မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၌မသေနိုင်သေဝိညာဉ် [စပီးရစ်]ရှိသလော

သင်၌မသေနိုင်သေဝိညာဉ် [စပီးရစ်]ရှိသလော

သင်၌​မသေနိုင်​သေ​ဝိညာဉ် [စပီးရစ်]ရှိသလော

“ကျမ်းစာ​ရှိသမျှသည် ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်၍၊ . . . [ဆုံးမ] ခြင်း၊ အပြစ်ကို​ဖော်ပြခြင်း၊ ဖြောင့်မတ်​စွာ​ပြုပြင်ခြင်း၊ တရားကို​သွန်သင်ခြင်း​ကျေးဇူးများ​ကို ပြု​တတ်၏” ဟု​တမန်​တော်​ပေါလု ရေးသားခဲ့​သည်။ (၂ တိမောသေ ၃:၁၆-၁၇) မှန်ပါသည်၊ သမ္မာကျမ်းစာ​သည် မှန်သော​ဘုရားသခင် ယေဟောဝါ​ထံ​မှ​လာသော အမှန်တရား​စာအုပ်​ဖြစ်သည်။—ဆာလံ ၈၃:၁၈

ယေဟောဝါ​သည် လူသားများ​အပါအဝင် အရာခပ်သိမ်း​ကို​ဖန်ဆင်း​သော​အရှင်ဖြစ်​သောကြောင့် ကျွန်ုပ်​တို့​သေဆုံးသော​အခါ မည်သို့​ဖြစ်သွား​သည်ကို ကိုယ်တော်​ကောင်းစွာ​သိတော်မူ​သည်။ (ဟေဗြဲ ၃:၄; ဗျာဒိတ် ၄:၁၁) ကိုယ်တော်​၏​မှုတ်သွင်းခံ​နှုတ်မြွက်တော် သမ္မာကျမ်းစာ​တွင် နောင်​ဘဝ​နှင့်​ပတ်သက်သော မေးခွန်းများ​အတွက် မှန်ကန်​ပြီး ကျေနပ်ဖွယ်​အဖြေ​များ​ပေး​ထား​သည်။

ဝိညာဉ် [စပီးရစ်] ကား​အဘယ်နည်း

သမ္မာကျမ်းစာ​တွင် “စပီးရစ်” ဟု​ဘာသာ​ပြန်ဆို​ထားသော စကားလုံး​များသည် အဓိက​အားဖြင့် “ထွက်သက်​ဝင်​သက်” ကို​ဆိုလို​သည်။ သို့သော် ယင်းသည် အသက်ရှူခြင်း​ထက်မက အဓိပ္ပာယ်​သက်ရောက်​သည်။ ဥပမာ၊ သမ္မာကျမ်းစာ​ရေးသူ​ယာကုပ်​က “ဝိညာဉ် [“စပီးရစ်၊” က​ဘ] နှင့်​ကင်း​သော​ကိုယ်​သည် အသေ​ဖြစ်” ၏​ဟု​ဖော်ပြ​သည်။ (ယာကုပ် ၂:၂၆) ထို့​ကြောင့် စပီးရစ်​သည် ခန္ဓာကိုယ်​ကို သက်ဝင်​လှုပ်ရှား​စေသည့်​အရာ​ဖြစ်၏။

ဤ​သက်ဝင်​လှုပ်ရှား​စေသော​အစွမ်း​သည် အဆုတ်​တစ်လျှောက်​ရွေ့လျား​နေသည့် ထွက်သက်​ဝင်​သက် သို့​မဟုတ် လေ​မျှ​သာ​မဖြစ်​နိုင်​ပေ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကမ္ဘာ့​စွယ်စုံ​ကျမ်း​အရ ထွက်သက်​ဝင်​သက်​ရပ်တန့်​သွားပြီး​နောက်​၌​ပင် ကိုယ်ခန္ဓာ​ဆဲလ်​များ​တွင် အသက်သည် အခိုက်အတန့်—“မိနစ်​အတန်ကြာ”—ကျန်ရှိ​နေသည်။ ထို​အကြောင်းကြောင့် အသက်​ပြန်ဝင်​လာ​စေရန် ကြိုးစား​အားထုတ်​ရာ​တွင် အောင်မြင်​နိုင်​ခြင်း​ဖြစ်သည်။ သို့သော် အသက်​မီး​ပွား​ကို ခန္ဓာ​ဆဲလ်​များ​မှ​ငြိမ်းသတ်​လိုက်​သည်​နှင့် အသက်ပြန်ရှင်​စေရန် ကြိုးစား​မှု​အားလုံး​အချည်းနှီး​ပင်။ ကမ္ဘာ​ပေါ်​ရှိ ထွက်သက်​ဝင်​သက် သို့​မဟုတ် လေ​ရှိသမျှသည် ဆဲလ်​တစ်ခု​မျှ​ကို​ပင် ပြန်၍​အသက်ဝင်​မလာ​နိုင်​စေ​ချေ။ ထို့​ကြောင့် ဝိညာဉ် [စပီးရစ်] သည်​ဆဲလ်​များနှင့်​လူကို အသက်ရှင်နေ​စေသည့် မမြင်နိုင်​သော​အသက်စွမ်းအား—အသက်​မီး​ပွား—ဖြစ်သည်။ ဤ​အသက်စွမ်းအား​ကို အသက်ရှူခြင်း​အားဖြင့် ပံ့ပိုး​ပေး​သည်။—ယောဘ ၃၄:၁၄၊ ၁၅က​ဘ

ထို​ဝိညာဉ် [စပီးရစ်] သည် လူသားများ​၌​သာ လှုပ်ရှား​သလော။ ယင်း​ကိစ္စ​နှင့်​စပ်လျဉ်း၍ မှန်ကန်သော​ယူဆချက်​ရရှိရန် သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို​ကူညီပေး​သည်။ လူ​နှင့် တိရစ္ဆာန် “အလုံးစုံ​တို့သည် အသက် [“စပီးရစ်၊” က​ဘ] တစ်မျိုးတည်း​ရှိ” ကြောင်း ပညာရှိ​ဘုရင်​ရှောလမုန် အသိအမှတ်ပြု​ကာ ဤသို့​ဆို​သည်– “အထက်​သို့​တက်​တတ်သော​လူသား​၏​ဝိညာဉ် [“စပီးရစ်၊” က​ဘ] ကိုလည်း​ကောင်း၊ အောက်​အရပ်​မြေ​သို့​ဆင်း​တတ်သော တိရစ္ဆာန်​၏​ဝိညာဉ် [“စပီးရစ်၊” က​ဘ] ကိုလည်း​ကောင်း အဘယ်သူ​သည် ပိုင်းခြား​၍​သိ​သနည်း။” (ဒေ. ၃:၁၉-၂၁) ထို့​ကြောင့် တိရစ္ဆာန်​ရော လူ​တို့​ပါ ဝိညာဉ် [စပီးရစ်] ရှိသည်​ဟု​ဆို​၏။ မည်သို့​ဖြစ်​နိုင်​မည်​နည်း။

စပီးရစ် သို့​မဟုတ် အသက်စွမ်းအား​ကို စက်ယန္တရား သို့​မဟုတ် ကိရိယာ​တစ်လျှောက်​တွင် စီး​နေသော​လျှပ်စစ်​နှင့် နှိုင်းယှဉ်​နိုင်​သည်။ မမြင်နိုင်​သော​လျှပ်စစ်​ဓာတ်အား​သည် ယင်းက စွမ်းအင်​ပေး​သည့် ပစ္စည်း​အမျိုးအစား​ပေါ်​မူတည်၍ လုပ်ငန်း​အမျိုးမျိုး​လုပ်ဆောင်​ပေမည်။ ဥပမာ၊ လျှပ်စစ်မီး​ဖို​ကို အပူ​ထွက်ပေါ်​စေနိုင်​၏၊ ကွန်ပျူတာ​ကို အချက်အလက်​များ​ထုတ်လုပ်​စေနိုင်​၏၊ ရုပ်မြင်သံကြား​ကို ရုပ်ပုံ​နှင့်​အသံ ထုတ်လွှင့်​စေနိုင်​၏။ သို့​တိုင် လျှပ်စီး​သည် ယင်းက စွမ်းအင်​ပေး​သော​ပစ္စည်း​၏​ပုံသဏ္ဌာန်​အသွင်​ကို ဘယ်​သော​ခါ​မျှ​မယူ​ချေ။ ၎င်း​သည် စွမ်းအား​အဖြစ်​သာ​တည်ရှိ​နေသည်။ အလားတူ​စွာ အသက်စွမ်းအား​သည် ယင်းက သက်ဝင်​လှုပ်ရှား​စေသော မည်သည့်​သတ္တဝါ​၏​ပင်ကိုစရိုက်​ကို​မျှ မခံယူ​ချေ။ ၎င်း​တွင် ဥပဓိရုပ်​မရှိ၊ ဆင်ခြင်​တွေးခေါ်မှု​စွမ်းရည်​မရှိပါ။ လူသားများ​ရော တိရစ္ဆာန်​များ​ပါ “အသက် [“စပီးရစ်၊” က​ဘ] တစ်မျိုးတည်း​ရှိကြ​၏။” (ဒေ. ၃:၁၉) ထို့​ကြောင့် လူတစ်ဦး​သေလွန်​သောအခါ သူ၏​စပီးရစ်​သည် . . . ဝိညာဉ်​သား​တစ်ဦး​အနေ​ဖြင့် တခြား​တစ်​နေရာတွင် ဆက်​တည်ရှိ​မနေ​ပါ။

သို့​ဖြစ်​လျှင် သေလွန်သူ​၏​အခြေအနေ​ကား အဘယ်နည်း။ လူတစ်ဦး​သေလွန်​သောအခါ စပီးရစ်​သည် မည်သို့​ဖြစ်သွား​သနည်း။

“မြေမှုန့်​သို့​ပြန်​ရမည်”

ပထမ​လူ​အာဒံသည် ဘုရားသခင်​၏​ပညတ်တော်​ကို တမင်​ဖောက်ဖျက်​သောအခါ ကိုယ်တော်​က သူ့​အား “သင်​ထွက်​ရာ​မြေ​သို့​မပြန်​မီ​တိုင်အောင် သင်၏​မျက်နှာ​မှ​ချွေး​ထွက်​လျက် အစာကို​စား​ရမည်။ အကြောင်း​မူ​ကား သင်သည် မြေမှုန့်​ဖြစ်၍ မြေမှုန့်​သို့​ပြန်​ရမည်” ဟု​မိန့်တော်မူ၏။ (ကမ္ဘာဦး ၃:၁၉) ယေဟောဝါ​သည် အာဒံ​ကို မြေမှုန့်​မှ​မဖန်ဆင်းမီ သူ​အဘယ်​မှာ​ရှိခဲ့​သနည်း။ အဘယ်​နေရာ၌​မျှ မရှိခဲ့​ပါ! သူသည် လုံးဝ​မရှိခဲ့​ချေ။ ထို့​ကြောင့် ‘မြေ​သို့​ပြန်သွား​ရ’ လိမ့်​မည်​ဟု အာဒံ​ကို ယေဟောဝါ​မိန့်ဆို​သောအခါ အာဒံသည် သေ​ပြီး​နောက် မြေကြီး​ထဲ​ရှိ​ဒြပ်စင်​များ​သို့ ပြန်သွား​ရ​လိမ့်​မည်​ဟု ဆိုလို​နေခြင်း​ဖြစ်သည်။ အာဒံသည် . . . ဝိညာဉ်ဘုံ​သို့ ပြောင်းရွှေ့​ခံရ​မည်​မဟုတ်ပါ။ အာဒံသည် သေလွန်​သောအခါ တစ်ဖန် မတည်ရှိ​တော့​ချေ။ သူ၏​အပြစ်ဒဏ်​သည် သေခြင်း—အသက်မရှိ​ခြင်း—ဖြစ်သည်၊ အခြား​တစ်​ဘဝသို့ ပြောင်းရွှေ့ခြင်း​မဟုတ်​ချေ။—ရောမ ၆:၂၃

အခြား​သေလွန်​သွားခဲ့​သူများ​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ သေလွန်သူ​တို့၏​အခြေအနေ​ကို ဒေ. ၉:၅၊ ၁၀ က​ရှင်းလင်း​စေ​သည်၊ ထို​တွင် ဤသို့​ဖတ်​ရ၏– “သေ​သော​သူ​မူ​ကား အဘယ်အရာကို​မျှ​မသိ။ . . . မရ​ဏာ​နိုင်ငံ​၌ လုပ်ဆောင်ခြင်း​မရှိ။ ကြံစည်ခြင်း​မရှိ။ သိပ္ပံ​အတတ်​မရှိ။ ပညာ​မရှိပါ​တကား။” (မော​ဖက်) ထို့​ကြောင့် သေခြင်း​ဟူသည် မတည်ရှိ​တော့​သည့်​အခြေအနေ​ဖြစ်သည်။ လူတစ်ဦး​သေ​သောအခါ “သူသည် အသက်​ထွက်၍ မြေ​သို့​ပြန်သွား​တတ်၏။ ထို​နေ့​ခြင်း​တွင် သူ၏​အကြံအစည်​တို့သည် ပျက်စီး​ကြ​၏” ဟု​ဆာလံဆရာ​က ရေးသား​ထား​သည်။—ဆာလံ ၁၄၆:၄

ရှင်း​နေသည်​မှာ သေလွန်သူ​တို့သည် မတည်ရှိ​ကြ​တော့​ချေ။ သူတို့သည် အဘယ်အရာကို​မျှ မသိ​ရှိ​နိုင်​ကြ​ချေ။ သင့်ကို​မမြင်နိုင်၊ မကြား​နိုင်၊ စကား​မပြော​နိုင်​တော့​ပေ။ သူတို့သည် သင့်ကို အကူအညီလည်း​မပေးနိုင်၊ ဘေး​လည်း​မ​ရောက်​စေနိုင်​ပါ။ သင်သည် သေလွန်​သူကို အမှန်ပင်​ကြောက်စရာ​မလို။ သို့သော် လူတစ်ဦး​သေလွန်​ချိန်​၌ စပီးရစ်​သည် သူ့​ထံ​မှ မည်သို့ “ထွက်” သွား​သနည်း။

စပီးရစ်​သည် ‘ဘုရားသခင့်​ထံ​သို့​ပြန်သွား’

လူတစ်ဦး​သေ​သောအခါ “ဝိညာဉ် [“စပီးရစ်၊” က​ဘ] သည်​အရင်​ပေး​တော်​မူ​သော ဘုရားသခင့်​ထံ​သို့ . . . ပြန်သွား​ရ​လိမ့်​မည်” ဟူ၍​ကျမ်းစာ​က​ဖော်ပြ​သည်။ (ဒေ. ၁၂:၇) ဝိညာဉ် [စပီးရစ်] ဟူသော​အရာတစ်ခု​သည် အာကာသ​ကို ပကတိ​အတိုင်း​ဖြတ်သန်း​သွား​၍ ဘုရားသခင့်​ရှေ့မှောက်​သို့​ရောက်​သည်​ဟု ဆိုလို​ပါသလော။ လုံးဝ​မဆိုလို​ပါ! “ပြန်သွား” သည်​ဟူသော​စကားလုံး​ကို ကျမ်းစာ​အသုံးပြုပုံ​မှာ တစ်​နေရာ​မှ​တစ်​နေရာသို့ အမှန်တကယ်​ပြောင်းရွှေ့​ရန်​မလို​ပေ။ ပ​မာ​ဆို​ရ​သော်၊ တည်ကြည်မှု​မရှိသော​ဣသရေလလူ​များ​ကို ဤသို့​မိန့်ဆိုခဲ့သည်– “‘ငါ့​ထံ​သို့​ပြန်လာ​ကြလော့။ ငါသည်​လည်း သင်တို့​ဆီ​သို့​ပြန်လာ​မည်’ ဟု​ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား​မိန့်တော်မူ၏။” (မာလခိ ၃:၇) ယေဟောဝါ​ထံ ဣသရေလလူ​တို့ ‘ပြန်လာ​ခြင်း’ မှာ​မှားယွင်းသော​လမ်းစဉ်​မှ ပြန်လှည့်​လာ၍ ဘုရားသခင်​၏​ဖြောင့်မတ်​သော​လမ်းကို တစ်ဖန်​လိုက်လျှောက်ခြင်း​ပင်​ဖြစ်သည်။ ဣသရေလလူ​တို့​ထံ ယေဟောဝါ ‘ပြန်လာ​ခြင်း’ မှာ​မူ ကိုယ်တော်​၏​လူမျိုးတော်အပေါ် ပြန်၍​မျက်နှာသာ​ပေးခြင်း​ကို ဆိုလို​ပါ​သည်။ ဤ “ပြန်လာ” ခြင်း​ကိစ္စ​နှစ်ရပ်​စ​လုံး​တွင် သဘောထား​ပါဝင်​ပတ်သက်​နေ၍ စာသား​အတိုင်း ပထဝီ​နယ်မြေ​တစ်ခု​မှ​တစ်ခု​သို့ ပြောင်းရွှေ့​သွားခြင်း​မဟုတ်ပါ။

ထို​နည်း​ထပ်တူ သေလွန်​ချိန်​၌ စပီးရစ် (အသက်စွမ်းအား) သည် ဘုရားသခင်​ထံ “ပြန်သွား” သောအခါ မြေကြီး​မှ​ကောင်းကင်ဘုံ​သို့ အမှန်တကယ်​ပြောင်းရွှေ့​သွားခြင်း​မရှိပါ။ ထို​အသက်စွမ်းအား​သည် လူတစ်ဦး​ထံ​မှ​ထွက်သွား​သောအခါ ဘုရားသခင်​သာ​လျှင် သူ့ကို​ပြန်ပေး​နိုင်စွမ်း​ရှိသည်။ ထို့​ကြောင့် စပီးရစ်​သည် “ဘုရားသခင့်​ထံ​သို့ . . . ပြန်သွား” ၏​ဟု​ဆို​ရာ​တွင် ထို​သူ အသက်​ပြန်​ရရှိရန် မျှော်လင့်ချက်​သည် ဘုရားသခင်​အပေါ်​လုံးဝ​မူတည်​ကြောင်းကို ဆိုလို​သည်။

ဥပမာ၊ ယေရှု၏​သေခြင်းနှင့်​ပတ်သက်​၍ ကျမ်းစာ​က မည်သို့​ဆို​သည်ကို သုံးသပ်ကြည့်​ပါ။ ခရစ်ဝင်​ကျမ်း​ရေးသူ​လုကာ​က ဤသို့​ဖော်ပြ​၏– “ယေရှုသည်​လည်း ကြီးသော​အသံ​နှင့်​ကြွေးကြော်​တော်​မူ​ပြီး​လျှင် ‘အို​အဘ၊ အကျွန်ုပ်၏​စိတ်​ဝိညာဉ် [“စပီးရစ်၊” က​ဘ] ကို​ကိုယ်တော်​လက်၌ အကျွန်ုပ်​အပ်​ပါ​၏’ ဟု​မိန့်တော်မူ​လျက် အသက်​ချုပ်​တော်​မူ​၏။” (လုကာ ၂၃:၄၆) ယေရှု၏​ဝိညာဉ် [စပီးရစ်] ထွက်သွား​သောအခါ ကိုယ်တော်​သည် ကောင်းကင်​သို့ ပကတိ​တက်​သွားခြင်း​မဟုတ်ပေ။ ယေရှုသည် တတိယ​နေ့​မတိုင်မီ​အထိ သေခြင်း​မှ မထမြောက်​သေး​ချေ၊ ရက်ပေါင်း ၄၀ ကြာပြီးနောက်​တွင် ကောင်းကင်​သို့​တက်ကြွ​ခဲ့​သည်။ (တမန်​တော် ၁:၃၊ ၉) သို့သော် ယေရှု​သေဆုံး​ချိန်​၌ ကိုယ်တော်​သည် ခမည်းတော်​၏​လက်တော်​တွင် မိမိ၏​ဝိညာဉ် [စပီးရစ်] ကို ယုံကြည်​စိတ်ချ​စွာ​အပ်​တော်​မူ​၏၊ ယေဟောဝါ​သည် မိမိ​အား​အသက်​ပြန်ပေး​နိုင်စွမ်း​ရှိသည်​ကို အပြည့်အဝ​ယုံကြည်​တော်​မူ​သည်။

မှန်​ပါ​၏၊ ဘုရားသခင်​သည် လူတစ်ဦးကို အသက်ပြန်ရှင်​လာ​စေနိုင်​၏။ (ဆာလံ ၁၀၄:၃၀) ထူးမြတ်​လှ​သည့် အခွင့်အလမ်း​ပွင့်​လာ​ခြင်း​ပါ​တကား!

သေချာ​သော​မျှော်လင့်ချက်

သမ္မာကျမ်းစာ​က “[“အောက်မေ့​ရာ၊” က​ဘ] သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် [ယေရှု] ၏​စကားသံ​ကို​ကြား​၍ ထွက်​ရမည့်​အချိန်ကာလ​ရောက်​လတ္တံ့” ဟု​ဆို​သည်။ (ယောဟန် ၅:၂၈၊ ၂၉) မှန်သည်၊ ယေဟောဝါ​၏​မှတ်ဉာဏ်​တွင်​ရှိသူ​အပေါင်း​သည် ရှင်ပြန်ထမြောက်​လိမ့်​မည် သို့​မဟုတ် အသက်ပြန်ရှင်​လိမ့်​မည်​ဟု ယေရှု​ခရစ် ကတိပေး​ခဲ့​သည်။ ထို​သူတို့တွင် ယေဟောဝါ​၏​ကျေးကျွန်​များ​အဖြစ် ဖြောင့်မတ်​သည့်​လမ်းစဉ်​ကို လိုက်လျှောက်​ခဲ့​သူများ အမှန်​ပါဝင်​ပေ​လိမ့်​မည်။ သို့သော် ဘုရားသခင့်​ဖြောင့်မတ်​သည့်​စံနှုန်း​များ​ကို လိုက်လျှောက်​မည်၊ မလျှောက်​မည်​ကို မဖော်ပြဘဲ သေဆုံး​သွားခဲ့​သူ သန်းပေါင်း​များစွာ​ရှိ၏။ သူတို့သည် ယေဟောဝါ​၏​တောင်းဆိုချက်​များ​ကို​မ​သိရှိ​ခဲ့​၍ သို့​မဟုတ် လိုအပ်သော​ပြောင်းလဲမှု​များ​ကို​ပြုလုပ်​ရန် အချိန်​အလုံအလောက်​မရခဲ့​၍​ဖြစ်​မည်။ ထိုသို့​သော​သူများ​သည်လည်း ဘုရားသခင့်​မှတ်ဉာဏ်တော်​တွင်​ရှိနေကြ​ရာ ရှင်ပြန်ထမြောက်​လာ​ကြ​ပါ​လိမ့်​မည်၊ အကြောင်း​မှာ သမ္မာကျမ်းစာ​က ဤသို့​ဆို​ထား​သည်– “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်။”—တမန်​တော် ၂၄:၁၅

ယနေ့၊ ကမ္ဘာ​မြေ​သည် မုန်းတီးမှု​နှင့် ပဋိပက္ခ၊ အကြမ်းဖက်မှု​နှင့် သွေးသွန်းမှု၊ ညစ်ညမ်းမှု​နှင့် ရောဂါ​ဖြစ်ပွားမှု​များနှင့် ပြည့်လျက်​ရှိသည်။ သေလွန်သူ​များသည် ဤသို့​သော​ကမ္ဘာ​ပေါ် တစ်ဖန်​အသက်ပြန်ရှင်​လာ​ရ​လျှင် ရရှိ​မည့်​မည်သည့်​ပျော်ရွှင်မှု​မဆို​သည် တဒင်္ဂ​မျှ​သာ​ဖြစ်​မည်​မှာ သေချာ​၏။ သို့သော် ဖန်ဆင်း​ရှင်​သည် စာတန် . . . ၏​လက်အောက်​ရှိ မျက်မှောက်ခေတ် ကမ္ဘာ့​လူ့​ဘောင်​အဖွဲ့အစည်း​ကို မကြာမီ​အဆုံးတိုင်​စေမည်​ဟု ကတိပြု​ထား​သည်။ (သု. ၂:၂၁၊ ၂၂; ဒံယေလ ၂:၄၄၊ ၄၅; ၁ ယောဟန် ၅:၁၉) ထို​အခါ ဖြောင့်မတ်​သော​လူ့​ဘောင်​အဖွဲ့အစည်း—“မြေကြီး​သစ်”—သည် အံ့ချီးဖွယ်​ဖြစ်ရပ်မှန် ဖြစ်လာ​ပေ​လိမ့်​မည်။—၂ ပေတရု ၃:၁၃

ထို​အခါ “မြို့သား​က​လည်း ‘ငါ​နာ​သည်’ ဟု​မဆို​ရ။” (ဟေရှာယ ၃၃:၂၄) သေခြင်း​၏​နာကျင်မှု​ပင် ကွယ်ပျောက်​သွား​လိမ့်​မည်၊ အကြောင်း​မှာ ဘုရားသခင်​သည် “သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။” (ဗျာဒိတ် ၂၁:၄) “အောက်မေ့​ရာ​သင်္ချိုင်း​များ​တွင်” ရှိကြ​သူများ​အတွက် တကယ့်​မျှော်လင့်​ရာ​ပါ​တကား!

မြေကြီးပေါ်​မှ ဆိုးယုတ်မှု​များ​ကို ယေဟောဝါ သုတ်သင်​ပယ်ရှား​သောအခါ ဆိုးသွမ်းသူ​များနှင့်​အတူ ဖြောင့်မတ်​သူများကို ကိုယ်တော်​ဖျက်ဆီး​လိမ့်​မည်​မဟုတ်​ချေ။ (ဆာလံ ၃၇:၁၀၊ ၁၁; ၁၄၅:၂၀) အမှန်​မှာ ‘အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူအမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ . . . လူအုပ်ကြီး’ သည် လက်ရှိ​ဆိုးညစ်သော​လောကကို ဖျက်ဆီး​မည့် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ မှ​ကပ်ကျော်​ကြ​မည်​ဖြစ်သည်။ (ဗျာဒိတ် ၇:၉-၁၄) ထို့​ကြောင့် လူအုပ်ကြီးသည် ရှင်ပြန်ထမြောက်​လာ​သူများကို ကြိုဆို​ကြ​ပေ​လိမ့်​မည်။

ချစ်​မြတ်နိုး​ရသူများကို တစ်ဖန်​ပြန်တွေ့​လို​သော​ဆန္ဒ သင်၌​ရှိပါ​သလော။ ကမ္ဘာ့​ပရဒိသု​တွင် သင်​ထာဝစဉ်​အသက်ရှင်​လို​ပါသလော။ သို့​ဖြစ်​လျှင် ဘုရားသခင့်​အလိုတော်နှင့် ရည်ရွယ်ချက်များ​ဆိုင်ရာ တိကျ​မှန်ကန်သော​အသိပညာကို သင်​ဆည်းပူး​ရမည်​ဖြစ်သည်။ (ယောဟန် ၁၇:၃) ယေဟောဝါ​၏​အလိုတော်​ကား “လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ [အမှန်] တရားကို​သိ” ခြင်း​ပင်​ဖြစ်သည်။—၁ တိမောသေ ၂:၃၊ ၄

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

“သင်သည်​မြေမှုန့် ဖြစ်၍ မြေမှုန့်​သို့​ပြန်​ရမည်”

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

စပီးရစ် [ဝိညာဉ်] ကို လျှပ်စစ်​ဓာတ်အား​နှင့် နှိုင်းယှဉ်​နိုင်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ရှင်ပြန်ထမြောက်ခြင်း​က ထာဝရ​ပျော်ရွှင်မှု​ကို ဖြစ်စေ​မည်