မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူ “အဆုံးတိုင်အောင်တည်ကြည်” ခဲ့

သူ “အဆုံးတိုင်အောင်တည်ကြည်” ခဲ့

သူ “အဆုံးတိုင်အောင်​တည်ကြည်” ခဲ့

ယေဟောဝါသက်သေ​များ​၏ ဌာနချုပ်​အမှုထမ်း​အဖွဲ့ဝင်​အသစ်များ​အား တင်ဆက်​သည့် ၁၉၉၃ ခုနှစ်​ထုတ် ဗီဒီယို​တစ်ခု​၌ လို​င်​မယ်​န် အလက်ဇန္ဒား စွင်ဂယ်​လ်​က ယေဟောဝါ​၏​အမှုတော် ထမ်းဆောင်ခြင်း​နှင့်​ပတ်သက်​၍ သူ၏​ခံစားချက်​ကို ဤသို့​ဖော်ပြ​သည်– “ဘွတ်​ဖိနပ်​စီး​ထား​ရင်း သေ​ပါ​လေ!” *

အသက်​ကိုး​ဆယ်​အရွယ် ညီအစ်ကို​စွင်ဂယ်​လ်​သည် အခြား​သူများကို အားပေးခဲ့​သည့်​အတိုင်း ကိုယ်တိုင်​ပြုလုပ်​ခဲ့​သည်။ သူသည် “အဆုံးတိုင်အောင်​တည်ကြည်” ခဲ့​၏။ (မဿဲ ၂၄:၁၃) ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​ဖြစ်သော သူသည် ကျန်းမာ​ရေး​မကောင်း​သော်လည်း မတ် ၇၊ ဗုဒ္ဓဟူး​နေ့တွင် ယင်း​အဖွဲ့​၏​အစည်းအဝေး​ကို တက်ရောက်​ခဲ့​သည်။ နောက်​အပတ်​အင်္ဂါ​နေ့တွင် သူ၏​ကျန်းမာ​ရေး​အခြေအနေ​ဆိုး​လာပြီး မတ် ၁၄ ရက်၊ နံနက် ၄:၂၆ နာရီ​တွင် သူ၏​ဆရာဝန်​က သူ​သေဆုံး​သွားပြီ​ဟု​ပြော​ခဲ့​သည်။

လို​င်​မယ်​န် စွင်ဂယ်​လ်​သည် နယူးယောက်၊ ဘ​ရွတ်​က​လင်​မြို့မှ ယေဟောဝါသက်သေ​များ​၏ ကမ္ဘာ့​ဌာနချုပ်​တွင် ၁၉၃၀၊ ဧပြီ ၅ ရက်​တွင် စတင်​အမှုထမ်းခဲ့​သည်။ သူသည် ၇၁ နှစ်​နီးပါး​တိုင် အမှုဆောင်​သွားခဲ့သည်။ လို​င်​မယ်​န်​သည် ဦးစွာ စာအုပ်​ချုပ်​ဌာန၊ ထို့နောက် ပုံနှိပ်​ဌာန​တွင် တာဝန်ကျ​ပြီး မင်​ဖော်စပ်​ခြင်း​တွင်​လည်း ကူညီပေး​ခဲ့​ရသည်။ အမှန်​ဆို​ရ​လျှင် ညီအစ်ကို​စွင်ဂယ်​လ်​သည် မင်​ဖော်စပ်​ခန်း​တွင် ၂၅ နှစ်​ခန့်​အမှုဆောင်ခဲ့သည်။ ဌာနချုပ်​၏ စာပေ​ပြုစုရေး​အမှုထမ်း​အဖွဲ့ဝင်​တစ်ဦး​အနေ​နှင့် အနှစ် ၂၀ ခန့်​အမှုဆောင်ခဲ့သည်။ သူ့​အသက်တာ​၏​နောက်ဆုံး ၁၇ နှစ်​တွင် ဘဏ္ဍာရေး​ဌာန​၌ အမှုဆောင်ခဲ့​၏။

လို​င်​မယ်​န်​သည် ဘုရားသခင့်​နိုင်ငံတော်​ကို ရဲရင့်စွာ​ကြွေးကြော်​သူ​တစ်ဦး​ဖြစ်သည်။ ဘ​ရွတ်​က​လင်​၌ သူ၏​အစောပိုင်း​နှစ်များ​တွင် သူနှင့်​သူ၏​အခန်းဖော် အာရ်သာ ဝေါ့စ်လီ​တို့သည် သက်သေခံ​များ​ပိုင် လှေ​တစ်စင်း​ဖြင့် ဟ​တ်ဒ်​ဆင်​မြစ်​သို့ ရွက်လွှင့်​လေ့​ရှိသည်။ စ​နေ​တနင်္ဂနွေ​နေ့​များ​တွင် ကမ်း​စပ်​ပေါ်​ရှိ​လူ​တို့အား အသံချဲ့စက်​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​သတင်း ကြေညာ​ခဲ့​ကြသည်။

ညီအစ်ကို​စွင်ဂယ်​လ်​သည် ၁၉၁၀၊ နိုဝင်ဘာ ၆ ရက်​တွင် နာ​ဘ​ရာ့စ်​ခါ​ပြည်နယ်၊ လင်​ကွန်း​မြို့တွင် မွေးဖွား​ခဲ့​ပြီး​မကြာမီ ယူတာ​ပြည်နယ်၊ စော​လ်တ်​လိပ်​ခ်​စီတီ​မြို့​သို့ မိသားစု​လိုက် ပြောင်းရွှေ့​သွားခဲ့​ကြသည်။ ထို​တွင် ၁၉၃၁ ခုနှစ်​၌ သူ၏​မိဘများသည် ယင်း​အချိန်​က ကျမ်းစာ​ကျောင်းသား​များ​ဟု​ခေါ်​သော ယေဟောဝါသက်သေ​များ​ဖြစ်လာ​ကြသည်။ စွင်ဂယ်​လ်​မိသားစု​သည် သက်သေခံ​များ​၏ ဘ​ရွတ်​က​လင်​ဌာနချုပ်​မှ ရောက်ရှိ​လာ​ကြသော ဟောပြောသူများ​ကို နှစ်များ​တစ်လျှောက် ဧည့်ခံ​ခဲ့​ရာ ဤ​ဟောပြောသူများ​သည် လို​င်​မယ်​န်​အပေါ် အပြုသဘော​ပါ​စွာ ဩဇာ​လွှမ်းမိုး​ခဲ့​၏။ ၁၉၂၃ ခုနှစ်​၌ အသက် ၁၂ နှစ်အရွယ်​တွင် သူသည် ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​သည့် အထိမ်းအမှတ်​ဖြင့် နှစ်ခြင်း​ခံ​ခဲ့​သည်။

လို​င်​မယ်​န်​သည် တစ်ကိုယ်ရေ​ဘဝဖြင့် ဘ​ရွတ်​က​လင်​တွင် ၂၆ နှစ်​ကျော် အမှုထမ်း​ပြီး​နောက် ၁၉၅၆၊ ဇွန် ၈ ရက်​တွင် ခရစ္စတယ်လ် ဇာ​ချာ​နှင့်​လက်ထပ်​လိုက်​သောအခါ သူ၏​ဘဝ​သည် အတိုင်း​ထက်​အလွန်​ပြည့်စုံ​ခဲ့​၏။ သူတို့သည် အလွန်​ချစ်ခင်​ကြ​ပြီး ၁၉၉၈ ခုနှစ်​တွင် ခရစ္စတယ်လ် မ​ကွယ်လွန်​ခင်​အထိ ခရစ်ယာန်​ဓမ္မ​အမှု​တွင် အတူတကွ​ပါဝင်​ခဲ့​ကြသည်။ အစောပိုင်း​သုံးနှစ်​ခန့်​က ခရစ္စတယ်လ်​သည် လေဖြတ်​သွားခဲ့​ရာ အလွန်အမင်း​မသန်မစွမ်း​ဖြစ်​ခဲ့​ရ​ရှာ​သည်။ ခရစ္စတယ်လ်​အား ပြုစု​စောင့်ရှောက်မှု​တွင် လို​င်​မယ်​န်​နေ့စဉ်​ပါဝင်​ခဲ့​ခြင်း​သည် အားလုံး​အဖို့၊ အထူးသဖြင့် အနီးအနား​ရပ်ကွက်​၏ လမ်းပေါ်တွင် လမ်းသွားလမ်းလာ​သူများကို ခရစ္စတယ်လ်​က ကင်းမျှော်စင် နှင့် နိုးလော့! ဝေငှ​ပေး​နိုင်​ရန် လက်​တွန်း​လှည်း​ကို မေတ္တာပါ​စွာ လို​င်​မယ်​န်​တွန်း​ပေး​ခဲ့​ခြင်း​ကို တွေ့ မြင်ရ​သူများ​အဖို့ ချစ်ခင်​တွယ်တာမှု​၏ ပုံ​နမူနာ​တစ်ခု​ဖြစ်​ခဲ့​သည်။

ညီအစ်ကို​စွင်ဂယ်​လ်​သည် ရိုးသား​ပွင့်လင်း​ကြင်နာ​တတ်​သူ​ဖြစ်​ကာ သူ့​အား သိရှိ​လာ​သူများ​သည် သူ့ကို ချစ်ခင်​ခဲ့​ကြ​၏။ သူ၏​မိဘ​နှစ်ပါးစလုံး​နည်းတူ သူသည် ကောင်းကင်​နိုင်ငံတော်​တွင် ယေရှု​ခရစ်​နှင့်အတူ​နေထိုင်​ရမည့် ကျမ်းစာ​အခြေပြု​မျှော်လင့်ချက်​ရှိပြီး ယခု သူသည် ထို​မျှော်လင့်ချက်​ပြည့်ဝ​သွားပြီ​ဟု ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​သည်။—၁ သက်သာလောနိတ် ၄:၁၅-၁၈; ဗျာဒိတ် ၁၄:၁၃

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 2 လုပ်ငန်းခွင်​၌ တက်ကြွ​စွာ​လုပ်ဆောင်​ရင်း သေဆုံး​သွားခြင်း​ကို ဆိုလို​သည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ညီအစ်ကို​စွင်ဂယ်​လ်​သည် မင်​ဖော်စပ်​ခန်း​တွင် ၂၅ နှစ်​ခန့် အမှုထမ်းဆောင်​ခဲ့

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

လို​င်​မယ်​န်​နှင့်​ခရစ္စတယ်လ်​တို့သည် တ​ပူးတွဲ​တွဲ​ရှိခဲ့​ကြ