သင်၏တိုးတက်မှုကို ထင်ရှားပြလော့
သင်၏တိုးတက်မှုကို ထင်ရှားပြလော့
“သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေခြင်းငှာ၊ ဤအရာများကိုစိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။” —၁ တိမောသေ ၄:၁၅။
၁။ သစ်သီးတစ်လုံးသည် မှည့်၍စားနိုင်ပြီဟု သင်မည်သို့ပြောနိုင်သနည်း။
သင်အကြိုက်ဆုံးသစ်သီး—မက်မွန်သီး၊ သစ်တော်သီး၊ သရက်သီး သို့မဟုတ် အသီးတစ်မျိုးမျိုး—ကို မြင်ယောင်ကြည့်လိုက်ပါ။ မည်သည့်အချိန်တွင် ထိုအသီးသည် မှည့်၍ စားနိုင်ပြီဖြစ်ကြောင်းကို သင်ပြောနိုင်သလော။ ဧကန်အမှန်ပင် သိပေမည်။ ယင်း၏မွှေးကြိုင်သောရနံ့၊ အရောင်နှင့် ၎င်းကိုကိုင်ကြည့်ခြင်းတို့ဖြင့် သင်သည် သွားရည်ယိုလောက်စရာ အရသာခံရတော့မည်ဟု သိရှိပေမည်။ တစ်ကိုက်မျှ ကိုက်လိုက်သည့်အခိုက် အာသာပြေ၍ သက်မချလိုက်မိပေမည်။ အရည်ရွှမ်းလိုက်လေခြင်း! ချိုမြိန်လိုက်လေခြင်း! ယင်းက သင့်ကို ပီတိဖြစ်စေသည်။
၂။ ရင့်ကျက်ခြင်းသည် မည်သို့ထင်ရှားသနည်း၊ ပုဂ္ဂိုလ်ချင်းဆက်ဆံရေး၌ အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။
၂ ဘဝ၏အခြားကဏ္ဍများတွင် ဤနှစ်လိုဖွယ် အလားတူအဖြစ်အပျက်မျိုးရှိသည်။ တစ်ခုအနေနှင့် အသီးဝင်းမှည့်သကဲ့သို့ လူတစ်ဦး၏ဝိညာဉ်ရေးရင့်ကျက်မှုသည်လည်း နည်းအမျိုးမျိုးဖြင့် သိသာထင်ရှားသည်။ ပိုင်းခြားသိမြင်မှု၊ ထိုးထွင်းသိမြင်မှု၊ ဉာဏ်ပညာစသည်တို့ကို လူတစ်ဦးထင်ရှားပြသောအခါ သူသည်ရင့်ကျက်မှုရှိကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုကြသည်။ (ယောဘ ၃၂:၇-၉) သဘောထားနှင့် အပြုအမူများတွင် ၎င်းအရည်အချင်းများကို ထင်ရှားဖော်ပြသူတို့နှင့် ပေါင်းဖော်ရခြင်းသည် အမှန်ပင်နှစ်ခြိုက်စရာဖြစ်၏။—သု. ၁၃:၂၀။
၃။ မိမိခေတ်ရှိလူတို့နှင့်စပ်လျဉ်း၍ ယေရှု၏ပုံဖော်ပြချက်က ရင့်ကျက်ခြင်းအကြောင်း အဘယ်အရာကိုဖော်ပြသနည်း။
၃ အခြားတစ်ဖက်တွင်မူ လူတစ်ဦးသည် ကာယရေးအရ အရွယ်ရောက်သူဖြစ်သော်လည်း သူ၏ပြောဆိုပြုမူပုံက စိတ်ပိုင်းနှင့် ဝိညာဉ်ရေးအရ မရင့်ကျက်သေးကြောင်းဖော်ပြပေမည်။ ဥပမာ၊ မိမိခေတ်ရှိ ထင်ရာစိုင်းလူမျိုးဆက်နှင့်စပ်လျဉ်း၍ ယေရှုခရစ်ကဤသို့မိန့်ဆိုခဲ့သည်– “ယောဟန်သည် မစားမသောက်ဘဲလာသည်ရှိသော် သူတို့က ‘ဤသူသည်နတ်ဆိုးစွဲသောသူဖြစ်သည်’ ဟုဆိုကြ၏။ လူသားသည် စားသောက်လျက်လာသည်ရှိသော် ‘ဤသူသည်စားကြူးသောသူ၊ စပျစ်ရည်သောက်ကြူးသောသူပါတကား’ . . . ဟု ဆိုပြန်ကြ၏။” ထိုသူတို့သည် ကာယရေးအရ ရင့်ကျက်ကြသော်လည်း ရင့်ကျက်မှုမရှိသော “သူငယ်” ကဲ့သို့ပြုမူကြသည်ဟု ယေရှုမိန့်ဆိုခဲ့သည်။ ထို့ကြောင့် ကိုယ်တော်ဤသို့ထပ်၍မိန့်ဆိုမဿဲ ၁၁:၁၆-၁၉၊ သမ္မာ။
ခဲ့သည်– “သို့သော်လည်း ပညာသည် မိမိအပြုအမူများအားဖြင့် မိမိဖြောင့်မတ်သည်ကို ထင်ရှားစေသည်။”—၄။ အဘယ်နည်းများဖြင့် တိုးတက်မှုနှင့် ရင့်ကျက်မှုရှိကြောင်း ထင်ရှားပြသနည်း။
၄ လူတစ်ဦး၏လုပ်ဆောင်မှုများနှင့် အကျိုးဆက်များက ရင့်ကျက်ခြင်း၏ ထူးခြားသောအမှတ်အသားဖြစ်သည့် စစ်မှန်သောဉာဏ်ပညာ သူ၌ရှိမရှိထင်ရှားစေကြောင်း ယေရှု၏စကားများမှ ကျွန်ုပ်တို့သိရှိနိုင်သည်။ ယင်းနှင့်စပ်လျဉ်း၍ တိမောသေအား တမန်တော်ပေါလုပေးခဲ့သော အကြံပေးချက်ကိုသတိပြုပါ။ တိမောသေ ကြိုးပမ်းလုပ်ဆောင်သင့်သောအရာများကို တစ်ခုချင်းစီ ဖော်ပြပြီးနောက် ပေါလုကဤသို့ဆိုခဲ့သည်– “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာ၊ ဤအရာများကိုစိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။” (၁ တိမောသေ ၄:၁၅) မှန်ပါသည်၊ ရင့်ကျက်ခြင်းဆိုင်ရာ ခရစ်ယာန်တစ်ဦး၏တိုးတက်မှုသည် “ထင်ရှား၏” သို့မဟုတ် အထင်အရှား သိမြင်ရ၏။ ခရစ်ယာန်ရင့်ကျက်မှုသည် တောက်ပသောအလင်းကဲ့သို့ မမြင်နိုင်သော သို့မဟုတ် ပုန်းကွယ်နေသော အရည်အချင်းတစ်ခုမဟုတ်ပါ။ (မဿဲ ၅:၁၄-၁၆) ထို့ကြောင့် တိုးတက်မှုနှင့် ရင့်ကျက်မှုတို့ကို ထင်ရှားစေနိုင်သော ဤအဓိကနည်းနှစ်နည်းကို သုံးသပ်ကြည့်ကြစို့– (၁) အသိပညာ၊ သိနားလည်မှုနှင့် ဉာဏ်ပညာတွင်တိုးပွားခြင်း; (၂) ဝိညာဉ်အသီးသီးခြင်းကို ထင်ရှားပြခြင်း။
ယုံကြည်ခြင်းနှင့် အသိပညာ၌ တညီတညွတ်တည်းရှိခြင်း
၅။ ရင့်ကျက်ခြင်းကို မည်သို့အဓိပ္ပာယ်ဖွင့်နိုင်သနည်း။
၅ အဘိဓာန်အများက ရင့်ကျက်ခြင်းသည် အပြည့်အဝဖွံ့ဖြိုးကြီးထွားသည့်အခြေအနေ၊ နောက်ဆုံးအဆင့် သို့မဟုတ် လိုချင်သောစံနှုန်းသို့ရောက်ရှိခြင်းဟု ရှင်းလင်းဖော်ပြထားသည်။ အစောပိုင်းတွင်ဖော်ပြခဲ့သည့်အတိုင်း သစ်သီးတစ်လုံးသည် သဘာဝကြီးထွားခြင်းဖြစ်စဉ် ပြီးမြောက်၍ ယင်း၏ပုံပန်း၊ အရောင်အဆင်း၊ အနံ့အရသာတို့ အလောတော်ဖြစ်လာသောအခါ ရင့်ပြီ သို့မဟုတ် မှည့်ပြီဟုဆိုနိုင်သည်။ ထို့ကြောင့် ရင့်ကျက်ခြင်းဟူသည် ထူးကဲခြင်း၊ ပြည့်စုံခြင်းနှင့် စုံလင်ခြင်းနှင့်ပင် အဓိပ္ပာယ်ဆင်တူသည်။—ဟေရှာယ ၁၈:၅; မဿဲ ၅:၄၅-၄၈; ယာကုပ် ၁:၄။
၆၊ ၇။ (က) မိမိအားဝတ်ပြုသူအားလုံး ဝိညာဉ်ရေးရင့်ကျက်မှုသို့တိုးတက်စေရန် ယေဟောဝါအလွန်စိတ်ဝင်စားကြောင်း အဘယ်အရာကတင်ပြသနည်း။ (ခ) ဝိညာဉ်ရေးရင့်ကျက်မှုသည် အဘယ်အရာနှင့် နီးစပ်စွာဆက်နွှယ်သနည်း။
၆ ယေဟောဝါဘုရားသခင်သည် မိမိအားဝတ်ပြုသူအားလုံး ဝိညာဉ်ရေးရင့်ကျက်မှုရှိစေဖို့ အလွန်စိတ်ဝင်စားတော်မူ၏။ ထိုသို့ဖြစ်စေရန် ကိုယ်တော်သည် ခရစ်ယာန်အသင်းတော်တွင် ကောင်းမြတ်သည့်ပြင်ဆင်ပေးချက်များကို ပြုလုပ်ပေးထားသည်။ ဧဖက်မြို့ရှိခရစ်ယာန်များထံ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကိုပြုတတ်မည်အကြောင်း သန့်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလို့ငှာ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့လည်းကောင်း တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏတည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြသည့်တိုင်အောင်ဖြစ်သတည်း။ အကြောင်းမူကား၊ သူတစ်ပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်းငှာ လှည့်ဖြားပြောဆိုသဖြင့်၊ ငါတို့သည် နောက်တစ်ဖန် ခပ်သိမ်းသော . . . လေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူငယ်မဖြစ် . . . မည်အကြောင်းတည်း။”—ဧဖက် ၄:၁၁-၁၅။
၇ ယင်းအခန်းငယ်များတွင် ပေါလုက အသင်းတော်တွင် လူတိုင်း ‘ယုံကြည်ခြင်းနှင့် တိကျမှန်ကန်သောအသိပညာသို့ တညီတညွတ်တည်းရောက်’ ရန်၊ “ကြီးရင့်သောလူ” ဖြစ်လာပြီး ‘ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ’ ရှိသင့်သောကြောင့် ဘုရားသခင်သည် ဝိညာဉ်ရေးရာပြင်ဆင်ပေးချက်များ အလျှံပယ်ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ သို့မှသာ ကျွန်ုပ်တို့
သည် ဝိညာဉ်ရေးရာသူငယ်များကဲ့သို့ မှားယွင်းသောအယူအဆများနှင့် သွန်သင်ချက်များဖြင့် ဖရိုဖရဲဖြစ်ခြင်းဘေးမှလွတ်မြောက်မည်ဖြစ်သည်။ ဤသို့ဖြင့် ခရစ်ယာန်ရင့်ကျက်မှုသို့တိုးတက်ခြင်းနှင့် “ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့လည်းကောင်း တညီတညွတ်တည်း” ရောက်ခြင်းသည် နီးစပ်စွာဆက်နွှယ်ကြောင်း ကျွန်ုပ်တို့တွေ့ရှိရသည်။ ပေါလု၏အကြံပေးချက်တွင် ကျွန်ုပ်တို့နှလုံးသွင်းအပ်သောအချက် အတော်များများပါရှိသည်။၈။ ယုံကြည်ခြင်းနှင့် တိကျမှန်ကန်သောအသိပညာ၌ “တညီတညွတ်တည်း” ရှိရန် အဘယ်အရာလိုအပ်သနည်း။
၈ ဦးဆုံး “တညီတညွတ်တည်း” ရှိရမည်ဖြစ်ရာ ရင့်ကျက်သောခရစ်ယာန်တစ်ဦးသည် ယုံကြည်ခြင်းနှင့် အသိပညာဘက်တွင် ယုံကြည်သူချင်းများနှင့် တစည်းတလုံး၊ တညီတညွတ်တည်းရှိရမည်။ ကျမ်းစာသိနားလည်မှုနှင့်ပတ်သက်လာလျှင် သူသည် ကိုယ့်ထင်မြင်ချက်များကို ထောက်ခံခြင်း၊ အတင်းအကျပ်ပြောဆိုခြင်း သို့မဟုတ် ကိုယ်ပိုင်အယူအဆများကို စွဲကိုင်ထားခြင်းမရှိ။ ယင်းအစား ယေဟောဝါဘုရားသခင်သည် မိမိ၏သားတော်ယေရှုခရစ်နှင့် ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ မှတစ်ဆင့် ဖော်ပြသည့်အမှန်တရားကို အပြည့်အဝယုံကြည်စိတ်ချသည်။ ခရစ်ယာန်စာပေစာတမ်းများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများမှတစ်ဆင့် မှန်မှန်ပြင်ဆင်ပေးသော “အချိန်တန်” ဝိညာဉ်အစာကို မှီဝဲခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့် အသိပညာဘက်တွင် ခရစ်ယာန်ချင်းများနှင့် “တညီတညွတ်တည်း” ရှိခြင်းကိုထိန်းသိမ်းထားကြောင်း သေချာနိုင်သည်။—မဿဲ ၂၄:၄၅။
၉။ ဧဖက်မြို့သားများထံရေးသားခဲ့သောစာ၌ ပေါလုအသုံးပြုခဲ့သော “ယုံကြည်ခြင်း” ဟူသည့်အသုံးအနှုန်း၏အဓိပ္ပာယ်ကို ရှင်းပြပါ။
၉ ဒုတိယအနေနှင့် “ယုံကြည်ခြင်း” ဟူသောအသုံးအနှုန်းသည် ခရစ်ယာန်တစ်ဦးစီ၌ရှိသော ခံယူချက်ကိုမဆိုလိုဘဲ ကျွန်ုပ်တို့၏ယုံကြည်ချက်တစ်ခုလုံး၊ ယင်း၏ “အနံ အလျား အနက် အမြင့်” တို့ကိုဆိုလိုသည်။ (ဧဖက် ၃:၁၈; ၄:၅; ကောလောသဲ ၁:၂၃; ၂:၇) အမှန်မှာ၊ ခရစ်ယာန်တစ်ဦးသည် “ယုံကြည်ခြင်း” ၏ကဏ္ဍအချို့ကိုသာ ယုံကြည်လက်ခံမည်ဆိုလျှင် ယုံကြည်သူချင်းများနှင့် မည်သို့တညီတညွတ်တည်းဖြစ်နိုင်မည်နည်း။ ယင်းကြောင့် သမ္မာကျမ်းစာ၏ အခြေခံသွန်သင်ချက်များမျှသာသိခြင်း၊ သို့မဟုတ် အမှန်တရားနှင့်ဆိုင်သောအသိပညာကို အပေါ်ယံ သို့မဟုတ် အချို့တစ်ဝက်မျှသာသိထားရုံဖြင့် ကျေနပ်နေ၍မရခြင်းကိုဆိုလိုသည်။ ၎င်းအစား သမ္မာကျမ်းစာကို နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေလေ့လာရန် အဖွဲ့အစည်းမှတစ်ဆင့် ယေဟောဝါပြင်ဆင်ပေးထားသမျှ အရာအားလုံးကို အခွင့်အရေးယူရန် ကျွန်ုပ်တို့စိတ်ဝင်စားသင့်သည်။ ဘုရားသခင့်အလိုတော်နှင့် ရည်ရွယ်ချက်ကို အတိကျဆုံးနှင့် အပြည့်ဝဆုံးသိနားလည်ဖို့ ကျွန်ုပ်တို့ကြိုးစားရမည်။ ထိုတွင် သမ္မာကျမ်းစာနှင့် ကျမ်းစာစာပေများကို အချိန်ယူ၍ဖတ်ရှုလေ့လာခြင်း၊ ကိုယ်တော့်အကူအညီနှင့် လမ်းညွှန်မှုအတွက် ဘုရားသခင်ထံဆုတောင်းခြင်း၊ ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းနှင့် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အချိန်ပြည့်ပါဝင်ခြင်းတို့ အကျုံးဝင်သည်။—သု. ၂:၁-၅။
၁၀။ ဧဖက် ၄:၁၃ တွင်အသုံးပြုထားသော “ငါတို့ရှိသမျှ . . . ရောက်ကြသည်တိုင်အောင်၊” ဟူသောစကားများ၏ဆိုလိုရင်းကား အဘယ်နည်း။
၁၀ တတိယ၊ ပေါလုသည် “ငါတို့ရှိသမျှ . . . ရောက်ကြသည်တိုင်အောင်” ဟူသောစကားလုံးဖြင့် ပန်းတိုင်သုံးခုကို အစပြုဖော်ပြသည်။ “ငါတို့ရှိသမျှ” ဟူသောအသုံးအနှုန်းကို ကျမ်းစာလက်စွဲစာအုပ်တစ်အုပ်က “အားလုံး၊ တစ်ဦးချင်း၊ သီးသန့်မဟုတ်ဘဲ တစည်းတလုံးတည်း” ဟူ၍အဓိပ္ပာယ်ဖော်ပြသည်။ တစ်နည်းအားဖြင့် ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးနှင့်အတူ ကျွန်ုပ်တို့ယောက်စီယောက်တိုင်းသည် ခရစ်ယာန်ရင့်ကျက်မှုပန်းတိုင်ကိုလိုက်မီဖို့ အတော်အသင့်ကြိုးပမ်းသင့်သည်။ သည်အင်တာပရက်တာဘိုင်ဘယ် က ဤသို့ဆိုသည်– “ကိုယ်ခန္ဓာတစ်ခုလုံး ကျန်းမာထွားကျိုင်းမှုမရှိဘဲ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု မကြီးထွားလာနိုင်သကဲ့သို့ ဝိညာဉ်ရေးဘက် ပြီးပြည့်အောင်မြင်ရန် တစ်သီးပုဂ္ဂလကြိုးစားအားထုတ်၍မရချေ။” ယုံကြည်ခြင်း၏ဆိုလိုရင်းအပြည့်အစုံကို နားလည်သဘောပေါက်ရန် “သန့်ရှင်းသူအပေါင်းတို့နှင့်အတူ” ကြိုးပမ်းသင့်ကြောင်း ဧဖက်မြို့မှခရစ်ယာန်များကို ပေါလုသတိပေးခဲ့သည်။—ဧဖက် ၃:၁၈က၊ သမ္မာ။
၁၁။ (က) ဝိညာဉ်ရေးဘက် တိုးတက်ခြင်းဟူသည် အဘယ်အရာကိုဆိုလိုနေခြင်းမဟုတ်သနည်း။ (ခ) တိုးတက်ရန် ကျွန်ုပ်တို့အဘယ်အရာပြုလုပ်ဖို့လိုသနည်း။
၁၁ ဝိညာဉ်ရေးဘက်တိုးတက်ခြင်းဟူသည် ကျွန်ုပ်တို့၏စိတ်ထဲ အသိပညာနှင့် အတတ်ပညာကြီးဖြင့် ပြည့်စေခြင်းမျှမကဆိုလိုကြောင်း ပေါလု၏စကားများက ထင်ရှားစေသည်။ ရင့်ကျက်သောခရစ်ယာန်တစ်ဦးသည် မိမိ၏ဉာဏ်ထက်မြက်မှုကို သူတစ်ပါးအထင်ကြီးစေရန် မပြုလုပ်ပါ။ ယင်းအစား ကျမ်းစာကဤသို့ဆို၏– “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။” (သု. ၄:၁၈) မှန်ပါသည်၊ “တိုးပွားထွန်းလင်း” သည်မှာ လူတစ်ဦးမဟုတ်ဘဲ “လမ်း” ဖြစ်သည်။ မိမိ၏လူမျိုးတော်ကို ယေဟောဝါပေးသနားနေသော တိုး၍ထွန်းလင်းလာသည့် ကျမ်းစာသိနားလည်မှုနှင့် ရင်ပေါင်တန်းနေဖို့ ကျွန်ုပ်တို့အပတ်တကုတ်ဆက်ကြိုးစားကြမည်ဆိုလျှင် ဝိညာဉ်ရေးဘက် တိုးတက်နေကြပါလိမ့်မည်။ သို့ဖြစ်၍ ရင်ပေါင်တန်းနေခြင်းဆိုသည်မှာ ရှေ့သို့တိုးတက်ခြင်း ဖြစ်ပြီး ယင်းကို ကျွန်ုပ်တို့အားလုံး ပြုလုပ်နိုင်၏။—ဆာလံ ၉၇:၁၁; ဆာလံ ၁၁၉:၁၀၅။
‘ဝိညာဉ်အသီး’ ကိုထင်ရှားပြပါ
၁၂။ ဝိညာဉ်ရေးဘက်တိုးတက်ဖို့ ကျွန်ုပ်တို့ကြိုးစားကြရာ၌ ဝိညာဉ်အသီးကိုထင်ရှားပြခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၂ ‘ယုံကြည်ခြင်းနှင့် တိကျမှန်ကန်သောအသိပညာ၌ တညီတညွတ်တည်း’ ရှိခြင်းသည် အရေးပါသော်လည်း ကျွန်ုပ်တို့၏ဘဝကဏ္ဍတိုင်း၌ ဘုရားသခင့်ဝိညာဉ်အသီးသီးခြင်းကို ထင်ရှားပြဖို့ ထပ်တူပင်အရေးပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့တွေ့ရှိခဲ့သည့်အတိုင်း ရင့်ကျက်ခြင်းဟူသည် မမြင်နိုင်သော သို့မဟုတ် ပုန်းကွယ်နေသောအရာမဟုတ်ဘဲ အခြားသူများကို အကျိုးပြု၍ တည်ဆောက်ပေးနိုင်သည့် သိသာထင်ရှားသော အရည်အချင်းများဖြင့် သတ်မှတ်ထားနိုင်သောကြောင့်ဖြစ်၏။ ဝိညာဉ်ရေးဘက်တိုးတက်ဖို့ ကျွန်ုပ်တို့ကြိုးစားကြရာတွင် ရည်မွန်သောအမူအကျင့်များရှိသည်ဟုအထင်ခံရဖို့ သို့မဟုတ် ဟိတ်ဟန်ထုတ်ဖို့ ကြိုးပမ်းခြင်းမျှမဟုတ်ပါ။ ယင်းအစား ဘုရားသခင့်ဝိညာဉ်တော်ဦးဆောင်မှုကိုလိုက်ကာ ဝိညာဉ်ရေးဘက် ကျွန်ုပ်တို့တိုးတက်နေကြစဉ် ကျွန်ုပ်တို့၏သဘောထားနှင့် လုပ်ရပ်များသည် အံ့ဖွယ်ကောင်းစွာ ပြောင်းလဲလာပါလိမ့်မည်။ “ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့မလိုက်ဘဲနေကြလိမ့်မည်” ဟုတမန်တော်ပေါလုပြောခဲ့သည်။—ဂလာတိ ၅:၁၆။
၁၃။ အဘယ်ပြောင်းလဲမှုက တိုးတက်ကြောင်းထင်ရှားစေသနည်း။
၁၃ ပေါလုသည် များပြား၍ “ထင်ရှား” သောဇာတိပကတိအကျင့်တို့ကို ဆက်၍စာရင်းတင်ပြခဲ့သည်။ လူတစ်ဦးသည် ဘုရားသခင့်တောင်းဆိုချက်များကို တန်ဖိုးမထားတတ်မီ သူ၏ဘဝသည် ဤလောကလမ်းစဉ်အတိုင်း ပုံသွင်းခံပြီး ပေါလုဖော်ပြခဲ့သော ဤအကျင့်အချို့ကိုကျင့်ပေမည်– “မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ . . . ကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်ပေတည်း။” (ဂလာတိ ၅:၁၉-၂၁) သို့သော်၊ ထိုသူသည် ဝိညာဉ်ရေးဘက် တိုးတက်လာသည်နှင့်အမျှ မနှစ်သက်ဖွယ်ကောင်းသော ဤ “ဇာတိပကတိအကျင့်တို့” ကိုတဖြည်းဖြည်းအနိုင်ယူကာ ‘ဝိညာဉ်အသီး’ နှင့်အစားထိုးသည်။ ဤသို့မျက်ဝါးထင်ထင် ပြောင်းလဲခြင်းက သူသည် ခရစ်ယာန်ရင့်ကျက်မှုသို့တိုးတက်ကြောင်း ထင်ရှားစေသည်။—ဂလာတိ ၅:၂၂။
၁၄။ “ဇာတိပကတိအကျင့်တို့” နှင့် ‘ဝိညာဉ်အသီး’ ဟူသောအသုံးအနှုန်းနှစ်မျိုးကို ရှင်းပြပါ။
၁၄ “ဇာတိပကတိအကျင့်တို့” နှင့် ‘ဝိညာဉ်အသီး’ ဟူသောအသုံးအနှုန်းနှစ်ခုကို ကျွန်ုပ်တို့သတိပြုသင့်သည်။ “အကျင့်တို့” သည် လူတစ်ဦးပြုလုပ်ထားရာ၏ ရလဒ်များဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိပကတိအကျင့်များအဖြစ် ပေါလုစာရင်းတင်ပြရာများမှာ လူတစ်ဦး၏သိလျက်နှင့်လုပ်ဆောင်မှုများ သို့မဟုတ် အပြစ်ပြုလိုသော လူ့အသွေးအသားလွှမ်းမိုးမှု၏ အကျိုးဆက်များဖြစ်သည်။ (ရောမ ၁:၂၄၊ ၂၈; ရောမ ၇:၂၁-၂၅) အခြားတစ်ဖက်တွင်မူ ‘ဝိညာဉ်အသီး’ ဟူသောအသုံးအနှုန်းက ဖော်ပြထားသော အရည်အချင်းများသည် အကျင့်စရိုက်ပြုစုပျိုးထောင်ခြင်း သို့မဟုတ် ကိုယ်ရည်ကိုယ်သွေးတိုးပွားစေခြင်းဟုခေါ်သည့် ကြိုးပမ်းမှု ၏ ရလဒ်များမဟုတ်ဘဲ လူတစ်ဦးပေါ်၌ ဘုရားသခင့်ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ရလဒ်များဖြစ်သည်။ ကောင်းစွာကြည့်ရှုပြုစုထားသော အပင်တစ်ပင်သည် အသီးသီးသကဲ့သို့ လူတစ်ဦး၏အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော် လွတ်လပ်စွာစီးဆင်းသောအခါ သူသည် ဝိညာဉ်အသီးကို ထင်ရှားစွာတင်ပြပါလိမ့်မည်။—ဆာလံ ၁:၁-၃။
၁၅။ ‘ဝိညာဉ်အသီး’ ၏သွင်ပြင်အားလုံးကို ဂရုစိုက်ဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၁၅ သုံးသပ်စရာအခြားတစ်ချက်မှာ နှစ်လိုဖွယ်အရည်အချင်းအားလုံးကို ခြုံ၍ဖော်ပြရန် ပေါလုအသုံးပြုခဲ့သော ‘အသီး’ ဟူသည့်စကားလုံးဖြစ်သည်။ ကျွန်ုပ်တို့စိတ်ကြိုက်ရွေးချယ်ရန် အသီးအမျိုးမျိုးကို ဝိညာဉ်တော်ကမသီးစေပါ။ ပေါလုစာရင်းတင်ပြခဲ့သည့် အရည်အချင်းအားလုံး—ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း—တို့သည် တန်းတူအရေးပါပြီး ၎င်းတို့စုပေါင်း၍ ခရစ်ယာန်ဥပဓိရုပ်အသစ်ကိုဖြစ်ပေါ်စေနိုင်သည်။ (ဧဖက် ၄:၂၄; ကောလောသဲ ၃:၁၀) သို့ဖြစ်၍ ကျွန်ုပ်တို့၏ပင်ကိုစရိုက်၊ စိတ်တိမ်းညွတ်မှုများကြောင့် ၎င်းအရည်အချင်းများမှ အချို့တို့ကို ကျွန်ုပ်တို့၏အသက်တာတွင် ပို၍ပေါ်လွင်ထင်ရှားစေနိုင်ကြောင်း တွေ့ရှိရမည်ဖြစ်သော်လည်း ပေါလုဖော်ပြခဲ့သော သွင်ပြင်အားလုံးတို့ကို ဂရုစိုက်ပြုစုပျိုးထောင်ဖို့အရေးကြီးသည်။ ဤသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့၏အသက်တာတွင် ခရစ်တော်ကဲ့သို့သော ဥပဓိရုပ်ကို သာ၍အပြည့်အဝပေါ်လွင်စေနိုင်ကြမည်။—၁ ပေတရု ၂:၁၂၊ ၂၁။
၁၆။ ခရစ်ယာန်ရင့်ကျက်မှုကို ကျွန်ုပ်တို့မီအောင်လိုက်ခြင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း၊ ယင်းကိုမည်သို့အထမြောက်စေနိုင်မည်နည်း။
၁၆ ပေါလု၏ဆွေးနွေးချက်မှ ကျွန်ုပ်တို့ရရှိနိုင်သော အရေးပါသည့်သင်ခန်းစာမှာ ခရစ်ယာန်ရင့်ကျက်မှုကို မီအောင်လိုက်ရာတွင် ကျွန်ုပ်တို့၏ရည်ရွယ်ချက်သည် အသိပညာနှင့် ဗဟုသုတအကြီးအကျယ်ဆည်းပူးရန်လည်းမဟုတ်၊ ရည်မွန်သောပင်ကိုစရိုက်များ မွေးမြူဖို့လည်းမဟုတ်ပါ။ ကျွန်ုပ်တို့၏ဘဝတွင် ဘုရားသခင့်ဝိညာဉ်တော် လွတ်လပ်စွာစီးဆင်းစေဖို့သာဖြစ်၏။ ဘုရားသခင့်ဝိညာဉ်တော်ဦးဆောင်မှုကိုလိုက်၍ ကျွန်ုပ်တို့စဉ်းစားပြုမူလေလေ ဝိညာဉ်ရေးဘက် ကျွန်ုပ်တို့ရင့်ကျက်လာလေလေဖြစ်သည်။ ဤရည်ရွယ်ချက်ကို ကျွန်ုပ်တို့မည်သို့အထမြောက်စေနိုင်သနည်း။ ဘုရားသခင့်ဝိညာဉ်တော်၏ ဩဇာလွှမ်းမှုကိုခံရန် ကျွန်ုပ်တို့၏စိတ်နှလုံးကိုအသင့်ရှိစေရမည်။ ယင်းတွင် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းနှင့် ပါဝင်ခြင်းတို့ အကျုံးဝင်သည်။ ထို့ပြင် ကျမ်းစာမူများ၏ လမ်းညွှန်မှုအတိုင်း အခြားသူများနှင့်ဆက်ဆံပြုမူရန်၊ ရွေးချယ်မှုများနှင့် ဆုံးဖြတ်ချက်များပြုလုပ်ရန် ယင်းကို မှန်မှန်လေ့လာ၍ တွေးတောဆင်ခြင်သင့်သည်။ သို့ပြုလျှင် ကျွန်ုပ်တို့၏တိုးတက်မှုသည် အမှန်ပင်ပေါ်လွင်ထင်ရှားလာပေမည်။
ဘုရားသခင့်ဘုန်းတော်အတွက် တိုးတက်ပါ
၁၇။ တိုးတက်နေခြင်းသည် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို ဂုဏ်တင်ခြင်းနှင့် မည်သို့ဆက်စပ်သနည်း။
၁၇ အပြီးသတ်တွင်၊ ကျွန်ုပ်တို့၏တိုးတက်မှုကို ထင်ရှားစေခြင်းက ကျွန်ုပ်တို့ကိုယ်ကိုမဟုတ်ဘဲ ကျွန်ုပ်တို့ကို ဝိညာဉ်ရေးဘက်ရင့်ကျက်လာစေသောအရှင်၊ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းစေသည်။ ယေရှုအသတ်မခံရမီညတွင် တပည့်တော်များကို ကိုယ်တော်ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်၊ ငါ့ခမည်းတော်သည်ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။” (ယောဟန် ၁၅:၈) တပည့်တော်များသည် ဝိညာဉ်အသီးသီးခြင်းနှင့် အမှုတော်ဆောင်၍ ဘုရားသခင့်နိုင်ငံတော်အသီးများသီးခြင်းဖြင့် ယေဟောဝါအားဂုဏ်တင်ချီးမွမ်းခဲ့ကြသည်။—တမန်တော် ၁၁:၄၊ ၁၈; ၁၃:၄၈။
၁၈။ (က) ယနေ့ အဘယ်ရွှင်လန်းဖွယ်ရိတ်သိမ်းခြင်း ဖြစ်ပျက်နေသနည်း။ (ခ) ဤရိတ်သိမ်းခြင်းက အဘယ်စိန်ခေါ်ချက်ကိုဖြစ်ပေါ်စေသနည်း။
၁၈ ယနေ့ ကမ္ဘာချီဝိညာဉ်ရေးရိတ်သိမ်းခြင်း၌ ယေဟောဝါ၏လူမျိုးတော်ပါဝင်နေကြစဉ် သူတို့အပေါ် ကိုယ်တော်ကောင်းချီးသွန်းလောင်းတော်မူ၏။ နှစ်စဉ် လူသစ် ၃၀၀,၀၀၀ ခန့်တို့သည် ယေဟောဝါထံ မိမိတို့ကိုယ်ကိုအပ်နှံခဲ့ကြပြီး မိမိတို့၏ဆက်ကပ်အပ်နှံခြင်းကို တင်ပြသည့်အနေဖြင့် ရေတွင်နှစ်ခြင်းယူခဲ့ကြသည်မှာ ယခုနှစ်ချီခဲ့ပြီ။ ယင်းက ကျွန်ုပ်တို့ကိုပျော်ရွှင်စေပြီး ယေဟောဝါ၏နှလုံးကိုလည်း ရွှင်ပြုံးစေသည်မှာသေချာသည်။ (သု. ၂၇:၁၁) သို့သော် ယေဟောဝါအတွက် ရွှင်လန်းမှုနှင့် ချီးမွမ်းဖွယ်ရာ အဆက်မပြတ်ဖြစ်နေစေရန် ဤလူသစ်များသည် “[ခရစ်တော်] ၌ကျင်လည်လျက်၊ အမြစ်စွဲလျက်၊ တည်ဆောက်ခြင်းရှိလျက်၊ . . . ယုံကြည်ခြင်း၌မြဲမြံစွာစွဲလမ်းလျက် . . . ရှိနေကြ” ဖို့လိုသည်။ (ကောလောသဲ ၂:၆၊ ၇၊ သမ္မာ) ယင်းက ဘုရားသခင့်လူမျိုးတော်အတွက် စိန်ခေါ်ချက်နှစ်ရပ်ကိုဖြစ်ပေါ်စေသည်။ တစ်ဖက်တွင်၊ အသင်သည် နှစ်ခြင်းခံထားခါစလူသစ်ဖြစ်လျှင် “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေ” ခြင်းငှာ စိန်ခေါ်ချက်ကိုသင်လက်ခံမည်လော။ အခြားတစ်ဖက်တွင်မူ အသင်သည် အမှန်တရားတွင် အချိန်အတန်ကြာရှိခဲ့ပြီဆိုလျှင် လူသစ်များ၏ ဝိညာဉ်ရေးအကျိုးကို တာဝန်ယူဆောင်ရွက်ပေးရန်စိန်ခေါ်ချက်ကို သင်လက်ခံပါမည်လော။ မည်သို့ပင်ဖြစ်စေ ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်းဖို့လိုခြင်းသည် ထင်ရှား၏။—ဖိလိပ္ပိ ၃:၁၆; ဟေဗြဲ ၆:၂။
၁၉။ သင်၏တိုးတက်မှုကို ထင်ရှားစေမည်ဆိုလျှင် အဘယ်အခွင့်ထူးနှင့် ကောင်းချီးများကို သင်ရရှိနိုင်သနည်း။
၁၉ မိမိတို့၏တိုးတက်မှုကို ထင်ရှားစေဖို့ ကြိုးပမ်းကြသူအားလုံးအတွက် တကယ်ကောင်းမွန်သော ကောင်းချီးများခံစားရဖို့ရှိသည်။ တိုးတက်ဖို့ တိမောသေအားတိုက်တွန်းပြီးနောက် ပေါလုပြောခဲ့သော ဤအားပေးစကားကို ပြန်သတိရပါ– “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမ [သွန်သင်ခြင်း] ကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။” (၁ တိမောသေ ၄:၁၆) သင်၏တိုးတက်မှုကို လုံ့လရှိစွာထင်ရှားပြခြင်းဖြင့် ဘုရားသခင့်နာမတော်ကို ဂုဏ်တင်ခြင်းနှင့် ကိုယ်တော့်ကောင်းချီးများခံစားရသည့် အခွင့်ထူးကို အသင်လည်း ခံစားနိုင်ပါလိမ့်မည်။
သင်မှတ်မိသလော
• ဝိညာဉ်ရေးရင့်ကျက်မှုကို အဘယ်နည်းများဖြင့် ထင်ရှားစေနိုင်သနည်း။
• အဘယ်အသိပညာမျိုးနှင့် သိနားလည်မှုမျိုးက ရင့်ကျက်ခြင်းကို ထင်ရှားပေါ်လွင်စေသနည်း။
• ‘ဝိညာဉ်အသီး’ သီးခြင်းဖြင့် ဝိညာဉ်ရေးတိုးတက်မှုကို မည်သို့ဖော်ပြသနည်း။
• ရင့်ကျက်ခြင်းအဖြစ်သို့ ကျွန်ုပ်တို့တက်လှမ်းနေကြစဉ် အဘယ်စိန်ခေါ်ချက်ကို ကျွန်ုပ်တို့လက်ခံရမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
မှည့်ခြင်း၊ သို့မဟုတ် ရင့်ကျက်ခြင်းကို အထင်အရှားသိမြင်နိုင်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဖော်ပြထားသော အမှန်တရားနှင့် ရင်ပေါင်တန်းနေခြင်းဖြင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတွင်တိုးတက်ကြ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဆုတောင်းခြင်းက ‘ဝိညာဉ်အသီး’ ကိုထင်ရှားဖော်ပြရန် ထောက်ကူပေး