လည်း ယေဟောဝါ​သတိပေး​ခဲ့​၏။—ထွက်မြောက်ရာ ၁၉:၅၊ ၆; တရားဟောရာ ၂၈:၁-၆၈

အချိန်တန်သော် အခြား​မှုတ်သွင်းခံ​ကျမ်းစောင်​များ​ကို သမ္မာကျမ်းစာ ကျမ်းဂန်​စု​ထဲ ထပ်ဆင့်​ထည့်သွင်း​ခဲ့​သည်။ လူမျိုးများ၊ လူ​တို့​နှင့် ယေဟောဝါ​ဆက်ဆံ​ခဲ့​ပုံ​ကို သမိုင်းဝင်​မှတ်တမ်းများ​က​ဖော်ပြ​၏။ ကဗျာ​ဆန်​ဆန်​ဖွဲ့နွဲ့​စပ်ဆို​ထားသော​ကျမ်းစောင်​များ​က ကိုယ်တော်​၏​အရည်အသွေး​တို့ကို ဖော်ပြ​ထား​၏။ ပရောဖက်ပြုချက်​ကျမ်းစောင်​များ​က အနာဂတ်​တွင် ယေဟောဝါ​၏​အလိုတော်​ပြည့်စုံ​လာ​ခြင်း​ကို တင်ကူး​ဖော်ပြ​ပေး​၏။ တည်ကြည်သော​ဘိုးဘေး​တို့သည် ဤ​မှုတ်သွင်းခံ​ရေးသားချက်​များ​ကို အသေအချာ​လေ့လာ​ကျင့်သုံး​ခဲ့​ကြသည်။ တစ်ဦး​က ဤသို့​ရေးသားခဲ့​၏– “နှုတ် [မြွက်​စကား] တော်​သည် အကျွန်ုပ်​ခြေရှေ့​မှာ မီးခွက်​ဖြစ်၍ အကျွန်ုပ်​လမ်းခရီး​ကို​လင်း​စေပါ​၏။” (ဆာလံ ၁၁၉:၁၀၅) ယေဟောဝါ​သည် နားထောင်​ရန် တလိုတလား​ရှိသူတို့​ကို ပညာပေး​၍ အလင်းထွန်းလင်း​စေ​၏။

အလင်း သာ၍​တောက်ပ​လာ

၇။ ယေရှုသည် အံ့ဖွယ်အမှု​များ​ပြု​ခဲ့​သော်လည်း ကိုယ်တော့်​ကို လူအများ အဘယ်အရာ​အတွက် သိခဲ့​ကြ​သနည်း၊ အဘယ်ကြောင့်​နည်း။

ပထမ​ရာစု​တိုင်​လေ​သော် ဂျူး​ဘာသာရေး​ခေါင်းဆောင်​အုပ်စု​များသည် ပညတ်တော်​ထဲ လူ့​ထုံးတမ်း​စဉ်​လာ​များ ထည့်သွင်း​လာ​ခဲ့​ကြသည်။ ပညတ်တော်​ကို​တလွဲ​အသုံးချ​ခဲ့​ကြ​ရာ ယင်းသည် အလင်းထွန်းလင်း​ပေး​မည့်​အစား ထို​ထုံးတမ်း​စဉ်​လာ​များ​ကြောင့် ဝန်ထုပ်ဝန်ပိုး​ဖြစ်လာ​ခဲ့​သည်။ (မဿဲ ၂၃:၂-၄) သို့သော် စီ.အီး. ၂၉ တွင် ယေရှုသည် မေရှိယ​အဖြစ်​ပေါ်ထွန်း​ခဲ့​၏။ ကိုယ်တော်​၏​တာဝန်​မှာ လူ​တို့အတွက် မိမိ​အသက်ကို​ပေးဆက်​ရန်​သာ​မဟုတ်ဘဲ ‘အမှန်တရား​ဘက်၌​သက်သေခံ’ ရန်​လည်း​ဖြစ်သည်။ ကိုယ်တော်​သည် အံ့ဖွယ်အမှု​များ​ကို​ပြု​ခဲ့​သော်လည်း ကိုယ်တော့်​အား သွန်သင်​သည့် ‘ဆရာ’ အဖြစ်​လူသိ​များ​ခဲ့​၏။ ကိုယ်တော်​၏​သွန်သင်ချက်​များသည် လူတို့၏​စိတ်နှလုံး​ကို ဖုံးလွှမ်း​သော​ဝိညာဉ်​ရေး​အမှောင်ထု​တွင် အလင်း​ပေး​သည့်​ရောင်ခြည်​သဖွယ်​ဖြစ်​ခဲ့​၏။ “ငါသည် ဤ​လောက​၏​အလင်း​ဖြစ်၏” ဟု​ယေရှု​ကိုယ်တော်တိုင် လျော်​ကန်​စွာ​မိန့်တော်မူ​ခဲ့​သည်။—ယောဟန် ၈:၁၂; ၁၁:၂၈; ၁၈:၃၇

၈။ စီ.အီး. ပထမ​ရာစု​တွင် အဘယ်​မှုတ်သွင်းခံ​ကျမ်းစောင်​များ​ကို ရေးသားခဲ့​သနည်း၊ ယင်း​တို့သည် အစောပိုင်း​ခရစ်ယာန်​များ​ကို မည်သို့​အကျိုးပြု​ခဲ့​သနည်း။

နောက်ပိုင်း​တွင် ယေရှု၏​အသက်တာကို မှတ်တမ်းတင်​ဖော်ပြ​ထား​သည့် ခရစ်ဝင်​ကျမ်း​လေးစောင်​နှင့် ယေရှု​သေဆုံး​ပြီး​နောက် ခရစ်ယာန်​ဘာသာ​တရား ပျံ့နှံ့​သွား​သည့် သမိုင်း​မှတ်တမ်း​ဖြစ်သော တမန်​တော်​ကျမ်း​ကို ထည့်သွင်း​ခဲ့​သည်။ ထို့နောက် ယေရှု၏​တပည့်တော်​များ ရေးသားခဲ့​သော မှုတ်သွင်းခံ​စာစောင်​များနှင့် ပရောဖက်ပြုချက်​စာစောင်​ဖြစ်သည့် ဗျာဒိတ်ကျမ်း​ကိုလည်း ထည့်သွင်း​ခဲ့​သည်။ ဤ​အရေးအသား​များနှင့် ဟေဗြဲ​ကျမ်းစောင်​များ​ကို ပေါင်းစပ်​လိုက်​ရာ သမ္မာကျမ်းစာ​ကျမ်းဂန်​အပြည့်အစုံ​ရရှိ​လာ​သည်။ ဤ​မှုတ်သွင်းခံ​စာစောင်​များ​အကူအညီ​ဖြင့် ခရစ်ယာန်​များသည် အမှန်တရား​၏ “အနံ အလျား အနက် အမြင့်​တို့ကို” ‘သန့်ရှင်းသူ​အပေါင်း​တို့၏​နည်းတူ ပိုင်းခြား​၍​သိ’ လာနိုင်​ကြ​၏။ (ဧဖက် ၃:၁၄-၁၈) သူတို့သည် “ခရစ်တော်​၏​စိတ်​ကို​ခံ” ယူ​နိုင်​ကြသည်။ (၁ ကောရိန္သု ၂:၁၆) သို့​ဖြစ်စေ​ကာ​မူ ထို​အစောပိုင်း​ခရစ်ယာန်​များသည် ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​၏ ရှုထောင့်​တိုင်း​ကို အပြည့်အဝ​နားမလည်​ခဲ့​ကြ​ချေ။ တမန်​တော်​ပေါလု​က ယုံကြည်သူချင်း​တို့​ထံ ဤသို့​ရေးခဲ့​သည်– “ယခု​တွင် ငါ​တို့သည် သတ္တု​မှန်​အားဖြင့် မှုန်ဝါးဝါး​အကြမ်းဖျင်း​ကို မြင်ရ​ကြ​၏။” (၁ ကောရိန္သု ၁၃:၁၂က​ဘ) ထိုသို့​သော မှန်​တစ်ချပ်​သည် အသေးစိတ်​အချက်အလက်​အားလုံး​ကို မဖော်ပြဘဲ အကြမ်းဖျင်း​ကို​သာ​ဖော်ပြ​ပေး​ပါ​လိမ့်​မည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အပြည့်အဝ​နားလည်​လာ​စ​ရာ​ရှိနေသေး​သည်။

၉။ “နောက်ဆုံးသော​နေ့ရက်​များ” တွင် အဘယ်​အလင်းထွန်းလင်း​မှု ဖြစ်ပေါ်​ခဲ့​သနည်း။

ယနေ့ ကျွန်ုပ်​တို့သည် “ကိုင်တွယ်​ရ​ခဲယဉ်း​သည့် ကျပ်တည်း​သော​ကာလ” ဖြင့်​ခွဲခြား​ဖော်ပြ​သည့် “နောက်ဆုံးသော​နေ့ရက်​များ” တွင် အသက်​ရှင်​နေကြ​ရသည်။ (၂ တိမောသေ ၃:၁က​ဘ) ပရောဖက်​ဒံယေလ​က ထို​ကာလ​တွင် ‘မှန်သော​အသိပညာ​တိုးပွား​လာ​လိမ့်​မည်’ ဟူ၍​တင်ကူး​ဖော်ပြ​ထား​၏။ (ဒံယေလ ၁၂:၄) ထို့​ကြောင့် မဟာ​ဆက်သွယ်​ရှင် ယေဟောဝါ​သည် စိတ်နှလုံး​ရိုး​ဖြောင့်​သူတို့အား ကိုယ်တော့်​နှုတ်မြွက်​စကား​၏​အဓိပ္ပာယ်​ကို သိရှိနားလည်​လာ​စေရန် ကူညီပေး​ခဲ့ပြီ။ ယေရှု​ခရစ်​သည် ၁၉၁၄ ခုနှစ်​၌ မျက်မြင်မရ​သော​ကောင်းကင်​တွင် နန်းထိုင်​ပြီ​ဖြစ်​ကြောင်း မြောက်မြားစွာ​သော​သူတို့ ယခု နားလည်​လာပြီ။ ကိုယ်တော်​သည် မကြာမီ ဆိုးညစ်မှု​အားလုံး​ကို ကမ္ဘာ​ပေါ်​မှ​ဖယ်ရှား​ပြီး ကမ္ဘာ့​ပရဒိသု ဖြစ်လာ​စေ​တော့​မည်​ကို သူတို့​သိရှိ​ကြသည်။ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​၏ ဤ​အရေးပါသော​အချက်​ကို ယခု ကမ္ဘာ​တစ်ဝန်း ကြေညာ​လျက်​ရှိသည်။—မဿဲ ၂၄:၁၄

၁၀။ လူတို့သည် ရာစုနှစ်များ​တစ်လျှောက် ယေဟောဝါ​၏​ဆုံးမ​စကား​ကို မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

၁၀ မှန်ပါသည်၊ သမိုင်း​တစ်လျှောက်​တွင် ယေဟောဝါ​သည် မိမိ၏​အလိုတော်နှင့် ရည်ရွယ်တော်မူချက်​ကို ကမ္ဘာ​သားများ​အား အသိပေးခဲ့​သည်။ သမ္မာကျမ်းစာ​မှတ်တမ်းက တရား​နာ​၍ ဘုရားသခင့်​ရေးရာ​ဉာဏ်ပညာ​ကို လက်တွေ့​ကျင့်သုံး​သဖြင့် ကောင်းချီး​ခံစား​ခဲ့​ကြ​သူတို့​အကြောင်း ဖော်ပြ​ထား​သည်။ ဘုရားသခင်​၏​မေတ္တာပါ​သော ဆုံးမ​စကား​ကို ငြင်းပယ်​ပြီး အာဒံ​နှင့်​ဧဝ​၏ ပျက်စီးခြင်း​လမ်းစဉ်​အတိုင်း လိုက်လျှောက်​ခဲ့​ကြ​သည့် အခြားသူ​တို့​အကြောင်းကိုလည်း ယင်းက​ဖော်ပြ​သည်။ တင်စား​ထား​သည့် လမ်း​နှစ်သွယ်​အကြောင်း ယေရှု​မိန့်တော်မူသော​အခါ ဤ​အခြေအနေ​ကို ကိုယ်တော်​ပုံဖော်​ပြ​ခဲ့​၏။ တစ်​လမ်းမှာ ပျက်စီးခြင်း​သို့​ရောက်​စေ​သည်။ ယင်းသည် ကျယ်ဝန်း​ပြီး ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ငြင်းပယ်​သူများ လိုက်လျှောက်​ကြသော​လမ်း​ဖြစ်၏။ အခြား​တစ်​လမ်းမှာ ထာဝရ​အသက်​သို့ ပို့ဆောင်​သည်။ ဤ​လမ်း​သည် အလွန်​ကျဉ်း​သော်လည်း ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အဖြစ် သမ္မာကျမ်းစာ​ကို လက်ခံ​၍ ယင်း​နှင့်​အညီ​အသက်ရှင်နေ​ထိုင်​ကြ​သူ လူနည်းစု​လိုက်လျှောက်​သော​လမ်း​ဖြစ်သည်။—မဿဲ ၇:၁၃၊ ၁၄

ကျွန်ုပ်​တို့​ရရှိ​ထား​ရာ​ကို တန်ဖိုး​ထား​လေးမြတ်ခြင်း

၁၁။ သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​သိရှိ​ယုံကြည်ခြင်း​သည် အဘယ်အရာ၏​သာဓက​ဖြစ်သနည်း။

၁၁ အသက်​လမ်းကို ရွေးချယ်သူ​တို့​တွင် သင်​ပါဝင်​သလော။ သို့​ဆိုလျှင် ဤ​လမ်းပေါ် သင်​အမှန်ပင်​ရှိနေ​လို​မည်။ မည်သို့​ပြုလုပ်​နိုင်​မည်​နည်း။ သင့်​အသက်တာတွင် သမ္မာကျမ်းစာ​အမှန်တရား​များ​ကို သင်​သိရှိ​လာ​ခြင်း​ကြောင့် ရရှိ​ထားသော​ကောင်းချီး​များ​အကြောင်း ကျေးဇူး​တင်​စိတ်ဖြင့် မကြာခဏ​စဉ်းစား​ကြည့်​ပါ။ သတင်းကောင်းကို သင်​တုံ့ပြန်​ခဲ့​သည့်​အချက်​က​ပင် ဘုရားသခင်​၏​ကောင်းချီး​တစ်ရပ်​ဖြစ်သည်။ ယေရှုသည် မိမိ၏​ခမည်းတော်​ထံ ဤသို့​ဆုတောင်းရာ​တွင် ယင်းကို​ဖော်ပြ​ခဲ့​သည်– “ကောင်းကင်​နှင့်​မြေကြီးကို​အစိုးရ​တော်​မူ​သော​အဘ၊ ကိုယ်တော်​သည် ပညာအလိမ္မာ​နှင့်​ပြည့်စုံသော​သူတို့အား ဤ​အရာများ​ကို ထိမ်ဝှက်​ထား​လျက် သူငယ်​တို့အား​ဖော်ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေးဇူးတော်​ကို အကျွန်ုပ်​ချီးမွမ်း​ပါ​၏။” (မဿဲ ၁၁:၂၅) အလွန်​ပညာတတ်​သော ဘာသာရေး​ခေါင်းဆောင်​များသည် ယေရှု၏​သွန်သင်ချက်​ကို သဘောမပေါက်​သော်လည်း တံငါသည်​များနှင့် အခွန်ခံ​များ​မှာ​မူ သဘောပေါက်​နားလည်ခဲ့​ကြ​၏။ ယေရှု​က​ထပ်ဆင့်၍ ဤသို့​မိန့်တော်မူသည်– “ငါ့ကို​စေလွှတ်​တော်​မူ​သော​ခမည်းတော်​သည် သွေးဆောင်​တော်​မ​မူလျှင်၊ အဘယ်သူမျှ​ငါ့​ထံ​သို့​မလာ​နိုင်။” (ယောဟန် ၆:၄၄) သင်သည် သမ္မာကျမ်းစာ​ကို သိရှိနားလည်​လာ၍ ယင်း​၏​သွန်သင်ချက်​များ​ကို ယုံကြည်​ကာ လိုက်လျှောက်​နေသည်​ဆိုလျှင် ယေဟောဝါ​သည် သင့်​အား သွေးဆောင်​တော်​မူ​ကြောင်း သာဓက​ပင်​ဖြစ်သည်။ ယင်း​ကား ဝမ်းမြောက်စရာ​အကြောင်း​တည်း။

၁၂။ သမ္မာကျမ်းစာ​သည် အဘယ်​နည်းများဖြင့် အလင်းထွန်းလင်း​ပေး​သနည်း။

၁၂ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင် လွတ်မြောက်​စေသော​အမှန်တရား​များ​ပါရှိ​ပြီး အလင်းထွန်းလင်း​ပေး​သည်။ သမ္မာကျမ်းစာ​အတိုင်း နေထိုင်သူ​တို့သည် အယူသီးမှု​များ၊ မှားယွင်းသော​သွန်သင်ချက်​များနှင့် သန်းနှင့်ချီ​သူတို့၏​အသက်တာကို လွှမ်းမိုး​လျက်​ရှိသော​အသိဉာဏ်​နည်း​ခြင်း​မှ ကင်းလွတ်​ကြသည်။ ဥပမာ၊ စိုးလ်​နှင့်​ပတ်သက်သော​အမှန်တရားကို သိထားခြင်းက လူသေ​တို့သည် ကျွန်ုပ်​တို့ကို အန္တရာယ်​ပြု​နိုင်​ကြောင်း သို့​မဟုတ် ကျွန်ုပ်​တို့၏​ချစ်​မြတ်နိုး​ရသော သေလွန်သူ​တို့ ဆင်းရဲခံ​နေရ​ကြောင်း စ​သည့်​မည်သည့်​စိုးရွံ့​မှု​မဆို​မှ ကျွန်ုပ်​တို့ကို လွတ်မြောက်​စေ​၏။ (ယေဇကျေလ ၁၈:၄) ဆိုးညစ်သော​ကောင်းကင်တမန်​များ​အကြောင်း အမှန်တရားကို​သိရှိ​ထားခြင်း​က နတ်ဆိုး​ပညာ​၏​ဘေးအန္တရာယ်​မှ ရှောင်ရှား​ဖို့​ကျွန်ုပ်​တို့ကို ကူညီပေး​သည်။ ရှင်ပြန်ထမြောက်ခြင်း​သွန်သင်ချက်​က ချစ်​မြတ်နိုး​ရသူ​တို့ကို သေခြင်း​၌​ဆုံးရှုံး​ခဲ့​ရသော ကျန်ရစ်သူ​တို့အတွက် နှစ်သိမ့်မှု​ဖြစ်စေ​သည်။ (ယောဟန် ၁၁:၂၅) သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​များ​က ခေတ်​ရေစီးကြောင်း​၏ အဘယ်​နေရာတွင် ကျွန်ုပ်​တို့​ရောက်ရှိ​နေကြောင်း​ကို ဖော်ပြ​ပေး​ပြီး အနာဂတ်​အတွက် ဘုရားသခင်​၏​ကတိတော်​များ​အပေါ် ယုံကြည်​စိတ်ချမှု​ရှိစေသည်။ ကျွန်ုပ်​တို့၏ ထာဝစဉ်​အသက်ရှင်ခြင်း​မျှော်လင့်ချက်ကိုလည်း ပို​ခိုင်လုံ​စေ​သည်။

၁၃။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အလေး​မူ​ခြင်း​က ကာယရေး​အကျိုးကျေးဇူးများ​ကို မည်သို့​ခံစားရ​သနည်း။

၁၃ သမ္မာကျမ်းစာ​ရှိ ဘုရားသခင့်​ရေးရာ​မူများ​သည် ကာယရေး​အကျိုးကျေးဇူးများ​ရရှိစေ​သည့် နည်းလမ်း​အတိုင်း​အသက်ရှင်​ရန် ကျွန်ုပ်​တို့ကို​သွန်သင်ပေး​သည်။ ဥပမာ၊ ဆေး​ရွက်​ကြီး​နှင့် အခြား​မူးယစ်​ဆေးဝါး​များ​ကို တလွဲသုံး​ခြင်း​ကဲ့သို့​သော ကျွန်ုပ်​တို့၏​ကိုယ်ခန္ဓာ​ကို ညစ်ညူး​စေသည့် အမူအကျင့်များ​ကို​ရှောင်ကြဉ်​ရန် ကျွန်ုပ်​တို့​သိလာ​ကြ​ရ၏။ အရက်​သေ​စာ​အ​လွဲ​အသုံးချခြင်း​ကို ကျွန်ုပ်​တို့ ရှောင်ရှား​ကြသည်။ (၂ ကောရိန္သု ၇:၁) ဘုရားသခင်​၏​ကိုယ်ကျင့်တရား​ပညတ်​များ​ကို အလေး​မူ​ခြင်း​က လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​များ​မှ ကာကွယ်​ပေး​သည်။ (၁ ကောရိန္သု ၆:၁၈) ငွေ​တပ်မက်​ခြင်း​ကို​ရှောင်ရှား​ရန် ဘုရားသခင့်​ဆုံးမ​စကား​ကို ကျွန်ုပ်​တို့​လိုက်နာခြင်း​ဖြင့် စည်းစိမ်​ချမ်းသာ​ရှာ​သူများစွာ​နည်းတူ စိတ်၏​ငြိမ်သက်မှု မပျောက်ဆုံး​ရ​ချေ။ (၁ တိမောသေ ၆:၁၀) သင့်​ဘဝတွင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လိုက်လျှောက်ခြင်း​ကြောင့် ကာယရေး​အရ အဘယ်​အကျိုးကျေးဇူးများ​ရရှိခဲ့​ပြီ​နည်း။

၁၄။ ကျွန်ုပ်​တို့၏​အသက်တာတွင် သန့်ရှင်းသော​ဝိညာဉ်တော်သည် အဘယ်​သြဇာညောင်း​သနည်း။

၁၄ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့်​အညီ ကျွန်ုပ်​တို့​အသက်ရှင်နေ​ထိုင်​ကြ​မည်​ဆိုလျှင် ယေဟောဝါ​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ကျွန်ုပ်​တို့​ရရှိ​ကြသည်။ ကျွန်ုပ်​တို့သည် ခရစ်တော်​၏​အရည်အသွေးကို မွေးမြူ​ကြ​ပြီး သနား​ကြင်နာ​မှု​နှင့် ထောက်ထား​စာနာမှု​ကဲ့သို့​သော နှစ်သက်ဖွယ်​အရည်အသွေးများ​ကို ထင်ရှား​ဖော်ပြ​သည်။ (ဧဖက် ၄:၂၄၊ ၃၂) ဘုရားသခင့်​ဝိညာဉ်တော်သည် ကျွန်ုပ်​တို့​တွင် ယင်း​၏​အသီးများ​ဖြစ်သော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း​ကိုလည်း သီးပွင့်​စေ​၏။ (ဂလာတိ ၅:၂၂၊ ၂၃) ဤ​အရည်အသွေးများ​သည် မိသားစုတွင်​မ​က အခြားသူ​တို့​နှင့်​လည်း ပျော်ရွှင်​၍ အဓိပ္ပာယ်​ပြည့်ဝသော​ဆက်ဆံ​ရေး​ကို တိုးမြှင့်​ပေး​သည်။ ကျွန်ုပ်​တို့သည် အခက်အခဲ​ကို ရဲစွမ်းသတ္တိ​ဖြင့်​ရင်ဆိုင်​နိုင်​ရန် အကူအညီ​ပေး​သော အတွင်း​ခွန်အား​ကိုလည်း​ရရှိ​ကြသည်။ သန့်ရှင်းသော​ဝိညာဉ်တော်သည် သင့်​အသက်တာကို သာ၍​ကောင်းစွာ​လွှမ်းမိုး​ခဲ့​ကြောင်း သတိပြုမိ​ပါသလော။

၁၅။ ကျွန်ုပ်​တို့၏​အသက်တာကို ဘုရားသခင့်​အလိုတော်နှင့်​ညီညွတ်​လာ​စေ​စဉ် အဘယ်​အကျိုးကျေးဇူးများ​ရရှိ​သနည်း။

၁၅ ကျွန်ုပ်​တို့၏​အသက်တာကို ဘုရားသခင့်​အလိုတော်နှင့် ညီညွတ်​လာ​စေသည့်​အခါ ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ခိုင်မြဲ​စေ​သည်။ ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို သိ​နားလည်​၍​ချစ်တော်မူ​ကြောင်း တိုး၍​ယုံကြည်​စိတ်ချ​လာ​၏။ ကိုယ်တော်​သည် ခက်ခဲ​သော​အခြေအနေ​များ​တွင် ကျွန်ုပ်​တို့ကို ထောက်ပံ့​ကူညီပေး​ကြောင်း ကိုယ်တွေ့​သိရှိ​လာ​ကြ​ရသည်။ (ဆာလံ ၁၈:၁၈) ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ကိုယ်တော် အမှန်တကယ်​နားညောင်း​တော်​မူ​ကြောင်း ကျွန်ုပ်​တို့​သိရှိ​လာ​ကြသည်။ (ဆာလံ ၆၅:၂) ကိုယ်တော်​၏​လမ်းညွှန်မှု​သည် ကျွန်ုပ်​တို့ကို အကျိုးပေး​လိမ့်​မည်​ဟု ယုံကြည်​သောကြောင့် ယင်းကို ကျွန်ုပ်​တို့အား​ထား​လာ​ကြ​မည်။ ထို့​ပြင် အချိန်တန်သော် ဘုရားသခင်​သည် မိမိ၏​တည်ကြည်သူ​တို့ကို စုံလင်​စေ​၍ ကိုယ်တော်​၏​ထာဝရ​အသက်ဆု​ကျေးဇူး​ကို ပေးသနား​မည်​ဟူသော မျှော်လင့်ချက်​ရှိကြသည်။ (ရောမ ၆:၂၃) “ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့။ သို့ပြုလျှင်၊ သင်တို့၌​ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟု​တပည့်တော်​ယာကုပ်​က ရေးသားခဲ့​သည်။ (ယာကုပ် ၄:၈) သင်သည် ယေဟောဝါ​ထံ​ချဉ်းကပ်​လာ​ခဲ့​သည်​နှင့်​အမျှ ကိုယ်တော်​နှင့်​သင်၏​ဆက်ဆံ​ရေး ခိုင်မြဲ​လာ​သည်ကို သင်​ခံစား​မိ​ပြီ​လော။

တု​နှိုင်း​မရ ရတနာ​တစ်ပါး

၁၆။ ပထမ​ရာစု​ခရစ်ယာန်​အချို့​သည် အဘယ်​ပြောင်းလဲမှု​များ​ကို ပြုလုပ်​ခဲ့​ကြ​သနည်း။

၁၆ ပေါလု​က ပထမ​ရာစု​ရှိ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​မှ​အချို့​သည် တစ်ချိန်က မတရားသော​မေထုန်ပြု​သော​သူ၊ သူ့​သား​အိမ်ရာ​ပြစ်မှားသူ၊ လိင်​တူ​မေထုန်​ဆက်ဆံ​သူ၊ သူခိုး၊ လိုချင်​တပ်မက်​စိတ်​ပြင်းပြ​သူ၊ အရက်​လွန်ကြူး​စွာ​သုံးစွဲ​သူ၊ ဆဲရေး​ကဲ့ရဲ့​သူနှင့် အနိုင်အထက်ပြု​သူများ​ဖြစ်​ခဲ့​ကြောင်း သူတို့ကို​သတိပေး​ခဲ့​သည်။ (၁ ကောရိန္သု ၆:၉-၁၁) သမ္မာကျမ်းစာ​အမှန်တရားက သူတို့ကို အကြီးအကျယ်​ပြောင်းလဲ​စေ​ခဲ့​သည်; ထို​အခါ သူတို့သည် “ဆေးကြော​သန့်ရှင်း” ခဲ့​ကြ​၏။ သမ္မာကျမ်းစာ​မှ သင်​သိရှိ​လာ​ခဲ့​သည့် လွတ်မြောက်​စေသော​အမှန်တရား​များ​ကို မသိ​ခဲ့​ပါ​က သင့်​ဘဝ​သည် မည်သို့​ဖြစ်​မည်​ကို စဉ်းစား​ကြည့်​ပါ။ အမှန်တရားသည် အဘယ်အရာ​နှင့်​မျှ တု​နှိုင်း​၍​မရ​သော ရတနာ​တစ်ပါး အမှန်ပင်​ဖြစ်၏။ ယေဟောဝါ​သည် ကျွန်ုပ်​တို့​နှင့် ဆက်သွယ်​သည့်​အတွက် အမှန်တကယ်​ဝမ်းမြောက်​ရသည်​တကား!

၁၇။ ယေဟောဝါသက်သေ​များသည် ခရစ်ယာန်​အစည်းအဝေး​များ​တွင် ဝိညာဉ်​အစာ မည်သို့​ကျွေးမွေး​ခံ​နေကြ​ရသနည်း။

၁၇ ထပ်ဆင့်၍ ကျွန်ုပ်​တို့၏​လူမျိုး​ပေါင်း​စုံ​ညီအစ်ကို​အသင်းအပင်း​တွင် ရရှိ​ထား​ကြသော ကောင်းချီး​များ​ကိုလည်း စဉ်းစား​ကြည့်​ပါ။ “သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်” သည် ဘာသာ​စကား​မြောက်မြားစွာ​ဖြင့် သမ္မာကျမ်းစာ​များ​အပါအဝင် မဂ္ဂဇင်း​များနှင့် အခြား​စာပေ​စာတမ်း​များ​အားဖြင့် အခန့်သင့်​ဝိညာဉ်​ရေးရာ​အစာကို ထောက်ပံ့​ကျွေးမွေး​နေသည်။ (မဿဲ ၂၄:၄၅-၄၇က​ဘ) နိုင်ငံ​များစွာ​ရှိ ယေဟောဝါသက်သေ​များသည် ၂၀၀၀ ပြည့်နှစ်​အတွင်း အသင်းတော်​အစည်းအဝေး​များ​တွင် ဟေဗြဲ​ကျမ်းစောင်​၏ အဓိက​စာစောင်​ရှစ်​စောင်​မှ ပေါ်လွင်​ချက်​များ​ကို ပြန်လည်​သုံးသပ်​ခဲ့​ကြသည်။ သူတို့သည် ကျမ်း​စာစောင်​များ​အပေါ်​ထိုးထွင်း​သိမြင်ခြင်း​စာအုပ်​ရှိ ကျမ်းစာ​ဇာတ်ကောင် ၄၀ ၏​ဘဝ​များ​ကို ဆင်ခြင်​ခဲ့​ကြသည်။ အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား​စာအုပ်​၏ လေး​ပုံ​တစ်​ပုံ​ခန့်​နှင့် ဒံယေလ​ပရောဖက်ပြုချက်​ကို အာရုံစိုက်​လော့!စာအုပ်​တစ်အုပ်လုံး​နီးပါး​ကို သုံးသပ်​ဆင်ခြင်​ခဲ့​ကြ​၏။ ကင်းမျှော်စင်​မဂ္ဂဇင်း​မှ လေ့လာ​ရန်​ဆောင်းပါး ၅၂ ခု​အပြင် အရန်​ဆောင်းပါး သုံးဆယ့်​ခြောက်​ခု​ကိုလည်း သုံးသပ်​ခဲ့​ကြသည်။ ထို့​ပြင် ယေဟောဝါ​၏​လူတို့သည် ကျွန်ုပ်​တို့၏​နိုင်ငံတော်​ဓမ္မ​အမှု​စာစောင် ၁၂ စောင်​နှင့် သမ္မာကျမ်းစာ​အကြောင်းအရာ​အမျိုးမျိုး​အပေါ်​အခြေခံသည့် ပတ်စဉ်​လူထု​ဟောပြောချက်​များ​ဖြင့်​လည်း ကျွေးမွေး​ခံ​ခဲ့​ကြ​ရသည်။ ဝိညာဉ်​ရေး​အသိပညာ ကြွယ်ဝ​စွာ​ရရှိ​နေကြ​သည်​တကား!

၁၈။ ခရစ်ယာန်​အသင်းတော်တွင် အဘယ်​နည်းများဖြင့် ကျွန်ုပ်​တို့​အကူအညီ​ရရှိခဲ့ကြ​ပြီ​နည်း။

၁၈ ကမ္ဘာ​တစ်ဝန်း​တွင် အသင်းတော်​ပေါင်း ၉၁,၀၀၀ ကျော်​သည် အစည်းအဝေးများနှင့် ပေါင်းသင်း​ဆက်ဆံမှု​ဖြင့် အကူအညီ​နှင့် အားပေး​တည်ဆောက်မှု ပေး​လျက်​ရှိသည်။ ဝိညာဉ်​ရေး​ဘက် ကျွန်ုပ်​တို့ကို​ထောက်မ​ကူညီ​ရန် တလိုတလား​ရှိသော ရင့်ကျက်သည့်​ခရစ်ယာန်​ချင်း​တို့၏ ဖေးမ​ကူညီ​မှု​ကိုလည်း ကျွန်ုပ်​တို့​ရရှိကြ​၏။ (ဧဖက် ၄:၁၁-၁၃) ကျွန်ုပ်​တို့သည် အမှန်တရား​ဆိုင်ရာ​အသိပညာ​ရရှိ​ထားသော​ကြောင့် များစွာ​အကျိုးကျေးဇူး​ခံစား​ခဲ့​ကြ​ရပြီ။ ယေဟောဝါ​အား သိ​ရှိ၍ ဝတ်ပြု​ကိုးကွယ်​ရခြင်း​သည် ပျော်ရွှင်မှု​တစ်ရပ်​ပင်​ဖြစ်သည်။ “ယေဟောဝါ​ကို မိမိ​ဘုရားသခင်​အဖြစ်​ကိုးကွယ်​သော​လူမျိုး​သည် ရွှင်လန်း​ဝမ်းမြောက်​၏” ဟု​ရေးသားခဲ့​သော ဆာလံဆရာ​၏​စကား​များ မှန်​လိုက်​လေ​ခြင်း!—ဆာလံ ၁၄၄:၁၅က​ဘ။

သင်​မှတ်မိ​သလော

• ခရစ်ယာန်​ခေတ်​မတိုင်မီ​က မည်သူ​တို့​နှင့် ယေဟောဝါ​ဆက်သွယ်​တော်​မူ​ခဲ့​သနည်း။

• ပထမ​ရာစုနှစ်​တွင် ဝိညာဉ်​ရေး​အလင်း​သည် မည်သို့​သာ၍​ထွန်းလင်း​လာ​သနည်း။ မျက်မှောက်ခေတ်​အချိန်၌​ကော။

• ယေဟောဝါ​၏​အသိပညာနှင့်​အညီ အသက်ရှင်​နေထိုင်ခြင်း​မှ အဘယ်​ကောင်းချီး​များ​ခံစား​ကြ​ရသနည်း။

• ကျွန်ုပ်​တို့သည် ဘုရားသခင်​အား​သိကျွမ်းခြင်း​ကြောင့် အဘယ်ကြောင့်​ဝမ်းမြောက်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် မောရှေ နောဧ​နှင့် အာဗြဟံ​တို့အား မိမိ၏​အလိုတော်ကို ပြောပြ​ခဲ့

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ကျွန်ုပ်​တို့​အချိန်တွင် မိမိ၏​နှုတ်မြွက်​စကားတော်​အပေါ် အလင်းဖြာ​ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့၏ လူမျိုး​ပေါင်း​စုံ ညီအစ်ကို​များ​အသင်းအပင်း​တွင် ရရှိသော​ကောင်းချီး​ကို စဉ်းစား​ကြည့်​ပါ!