မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဖြောင့်မတ်သူအတွက် ကောင်းချီးများ’

‘ဖြောင့်မတ်သူအတွက် ကောင်းချီးများ’

‘ဖြောင့်မတ်​သူ​အတွက် ကောင်းချီး​များ’

“ဖြောင့်မတ်​သော​သူသည် စွန့်ပစ်ခြင်း​ကို​ခံရ​သည်​အကြောင်း၊ သူ၏​သားမြေး​တို့သည် တောင်း​၍​စား​ရသည်​အကြောင်းကို ငါသည် အသက်​ပျို​သည်​ကာလ​မှ​စ၍ အို​သည်​တိုင်အောင်​မမြင်​စ​ဖူး” ဟူ၍ ဆာလံဆရာ​ဒါဝိဒ်က သူ၏​ဇ​ရာ​ပိုင်း​တွင်​ပြော​ခဲ့​သည်။ (ဆာလံ ၃၇:၂၅) ယေဟောဝါ​ဘုရားသခင်​သည် ဖြောင့်မတ်​သူကို ချစ်​ပြီး အလွန်​ဂရုစိုက်​ကြည့်ရှု​တော်​မူ​၏။ ကိုယ်တော်​၏​စကားတော် သမ္မာကျမ်းစာ​တွင် ကိုယ်တော်​က ဖြောင့်မတ်ခြင်း​ကို​ရှာ​ကြ​ရန် စစ်မှန်သော​ဝတ်ပြုသူ​များ​ကို တိုက်တွန်း​သည်။—ဇေဖနိ ၂:၃

ဖြောင့်မတ်ခြင်း​ဟူသည် ဘုရားသခင်​၏​အကောင်းအဆိုး​စံနှုန်း​များ​ကို လိုက်နာ​ကျင့်သုံး​ခြင်း​မည်​၏။ နယပုံပြင်​ကျမ်း​အခန်းကြီး ၁၀ ခု​မြောက်​တွင် ဘုရားသခင့်​အလိုတော်နှင့်​အညီ​လုပ်ဆောင်ရန် အားပေးပြီး ထိုသို့​လုပ်ဆောင်​သူများ​သည် ဝိညာဉ်​ရေး​ကောင်းချီး​များ ကြွယ်ဝ​စွာ​ခံစားရ​မည်​ဟု​ဖော်ပြ​သည်။ ယင်း​ကောင်းချီး​များ​တွင် ဝိညာဉ်​ရေး​အာဟာရ ဖောဖောသီသီ​ရရှိ​ခြင်း၊ အကျိုးနပ်​ပြီး​ကျေနပ်ဖွယ်​အလုပ်​ရှိ​ခြင်း၊ ဘုရားသခင်​နှင့်​လည်းကောင်း၊ လူ​တို့​နှင့်​လည်းကောင်း ဆက်ဆံ​ရေး​ကောင်း​ရှိ​ခြင်း​တို့​ပါဝင်​သည်။ သို့​ဖြစ်သော​ကြောင့် နယပုံပြင် ၁၀:၁-၁၄ ကို​အလေးအနက်​သုံးသပ်ကြည့်​ကြ​စို့။

ထူးမြတ်​သော​တိုက်တွန်းချက်​တစ်ခု

ဤ​အခန်းကြီး​၏​အဖွင့်​စကား​များ​က နယပုံပြင်​ကျမ်း​၏​နောက်​အပိုင်း​ရေးသူ​မှာ မည်သူ​မည်ဝါ​ဖြစ်​ကြောင်း သံသယ​မဖြစ်စေ​ပါ။ ‘ရှောလမုန်​မင်း​၏​နယပုံပြင်​များ’ ဟူ၍​ဖတ်​ရသည်။ ရှေး​ဣသရေလ​ဘုရင်​ရှောလမုန်​သည် ဖြောင့်မတ်​သော​လမ်းစဉ်​ကို​လိုက်လျှောက်ရန် ထူးမြတ်​သော​တိုက်တွန်းချက်​ကို ဤသို့​ဖော်ပြ​သည်– “ပညာ​ရှိသော​သား​သည် အဘ​ဝမ်းမြောက်ခြင်း​အကြောင်း၊ မိုက်​သော​သား​မူ​ကား အမိ​ဝမ်းနည်းခြင်း​အကြောင်းကို ဖြစ်စေ​တတ်၏။”သု. ၁၀:၁

စစ်မှန်သော​ဝတ်ပြုရေး​နှင့် အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​ကို သားသမီး​တစ်ဦး​က စွန့်ခွာ​သွားခြင်း​ကို ကြုံတွေ့​ရသော​မိဘများ​အတွက် ဝမ်းနည်းစရာပင်! ပညာရှိ​ရှင်ဘုရင်​သည် မိခင်၏​ဝမ်းနည်းမှုကို​ဖော်ပြ​ရခြင်း​မှာ မိခင်​သည် ဖြေမဆည်​နိုင်အောင်​ကြေကွဲ​တတ်​ခြင်း​ကြောင့် ဖြစ်​ပေမည်။ ၎င်း​သည် ဒေါ​ရ​စ္စ​အတွက် မှန်ကန်​ခဲ့​၏။ * သူ​ဤသို့​ပြောပြ​၏– “၂၁ နှစ်အရွယ်​သား အမှန်တရားကို​စွန့်​သွားတဲ့အခါ ကျွန်မ​ခင်ပွန်း​ဖရန့်ခ်​နဲ့​ကျွန်မ ရင်ကျိုး​ခဲ့​ရ​ပါ​တယ်။ ကျွန်မ​က ဖရန့်ခ်​ထက်ပိုပြီး​စိတ်ထိခိုက်​ခဲ့တယ်။ ၁၂ နှစ်​ကျော်သွား​တာ​တောင် စိတ်ထိခိုက်​နေတုန်းပါပဲ။”

သားသမီး​များသည် ဖခင်​၏​ပျော်ရွှင်မှု​ကို ထိခိုက်​စေနိုင်​ပြီး မိခင်​ကို စိတ်​ဆင်းရဲ​စေနိုင်​၏။ ကျွန်ုပ်​တို့သည် ဉာဏ်ပညာ​ကို​ပြသ​၍ မိဘများ​ကို​ပျော်ရွှင်​စေနိုင်​ကြ​ပါစေ။ ထို့​ထက်​ကား ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော် ယေဟောဝါ​၏​စိတ်နှလုံး​ကို ရွှင်လန်း​စေ​ကြ​စို့။

‘ဖြောင့်မတ်​သူ၏​စိုးလ်​သည် ကျေနပ်​ရောင့်ရဲ​၏’

“မတရားသော​ဥစ္စာ​ဘဏ္ဍာ​သည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်း​ပါရမီ​မူ​ကား သေခြင်း​မှ​ကယ်တင်​တတ်၏” ဟု​ထို​ရှင်ဘုရင်​က​ဆို​သည်။ (သု. ၁၀:၂) ဆုံးခန်း​ကာလ​တွင် အသက်​ရှင်​နေကြ​ရသော ခရစ်ယာန်စစ်​များ​အတွက် အဆိုပါ​စကား​သည် အမှန်ပင်​တန်ဖိုး​ရှိသည်။ (ဒံယေလ ၁၂:၄) ဘုရားတရား​မဲ့​လောကကို ဖျက်ဆီး​မည့်​အချိန်​သည် နီးကပ်​လာ​လျက်​ရှိသည်။ လူ​တို့​ဖန်တီး​သည့်​လုံခြုံမှု​နည်းလမ်း—ပစ္စည်းဥစ္စာ၊ ငွေ​ရေး​ကြေး​ရေး သို့​မဟုတ် စစ်ရေး—များသည် ရောက်ရှိ​တော့​မည့် “ကြီးစွာ​သော​ဆင်းရဲ” ခြင်း​အတွင်း ကာကွယ်​ပေး​နိုင်​မည်​မဟုတ်ပေ။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၃၊ ၁၄) “ဖြောင့်မတ်​သော​သူတို့” သာ​လျှင် “ပြည်တော်​၌​နေ၍ စုံလင်သော​သူတို့သည် နေရာကျ​ကြလိမ့်မည်။” (သု. ၂:၂၁) သို့​ဖြစ်၍ “ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို” ရှေးဦး​စွာ​ရှာကြပါ​စို့​လေ။—မဿဲ ၆:၃၃

ယေဟောဝါ​ကျေးကျွန်​များသည် ဘုရားသခင်​၏​ကောင်းချီး​များ​ကို​ခံစားရ​ရန် ကတိထားရာ​ကမ္ဘာသစ်​တိုင်အောင် စောင့်နေ​စ​ရာ​မလို​ချေ။ “ဖြောင့်မတ်​သော​သူကို​ငတ်​၍ သေစေ​ခြင်း​ငှာ ထာဝရ​ဘုရား​သည် အခွင့်ပေး​တော်​မ​မူ။ မတရားသော​သူတို့၏ [မကောင်းမှု]ကို​ကား ဖျက်ဆီး​တော်​မူ​၏။” (သု. ၁၀:၃) ယေဟောဝါ​သည် ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ မှ​တစ်ဆင့် ဝိညာဉ်​အစာကို ပေါကြွယ်ဝ​စွာ​ကျွေးမွေး​လျက်​ရှိသည်။ (မဿဲ ၂၄:၄၅) ဖြောင့်မတ်​သူသည် “ရွှင်လန်းသော​စိတ်​နှင့် သီချင်းဆို​ကြ” ရန်​အမှန်ပင်​အကြောင်း​ရှိသည်။ (ဟေရှာယ ၆၅:၁၄) အသိပညာ​သည် သူ၏​စိုးလ်​အတွက် နှစ်သက်ဖွယ်​ဖြစ်သည်။ သူ၏​ပျော်မွေ့​ရာ​မှာ ဝိညာဉ်​ရေး​ဘဏ္ဍာများ ရှာဖွေခြင်း​ဖြစ်၏။ မတရားသော​သူသည် ဤသို့​သော​နှစ်သက်ဖွယ်ရာ​များ​ကို မသိ​ရှိ​ပေ။

“လုံ့လ​ဝီရိယ​ရှိသောသူ​သည် ကြွယ်ဝ” ၏

ဖြောင့်မတ်​သူသည် နောက်တစ်နည်း​ဖြင့် ကောင်းချီး​ခံစားရ​၏။ “ပျင်းရိ​သော​သူသည် ဆင်းရဲခြင်း၊ လုံ့လ​ဝီရိယ​ရှိသောသူ​သည် ကြွယ်ဝခြင်း​သို့​ရောက်​တတ်၏။ အသီးသီး​သော​အချိန်၌ သိမ်းယူ​သော​သူသည် ပညာ​ရှိသော​သား​ဖြစ်၏။ စပါး​ရိတ်​ရာ​ကာလ​၌ အိပ်​တတ်သော​သူ​မူ​ကား အရှက်ခွဲ​တတ်သော​သား​ဖြစ်၏။”သု. ၁၀:၄၊ ၅

အထူးသဖြင့် ရှင်ဘုရင်​၏​စကား​သည် ရိတ်သိမ်းချိန်​အတွင်း အလုပ်သမား​များ​အတွက် ပို​၍​အဓိပ္ပာယ်​ရှိသည်။ ရိတ်သိမ်း​ရာသီ​သည် အိပ်ပျော်​နေရ​မည့်​အချိန်​မဟုတ်​ချေ။ ယင်း​အချိန်​သည် လုံ့လ​ဝီရိယ​နှင့် နာရီ​ပေါင်း​များစွာ​လုပ်ဆောင်​ရမည့် အချိန်​ဖြစ်သည်။ အရေးတကြီး​ဆောင်ရွက်​ရမည့်​အချိန်​ဖြစ်သည်။

အသီးအနှံ​များ​ကို​မဟုတ်ဘဲ လူ​တို့အား​ရိတ်သိမ်းခြင်း​ကို စိတ်​တွင်​စွဲမှတ်​ကာ ယေရှု​က မိမိ၏​တပည့်တော်​များ​ကို ဤသို့​မိန့်ကြား​ခဲ့​သည်– “စပါး​ရိတ်​စ​ရာ​များစွာ​ရှိ၏။ ရိတ်​သော​သူတို့သည် နည်း​ကြ​၏။ ထို့​ကြောင့် လုပ်ဆောင်​သော​သူတို့ကို စပါး​ရိတ်ခြင်း​ငှာ စေလွှတ်​တော်​မူ​မည်​အကြောင်း စပါးရှင် [ယေဟောဝါ​ဘုရားသခင်] ကို​ဆုတောင်း​ကြလော့။” (မဿဲ ၉:၃၅-၃၈) ၂၀၀၀ ပြည့်နှစ်​တွင် ယေရှု၏​သေခြင်း​အောက်မေ့ရာပွဲ​တော်​ကို ၁၄ သန်း—ယေဟောဝါသက်သေ​အရေအတွက်​၏​နှစ်ဆ—ကျော်​တက်ရောက်​ခဲ့​သည်။ သို့ဖြင့် “စပါး​ရိတ်ခြင်း​အလို​ငှာ လယ်​ပြင်​တို့သည် ယခု​ဝင်း​ဝင်း​ရှိသည်​ကို” မည်သူ​ငြင်း​နိုင်​မည်​နည်း။ (ယောဟန် ၄:၃၅) စစ်မှန်သော​ဝတ်ပြုသူ​များသည် မိမိတို့၏​ဆုတောင်းချက်​များနှင့်​အညီ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ အကြီးအကျယ်​ကြိုးစား​နေကြ​စဉ် အလုပ်သမား​များများ​ရရှိရန် သခင်​ထံ​တောင်းဆို​ကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယေဟောဝါ​သည် သူတို့၏​ကြိုးစား​အားထုတ်မှု​များ​ကို အထူး​ကောင်းချီး​ပေး​ခဲ့​ပါ​သည်​တကား! ၂၀၀၀ ပြည့်နှစ် လုပ်ငန်းတော်နှစ်​အတွင်း လူသစ် ၂၈၀,၀၀၀ ကျော် နှစ်ခြင်း​ခံ​ခဲ့​ကြသည်။ သူတို့​သည်လည်း ဘုရားသခင့်​စကားတော်​သွန်သင်​သူများ​ဖြစ်လာ​ရန် ကြိုးစား​လျက်​ရှိကြသည်။ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ အပြည့်အဝ​ပါဝင်ခြင်း​ဖြင့် ဤ​ရိတ်သိမ်း​ရာသီ​တွင် ရွှင်လန်းမှု​နှင့်​ကျေနပ်​ရောင့်ရဲမှု ခံစား​နိုင်​ကြ​ပါစေ။

‘သူ၏​ခေါင်း​ပေါ်မှာ ကောင်းချီး​များ သက်ရောက်​တတ်၏’

‘ဖြောင့်မတ်​သူ၏​ခေါင်း​ပေါ်မှာ ကောင်းချီး​သက်ရောက်​တတ်၏။ မတရားသော​သူ၏​နှုတ်​ကို​ကား ကြမ်းကြုတ်ခြင်း​ဖုံးအုပ်​လေ​၏’ ဟု​ရှောလမုန်က ဆက်၍​ဆို​သည်။—သု. ၁၀:၆

ဖြူစင်​ဖြောင့်မတ်​သော​နှလုံး​ရှိသူ​သည် မိမိ၏​ဖြောင့်မတ်မှု​ကို အထောက်အထား​များစွာ​ဖြင့်​ဖော်ပြ​သည်။ သူသည် သနား​ညှာတာ၊ တည်ဆောက်မှု​ဖြစ်စေ​ရာ​များ​ကို ပြောဆို​၍ အပြုသဘောပါပါ၊ စေတနာ​ရှိ​ရှိ​လုပ်ဆောင်​သည်။ အခြားသူများ​က သူ့ကို တလိုတလား​လက်ခံ​ကြသည်။ ဤသို့​သော​သူသည် ခင်မင်​စွာ​ပြောဆိုခြင်း​ဖြင့် သူတို့၏​လေးစားခြင်း—ကောင်းချီး​များ—ကို​ရရှိ​သည်။

အခြား​တစ်ဖက်​တွင်​မူ၊ မတရားသော​သူသည် ရန်လို​မုန်းတီး သို့​မဟုတ် မလို​တ​မာ​စိတ်​ရှိပြီး သူ၏​အရင်းခံ​ရည်ရွယ်ချက်မှာ သူတစ်ပါးကို​ထိခိုက်​နစ်နာ​စေရန်​ဖြစ်သည်။ ချိုသာ​စွာ​ပြောဆို​ပြီး သူ့​နှလုံး​တွင် “ကြမ်းကြုတ်ခြင်း​ဖုံးအုပ်” ထား​နိုင်​မည်​ဖြစ်သော်လည်း နောက်ဆုံး​၌ သူသည် အပြော​နှင့် အလုပ်​ဖြင့် ထိုးစစ်​ဆင်​လေ​တော့​သည်။ (မဿဲ ၁၂:၃၄၊ ၃၅) သို့​မဟုတ် တစ်ဖက်​က​ကြည့်​လျှင် “ကြမ်းကြုတ်မှု​က မတရားသော​သူ၏​နှုတ်​ကို ဖုံးအုပ် [သို့​မဟုတ် ပိတ်] လိမ့်​မည်။” (သု. ၁၀:၆၊ အောက်ခြေမှတ်ချက်) မတရားသော​သူသည် မိမိ​တင်ပြ​လေ့​ရှိသော ရန်လိုမှု​ကို သူတစ်ပါး​ထံ​မှ​ခံရ​တတ်​ကြောင်း ယင်းက​ဖော်ပြ​၏။ သူ့​နှုတ်​နှင့် သူ့ကို​ရေငုံ​နှုတ်ပိတ်​စေ​သကဲ့သို့ ဖုံးအုပ် သို့​မဟုတ် နှုတ်ပိတ်​သွား​မည်။ ဤ​သူသည် သူတစ်ပါး​ထံ​မှ အဘယ်​ကောင်းချီး​များ မျှော်လင့်​နိုင်​မည်​နည်း။

‘ဖြောင့်မတ်​သူကို အောက်မေ့​သောအခါ ကောင်းချီး​ပေး​တတ်၏။ မတရားသော​သူ၏​နာမ​မူ​ကား ပုပ်ပျက်​တတ်၏’ ဟု​ဣသရေလ​ရှင်ဘုရင် ရေးသားခဲ့​သည်။ (သု. ၁၀:၇) ဖြောင့်မတ်​သူကို အခြား​သူများ​သည် နှစ်ခြိုက်​စွာ​သတိရ​ကြ​၏၊ အရေးကြီးဆုံး​ကား ယေဟောဝါ​ဘုရားသခင် သတိရခြင်း​ဖြစ်၏။ ယေရှုသည် သေ​သည့်​တိုင်​သစ္စာရှိခဲ့​သောကြောင့် ကောင်းကင်တမန်​တို့​ရသော​ဘွဲ့​နာမ​ထက် “ထူးမြတ်​သော​ဘွဲ့​နာမတော်​ကို​ခံရ​သည်။” (ဟေဗြဲ ၁:၃၊ ၄) ယနေ့ ခရစ်ယာန်စစ်​များသည် ခရစ်ယာန်​ခေတ်​မတိုင်မီ​က သစ္စာရှိ​အမျိုးသား၊ အမျိုးသမီးများ​ကို တုပထိုက်​သော​ပုံ​နမူနာ​ရှင်​များ​အဖြစ် သတိရ​ကြသည်။ (ဟေဗြဲ ၁၂:၁၊ ၂) စက်ဆုပ်ဖွယ်၊ နာကြည်းဖွယ်​ဖြစ်လာ​သော မတရားသော​သူ၏​အမည်​နှင့် တကယ့်ကို​ကွာခြား​လိုက်​လေ​ခြင်း! မှန်သည်၊ “ကောင်းသော​အသရေ​ကို များစွာသော​ဥစ္စာ​ထက် သာ၍​ရွေး​စ​ရာ​ကောင်း​၏။ သူတစ်ပါး​စုံမက်ခြင်း​ကျေးဇူး​သည် ရွှေငွေ​ထက်​သာ၍​ကောင်း​၏။” (သု. ၂၂:၁) ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့် လူသားချင်း​ရှေ့တွင် နာမည်​ကောင်း​ရရှိနိုင်​ကြ​ပါစေ။

‘ဖြောင့်မတ်​သူသည် အ​နင်း​မှန်​လိမ့်​မည်’

လိမ္မာ​သော​သူနှင့် လူ​မိုက်​ကို နှိုင်းယှဉ်​ကာ ရှောလမုန်က ဤသို့​ဆို​သည်– “လိမ္မာ​သော​သူသည် ပညာ​တရားကို​ခံ​တတ်၏။ စကား​များသော​လူ​မိုက်​မူ​ကား ဆုံးရှုံး​တတ်၏။” (သု. ၁၀:၈) “သွားစဉ်​အခါ မိမိ​ခြေရာ​တို့ကို မစီရင်​တတ်​သည်ကို” လိမ္မာ​သော​သူ​ကောင်းစွာ​သိ​သည်။ (ယေရမိ ၁၀:၂၃) သူသည် ယေဟောဝါ​ထံ​မှ​လမ်းညွှန်ချက်ကို​ရှာ​ဖို့​နှင့် ဘုရားသခင့်​ပညတ်တော်​များ​ကို​လက်ခံရန်​အသင့်​ရှိဖို့ လိုအပ်​သည်ကို အသိအမှတ်ပြု​သည်။ အခြား​တစ်ဖက်​တွင် စကား​များသော​လူ​မိုက်​မှာ​မူ ဤ​အခြေခံ​အချက်​ကို နားလည်​သဘောပေါက်ခြင်း​မရှိ​ချေ။ သူ၏​မိုက်မဲ​စွာ​ပြော​သော​စကား​သည် သူ့ကို​ပျက်စီးခြင်း​သို့​ရောက်​စေ​သည်။

ဖြောင့်မတ်​သူသည် မတရားသော​သူ​ရှာမတွေ့​သော လုံခြုံမှု​မျိုး​ရှိသည်။ “ဖြောင့်မတ်ခြင်း​လမ်း​သို့​လိုက်​သော​သူသည် အ​နင်း​မှန်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့​လိုက်​သော​သူ​မူ​ကား သဘော​ထင်ရှား​လိမ့်​မည်။ မျက်စိမှိတ်​သော​သူသည် စိတ်​ကို​ပူ​စေ​တတ်၏။ စကား​များသော​လူ​မိုက်​မူ​ကား ဆုံးရှုံး​တတ်၏။”—သု. ၁၀:၉၊ ၁၀

ဖြောင့်မတ်​သူသည် သူ၏​ပေါင်းသင်း​ဆက်ဆံမှု​တွင် ရိုးသား​၏။ သူတစ်ပါး​၏​လေးစားမှု​နှင့် ယုံကြည်​စိတ်ချမှု​ကို​ရရှိ​သည်။ ရိုးသား​သူ​တစ်ဦး​သည် တန်ဖိုး​ထား​ခံရ​သော​လုပ်သား​ဖြစ်​ရာ သာ၍​ကြီးမားသော​တာဝန်​ပေးအပ်​ခံရ​တတ်​သည်။ သူ၏​ရိုးသားမှု​ကြောင့် အလုပ်​ရှားပါး​လျှင်​ပင် အလုပ်​ရရှိနိုင်​သည်။ ထို့​ပြင် သူ၏​ရိုးသားမှု​သည် အိမ်​၌ ပျော်ရွှင်​ငြိမ်သက်​သော​ဝန်းကျင်​ကို ဖြစ်ပေါ်​စေ​သည်။ (ဆာလံ ၃၄:၁၃၊ ၁၄) သူ၏​အိမ်သား​များနှင့်​ဆက်ဆံမှု​တွင် လုံခြုံမှု​ခံစားရ​သည်။ လုံခြုံမှု​သည် ဖြောင့်မတ်ခြင်း​အသီး​တစ်​သီး အမှန်ပင်​ဖြစ်၏။

ကိုယ်ကျိုးရှာ​သော မရိုးသား​သူ၏​အခြေအနေ​မှာ​မူ ၎င်းနှင့်​မတူ​ပေ။ လှည့်ဖြားသူ​သည် ကောက်လိမ်​သော​စကား သို့​မဟုတ် ကိုယ်​အမူအရာ​ဖြင့် မိမိ၏​လိမ်ညာမှု​ကို​ဖုံးကွယ်​ရန် ကြိုးစား​ပေမည်။ (သု. ၆:၁၂-၁၄) မလို​တ​မာ​စိတ် သို့​မဟုတ် လှည့်ဖြား​လို​စိတ်ဖြင့် မျက်စိမှိတ်​ပြ​ခြင်း​သည် လှည့်စား​ခံရ​သူ​အဖို့ အကြီးအကျယ်​စိတ်​ဆင်းရဲမှု​ဖြစ်စေ​နိုင်​သည်။ သို့သော် ဤ​သူ၏​ကောက်လိမ်​သော​သဘော​သည် အနှေး​နှင့်​အမြန် ပေါ်​သွား​၏။ “အချို့​သော​သူတို့၏​ဒုစရိုက်​သည် ရှေ့​မ​ဆွ​က​ထင်ရှား​၍ အပြစ်စီရင်​ခြင်း​သို့​အရင်​အ​ဦး​သွား​တတ်၏။ အချို့​သော​သူတို့၏​ဒုစရိုက်​သည် နောက်သို့​လိုက်​တတ်၏။ ထို​နည်းတူ အချို့​သော​သူတို့၏​သုစရိုက် [ကောင်းသော​အကျင့်]သည် ထင်ရှား​နှင့်​တတ်၏။ မထင်ရှား​သေး​သော​သုစရိုက် [ကောင်းသော​အကျင့်]ကိုလည်း ဝှက်​၍​မထား​နိုင်” ဟူ၍ တမန်​တော်​ပေါလု​ရေးသားခဲ့​သည်။ (၁ တိမောသေ ၅:၂၄၊ ၂၅) မိဘ​ဖြစ်စေ၊ မိတ်ဆွေ​ဖြစ်စေ၊ အိမ်ထောင်​ဘက်​ဖြစ်စေ သို့​မဟုတ် အသိ​ဖြစ်စေ မည်သူ​မဆို မရိုးသား​ပါ​က နောက်ဆုံး​၌ ဘူး​ပေါ်​သလို​ပေါ်လာ​သည်။ မရိုးသား​ဟု​နာမည်​ရထား​သူကို မည်သူ​ယုံကြည်​စိတ်ချ​နိုင်​မည်​နည်း။

“သူ၏​နှုတ်​သည် အသက်ရေ​တွင်း​ဖြစ်၏”

“ဖြောင့်မတ်​သော​သူ၏​နှုတ်​သည် အသက်ရေ​တွင်း​ဖြစ်၏။ မတရားသော​သူ၏​နှုတ်​ကို​ကား ညှဉ်းဆဲခြင်း​အပြစ်​သည် ပိတ်​လိမ့်​မည်” ဟု​ရှောလမုန်​ဆို​သည်။ (သု. ၁၀:၁၁) နှုတ်ထွက်​စကား​သည် ကုစား​နိုင်​သည် သို့​မဟုတ် နာကျင်စေ​နိုင်​သည်။ ယင်း​တို့သည် လူတစ်ဦးကို ပြန်လည်​လန်းဆန်း​တက်ကြွ​စေနိုင်​သည်၊ သို့​မဟုတ် စိတ်ပျက်​အားလျော့​စေနိုင်​သည်။

ပြောဆို​သည့်​စကား​၏​နောက်ကွယ်​မှ လှုံ့ဆော်ချက်​ကို​ဖော်ပြ​ကာ ဣသရေလ​ရှင်ဘုရင်​က ဤသို့​မိန့်ဆို​သည်– “မုန်း​သော​စိတ်​သည် ရန်​တွေ့​ရာ​သို့​တိုက်တွန်း​တတ်၏။ ချစ်သော​စိတ်​မူ​ကား ခပ်သိမ်း​သော​အပြစ်​တို့ကို ဖုံးအုပ်​တတ်၏။” (သု. ၁၀:၁၂) မုန်းတီးမှု​သည် လူ့​ဘောင်​အဖွဲ့အစည်း​တွင် ပြိုင်ဆိုင်မှု​များ​ဖြစ်ပေါ်​စေရန်၊ ငြင်းခုံ​မှုများ​ဖြစ်ပေါ်​စေရန် လှုံ့ဆော်ပေး​သည်။ ယေဟောဝါ​ကို​ချစ်​မြတ်နိုးသူ​များသည် မိမိတို့၏​အသက်တာ​မှ မုန်းတီးမှု​ကို အမြစ်ပါ​မကျန်​နုတ်​ပစ်​ရမည်။ မည်သို့​အားဖြင့်​နည်း။ မေတ္တာ​အစားထိုး​ခြင်း​အားဖြင့်​ဖြစ်သည်။ “ချစ်ခြင်း​မေတ္တာသည် များစွာသော​အပြစ်​တို့ကို ဖုံးအုပ်​တတ်၏။” (၁ ပေတရု ၄:၈) “ခပ်သိမ်း​သော​အရာ​ကို ဖုံးအုပ်​တတ်” သော​မေတ္တာသည် “ခပ်သိမ်း​သော​အရာ​ကို သည်းခံ​တတ်၏။” (၁ ကောရိန္သု ၁၃:၇; နိုင်ငံတော်​စာ​ကြောင်း​ကြားညှပ်​ကျမ်း) ဘုရားသခင်​ရေးရာ​ချစ်ခြင်း​မေတ္တာသည် မစုံလင်သူ​များ​ထံ​မှ စုံလင်မှု​ကို​မမျှော်လင့်​ချေ။ သူတစ်ပါး​၏​အမှား​များ​ကို လူသိ​အောင်​လုပ်​မည့်​အစား ဤသို့​သော​မေတ္တာသည် ကြီး​လေး​သော​အပြစ်​မဟုတ်လျှင် သူတို့၏​အမှား​များ​ကို ဗွေ​မယူဖို့ ထောက်ကူ​ပေး​သည်။ ချစ်ခြင်း​မေတ္တာသည် လယ်ကွင်း​ဓမ္မ​အမှု၌​ဖြစ်စေ၊ အလုပ်ခွင်​၌​ဖြစ်စေ၊ ကျောင်း​၌​ဖြစ်စေ နှိပ်စက်​ညှဉ်းပန်းမှု​ကို​ပင် ခံရပ်​နိုင်​စေ​သည်။

ပညာရှိ​ရှင်ဘုရင်​က ဤသို့​ဆက်ဆို​သည်– “ဉာဏ်​ကောင်းသော​သူသည် ပညာ​စကား​ကို​ပြောတတ်​၏။ ဉာဏ်​မဲ့​သော​သူ၏​ကျော​အဖို့​မူ​ကား ကြိမ်လုံး​ရှိ၏။” (သု. ၁၀:၁၃) ဉာဏ်​ကောင်းသော​သူသည် သူ၏​ခြေလှမ်း​များ​ကို စီရင်​ပြုပြင်​သည်။ သူ၏​တည်ဆောက်​စ​ရာ​စကား​များ​က အခြား​သူများကို ဖြောင့်မတ်​သော​လမ်းစဉ်၌​လျှောက်လှမ်း​ရန် ကူညီပေး​သည်။ သူ သို့​မဟုတ် သူ့​စကား​ကို​နားထောင်သူ​များသည် အတင်းအကျပ်—ကြိမ်လုံး​နှင့်​ဆုံးမ​ခံရ​ခြင်း​ဖြင့်—လမ်းမှန်​ပေါ်​ရောက်လာ​ကြ​ရသည်​မဟုတ်​ချေ။

‘အသိပညာကို သိမ်းထား​တတ်၏’

ကျွန်ုပ်​တို့၏​စကား​များသည် မရေမရာ​တို့ကို​ဖော်ပြ​သော မပြတ်​ညည်း​သံ​ပြု​သည့်​ချောင်းငယ်​နှင့်​တူ​မည့်​အစား ‘ပညာ​ရေ​စီး​နေသော​မြစ်’ နှင့် အဘယ်အရာက တူ​စေမည်​နည်း။ (သု. ၁၈:၄) ရှောလမုန်က ဤသို့​ဖြေဆို​သည်– ‘ပညာရှိ​သော​သူတို့သည် အသိပညာကို သိမ်းထား​တတ်၏။ မိုက်​သော​သူ၏​နှုတ်​မူ​ကား အကျိုး​နည်း​ခြင်း​နှင့်​နီးစပ်​၏။’—သု. ၁၀:၁၄

ဦးစွာ​လိုအပ်ရာ​မှာ ကျွန်ုပ်​တို့၏​စိတ်​တွင် တည်ဆောက်မှု​ဖြစ်စေ​သည့် ဘုရားသခင့်​အသိပညာနှင့် ပြည့်လျှံ​နေ​သင့်​သည်။ အဆိုပါ​အသိပညာ​၏​ရင်းမြစ်​တစ်ခု​တည်း​သာ​ရှိ၏။ “ထို​ကျမ်းစာ​ရှိသမျှသည် ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်၍၊ ဘုရားသခင်​၏​လူသည် စုံလင်သော​သူ၊ ကောင်းသော​အမှု​အမျိုးမျိုး​တို့ကို​ပြုစု​ခြင်း​အလို​ငှာ ပြင်ဆင်​သော​သူ​ဖြစ်​မည်​အကြောင်း [ဆုံးမ]ခြင်း၊ အပြစ်ကို​ဖော်ပြခြင်း၊ ဖြောင့်မတ်​စွာ​ပြုပြင်ခြင်း၊ တရားကို​သွန်သင်ခြင်း​ကျေးဇူးများ​ကို ပြု​တတ်၏” ဟူ၍ တမန်​တော်​ပေါလု​ရေးသားခဲ့​သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ကျွန်ုပ်​တို့သည် အသိပညာကို​သိမ်းဆည်း​ကာ ဝှက်ထား​သော​ဘဏ္ဍာ​ကို​ရှာဖွေ​သကဲ့သို့ ဘုရားသခင့်​စကားတော်​ကို ရှာဖွေ​ဆန်းစစ်​ရမည်​ဖြစ်သည်။ ၎င်းကို​ရှာဖွေခြင်း​သည် တကယ်​ကို​စိတ်​လှုပ်ရှား​စ​ရာ​ကောင်း​လေ​စွ!

ကျွန်ုပ်​တို့​နှလုံးထဲတွင် ကျမ်းစာ​အသိပညာ​ရှိ​မှ​သာ ပညာ​စကား​ကို ကျွန်ုပ်​တို့​ပြောဆို​နိုင်​မည်​ဖြစ်သည်။ ယေရှု​က မိမိ​စကား​နားထောင်သူ​များ​အား ဤသို့​မိန့်မြွက်​ခဲ့​သည်– “ကောင်းသော​သူသည် ကောင်းသော​မိမိ​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲ​က ကောင်းသော​အရာ​ကို​ထုတ်ဖော်​တတ်၏။ မကောင်းသော​သူသည် မကောင်းသော​မိမိ​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲ​က မကောင်းသော​အရာ​ကို​ထုတ်ဖော်​တတ်၏။ အကြောင်း​မူ​ကား စိတ်နှလုံး​အပြည့်​ရှိသည်​အတိုင်း နှုတ်မြွက်​တတ်၏။” (လုကာ ၆:၄၅) ထို့​ကြောင့် ကျွန်ုပ်​တို့​တတ်သိလာ​ရာ​များ​ကို အမြဲ​တွေးတော​ဆင်ခြင်​ရမည်။ မှန်ပါသည်၊ လေ့လာမှု၊ တွေးတော​ဆင်ခြင်မှု​ပြု​ရန် ကြိုးစား​အားထုတ်​ဖို့​လို​သော်လည်း ဤသို့​သော​လေ့လာမှု​သည် ဝိညာဉ်​ရေး​အရ တကယ်​ကို​ကြွယ်ဝ​ချမ်းသာ​စေပါ​သည်​တကား! မဆင်မခြင်​အရမ်းကာရော​ပြောဆိုခြင်း​၏ ယိုယွင်း​သည့်​လမ်းစဉ်​ကို မည်သူမျှ​လိုက်လျှောက်ဖို့​အကြောင်း​မရှိ​ချေ။

မှန်​၏၊ ပညာရှိ​သူသည် ဘုရားသခင်​ရှေ့မှောက်​တွင် မှန်ကန်​ရာ​ကို​ပြုလုပ်​ပြီး အခြားသူများ​အပေါ် ကောင်းစွာ​သြဇာလွှမ်း​မိုး​သည်။ သူသည် ဝိညာဉ်​အစာ ပေါများ​စွာ​စားသုံး​ရ​လျက်၊ အရှင်သခင်​၏​အလွန်​အကျိုး​ဖြစ်ထွန်း​သော​လုပ်ငန်းတော်တွင် အလုပ်များလျက်​ရှိသည်။ (၁ ကောရိန္သု ၁၅:၅၈) သူသည် တည်ကြည်မှု​ရှိသူ​ဖြစ်​ရာ လုံခြုံ​စိတ်ချ​ရသော​လမ်းပေါ် လျှောက်လှမ်း​ပြီး ဘုရားသခင်​၏​မျက်နှာသာ​ရ၏။ မှန်ပါသည်၊ ဖြောင့်မတ်​သူ၏​ကောင်းချီး များစွာ​ရှိသည်။ ဘုရားသခင်​၏​အကောင်းအဆိုး​စံနှုန်း​များနှင့်​အညီ အသက်ရှင်​နေထိုင်ခြင်း​အားဖြင့် ဖြောင့်မတ်ခြင်း​ကို ကျွန်ုပ်​တို့​ရှာဖွေ​နိုင်​ကြ​ပါစေ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 အမည်​ပြောင်း​ထား​သည်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ရိုးသားမှု​က ပျော်ရွှင်ဖွယ်​မိသားစု​ဘဝကို​ဖြစ်ပေါ်​စေ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

‘ပညာရှိ​သော​သူတို့သည် အသိပညာကို သိမ်းဆည်း​ထား​၏’