အချိန်ဒဏ်ခံ သစ်ပင်များ
အချိန်ဒဏ်ခံ သစ်ပင်များ
ချောက်ကမ်းပါးဘေး၊ အထူးသဖြင့် တောင်များပေါ် မြင့်မားသောနေရာတွင် အိမ်ဆောက်ရန် အဆင်ပြေမည့်ပုံမရှိချေ။ အခွင့်မသာသည့်အခြေအနေများကြား အယ်လ်ပိုင်းသစ်ပင်အချို့သည် ဤကဲ့သို့သောကျောက်ဆောင်မျက်နှာပြင်များပေါ် မြဲမြံစွာတွယ်ကပ်၍ အေးစိမ့်သောဆောင်းဥတုဒဏ်ကို ရဲဝံ့စွာရင်ဆိုင်ပြီး ခြောက်သွေ့သောနွေဥတုဒဏ်ကို ခံရပ်ကြသည်။
အများအားဖြင့် ခံနိုင်ရည်ရှိသော ဤအပင်များသည် ယင်းတို့၏မြေနိမ့်အမျိုးအစားအပင်တမျှ ခန့်ညားလှပမည်မဟုတ်ချေ။ ယင်းတို့၏ပင်စည်များသည် ဖုထစ်ကောက်ကွေးနေပြီး ယင်းတို့၏ကြီးထွားပုံသည် အတော်ပင်ကြုံလှီပေမည်။ ထိုအပင်များပေါက်သောနေရာတွင် မြေဆီအနည်းငယ်သာရှိပြီး ကြမ်းတမ်းသောရာသီဥတုဒဏ်၏ ပုံသွင်းမှုခံရသောကြောင့် အချို့ဆိုလျှင် သဘာဝဘွန်ဇိုင်း (သက်ကြီးပု) သစ်ပင်နှင့်ပင် တူနေပေမည်။
ကမ္ဘာပေါ် အခဲယဉ်းဆုံးဝန်းကျင်တွင် အပင်များ ဤသို့ပေါက်နေခြင်းကြောင့် ယင်းတို့၏သက်တမ်းသည် တိုတောင်းလိမ့်မည်ဟု သင်ယူမှတ်လိမ့်မည်။ သို့သော် အထင်နှင့်တခြားစီပင်။ ကယ်လီဖိုးနီးယားပြည်နယ်မှ ဝှိုက်တောင်တန်းပေါ်တွင်ပေ ၁၀,၀၀၀ အမြင့်၌ပေါက်နေသော မသုရှလအမည်ရှိ အမွေးကြမ်းကုန်းထင်းရှူးပင်၏သက်တမ်းသည် နှစ်ပေါင်း ၄,၇၀၀ ရှိသည်ဟု အချို့ကဆို၏။ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ် ၁၉၉၇ ကဤအပင်အမျိုးအစားကို ကမ္ဘာ့သက်တမ်းအရှည်ဆုံးအပင်ဟု ဖော်ပြ၏။ ဤအပင်အိုကြီးများကိုလေ့လာခဲ့သူ အက်ဒ်မွန် ဆကူလ်မင်က ဤသို့ရှင်းပြသည်– “အမွေးကြမ်းကုန်းထင်းရှူးပင်သည် . . . သဘာဝဒဏ်ကြောင့် သက်တမ်းရှည်ပုံရသည်။ ဝှိုက်တောင်တန်းမှ သက်တမ်းရှည်အပင် [ထင်းရှူးပင်များ] အားလုံးကို အမြင့်ပေ ၁၀,၀၀၀ အနီး၌ ခြောက်သွေ့ပြီး ကျောက်ဆောင်ပေါများသောတောကန္တာရတွင် တွေ့ရသည်။” သက်တမ်းအရှည်ဆုံး အခြားအမျိုးအစားထင်းရှူးပင်များသည်လည်း ကြမ်းတမ်းသောအခြေအနေများတွင် ကြီးထွားခဲ့ကြောင်း ဆကူလ်မင်က ရှာဖွေတွေ့ ရှိခဲ့သည်။
ခံနိုင်ရည်ရှိခြင်းဆိုင်ရာ ဤစံနမူနာရှင်သစ်ပင်များသည် သဘာဝဒဏ်ကိုခံရကြသော်လည်း ယင်းတို့တွင်ရှိသောအားသာချက်နှစ်ခုမှ အပြည့်အဝအကျိုးရရှိသည်။ အပင်ကျဲသောထီးထီးကြီးနေရာတွင် တည်ရှိခြင်းက သက်ရင့်သစ်ပင်များအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်သည့် တောမီးရန်မှ ၎င်းတို့ကိုကာကွယ်ပေးသည်။ ထို့ပြင် ၎င်းတို့၏အမြစ်များသည် ကျောက်ဆောင်မျက်နှာပြင်တွင် အခိုင်အမာရစ်တွယ်ထားရာ မြေငလျင်လှုပ်မှသာ ယင်းတို့ရွေ့လျားနိုင်သည်။
သမ္မာကျမ်းစာတွင် ဘုရားသခင်၏သစ္စာရှိကျေးကျွန်များကို သစ်ပင်များနှင့်နှိုင်းယှဉ်ထားသည်။ (ဆာလံ ၁:၁-၃; ယေရမိ ၁၇:၇၊ ၈) သူတို့သည်လည်း အခြေအနေအမျိုးမျိုးကြောင့် ခက်ခဲဆင်းရဲခြင်းများကိုခံရပေမည်။ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း သို့မဟုတ် ရုန်းမထွက်နိုင်သည့်ဆင်းရဲတွင်းကျနေခြင်းတို့သည် အထူးသဖြင့် တစ်နှစ်ပြီးတစ်နှစ်ဆက်တိုက် ဒဏ်ခံရသောအခါ သူတို့၏ယုံကြည်ခြင်းကို အကြီးအကျယ်စမ်းသပ်မှုဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်ပါစေ၊ သဘာဝဒဏ်ကောင်းစွာခံရပ်သည့်အပင်များကို ပုံစံပြုသောဖန်ဆင်းရှင်သည် ကိုယ်တော်အားဝတ်ပြုသူများကို ထောက်ပံ့ကူညီမည်ဟု အာမခံသည်။ သမ္မာကျမ်းစာက ခိုင်ခိုင်မြဲမြဲရပ်တည်သူများကို “ဘုရားသခင်သည် . . . စုံလင်တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်” ဟုကတိပြုသည်။—၁ ပေတရု ၅:၉၊ ၁၀။
သမ္မာကျမ်းစာတွင် “ခံနိုင်ရည်” ဟူ၍ ဘာသာပြန်ဆိုလေ့ရှိသည့် ဂရိကြိယာ၏နောက်ခံသဘောမှာ ‘ကြံ့ကြံ့ခံရပ်တည်ခြင်း၊ ခိုင်ခိုင်မြဲမြဲတည်ရှိခြင်း သို့မဟုတ် စွဲမြဲခြင်း’ ဖြစ်သည်။ အယ်လ်ပိုင်းအပင်များကဲ့သို့ ခံနိုင်ရည်ရှိရန်သော့ချက်မှာ ကောင်းစွာတည်မြဲခိုင်ခံ့မှုရှိခြင်းဖြစ်၏။ ခရစ်ယာန်များနှင့်စပ်လျဉ်း၍ သူတို့သည် ခိုင်ခိုင်မြဲမြဲရပ်တည်နိုင်ရန် ယေရှုခရစ်တော်၌ အခိုင်အမာအမြစ်တွယ်ဖို့လိုသည်။ “သင်တို့သည် သခင်ယေရှုခရစ်ကိုခံယူပြီးသည်ဖြစ်၍ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ နည်းဥပဒေသကိုခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်းတိုးပွားပြည့်စုံလျက် ထိုသခင်၌ကျင်လည်ကြလော့” ဟုပေါလုရေးသားခဲ့သည်။—ကောလောသဲ ၂:၆၊ ၇။
သန်စွမ်းသောဝိညာဉ်ရေးအမြစ်များရှိဖို့လိုကြောင်း ပေါလုသဘောပေါက်ခဲ့သည်။ သူကိုယ်တိုင် “ကိုယ်၌စူးသောဆူး” နှင့်နပန်းလုံးခဲ့ရပြီး သူ၏ခရစ်ယာန်ဓမ္မအမှုတစ်လျှောက်လုံးတွင် ပြင်းထန်သောညှဉ်းပန်းနှိပ်စက်မှုကိုခံခဲ့ရသည်။ (၂ ကောရိန္သု ၁၁:၂၃-၂၇; ၁၂:၇) သို့ရာတွင် ဘုရားသခင်၏ခွန်အားဖြင့် သူဆက်၍ခံရပ်နိုင်ကြောင်းတွေ့ ရှိခဲ့သည်။ “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏” ဟုသူအခိုင်အမာပြောဆိုသည်။—ဖိလိပ္ပိ ၄:၁၃။
ပေါလု၏ပုံနမူနာကဖော်ပြသည့်အတိုင်း အောင်မြင်သောခရစ်ယာန်ခံနိုင်ရည်ရှိဖို့ အခွင့်သာသောအခြေအနေများအပေါ် မမူတည်ချေ။ ရာစုနှစ်များစွာ မုန်တိုင်းဒဏ်ကိုအောင်မြင်စွာခံရပ်သည့် အယ်လ်ပိုင်းသစ်ပင်များကဲ့သို့ ကျွန်ုပ်တို့သည် ခရစ်တော်၌အမြစ်စွဲပြီး ဘုရားသခင်ပေးသော စွမ်းအားကိုအမှီပြုလျှင် ကြံ့ကြံ့ခိုင်ခံရပ်တည်ကြည်နိုင်မည်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် အဆုံးတိုင်အောင်ခံနိုင်ရည်ရှိမည်ဆိုလျှင် “ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်” မည်ဟူသော ဘုရားသခင်၏ကတိတော် နောက်တစ်ခုပြည့်စုံလာခြင်းကို ကိုယ်တိုင်ကြုံတွေ့ရဖို့အခွင့်အလမ်းရှိသည်။—ဟေရှာယ ၆၅:၂၂; မဿဲ ၂၄:၁၃။