နောင်ဘဝရှိပါသလော
နောင်ဘဝရှိပါသလော
“လူသည်သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော” ဟုလွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်က ရှေးဘိုးဘေးယောဘမေးခဲ့သည်။ (ယောဘ ၁၄:၁၄) ထိုမေးခွန်းသည် လူသားများကို နှစ်ပေါင်းထောင်နှင့်ချီ၍ စိတ်ရှုပ်စေခဲ့ပြီ။ ခေတ်ကာလများတစ်လျှောက် လူတန်းစားအသီးသီးရှိ လူများသည် ဤအကြောင်းကိုဆင်ခြင်သုံးသပ်ကာ အမျိုးမျိုးယုံကြည်လာကြသည်။
အမည်ခံခရစ်ယာန်များစွာသည် ကောင်းကင်နှင့်ငရဲကို ယုံကြည်ကြသည်။ တစ်ဖက်တွင်မူ ဟိန္ဒူဘာသာဝင်များသည် ပြန်ဝင်စားခြင်းကို ယုံကြည်ကြ၏။ မွတ်စလင်ဘာသာဝင်များ၏အမြင်နှင့်ပတ်သက်၍ အစ္စလာမ်ဘာသာရေးဆိုင်ရာဗဟိုဌာန၌ လက်ထောက်တစ်ဦးဖြစ်သူ အီမာ မူအာဝီယာက ဤသို့ဆိုသည်– “သေဆုံးပြီးနောက် တရားစီရင်ရာနေ့တစ်နေ့ရှိသည်၊ ထိုအခါ အလ္လာအရှင်မြတ်ရှေ့သို့သွားခြင်းသည် တရားရုံးသို့သွားခြင်းနှင့်ဆင်တူသည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။” အစ္စလာမ်ယုံကြည်ချက်အရ သေလွန်ပြီးနောက် လူတစ်ဦးစီ၏ဘဝလမ်းစဉ်ကို အလ္လာအရှင်က ပိုင်းဖြတ်ကာ ပရဒိသု သို့မဟုတ် မီးငရဲသို့ပို့မည်ဖြစ်သည်။
သီရိလင်္ကာတွင် . . . သူတို့အိမ်ထောင်တွင် လူတစ်ဦးသေသောအခါ အိမ်တံခါးများနှင့် ပြတင်းပေါက်များကို ကျယ်ကျယ်ဖွင့်ထားကြသည်။ မီးခွက်တစ်လုံးကိုထွန်းထားကာ သေလွန်သူ၏အခေါင်းခြေရင်းပိုင်းကို အိမ်ရှေ့တံခါးပေါက်ဘက် မျက်နှာမူထားရသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သေသူ၏ဝိညာဉ် [စပီးရစ်] ထွက်သွားဖို့ လွယ်ကူစေသည်ဟု သူတို့ယုံကြည်ကြသည်။
အနောက်တိုင်းသြစတြေးလျတက္ကသိုလ်မှ ရော်နယ် အမ်. ဘန့်တ် အဆိုအရ ဩစတြေးလျမှ အဘိုရီဂျင်နီများသည် “လူသားများတွင် မသေနိုင်သောဝိညာဉ်အစိတ်အပိုင်းရှိသည်” ဟုယုံကြည်ကြသည်။ အချို့သောအာဖရိကမျိုးနွယ်စုများက သာမန်လူတန်းစားသည် သေလွန်ပြီးနောက် သရဲတစ္ဆေများဖြစ်လာ၍ အထင်ကရပုဂ္ဂိုလ်များမှာမူ လူမျိုးစု၏မျက်မြင်မရခေါင်းဆောင်များအဖြစ် ဂုဏ်ပြုခြင်းနှင့် အသနားခံတောင်းလျှောက်ခြင်းခံရကြမည့် ဘိုးဘေးဝိညာဉ်များဖြစ်သွားသည်ဟု ယုံကြည်ကြ၏။
နိုင်ငံအချို့တွင် လူသေတို့နှင့်ပတ်သက်သည့် ယုံကြည်ချက်များသည် ဒေသခံထုံးတမ်းစဉ်လာနှင့် အမည်ခံ ခရစ်ယာန်ဘာသာ၏အယူအဆများနှင့် ရှုပ်ထွေးရောယှက်နေသည်။ သာဓကအနေနှင့် အနောက်အာဖရိကရှိ ကက်သလစ်များနှင့် ပရိုတက်စတင့်များစွာတို့သည် လူသေသောအခါ သေလွန်သူ၏ဝိညာဉ် [စပီးရစ်] ကို မည်သူမျှမတွေ့မမြင်စေရန် မှန်များကိုဖုံးထားလေ့ရှိကြသည်။
‘ကျွန်ုပ်တို့သေဆုံးသောအခါ အဘယ်အရာဖြစ်သွားသနည်း’ ဟူသောမေးခွန်းကို လူတို့ အမျိုးမျိုးဖြေဆိုကြ၏။ သို့တိုင် အခြေခံအယူအဆတစ်ခုမှာ– ကိုယ်ခန္ဓာအတွင်းမှ တစ်စုံတစ်ရာသည် မသေဘဲဆက်အသက်ရှင်သည်ဟူ၍ဖြစ်သည်။ အချို့သူတို့က ထို “တစ်စုံတစ်ရာ” သည်ဝိညာဉ် [စပီးရစ်] ဖြစ်ရမည်ဟု ယုံကြည်ကြသည်။ ဥပမာ၊ အာဖရိကနှင့် အာရှနိုင်ငံအချို့နှင့် ပစိဖိတ်ဒေသတစ်လျှောက်ရှိ ပေါ်လနီးရှား၊ မယ်လနီးရှား၊ မိုက်ခရိုနီးရှားတို့မှ လူများစွာသည် ဝိညာဉ် [စပီးရစ်]—စိုးလ်မဟုတ်—သည်မသေနိုင်ဟု ယုံကြည်ကြသည်။ အမှန်မှာ အချို့သောဘာသာစကားများတွင် “စိုးလ်” ဟူသောစကားလုံးပင်မရှိချေ။
အသက်ရှင်သူတစ်ဦး၌ ဝိညာဉ် [စပီးရစ်] ရှိပါသလော။ လူသေသည့်အခါ ထိုဝိညာဉ် [စပီးရစ်] သည် ခန္ဓာကိုယ်မှအမှန်တကယ်ပင် ထွက်ခွာသွားသလော။ သို့ဖြစ်လျှင် ယင်းသည် မည်သို့ဖြစ်သွားသနည်း။ သေလွန်သူများအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။ ဤမေးခွန်းများကို လျစ်လျူမရှုသင့်ပေ။ သင့်ယဉ်ကျေးမှု သို့မဟုတ် သင့်ဘာသာရေးနောက်ခံသည် မည်သို့ပင်ရှိပါစေ သေခြင်းကို သင်ရင်ဆိုင်ရမည်မှာ မလွဲဧကန်ဖြစ်သည်။ ယင်းကြောင့် ဤအကြောင်းကိစ္စသည် သင်နှင့်အတွင်းကျကျပတ်သက်နေသည်။ ဤအကြောင်းအရာကိုဆန်းစစ်ရန် အားပေးတိုက်တွန်းပါသည်။