မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ယုံကြည် ပိုင်ခွင့်

သင့်ယုံကြည် ပိုင်ခွင့်

သင့်​ယုံကြည် ပိုင်ခွင့်

သင်​ယုံကြည်​လို​ရာ​ကို ယုံကြည်​ပိုင်ခွင့်​အား သင်​တန်ဖိုး​ထား​လေးမြတ်​ပေမည်။ အခြားသူများ​လည်း ထို့​အတူ​ဖြစ်၏။ ထို​လုပ်ပိုင်ခွင့်​ကို အသုံးပြု​ကြ​ခြင်း​အားဖြင့် ကမ္ဘာ​ပေါ်​ရှိ သန်းပေါင်း​ခြောက်​ထောင်​သော​လူတို့သည် အံ့သြဖွယ်ကောင်း​လောက်​အောင် ယုံကြည်ချက်​မျိုးစုံ​ဖြစ်ပေါ်​လာ​စေ​သည်။ ဖန်ဆင်း​ခြင်း​၌ ကျွန်ုပ်​တို့​တွေ့ရှိ​ရသည့်​အရောင်၊ ပုံသဏ္ဌာန်၊ ဖွဲ့စည်းပုံ၊ အရသာ၊ အနံ့​နှင့် အသံ​တို့သည် ကွဲပြား​ခြားနား​သည့်​နည်းတူ ကွဲပြား​သော​ယုံကြည်ချက်များ​က စိတ်ဝင်စားမှု၊ စိတ်​လှုပ်ရှားမှု​နှင့် ဘဝကို မွေ့လျော်​စ​ရာ တိုးပွား​စေ​၏။ ယင်း​သို့​သော​ကွဲပြား​ခြားနား​မှု​က စိတ်ဝင်စားမှု​ကို​နှိုးဆွ​ပေး​နိုင်၏။—ဆာလံ ၁၀၄:၂၄

သို့သော် သတိရှိ​ဖို့​လို​သည်။ ယုံကြည်ချက်​အချို့​သည် ကွဲပြား​ခြားနား​ရုံ​သာမက အန္တရာယ်​ပင်​ရှိ၏။ ဥပမာ၊ ဂျူး​များနှင့် ဖ​ရီး​မေ​ဆင်​များသည် “ခရစ်ယာန်​ယဉ်ကျေးမှုကို ဖြိုဖျက်​ကာ သူတို့၏​ပူးတွဲ​အုပ်ချုပ်မှု​အောက် နိုင်ငံ​တစ်ခု​တည်ထောင်” ရန် ကြံစည်​နေသည်​ဟု ၂၀ ရာစု​အစောပိုင်း​တွင် အချို့​သူများ​ယူမှတ်ခဲ့​ကြသည်။ ထိုသို့​ယူမှတ်ခဲ့​ရသည့် အကြောင်းရင်း​တစ်ခု​မှာ ဇိအုန်​ပညာရှင်​အကြီးအကဲ​များ​၏ ပဏာမ​သဘော​တူညီချက်​များ ခေါင်းစဉ်​ရှိ ရှေမ​အမျိုး​ကို​ဆန့်ကျင်​သော ဝေစာ​တစ်စောင်​ကြောင့်​ဖြစ်၏။ ၎င်း​ဝေစာ​က ထို​အကြံအစည်​များ​တွင် အလွန်အမင်း​အခွန်ကောက်​ခံ​ခြင်း၊ လက်နက်​ထုတ်လုပ်မှု​ကို မြှင့်တင်​ပေးခြင်း၊ ‘တစ်ပါး​အမျိုးသားများ​၏​စည်းစိမ်​ချမ်းသာ ရုတ်တရက်​ပျက်စီး​သွား’ စေရန် စီးပွားရေး​လုပ်ငန်းများ လက်ဝါး​ကြီး​အုပ်​ခြင်း​ကို အားပေး​တိုက်တွန်းခြင်း’ ပါဝင်​သည်​ဟု​ဆို​သည်။ စွပ်စွဲချက်​များ​တွင် ‘တစ်ပါး​အမျိုးသားများသည် မဆင်မခြင်​ပြုမူ​သည့် ယုတ်ညံ့​သူများ​ဖြစ်သွား’ စေရန် ပညာရေး​စနစ်​ကို ကြိုးကိုင်​ခြင်း၊ ဂျူး​အကြီးအကဲ​များသည် ‘သူတို့အား​ဆန့်ကျင်သူ မည်သူ​မဆို​ကို နှိမ်​နှင်း​ပယ်ရှား’ နိုင်​စေခြင်း​ငှာ မြို့တော်​များ​ကို မြေအောက်​ရထားလမ်း​များ ဖောက်​လုပ်ခြင်း​ဖြင့် ဆက်သွယ်​ထားခြင်း​တို့​လည်း ပါဝင်​ခဲ့​သည်။

အမှန်​မှာ ယင်း​တို့သည် မုသား​စကား​များ​ဖြစ်၍ ရှေမ​လူမျိုး​ဆန့်ကျင်ရေး​စိတ်ထား​ကို နှိုးဆွ​ပေး​ရန်​အတွက်​ဖြစ်သည်။ ‘ဤ​ယုတ္တိမရှိ​သော​စကား​သည်’ ၁၉၀၃ ခုနှစ်​တွင် သတင်းစာ​ဆောင်းပါး​တစ်ခု​၌ ပထမ​ဆုံး​ပေါ်ထွက်​လာ​သည့် ‘ရုရှား​နိုင်ငံ​မှ ပျံ့နှံ့​ခဲ့’ သည်​ဟု ဗြိတိသျှ​ပြတိုက်​မှ မာ့ခ်​ဂျုန်စ်​က​ဆို​သည်။ ထို​အကြောင်း​သည် ၁၉၂၀ ပြည့်နှစ်၊ မေ ၈ ရက်​တွင် လန်ဒန်​သည်​တိုင်းမ်​စ် သတင်းစာ​၌​ပါ​လာ​၏။ တစ်နှစ်​ကျော်​ကြာပြီးနောက် သည်​တိုင်းမ်​စ် သတင်းစာ​က ထို​အကြောင်းအရာ​သည် မမှန်ကန်​ကြောင်း ဖော်ပြ​ခဲ့​သည်။ ဤ​အချိန်​အတောအတွင်း အတော်အတန် ထိခိုက်​ပျက်ယွင်း​ခဲ့​လေ​သည်။ ‘ဤသို့​သော​မုသား​စကား​မျိုးကို ဖုံးဖိ​ကွယ်ဝှက်​ထား​ရန်​ခက်လှ​၏’ ဟု ဂျုန်စ်​က​ဆို​သည်။ ယင်းကို လူ​တို့​လက်ခံ​ကြသည်​နှင့် အလွန်အမင်း​ရန်လို​မုန်း​ထား၊ အဆိပ်အတောက်​ဖြစ်စေ​သော၊ ကြောက်မက်​ဖွယ်​ခံယူ​ချက်​အချို့​ကို ထွက်ပေါ်​လာ​စေ​၍ ဆိုးကျိုး​များ​ဖြစ်ပွား​စေ​လေ့​ရှိကြောင်း ၂၀ ရာစု​သမိုင်းက​ဖော်ပြ​သည်။—သု. ၆:၁၆-၁၉

ယုံကြည်ချက်​နှင့်​ဆန့်ကျင်​ရာ အမှန်တရား

တမင်တကာ​လိမ်ညာ​ပြောဆိုမှု​များ​ကြောင့်​သာ လွဲမှား​သော​ယုံကြည်ချက်များ ဖြစ်ပေါ်​လာ​သည်မဟုတ်။ တစ်ခါတစ်ရံ အကြောင်းအရာ​တစ်ခု​ကို တလွဲ​အဓိပ္ပာယ်​ကောက်​တတ်​သည်။ မှန်သည်​ဟု​ယူမှတ်​ပြီး ပြုလုပ်​ခဲ့​သောကြောင့် အချိန်မတန်​ဘဲ​သေဆုံး​ခဲ့​ရသူ မည်မျှ​ရှိ​သနည်း။ ထို့​ပြင် အကြောင်းအရာ​တစ်ခု​ကို ယုံကြည်​လို​ရုံ​မျှ​နှင့် ကျွန်ုပ်​တို့​ယုံလေ့​ရှိကြ​၏။ သိပ္ပံ​ပညာရှင်​များ​ပင်​လျှင် “မိမိတို့၏​ကိုယ်ပိုင်​တီထွင်မှု​များ​ကို အလွန်အမင်း​စွဲလမ်း​လေ့​ရှိ” ကြသည်​ဟု ပါမောက္ခ​တစ်ဦး​က​ဆို​သည်။ သူတို့၏​ယုံကြည်ချက်များ​က သူတို့၏​ချင့်ချိန်​ဝေဖန်ချက်​ကို ဝိုး​တိုး​ဝါး​တား​ဖြစ်စေ​သည်။ ထို​အခါ သူတို့၏​ယုံကြည်ချက်​အမှား​များ​ကို ထောက်ခံ​အားပေး​ရန် တစ်သက်လုံး အချည်းနှီး​ကြိုးစား​အားထုတ်​ကြ​ပေမည်။—ယေရမိ ၁၇:၉

အကြီးအကျယ်​ကွဲပြားမှု​ရှိသော ဘာသာရေး​ယုံကြည်ချက်များ​နှင့်​ပတ်သက်​၍​လည်း အလားတူ​ဖြစ်ပျက်​ခဲ့ပြီ။ (၁ တိမောသေ ၄:၁၊ ၂; ၂ တိမောသေ ၄:၃၊ ၄) လူတစ်ဦး​သည် ဘုရားသခင်​ကို ခိုင်မြဲ​စွာ​ယုံကြည်​၏။ အခြားသူ​တစ်ဦး​မူ​ကား ထို​သူသည် “အဓိပ္ပာယ်မဲ့​ယုံကြည်​နေ​၏” ဟု​ဆို​သည်။ လူသေ​ပြီး​နောက် မသေနိုင်​သည့်​ဝိညာဉ်​စိုးလ်​ကျန်ရှိ​သည်​ဟု တစ်ဦး​တစ်ယောက်​က အခိုင်အမာ​ဆို​သည်။ အခြား​တစ်ယောက်​က သင်​သေသွား​သောအခါ သင်သည်​လုံးဝ​မတည်ရှိ​တော့​ဟု ယုံကြည်​သည်။ ဤသို့​သော ကွဲပြား​ခြားနား​သည့်​ယုံကြည်ချက်​အားလုံး မမှန်​နိုင်​သည်​မှာ​ရှင်း​ပါ​သည်။ ထို့​ကြောင့် သင့်​ယုံကြည်ချက်​သည် သင်​ယုံကြည်​လို​သော​အရာ​သာ​မဟုတ်ဘဲ စစ်မှန်​ကြောင်း အသေအချာ​သိထားခြင်း​သည် ပညာရှိ​လမ်းစဉ်​မဟုတ်ပေ​လော။ (သု. ၁:၅) ယင်းကို သင်​မည်သို့​ပြုလုပ်​နိုင်​မည်​နည်း။ ဤ​အကြောင်းကို နောက်​ဆောင်းပါး​တွင် သုံးသပ်ကြ​ပါ​မည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

“ဇိအုန်​ပညာရှင်​အကြီးအကဲ​များ​၏ ပဏာမ​သဘော​တူညီချက်​များ” ကို ဖော်ထုတ်​သည့် ၁၉၂၁ ခုနှစ်​ဆောင်းပါး