မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကို နားလည်ရန် အထောက်အကူ

သမ္မာကျမ်းစာကို နားလည်ရန် အထောက်အကူ

သမ္မာကျမ်းစာ​ကို နားလည်​ရန် အထောက်အကူ

သမ္မာကျမ်းစာ​သည် တစ်မူထူး​ခြား​သော စာအုပ်​တစ်အုပ်​ဖြစ်သည်။ ၎င်းကို​ရေးသားသူ​များသည် ဘုရားသခင်​၏​မှုတ်သွင်းခြင်း ခံရ​ကြသည်​ဟု​ဆိုပြီး ထို​တွင်​ပါ​သည့်​အကြောင်းအရာများ​က ယင်း​အဆို​မှန်​ကြောင်း အလုံအလောက်​သက်သေထူ​သည်။ (၂ တိမောသေ ၃:၁၆) အခြား​အရာများ​အပြင် ကျွန်ုပ်​တို့​အဘယ်က​လာ​သည်၊ အဘယ်ကြောင့်​ဤ​တွင်​ရှိ​နေသည်၊ နောင်​တွင်​အဘယ်​သို့​ဖြစ်​မည်​ကို သမ္မာကျမ်းစာ​က ဖော်ပြ​ပေး​သည်။ ဆင်ခြင်​သုံးသပ်ထိုက်​သည့် စာအုပ်​တစ်အုပ်​အမှန်ပင်​ဖြစ်သည်!

သမ္မာကျမ်းစာ​ကို​ဖတ်ရှု​ရန် သင်​ကြိုးစား​ကောင်း​ကြိုးစား​ခဲ့​မည်​ဖြစ်သော်လည်း နားလည်​ရန်​ခက်ခဲ​ကြောင်း တွေ့ရှိ​ခဲ့​ပေမည်။ မေးခွန်းများ​အတွက် အဖြေ​များ​ကို အဘယ်​နေရာတွင်​ရှာဖွေ​ရမည်ကို သင်​မသိဘဲ​ဖြစ်​ကောင်း​ဖြစ်​မည်။ ထိုသို့​ဖြစ်​လျှင် သင်​တစ်ဦးတည်း​မဟုတ်ပါ။ သင့်​အခြေအနေ​သည် ပထမ​ရာစု​တွင်​အသက်ရှင်ခဲ့​သည့် လူတစ်ဦး​နှင့်​ဆင်တူ​သည်။ သူသည် ယေရုရှလင်​မှ သူ၏​ဇာတိမြေ အီသီယိုးပီးယား​သို့ မြင်းရထား​နှင့်​ခရီး​သွား​နေသည်။ ထို​အဲသယောပိ​အရာရှိ​သည် နှစ်ပေါင်း​ခု​နစ်​ရာ​ကျော်​က​ရေးသားခဲ့​သော ဟေရှာယ​၏​ပရောဖက်ပြု​ကျမ်း​ကို အသံ​ကျယ်ကျယ်​ဖြင့် ဖတ်ရှု​နေသည်။

ရုတ်တရက်၊ ရထား​သို့​ပြေး​လာ​သည့် လူတစ်ဦး​က သူ့​အား​စကား​စတင်​ပြောဆို​ခဲ့​သည်။ ထို​သူ​မှာ ယေရှု၏​တပည့်တော် ဖိလိပ္ပု​ဖြစ်သည်၊ အဲသယောပိ​ပြည်သား​အား သူက “ဖတ်​သော​အရာ​ကို​နားလည်​ပါ​၏​လော” ဟု​မေးခဲ့သည်။ အဲသယောပိ​ပြည်သား​က “သွန်သင်​ပဲ့ပြင်​သော​သူ​မ​ရှိလျှင် အဘယ်​သို့​နားလည်​နိုင်​မည်​နည်း” ဟု​ပြန်ဖြေ​သည်။ ထို့နောက် ဖိလိပ္ပု​ကို ရထား​ပေါ်​သို့ ဖိတ်ခေါ်​လိုက်​သည်။ ဖိလိပ္ပုသည် ထို​သူ​ဖတ်နေ​သည့် စာပိုဒ်​၏​အဓိပ္ပာယ်​ကို ရှင်းပြ​ခဲ့​၍ “ယေရှု​အကြောင်း​တည်း​ဟူသော သတင်းကောင်းကို” ဟော​လေ​၏။—တမန်​တော် ၈:၃၀-၃၅

ဘုရားသခင့်​နှုတ်ထွက်​စကားတော်​ကို​နားလည်​ရန် ရှေး​အချိန်​က ဖိလိပ္ပုသည် အဲသယောပိ​ပြည်သား​အား​ကူညီပေး​ခဲ့​သကဲ့သို့ ယေဟောဝါသက်သေ​များသည် သမ္မာကျမ်းစာ​ကို​နားလည်စေ​ရန် လူများ​ကို ယနေ့​ကူညီပေး​လျက်​ရှိသည်။ သင့်ကိုလည်း​ကူညီပေး​ရန် သူတို့​အသင့်ရှိ​ကြ​ပေမည်။ အခြေခံ​ကျမ်းစာ​သွန်သင်ချက်​များနှင့်​အစပြု​၍ သမ္မာကျမ်းစာ​ကို​စနစ်တကျ​လေ့လာခြင်း​သည် အကောင်းဆုံး​ဖြစ်သည်။ (ဟေဗြဲ ၆:၁၊ ၂) သင်​တိုးတက်လာ​သည်​နှင့်​အမျှ တမန်​တော်​ပေါလု​က “ကြေ​ခဲ​သော​အစာ” ဟု​ခေါ်​ခဲ့​သည့် သာ၍​နက်နဲ​သော​အမှန်တရားကိုလည်း နားလည်​နိုင်​မည်​ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) သင်​လေ့လာ​နေသည်​မှာ သမ္မာကျမ်းစာ​ဖြစ်သော်လည်း ကျမ်းစာ​လေ့လာ​ရန်​အထောက်အကူ​ပြု​သည့် အခြား​စာပေ​များ​က​လည်း အကြောင်းအရာ​အမျိုးမျိုးနှင့်​စပ်​လျ​ဉ်း​သည့် ကျမ်းပိုဒ်​များ​ကို တွေ့ရှိ​ကာ​နားလည်​ရန် ကူညီပေး​နိုင်​သည်။

လေ့လာမှု​ကို အများအားဖြင့် သင့်အတွက်​အဆင်ပြေ​မည့်​အချိန်​နှင့် နေရာတွင်​စီစဉ်​နိုင်​ပါ​သည်။ အချို့​သူတို့သည် တယ်လီဖုန်း​နှင့်​ပင် လေ့လာမှု​ပြု​ခဲ့​ကြသည်။ လေ့လာမှု​ကို စာသင်​ခန်း​တစ်ခု​ပုံစံ​အတိုင်း မပြု​လုပ်ကြ​ချေ; သင်၏​နောက်ခံ​နှင့် သင်၏​ပညာရေး​အပါအဝင် သင့်ကိုယ်​ပိုင်​အခြေအနေ​များနှင့်​အညီ သီးသန့်​စီစဉ်​ပေး​ပါ​သည်။ ဤ​ကဲ့သို့​ကျမ်းစာ​လေ့လာမှု​အတွက် အ​ခ​ပေး​ရန်​မလိုပါ။ (မဿဲ ၁၀:၈) စာမေးပွဲ​များလည်း​မရှိသော​ကြောင့် စိတ်​အနှောင့်အယှက်​ဖြစ်​ရမည်​မဟုတ်​ချေ။ သင့်​မေးခွန်းများကို ဖြေဆို​ပေး​မည်​ဖြစ်​ပြီး ဘုရားသခင်​ထံ မည်သို့​ချဉ်းကပ်​နိုင်​ကြောင်း သင်​သိရှိ​လာ​မည်။ သို့သော် သမ္မာကျမ်းစာ​ကို သင်​အဘယ်ကြောင့်​လေ့လာ​သင့်​သနည်း။ သမ္မာကျမ်းစာ​လေ့လာခြင်း​က သင့်​ဘဝကို တိုး၍​ပျော်ရွှင်​စေနိုင်​သည့် အကြောင်းရင်း​အချို့​ကို သုံးသပ်ကြည့်​ပါ​လေ။