မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သံသယများက သင့်ယုံကြည်ခြင်းကို မဖျက်ဆီးစေပါနှင့်

သံသယများက သင့်ယုံကြည်ခြင်းကို မဖျက်ဆီးစေပါနှင့်

သံသယများ​က သင့်​ယုံကြည်ခြင်းကို မဖျက်ဆီး​စေပါ​နှင့်

သင့်​ကျန်းမာ​ရေး​သည် တစ်နေ့​ရွှေ၊ တစ်နေ့​ငွေ​ဖြစ်​ပေမည်။ ရုတ်တရက် သင့်​မှာ​အားအင်မရှိ၊ ဖျတ်လတ်​သန်စွမ်းမှု​မရှိတော့။ ခေါင်းကိုက်​လာ​ကာ ကိုယ်ခန္ဓာ မချိမဆံ့​နာကျင်​လာ​မည်။ ဘာဖြစ်​သွားပါ​သနည်း။ ကြောက်မက်​ဖွယ်​ရောဂါပိုး​များ​က သင့်ကိုယ်​ခန္ဓာ​၏​ကာကွယ်​ရေး​စနစ်​များ​ကို ပျက်ပြား​စေ​ခဲ့​ပြီး အရေးပါ​အင်္ဂါများ​ကို တိုက်ခိုက်​နေသည်။ မ​ကုသ​လျှင် ဝင်ရောက်​လာသော​ဤ​ရောဂါပိုး​များသည် သင့်​ကျန်းမာ​ရေး​ကို လုံးဝ​ထိခိုက်​သွား​စေပြီး သေ​ပင်​သေစေနိုင်​သည်။

သင်သည် ကူးစက်​နာ​ရချိန်တွင် ကျန်းမာ​ရေး​မကောင်း​ပါ​က ပို​၍​ပင်​ရောဂါ​ရလွယ်​ကူ​ပေမည်။ ဥပမာ၊ အာဟာရ​ချို့တဲ့မှု​ကြောင့် သင်၏​ကိုယ်ခန္ဓာ​သည် အားနည်း​နေလျှင် သင်၏​ကိုယ်ခံအား “အလွန်​လျော့ကျ​နေရာ အသေးဆုံး​ကူးစက်​နာ​ပင် သေစေနိုင်​သည့်​အထိ​ဖြစ်သွား​ပေမည်” ဟု​ဆေး​စာရေး​ဆရာ ပီတာ​ဝင်း​ဂိတ်​က​ဆို​၏။

ထိုသို့​ဖြစ်သော​ကြောင့် မည်သူသည် အစာ​မစား​ဘဲ​နေ​လို​မည်​နည်း။ ဖြစ်​နိုင်​ဖွယ်​မှာ သင်သည် အတတ်နိုင်ဆုံး​ကောင်းစွာ​စား​ပြီး ကျန်းမာ​စွာ​နေ​ပေမည်။ ဗိုင်းရတ်ပိုး​နှင့် ဘက်တီးရီးယား ကူးစက်​နာ​များ မရ​စေရန်​လည်း အတတ်နိုင်ဆုံး​ပြုလုပ် ရှောင်ရှား​နေ​ပေမည်။ သို့သော် သင်သည် “ယုံကြည်ခြင်း​ကျန်း​ခံ့​မှု” အတွက် အလားတူ​ဂရုစိုက်​ပါသလော။ (တိတု ၂:၂က​ဘ) ဥပမာ၊ မသိမသာ​များ​လာသော​သံသယများ​၏ အန္တရာယ်ကို သင်​ဂရုစိုက်​သတိပြုပါ​သလော။ ယင်း​တို့သည် သင့်​စိတ်နှလုံး​ကို အလွယ်တကူ​လွှမ်းမိုး​သွားပြီး သင်၏​ယုံကြည်ခြင်းကိုလည်း​ကောင်း၊ ယေဟောဝါ​နှင့်​သင်၏​ဆက်ဆံ​ရေး​ကိုလည်း​ကောင်း ဖျက်ဆီး​ပစ်​နိုင်​သည်။ အချို့​သူတို့သည် ဤ​အန္တရာယ်ကို သတိပြုမိ​ပုံ​မရှိ​ချေ။ ဝိညာဉ်​အစာ​အငတ်​ခံ​ခြင်း​အားဖြင့် သံသယများ​ဝင်​စေ​ခွင့်ပြု​ကြသည်။ ထိုသို့ သင်​ပြုလုပ်​နေ​ပုံ​ရှိသလော။

သံသယ—အမြဲ​ပင် အကျိုးယုတ်​သလော

အမှန်​ဆို​ရ​လျှင် သံသယ​မှန်သမျှ အကျိုးယုတ်​သည်မဟုတ်​ပါ။ တစ်ခါတစ်ရံ အကြောင်းစုံကို အသေအချာ​မသိ​မချင်း တစ်စုံတစ်ရာ​ကို​မ​လက်ခံ​ဘဲ​နေဖို့လို​သည်။ သံသယ​မရှိသင့်​ဘဲ ယုံကြည်​လက်ခံသင့်​သည်​ဟူသော ဘာသာရေး​တိုက်တွန်းချက်​များသည် အန္တရာယ်​ရှိပြီး လှည့်စား​တတ်၏။ မှန်ပါသည်၊ သမ္မာကျမ်းစာ​က မေတ္တာသည် “ခပ်သိမ်း​သော​အရာ​ကို ယုံတတ်​၏” ဟူ၍​ဆို​သည်။ (၁ ကောရိန္သု ၁၃:၇) မေတ္တာ​ရှိသော​ခရစ်ယာန်​တစ်ဦး​သည် ယုံကြည်​စိတ်ချ​ထိုက်​ကြောင်း ထင်ရှား​ပြသ​ခဲ့​သူများကို ယုံကြည်​ရန် အမှန်ပင်​အသင့်ရှိ​ကြသည်။ သို့ရာတွင် ဘုရားသခင့်​နှုတ်ထွက်​စကားတော်​က ‘သူတစ်ပါး​ပြော​သမျှ​ယုံ’ ခြင်း​ကို​သတိပြု​ရန် မှာကြား​ထား​သည်။ (သု. ၁၄:၁၅) တစ်ခါတစ်ရံ လူတစ်ဦး​၏​အတိတ်​က သူ့ကို​သံသယဝင်​ရန် အကြောင်း​ရှိစေသည်။ “[လှည့်စားသူ] ၏​စကား​သည် ချို​သော်လည်း မယုံ​နှင့်” ဟု​သမ္မာကျမ်းစာ​က သတိပေး​သည်။—သု. ၂၆:၂၄၊ ၂၅

တမန်​တော်​ယောဟန်​သည် မျက်စိ​စုံ​မှိတ်​ယုံခြင်း​ကို ရှောင်ရှား​ရန် ခရစ်ယာန်​များ​ကို သတိပေး​သည်။ “ခပ်သိမ်း​သော​မှုတ်သွင်းခံ​စကားတော်​တို့ကို မယုံကြ​နှင့်” ဟု​သူ​ရေးသား​သည်။ ယင်းအစား၊ “မှုတ်သွင်းခံ​စကားတော်​တို့သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်၊ မစပ်ဆိုင်​သည်ကို စုံစမ်း​ကြလော့။” (၁ ယောဟန် ၄:၁က​ဘ) သွန်သင်ချက် သို့​မဟုတ် ထင်မြင်​ယူဆချက်​ဖြစ်သည့် “စကားတော်” သည်​ဘုရားသခင့်​အထံတော်​မှ ဖြစ်ပုံရ​မည်။ သို့သော် ယင်းသည် ကိုယ်တော့်​ထံ​မှ အမှန်တကယ်​ဖြစ်ပါ​သလော။ တမန်​တော်​ယောဟန်​ပြော​သည့်​အတိုင်း “လှည့်ဖြား​သော​သူ​အများ​တို့သည် လောက​ထဲ​သို့​ဝင်​ကြပြီ” ဖြစ်သော​ကြောင့် သံသယ​အနည်းငယ်​ရှိ​ခြင်း သို့​မဟုတ် ချက်ချင်း​မယုံ​ခြင်း​သည် အမှန်ပင်​အကာအကွယ်​ဖြစ်​နိုင်​သည်။—၂ ယောဟန် ၇

အခြေအမြစ်​မရှိသော​သံသယများ

မှန်ပါသည်၊ အမှန်တရား​ဖြစ်​ကြောင်း သက်သေပြ​ရန် အချက်အလက်​များ​ကို ရိုးသား​နှိမ့်ချစွာ စစ်ဆေး​ရမည်​ဖြစ်သည်။ သို့ရာတွင် ဤသို့​ပြုခြင်း​သည် ကျွန်ုပ်​တို့၏​ခိုင်လုံ​၍​အတည်တကျ​ဖြစ်သည့် ယုံကြည်ချက်များ​နှင့် ဆက်ဆံ​ရေး​များ​ကို ပျက်စီး​စေနိုင်​သော အခြေအမြစ်​မရှိ၊ ထိခိုက်​နိုင်​သည့်​သံသယများ စိတ်နှလုံး​ထဲ​ဝင်​ခြင်း​နှင့်​မတူ​ချေ။ ဤသို့​သံသယ​ဖြစ်​ခြင်း​မျိုး​သည် “ဆုံးဖြတ်ချက်​ချ​ရ​ခက်​စေသည့် မရေရာ​မသေချာ​သော​ခံယူ​ချက် သို့​မဟုတ် ထင်မြင်​ယူဆချက်” ဖြစ်၏​ဟု ရှင်းလင်း​ဖော်ပြ​ထား​သည်။ ယေဟောဝါ​နှင့်​ပတ်သက်​၍ ဧဝ​၏​စိတ်ထဲ​တွင် သံသယများ​ဝင်​စေရန် စာတန်​ပြု​ခဲ့​ပုံ​ကို သင်​မှတ်မိ​သလော။ “သင်တို့သည် ဥယျာဉ်​၌​ရှိသမျှ​သော အပင်​တို့၏​အသီးကို​မစား​ရ​ဟု ဧကန်​စင်စစ် ဘုရားသခင်​မိန့်တော်မူ​သလော” ဟူ၍ စာတန်​မေးခဲ့သည်။ (ကမ္ဘာဦး ၃:၁) ထို​ရိုးသား​ဟန်​ရှိ မေးခွန်း​ကြောင့် မသေ​မ​ချာ​ဖြစ်လာ​ကာ ဧဝ​ဆုံးဖြတ်​ရ​ခက်​သွား​သည်။ ၎င်း​သည် စာတန်​၏​နည်း​များ​ဖြစ်သည်။ သူသည် ရှုတ်ချ​စာ​များ​ရေးသူ​ကဲ့သို့​ပင် ကောက်ကျစ်​ပြီး မဟုတ်​က​ဟုတ်​က​များ​ကို​အသုံးပြုရန် ကျွမ်းကျင်​သည်။ စာတန်​သည် ထို​နည်းဖြင့် သံသယများ မသိမသာ​ဝင်​စေ​ခဲ့​ပြီး တစ်ဦး​ကိုတစ်​ဦး​ယုံကြည်​အားထား​သော ဆက်ဆံမှု​ကောင်း​များစွာကို ဖျက်ဆီး​ခဲ့​ပေ​ပြီ။—ဂလာတိ ၅:၇-၉

ဤသို့​သော​သံသယဝင်​ခြင်း​မျိုး​၏ အကျိုးယုတ်​မှု​ကို တပည့်တော်​ယာကုပ် နားလည်​သဘောပေါက်ခဲ့​သည်​မှာ ထင်ရှား​ပါ​သည်။ ကျွန်ုပ်​တို့သည် စမ်းသပ်ခံ​ရချိန်တွင် ဘုရားသခင်​ထံ လွတ်လွတ်လပ်လပ်​ချဉ်းကပ်​၍ အကူအညီ​တောင်း​နိုင်​သည့် အခွင့်ကောင်း​အကြောင်း သူ​ရေးသားခဲ့​သည်။ သို့ရာတွင် သင်သည် ဘုရားသခင်​ထံ​ဆုတောင်း​သောအခါ “တွေးတောခြင်း [“သံသယ၊” က​ဘ] မရှိဘဲ ယုံကြည်​သော​စိတ်​နှင့်​တောင်း​ရမည်” ဟု​ယာကုပ်​သတိပေး​သည်။ ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​တွင် သံသယများ​ရှိ​ခြင်း​သည် “လေ​ခတ်​၍​လှုပ်ရှား​တတ်သော လှိုင်း​တံပိုး​နှင့်​တူ” သည်။ ကျွန်ုပ်​တို့သည် “ပြု​လေ​သမျှ​တို့​၌ မပြတ်​သား​သော​သူ” ကဲ့သို့​ဖြစ်လာ​သည်။ (ယာကုပ် ၁:၆၊ ၈က​ဘ) ကျွန်ုပ်​တို့သည် မပြတ်​သား​သူ​ဖြစ်သော မသေချာ​မရေရာ​သည့်​ယုံကြည်ခြင်း​ရှိလာ​စေ​သည်။ သို့ဖြင့် ကျွန်ုပ်​တို့သည် ဧဝ​၌​ဖြစ်ပျက်​ခဲ့​သည့်​အတိုင်း နတ်ဆိုးများ၏​သွန်သင်ချက်​နှင့် အတွေးအခေါ်​အမျိုးမျိုးကို ခုခံနိုင်​တော့​မည်​မဟုတ်ပါ။

ဝိညာဉ်​ရေး​ကျန်း​ခံ့​မှု​ကို ထိန်းသိမ်း​ထားခြင်း

သို့​ဖြစ်​လျှင် ပျက်စီး​စေသော​သံသယများ​မှ ကျွန်ုပ်​တို့​ကိုယ်ကို မည်သို့​ကာကွယ်​နိုင်​မည်​နည်း။ အဖြေ​မှာ ရိုးရှင်း​လှ​ပါ​သည်– စာတန်​၏​ဝါဒဖြန့်မှု​ကို အခိုင်အမာ​ငြင်းပယ်​၍ “ယုံကြည်ခြင်း၌​တည်” နေ​စေရန် ဘုရားသခင်​ပြင်ဆင်​ပေး​ချက်​များ​ကို အပြည့်အဝ​အသုံးချခြင်း​အားဖြင့်​ဖြစ်သည်။—၁ ပေတရု ၅:၈-၁၀

မရှိမဖြစ်​အလိုအပ်ဆုံး​မှာ ဝိညာဉ်​အစာကို ကိုယ်တိုင်​ကောင်းစွာ​စားသုံးခြင်း​ဖြစ်သည်။ အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သော စာရေး​ဆရာ​ဝင်း​ဂိတ်​က ဤသို့​ရှင်းပြသည်– “ကိုယ်ခန္ဓာ မ​လှုပ်ရှား​သည့်​အချိန်၌​ပင် ဓာတ်​ပြောင်းလဲ​ဖို့​နှင့် အရေးပါ​အင်္ဂါများ​အလုပ်​လုပ်နိုင်​ရန် စွမ်းအင်​ဆက်​ဖြည့်​ပေးဖို့​လို​သည်; တစ်ရှူး​များစွာ​၏​အစိတ်အပိုင်း​များ​ကိုလည်း အဆက်မပြတ်​အစားထိုး​ပေး​နေဖို့လို​သည်။” ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကျန်းမာ​မှု​နှင့်​ပတ်သက်​၍​လည်း ထပ်တူ​ထပ်​မျှ​ဖြစ်၏။ အဆက်မပြတ်​ဝိညာဉ်​အစာ​မစား​လျှင် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​သည် အစာ​ချို့တဲ့​နေသော ကိုယ်ခန္ဓာ​ကဲ့သို့ တစ်စ​တစ်စ​ယိုယွင်း​လာ​ကာ နောက်ဆုံး​သေ​ပင်​သေ​နိုင်​သည်။ ယေရှု​ခရစ်​က “လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရမည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည်” ဟု​မိန့်ဆို​စဉ်​က ယင်းကို အလေးအနက်​ဖော်ပြ​ခဲ့​သည်။—မဿဲ ၄:၄

၎င်းကို စဉ်းစား​ကြည့်​ပါ။ ကျွန်ုပ်​တို့သည် အစအဦး​၌ ခိုင်ခံ့​သော​ယုံကြည်ခြင်း မည်သို့​ရှိလာ​သနည်း။ “ယုံကြည်ခြင်း​သည် ကြားနာ​ခြင်း​အားဖြင့်​ဖြစ်၏” ဟု​တမန်​တော်​ပေါလု​ရေးခဲ့​သည်။ (ရောမ ၁၀:၁၇) သူ​ဆိုလိုသည်မှာ ဘုရားသခင့်​နှုတ်ထွက်​စကားတော်​ကို ကျွန်ုပ်​တို့​မှီဝဲခြင်း​အားဖြင့် ယေဟောဝါ၊ ကိုယ်တော်​၏​ကတိတော်​များနှင့် ကိုယ်တော်​၏​အဖွဲ့အစည်း​၌ ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​ကို ဦးစွာ​တည်ဆောက်​ခဲ့​ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့​ကြား​လေ​သမျှ​ကို မျက်စိ​စုံ​မှိတ်​ပြီး ယုံ​ခဲ့​ခြင်း​သာ​မဟုတ်​ချေ။ ဗေရိ​မြို့သား​များ​ပြုလုပ်​ခဲ့​သကဲ့သို့ ကျွန်ုပ်​တို့​ပြုလုပ်​ခဲ့​ကြသည်။ ကျွန်ုပ်​တို့သည် ‘မှန်သည်​မမှန်​သည်ကို​သိခြင်း​ငှာ ကျမ်းစာ​ကို နေ့တိုင်း​အစဉ်​စေ့စေ့​ကြည့်ရှု​ခဲ့​ကြ​၏။’ (တမန်​တော် ၁၇:၁၁) “ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ စုံလင်သော​အရာ​တည်း​ဟူသော ဘုရားသခင်​အလိုတော်​ရှိသော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို​သင် [“စစ်ဆေး၊” က​ဘ]” ယူ​ခဲ့​ကြ​ပြီး ကျွန်ုပ်​တို့​ကြားနာ​ခဲ့​ရာ​များသည် မှန်​မမှန် အသေအချာ​စစ်ဆေး​ခဲ့​ကြ​၏။ (ရောမ ၁၂:၂; ၁ သက်သာလောနိတ် ၅:၂၁) ထို​အချိန်​မှ​စ၍ ဘုရားသခင့်​နှုတ်ထွက်​စကားတော်​နှင့် ကတိတော်​များသည် အမြဲ​ပြည့်စုံ​ကြောင်း ပိုမို​ရှင်းလင်းစွာ​သိမြင်​လာ​ကြ​ရာ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​သည် သာ၍​ခိုင်ခံ့​မြဲမြံ​လာ​ခဲ့​ပုံ​ရှိသည်။—ယောရှု ၂၃:၁၄; ဟေရှာယ ၅၅:၁၀၊ ၁၁

ဝိညာဉ်​အစာ​ငတ်ပြတ်​ခြင်း​ကို​ရှောင်​လော့

ယခု ကျွန်ုပ်​တို့​ရင်ဆိုင်​နေရ​သော စိန်ခေါ်ချက်​မှာ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ဆက်​ထိန်းသိမ်း​ထားပြီး ယေဟောဝါ​နှင့် ကိုယ်တော်​၏​အဖွဲ့အစည်း​အပေါ် ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​ကို အားနည်းစေ​နိုင်​သည့် ယုံကြည်ချက်​မရေရာ​မသေချာ​ခြင်း​ကို ရှောင်ခြင်း​ဖြစ်သည်။ ယင်း​သို့​ပြု​ရန် သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​နေ့စဉ် စွဲမြဲ​စွာ​စစ်ဆေး​လေ့လာ​ရမည်။ တမန်​တော်​ပေါလု​က “နောင်​ကာလ​၌ . . . [အစအဦး​တွင် ခိုင်ခံ့​သော​ယုံကြည်ခြင်း​ရှိ​ပုံ​ပေါက်​သည့်] လူ​အချို့​တို့သည် ယုံကြည်ခြင်းကို​စွန့်ပယ်​၍ လှည့်ဖြား​တတ်သော​စိတ်​ဝိညာဉ်​တို့​၌​လည်းကောင်း၊ နတ်​ဘုရား​တို့​နှင့်​စပ်ဆိုင်​သော [ဆုံးမ​စကား] တို့​၌​လည်းကောင်း မှီဝဲ​ဆည်းကပ်​ကြလိမ့်မည်” ဟု​သတိပေး​ခဲ့​သည်။ (၁ တိမောသေ ၄:၁၊ ၂) အဆိုပါ​လှည့်ဖြား​တတ်သော​စကား​များနှင့် သွန်သင်ချက်​များသည် လူ​အချို့​၏​စိတ်​တွင် သံသယများ​ဝင်​စေပြီး ဘုရားသခင်​နှင့် ဝေးကွာ​စေ​သည်။ ကျွန်ုပ်​တို့၏​ကာကွယ်​ရာ​ကား အဘယ်နည်း။ “ယုံကြည်ခြင်း​တရား​နှင့်​ဆိုင်သော​စကား​များ၊ ယခု​တိုင်အောင် [ကျွန်ုပ်​တို့] လျှောက်လိုက်​သော ကောင်းမြတ်​သည့်[ဆုံးမ]စကား​များနှင့် မွေးမြူခြင်း” ကို​ဆက်လက်​ခံယူ​ခြင်း​ဖြစ်သည်။—၁ တိမောသေ ၄:၆သမ္မာ။

သို့သော် ဝမ်းနည်းစရာမှာ ယနေ့ လူ​အချို့​သည် ‘ယုံကြည်ခြင်း​တရား​နှင့်​ဆိုင်သော​စကား​တို့​ဖြင့် မွေးမြူ’ မခံလို​ခြင်း​ဖြစ်သည်၊ ဤသို့​သော​မွေးမြူ​မှု​ကို အခမဲ့​ပင်​ရရှိနိုင်​သည့်​တိုင် မခံယူ​လို​ကြ​ချေ။ နယပုံပြင်​ကျမ်း​ရေးသူ​တစ်ဦး ဖော်ပြ​သည့်​အတိုင်း ပုံဆောင်​သဘော​အရ ဝိညာဉ်​ရေး​စာ​ကောင်း​သောက်​ဖွယ်၊ ဝိညာဉ်​ရေး​စားပွဲ​ကြီး​ဖြင့် ဝိုင်းရံ​နေ​လျက်​ပင် အမှန်တကယ်​တွင် စားသောက်​ချေ​ည​က်​မှု​မပြုခြင်း​ဖြစ်​နိုင်​သည်။—သု. ၁၉:၂၄; ၂၆:၁၅

ယင်းသည် အန္တရာယ်​ရှိ၏။ စာရေး​ဆရာ​ဝင်း​ဂိတ်​က ဤသို့​ဆို​သည်– “ကိုယ်ခန္ဓာ​သည် ကိုယ်​တွင်း​ရှိ​ပရိုတင်း​ကို စတင်​စုပ်ယူ​သည်​နှင့်​အမျှ ကျန်းမာ​ရေး စ​ချူချာ​လာ​လေ​တော့​သည်။” သင်သည် အစာ​အငတ်​ခံ​သောအခါ သင့်ကိုယ်​ခန္ဓာ​သည် ကိုယ်ခန္ဓာ​တစ်လျှောက်​တွင် သိုမှီး​ထားသော​အရန်​လောင်စာ​ကို စ၍​ထုတ်သုံး​တော့​သည်။ အဆိုပါ​ပင်မ​လောင်စာများ ကုန်​သွားသော​အခါ ကိုယ်ခန္ဓာ​သည် ဆက်၍​ကြီးထွား​ဖို့​နှင့် တစ်ရှူး​အစားထိုး​ပေးဖို့ မရှိမဖြစ်​လိုအပ်​သည့် ပရိုတင်း​ကို​စုပ်ယူ​စ​ပြု​လေ​သည်။ ထို​အခါ အရေးပါသော​အင်္ဂါများ စတင်​ပျက်ယွင်း​လာ​သည်။ ထို့နောက် သင့်​ကျန်းမာ​ရေး​သည် ယိုယွင်း​လာ​မည်။

အစောပိုင်း​ခရစ်ယာန်​အသင်းတော်တွင် လူ​အချို့​သည် ဝိညာဉ်​ရေး​သဘော​အရ ထိုသို့​ပင်​ဖြစ်ပျက်​ခဲ့​၏။ ထို​သူတို့သည် မိမိတို့၏​ဝိညာဉ်​ရေး​အရန်​လောင်စာ​ကို​မှီဝဲ​နေ​ရန် ကြိုးစား​ခဲ့​ကြသည်။ ကိုယ်ပိုင်​လေ့လာမှု​ကို သူတို့​လျစ်လျူရှု​ထား​ကြသော​ကြောင့် ဝိညာဉ်​ရေး​ဘက်​အားနည်း​လာ​ကြသည်။ (ဟေဗြဲ ၅:၁၂) တမန်​တော်​ပေါလု​သည် ဟေဗြဲ​ခရစ်ယာန်​များ​ထံ ဤသို့​စာရေး​သောအခါ ယင်း​သို့​ပြုလုပ်ခြင်း​၏​အန္တရာယ်ကို​ရှင်းပြ​ခဲ့​သည်– “ကြား​ရသော[တရား]တော်​ကို မမေ့​မ​လျော့​မည်​အကြောင်း၊ စိတ်နှလုံး​၌ သာ၍​မှတ်မိ​စွဲလမ်းခြင်း​ရှိကြ​ရမည်။” ကျွန်ုပ်​တို့သည် “ဤမျှ​လောက်​ကြီးစွာ​သော ကယ်တင်​တော်​မူ​ခြင်း​တရားကို . . . နားမထောင်​ဘဲ​နေလျှင်” အကျင့်ပျက်​သွား​ရန် မည်မျှ​လွယ်ကူ​သည်ကို သူသိ​ရှိခဲ့​သည်။—ဟေဗြဲ ၂:၁၊ ၃

စိတ်ဝင်စားစရာ​မှာ အာဟာရချို့​တဲ့​သူသည် မမာ​မ​ကျန်း​ပုံ၊ ပိန်လှီ​ပုံ ရှိ​ချင်​မှ​ရှိ​မည်။ ထို​နည်းတူ​စွာ လူတစ်ဦး​တစ်ယောက်​သည် ဝိညာဉ်​ရေး​ငတ်ပြတ်​နေသည်​ဟု ချက်ချင်း​မ​ရိပ်မိ​နိုင်​ချေ။ သင်သည် လျောက်ပတ်​သော​အာဟာရ ပြည့်​မ​နေလျှင်​ပင် ဝိညာဉ်​ရေး​ကျန်းမာ​နေ​ပုံ​ရှိ​နိုင်​သည်၊ သို့သော် တစ်ခဏ​သာ​ဖြစ်သည်။ သင်သည် အခြေအမြစ်​မရှိသော​သံသယများ​ဝင်လာ​ပြီး ယုံကြည်ခြင်း​အတွက် ကြိုးစား​တိုက်လှန်​နိုင်စွမ်း​မရှိ​ဖြစ်​ကာ ဧကန်​မုချ​ဝိညာဉ်​ရေး​အားနည်း​လာ​လိမ့်​မည်။ (ယုဒ ၃) သင်​ကိုယ်တိုင်​၏ ဝိညာဉ်​အစာစား​သုံး​သည့် ပမာဏ​အမှန်​ကို—မည်သူမျှ​မသိ​ရှိသည့်​တိုင်—အသင်​သိရှိ​ပေမည်။

ထို့​ကြောင့် သင်၏​ကိုယ်ပိုင်​လေ့လာမှု​ကို စွဲမြဲ​စွာ​ပြုလုပ်​ပါ။ သံသယများ​ကို ကြံ့ကြံ့ခံ​တိုက်လှန်​ပါ။ ကူးစက်​နာ​အနည်းငယ်​ဖြစ်ပုံရ​သည့်​အရာ​ကို လျစ်လျူရှု​ခြင်း၊ စိတ်​အနှောင့်အယှက်​ဖြစ်စေ​သည့် သံသယများ​ကို လွှတ်ထား​ခြင်း​တို့သည် ဆိုးကျိုး​များ​ပေး​နိုင်​သည်။ (၂ ကောရိန္သု ၁၁:၃) ‘ကျွန်ုပ်​တို့သည် နောက်ဆုံး​ကာလ​တွင် အမှန်တကယ်​အသက်ရှင်နေ​ကြ​ပါသလော။ သင်သည် ကျမ်းစာ​ပြော​သမျှ​ကို ယုံကြည်​နိုင်​သလော။ ဤ​အဖွဲ့အစည်း​သည် အမှန်ပင်​ယေဟောဝါ​၏​အဖွဲ့အစည်း​ဖြစ်သလော။’ သင့်​စိတ်ထဲ​တွင် ဤ​ကဲ့သို့​သော​သံသယများ​ကို စာတန်​ဝင်​စေ​လို​မည်။ ဝိညာဉ်​အစာစား​သုံး​ခြင်း​အပေါ် ပေါ့ပေါ့ဆဆ​သဘောထား​ခြင်း​ဖြင့် သူ၏​လှည့်စား​တတ်သော​သွန်သင်ချက်​များ​တွင် အလွယ်တကူ​ကျော့မိ​ခံရ​သူ မဖြစ်စေ​ပါ​နှင့်။ (ကောလောသဲ ၂:၄-၇) တိမောသေ​ကို​ပေး​သော အကြံဉာဏ်​ကို​လိုက်လျှောက်ပါ။ “အထက်​က​သင်​၍ နှလုံး​သွင်း​မိ​သော​အယူဝါဒ​၌ တည်​နေ” နိုင်​ရန် “ဓမ္မ​ကျမ်းစာ” ကျောင်းသား​ကောင်း​တစ်ဦး​ဖြစ်ပါ။—၂ တိမောသေ ၃:၁၃-၁၅

ယင်း​သို့​ပြု​ရန် သင်​အကူအညီ​လို​ပေမည်။ အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သော စာရေး​ဆရာ​က ဤသို့​ဆက်ဆို​သည်– “အလွန်​အစာ​ငတ်​ခြင်း​ကြောင့် ဗီတာမင်​နှင့် အခြား​လိုအပ်ရာ​များ ချို့တဲ့​သွား​သဖြင့် အစာ​ခြေ​အင်္ဂါများ အလွန်​ထိခိုက်​သွား​နိုင်​ပြီး သာမန်​အစာ​စားသုံး​လျက်​ပင် အစာ​ခြေ​အင်္ဂါများ​သည် အလုပ်​မ​လုပ်နိုင်​တော့​ဘဲ​ဖြစ်လာ​နိုင်​သည်။ ယင်း​အခြေအနေ​မျိုး​ရှိ​လူတို့သည် အတန်ကြာ​အထိ အစာ​ခြေ​လွယ်​သော​အစာကို စားသုံး​နေဖို့လို​ပေမည်။” အစာ​ငတ်​မှု​ကြောင့် ဖြစ်ပေါ်​သည့်​ကိုယ်ခန္ဓာ​ရှိ ဆိုးကျိုး​များ​ပျောက်ကင်း​စေရန် အထူး​ဂရုစိုက်​ဖို့​လို​သည်။ အလားတူ​စွာ ကိုယ်ပိုင်​ကျမ်းစာ​လေ့လာမှု​ကို လုံးဝ​လျစ်လျူရှု​ခဲ့​သူ​တစ်ဦး​သည် သူ၏​ဝိညာဉ်​ရေး​ခံတွင်း​ပြန်တွေ့​နိုင်​ရန် အကူအညီ​နှင့်​အားပေးမှု အတော်အတန်​လို​ပေမည်။ ၎င်း​သည် သင့်​အခြေအနေ​ဖြစ်နေ​ပါ​က အကူအညီကို မရ​မ​က​ကြိုးစား​ရှာဖွေပြီး သင့်​ဝိညာဉ်​ရေး​ကျန်း​ခံ့​မှု​နှင့်​ခွန်အား ပြန်လည်​ကောင်းမွန်​လာ​စေရန် ကမ်း​လှမ်း​လာသော မည်သည့်​အကူအညီကို​မဆို ဝမ်းမြောက်​စွာ​လက်ခံပါ။—ယာကုပ် ၅:၁၄၊ ၁၅

“ယုံမှား​သော​စိတ်​နှင့်​ကင်း” ကြလော့

ဘိုးဘေး​အာဗြဟံ​၏​အခြေအနေ​ကို​သုံးသပ်ကြည့်​ရာ သူသည် သံသယ​ဖြစ်စရာ​အကြောင်း​များ​ရှိ၏​ဟု အချို့​ယူမှတ်​ကြ​ပေမည်။ သူသည် ဘုရားသခင်​၏​ကတိတော်​ရရှိခဲ့​သော်လည်း ‘လူမျိုး​အများ​တို့၏​အဘ​ဖြစ်​မည်​ဟု မျှော်လင့်​စ​ရာ​အကြောင်း​မရှိ’ ဟု​အကျိုးသင့်အကြောင်းသင့်​ယူမှတ်​ရန် အတော်အတန်​ရှိ​ပုံ​ရ​ပေမည်။ အဘယ်ကြောင့်​နည်း။ လူ့​ရှုထောင့်​မှ​ကြည့်​လျှင် အခြေအနေ​ကောင်း​မည့်​ပုံ​မရှိ​ချေ။ ‘မိမိ​ကိုယ်​သည် အသေ​ကဲ့သို့​ရှိကြောင်းကိုလည်း​ကောင်း၊ မိမိ​ခင်ပွန်း​စာရာ​၏​ဝမ်း​သည် သေ​ကြောင်းကို​လည်းကောင်း စဉ်းစား​ဆင်ခြင်​မိ​သည်’ ဟု​သမ္မာကျမ်းစာ​မှတ်တမ်းက​ဆို​သည်။ သို့​တိုင် သူသည် ဘုရားသခင်​နှင့် ကိုယ်တော်​၏​ကတိတော်​များနှင့်​ပတ်သက်​၍ မိမိ​စိတ်နှလုံး​ထဲ သံသယများ​မဝင်​စေရန် အခိုင်အမာ​ကြိုးစား​ခဲ့​သည်။ တမန်​တော်​ပေါလု​က ဤသို့​ရေး​သည်– ‘သူသည် ယုံကြည်ခြင်း​အားကြီး​သည်၊’ ‘ယုံမှား​သော​စိတ်​နှင့်​ကင်း​၏။’ အာဗြဟံ​သည် ‘ကတိ​ထား​တော်​မူ​သော​သူ [ဘုရားသခင်] က,ကတိတော်​အတိုင်း တတ်နိုင်​တော်​မူ​သည်ကို အပြည့်အဝ​ယုံကြည်​စိတ်ချ’ ၏။ (ရောမ ၄:၁၈-၂၁) သူသည် နှစ်ပေါင်း​တစ်လျှောက် ယေဟောဝါ​နှင့် ခိုင်ခံ့​မြဲမြံ၊ ယုံကြည်​အားကိုး​သော နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ကို တည်ဆောက်​ခဲ့​၏။ ထို​ဆက်ဆံ​ရေး​ကို​ပျက်ပြား​စေနိုင်​သော မည်သည့်​သံသယ​မျိုးကို​မဆို မဝင်​စေ​ခဲ့​ပါ။

သင်သည် အကယ်၍ “စင်ကြယ်သော​တရား​စကား​အချုပ်အခြာ​ကို . . . စွဲလမ်း” ၍​သင်​ကိုယ်တိုင် ဝိညာဉ်​ရေး​အစာကို ကောင်းစွာ​စားသုံး​မည်​ဆိုပါ​က သင်သည်​လည်း ထပ်တူ​ပြုလုပ်​နိုင်​ပေ​သည်။ (၂ တိမောသေ ၁:၁၃) သံသယများ​ဝင်​ခြင်း​၏​အန္တရာယ်ကို အလေးအနက်​သဘောထား​ပါ။ စာတန်​သည် ပိုးမွှား​စစ်ပွဲ​ဟု​ခေါ်ဆို​နိုင်သော​စစ်မှု​တွင် ထိုးစစ်​ဆင်​လျက်​ရှိသည်။ သင်သည် ကိုယ်ပိုင်​ကျမ်းစာ​လေ့လာမှု ပြုလုပ်ခြင်း​ဖြင့်​လည်းကောင်း၊ ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်ရောက်ခြင်း​ဖြင့်​လည်းကောင်း ဝိညာဉ်​အစာ​မွန်​ကို​စားသုံး​ရန် လျစ်လျူရှု​မည်​ဆိုလျှင် ဤ​တိုက်ခိုက်မှု​များ​ကို​ခံရ​ဖို့​အတွက် သင်​ကိုယ်တိုင်​လမ်းဖွင့်​ပေး​ထား​ရာ​ကျ​ပေမည်။ ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ ၏​ရက်ရော​စွာ အချိန်​မှန်​ပေးကမ်း​ကျွေးမွေး​သော ဝိညာဉ်​အစာကို ကောင်းစွာ​စားသုံး​ပါ။ (မဿဲ ၂၄:၄၅) “စင်ကြယ်သော​စကား​ကို . . . ဝန်” ခံ​ပြီး “ယုံကြည်ခြင်း​ကျန်း​ခံ့​မှု” ဆက်​ရှိပါ။ (၁ တိမောသေ ၆:၃; တိတု ၂:၂က​ဘ) သင့်​ယုံကြည်ခြင်းကို သံသယများ​က ဖျက်ဆီး​ရန် ခွင့်​မပြု​ပါ​နှင့်။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

သင့်ကိုယ်ကို ဝိညာဉ်​အစာ မည်မျှ​ကောင်းစွာ​ကျွေးမွေး​သနည်း