မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရွှင်လန်းသော ရိတ်သိမ်းသူများ ဖြစ်ကြလော့!

ရွှင်လန်းသော ရိတ်သိမ်းသူများ ဖြစ်ကြလော့!

ရွှင်လန်းသော ရိတ်သိမ်းသူများ ဖြစ်​ကြလော့!

“စပါး​ရိတ်​စ​ရာ​များစွာ​ရှိ၏။ ရိတ်​သော​သူတို့သည် နည်း​ကြ​၏။ ထို့​ကြောင့် လုပ်ဆောင်​သော​သူတို့ကို စပါး​ရိတ်ခြင်း​ငှာ စေလွှတ်​တော်​မူ​မည်​အကြောင်း၊ စပါးရှင်​ကို​ဆုတောင်း​ကြလော့။” —မဿဲ ၉:၃၇၊ ၃၈

၁။ ဘုရားသခင့်​အလိုတော်​ဆောင်ရွက်​ရာ​တွင် အဘယ်အရာက ကျွန်ုပ်​တို့ကို​စွဲစွဲမြဲမြဲ​ရှိစေ​သနည်း။

ယေဟောဝါ​၏​ကျေးကျွန်​တစ်ဦး​အဖြစ် ကျွန်ုပ်​တို့​နှစ်ခြင်း​ယူ​သော​နေ့ကို ပြန်​စဉ်းစား​သောအခါ လွန်ခဲ့သော​နှစ်​အနည်းငယ်​က​ဖြစ်စေ၊ နှစ်များ​စွာ​က​ဖြစ်စေ ၎င်း​နေ့ရက်​သည် ယ​မ​န်​နေ့​က​ကဲ့သို့ ဖြစ်​ပေမည်။ ဆက်ကပ်​အပ်နှံ​ထားသော ကျွန်ုပ်​တို့​ဘဝတွင် ယေဟောဝါ​အား​ချီးမွမ်း​ခြင်း​သည် အဓိက​ဖြစ်လာ​သည်။ ကျွန်ုပ်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို အခြားသူများ​အား ကြားနာ​စေ​၍ လက်ခံ​စေရန် ကူညီ​ပေးဖို့ ကာလ​အချိန်ကို​ဝယ်ယူ​ကြ​စဉ် ယေဟောဝါ​အား ရွှင်လန်းစွာ​အမှုဆောင်ခြင်း​သည် ကျွန်ုပ်​တို့​အဓိက​အလေးထား​ရာ​ဖြစ်၏။ (ဧဖက် ၅:၁၅၊ ၁၆) ယနေ့​ထက်​တိုင် ကျွန်ုပ်​တို့သည် ‘သခင်​ဘုရား​၏​အမှုတော်​၌ လုပ်ကိုင်​စ​ရာ​များစွာ​ရှိ​လျက်’ အလုပ်များ​နေကြ​လျှင် အချိန်ကုန်​လွယ်​သည်ကို တွေ့ရှိ​ရသည်။ (၁ ကောရိန္သု ၁၅:၅၈) အခက်အခဲ​များ​ကို ရင်ဆိုင်​ကြုံတွေ့ ကြ​ရ​သော်လည်း ယေဟောဝါ​၏​အလိုတော်​ဆောင်ရွက်​ရာ​တွင် ကျွန်ုပ်​တို့၏​ရွှင်လန်းခြင်း​က လှုံ့ဆော်ပေး​သည်။—နေဟမိ ၈:၁၀

၂။ ပုံဆောင်​ရိတ်သိမ်းခြင်း​လုပ်ငန်း​တွင် အဘယ်အရာက ကျွန်ုပ်​တို့ကို​ရွှင်လန်းမှု​ပေး​သနည်း။

ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ပုံဆောင်​ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ ပါဝင်​နေကြ​သည်။ ယေရှု​ခရစ်​သည် ထာဝရ​အသက်​ရဖို့ လူ​တို့အား​စုသိမ်းခြင်း​ကို စပါး​ရိတ်သိမ်းခြင်း​နှင့် ပုံခိုင်း​ထား​သည်။ (ယောဟန် ၄:၃၅-၃၈) ဤ​ရိတ်သိမ်းခြင်း​လုပ်ငန်း​တွင် ကျွန်ုပ်​တို့​ပါဝင်​နေကြ​ရာ အစောပိုင်း​ခရစ်ယာန် ရိတ်သိမ်းသူများ​၏ ရွှင်လန်းမှု​ကို ဆန်းစစ်​ကြည့်​ခြင်း​သည် အားရှိစရာ​ဖြစ်ပါ​လိမ့်​မည်။ မျက်မှောက်ခေတ်​ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ ကျွန်ုပ်​တို့အား ရွှင်လန်းစေသည့် အကြောင်းရင်း​သုံးခု​ကို ပြန်​သုံးသပ်ကြ​မည်။ ၎င်းတို့မှာ (၁) မျှော်လင့်ချက်​ပေး​သည့် ကျွန်ုပ်​တို့၏​သတင်းတရား၊ (၂) အောင်မြင်​သော ကျွန်ုပ်​တို့၏​ရှာဖွေမှု​နှင့် (၃) ရိတ်သိမ်းသူများ​အနေ​နှင့် ငြိမ်သက်ခြင်း​ရှိစေ​သည့် ကျွန်ုပ်​တို့၏​သဘောထား​တို့​ဖြစ်သည်။

ရိတ်သိမ်းသူများ​အဖြစ်​စေလွှတ်​ခံရ

၃။ ယေရှု၏​အစောပိုင်း​နောက်လိုက်​များသည် အဘယ်​နည်းဖြင့် ပျော်ရွှင်မှု​ရရှိခဲ့ကြ​သနည်း။

စီ.အီး. ၃၃ ခုနှစ်၊ နေ့​တစ်နေ့​တွင် အစောပိုင်း​ရိတ်သိမ်းသူများ—အထူးသဖြင့် ယေရှု၏​တည်ကြည်မှု​ရှိသော တမန်​တော် ၁၁ ပါး—သည် ရှင်ပြန်ထမြောက်​တော်​မူ​သော ခရစ်တော်​ကို​တွေ့ဆုံ​ရန် ဂါလိလဲ​ပြည်​ရှိ တောင်​တစ်ခုပေါ်​သို့​တက်​ခဲ့​သောအခါ သူတို့၏​အသက်တာ အတော်ပင်​ပြောင်းလဲ​သွားခဲ့သည်​တကား! (မဿဲ ၂၈:၁၆) ထို​အခါသမယ​တွင် “ညီအစ်ကို​ငါး​ရာ​မ​က” ရှိခဲ့​ကြ​ပေမည်။ (၁ ကောရိန္သု ၁၅:၆) ယေရှု​ပေး​ခဲ့​သည့်​တာဝန်​ကို သူတို့​နား​ထဲ​ကြား​ယောင်​နေကြ​ဆဲ​ဖြစ်သည်။ သူတို့ကို ကိုယ်တော်​ဤသို့​မိန့်ဆိုခဲ့​၏– “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ [နှစ်ခြင်း] ကို​ပေး​ကြလော့။ ငါသည် သင်တို့အား​ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ . . . ပေး​ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ပြင်းထန်သော​နှိပ်စက်​ညှဉ်းပန်းမှု​များ​ကြား တစ်​နေရာ​ပြီး​တစ်​နေရာတွင် ခရစ်တော်​တပည့်​နောက်လိုက်​များ​၏ အသင်းတော်များ တည်ထောင်​လာ​သည်ကို တွေ့မြင်​ကြ​ရသော​ကြောင့် သူတို့သည် ရိတ်သိမ်းခြင်း​လုပ်ငန်း​တွင် ပျော်ရွှင်မှု​များစွာ​ရရှိခဲ့​ကြသည်။ အချိန်တန်သော် ‘ကောင်းကင်​အောက်​၌​ရှိသမျှ​သော ဝေနေယျ​သတ္တဝါ​တို့အား သတင်းကောင်းကို ဟောပြောခဲ့ပြီ’ ဖြစ်၏။—ကောလောသဲ ၁:၂၂၊ ၂၃; တမန်​တော် ၁:၈; ၁၆:၅

၄။ ခရစ်တော်​၏​တပည့်တော်​များသည် အဘယ်​အခြေအနေ​များ​အောက် စေလွှတ်​ခံ​ခဲ့​ရ​ကြ​သနည်း။

ဂါလိလဲ​ပြည်​၌ ယေရှု၏​အစောပိုင်း​အမှုဆောင်ချိန်​တွင် ကိုယ်တော်​သည် တမန်​တော် ၁၂ ပါးကို​ခေါ်တော်မူ​ပြီး​လျှင် အထူးသဖြင့် “ကောင်းကင်​နိုင်ငံတော်​တည်​လု​နီးပြီ” ဟု​ကြေညာ​ရန် သူတို့ကို​စေလွှတ်ခဲ့​သည်။ (မဿဲ ၁၀:၁-၇) ကိုယ်တော်တိုင်​ပင် “တရား​ဇရပ်​များ​၌​ဆုံးမ . . . ပေး​လျက်၊ [ဘုရားသခင့်] နိုင်ငံတော်​နှင့်ယှဉ်သော ဝမ်းမြောက်​ဖွယ်​သတင်းတရား​တော်​ကို​ဟော​လျက်၊ အနာ​ရောဂါ​အမျိုးမျိုးကို​ငြိမ်း​စေ​လျက် [ဂါလိလဲ​နယ်] မြို့ရွာ​ရှိသမျှကို . . . လှည့်လည်​တော်​မူ​၏။” ယေရှုသည် လူ​အစုအဝေး​တို့ကို သနားခြင်း​စိတ်​ရှိ​တော်​မူ​၏။ “အကြောင်း​မူ​ကား ထို​သူတို့သည်​ထိန်း​သူ​မရှိသော​သိုး​ကဲ့သို့ ပင်ပန်း​၍​အားလျော့​လျက်​ရှိနေကြ​၏။” (မဿဲ ၉:၃၅၊ ၃၆သမ္မာ) ကိုယ်တော်​သည် အလွန်​စိတ်ထိခိုက်​သွား​ရာ တပည့်တော်​များ​အား ဤသို့​မိန့်ဆိုခဲ့သည်– “စပါး​ရိတ်​စ​ရာ​များစွာ​ရှိ၏။ ရိတ်​သော​သူတို့သည်​နည်း​ကြ​၏။ ထို့​ကြောင့် လုပ်ဆောင်​သော​သူတို့ကို စပါး​ရိတ်ခြင်း​ငှာ စေလွှတ်​တော်​မူ​မည်​အကြောင်း၊ စပါးရှင် [ယေဟောဝါ​ဘုရားသခင်] ကို​ဆုတောင်း​ကြလော့။” (မဿဲ ၉:၃၇၊ ၃၈) မြေကြီးပေါ် ကိုယ်တော်​အမှုဆောင်ချိန် ခြောက်​လ​သာ​ကျန်​တော့​သည့်​အခါ ယုဒနယ်တွင် ရိတ်သိမ်းသူများ​လိုအပ်ခြင်း​ဆိုင်ရာ ယေရှု၏​ထင်မြင်ချက် မပြောင်းလဲ​သေး​ပါ။ (လုကာ ၁၀:၂) နှစ်ကြိမ်​စ​လုံး​တွင် မိမိ၏​နောက်လိုက်​များ​ကို ရိတ်သိမ်းသူများ​အဖြစ် ကိုယ်တော်​စေလွှတ်ခဲ့​သည်။—မဿဲ ၁၀:၅; လုကာ ၁၀:၃

မျှော်လင့်ချက်​ပေး​သည့် ကျွန်ုပ်​တို့၏​သတင်းတရား

၅။ အဘယ်​သတင်း​မျိုးကို ကျွန်ုပ်​တို့​ကြေညာ​ကြ​သနည်း။

ယေဟောဝါ​၏ မျက်မှောက်ခေတ်​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ရိတ်သိမ်းသူများ​အတွက် ဖိတ်ခေါ်ချက်​ကို ပျော်ရွှင်စွာ​တုံ့ပြန်​ကြသည်။ ကျွန်ုပ်​တို့ကို အကြီးအကျယ်​ပျော်ရွှင်မှု​ပေး​သည့် အကြောင်းရင်း​တစ်ခု​မှာ စိတ်ဓာတ်ကျ​ပြီး စိတ်​ညှိုးငယ်​သူတို့​ထံ မျှော်လင့်ချက်​သတင်းတရား ယူဆောင်​သွား​ရခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့သည် ယေရှု၏​ပထမ​ရာစု တပည့်တော်​များ​ကဲ့သို့ “ထိန်း​သူ​မရှိသော​သိုး​ကဲ့သို့ ပင်ပန်း​၍​အားလျော့​လျက်​ရှိနေကြ” သူတို့အား သတင်းကောင်း​ဖြစ်သော မျှော်လင့်ခြင်း​တရား​စစ်​ကို ကြေညာ​ရခြင်း​သည် တကယ်​ထူးမြတ်​သော​အခွင့်အရေး​ပါ​တကား!

၆။ ပထမ​ရာစု​တွင် အဘယ်​လုပ်ဆောင်မှု​၌ တမန်​တော်​များ​ပါဝင်​ခဲ့​ကြ​သနည်း။

ပထမ​ရာစု​ခေတ်​အလယ်ပိုင်း​တိုင်​လေ​သော် တမန်​တော်​ပေါလု​သည် သတင်းကောင်း​ဟောပြောခြင်း​ဖြင့် အလုပ်များလျက်​ရှိခဲ့​သည်။ သူ၏​ရိတ်သိမ်းခြင်း​လုပ်ငန်းမှာလည်း အမှန်ပင်​အကျိုး​ဖြစ်ထွန်း​ခဲ့​၏၊ အကြောင်း​မှာ စီ.အီး. ၅၅ ခုနှစ်​ခန့်​တွင် ကောရိန္သု​မြို့ရှိ​ခရစ်ယာန်​များ​ထံ စာရေး​ရာ​တွင် သူ​ဤသို့​ဆို​ခဲ့​သောကြောင့်​ဖြစ်၏– “ညီအစ်ကို​တို့၊ ငါသည် သင်တို့အား​ဟောပြော​ဖူး​သည်​နှင့်​အညီ၊ သင်တို့သည်​ခံ​ယူ၍ မှီဝဲ​ဆည်းကပ်​သော​ဧဝံဂေလိတရား​ကို သင်တို့အား တစ်ဖန်​ငါ​ကြား​လိုက်​၏။” (၁ ကောရိန္သု ၁၅:၁) တမန်​တော်​များနှင့် အခြားသော​ကနဦး​ခရစ်ယာန်​များသည် လုံ့လ​ဝီရိယ​ရှိသော ရိတ်သိမ်းသူများ ဖြစ်​ခဲ့​ကြသည်။ စီ.အီး. ၇၀ ၌​ယေရုရှလင်​မြို့​ပျက်စီးခြင်း​နှင့် အဆုံးတိုင်​ခဲ့​သော အရေးပါ​အဖြစ်အပျက်​များ​၌ တမန်​တော်​မည်မျှ ကပ်ကျော်​ကျန်ရစ်​ကြောင်း သမ္မာကျမ်းစာ​က​မဖော်ပြသော်လည်း တမန်​တော်​ယောဟန်​သည် နောင် ၂၅ နှစ်​ခန့်​အထိ ဟောပြော​ဆဲ​ဖြစ်​ကြောင်းကို​မူ ကျွန်ုပ်​တို့​သိ​ကြသည်။—ဗျာဒိတ် ၁:၉

၇၊ ၈။ ယေဟောဝါ​၏​ကျေးကျွန်​များသည် အဘယ်​သတင်းတရားကို တစ်ခါ​နှင့်​မျှ​မတူ​အောင် သာ၍​အရေးတကြီး​ကြေညာ​လျက်​ရှိခဲ့​ပြီ​နည်း။

ထို့နောက် အယူဖောက်ပြန်​သော “[တရား​မဲ့] လူ၊” ခရစ်ယာန်ဘောင်​ဓမ္မ​ဆရာများ​စိုးမိုး​သည့် ရာစုနှစ်များ ရောက်လာ​သည်။ (၂ သက်သာလောနိတ် ၂:၃) သို့သော် ၁၉ ရာစု​အဆုံးပိုင်း​လောက်​တွင် ရှေးခရစ်ယာန်​ဘာသာ​အတိုင်း အသက်ရှင်​နေထိုင်ဖို့ ကြိုးစား​အားထုတ်​ကြ​သူများ​သည် မျှော်လင့်ခြင်း​သတင်းတရား​ဖြစ်သော ဘုရားသခင့်​နိုင်ငံတော်​အကြောင်းကို စတင်​ကြေညာ​ခဲ့​ကြ​လေ​သည်။ အမှန်​မှာ ဤ​ဂျာနယ်​ကို ဦးဆုံး​ထုတ်ဝေ​ကတည်းက (၁၈၇၉၊ ဇူလိုင်) ယင်း​၏​ခေါင်းစဉ်​တွင် “ခရစ်တော်​ရောက်ရှိခြင်း​သံတော်ဆင့်၊” “ခရစ်တော်​နိုင်ငံတော်​၏​သံတော်ဆင့်၊” သို့​မဟုတ် “ယေဟောဝါ​၏​နိုင်ငံတော်​ကို​ကြေညာ​ခြင်း” ဟူသော​စကား​များ​ပါရှိ​ခဲ့​သည်။

၁၉၁၄ ခုနှစ်​တွင် ယေရှု​ခရစ်​၏​လက်တော်​တွင်​ရှိ ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော် တည်ထောင်​ခဲ့​ပြီး ယခု ကျွန်ုပ်​တို့သည် မျှော်လင့်ခြင်း​သတင်းတရားကို တစ်ခါ​နှင့်​မျှ​မတူ​အောင် သာ၍​အရေးတကြီး​ကြေညာ​လျက်​ရှိကြသည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ လက်ရှိ​စနစ်ဆိုး​၏​အဆုံးနီး​ကပ်​ခြင်း​သည် ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​၏ ကောင်းချီး​များ​အနက် တစ်ခု​ပါဝင်သော​ကြောင့်​တည်း။ (ဒံယေလ ၂:၄၄၊ ၄၅) ယင်း​ထက်​ကောင်းသော​သတင်းတရား ရှိ​နိုင်​ဦး​မည်​လော။ ထို့​ပြင် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ မကျရောက်​မီ ဘုရားသခင့်​နိုင်ငံတော်​ကြေညာ​ခြင်း​၌ ပါဝင်ခွင့်​ရသည်​ထက် သာ၍​ပျော်ရွှင်စရာ ရှိ​နိုင်​ဦး​မည်​လော။—မဿဲ ၂၄:၂၁; မာကု ၁၃:၁၀

အောင်မြင်​သော​ရှာဖွေမှု

၉။ ယေရှုသည် မိမိ၏​တပည့်တော်​များ​ကို အဘယ်​ညွှန်ကြားချက်​ပေး​ခဲ့​သနည်း၊ ဘုရားသခင့်​နိုင်ငံတော်​သတင်းကို လူ​တို့​မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

ရိတ်သိမ်းသူများ​အဖြစ် ကျွန်ုပ်​တို့ကို​ပျော်ရွှင်​စေသော အခြား​အကြောင်းရင်း​တစ်ခု​မှာ တပည့်​များ​ဖြစ်လာ​ပြီး ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ ကျွန်ုပ်​တို့​နှင့်အတူ​ပါဝင်​လာ​ကြ​သူများကို ရှာဖွေ​ရာ​၌​အောင်မြင်မှု​ရရှိ​ခြင်း​ဖြစ်၏။ စီ.အီး. ၃၁-၃၂ ခုနှစ်​တွင် မိမိ၏​တပည့်တော်​များ​ကို ယေရှု​ဤသို့​ညွှန်ကြား​ခဲ့​သည်– “မည်သည့်​မြို့ မည်သည့်​ရွာ​သို့​ဝင်​လျှင်၊ ထို​မြို့ရွာ​၌ အဘယ်​မည်​သော​သူသည် ထိုက်တန်​သနည်း​ဟု မေးမြန်း [“ရှာဖွေ၊” က​ဘ] . . . လော့။” (မဿဲ ၁၀:၁၁) လူအားလုံး ထိုက်တန်​သူများ​မဟုတ်​ကြောင်း ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို သူတို့​တုံ့ပြန်​ပုံ​က တင်ပြ​သည်။ သို့သော် ယေရှု၏​တပည့်တော်​များသည် လူရှိရာ​နေရာတိုင်း​တွင် သတင်းကောင်းကို လုံ့လ​ဝီရိယ​ဖြင့် ကြေညာ​ခဲ့​ကြသည်။

၁၀။ ပေါလု​သည် ထိုက်တန်​သူများ​ရှာဖွေခြင်း​ကို မည်သို့​ဆောင်ရွက်​ခဲ့​သနည်း။

၁၀ ယေရှု​သေဆုံး​၍ ရှင်ပြန်ထမြောက်​ပြီး​နောက် ထိုက်တန်​သူများကို အားတက်သရော ဆက်၍​ရှာဖွေခဲ့​ကြသည်။ ပေါလု​သည် တရား​ဇရပ်​၌ ဂျူး​များနှင့်​လည်းကောင်း၊ အေ​သင်​မြို့ ဈေး​၌​တွေ့ကြုံ​သော​သူတို့နှင့်​လည်းကောင်း ဆွေးနွေး​နှီးနှော​ခဲ့​သည်။ ၎င်း​ဂရိ​မြို့ရှိ အာရေ​တောင်ပေါ်​တွင် သူ​သက်သေခံ​သောအခါ “လူ​အချို့​တို့သည် ပေါလု​၌​မှီဝဲ​ဆည်းကပ်​၍ ယုံကြည်ခြင်း​သို့​ရောက်​ကြ​၏။ ထို​သူတို့​အဝင် ဒ​ယော​နု​သိ​အမည်​ရှိသော အာရေ​တောင်​မင်း​တစ်ယောက်၊ ဒ​မာရိ​အမည်​ရှိသော မိန်းမ​တစ်ယောက်မှ​စ၍ အခြားသော​သူ​ရှိကြ​၏။” ပေါလု သွား​လေ​ရာ​ရာ​တွင် “လူစုဝေး​ရာ​၌​လည်းကောင်း၊ အိမ်များ​၌​လည်းကောင်း” ဟောပြော​ရာ​၌ စံ​ထား​လောက်​သူ​ဖြစ်​ခဲ့​သည်။—တမန်​တော် ၁၇:၁၇၊ ၃၄; ၂၀:၂၀

၁၁။ လွန်ခဲ့သော​နှစ်များ​စွာ​က အဘယ်​အမှုဆောင်​နည်း​များ​ကို အသုံးပြု​ခဲ့​ကြ​သနည်း။

၁၁ ၁၉ ရာစု​အကုန်ပိုင်း ဆယ်စုနှစ်​များ​အတွင်း ကောင်းကင်​အတန်းအစား​ခရစ်ယာန်​များသည် ထိုက်တန်​သူများ​ရှာဖွေ​ရာ​၌ ရဲစွမ်းသတ္တိ​ရှိ​ရှိပါ​ဝင်​ခဲ့​ကြသည်။ ၁၈၈၁၊ ဇူလိုင်/သြဂုတ်​လထုတ် ဇိအုန်​ကင်းမျှော်စင်​မှ ‘ဟောပြောရန်​ရွေးချယ်ခံ​ရခြင်း’ ခေါင်းစဉ်​ရှိ​ဆောင်းပါး​တစ်ခု​က ဤသို့​ဆို​ခဲ့​သည်– “သတင်းကောင်း​ဟောပြောခြင်း . . . သည် ကြားနာ​လို​စိတ်​ရှိပြီး ကြားနိုင်စွမ်း​ရှိသော ‘စိတ်​နှိမ့်ချသော​သူတို့’ ထံ​ရောက်​လျက်​ရှိသည်၊ သူတို့​အထဲ​မှ ခရစ်တော်​၏​ကိုယ်ခန္ဓာ၊ တွဲဖက်​အမွေခံများ ထွက်ပေါ်​လာဖို့​ဖြစ်သည်။” ဘုရားသခင်​၏ ရိတ်သိမ်းသူများ​သည် ချာ့ခ်ျ​ဝတ်ပြု​စည်းဝေးများ​မှ ထွက်​လာ​သူတို့ကို​တွေ့ဆုံ​လေ့​ရှိပြီး သူတို့သည် ထိုက်တန်​သူများ နှစ်လိုဖွယ်​တုံ့ပြန်​လာ​ကြ​စေဖို့ ရည်ရွယ်​ထားသော ကျမ်းစာ​သတင်းတရား​များ​ပါ​သည့် ဝေစာများ​ကို ကမ်းပေး​ခဲ့​ကြသည်။ ဤ​သက်သေခံနည်း ထိရောက်​မှု​ရှိကြောင်း ပြန်လည်​သုံးသပ်​ပြီး​နောက် ၁၉၀၃၊ မေ ၁၅ ရက်ထုတ်​ကင်းမျှော်စင်​က ထို​ဝေစာများ​ကို “တနင်္ဂနွေ​နေ့​နံနက်ပိုင်း​တွင် တစ်အိမ်​မှ​တစ်အိမ်” ဝေငှ​ရန် ရိတ်သိမ်းသူများ​ကို တိုက်တွန်း​ခဲ့​သည်။

၁၂။ ဟောပြောခြင်း​လုပ်ငန်း​၏​ထိရောက်​မှု​ကို ကျွန်ုပ်​တို့​မည်သို့​တိုးတက်စေ​ခဲ့ပြီ​နည်း။ ဥပမာ​ပေး​ပါ။

၁၂ မကြာသေးမီ​နှစ်များ​အတွင်း သူတို့၏​နေအိမ်များ​မှာ​ထက် အခြား​နေရာများ​၌ လူ​တို့​နှင့်​တွေ့ဆုံ​ခြင်း​အားဖြင့် ကျွန်ုပ်​တို့၏​အမှုဆောင်ခြင်း​လုပ်ငန်း​ကို တိုးချဲ့​ခဲ့​ကြပြီ။ စီးပွားရေး​အခြေအနေ​များနှင့် အပန်းဖြေ​လှုပ်ရှားမှုများ​ကြောင့် ကျွန်ုပ်​တို့​အမှုဆောင်​နေကျ​အချိန်တွင် အိမ်​တွင်​လူ​မရှိသော​နိုင်ငံ​များ​၌ ယင်းသည် အလွန်​ထိရောက်​မှု​ရှိခဲ့​ပြီ။ ဧည့်သည်​များသည် ကမ်းခြေ​၌​အပန်းဖြေ​ပြီး​နောက် ဘတ်စကား​ဖြင့် ထွက်ခွာ​သွားလေ့​ရှိကြောင်းကို အင်္ဂလန်​မှ​သက်သေခံ​တစ်ဦး​နှင့် သူ၏​အဖော်​တို့ တွေ့ရှိ​ခဲ့​ရာ သူတို့သည် သတ္တိ​မွေး​ကာ ဘတ်စကား​များ​ပေါ်​တက်​၍ ခရီးသည်​များ​ကို ကင်းမျှော်စင်​နှင့်​နိုးလော့!စာစောင်​များ ကမ်း​လှမ်း​ခဲ့​ကြသည်။ တစ်လ​အတွင်း စောင်ရေ ၂၂၉ စောင်​ကို သူတို့​ဝေငှ​နိုင်​ခဲ့​ကြ​၏။ သူတို့​ဤသို့​သတင်းပေး​ပို့​ခဲ့​ကြသည်– “ယေဟောဝါ​သည် ကျွန်မ​တို့​နှင့်​အစဉ်​ရှိကြောင်း သိထား​သောကြောင့် ပင်လယ်​ကမ်းခြေ​၌​ဖြစ်စေ၊ စီးပွားရေး​ရပ်ကွက်တွင်​ဖြစ်စေ၊ သက်သေခံခြင်း၊ သို့​မဟုတ် ကျွန်မ​တို့​ရင်ဆိုင်​နိုင်​စ​ရာ​အကြောင်း​ရှိသော အခြား​မည်သည့်​စိန်ခေါ်မှု​ကို​မဆို ကျွန်မ​တို့​မကြောက်ရွံ့​ကြ​ပါ။” သူတို့သည် မဂ္ဂဇင်း​လမ်းကြောင်း​တစ်ခု​ရခဲ့​၍ ကျမ်းစာ​သင်အံမှု​တစ်ခု​စတင်​ခဲ့​ကြ​ပြီး သူတို့​နှစ်ဦးစလုံး အရန်ရှေ့ဆောင်​လုပ်ငန်း​တွင် ပါဝင်​ခဲ့​ကြသည်။

၁၃။ ယခု အချို့​နေရာများ​တွင် ကျွန်ုပ်​တို့၏​အမှုဆောင်ခြင်း​၌ အဘယ်​ပြုပြင်​ပြောင်းလဲမှု လိုအပ်​လာ​သနည်း။

၁၃ ထိုက်တန်​သူများကို ဆက်၍​ရှာဖွေကြ​စဉ် အချို့​နေရာများ​၌ ကျွန်ုပ်​တို့၏​အမှုဆောင်ခြင်းကို အသေအချာ​ပြန်လည်​သုံးသပ်​ဖို့​လိုအပ်​ပေမည်။ သက်သေခံ​အများ​သည် တနင်္ဂနွေ​နေ့​နံနက်ပိုင်း​တွင် တစ်အိမ်​မှ​တစ်အိမ်​ဟောပြောခြင်း​၌ ပါ​ဝင်လေ့​ရှိကြ​သော်လည်း အချို့​နယ်မြေ​များ​တွင်​မူ အိမ်ရှင်​များ အနားယူ​ကောင်း​ယူ​နေကြ​မည်ဖြစ်​ရာ လူ​တို့​အိမ်​သို့ စောစော​လည်ပတ်ခြင်း​က ထိရောက်​မှု​နည်း​ကြောင်း တွေ့ရ​ကြသည်။ သူတို့၏​ဇယား​ကို ပြုပြင်​ပြောင်းလဲ​ပြီး ယခု သက်သေခံ​များစွာတို့သည် ခရစ်ယာန်​အစည်းအဝေး​များ​ပြီး​နောက်​ဖြစ်​ကောင်း​ဖြစ်​မည့် ညနေစောင်း​ပိုင်း​အချိန်တွင် ရှာဖွေမှု​ပြုလုပ်​ကြသည်။ ဤသို့​ရှာဖွေမှု​သည် အမှန်ပင်​အကျိုး​ဖြစ်ထွန်း​ခဲ့ပြီ။ လွန်ခဲ့သော​နှစ်​က ကမ္ဘာ​တစ်ဝန်း ဘုရားသခင့်​နိုင်ငံတော်​ကြေညာ​သူများ အရေအတွက်​သည် ၂.၃ ရာခိုင်နှုန်း တိုးတက်​ခဲ့​သည်။ ယင်းက စပါးရှင်​ကို​ဂုဏ်​တင်၍ ကျွန်ုပ်​တို့၏​နှလုံးကို ရွှင်ပြုံး​စေ​သည်။

ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ ငြိမ်သက်ခြင်း​ကို ထိန်းသိမ်းပါ

၁၄။ ကျွန်ုပ်​တို့၏​သတင်းတရားကို အဘယ်​သဘောထား​ဖြင့် တင်ဆက်​ကြ​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၄ ကျွန်ုပ်​တို့​ပျော်ရွှင်​ရသည့် အခြား​အကြောင်းရင်း​တစ်ခု​မှာ ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ ကျွန်ုပ်​တို့​တင်ပြသော ငြိမ်သက်ခြင်း​ရှိစေ​သည့် သဘောထား​နှင့် ဆက်နွှယ်​သည်။ ယေရှု​က​ဤသို့​ဆို​ခဲ့​သည်– “အိမ်​သို့​ဝင်​သောအခါ ငြိမ်သက်ခြင်း​ရှိပါစေ​သော​ဟု နှုတ်ဆက်ခြင်း​ကို​ပြု​ကြလော့။ ထို​အိမ်သည်​ထိုက်တန်​လျှင် သင်တို့​မြွက်​သော​ငြိမ်သက်ခြင်း​ရောက်​လိမ့်​မည်။” (မဿဲ ၁၀:၁၂၊ ၁၃သမ္မာ) ဟေဗြဲ​နှုတ်​ခွန်း​ဆက်​စကား​နှင့်​တကွ ယင်း​နှင့်​ကိုက်ညီ​သော ကျမ်းစာ​ခေတ်သုံး ဂရိ​ဝေါဟာရ​တို့သည် ‘ကျန်းမာ​ချမ်းသာ​ပါစေ’ ဟု​အဓိပ္ပာယ်​ရှိ၏။ သတင်းကောင်းကို​ဟောပြောသော​အခါ ဤ​သဘောထား​က လူ​တို့​ထံ ကျွန်ုပ်​တို့ကို ပို့ဆောင်​ပေး​သည်။ ကျွန်ုပ်​တို့၏​မျှော်လင့်ချက်​မှာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကို သူတို့​နှစ်လိုဖွယ် တုံ့ပြန်​ကြ​မည်​ဟူ၍​ဖြစ်သည်။ ထိုသို့​တုံ့ပြန်​ကြ​သူတို့သည် မိမိတို့၏​အပြစ်​များ​ကို နောင်တ​ယူ​ကာ ပြန်လှည့်​လာပြီး ဘုရားသခင့်​အလိုတော်ကို ထမ်းဆောင်​ကြ​သည့်​အခါ ကိုယ်တော်​နှင့်​ပြန်လည်​သင့်မြတ်နိုင်ခွင့်​ရှိသည်။ တစ်ဖန် ဘုရားသခင်​နှင့်​ငြိမ်သက်မှု​ရှိ​ခြင်း​က ထာဝရ​အသက်​သို့​ပို့ဆောင်​ပေး​သည်။—ယောဟန် ၁၇:၃; တမန်​တော် ၃:၁၉-၂၀; ၁၃:၃၈၊ ၄၈; ၂ ကောရိန္သု ၅:၁၈-၂၀

၁၅။ ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​၌ မလိုလား​ဖွယ်​တုံ့ပြန်မှု​ရရှိသော​အခါ ငြိမ်သက်​သည့်​သဘောထားကို မည်သို့​ထိန်းသိမ်း​ထား​နိုင်​သနည်း။

၁၅ မနှစ်သက်​ဖွယ်​တုံ့ပြန်​ခံရသော​အခါ ကျွန်ုပ်​တို့၏​ငြိမ်သက်ခြင်း​ကို မည်သို့​ထိန်းသိမ်း​နိုင်​မည်​နည်း။ ယေရှု​က​ဤသို့​ညွှန်ကြား​ခဲ့​၏– ‘ထို [အိမ်] သည် မထိုက်တန်​လျှင် သင်တို့​မြွက်​သော​ငြိမ်သက်ခြင်း​သည် သင်တို့​ထံ​သို့​ပြန်လာ​လိမ့်​မည်။’ (မဿဲ ၁၀:၁၃) တပည့်တော် ၇၀ စေလွှတ်​ခြင်း​နှင့်​ပတ်သက်သော လုကာ​၏​မှတ်တမ်း​၌ ယေရှု၏​ဤ​ဖော်ပြချက်​ပါဝင်​သည်– “ထို​အိမ်​၌ ငြိမ်သက်ခြင်း​၏​သား​ရှိလျှင် သင်တို့​မြွက်​သော​ငြိမ်သက်ခြင်း​သည် တည်​လိမ့်​မည်။ သို့​မဟုတ် သင်တို့​ထံ​သို့​ပြန်လာ​လိမ့်​မည်။” (လုကာ ၁၀:၆-၇သမ္မာ) လူ​တို့ကို ကျွန်ုပ်​တို့ သတင်းကောင်း​ဟော​သောအခါ ဖော်ရွေ​ပျူ​ငှာ​စွာ​နှင့် ငြိမ်သက်​စွာ​ပြုခြင်း​သည် သင့်လျော်​ပေ​သည်။ အိမ်ရှင်​က စိတ်ဝင်စားမှု​မပြ၊ ညည်းညူ​မည်၊ သို့​မဟုတ် ကြမ်းတမ်း​စွာ တုံ့ပြန်​မည်​ဆိုလျှင် ငြိမ်သက်ခြင်း​သတင်းတရားသည် ‘ကျွန်ုပ်​တို့​ထံ​ပြန်လာ’ ဖို့​သာ​ဖြစ်သည်။ သို့ရာတွင် ဤ​အရာ​တစ်စုံတစ်ခု​က​မျှ ယေဟောဝါ​၏​သန့်ရှင်းသော ဝိညာဉ်​တော်​အသီး​တစ်လုံး​ဖြစ်သည့် ငြိမ်သက်ခြင်း​ကို ကျွန်ုပ်​တို့​ထံ​မှ​လုယူ​မသွား​ချေ။—ဂလာတိ ၅:၂၂၊ ၂၃

ရိတ်သိမ်းသူများ​အတွက် ပန်းတိုင်​ကောင်း​တစ်ခု

၁၆၊ ၁၇။ (က) ပြန်လည်ပတ်မှု​များ​ပြုလုပ်​ရာ​တွင် ကျွန်ုပ်​တို့၏​ပန်းတိုင်​ကား အဘယ်နည်း။ (ခ) ကျမ်းစာ​မေးခွန်းများ​ရှိသူတို့​ကို ကျွန်ုပ်​တို့​မည်သို့​ကူညီပေး​နိုင်​သနည်း။

၁၆ ထာဝရ​အသက်​ရစေ​ရန် လူ​တို့ကို​စုသိမ်းခြင်း​၌ ပါဝင်ခွင့်​ရခြင်း​ကို ရိတ်သိမ်းသူများ​အနေ​နှင့် ကျွန်ုပ်​တို့​အလွန်​နှစ်သက်​ကြသည်။ ကျွန်ုပ်​တို့​ဟော​လိုက်​သည့် လူတစ်ဦး​က နှစ်လိုဖွယ်​တုံ့​ပြန်၍ ပိုမို​သိရှိ​လို​ပြီး “ငြိမ်သက်ခြင်း​၏​သား” ဖြစ်​ကြောင်း ထင်ရှားပြ​သောအခါ ကျွန်ုပ်​တို့​ပျော်​လိုက်​သည်​ဖြစ်​ခြင်း! သူ့မှာ ကျမ်းစာ​မေးခွန်း​များစွာ ရှိ​ကောင်း​ရှိ​မည်​ဖြစ်​ရာ တစ်ခါတည်း​နှင့် အားလုံး​ကို ကျွန်ုပ်​တို့​ဖြေဆို​ပေးဖို့ မဖြစ်​နိုင်​ချေ။ ဦးဆုံး​လည်ပတ်ချိန်​၌ ကြာရှည်​စွာ​နေခြင်း​သည် သင့်တော်​မည်​မဟုတ်သောကြောင့် အဘယ်​သို့​ပြု​နိုင်​သနည်း။ လွန်ခဲ့သော​အနှစ် ၆၀ ခန့်​က အကြံပေး​သကဲ့သို့ ပန်းတိုင်​ထား​နိုင်​သည်။

၁၇ “ယေဟောဝါသက်သေ​အားလုံး စံပြ​ကျမ်းစာ​သင်အံမှုများ​ကျင်းပ​ရန် အသင့်ရှိ​သင့်​သည်။” အဆိုပါ​ကောက်ချက်​ကို ၁၉၃၇ မှ ၁၉၄၁ အထိ​ထုတ်ဝေ​ခဲ့​သော စံပြ​သင်အံမှု​ညွှန်ကြားချက်​စာအုပ်​ငယ်​အတွဲ​၏ တတိယ​အတွဲ​၌ ဖော်ပြ​ထား​သည်။ ဤသို့​ဆက်​ဖော်ပြ​သည်– “ဘုရားသခင့် [နိုင်ငံတော်] ကြေညာသူ​အားလုံး​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို စိတ်ဝင်စားမှု​တင်ပြ​ကြသော စိတ်နှလုံး​ကောင်း​သူများ​အား အတတ်နိုင်ဆုံး​ကူညီပေး​ရန် ဇွဲ​လုံ့လ​ရှိ​သင့်​သည်။ ထိုသို့​သော​သူတို့​ထံ ပြန်လည်ပတ် [ပြန်လည်ပတ်မှု​များ​ပြု] ပြီး . . . မေးခွန်း​အမျိုးမျိုးကို​ဖြေဆို​ကာ ထို့နောက် စော​နိုင်​သ၍​စောစော . . . စံပြ​သင်အံမှု​တစ်ခု​စ​သင့်​သည်။” မှန်ပါသည်၊ ကျွန်ုပ်​တို့​ပြန်လည်ပတ်​ရသည့်​ပန်းတိုင်​မှာ အိမ်တွင်း​ကျမ်းစာ​သင်အံမှု​စတင်​ရန်ဖြစ်​ပြီး ယင်းကို​မှန်မှန်​ကျင်းပ​ဖို့​ဖြစ်၏။ * စိတ်ဝင်စား​သူကို ခင်မင်​ရင်းနှီးမှု​နှင့် မေတ္တာပြ​လို​သောကြောင့် သင်အံမှု​ကို​ထိရောက်​စွာ​ကျင်းပ​ရန် ကောင်းစွာ​ပြင်ဆင်​ဖို့ ကျွန်ုပ်​တို့​လှုံ့ဆော်​ခံရ​ကြသည်။

၁၈။ ယေရှု​ခရစ်​၏​တပည့်​များ​ဖြစ်လာ​ဖို့ လူသစ်များ​ကို ကျွန်ုပ်​တို့​မည်သို့​ကူညီပေး​နိုင်​သနည်း။

၁၈ ထာဝရ​အသက်ကို​ရစေသော အသိပညာ​စာအုပ်​နှင့် ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင် အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း​စ​သည့် ဘရိုရှာ​များ​အကူအညီ​ဖြင့် ထိရောက်​သော​အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​ကို ကျွန်ုပ်​တို့​ကျင်းပ​နိုင်​ကြသည်​ဖြစ်​ရာ စိတ်ဝင်စားသူ​လူသစ်များ​အား တပည့်​များ​ဖြစ်လာ​စေဖို့​ကူညီပေး​ရာ​၌ ပါဝင်​နိုင်​ကြသည်။ ကြီးမြတ်သော​ဆရာ​ယေရှု​ခရစ်​ကို ကျွန်ုပ်​တို့​ကြိုးစား​တုပ​ကြ​စဉ် အဆိုပါ​ကျမ်းစာ​သင်သားများ​သည် ကျွန်ုပ်​တို့၏​ငြိမ်သက်၊ ပျော်ရွှင်သော​အမူအကျင့်၊ ကျွန်ုပ်​တို့၏​စိတ်ရင်းမှန်မှု၊ ယေဟောဝါ​၏​စံနှုန်း​များနှင့် လမ်းညွှန်မှု​များ​ကို ကျွန်ုပ်​တို့​လေးစားမှု​တင်ပြခြင်း​မှ များစွာ​သင်ယူ​နိုင်​ကြ​ပေမည်။ လူသစ်များ​၏​မေးခွန်းများကို ဖြေဆို​ပေးခြင်း​ဖြင့် သူတို့ကို ကျွန်ုပ်​တို့​ကူညီ​သောအခါ သူတို့အား​မေးမြန်း​သူတို့ကို မည်သို့​ဖြေဆို​ပေး​နိုင်​ကြောင်းကို​ပါ အတတ်နိုင်ဆုံး​သွန်သင်ပေး​ကြပါစို့။ (၂ တိမောသေ ၂:၁၊ ၂; ၁ ပေတရု ၂:၂၁) လွန်ခဲ့သော​လုပ်ငန်းတော်နှစ်​အတွင်း ကမ္ဘာ​တစ်ဝန်း​တွင် အိမ်တွင်း​ကျမ်းစာ​သင်အံမှု ပျမ်းမျှ ၄,၇၆၆,၆၃၁ ခု​ကျင်းပ​ခဲ့​ကြ​သည့်​အတွက် ပုံဆောင်​ရိတ်သိမ်းသူများ​အနေ​နှင့် အမှန်ပင်​ဝမ်းမြောက်​နိုင်​ကြသည်။ အိမ်တွင်း​ကျမ်းစာ​သင်အံမှု​လုပ်ငန်း​၌ ပါဝင်​ခဲ့​ကြသော ရိတ်သိမ်းသူများ​တွင် ကျွန်ုပ်​တို့​ကိုယ်တိုင် ပါဝင်​ခဲ့​မည်​ဆိုလျှင် အထူး​အားရ​ရွှင်လန်း​ကြသည်။

ရိတ်သိမ်းခြင်း​၌ ဆက်၍​ရွှင်လန်း​နေ

၁၉။ ယေရှု​အမှုတော်​ဆောင်​ချိန်​နှင့် ၎င်းနောက်​မကြာမီ​ကာလ​အတွင်း ရိတ်သိမ်းခြင်း​၌ ရွှင်လန်းစရာ ခိုင်လုံ​သည့်​အကြောင်း​များ အဘယ်ကြောင့်​ရှိ​သနည်း။

၁၉ ယေရှု​အမှုဆောင်​နေချိန်​နှင့် ၎င်းနောက် မကြာမီ​အချိန်အတွင်း ရိတ်သိမ်းခြင်း​၌ ရွှင်လန်းစရာ အကြောင်းကောင်း​များစွာ​ရှိခဲ့​သည်။ ထို​အချိန်​က လူအများသည် သတင်းကောင်းကို လိုလိုလားလား​တုံ့ပြန်​ခဲ့​ကြသည်။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့​၌ လူ ၃,၀၀၀ ခန့်​သည် ပေတရု​၏​ညွှန်ကြားချက်​ကို လက်ခံခဲ့​ကြ​ပြီး ယေဟောဝါ​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို​ရရှိကြ​ရာ ဘုရားသခင်​၏ ဝိညာဉ်​ရေးရာ​ဣသရေလ​လူမျိုး​တွင် ပါဝင်​လာ​ကြ​သဖြင့် အကြီးအကျယ်​ရွှင်လန်း​ဝမ်းမြောက်​ခဲ့​ကြသည်။ သူတို့၏​အရေအတွက်​သည် အမှန်ပင်​ဆက်၍​တိုးများ​လာ​ခဲ့​ရာ ‘ယေဟောဝါ​သည် ကယ်တင်ခြင်း​သို့​ရောက်​သူတို့ကို နေ့စဉ်​မပြတ် ထပ်​သွင်း​တော်​မူ’ သောကြောင့် ရွှင်လန်းမှု​ပြည့်လျှံ​ခဲ့​သည်။—တမန်​တော် ၂:၃၇-၄၁၊ ၄၆၊ ၄၇; ဂလာတိ ၆:၁၆; ၁ ပေတရု ၂:၉

၂၀။ ကျွန်ုပ်​တို့၏​ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ အဘယ်အရာက အကြီးအကျယ်​ရွှင်လန်း​စေ​သနည်း။

၂၀ ထို​အချိန်တွင် ဟေရှာယ​၏ ဤ​ပရောဖက်ပြုချက်​သည် မှန်ကန်ကြောင်း ထင်ရှား​နေ​၏– “ကိုယ်တော် [ယေဟောဝါ] သည် လူမျိုးတော်ကို​များပြား​စေ​၍ ဝမ်းမြောက်​ဖွယ်​အကြောင်းကိုလည်း တိုးပွား​စေတော်မူ​သဖြင့်၊ ရိတ်သိမ်းချိန်​၌ ပျော်ရွှင်​သကဲ့သို့​လည်းကောင်း၊ လက်ရဥစ္စာ​ကို​ဝေငှ​သည့်​အခါ ရွှင်လန်း​သကဲ့သို့​လည်းကောင်း၊ ရှေ့တော်တွင် ဝမ်းမြောက်​ကြ​ပါ​၏။” (ဟေရှာယ ၉:သ​မ) ကောင်းကင်​အတန်းအစား​ဖြစ်သည့် ‘များပြား​သော​လူမျိုးတော်’ သည် ယခု​ပြည့်​လု​နီးပြီ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ကြပြီ​ဖြစ်သော်လည်း အခြား​ရိတ်သိမ်းသူများ​အရေအတွက်​မှာ တစ်နှစ်​ပြီး​တစ်နှစ် တိုးများ​လာ​သည်ကို တွေ့ရှိ​ရ​သဖြင့် များစွာ​ရွှင်လန်း​ကြ​ရသည်။—ဆာလံ ၄:၇; ဇာခရိ ၈:၂၃; ယောဟန် ၁၀:၁၆

၂၁။ နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း​ဆွေးနွေး​ကြ​မည်​နည်း။

၂၁ ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ ဆက်၍​ရွှင်လန်း​နေဖို့ ခိုင်လုံ​သော​အကြောင်းရင်း​များစွာ ကျွန်ုပ်​တို့​၌​အမှန်​ရှိ၏။ ကျွန်ုပ်​တို့၏​မျှော်လင့်ခြင်း​သတင်းတရား၊ ထိုက်တန်​သူများကို​ရှာဖွေခြင်း​နှင့် ကျွန်ုပ်​တို့၏​ငြိမ်သက်​သော​သဘောထား​အစ​ရှိသော ဤ​အကြောင်းရင်း​အားလုံး​တို့​က ရိတ်သိမ်းသူများ​အဖြစ် ကျွန်ုပ်​တို့ကို​ပျော်ရွှင်​စေ​သည်။ သို့​တိုင် ၎င်းတို့သည် လူအများ​ထံ​မှ ဆိုးဝါး​သည့်​တုံ့ပြန်မှု​ကိုလည်း​ဖြစ်ပေါ်​စေ​သည်။ တမန်​တော်​ယောဟန်​က ထိုသို့​ကြုံတွေ့​ခဲ့​ရသည်။ သူသည် “ဘုရားသခင့်​အကြောင်းကို​ပြော​ခြင်း၊ ယေရှု​အကြောင်း​သက်သေခံခြင်း​ကြောင့်” ပတ်မုကျွန်း​ပေါ်​တွင် အကျဉ်း​ကျ​ခဲ့​သည်။ (ဗျာဒိတ် ၁:၉က​ဘ) သို့​ဖြစ်၍ နှိပ်စက်​ညှဉ်းပန်းမှု​နှင့် အတိုက်အခံပြု​မှု​တို့ကို ရင်ဆိုင်​ကြ​ရသောအခါ ကျွန်ုပ်​တို့၏​ရွှင်လန်းမှု​ကို မည်သို့​ထိန်းသိမ်း​ပေး​နိုင်​သနည်း။ ယခု​ကျွန်ုပ်​တို့​ဟော​လိုက်​သူများ​၏ တင်းမာ​သော​သဘောထားကို ကြံ့ကြံ့ခံ​ဖို့ အဘယ်အရာက ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေး​မည်​နည်း။ ဤ​မေးခွန်းများကို ကျမ်းစာ​အကူအညီ​ဖြင့် နောက်​ဆောင်းပါး​က ဖြေဆို​ပေး​ပါ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 17 စိတ်ဝင်စားသူ​များ​ကို စုရုံး​စေနိုင်​မည့်​နေရာများ​တွင် သင်အံမှုများ​ကို ဦးဆုံး​စီစဉ်​ခဲ့​ကြသည်။ သို့သော် မကြာမီ ပုဂ္ဂိုလ်​တစ်ဦးချင်း​စီ​နှင့်​လည်းကောင်း၊ မိသားစု​များနှင့်​လည်းကောင်း သင်အံမှုများ ကျင်းပ​ခဲ့​ကြသည်။—ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့​သော ယေဟောဝါသက်သေ​များ—ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ၊ [လိပ်] စာမျက်နှာ ၅၇၄ ကို​ရှု။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ပုံဆောင်​ရိတ်သိမ်းခြင်း​လုပ်ငန်း​ကား အဘယ်နည်း။

• အဘယ်​သတင်းတရား​မျိုးကို ကျွန်ုပ်​တို့​ကြေညာ​နေကြ​သနည်း။

• တပည့်​များ​ရှာဖွေခြင်း​တွင် ကျွန်ုပ်​တို့​အဘယ်ကြောင့်​အောင်မြင်​သနည်း။

• ရိတ်သိမ်းခြင်း​လုပ်ငန်း​၌ ငြိမ်သက်ခြင်း​ကို ကျွန်ုပ်​တို့​မည်သို့​ထိန်းသိမ်း​ကြ​သနည်း။

• ကျွန်ုပ်​တို့သည် ရိတ်သိမ်းခြင်း​၌ အဘယ်ကြောင့် ဆက်၍​ဝမ်းမြောက်နေ​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၂၊ ၁၃ ပါ ရုပ်ပုံ]

ပထမ​ရာစု​နှင့် ၂၀ ရာစု​တွင် ဟောပြောခြင်း

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယခု​ခေတ် ရိတ်သိမ်းသူများ​သည် ပေါလု​ကဲ့သို့ အရပ်ရပ်ရှိ​လူ​တို့​ထံ​ရောက်​ဖို့ ကြိုးပမ်း​ကြ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

သတင်းကောင်းကို ဖော်ရွေ​သော​အမူအရာ​ဖြင့် ကြေညာ​ပါ