သင်သည် အမှန်ပင်သည်းခံတတ်သူလော
သင်သည် အမှန်ပင်သည်းခံတတ်သူလော
သင်သည် တစ်စုံတစ်ဦး၏ ရိုင်းပျသောအပြုအမူကြောင့် အမျက်ဒေါသနှိုးဆွခံရဖူးသလော။ အပျက်သြဇာများက သင်၏ရင်းနှီးသောအပေါင်းအသင်းများကို လွှမ်းမိုးဝါးမျိုနေသည့်အခါ အရေးယူဆောင်ရွက်ရန် သင်လျင်မြန်သလော။
ကြီးလေးသောအပြစ် ပျံ့နှံ့မှုကိုရပ်တန့်ပစ်ရန် မဆိုင်းမတွ ပြတ်ပြတ်သားသားအရေးယူလုပ်ဆောင်မှု တစ်ခါတစ်ရံ လိုအပ်သည်။ ဥပမာ၊ ဘီ.စီ.အီး. ၁၅ ရာစုမှ အတင့်ရဲအမှားပြုခြင်းတို့သည် ဣသရေလလူတို့ကိုညစ်ညူးစေမည့် အန္တရာယ်ရှိလာသောအခါ အာရုန်၏မြေးဖြစ်သူ ဖိနဟပ်သည် ဆိုးညစ်သောအရာကို ရှင်းပစ်ရန် ပြတ်ပြတ်သားသားအရေးယူလုပ်ဆောင်ခဲ့၏။ ယေဟောဝါဘုရားသခင်သည် သူပြုလုပ်ခဲ့ရာကို နှစ်သက်လက်ခံခဲ့ပြီး ဤသို့မိန့်တော်မူသည်– “ငါသည် အမျက်ထွက်၍ ဣသရေလအမျိုးသားတို့ကို မဖျက်ဆီးမည်အကြောင်း၊ . . . ဖိနဟတ်သည် သူတို့တွင် ငါ့ဘက်၌စိတ်အားကြီး၍ ငါ့အမျက်ကိုသူတို့မှလွှဲပြီ။”—တောလည်ရာ ၂၅:၁-၁၁။
ဖိနဟပ်သည် လျောက်ပတ်သောအရေးယူမှုကို လုပ်ဆောင်ခဲ့သည်၊ သို့သော် ကျွန်ုပ်တို့သည် အခြားသူတို့၏လူ့အားနည်းချက်ကိုချည်း အသားလွတ်ဒေါသထွက်ခြင်းသည် မိမိတို့အား ဖြောင့်မတ်ခြင်းအတွက် ခုခံကာကွယ်သူဖြစ်စေမည့်အစား အခြားသူတို့၏မစုံလင်မှုများကို ထည့်တွက်စဉ်းစားပေးခြင်းမရှိသူတစ်ဦး ဖြစ်သွားစေနိုင်သည်။ ဤကျော့ကွင်းကိုရှောင်ရှားရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။
‘ယေဟောဝါသည် သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်’
ယေဟောဝါ “ဘုရားသခင်သည် မနာလိုသော (ဇွဲကြီးသော) အရှင်; ယှဉ်ပြိုင်မှုကို သည်းမခံတတ်သောဘုရားသခင်” ဖြစ်တော်မူသည်။ (ထွက်မြောက်ရာ ၂၀:၅၊ ကဘ၊ အောက်ခြေမှတ်ချက်) ဖန်ဆင်းရှင်ဖြစ်သည့်အလျောက် ကိုယ်တော်သည် ကျွန်ုပ်တို့ထံမှ အကြွင်းမဲ့ဆက်ကပ်ဝတ်ပြုမှုကို တောင်းဆိုပိုင်ခွင့်ရှိ၏။ (ဗျာဒိတ် ၄:၁၁) သို့တိုင် ယေဟောဝါသည် လူသားတို့၏အားနည်းချက်များကို သည်းခံနေတော်မူသည်။ ထို့ကြောင့် ကိုယ်တော်နှင့်ပတ်သက်၍ ဆာလံဆရာဒါဝိဒ်က ဤသို့စပ်ဆိုသည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍ ကရုဏာကြွယ်ဝသောသဘောရှိတော်မူ၏။ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ . . . ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ [မကောင်းမှု] ရှိသည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်။” မှန်ပါသည်၊ ကျွန်ုပ်တို့နောင်တယူမည်ဆိုလျှင် ဘုရားသခင်သည် ‘ကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့ကိုဖြေလွှတ်’ တော်မူသည်။—ဆာလံ ၁၀၃:၃၊ ၈-၁၀။
ယေဟောဝါသည် လူသားတို့၏အပြစ်ပြည့်နေသော သဘောသဘာဝကိုနားလည်တော်မူသောကြောင့် ကိုယ်တော်အနေဖြင့် နောင်တယူသောအမှားပြုသူတို့ကို “အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။” (ဆာလံ ၅၁:၅; ရောမ ၅:၁၂) အမှန်အားဖြင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်မှာ အပြစ်တရားနှင့် မစုံလင်မှုတို့ကို ပယ်ရှားပေးရန်ဖြစ်သည်။ ယင်းသို့ လုံးလုံးလျားလျားမဖြစ်မြောက်မီ “ငါတို့၌ [မကောင်းမှု] ရှိသည်အတိုင်း” ကျွန်ုပ်တို့အား အပြစ်ပေးမည့်အစား ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာအပေါ် အခြေပြု၍ ဘုရားသခင်သည် သနားကြင်နာစွာ ခွင့်လွှတ်တော်မူသည်။ သင့်လျော်သည့်အခါတိုင်း ယေဟောဝါသာ ကျွန်ုပ်တို့အပေါ် အကြင်နာတရားမထားလျှင် ကျွန်ုပ်တို့တစ်ယောက်မျှ အသက်ဆက်ရှင်ထိုက်သည်ဟု တရားစီရင်ခံရမည်မဟုတ်ချေ။ (ဆာလံ ၁၃၀:၃) အကြွင်းမဲ့ဆက်ကပ်ဝတ်ပြုမှုကို တောင်းဆိုထိုက်သော ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် သည်းခံတတ်သောဘုရားသခင်ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့ မည်မျှကျေးဇူးတင်နိုင်ကြသည်တကား!
ဟန်ချက်လိုအပ်
စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်သည် စုံလင်မှုမရှိသောလူသားတို့နှင့် ဆက်ဆံရာတွင် သည်းခံမှုကိုတင်ပြသောကြောင့် ကျွန်ုပ်တို့လည်း အလားတူမပြုသင့်ပေလော။ သည်းခံမှုကို “အခြားသူတို့၏ သဘောထား သို့မဟုတ် အပြုအမူတို့အပေါ် စိတ်ရှည်ရှည်ထားခြင်း” ဟုအနက်ဖွင့်ထား၏။ ကျွန်ုပ်တို့ကိုယ်နှိုက်တွင် ယင်းစိတ်သဘောထားမျိုးဖြစ်သည့် အခြားသူတို့က ကြီးကြီးကျယ်ကျယ်အပြစ်ကျူးလွန်ခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့အတွက် မသင့်လျော်ဟုယူမှတ်ရသော အရာတစ်ခုပြောဆို သို့မဟုတ် ပြုလုပ်လာသောအခါ စိတ်ရှည်၊ သည်းခံမှုပြသည့် စိတ်သဘောထားမျိုးရှိသလော။
မှန်ပါသည်၊ တရားလွန်သည်းခံခြင်းမျိုးကို ကျွန်ုပ်တို့ရှောင်ရှားရန်လိုသည်။ ဥပမာ၊ ယောက်ျားလေးများနှင့် မိန်းကလေးများကို အမြဲတစေမတော်မလျော်ပြုသော မတရားပြုသည့်တရားဟောဆရာများကို ဘာသာရေးအာဏာပိုင်တို့က သည်းခံခွင့်ပြုထားသည့်အခါ ကြောက်မက်ဖွယ်ပျက်စီးယိုယွင်းမှု ဖြစ်လေသည်။ “ကလေးများတွင် ထိုသို့ဖြစ်ခြင်းကို ဖြစ်တတ်သောအပြစ်အဖြစ် ယူမှတ်ကာ ချာ့ခ်ျအာဏာပိုင်တို့သည် အပြစ်ကျူးလွန်သောတရားဟောဆရာကို [တစ်နေရာသို့] ပြောင်းရွှေ့ပစ်လိုက်ရုံမျှသာပြုကြသည်” ဟုသတင်းထောက်တစ်ဦးကဆိုသည်။
ထိုသို့သောပုဂ္ဂိုလ်ကို ပြောင်းရွှေ့လိုက်ရုံမျှပြုခြင်းသည် နည်းမှန်လမ်းမှန်သည်းခံမှုပုံနမူနာဖြစ်သလော။ ဝေးလေစွ! ဆေးဘက်ဆိုင်ရာဘုတ်အဖွဲ့က တာဝန်မဲ့စွာပြုမူတတ်သောခွဲစိတ်ဆရာဝန်တစ်ဦးအား မိမိ၏လူနာကို သေအောင်လုပ်နေ သို့မဟုတ် ကိုယ်လက်အင်္ဂါချွတ်ယွင်းအောင်လုပ်နေလင့်ကစား သူ့ကို ဆက်လက်ခွဲစိတ်ခွင့်ပြုကာ ဆေးရုံတစ်ခုမှ နောက်ဆေးရုံတစ်ခုသို့ ရွှေ့ပြောင်းလိုက်သည်ဆိုပါစို့။ ပညာသည်ချင်းသစ္စာစောင့်သိမှုကို တလွဲယူခြင်းက ဤ “သည်းခံမှု” မျိုး ဖြစ်ပေါ်စေသည်။ သို့သော် ပေါ့ပေါ့ဆဆပြုမူမှုများ သို့မဟုတ် ရာဇဝတ်မှုဖြစ်သည့်အထိပင် ပြုမူမှုတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရသော သို့မဟုတ် ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရသူများနှင့်ပတ်သက်၍ အသို့နည်း။
သည်းခံမှုမပြနိုင်သည့် အန္တရာယ်လည်းရှိသည်။ ယေရှု မြေကြီးပေါ်ရှိစဉ်က ဇီးလော့ထ်များဟုသိထားကြသော ဂျူးအချို့သည် မိမိတို့၏တစ်ယူသန်လုပ်ရပ်များကို တရားကြောင်းပြသရန် ကြိုးစားမှုတစ်ရပ်အနေဖြင့် ရှေးခေတ်နမူနာတစ်ခုကို အသုံးချဖို့ တလွဲကြိုးပမ်းခဲ့ကြသည်။ ကျမ်းပညာရှင်တစ်ဦးက ဤသို့ဆိုသည်– “သူတို့၏ရှေ့ဆောင်လမ်းပြမှာ ဗာလပေဂုရ၌ အယူဖောက်ပြန်မှုဆိုင်ရာ ရွံရှာဖွယ်ကိုရပ်တန့်ပစ်ရန် . . . ယာဝေးအတွက်စိတ်ထက်သန်မှုဖြင့် . . . ပြင်းထန်စွာအရေးယူဆောင်ရွက်ခဲ့သူ ဖိနဟပ်ဖြစ်သည်။” ဇီးလော့ထ်အချို့၏ တစ်ယူသန်လုပ်ရပ်တစ်ခုမှာ “ယေရုရှလင်မြို့ရှိ ပွဲတော်များနှင့် အလားတူအခါသမယအတွင်း၌ လူအုပ်ကြားတွင်ရောနှောပြီး သူတို့မနှစ်သက်သူတို့ကို မသိမသာဓားမြှောင်ဖြင့် ထိုးသတ်လေသည်။”
ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် မကျေနပ်သူတို့ကို ဇီးလော့ထ်များပြုသကဲ့သို့ ကာယရေးအရတိုက်ခိုက်သည့်အထိတော့ ဘယ်သောအခါမျှပြုလိမ့်မည်မဟုတ်။ သို့သော် အတိုင်းအတာတစ်ခုအထိ သည်းခံမှုမရှိခြင်းက ကျွန်ုပ်တို့မနှစ်သက်သူတို့ကို အခြားတစ်နည်းနည်းဖြင့် တိုက်ခိုက်ခြင်း—ဖြစ်နိုင်သည်မှာ သူတို့ကို ရင့်ရင့်သီးသီးပြောဆိုသည့်အဆင့်သို့ ရောက်သွားစေပါသလော။ ကျွန်ုပ်တို့သည် အမှန်တကယ်သည်းခံတတ်သူဖြစ်လျှင် ယင်းသို့သော ထိခိုက်နစ်နာစေသည့်စကားမျိုးကို သုံးနှုန်းမည်မဟုတ်ချေ။
ပထမရာစုရှိဖာရိရှဲများသည် သည်းမခံတတ်သော အခြားအုပ်စုဖြစ်ခဲ့သည်။ သူတို့သည် အခြားသူတို့ကို အမြဲတစေ ပြစ်တင်ရှုတ်ချကြပြီး လူ့မစုံလင်မှုကို ထောက်ထားစဉ်းစားပေးခြင်းမရှိချေ။ မာန်ဝင့်သောဖာရိရှဲများသည် အများပြည်သူတို့ကို အထင်အမြင်သေးကြပြီး သူတို့အား “ကျိန်ခြင်းကိုခံရသောသူ” အဖြစ် အပုပ်ချပြောဆိုကြသည်။ (ယောဟန် ၇:၄၉) အကြောင်းကောင်းရှိ၍သာ ယေရှုက ယင်းသို့ ကိုယ့်ကိုယ်ကိုဖြောင့်မတ်သည်ဟုယူဆသူတို့ကို ဤသို့အတိအလင်းအပြစ်ဆိုခဲ့သည်– “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဖို့တစ်ဖို့လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကိုကျင့်ရမည်။”—မဿဲ ၂၃:၂၃။
ဤအဆိုကိုမိန့်တော်မူရာ၌ ယေရှုသည် မောရှေပညတ် စောင့်ထိန်းခြင်း၏အရေးပါမှုကို လျော့နည်းအောင်လုပ်နေခြင်းမဟုတ်ချေ။ “လေးသော” သို့မဟုတ် သာ၍အရေးပါသော ပညတ်တရား၏အပိုင်းများက ယင်းကို အကျိုးသင့်အကြောင်းသင့်သဘော၊ အကြင်နာတရားတို့ဖြင့် ကျင့်သုံးရန် တောင်းဆိုထားကြောင်းကိုသာ ဖော်ပြနေခြင်းဖြစ်သည်။ ယေရှုနှင့် ကိုယ်တော်၏တပည့်တော်တို့သည် သည်းမခံတတ်သော ဖာရိရှဲ၊ ဇီးလော့ထ်တို့နှင့် အခြားကြီးခြားလိုက်ပါဘိ!
ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်နှစ်ပါးစလုံး ဆိုးယုတ်မှုကို လွှတ်မထားကြပေ။ မကြာမီ ‘ဘုရားသခင်ကိုမသိသောသူ၊ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို ဒဏ်ပေးတော်မူလိမ့်မည်။’ (၂ သက်သာလောနိတ် ၁:၆-၁၀) သို့သော် ဖြောင့်မတ်ခြင်းအတွက် ယေရှု၏စိတ်အားကြီးမှုတွင် ဖြောင့်မတ်ရာကိုကျင့်လိုသူအားလုံးအတွက် ကိုယ်တော်သည် မိမိကောင်းကင်ခမည်းတော်၏ စိတ်ရှည်မှု၊ သနားကြင်နာမှုနှင့် မေတ္တာပါသောစိတ်ပူပန်မှုတို့ကို ထင်ဟပ်ပြရန် တစ်ခါမျှမပျက်ကွက်ချေ။ (ဟေရှာယ ၄၂:၁-၃; မဿဲ ၁၁:၂၈-၃၀; ၁၂:၁၈-၂၁) ကျွန်ုပ်တို့အတွက် ယေရှုထားရှိသည့် ပုံသက်သေကောင်းတစ်ရပ်ပါတကား!
အချင်းချင်းတစ်ဦးကိုတစ်ဦး စိတ်ရှည်စွာသည်းခံလော့
စိတ်အားထက်သန်သော “ဖိနဟပ်” ဖြစ်လိုသည့် ဆန္ဒတစ်ခုကြောင့် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟုယူမှတ်သော “ဖာရိရှဲ” တစ်ဦး ဘယ်တော့မျှဖြစ်မသွားပါစေနှင့်။ (ဒေ. ၇:၁၆) ယင်းအစား တမန်တော်ပေါလု၏ ဤဆုံးမစကားကို ကျွန်ုပ်တို့ကျင့်သုံးကြစို့– “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအကြောင်းတစ်စုံတစ်ရာရှိလျှင်၊ အချင်းချင်း ဆက်၍သည်းခံလျက် အပြစ်ကို လိုလိုလားလားလွှတ်ကြလော့။ ယေဟောဝါသည် သင်တို့၏အပြစ်ကို လိုလိုလားလားလွှတ်တော်မူသကဲ့သို့ပင် သင်တို့လည်း ထိုနည်းတူပြုကြလော့။” (ကောလောသဲ ၃:၁၃၊ ကဘ; မဿဲ ၆:၁၄၊ ၁၅) သည်းခံခြင်းတွင် ကျွန်ုပ်တို့ အပြစ်ဆိုစရာအကြောင်းတစ်ခုရှိသည့်အချိန်၌ပင် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သည်းခံလျက်နေခြင်း လိုအပ်သည်။ အမှန်မှာ မစုံလင်သောဤကမ္ဘာတွင် ပျက်ကွက်မှုများနှင့် အမှားအယွင်းများကို သည်းခံမှုလုံးဝမထားခြင်းသည် လက်တွေ့မကျချေ။ အခြားသူတို့ထံမှ ကျွန်ုပ်တို့မျှော်လင့်ရာသည် တိုင်းတိုင်းဆဆရှိရန် လိုသည်။—ဖိလိပ္ပိ ၄:၅။
သည်းခံခြင်းမှာ အပြစ်ပြုခြင်းကိုနှစ်သက်လက်သင့်ခံခြင်း သို့မဟုတ် အမှားများရှိခြင်းကိုမျက်ကွယ်ပြုထားခြင်းတို့နှင့် စိုးစဉ်းမျှမသက်ဆိုင်ချေ။ ယုံကြည်သူချင်းတစ်ဦး၏ တွေးခေါ်မှု သို့မဟုတ် အမူအကျင့်ဆိုင်ရာ အသွင်အပြင်တစ်ခုခုသည် ယေဟောဝါ၏စံနှုန်းများဖြင့် သိပ်ညီညွတ်မှုရှိချင်မှရှိမည်။ ထိုသို့သွေဖည်သွားမှုကမ္ဘာဦး ၄:၆၊ ၇) ဝိညာဉ်ရေးရာအရည်အသွေးများရှိသူတို့သည် အမှားပြုသူတစ်ဦးကို သိမ်မွေ့နူးညံ့သောစိတ်ထားဖြင့် ပြန်လည်တည့်မတ်ပေးရန် ကြိုးစားသည့်အခါ မေတ္တာတရားအလွန်ကြီးမားလှပေစွ! (ဂလာတိ ၆:၁) သို့ဖြစ်စေကာမူ ဤကြိုးပမ်းအားထုတ်မှုအောင်မြင်ရန် အပြစ်ရှာစိတ်ဖြင့်ပြုမည့်အစား စိုးရိမ်ပူပန်စိတ်ဖြင့် လုပ်ဆောင်ရန်လိုအပ်သည်။
မှာ ယေဟောဝါ၏ ငြင်းပယ်ခံရမည့်အဖြစ်သို့ ဦးတည်သွားလောက်အောင် ကြီးလေးချင်မှကြီးလေးမည်ဖြစ်သော်လည်း ယင်းက ပြုပြင်ပြောင်းလဲမှုတစ်စုံတစ်ရာလိုအပ်ကြောင်း ပြညွှန်သည့် သတိပေးအချက်ပြနေပေမည်။ (‘နူးညံ့သောသဘောနှင့် အလွန်ရိုသေခြင်းရှိလော့’
ကျွန်ုပ်တို့နှင့် ဘာသာရေးရှုမြင်ချက်မတူသူတို့အပေါ် စိတ်ရှည်ခြင်းကိုကျင့်သုံးမှုနှင့်ပတ်သက်၍ အသို့နည်း။ ၁၈၃၁ ခုနှစ်၌ အိုင်ယာလန်နိုင်ငံတွင် တည်ထောင်ခဲ့သည့် အမျိုးသားရေးကျောင်းများအားလုံး၌ ပို့ချခဲ့သည့် “အထွေထွေသင်ခန်းစာ” တစ်ခုတွင် ဤသို့ဖတ်ရသည်– “ယေရှုခရစ်သည် မိမိ၏ဘာသာတရားကိုလက်ခံရန် အကြမ်းဖက်နည်းဖြင့် လူတို့ကို အတင်းအကျပ်ပြုလုပ်ရန် မရည်ရွယ်ခဲ့ချေ။ . . . ကျွန်ုပ်တို့၏အိမ်နီးချင်းများနှင့် ရန်ဖြစ်ခြင်း၊ သူတို့အား ရင့်ရင့်သီးသီးပြောဆိုခြင်းက ကျွန်ုပ်တို့သည် မှန်ကန်သည်ဘက်တွင်ရှိပြီး သူတို့မှားနေကြောင်း သူတို့ကို ယုံကြည်စေရန်နည်းလမ်းမဟုတ်ချေ။ ယင်းက ကျွန်ုပ်တို့တွင် ခရစ်ယာန်စိတ်ဓာတ်မရှိကြောင်း သူတို့ကို သာ၍ယုံကြည်လက်ခံစေဖွယ်ရှိသည်။”
ယေရှုသည် လူတို့အား ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဆွဲဆောင်စေသောနည်းဖြင့် သင်ကြား၍လုပ်ဆောင်တော်မူခဲ့သည်၊ ထို့အတူ ကျွန်ုပ်တို့လည်း ပြုလုပ်သင့်သည်။ (မာကု ၆:၃၄; လုကာ ၄:၂၂၊ ၃၂; ၁ ပေတရု ၂:၂၁) ဘုရားသခင်ပေး ထိုးထွင်းသိမြင်မှုအထူးပိုင်ဆိုင်ထားသည့် စုံလင်သောလူသားတစ်ဦးအနေနှင့် ကိုယ်တော်သည် နှလုံးတွင်းရှိသည့်အရာကို သိရှိနိုင်၏။ သို့ဖြစ်၍ လိုအပ်သောအခါ ယေရှုသည် ယေဟောဝါ၏ရန်သူများအပေါ် ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချမှုများကို ပြောနိုင်ခဲ့သည်။ (မဿဲ ၂၃:၁၃-၃၃) ကိုယ်တော် သည်းခံစိတ်မရှိ၍ ယင်းသို့ပြုခြင်းမဟုတ်ချေ။
ယေရှုနှင့်မတူဘဲ ကျွန်ုပ်တို့တွင် နှလုံးတွင်းရှိအရာကို သိနိုင်စွမ်းမရှိချေ။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် တမန်တော်ပေတရု၏ ဤဆုံးမစကားများကို လိုက်နာသင့်သည်– “ခရစ်တော်ကိုအရှင်သခင်အဖြစ် သင်တို့စိတ်နှလုံးတွင် ရိုသေကြလော့။ သင်တို့၌တည်ရှိသောမျှော်လင့်ခြင်းအကြောင်းမေးမြန်းသူတိုင်းအားဖြေဆိုရန် အခါခပ်သိမ်းအသင့်ရှိနေကြလော့။ သို့ရာတွင် နူးညံ့သိမ်မွေ့၊ ရိုသေလေးစားစွာဖြေကြားကြလော့။” (၁ ပေတရု ၃:၁၅၊ ကဘ) ယေဟောဝါ၏ကျေးကျွန်များအနေဖြင့် ကျွန်ုပ်တို့သည် မိမိတို့ယုံကြည်သောအရာကို ခုခံကာကွယ်သင့်သည်၊ အကြောင်းမှာ ယင်းသည် ဘုရားသခင့်နှုတ်မြွက်စကားတော်အပေါ် ခိုင်မြဲစွာအခြေခံထားသောကြောင့်တည်း။ သို့သော် ကျွန်ုပ်တို့သည် ယင်းသို့ကာကွယ်ရာတွင် အခြားသူတို့နှင့် သူတို့၏ စိတ်ရင်းမှန်ဖြင့် ခံယူထားသောယုံကြည်ချက်တို့ကို လေးစားမှုပြသသည့်နည်းဖြင့်ပြုရန် လိုအပ်သည်။ ပေါလု ဤသို့ရေးသားခဲ့သည်– “လူအသီးအသီးတို့အား အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။”—ကောလောသဲ ၄:၆။
ယေရှုသည် မိမိ၏ကျော်ကြားသောတောင်ပေါ်တရားတော်တွင် ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။” (မဿဲ ၇:၁၂) သို့ဖြစ်၍ ကျွန်ုပ်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် စိတ်ရှည်သည်းခံကြပြီး ကျွန်ုပ်တို့သတင်းကောင်းဟောပြောသူတို့အပေါ် လေးစားမှုတင်ပြကြပါစို့။ ဖြောင့်မတ်ခြင်းအတွက် ကျွန်ုပ်တို့၏ဇွဲရှိမှုကို သမ္မာကျမ်းစာပေါ်အခြေခံသည့် သည်းခံမှုနှင့် ဟန်ချက်ညီစေခြင်းဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါအား ရွှင်လန်းစေကြမည်ဖြစ်ပြီး အမှန်ပင်သည်းခံတတ်သူများဖြစ်ကြမည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဖာရိရှဲတို့၏ သည်းမခံသောသဘောကို ရှောင်လော့
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေရှုသည် မိမိခမည်းတော်၏ သည်းခံစိတ်ကို ထင်ဟပ်ပြခဲ့သည်။ အသင်ကော