မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကို အဘယ်ကြောင့်လေ့လာကြသနည်း

သမ္မာကျမ်းစာကို အဘယ်ကြောင့်လေ့လာကြသနည်း

သမ္မာကျမ်းစာ​ကို အဘယ်ကြောင့်​လေ့လာ​ကြ​သနည်း

ဘီလ်​သည် ငယ်ရွယ်​သည်၊ အားကစား​ထူးချွန်​သည်၊ ပညာတတ်​သည်၊ ငွေကြေး​ကြွယ်ဝ​ပြည့်စုံ​သည်။ သို့​တိုင် သူ​မကျေနပ်​နိုင်​ချေ။ သူ့​ဘဝမှာ ရည်ရွယ်ချက်​မရှိသော​ကြောင့် အလွန့်အလွန်​စိတ်သောက​ရောက်​ခဲ့​ရသည်။ ဘဝ​ရည်ရွယ်ချက်ကို သူ​ကြိုးစား​ရှာဖွေ​ရန် ဘာသာ​အမျိုးမျိုးကို လေ့လာ​ဆန်းစစ်​ခဲ့​သည်၊ သို့သော် သူ​ရှာဖွေ​နေသည့်​အရာ​ကို မရရှိ​ခဲ့​ချေ။ ၁၉၉၁ ခုနှစ်​တွင် ယေဟောဝါသက်သေ​တစ်ဦး​နှင့် သူ​တွေ့ဆုံ​ခဲ့​သည်၊ ထို​သူက ဘဝ​အဓိပ္ပာယ်​အကြောင်း သမ္မာကျမ်းစာ​ပြောဆို​ရာ​များ​ကို ဆွေးနွေး​တင်ပြ​ထား​သည့် စာအုပ်​တစ်အုပ်​ကို သူ့​အားပေးခဲ့​သည်။ ထို​အကြောင်းအရာကို​သာမက အခြား​အကြောင်း​များ​ကို​ပါ ဘီလ်​သိရှိ​လာနိုင်​ရန် ကျမ်းစာ​သင်အံမှု​စီစဉ်​ခဲ့​သည်။

ဘီလ် ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်တော်​တို့ ပထမ​အကြိမ်​သင်အံမှု​လုပ်ကြတယ်၊ ကျမ်းစာ​ကို မကြာခဏ​ကိုးကား​တဲ့​အတွက် ကျွန်တော်​ရှာ​နေတာ ဒါ​ပဲ​လို့ သိလိုက်တယ်။ ကျမ်းစာ​ထဲမှာ​ပါ​တဲ့​အဖြေ​တွေ​ဟာ အရမ်း​စိတ်​လှုပ်ရှား​စ​ရာ​ကောင်းတယ်။ လေ့လာမှု​ပြီး​ပြီး​ချင်း တောင်ပေါ်​ကို​ကားမောင်း​တက်​သွားပြီး ထရပ်ကား​ပေါ်​က​ဆင်း​တာ​နဲ့ ပျော်​လွန်းလို့ အကျယ်ကြီး​အော်​ပစ်လိုက်​တယ်။ ကျွန်တော့်​မေးခွန်းတွေရဲ့​အဖြေကို အခု​မှ​သိလာ​ရတဲ့​အတွက် ကျေနပ်​အားရမိ​တယ်။”

ကျမ်းစာ​အမှန်တရားကို​တွေ့ရှိ​သူ​တိုင်း အားရ​ဝမ်းသာစွာ​နှင့် ဤသို့​အော်ဟစ်​ကြွေးကြော်​ခဲ့​မည်​မဟုတ်​သည်​မှာ မှန်ပါသည်။ သို့​တိုင် ဘဝ၏​အရေးပါသော​မေးခွန်းများ​၏​အဖြေ​များ​ကို သိရ​ခြင်း​သည် လူများစွာ​အတွက် ရွှင်လန်း​ဝမ်းမြောက်စရာ​ဖြစ်သည်။ သူတို့သည် ယေရှု၏​ဥပမာ​ထဲ​မှ လယ်​၌​ဝှက်ထား​သော​ဘဏ္ဍာ​ကို​တွေ့​သူ​ကဲ့သို့ ခံစား​ကြ​ရသည်။ ယေရှု​ဤသို့​မိန့်တော်မူသည်– “ဝမ်းမြောက်​သော​စိတ်​နှင့်​သွားပြီး​လျှင် မိမိ​၌​ရှိသမျှကို​ရော​င်း၍ ထို​လယ်​ကို​ဝယ်​လေ​၏။”—မဿဲ ၁၃:၄၄သမ္မာ။

အဓိပ္ပာယ်​ပြည့်ဝသော​ဘဝ​အသက်တာ​အတွက် သော့ချက်

ဘဝ၏​ရည်ရွယ်ချက်ကား​အဘယ်နည်း​ဟူ​သည့် အခြေခံကျ​သော​မေးခွန်း​ကို ဘီလ်​ဆင်ခြင်​သုံးသပ်​ခဲ့​သည်။ အတွေးအခေါ်​ပညာရှင်​များ၊ ကျမ်း​ပညာရှင်​များနှင့် သိပ္ပံ​ပညာရှင်​များသည် ထို​မေးခွန်း​၏​အဖြေကို​ရ​ရန် နှစ်ပေါင်း​ထောင်နှင့်ချီ​၍ ကြိုးစား​ခဲ့​ကြသည်။ ယင်း​၏​အဖြေ​ရ​ရန် ကြိုးပမ်း​ခဲ့​ကြ​သူများ​သည် မရေမတွက်​နိုင်သော​စာအုပ်​များ​ကို ရေးသားခဲ့​ကြပြီ။ သူတို့၏​ကြိုးပမ်းမှု​များသည် အချည်းနှီး​ဖြစ်​ခဲ့​ပြီး အများစုက ထို​မေးခွန်း​ကို အဖြေ​မပေးနိုင်​ဟု ကောက်ချက်​ချ​ခဲ့​ကြပြီ။ သို့သော် အဖြေ​ရှိပါ​သည်။ ယင်းသည် လေးနက်​သော်လည်း နားလည်​ရန်​မခက်ခဲ​ပါ။ သမ္မာကျမ်းစာ​တွင် ယင်းကို ရှင်းလင်း​ဖော်ပြ​ထား​သည်။ ဤ​သည်​ကား ပျော်ရွှင်​၍ အဓိပ္ပာယ်​ပြည့်ဝသော​ဘဝ၏ သော့ချက်​ဖြစ်၏– ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်၊ ကောင်းကင်​ခမည်းတော် ယေဟောဝါ​ဘုရားသခင်​နှင့် လျောက်ပတ်​သော​ဆက်ဆံ​ရေး ရှိ​ရမည်။ ယင်းကို ကျွန်ုပ်​တို့​မည်သို့​ရရှိနိုင်​မည်​နည်း။

ဘုရားသခင်​ထံ​ချဉ်းကပ်​ခြင်း​နှင့်​ပတ်သက်​၍ ဆန့်ကျင်ဘက်​ဖြစ်​ပုံ​ရှိသည့် အသွင်အပြင်​နှစ်ခု​ရှိသည်။ ကိုယ်တော့်​ထံ​ချဉ်းကပ်​သူများ​သည် ကိုယ်တော်​အား ကြောက်ရွံ့​ရိုသေပြီး ချစ်​မြတ်နိုးကြ​၏။ ထို​အချက်​ကို​ထောက်ခံ​သည့် ကျမ်းချက်​နှစ်ချက်​ကို သုံးသပ်ကြည့်​ကြ​စို့။ လွန်ခဲ့သော​နှစ်ပေါင်း​များစွာက ပညာရှိ​ဘုရင်​ရှောလမုန်​သည် လူသား​တို့​အကြောင်း အသေအချာ​လေ့လာ​ခဲ့​ပြီး​နောက် သူ၏​တွေ့ရှိချက်​များ​ကို အာစရိယကျမ်း​တွင် မှတ်တမ်းတင်​ခဲ့​သည်။ သူ၏​ရှုမြင်ချက်များ​ကို အကျဉ်းချုပ်​၍ ဤသို့​ရေးသားခဲ့​သည်– “အချုပ်အခြာ​စကား​ဟူ​မူ​ကား ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ပညတ်တော်​တို့ကို စောင့်ရှောက်​လော့။ ဤ​ရွေ့​ကား လူ​နှင့်​ဆိုင်သော အမှုအရာ​အလုံးစုံ​တို့ကို ချုပ်ခြာ​သတည်း။” (ဒေ. ၁၂:၁၃) ရာစုနှစ်များစွာ​ကုန်လွန်​ပြီး​နောက် မောရှေ​ကို​ပေး​ခဲ့​သော​ပညတ်တော်​တို့​တွင် အဘယ်​ပညတ်​သည် အကြီးမြတ်ဆုံး​ဖြစ်သနည်း​ဟု မေးခဲ့​သောအခါ ယေရှု​ဤသို့​ဖြေကြား​တော်​မူ​သည်– “သင်၏​ဘုရားသခင် ထာဝရ​ဘုရား[သခင်]ကို စိတ်နှလုံး​အကြွင်းမဲ့ ဉာဏ်​ရှိသမျှ​နှင့်​ချစ်​လော့။” (မဿဲ ၂၂:၃၇) ဘုရားသခင်​ကို ကြောက်ရွံ့​ပြီး ချစ်​ရမည်​ဟူ​သည့်​အချက်​သည် ထူးဆန်း​နေ​ဟန်​ရှိပါ​သလော။ ကြောက်ရွံ့​ခြင်း​နှင့်​ချစ်ခြင်း​၏​အရေးပါမှု​နှင့် ဘုရားသခင်​နှင့်​ကျေနပ်ဖွယ်​ဆက်ဆံ​ရေး​ရှိစေရန် ယင်း​တို့​မည်သို့​ပူးပေါင်း​လုပ်ဆောင်​သည်ကို သုံးသပ်ကြည့်​ကြ​စို့။

ဘုရားသခင်​အား​ကြောက်ရွံ့​ခြင်း​၏ ဆိုလိုရင်း

ကျွန်ုပ်​တို့သည် ဘုရားသခင်​လက်ခံနိုင်ဖွယ်​နည်းဖြင့် ကိုယ်တော်​အားကိုး​ကွယ်​ရန် ကြောက်ရွံ့​ရိုသေခြင်း​သည် အဓိကကျ​သည်။ သမ္မာကျမ်းစာ​၌ ဤသို့​ဆို​သည်– “ထာဝရ​ဘုရား[သခင်]ကို ကြောက်ရွံ့​ရိုသေခြင်း​သည် ပညာ​၏​အစ​မူလ​ဖြစ်၏။” (ဆာလံ ၁၁၁:၁၀သမ္မာ) တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​သည်– “ခန့်ညား​ကြောက်ရွံ့​သော​သဘော​နှင့် ဘုရားသခင်​ကို​လျောက်ပတ်​စွာ​ဝတ်ပြု​နိုင်​မည်​အကြောင်း ကျေးဇူးတော်​ကို​စွဲလမ်း​ကြ​ကုန်​အံ့။” (ဟေဗြဲ ၁၂:၂၈) အလားတူ​စွာ တမန်​တော်​ယောဟန်​မြင်ရ​သည့် အဆင်းအာရုံ​တွင် ကောင်းကင်​အလယ်​၌​ပျံဝဲ​လျက်​ရှိသော ကောင်းကင်တမန်​တစ်ပါး​က “ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ချီးမွမ်း​ကြလော့” ဟူ​သည့်​စကား​ဖြင့် သတင်းကောင်း​ကြေညာ​ခြင်း​ကို အစပြု​ခဲ့​သည်။—ဗျာဒိတ် ၁၄:၆၊ ၇

အဓိပ္ပာယ်​ပြည့်ဝသော​ဘဝ​အတွက် အလွန်​အရေးပါသည့် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​သည် တုန်လှုပ်​ထိတ်လန့်​သော​ကြောက်ရွံ့​ခြင်း​မျိုး​နှင့် မတူ​ချေ။ ရက်စက်​ကြမ်းကြုတ်​၍ ကြောက်မက်​ဖွယ်​ကောင်းသော​ရာဇဝတ်သား​တစ်ဦး၏ ခြိမ်းခြောက်​မှု​ကို​ခံရ​လျှင် ကျွန်ုပ်​တို့ ထိတ်လန့်​ကြောက်ရွံ့​ကြ​ပေမည်။ သို့သော် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း သို့​မဟုတ် ဘုရားသခင့်​ရေးရာ​ကြောက်ရွံ့​မှု​သည် ဖန်ဆင်း​ရှင်​အား စိုးရွံ့​ရိုသေခြင်း​ဖြစ်၏။ ၎င်း​ပြင် ဘုရားသခင်​သည် မနာခံ​သော​လူသားများ​ကို အပြစ်ပေး​ရန် တန်ခိုး​အာဏာ​ရှိသော တရားသူကြီး​ချုပ်​နှင့် အတိုင်းအဆမဲ့​တန်ခိုးရှင်​ဖြစ်သော​ကြောင့် ကိုယ်တော်​မနှစ်သက်​ရာ​ပြု​မိ​မည်​ကို​စိုးရွံ့​သော တော်မှန်​စွာ​ကြောက်ရွံ့​ခြင်း​လည်း​ဖြစ်သည်။

ကြောက်ရွံ့​ခြင်း​နှင့် ချစ်ခြင်း ပူးပေါင်း​လုပ်ဆောင်

သို့သော်လည်း ယေဟောဝါ​သည် ကိုယ်တော်​၏​အတိုင်း​ဆ​မဲ့​တန်ခိုးတော်​ကို စိုးရွံ့​သောကြောင့်​သာ ကိုယ်တော့်​အမှုတော်​ဆောင်ခြင်း​ကို မလိုလား​ချေ။ ယေဟောဝါ​သည် ထူးခြား​ထင်ရှား​စွာ မေတ္တာ​ကြီးမားသော​အရှင် ဘုရားသခင်​ဖြစ်​တော်​မူ​၏။ တမန်​တော်​ယောဟန်​သည် ဤသို့​ရေးသား​ရန် လှုံ့ဆော်​ခံ​ခဲ့​ရသည်– “ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏။” (၁ ယောဟန် ၄:၈) ယေဟောဝါ​ဘုရားသခင်​သည် လူသားများ​ကို အလွန်​ချစ်​မြတ်နိုး​စွာ ဆက်ဆံ​တော်​မူ​ခဲ့​ရာ လူသားများ​သည် ကိုယ်တော်​အား​ချစ်​မြတ်နိုး​စွာ ပြန်​ဆက်ဆံ​ရန် အလိုရှိ​တော်​မူ​၏။ သို့ရာတွင် ထိုသို့​သော​ချစ်ခြင်း​မေတ္တာ​နှင့် ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​ခြင်း​သည် မည်သို့​သဟဇာတ​ဖြစ်​နိုင်​မည်​နည်း။ အမှန်​မှာ ယင်း​တို့​နှစ်ခု​သည် ဆက်စပ်​လျက်​ရှိသည်။ ဆာလံဆရာ ဤသို့​ရေးသားခဲ့​သည်– “ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​သော​သူတို့သည် ကိုယ်တော်မြတ်​နှင့် မိတ်သဟာယ​ဖွဲ့​ရသော​အခွင့် . . . ရှိကြ​၏။”—ဆာလံ ၂၅:၁၄

ခွန်အား​ဗလကြီး​၍ ပညာသတိ​ရှိသော ဖခင်​တစ်ဦး​အား ကလေးငယ်​တစ်ယောက်​ထား​ရှိသည့် ရိုသေ​လေးစားမှု​နှင့် စိုးရွံ့​မှု​ကို စဉ်းစား​ကြည့်​ပါ။ တစ်ချိန်တည်း​တွင် ထို​ကလေးငယ်​သည် ဖခင်​၏​မေတ္တာကို တုံ့ပြန်​ပေ​လိမ့်​မည်။ ကလေးငယ်​သည် ဖခင်​ကို ယုံကြည်​အားထား​ကာ သူ့​လမ်းညွှန်မှုကို​မျှော်ကိုး၍ ထို​လမ်းညွှန်မှု​သည် အကျိုး​ဖြစ်ထွန်း​မည်​ဟု ယုံကြည်​စိတ်ချ​ပေ​လိမ့်​မည်။ အလားတူ​စွာ ကျွန်ုပ်​တို့သည် ယေဟောဝါ​အား ချစ်​မြတ်နိုး​၍​ကြောက်ရွံ့​ရိုသေ​လျှင် ကိုယ်တော့်​လမ်းညွှန်မှုကို​ခံယူ​ကြ​မည်​ဖြစ်​ရာ ယင်းက အကျိုးပေး​ပေ​လိမ့်​မည်။ ဣသရေလလူ​များနှင့်​ပတ်သက်​၍ ယေဟောဝါ​မိန့်တော်မူရာ​ကို သတိပြုပါ– “သူတို့နှင့်​သားမြေး​အစဉ်အဆက်​တို့သည် ချမ်းသာရ​မည်​အကြောင်း ငါ့ကို​ကြောက်ရွံ့​၍ ငါ​ပညတ်​သမျှ​တို့ကို အစဉ်​စောင့်ရှောက်​ချင်​သော​စိတ်​နှင့် ပြည့်စုံ​ကြ​ပါစေ​သော။”—တရားဟောရာ ၅:၂၉

မှန်ပါသည်၊ ဘုရားသခင့်​ရေးရာ​ကြောက်ရွံ့​ခြင်း​သည် အချုပ်အနှောင်​မဖြစ်​ဘဲ လွတ်လပ်​စေ​သည်၊ ဝမ်း​မနည်း​စေ​ဘဲ ရွှင်လန်း​စေနိုင်​သည်။ ယေရှု​အကြောင်း ဟေရှာယ​က ဤသို့​ပရောဖက်ပြု​ခဲ့​သည်– “ထို​သူသည် ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​၌ မွေ့လျော်​သည်။” (ဟေရှာယ ၁၁:၃) ထို့​ပြင် ဆာလံဆရာ ဤသို့​ရေးသားခဲ့​သည်– “ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​၍ ပညတ်တော်​တို့​၌ အလွန်​မွေ့လျော်​သော​သူသည် [“ပျော်ရွှင်၊” က​ဘ] ၏။”—ဆာလံ ၁၁၂:၁

ရှင်း​နေသည်​မှာ၊ ဘုရားသခင်​ကို​မသိ​လျှင် ကျွန်ုပ်​တို့သည် ကိုယ်တော်​အား​ကြောက်ရွံ့​ခြင်း၊ ချစ်ခြင်း ရှိ​နိုင်​မည်​မဟုတ်ပေ။ ယင်းကြောင့် သမ္မာကျမ်းစာ​ကို​လေ့လာခြင်း​သည် အလွန်​အရေးကြီး​၏။ ထို​ကဲ့သို့​လေ့လာမှု​က ဘုရားသခင့်​ဂုဏ်ရည်တော်​ကို သိ​နားလည်စေ​၍ ကိုယ်တော့်​ညွှန်ကြားချက်​ကို လိုက်လျှောက်ခြင်း​သည် ဉာဏ်ပညာ​ရှိကြောင်း သဘောပေါက်​လာ​စေ​သည်။ ဘုရားသခင်​နှင့် ကျွန်ုပ်​တို့​ပို​၍​နီးစပ်​လာ​လေ ကိုယ်တော့်​အလိုတော်ကို ဆောင်ရွက်​လို​စိတ်​များ​လာ​လေ​ဖြစ်​ပြီး ကိုယ်တော့်​ပညတ်တော်​များသည် ကျွန်ုပ်​တို့ကို​အကျိုးပြု​မည်​ဖြစ်​ကြောင်း​သိထား​ကာ ၎င်းတို့ကို လိုက်လျှောက်ရန် လှုံ့ဆော်​ခံရ​ကြသည်။—၁ ယောဟန် ၅:၃

မိမိသည် ဘဝ​လမ်းမှန်​ပေါ်​ရောက်ရှိ​နေသည်​ကို သိရ​ခြင်း​မှာ ရွှင်လန်းဖွယ်​ဖြစ်သည်။ အစပိုင်း​၌​ဖော်ပြ​ခဲ့​သော​ဘီလ်​သည် ထိုသို့​ပင်​ဖြစ်သည်။ မကြာမီ​က သူ​ဤသို့​ပြောပြ​သည်– “ကျွန်တော်​ကျမ်းစာ​စပြီး​လေ့လာချိန်​ကနေ ဖြတ်သန်း​ခဲ့​တဲ့​ကိုးနှစ်​အတွင်း ယေဟောဝါ​နဲ့​ကျွန်တော့်​ရဲ့​ဆက်ဆံ​ရေး​ဟာ အရမ်း​တိုးတက်​လာတယ်။ အစပိုင်း​မှာ ကျွန်တော်​ခံစား​ခဲ့​ရတဲ့ ရွှင်လန်းမှု​ဟာ တကယ့်ကို​ပျော်ရွှင်ဖွယ်​ကောင်း​တဲ့ ဘဝ​လမ်းစဉ်​တစ်ခု​ဖြစ်လာ​ခဲ့တယ်။ ဘဝကို အပြုသဘော​နဲ့ ကျွန်တော်​အမြဲတမ်း​ရှုမြင်တယ်။ ကျွန်တော့်​ရဲ့​နေ့ရက်​တွေ​ဟာ အပျော်အပါး​ကို ရည်ရွယ်ချက်​မဲ့ ရှာ​တာ​နဲ့​မဟုတ်ဘဲ အဓိပ္ပာယ်​ရှိတဲ့​အလုပ်တွေနဲ့​ပြည့်​နေတယ်။ ယေဟောဝါ​ဟာ ကျွန်တော့်​အတွက် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်လာ​ပြီ၊ ကျွန်တော့်​အတွက်​အကောင်းဆုံး​အကျိုးကို ကိုယ်တော်​တကယ်​စိတ်ဝင်စား​တယ်​ဆိုတာ​လည်း ကျွန်တော်​သိတယ်။”

ယေဟောဝါ​အား​သိကျွမ်းခြင်း​ပညာ​ကို မိမိတို့​အသက်တာတွင် လက်တွေ့​ကျင့်သုံး​သူများ​အတွက် ယင်းက ပျော်ရွှင်မှု​နှင့် အကျိုးကျေးဇူးများ မည်သို့​ရရှိစေ​ကြောင်းကို နောက်​ဆောင်းပါး​တွင် သုံးသပ်ကြ​မည်။

[စာမျက်နှာ ၅ ပါ အကျဉ်း​ဖော်ပြချက်]

ဘုရားသခင်​ထံ​ချဉ်းကပ်​ခြင်း ဟူသည် ကိုယ်တော်​အား ချစ်​မြတ်နိုး​ပြီး ကြောက်ရွံ့​ခြင်း​ကို​ဆိုလို

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ယေရှုသည် ယေဟောဝါ​အား​ကြောက်ရွံ့ ခြင်း​၌ အားရ​ရွှင်လန်း​ခဲ့