ရွှေစင်ထက် ပို၍ကြာရှည်ခံ
ရွှေစင်ထက် ပို၍ကြာရှည်ခံ
ရွှေကို ယင်း၏လှပမှု၊ ကြာရှည်ခံမှုတို့ကြောင့် လူကြိုက်များကြသည်။ ယင်းသည် တောက်ပပြီး အချိန်ကြာမြင့်စွာ အရောင်မှေးမှိန်ခြင်းမရှိသည့်အတွက် လူကြိုက်များရခြင်းဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ရွှေသည် ရေ၊ အောက်ဆီဂျင်၊ ကန့်နှင့် အရာရာတိုင်း နီးပါး၏ဒဏ်ကို ခံရပ်နိုင်၍ဖြစ်၏။ မြှုပ်ထားသောအိုးများနှင့် အခြားနေရာများတွင် တွေ့ ရှိခဲ့သော ရှေးဟောင်းရွှေထည်ပစ္စည်းများစွာတို့သည် နှစ်ပေါင်းရာချီပြီးနောက်၌ပင် ယင်းတို့၏အရောင်မှေးမှိန်သွားခြင်းမရှိပေ။
သို့သော် စိတ်ဝင်စားဖွယ်ရာမှာ ပို၍ကြာရှည်ခံပြီး ‘မီးဖြင့်စစ်ကြောသော်လည်း ပျက်စီးတတ်သောရွှေထက် . . . သာ၍အဖိုးထိုက်’ သည့်အရာတစ်ခုကို သမ္မာကျမ်းစာဖော်ပြသည်။ (၁ ပေတရု ၁:၇) ရွှေကို မီးဖြင့်လည်းကောင်း၊ အခြားနည်းများဖြင့်လည်းကောင်း “စစ်ကြော၊” သို့မဟုတ် ချေးချွတ်လျှင် ၉၉.၉ ရာခိုင်နှုန်းအထိ သန့်စင်နိုင်သည်။ သို့တိုင် ရွှေစင်ပင်လျှင် ဟိုက်ဒရိုကလိုရစ်အက်စစ်သုံးဆနှင့် နိုက်ထရစ်အက်စစ်တစ်ဆ ရောထားသော တော်ဝင်အက်စစ် (တော်ဝင်ရေ) နှင့်ထိသောအခါ ပျက်စီးသွားသည်၊ သို့မဟုတ် အရည်ပျော်သွားသည်။ ထို့ကြောင့် သမ္မာကျမ်းစာက ‘ရွှေသည် ပျက်စီး’ တတ်သည်ဟုဖော်ပြရာ၌ သိပ္ပံနည်းကျမှန်ကန်ပါသည်။
ယင်းနှင့်ဆန့်ကျင်သည်မှာ စစ်မှန်သောခရစ်ယာန်ယုံကြည်ခြင်းသည် ‘စိုးလ်ကိုအသက်ရှင်စေသည်။’ (ဟေဗြဲ ၁၀:၃၉) လူတို့သည် ယေရှုခရစ်ကိုကွပ်မျက်သကဲ့သို့ ယုံကြည်ခြင်းခိုင်ခံ့သူတစ်ဦးကို ကွပ်မျက်နိုင်၏။ သို့သော် စစ်မှန်သောယုံကြည်ခြင်းရှိသူများကို ဤသို့ကတိပြုသည်– “သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင် အသက်သရဖူကိုငါပေးမည်။” (ဗျာဒိတ် ၂:၁၀) တည်ကြည်စွာသေဆုံးသွားသူများသည် ဘုရားသခင်၏မှတ်ဉာဏ်တွင်ရှိနေပြီး သူတို့ကို ကိုယ်တော်ထမြောက်စေတော်မူလိမ့်မည်။ (ယောဟန် ၅:၂၈၊ ၂၉) ရွှေမည်မျှပင်ရှိပါစေ ယင်းကို မလုပ်ဆောင်ပေးနိုင်ချေ။ ဤအကြောင်းကြောင့် ယုံကြည်ခြင်းသည် ရွှေထက် အမှန်ပင်သာ၍အဖိုးများစွာထိုက်သည်။ သို့ရာတွင် ဤထူးကဲသောအဖိုးထိုက်သည့် ယုံကြည်ခြင်းမျိုးရှိရန် စစ်ကြောစမ်းသပ်ခြင်းကိုလည်းခံရမည်ဖြစ်သည်။ အမှန်မှာ ပေတရုပြောခဲ့သည့် ရွှေထက်သာ၍အဖိုးထိုက်သည်ကား ‘စစ်ကြောစုံစမ်းခံပြီးသော ယုံကြည်ခြင်း’ ဖြစ်သည်။ ယေဟောဝါသက်သေများသည် စစ်မှန်သောဘုရားသခင် ယေဟောဝါနှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်တို့အပေါ် ခိုင်ခံ့သောယုံကြည်ခြင်း တိုးပွားစေပြီး ထိန်းသိမ်းထားနိုင်ရန် သင့်ကို ကျမ်းစာသင်ပေးကာ ကူညီပေးဖို့ ဝမ်းမြောက်ကြလိမ့်မည်ဖြစ်သည်။ ယေရှုမိန့်တော်မူသည့်အတိုင်း ယင်းသည် “ထာဝရအသက်” ဖြစ်၏။—ယောဟန် ၁၇:၃။