မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိတ်သိမ်းခြင်းလုပ်ငန်း၌ စွဲစွဲမြဲမြဲချီတက်လော့!

ရိတ်သိမ်းခြင်းလုပ်ငန်း၌ စွဲစွဲမြဲမြဲချီတက်လော့!

ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ စွဲစွဲမြဲမြဲ​ချီတက်​လော့!

“မျက်ရည်ကျ​လျက် မျိုးစေ့ကြဲ​သော​သူတို့သည် ရွှင်လန်း​လျက် စပါး​ရိတ်​ကြလိမ့်မည်။”—ဆာလံ ၁၂၆:၅

၁။ ယနေ့ “လုပ်ဆောင်​သော​သူတို့ကို . . . စေလွှတ်​တော်​မူ​မည်​အကြောင်း” အဘယ်ကြောင့် “စပါးရှင်​ကို​ဆုတောင်း​ကြ” ရသနည်း။

ယေရှု​ခရစ်​သည် ဂါလိလဲ​နယ်တွင် တတိယ​အကြိမ် ဟောပြောပြီး​သည့်​နောက် တပည့်တော်​များ​အား ဤသို့​မိန့်ဆိုခဲ့သည်– “စပါး​ရိတ်​စ​ရာ​များစွာ​ရှိ၏။ ရိတ်​သော​သူတို့သည် နည်း​ကြ​၏။” (မဿဲ ၉:၃၇) ယုဒနယ်တွင်​လည်း ထပ်တူ​အခြေအနေ​ရှိခဲ့​သည်။ (လုကာ ၁၀:၂) လွန်ခဲ့သော​အနှစ် ၂,၀၀၀ နီးပါး​က ထိုသို့​ဖြစ်​ခဲ့​သည်​မှန်ရာ မျက်မှောက်ခေတ်​အခြေအနေ​ကော မည်သို့​နည်း။ လွန်ခဲ့သော​လုပ်ငန်းတော်နှစ်​အတွင်း ယေဟောဝါသက်သေ ၆,၀၀၀,၀၀၀ ကျော်​တို့သည် အများအားဖြင့် “ထိန်း​သူ​မရှိသော​သိုး​ကဲ့သို့ ပင်ပန်း​၍​အားလျော့​လျက်​ရှိနေကြ” သော ကမ္ဘာ့​လူဦးရေ ၆,၀၀၀,၀၀၀,၀၀၀ အကြား ပုံဆောင်​ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ စွဲစွဲမြဲမြဲ​ချီတက်​ခဲ့​ကြသည်။ ထို့​ကြောင့် “လုပ်ဆောင်​သော​သူတို့ကို စပါး​ရိတ်​စေခြင်း​ငှာ​စေလွှတ်​တော်​မူ​မည်​အကြောင်း စပါးရှင်​ကို​ဆုတောင်း​ကြ” ရန် ယေရှု၏​တိုက်တွန်းချက်​သည် လွန်ခဲ့သော​ရာစုနှစ်များ​က လက်ခံ​နိုင်​သကဲ့သို့ ယနေ့လည်း ထပ်တူ​ပင်​ဖြစ်သည်။—မဿဲ ၉:၃၆၊ ၃၈သမ္မာ။

၂။ ကျွန်ုပ်​တို့သည် အဘယ်အရာ​ကြောင့် လူတို့၏​အာရုံစိုက်မှု​ကို​ခံရ​ကြ​သနည်း။

စပါးရှင်​ယေဟောဝါ​ဘုရားသခင်​သည် နောက်ထပ်​လုပ်သားများ စေလွှတ်​ဖို့​အသနားခံချက်​ကို နားညောင်း​ခဲ့ပြီ။ ဘုရားသခင်​ညွှန်ကြား​တော်​မူ​သော ဤ​ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ ပါဝင်​ရခြင်း​သည် ရွှင်လန်းစရာ​ပင်! တိုင်းနိုင်ငံ​များနှင့်​နှိုင်းယှဉ်​ကြည့်​သော် ကျွန်ုပ်​တို့၏​အရေအတွက် နည်း​သော်​ငြား​လည်း ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ ဇွဲရှိ​ရှိပါ​ဝင်​ခြင်း​ကြောင့် ကျွန်ုပ်​တို့သည် ဤ​လောက အာရုံစိုက်​စ​ရာ​ဖြစ်​ကြပြီ။ နိုင်ငံ​များစွာ​တွင် သတင်း​ဖြန့်ချိရေး​က ကျွန်ုပ်​တို့ကို မကြာခဏ​ဖော်ပြ​ကြသည်။ ရုပ်မြင်သံကြား​ပြဇာတ်​တစ်ခု​၌ တံခါး​ဘဲလ်​မြည်သံ​ကို ယေဟောဝါသက်သေ​များ ရောက်နေ​သည်​ဟူ၍ ကောက်ချက်​ချ​တတ်​သည်။ မှန်ပါသည်၊ ပုံဆောင်​ရိတ်သိမ်းသူများ​အဖြစ် ကျွန်ုပ်​တို့၏​ခရစ်ယာန်​လုပ်ငန်း​ကို ၂၁ ရာစု​တွင် လူသိ​များ​ကြသည်။

၃။ (က) ပထမ​ရာစု​၌ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို အာရုံစိုက်ခဲ့​ကြ​ကြောင်း မည်သို့​သိရ​သနည်း။ (ခ) ကျွန်ုပ်​တို့၏​အမှုဆောင်ခြင်းကို ကောင်းကင်တမန်​များ​ထောက်မ​သည်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

ဤ​လောကသည် ပထမ​ရာစု​မှ ဘုရားသခင့်​နိုင်ငံတော် ဟောပြောခြင်း​လုပ်ဆောင်မှုများ​ကိုလည်း သတိပြုမိ​ခဲ့​ပြီး သတင်းကောင်း​ကြေညာသူ​များ​ကို နှိပ်စက်​ညှဉ်းပန်း​ခဲ့​သည်။ ထို့​ကြောင့် တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​၏– “သတ်​ဖို့​ရာ​ထားသော​သူ​ကဲ့သို့ အခြားသော​သူများ​နောက်​၌ တမန်​တော်​တည်း​ဟူသော ငါ​တို့ကို ဘုရားသခင်​ထုတ်ပြ​တော်​မူ​သည်​ဟု ငါ​ထင်​၏။ အကြောင်း​မူ​ကား၊ ငါ​တို့ [တမန်​တော်​များ] သည် လော[က]သားများ​နှင့် ကောင်းကင်တမန်​များ​မျက်မှောက်​၌ ပွဲဝင်​သော​သူ​ဖြစ်​ကြ​၏။” (၁ ကောရိန္သု ၄:၉) အလားတူ နှိပ်စက်​ညှဉ်းပန်းမှု​ကြား ဘုရားသခင့်​နိုင်ငံတော်​ကြေညာ​သူများ​အဖြစ် ကျွန်ုပ်​တို့၏​ဇွဲ​ကို ဤ​လောက​အာရုံစိုက်​လာပြီး ကောင်းကင်တမန်​များ​အတွက်​လည်း အရေးပါ​ပေ​သည်။ ဗျာဒိတ် ၁၄:၆၊ ၇ က​ဤသို့​ဆို​၏– “မြေကြီး​ပေါ်မှာ​နေသော​သူ​တည်း​ဟူသော အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့အား ထာဝရ​ဧဝံဂေလိတရား​ကို​ဟော​ရသော ကောင်းကင်တမန်​တစ်ပါး . . . ကောင်းကင်​အလယ်​၌​ပျံဝဲ​လျက်​ရှိသည်​ကို ငါ [တမန်​တော်​ယောဟန်] မြင်​၏။” မှန်သည်၊ ကျွန်ုပ်​တို့၏​အမှုဆောင်ခြင်း​ဖြစ်သော ရိတ်သိမ်းခြင်း​လုပ်ငန်း​ကို ကောင်းကင်တမန်​များ ထောက်မ​နေသည်​တကား!—ဟေဗြဲ ၁:၁၃၊ ၁၄

‘အမုန်း​ခံရ​ကြ’

၄၊ ၅။ (က) မိမိ၏​တပည့်တော်​များ​ကို ယေရှု​အဘယ်​သို့​သတိပေး​ခဲ့​သနည်း။ (ခ) ဘုရားသခင်​၏ မျက်မှောက်ခေတ်​ကျေးကျွန်​များသည် အဘယ်ကြောင့် ‘အမုန်း​ခံရ​ကြ’ သနည်း။

ယေရှု၏​တမန်​တော်​များ ရိတ်သိမ်းသူများ​အဖြစ် စေလွှတ်​ခံရသော​အခါ သူတို့သည် “မြွေ​ကဲ့သို့​လိမ္မာ​လျက်၊ ချိုးငှက်​ကဲ့သို့ အဆိပ်​ကင်း” ကြ​ဟူသော ကိုယ်တော့်​ညွှန်ကြားချက်​ကို လိုက်နာ​ခဲ့​ကြ​၏။ ယေရှု​က​ဤသို့​ထပ်ဆင့်​ခဲ့​သည်– “လူ​တို့ကို​သတိပြု​ကြ။ အကြောင်း​မူ​ကား၊ သင်တို့ကို​လွှတ်​ရုံး​သို့ အပ်နှံ​ကြလိမ့်မည်။ တရား​ဇရပ်​တို့​၌ ရိုက်​ကြလိမ့်မည်။ ထို​သူတို့​မှ​စ၍ တစ်ပါး​အမျိုးသား​တို့အား သက်သေ​ဖြစ်စေ​ခြင်း​ငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်​ထံ​သို့ ငါ့​ကြောင့် သင်တို့ကို​ပို့ဆောင်​ကြလိမ့်မည်။ . . . လူအပေါင်း​တို့သည်​လည်း ငါ​၏​နာမ​ကြောင့် သင်တို့ကို​မုန်း​ကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင်​တည်ကြည်​၏။ ထို​သူသည် ကယ်တင်ခြင်း​သို့​ရောက်​လိမ့်​မည်။”—မဿဲ ၁၀:၁၆-၂၂

“ဤ​လောက​တစ်ခုလုံး​သည်” ဘုရားသခင်​နှင့် ကိုယ်တော့်​လူမျိုးတော်​၏ အဓိက​ရန်သူ၊ စာတန်​တည်း​ဟူသော “ဆိုးညစ်သူ​၏​တန်ခိုး​ဩဇာ​အောက်တွင် ရောက်နေ” သောကြောင့် ယနေ့​ကျွန်ုပ်​တို့ ‘အမုန်း​ခံရ​ကြ’ သည်။ (၁ ယောဟန် ၅:၁၉က​ဘ) ကျွန်ုပ်​တို့၏​ရန်သူများ​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကြွယ်ဝမှု​ကို တွေ့မြင်​ကြသော်လည်း ယေဟောဝါ​ကြောင့်​ဖြစ်​ကြောင်း ငြင်းပယ်​ကြ​၏။ ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ ကျွန်ုပ်​တို့​ပျော်ရွှင်စွာ​ပါဝင်​နေကြ​စဉ် ကျွန်ုပ်​တို့၏​ပြုံးရွှင်​သော​မျက်နှာ​များ​ကို ဆန့်ကျင်သူ​များ​တွေ့ရ​ကြသည်။ ကျွန်ုပ်​တို့၏​စည်းလုံးမှု​ကို သူတို့​အံ့အားသင့်​ကြ​၏! အမှန်​တွင် အခြား​နိုင်ငံ​တစ်ခု​သို့ သူတို့​ရောက်သွား​ကြသောအခါ ထို​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များသည် မိမိတို့​မွေးရပ်မြေ​၌​ရှိ​သူများ​ကဲ့သို့ ထပ်တူ​လုပ်ငန်း​ကို လုပ်ဆောင်ကြ​သည်ကို​တွေ့ရ​သောအခါ ယင်းကို ဝန်မခံ​ချင်​ဘဲ ဝန်ခံ​လိုက်​ကြ​ရ​ပေမည်။ ကျွန်ုပ်​တို့၏​ကျော​ထောက်​နောက်ခံ​နှင့် ကျွန်ုပ်​တို့​စည်းလုံးမှု​၏​ရင်းမြစ်​ဖြစ်သော ယေဟောဝါ​ကို အချိန်တန်လျှင် ကျွန်ုပ်​တို့၏​ရန်သူများ​ပင် အသိအမှတ်ပြု​ကြ​ရမည်။—ယေဇကျေလ ၃၈:၁၀-၁၂၊ ၂၃

၆။ ရိတ်သိမ်းခြင်း​လုပ်ငန်း​၌​ပါဝင်​နေကြ​စဉ် အဘယ်​အာမခံချက်ကို ကျွန်ုပ်​တို့​ရရှိ​ထား​သနည်း၊ သို့သော် အဘယ်​မေးခွန်း ပေါ်ပေါက်​လာ​သနည်း။

စပါးရှင်​သည် “ကောင်းကင်ဘုံ​၌​လည်းကောင်း၊ မြေကြီးပေါ်​၌​လည်းကောင်း စီရင်ပိုင်​သော​အခွင့်တန်ခိုး​ရှိသမျှ​တို့ကို” မိမိ၏​သားတော် ယေရှု​ခရစ်​အား အပ်နှင်း​ထားပြီ။ (မဿဲ ၂၈:၁၈) သို့​ဖြစ်သော​ကြောင့် ရိတ်သိမ်းခြင်း​လုပ်ငန်း​ကို ကောင်းကင်တမန်​များနှင့် မြေကြီးပေါ်​ရှိ ကောင်းကင်​အတန်းအစား “သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်” မှ​တစ်ဆင့်​ညွှန်ကြား​ရန် ယေရှုကို ယေဟောဝါ​အသုံးပြု​တော်​မူ​၏။ (မဿဲ ၂၄:၄၅-၄၇က​ဘ; ဗျာဒိတ် ၁၄:၆၊ ၇) သို့သော် ရန်သူ​တို့၏​အတိုက်အခံ​ကို ရင်ဆိုင်​ရ​လျက်​နှင့် ရိတ်သိမ်းခြင်းလုပ်ငန်း​၌ စွဲစွဲမြဲမြဲ​ချီတက်​နေစဉ် ကျွန်ုပ်​တို့၏​ရွှင်လန်းမှု​ကို မည်သို့​ထိန်းသိမ်း​ထား​နိုင်​ကြ​မည်​နည်း။

၇။ ဆန့်ကျင်မှု သို့​မဟုတ် နှိပ်စက်​ညှဉ်းပန်းမှု ခံရသော​အခါ အဘယ်​စိတ်သဘောထား​မျိုးကို ကြိုးစား​ထိန်းသိမ်း​သင့်​သနည်း။

ဆန့်ကျင်မှု သို့​မဟုတ် တိုက်ရိုက်​နှိပ်စက်​ညှဉ်းပန်း​ခြင်း​ပင် ကြုံတွေ့​ကြ​ရသောအခါ ပေါလု​ကဲ့သို့​သော​စိတ်ထား​မျိုး ထိန်းသိမ်း​နိုင်​ဖို့ ဘုရားသခင့်​အကူအညီကို ရှာယူ​ကြပါစို့။ သူက​ဤသို့​ရေးသားခဲ့​သည်– “ကဲ့ရဲ့​ခြင်း​ကို​ခံရသော​အခါ မေတ္တာ​ပို့​ကြ​၏။ ညှဉ်းဆဲ​နှိပ်စက်ခြင်း​ကို​ခံရသော​အခါ သည်းခံ​ကြ​၏။ အသရေ​ရှုတ်ချခြင်း​ကို​ခံရသော​အခါ တောင်းပန်​ကြ​၏။” (၁ ကောရိန္သု ၄:၁၂၊ ၁၃) ဤ​ကဲ့သို့​စိတ်ထား​နှင့်အတူ လိမ္မာ​ပါးနပ်​စွာ လူထုရှေ့​အမှုဆောင်ခြင်း​သည် ကျွန်ုပ်​တို့အား ဆန့်ကျင်သူ​များ​၏​သဘောထားကို တစ်ခါတစ်ရံ​ပြောင်းလဲ​စေ​သည်။

၈။ မဿဲ ၁၀:၂၈ ၌​မှတ်တမ်း​တင်ထားသော ယေရှု၏​စကား​များ​မှ အဘယ်​အာမခံချက်ကို သင်​ရရှိ​သနည်း။

အသက်ဘေး ခြိမ်းခြောက်​ခံရ​ခြင်း​ပင်​လျှင် ရိတ်သိမ်းသူများ​အဖြစ် ကျွန်ုပ်​တို့၏​ဇွဲ​ကို အရှိန်​မ​လျော့​စေပါ။ ကျွန်ုပ်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို တတ်နိုင်​သ၍ လူသိရှင်ကြား မကြောက်​မ​ရွံ့​ကြေညာ​ကြသည်။ ယေရှု၏​ဤ​စကား​များ​မှ စိတ်အားတက်​ဖွယ်​အာမခံချက်ကို ကျွန်ုပ်​တို့​ရယူ​ကြသည်– “ကိုယ်ခန္ဓာ​ကို​သာ​သတ်​၍ စိတ်​ဝိညာဉ်​ကို​မ​သတ်​နိုင်သော​သူတို့ကို မကြောက်​ကြ​နှင့်။ ကိုယ်ခန္ဓာ​နှင့်​စိတ်​ဝိညာဉ်​ကို ငရဲ​၌​ဖျက်ဆီး​နိုင်သော​သူကို သာ၍​ကြောက်​ကြလော့။” (မဿဲ ၁၀:၂၈) ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် အသက်​ပေးရှင်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သိ​ကြသည်။ ကိုယ်တော်​အား သမာဓိ​စောင့်သိ​ပြီး ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ တည်ကြည်​စွာ စွဲစွဲမြဲမြဲ​ချီတက်​သူတို့ကို ကိုယ်တော်​ဆုချ​တော်​မူ​၏။

အသက်ကယ်​ဆယ်​ရေး​သတင်းတရား

၉။ ယေဇကျေလ​၏​စကား​များ​ကို အချို့​မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း၊ ယနေ့လည်း ထပ်တူ​မည်သို့​ဖြစ်ပျက်​နေသနည်း။

ပရောဖက်​ယေဇကျေလ​သည် ယေဟောဝါ​၏​သတင်းတရားကို “ပုန်ကန်​တတ်သော​အမျိုး” ဖြစ်သည့် ဣသရေလ​နှင့် ယုဒ​နိုင်ငံ​များ​အား ရဲ​ရဲ​ကြေညာ​သောအခါ သူ​ပြောဆို​ရာ​ကို လူ​အချို့​ကြားနာ​လို​စိတ်​ရှိခဲ့​ကြသည်။ (ယေဇကျေလ ၂:၃) ယေဟောဝါ​က​ဤသို့​ဆို​၏– “သင်၏​စကား​သည် ကောင်းမွန်​စွာ​တီး​၍ သာယာသော​အသံ​နှင့်​ပြည့်စုံသော​သူ​ဆို​သော နှစ်သက်ဖွယ်သော​သီချင်း​ကဲ့သို့ သူတို့၌​ဖြစ်၍ သူတို့သည်​ကြား​ရ​သော်လည်း နားမထောင်​တတ်ကြ။” (ယေဇကျေလ ၃၃:၃၂) ယေဇကျေလ​၏​စကား​များ​ကို သူတို့​နှစ်သက်​ကြသော်လည်း ထို​အတိုင်း​မကျင့်​ခဲ့​ကြ​ချေ။ ယနေ့​ကော မည်သို့​ဖြစ်ပျက်​နေသနည်း။ ကောင်းကင်​အတန်းအစား​အကြွင်းအကျန်​နှင့် သူတို့၏​အပေါင်းပါများ​က ယေဟောဝါ​၏​သတင်းတရား​များ​ကို ရဲရင့်စွာ​ကြေညာ​သောအခါ ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​များ​အကြောင်းကို လူ​အချို့​ကြား​လို​ကြသော်လည်း သူတို့သည် ကျေးဇူး​တင်​စွာ​မတုံ့ပြန်​ကြ၊ တပည့်​များ​ဖြစ်လာ​ကြ​ပြီး ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ မပါဝင်​ကြ​ချေ။

၁၀၊ ၁၁။ နှစ်​ဆယ်ရာစု​၏ ပထမ​ရာစု​ဝက်​တွင် ကျွန်ုပ်​တို့၏​အသက်ကယ်​ဆယ်​ရေး​သတင်းကို​ကြေညာ​ရန် အဘယ်အရာ​ပြုလုပ်​ခဲ့​သနည်း၊ အဘယ်​ရလဒ်များ​ရသနည်း။

၁၀ အခြား​တစ်ဖက်​တွင်​မူ များစွာသော​သူတို့သည် ရိတ်သိမ်းခြင်း​လုပ်ငန်း​ကို နှစ်လိုဖွယ်​တုံ့ပြန်​ခဲ့​ကြ​ပြီး ဘုရားသခင့်​သတင်းတရား​များ ကြေညာ​ခြင်း​တွင် ပါဝင်​ခဲ့​ကြပြီ။ ဥပမာ၊ ၁၉၂၂ မှ ၁၉၂၈ အထိ​ဆက်တိုက်​ကျင်းပ​ခဲ့​သော ခရစ်ယာန်​စည်းဝေးကြီး​များ​အတွင်း စာတန်​၏​အစီအစဉ်​စနစ်ဆိုး​အပေါ် တရား​စီရင်ချက်​သတင်းတရား​များ​ကို ပီပီပြင်ပြင်​ကြေညာ​ခဲ့​သည်။ ထို​အစည်းအဝေး​များ​၌ တင်ဆက်​ခဲ့​သော ထုတ်ဖော်​ချက်​များ​ကို ရေဒီယို​အသံလွှင့်​ဌာန​များ​မှ ကြေညာ​ခဲ့​ကြသည်။ ထို့နောက် ဘုရားသခင့်​လူမျိုးတော်သည် ၎င်းတို့ကို ပုံနှိပ်​ပြီး သန်း​ချီ​၍​ဝေငှ​ခဲ့​ကြသည်။

၁၁ ၁၉၃၀ ပြည့်လွန်​နှစ်များ​တွင် ကြော်ငြာ​ချီတက်​ပွဲ​များ​ဟု​ခေါ်​သော သက်သေခံနည်း နောက်တစ်နည်း ပေါ်ထွက်​လာ​ခဲ့​သည်။ အစပိုင်း​တွင် ယေဟောဝါ​၏​လူမျိုးတော်သည် လူထု​ဟောပြောချက်​များ​ကို​ကြေညာ​သည့် ပိုစတာ​ကတ်​ထူ​များ​ကို ကိုယ်​ရှေ့​ပိုင်း​နှင့် နောက်ပိုင်း​တွင်​ဆွဲ​ခဲ့​ကြသည်။ နောက်ပိုင်း​တွင် “ဘာသာ​တရားသည် ထောင်ချောက်​တစ်ခု​နှင့် မ​သ​မာ​နည်းဖြင့်​စီးပွား​ရှာ​မှု​တစ်ခု​ဖြစ်သည်၊” “ဘုရားသခင်​နှင့် ခရစ်တော်​ဘုရင်​ထံ အမှုဆောင်​ကြ” စ​သည့်​ဆောင်ပုဒ်​များ​ပါ​သည့် ပိုစတာ​ကတ်​ထူ​များ​ကို သယ်ဆောင်​ခဲ့​ကြသည်။ လမ်းများ​ပေါ် သူတို့​ချီတက်​သွား​ကြသောအခါ ဖြတ်သန်း​သွားလာ​သူများ​၏ အာရုံ​ကို​ဖမ်းစား​ခဲ့​ကြသည်။ အင်္ဂလန်​နိုင်ငံ၊ လန်ဒန်​မြို့​၏​လူ​ရှုပ်​သော​လမ်းများ​ပေါ်​တွင် ၎င်း​လုပ်ငန်း​၌ မှန်မှန်​ပါဝင်​ခဲ့​သူ ညီအစ်ကို​တစ်ဦး​က ဤသို့​ကောက်ချက်​ချ​ခဲ့​သည်– ‘ယင်းက ယေဟောဝါသက်သေ​များ​ကို လူ​တို့​အာရုံစိုက်​စေရန်​နှင့် သူတို့ကို​ရဲရင့်​စေရန် များစွာ​အကျိုးဆောင်​ခဲ့​သည်။’

၁၂။ ကျွန်ုပ်​တို့၏​အမှုဆောင်ခြင်း​တွင် ဘုရားသခင့်​တရား​စီရင်ခြင်း​သတင်း​များ​အပြင် အဘယ်အရာကို ကျွန်ုပ်​တို့​တင်ဆက်​ခဲ့​ကြပြီ​နည်း၊ သတင်းကောင်း​ဟောပြောခြင်း​တွင် ယခု မည်သူ​တို့​တစည်းတလုံး ပါဝင်​နေကြ​သနည်း။

၁၂ ဘုရားသခင့်​တရား​စီရင်ခြင်း​သတင်း​များ​ကို ကျွန်ုပ်​တို့​ကြေညာ​နေကြ​စဉ် ဘုရားသခင့်​နိုင်ငံတော်​သတင်း​၏ အပြုသဘော​ပါ​ကဏ္ဍ​များ​ကိုလည်း ဖော်ပြ​ကြသည်။ ကမ္ဘာ့​ဇာတ်ခုံ​ပေါ် ကျွန်ုပ်​တို့​ရဲရင့်စွာ​သက်သေခံခြင်း​က ထိုက်တန်​သူများကို ရှာဖွေ​တွေ့ရှိ​စေ​သည်။ (မဿဲ ၁၀:၁၁) ကောင်းကင်​အတန်းအစား​၏ နောက်ဆုံး​အဖွဲ့ဝင်​အများစု​သည် ၁၉၂၀ နှင့် ၁၉၃၀ ပြည့်လွန်​နှစ်များ​အတွင်း ရိတ်သိမ်းခြင်း​ဖိတ်ခေါ်​သံ​ကို တုံ့ပြန်​ခဲ့​ကြသည်။ ထို့နောက် ၁၉၃၅ ခုနှစ်၊ အစည်းအဝေးကြီး​တစ်ခု​တွင် “အခြားသိုး” တွင်​ပါဝင်သူ “လူအုပ်ကြီး” အတွက် ကောင်းချီး​ကြွယ်ဝ​မည့်​အနာဂတ်​ဆိုင်ရာ သတင်းကောင်းကို ကြား​ခဲ့​ကြ​ရသည်။ (ဗျာဒိတ် ၇:၉က​ဘ; ယောဟန် ၁၀:၁၆) ဤ​သူတို့သည် ဘုရားသခင့်​တရား​စီရင်ခြင်း​သတင်း​များ​ကို ဂရုပြု​ခဲ့​ကြ​ပြီး အသက်ကယ်​ဆယ်​ရေး​သတင်းကောင်း ဟောပြောခြင်း​တွင် ကောင်းကင်​အတန်းအစား​နှင့် တစည်းတလုံး ပါဝင်​ခဲ့​ကြသည်။

၁၃၊ ၁၄။ (က) ဆာလံ ၁၂၆:၅၊ ၆ မှ​အဘယ်​နှစ်သိမ့်မှု​ကို ကျွန်ုပ်​တို့​ရယူ​နိုင်​သနည်း။ (ခ) ကျွန်ုပ်​တို့​ဆက်၍​မျိုးကြဲ​ပြီး ရေလောင်း​နေ​မည်​ဆိုလျှင် အဘယ်​သို့​ဖြစ်လာ​မည်​နည်း။

၁၃ ဘုရားသခင်​၏​ရိတ်သိမ်းသူများ အထူးသဖြင့် နှိပ်စက်​ညှဉ်းပန်း​ခံရ​သူတို့​အတွက် ဆာလံ ၁၂၆:၅၊ ၆ ပါ ဤ​စကား​များသည် ကြီးစွာ​သော​နှစ်သိမ့်မှု​ဖြစ်သည်– “မျက်ရည်ကျ​လျက် မျိုးစေ့ကြဲ​သော​သူတို့သည် ရွှင်လန်း​လျက် စပါး​ရိတ်​ကြလိမ့်မည်။ မျက်ရည်ကျ​လျက် ကြဲ​ရန်​မျိုးစေ့ကို​ဆောင်​၍ ထွက်သွား​သော​သူသည် ကောက်လှိုင်း​များ​ကို​ဆောင်​လျက် ရွှင်လန်းသော​စိတ်​နှင့် အမှန်​ပြန်လာ​လိမ့်​မည်။” မျိုးစေ့ကြဲ​ခြင်း​နှင့် ရိတ်သိမ်းခြင်း​ဆိုင်ရာ ဆာလံဆရာ​၏​စကား​များ​က ရှေးခေတ်​ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ ပြန်လာ​သည့် အကြွင်းအကျန်​အပေါ် ယေဟောဝါ​၏​စောင့်ရှောက်မှု​နှင့် ကောင်းချီး​များ​ကို ပုံ​ဖော်ပြ​သည်။ သူတို့​လွတ်မြောက်​လာသော​အခါ အလွန်​ဝမ်းမြောက်​ခဲ့​ကြသည်၊ သို့သော် အနှစ် ၇၀ ပြည်နှင်ခံရ​စဉ်​အတွင်း ဖုန်း​ဆိုး​တော​ဖြစ်​ခဲ့​သည့် လွင်တီးခေါင်​မြေ​၌ မျိုးစေ့ကြဲ​နေသော​အခါ သူတို့​ငိုကြွေး​ခဲ့​ကြ​ပေမည်။ သို့သော် မျိုးစေ့ကြဲ​ခြင်း​နှင့် ဆောက်လုပ်ရေး​လုပ်ငန်းများ​ကို ဦးစီး​ဦးဆောင်​ပြုလုပ်​ခဲ့​သူတို့သည် သူတို့၏​ကြိုးပမ်းမှု​မှ အသီးအပွင့်​နှင့် ကျေနပ်မှု​များ ခံစား​ခဲ့​ကြ​ရသည်။

၁၄ စမ်းသပ်မှု​ခံရသော​အခါ သို့​မဟုတ် ကျွန်ုပ်​တို့​ဖြစ်စေ၊ ကျွန်ုပ်​တို့၏​ယုံကြည်သူချင်း​များ​ဖြစ်စေ ဖြောင့်မတ်ခြင်း​တရား​ကြောင့် ဆင်းရဲခံ​ရသောအခါ ကျွန်ုပ်​တို့​မျက်ရည်ကျ​နိုင်​သည်။ (၁ ပေတရု ၃:၁၄) ကျွန်ုပ်​တို့၏​ရိတ်သိမ်းခြင်း​လုပ်ငန်း အစပိုင်း​၌ အခက်အခဲ​ရှိ​ပေမည်၊ အကြောင်း​မှာ ကျွန်ုပ်​တို့​အမှုဆောင်​ရာ​၌ အောင်မြင်မှု ရှိ​ပုံ​မ​ပေါက်​သဖြင့်​ဖြစ်သည်။ သို့သော် ဆက်၍​မျိုးကြဲ​ပြီး ရေလောင်း​နေ​မည်​ဆိုလျှင် အများအားဖြင့် ကျွန်ုပ်​တို့​မျှော်လင့်​ထား​သည်ထက်​လွန်​၍ ဘုရားသခင်​ကြီးပွား​စေပါ​လိမ့်​မည်။ (၁ ကောရိန္သု ၃:၆) ယင်းကို သမ္မာကျမ်းစာ​နှင့် ကျမ်းစာ​စာပေ​စာတမ်း​များ ကျွန်ုပ်​တို့​ဝေငှခြင်း​မှ​ရသည့် အကျိုး​ရလဒ်များ​က ကောင်းစွာ​ဖော်ပြ​၏။

၁၅။ ရိတ်သိမ်းခြင်း​လုပ်ငန်း​တွင် ခရစ်ယာန်​စာပေ​စာတမ်း​များ အသုံးဝင်​ပုံ​၏ နမူနာ​တစ်ခု​ပေး​ပါ။

၁၅ ဂျင်မ်​အမည်​ရှိ အမျိုးသား​တစ်ဦး၏​နမူနာကို သုံးသပ်ကြည့်​ပါ။ သူ့​မိခင်​သေဆုံးသော​အခါ မိခင်၏​ပစ္စည်း​များ​တွင် အသက်—ဤ​တွင်​မည်သို့​ရောက်ရှိ​ခဲ့​သနည်း။ ဆင့်ကဲဖြစ်စဉ်​အားဖြင့်​လော၊ ဖန်ဆင်း​ခြင်း​အားဖြင့်​လော [လိပ်] စာအုပ်​ကို​တွေ့ရှိ​ခဲ့​သည်။ * ယင်းကို စိတ်ဝင်တစား သူ​ဖတ်ရှု​ခဲ့​၏။ လမ်းပေါ်​၌ သူ့​အား​ချဉ်းကပ်​ခဲ့​သူ သက်သေခံ​တစ်ဦး​နှင့် ဆွေးနွေး​ရာ​တွင် ဂျင်မ်​သည် သူ့​ထံ​လည်ပတ်​ရန် ကမ်းလှမ်းချက်​ကို လက်ခံခဲ့​ပြီး ၎င်း​မှ ကျမ်းစာ​သင်အံမှု​စ​ပြုလုပ်​ခဲ့​သည်။ ဂျင်မ်​သည် ဝိညာဉ်ရေးတွင် အမြန်​တိုးတက်​ခဲ့​ပြီး ယေဟောဝါ​ထံ မိမိကိုယ်ကို​ဆက်ကပ်​အပ်နှံ​၍ နှစ်ခြင်း​ယူ​ခဲ့​သည်။ သူသိ​ရှိလာ​သော​အကြောင်းကို အိမ်သား​များ​အား ပြောပြ​ခဲ့​သည်။ ရလဒ်​အနေ​နှင့် သူ့​အစ်မ​နှင့်​အစ်ကို​တို့သည် ယေဟောဝါသက်သေ​များ​ဖြစ်လာ​ကြ​ပြီး နောက်ပိုင်း​တွင် ဂျင်မ်​သည် လန်ဒန်​ဗေသလ​၌ အချိန်ပြည့်​စေတနာ့​ဝန်ထမ်း​တစ်ဦး​အဖြစ် အမှုထမ်းခွင့်​ရရှိခဲ့သည်။

နှိပ်စက်​ညှဉ်းပန်း​ခံရ​သော်လည်း ရွှင်လန်း​ကြ

၁၆။ (က) ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ အဘယ်ကြောင့်​အောင်မြင်မှု​ရရှိခဲ့ကြ​ပြီ​နည်း။ (ခ) သတင်းကောင်း​၏​အကျိုး​သက်ရောက်မှု​နှင့်​စပ်လျဉ်း၍ ယေရှု မည်သို့​သတိပေး​သနည်း၊ သို့သော် အဘယ်​သဘောထားမျိုး​ဖြင့် လူ​တို့​ထံ ကျွန်ုပ်​တို့​ချဉ်းကပ်​ကြ​သနည်း။

၁၆ ရိတ်သိမ်းခြင်း​လုပ်ငန်း​တွင် အဘယ်ကြောင့်​ဤမျှ​အောင်မြင်​ခဲ့​ကြ​ရသနည်း။ အကြောင်း​မှာ ကောင်းကင်​အတန်းအစား​ခရစ်ယာန်​များနှင့် သူတို့၏​အပေါင်းပါများ​က ယေရှု၏​ဤ​ဆုံးမ​စကား​ကို လိုက်နာ​ခဲ့​သောကြောင့်​ပင်– “မှောင်မိုက်​၌ သင်တို့အား​ငါ​ပြော​သော​အရာများ​ကို သင်တို့သည် အလင်း​၌​ကြား​ပြော​ကြလော့။ သင်တို့​နား​အပါး၌​ပြော​၍ ကြား​ရသော​အရာများ​ကို အိမ်မိုး​ပေါ်မှာ ဟစ်ကြော်​ကြလော့။” (မဿဲ ၁၀:၂၇) သို့ရာတွင် အခက်အခဲ​များ​ကို ကျွန်ုပ်​တို့​မျှော်လင့်​နိုင်​သည်၊ အကြောင်း​မှာ ယေရှု​ဤသို့​သတိပေး​ခဲ့​သောကြောင့်​ဖြစ်၏– “ညီအစ်ကို​ချင်း တစ်ယောက်ကို​တစ်ယောက် သေစေ​ခြင်း​ငှာ​အပ်​ကြလိမ့်မည်။ အဘသည်​လည်း သားကို​အပ်​လိမ့်​မည်။ သားသမီးတို့​သည်လည်း မိဘ​ကိုရန်​ဘက်​ပြု​၍ သေစေ​ကြလိမ့်မည်။” ယေရှု​က​ဤသို့​ဆက်​မိန့်ဆို​သည်– “မြေပေါ်​သို့ ငြိမ်သက်ခြင်း​ကို​စေလွှတ်​အံ့​သော​ငှာ ငါ​လာ​သည်မဟုတ်။ ဓားကို​စေလွှတ်​အံ့​သော​ငှာ ငါ​လာ​သတည်း။” (မဿဲ ၁၀:၂၁၊ ၃၄) မိသားစု​များ​ကို တမင်​သက်​သက်​ကွဲပြား​စေဖို့ ယေရှု​မရည်ရွယ်​ပါ။ သို့ရာတွင် တစ်ခါတစ်ရံ သတင်းကောင်း​က ထိုသို့​ဖြစ်စေ​၏။ ယနေ့ ဘုရားသခင့်​ကျေးကျွန်​များ​၌​လည်း ထပ်တူ​ပင်​ဖြစ်၏။ မိသားစု​များ​ထံ ကျွန်ုပ်​တို့​လည်ပတ်ကြ​သောအခါ ကျွန်ုပ်​တို့၏​ရည်ရွယ်ချက်​သည် စိတ်ဝမ်းကွဲ​စေဖို့​မဟုတ်ပါ။ ကျွန်ုပ်​တို့၏​ဆန္ဒ​မှာ သတင်းကောင်းကို လူတိုင်း​လက်ခံ​ကြဖို့​ဖြစ်၏။ ထို့​ကြောင့် ကျွန်ုပ်​တို့၏​သတင်းတရားသည် “ထာဝရ​အသက်ကို​တလိုတလား​ရှိသူ” တို့အတွက် ဆွဲဆောင်​စ​ရာ​ဖြစ်စေ​ရန် မိသားစု​တစ်စု​မှ သူအား​လုံး​ထံ ကြင်နာ​စွာ၊ ထောက်ထား​စာနာ​စွာ​ဖြင့် ချဉ်းကပ်​ဖို့ ကြိုးစား​ကြသည်။—တမန်​တော် ၁၃:၄၈က​ဘ။

၁၇။ ဘုရားသခင့်​ပိုင်သ​အုပ်စိုးမှု​ကို​ထောက်ခံသူ​တို့သည် မည်သို့​သီးခြားခွဲ​ထုတ်​ခံ​ခဲ့​ရသနည်း၊ ယင်း​၏​သာဓက​တစ်ခု​ကား အဘယ်နည်း။

၁၇ ဘုရားသခင့်​နိုင်ငံတော်​သတင်း​သည် ဘုရားသခင့်​ပိုင်သ​အုပ်စိုးမှု​ကို ထောက်ခံသူ​တို့အား သီးခြားခွဲ​ထုတ်​သည်။ ဥပမာ၊ ဂျာမနီ​နိုင်ငံ​တွင် အမျိုးသား​ဆိုရှယ်လစ်​ဝါဒ​ခေတ်​က ကျွန်ုပ်​တို့၏​ဝတ်ပြုသူချင်း​များသည် ‘ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အားဆက်​ပေး​ကြ​ပြီး ဘုရားသခင်​၏​ဥစ္စာ​ကို​ကား ဘုရားသခင်​အားဆက်​ပေး​ကြ’ သောကြောင့် ထူးခြား​သူများ​အဖြစ် ထင်ရှား​ခဲ့​ပုံ​ကို သုံးသပ်ကြည့်​ပါ။ (လုကာ ၂၀:၂၅) ယေဟောဝါ​၏​ကျေးကျွန်​များသည် ခရစ်ယာန်ဘောင်​ချာ့ခ်ျ​များ​မှ ဘာသာရေး​ခေါင်းဆောင်​များ၊ အမည်ခံ​ခရစ်ယာန်​များနှင့်​မတူဘဲ ကျမ်းစာ​မူများ​ကို မ​ချိုး​မ​ဖောက် ခိုင်မြဲ​စွာ​ရပ်တည်ခဲ့​ကြသည်။ (ဟေရှာယ ၂:၄; မဿဲ ၄:၁၀; ယောဟန် ၁၇:၁၆) နာဇီ​နိုင်ငံ​နှင့် ဘာသာ​အသစ်များ ဟူသော​စာအုပ်​ကို​ရေးသားသူ ပါမောက္ခ ခရစ်စတင်း ကင်း​က ဤသို့​ဖော်ပြ​ခဲ့​သည်– “[နာဇီ] အစိုးရ​သည် သက်သေခံ​များ​ကို​သာ အနိုင်​မယူ​နိုင်​ခဲ့​ချေ၊ အကြောင်း​မှာ ထောင်ပေါင်း​များစွာ အသတ်ခံ​ခဲ့​ကြ​ရ​သော်လည်း သူတို့၏​လုပ်ငန်း​သည် ဆက်​ဆောင်ရွက်လျက်​ရှိပြီး ၁၉၄၅ ခုနှစ်၊ မေလ​တွင် အမျိုးသား​ဆိုရှယ်လစ်​ဝါဒ​မရှိတော့​သော်​ငြား​လည်း ယေဟောဝါသက်သေ​များ​၏​လှုပ်ရှားမှု​မှာ တည်မြဲ​တည်​နေခဲ့​၏။”

၁၈။ ယေဟောဝါ​၏​လူမျိုးတော်သည် နှိပ်စက်​ညှဉ်းပန်း​ခံရ​သည့်​ကြား​မှ အဘယ်​သဘောထားကို​တင်ပြ​ကြ​သနည်း။

၁၈ နှိပ်စက်​ညှဉ်းပန်း​ခံရသော​အခါ ယေဟောဝါ​၏​လူမျိုးတော် တင်ပြ​ခဲ့​သော သဘောထား​သည် အမှန်ပင်​ထူးခြား​သည်။ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို လောက​အာဏာပိုင်​များ​က စွဲမှတ်​မည်​ဖြစ်​စဉ် ကျွန်ုပ်​တို့​ဘက်​မှ ရန်ငြိုး၊ အာဃာတ​မရှိခြင်း​ကို သူတို့​အံ့အားသင့်​ကြသည်။ ဥပမာ၊ မီးလောင်​တိုက်​သွင်း​ခြင်း​မှ လွတ်မြောက်​လာ​ကြ​သည့် သက်သေခံ​များသည် သူတို့၏​တွေ့ကြုံမှု​များ​ကို ပြန်ပြောင်း​ကြည့်​သောအခါ ရွှင်လန်းမှု​နှင့် ရောင့်ရဲမှု​တို့ကို မကြာခဏ​ဖော်ပြ​ကြသည်။ ယေဟောဝါ​သည် သူတို့ကို “သာမန်​ထက်​ထူးကဲ​သော တန်ခိုးတော်” ပေး​ခဲ့​ကြောင်း သူတို့​သိ​ကြသည်။ (၂ ကောရိန္သု ၄:၇က​ဘ) ကျွန်ုပ်​တို့​အလယ်​ရှိ ကောင်းကင်​အတန်းအစား​၌ ပါဝင်သူ​တို့၏ “နာမည်​များသည် ကောင်းကင်​စာရင်း​၌​ဝင်” မည်​ဟု သူတို့​အာမခံချက်​ရရှိ​၏။ (လုကာ ၁၀:၂၀) သူတို့၏​ခံနိုင်ရည်​သည် စိတ်ပျက်​စ​ရာ​အကြောင်း​နှင့် ကင်းလွတ်​စေပြီး မြေကြီး​မျှော်လင့်ချက်​ရှိသော တည်ကြည်​သည့် ရိတ်သိမ်းသူများ​သည်လည်း အလားတူ​ခံယူ​ချက်​တစ်ခု​ရှိကြသည်။—ရောမ ၅:၄၊ ၅

ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ စွဲမြဲ​ပါ

၁၉။ ခရစ်ယာန်​အမှုဆောင်ခြင်း​တွင် အဘယ်​ထိရောက်​သော​နည်း​များ​ကို အသုံးပြု​ခဲ့​ကြပြီ​နည်း။

၁၉ ပုံဆောင်​ရိတ်သိမ်းခြင်း​လုပ်ငန်း​ကို ကျွန်ုပ်​တို့အား ယေဟောဝါ မည်မျှ​ကြာရှည် လုပ်ဆောင်ခွင့်​ပြု​ဦး​မည်​ကို စောင့်ကြည့်​ရကြပေမည်။ ဤ​အတောအတွင်း ရိတ်သိမ်းသူများ​သည် သူတို့၏​လုပ်ငန်း​ကို သတ်သတ်မှတ်မှတ်​နည်းများဖြင့် လုပ်ဆောင်​နေကြောင်း ကျွန်ုပ်​တို့​စိတ်​စွဲမှတ်​ထား​သင့်​သည်။ အလားတူ စမ်းသပ်​ပြီး​သား​နည်း​များ​ကို စွဲစွဲမြဲမြဲ​အသုံးပြုလျက် ဟောပြောခြင်းသည် ထိရောက်​မှု​ရှိစေ​မည်​ဟု ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ကြသည်။ ခရစ်ယာန်​ချင်း​တို့ကို ပေါလု​က​ဤသို့​ပြော​ခဲ့​သည်– “ငါ​ကျင့်​သည်​နည်းတူ . . . ကျင့်​ကြ​မည်​အကြောင်း ငါ​နှိုးဆော်​တောင်းပန်​ပါ​၏။” (၁ ကောရိန္သု ၄:၁၆) မိ​လက်​မြို့ရှိ ဧဖက်​အကြီးအကဲ​များ​ကို​တွေ့ဆုံ​သောအခါ ပေါလု​က မိမိသည် “လူစုဝေး​ရာ​၌​လည်းကောင်း၊ တစ်အိမ်​မှ​တစ်အိမ်​သွား​၍​လည်းကောင်း” သူတို့အား သွန်သင်ခြင်း​ကို မပြု​ဘဲ​မနေ​ခဲ့​ကြောင်း ပြန်သတိရ​စေ​ခဲ့​သည်။ (တမန်​တော် ၂၀:၂၀၊ ၂၁က​ဘ) ပေါလု​၏​အပေါင်းပါ တိမောသေ​သည် တမန်​တော်​၏​နည်း​များ​ကို သင်ယူ​ခဲ့​သည်​ဖြစ်၍ ၎င်း​တို့​နှင့် ကောရိန္သု​မြို့သား​များ​ကို အကျွမ်းဝင်​စေနိုင်​ခဲ့​သည်။ (၁ ကောရိန္သု ၄:၁၇) ဘုရားသခင်​သည် ပေါလု​၏​သွန်သင်နည်း​များ​ကို ကောင်းချီး​ပေး​ခဲ့​သကဲ့သို့ လူသိရှင်ကြား တစ်အိမ်​မှ​တစ်အိမ်​သွား​ရာ​၌​ဖြစ်စေ၊ ပြန်လည်ပတ်မှု​များ၊ အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ ပြုလုပ်​ရာ​၌​ဖြစ်စေ၊ လူ​တို့ကို​တွေ့​နိုင်​သည့် မည်သည့်​နေရာတွင်​မဆို သတင်းကောင်း​ဟောပြော​ရာ​တွင်​ဖြစ်စေ ကျွန်ုပ်​တို့၏​စွဲမြဲမှု​ကို ကိုယ်တော်​ကောင်းချီး​ပေး​ပါ​လိမ့်​မည်။—တမန်​တော် ၁၇:၁၇

၂၀။ သီးနှံ​လှိုင်လှိုင်​ဖြစ်ထွန်း​သော ဝိညာဉ်​ရေး​ရိတ်သိမ်း​မှု​ရောက်ရှိ​ပြီ​ဖြစ်​ကြောင်း ယေရှု​မည်သို့​ဖော်ပြ​ခဲ့​သနည်း၊ မကြာသေးမီ​နှစ်များ​အတွင်း ထိုသို့​အမှန်​ဖြစ်​နေကြောင်း မည်သို့​သက်သေထူ​ခဲ့ပြီ​နည်း။

၂၀ စီ.အီး. ၃၀ ခုနှစ်​၌ ရှုခါ​မြို့အနီး​တွင် ရှမာရိ​အမျိုးသမီး​တစ်ဦး​အား သက်သေခံ​ပြီး​နောက် ဝိညာဉ်​ရေး​ရိတ်သိမ်းခြင်း​အကြောင်းကို ယေရှု​မိန့်ဆိုခဲ့သည်။ တပည့်တော်​များ​အား ယေရှု​က​ဤသို့​ဆို​ခဲ့​သည်– “စပါး​ရိတ်ခြင်း​အလို​ငှာ လယ်​ပြင်​တို့သည် ယခု​ဝင်း​ဝင်း​ရှိသည်​ကို မျှော်၍​ကြည့်​ကြလော့။ စပါး​ရိတ်​သော​သူသည် အ​ခ​ကို​ခံရ​၍ ထာဝရ​အသက်ရှင်ခြင်း​အလို​ငှာ အသီးအနှံ​ကို​စုသိမ်း​၏။ သို့​ဖြစ်​လျှင် ပျိုး​ကြဲ​သော​သူနှင့် စပါး​ရိတ်​သော​သူတို့သည် အတူ​ဝမ်းမြောက်​ကြလိမ့်မည်။” (ယောဟန် ၄:၃၄-၃၆) ယေရှုသည် ရှမာရိ​အမျိုးသမီးနှင့်​တွေ့ဆုံ​ခြင်း​၏​ရလဒ်ကို တွေ့​မြင်ခဲ့​ပြီး​ဖြစ်​ကောင်း​ဖြစ်​မည်၊ အကြောင်း​မှာ ထို​အမျိုးသမီး​၏ သက်သေခံချက်​ကြောင့် များစွာသော​သူတို့သည် ကိုယ်တော်​ကို ယုံကြည်ခဲ့​ကြသော​ကြောင့်​ဖြစ်၏။ (ယောဟန် ၄:၃၉) မကြာသေးမီ​နှစ်များ​တွင် နိုင်ငံ​အသီးသီး​က ယေဟောဝါသက်သေ​များ​အပေါ် ပိတ်ပင်​တားဆီးမှု​များ​ကို ရုပ်သိမ်း​ခဲ့​ကြပြီ၊ သို့​မဟုတ် တရားဝင်​အသိအမှတ်ပြု​ခဲ့​ကြပြီ​ဖြစ်​ရာ ရိတ်သိမ်းခြင်း​အတွက် လယ်ကွင်း​အသစ်များ​ကို ဖွင့်ပေး​လျက်​ရှိ၏။ ရလဒ်​မှာ ဝိညာဉ်​ရေး​ရိတ်သိမ်း​မှု လှိုင်လှိုင်​ဖြစ်ထွန်း​လျက်​ရှိသည်။ အမှန်​မှာ ကမ္ဘာ​တစ်ဝန်း​၌ ဝိညာဉ်​ရေး​ရိတ်သိမ်း​မှု​တွင် ကျွန်ုပ်​တို့​ရွှင်လန်းစွာ ဆက်​ပါဝင်​နေကြ​စဉ် ကြွယ်ဝသော​ကောင်းချီး​များ​ကို ခံစားရ​လျက်​ရှိသည်။

၂၁။ ရွှင်လန်းသော​ရိတ်သိမ်းသူများ​အဖြစ် စွဲစွဲမြဲမြဲ​ချီတက်​ဖို့​အကြောင်း အဘယ်ကြောင့်​ရှိ​သနည်း။

၂၁ စပါး​ရင့်မှည့်​ပြီး ရိတ်သိမ်း​ဖို့​အသင့်​ဖြစ်သော​အခါ လုပ်သားများ​သည် အရေးတကြီး​လုပ်ဆောင်ကြ​ရ​ပေမည်။ သူတို့​ချက်ချင်း​လုပ်ဆောင်​ရမည်​ဖြစ်သည်။ ယနေ့ ကျွန်ုပ်​တို့သည် “အမှု​ကုန်​ရသည်​ကာလ” ၌​အသက်ရှင်နေ​ကြသော​ကြောင့် အရေးတကြီး​သဘောထား​ဖြင့် လုံ့လ​ဝီရိယ​စိုက်​၍ လုပ်ဆောင်ဖို့​လို​သည်။ (ဒံယေလ ၁၂:၄) စမ်းသပ်မှု​များ​ကို ကျွန်ုပ်​တို့​ရင်ဆိုင်​နေကြ​ရသည်​မှန်​သော်လည်း တစ်ခါ​နှင့်​မျှ​မတူ​အောင် ယေဟောဝါ​ကို​ဝတ်ပြုသူ​များ​၏ သာ၍​ကြီးမားသော ရိတ်သိမ်းချိန်​ရောက်ရှိ​နေသည်။ ထို့​ကြောင့် ဤ​နေ့​သည် ဝမ်းမြောက်​ရွှင်လန်း​ရသော​နေ့​ဖြစ်၏။ (ဟေရှာယ ၉:၃) သို့​ဖြစ်သော​ကြောင့် ရွှင်လန်းသော​လုပ်သားများ​အနေ​နှင့် ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ စွဲစွဲမြဲမြဲ​ချီတက်​ကြ​စို့​လေ!

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 15 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​၍ ဝေငှ​ခဲ့​ကြသည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

နောက်ထပ်​လုပ်သားများ​ပေးဖို့ အသနားခံချက်​ကို စပါးရှင် မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

ကျွန်ုပ်​တို့သည် ‘အမုန်း​ခံရ​ကြ’ သော်လည်း အဘယ်​သဘောထားမျိုးကို ထိန်းသိမ်း​ထား​ကြ​သနည်း။

ကျွန်ုပ်​တို့သည် နှိပ်စက်​ညှဉ်းပန်း​ခံရ​ကြ​လျက်​ပင် အဘယ်ကြောင့်​ရွှင်လန်း​ကြ​သနည်း။

ရိတ်သိမ်းခြင်း​လုပ်ငန်း​တွင် အရေးတကြီး​သဘောထား​ဖြင့် အဘယ်ကြောင့်​စွဲမြဲ​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ဝိညာဉ်​ရေးရာ​ရိတ်သိမ်းခြင်း​၌ ပါဝင်သူ​တို့သည် ကောင်းကင်တမန် ထောက်မမှုကို​ရရှိ​ထား​ကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကြော်ငြာ​ချီတက်​ပွဲ​များ​က ဘုရားသခင့်​နိုင်ငံတော်​သတင်းကို လူအများ​၏ အာရုံစိုက်​စ​ရာ​ဖြစ်စေ​ခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့​စိုက်​ပျိုး​၍ ရေလောင်း​ကြသော်လည်း ဘုရားသခင်​က​ကြီးထွား​စေ​၏