သင်ယုံကြည်ရာကို အဘယ်ကြောင့်ယုံကြည်ရသနည်း
သင်ယုံကြည်ရာကို အဘယ်ကြောင့်ယုံကြည်ရသနည်း
ယုံကြည်ခြင်းဟူသည် “စစ်မှန်သည်ဟု လက်ခံခြင်း” ဖြစ်သည်။ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း က လူတိုင်း၏ “လွတ်လပ်စွာတွေးခေါ်ခွင့်၊ ကိုယ်ကိုကိုယ်သိသောစိတ်ရှိခွင့်နှင့် ဘာသာရေးလွတ်လပ်ခွင့်” ကိုအမြတ်တနိုးထား လေးစားသည်။ ထိုအခွင့်အရေးတွင် လူတစ်ဦးသည် “သူ၏ဘာသာတရားနှင့် ယုံကြည်ချက်ကို ပြောင်းလဲ” လိုလျှင် ထိုသို့ပြုရန် လွတ်လပ်စွာလုပ်ပိုင်ခွင့် ပါဝင်သည်။
သို့သော် လူတစ်ဦးတစ်ယောက်သည် သူ၏ဘာသာတရားနှင့်ယုံကြည်ချက်ကို အဘယ်ကြောင့်ပြောင်းလဲလိုမည်နည်း။ “ကျွန်တော့်မှာ ကိုယ်ပိုင်ယုံကြည်ချက်တွေရှိတယ်၊ အဲဒါတွေနဲ့ကျွန်တော်ကျေနပ်တယ်” ဟူ၍အများပြောတတ်ကြ၏။ မှားယွင်းသောယုံကြည်ချက်များပင်လျှင် မည်သူ့ကိုမျှ မထိခိုက်လှပေဟု လူအများယူမှတ်ကြသည်။ ဥပမာ၊ ကမ္ဘာကြီးပြားသည်ဟု ယုံကြည်လက်ခံသူတစ်ဦးသည် မိမိကိုယ်ကို သို့မဟုတ် အခြားသူတစ်ဦးကို ထိခိုက်စရာအကြောင်းမရှိချေ။ “အယူအဆကွဲလွဲတာကို တို့တွေလက်ခံသင့်တယ်” ဟုအချို့သူတို့ဆိုကြ၏။ ယင်းသည် အမြဲတစေပညာရှိရာကျသလော။ ဆရာဝန်တစ်ဦး၏အလုပ်ဖော်တစ်ယောက်က ရင်ခွဲရုံရှိ လူသေအလောင်းများကို ကိုင်တွယ်စမ်းသပ်ရာမှ ဆေးရုံလူနာဆောင်ရှိ လူနာများကိုစမ်းသပ်ရန် တိုက်ရိုက်တန်းသွားနိုင်သည်ဟု ယုံကြည်မြဲယုံကြည်နေလျှင် ထိုဆရာဝန်က သဘောကွဲလွဲမှုပါဟူ၍သာ သဘောတူလက်ခံလိမ့်မည်လော။
ဘာသာရေးနှင့်ပတ်သက်လာလျှင် မှားယွင်းသောယုံကြည်ချက်များသည် အကြီးအကျယ်ထိခိုက်နစ်နာစေခဲ့ကြောင်း သမိုင်းကဖော်ပြခဲ့ပြီ။ အလယ်ခေတ်၏သန့်ရှင်းသောခရူးဆိတ်စစ်ပွဲများဟု ခေါ်ကြသည့်စစ်အတွင်း ဘာသာရေးခေါင်းဆောင်များက “ခရစ်ယာန်တစ်ယူသန်များကို အကြင်နာမဲ့စွာအကြမ်းဖက်ရန် လှုံ့ဆော်ပေးခဲ့” ချိန်က ဖြစ်ပေါ်ခဲ့သည့် ကြောက်မက်ဖွယ်ရာများကို စဉ်းစားကြည့်ပါ။ သို့မဟုတ် “ဓားရိုးပေါ်တွင် မိမိတို့၏ သူတော်စင်အမည်များတပ်ထားခဲ့ကြသည့် အလယ်ခေတ်ကစစ်သည်များနည်းတူ” မကြာသေးမီကဖြစ်ပွားသည့် ပြည်တွင်းစစ်တစ်ခု၌ “သူတို့၏ရိုင်ဖယ်သေနတ်ဒင်များတွင် မယ်တော် . . . ပုံများကိုကပ်ထားကြသည့်” မျက်မှောက်ခေတ် “ခရစ်ယာန်” သေနတ်သမားများကို မြင်ယောင်ကြည့်ပါ။ ဤတစ်ယူသန်သူအားလုံးသည် မိမိတို့မှန်သည်ဟု ယုံကြည်ခဲ့ကြ၏။ သို့တိုင် ၎င်းတို့နှင့် အခြားသောဘာသာရေးပဋိပက္ခများ၊ တိုက်ခိုက်မှုများတွင် တစ်ခုခုအမှားကြီးမှားနေသည်မှာ ရှင်းပါသည်။
ရုန်းရင်းခတ်မှုနှင့် ပဋိပက္ခတို့ အဘယ့်ကြောင့် ဤမျှများပြားနေသနည်း။ သမ္မာကျမ်းစာ၏အဖြေကား စာတန်သည် “လောကတစ်နိုင်ငံလုံးကိုလှည့်ဖြား” နေခြင်းကြောင့်ဖြစ်သည်။ (ဗျာဒိတ် ၁၂:၈၊ ၉; ၂ ကောရိန္သု ၄:၄; ၁၁:၃) ဘာသာရေးသမားများစွာသည် “လှည့်ဖြားရန် အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြုလုပ်” သည့်စာတန်၏ လှည့်ဖြားမှုကိုခံရသောကြောင့် “ဖျက်ဆီးခြင်းခံရ” ကြမည့် ဝမ်းနည်းစရာအကြောင်းကို တမန်တော်ပေါလုသတိပေးခဲ့သည်။ ထိုသို့သောသူများသည် “ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ အမှန်တရား၌မွေ့လျော်သောစိတ်ကို မခံမယူကြ” သောကြောင့် ‘မုသားစကားကိုယုံရန် လှည့်ဖြားခံရ’ ကြသည်ဟု ပေါလုပြောခဲ့သည်။ (၂ သက်သာလောနိတ် ၂:၉-၁၂၊ ဝီလျံဘားကလေး၏ ဓမ္မသစ်ကျမ်း) မုသားစကားကို ယုံကြည်ခြင်းအလားအလာကို သင်မည်သို့လျော့နည်းစေနိုင်မည်နည်း။ အမှန်မှာ သင်ယုံကြည်သည့်အတိုင်း အဘယ်ကြောင့်ယုံကြည်ရသနည်း။
၎င်းကိုယုံကြည်ရန် လေ့ကျင့်သွန်သင်ခံခဲ့ရ၍လော
သင်သည် သင့်မိသားစု၏ယုံကြည်ချက်များကိုလက်ခံရန် လေ့ကျင့်သွန်သင်ပေးခံခဲ့ရပေမည်။ ယင်းသည် အလွန်ကောင်းပေမည်။ သားသမီးများကို မိဘတို့သွန်သင်ပေးရန် ဘုရားသခင် အလိုတော်ရှိ၏။ (တရားဟောရာ ၆:၄-၉; ၁၁:၁၈-၂၁) သာဓကအနေနှင့် လူငယ်တိမောသေသည် သူ၏မိခင်နှင့် အဖွားတို့၏စကားကိုနားထောင်ခြင်းမှ အကျိုးများစွာရရှိခဲ့သည်။ (၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅) သမ္မာကျမ်းစာက မိဘများ၏ယုံကြည်ရာကို လေးစားရန် တိုက်တွန်းထားသည်။ (သု. ၁:၈; ဧဖက် ၆:၁) သို့ရာတွင် သင့်မိဘများ လက်ခံယုံကြည်သောကြောင့်သာ အကြောင်းအရာတစ်ခုကို အသင်ယုံကြည်ရမည်ဟု သင့်ဖန်ဆင်းရှင် ရည်ရွယ်ပါသလော။ ယခင်လူမျိုးဆက်များ လက်ခံယုံကြည်ခဲ့ရာနှင့် ပြုလုပ်ခဲ့ရာများကို မစဉ်းစားမဆင်ခြင်ဘဲ လိုက်နာဆည်းကပ်ခြင်းသည် အမှန်ပင် အန္တရာယ်ရှိနိုင်သည်။—ဆာလံ ၇၈:၈; အာမုတ် ၂:၄။
ယေရှုခရစ်နှင့်တွေ့ဆုံခဲ့သည့် ရှမာရိအမျိုးသမီးတစ်ဦးသည် ရှမာရိဘာသာကိုယုံကြည်ရန် လေ့ကျင့်သွန်သင်ခံခဲ့ရသည်။ (ယောဟန် ၄:၂၀) သူယုံကြည်လိုရာကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိခြင်းကို ယေရှုလေးစားခဲ့သည်၊ သို့သော် ကိုယ်တော်က “သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏” ဟုထောက်ပြခဲ့သည်။ သူ၏ဘာသာရေးယုံကြည်ချက်အများသည် လွဲမှားနေသောကြောင့် ဘုရားသခင်လက်ခံဖွယ်ဖြစ်သော “. . . ဝိညာဉ်ဖြင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း” ဝတ်ပြုကိုးကွယ်မည်ဆိုလျှင် သူ၏ယုံကြည်ချက်များကိုပြောင်းလဲရမည်ဟု ကိုယ်တော်မိန့်ဆိုခဲ့သည်။ ထိုအမျိုးသမီးနှင့် သူ့ကဲ့သို့သောအခြားသူများ မြတ်နိုးခဲ့ကြမည့် ယုံကြည်ချက်များကို ဖက်တွယ်နေမည့်အစား အချိန်တန်သော် ယေရှုခရစ်မှတစ်ဆင့်ဖွင့်ပြသည့် “ယုံကြည်ခြင်းတရားတော်ကို လိုက်နာကြ” ရမည်ဖြစ်သည်။—ယောဟန် ၄:၂၁-၂၄၊ ၃၉-၄၁; တမန်တော် ၆:၇၊ သမ္မာ။
၎င်းကိုယုံကြည်ရန် သင်ကြားခံရ၍လော
အထူးပြုပညာရပ်နယ်ပယ်များမှ ဆရာဆရာမများနှင့် ပါရဂူများသည် အလွန်လေးစားမှု ရထိုက်သည်။ သို့သော် သမိုင်းတွင် လုံးလုံးမှားခဲ့ကြသည့် နာမည်ကျော်ကြားသောဆရာများစွာရှိခဲ့၏။ ဥပမာ၊ ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ်နှင့် သမိုင်းပညာရှင် ဘာထရန်ဒ် ရပ်ဆဲလ် တို့ရေးသားခဲ့သည့် သိပ္ပံစာအုပ်နှစ်အုပ်နှင့်စပ်လျဉ်း၍ “ခေတ်သစ်သိပ္ပံပညာအရ ထိုစာအုပ်နှစ်အုပ်စလုံးပါ ဝါကျတစ်ခုကိုမျှပင် လက်မခံနိုင်” ဟုပြောကြသည်။ မျက်မှောက်ခေတ်ပညာရှင်များပင် လုံးဝကောက်ချက်ချမှားလေ့ရှိကြ၏။ ၁၈၉၅ ခုနှစ်တွင် ဗြိတိသျှသိပ္ပံပညာရှင် လော့ဒ်ကယ်လ်ဗင်က “လေထက်လေးသည့် ပျံသန်းနိုင်သောစက်များ မရှိနိုင်” ဟုအခိုင်အမာပြောဆိုခဲ့သည်။ ထို့ကြောင့် ပညာရှိသူသည် ယုံကြည်လောက်သောဆရာအချို့၏အဆိုဖြစ်ရုံမျှနှင့် မှန်သည်ဟု ဇွတ်မှိတ်ပြီးယုံကြည်မည်မဟုတ်ချေ။—ဆာလံ ၁၄၆:၃။
ဘာသာရေးပညာရပ်နှင့်ပတ်သက်လာလျှင်လည်း ထပ်တူပင်သတိပြုဖို့လိုသည်။ တမန်တော်ပေါလုသည် သူ၏ဘာသာရေးဆရာများ၏သွန်သင်ပို့ချမှုကို ကောင်းစွာခံယူခဲ့ရပြီး “[သူ့] ဘိုးဘေးတို့၏လက်မှ ခံရသောနည်းဥပဒေသဘက်၌ အထူးသဖြင့်စိတ်အားထက်သန်” ခဲ့သည်။ သို့သော်လည်း ဘိုးဘေးများ၏ မိရိုးဖလာယုံကြည်ချက်များအပေါ် သူ၏စိတ်ထက်သန်မှုသည် သူ့အတွက် ပြဿနာများဖြစ်ပွားစေခဲ့သည်။ ယင်းကြောင့် သူသည် “ဘုရားသခင်၏အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီး” ခဲ့၏။ (ဂလာတိ ၁:၁၃၊ ၁၄၊ သမ္မာ; ယောဟန် ၁၆:၂၊ ၃) ပို၍ဆိုးသည်မှာ၊ ပေါလုသည် အတန်ကြာပင် “တုတ်ချွန်ကိုခြေနှင့်ကျောက်” ခဲ့ရာ ယေရှုခရစ်ကိုယုံကြည်လက်ခံစေသင့်သည့် ဩဇာလွှမ်းမှုများကို တွန်းလှန်နေခဲ့သည်။ ပေါလုအား သူ၏ယုံကြည်ချက်များကို ပြုပြင်ပြောင်းလဲရန် ယေရှုကိုယ်တော်တိုင် ထူးခြားစွာကြားဝင်ဆောင်ရွက်ခဲ့ရ၏။—တမန်တော် ၉:၁-၆; ၂၆:၁၄။
လူထုဆက်သွယ်ရေးနည်းလမ်းများ၏သြဇာ လွှမ်းမိုးခံရ၍လော
သင်၏ယုံကြည်ချက်များကို လူထုဆက်သွယ်ရေးနည်းလမ်းများက အလွန်သြဇာလွှမ်းမိုးကောင်း လွှမ်းမိုးခဲ့ပေမည်။ လူအများသည် အသုံးဝင်နိုင်သော သတင်းအချက်အလက်များရရှိရာ ဆက်သွယ်ရေးမီဒီယာတွင် လွတ်လပ်စွာပြောဆိုခွင့်ရှိခြင်းကြောင့် ဝမ်းမြောက်ကြ၏။ သို့ရာတွင် ဆက်သွယ်ရေးမီဒီယာများကို ကြိုးဆွဲနိုင်၍ မကြာခဏထိုသို့ပင်ပြုသည့် ဩဇာသက်ရောက်မှုများရှိသည်။ တင်ဆက်လေ့ရှိသည့် သတင်းအချက်အလက်များသည် မကြာခဏ လွဲချော်နေသောကြောင့် သင့်အတွေးအခေါ်ကို မသိမသာထိခိုက်နိုင်သည်။
ထို့ပြင် လူများများကိုစိတ်ဝင်စားလာစေ၍ သူတို့ကိုဆွဲဆောင် ရန် လူထုဆက်သွယ်ရေးမီဒီယာများဖြင့် စိတ်လှုပ်ရှားဖွယ်ရာ တစ်မူထူးသောအကြောင်းအရာများကို လူသိရှင်ကြားဖြစ်စေတတ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က လူထုအားတင်ပြပြောဆို၊ ဟေရှာယ ၅:၂၀; ၁ ကောရိန္သု ၆:၉၊ ၁၀။
ထုတ်ဝေပေးရန် မဖြစ်နိုင်သည့်အကြောင်းအရာသည် ယခုအခါသာမည ဖြစ်ချေပြီ။ သူတို့လက်သင့်ခံယူထားကြသော ကျင့်ကြံပြုမူပုံ စံနှုန်းများသည် တဖြည်းဖြည်းပုတ်ခတ်ခံရကာ တရွေ့ရွေ့တိုက်စားခံနေရသည်။ လူအများ၏အတွေးအခေါ်သည် တဖြည်းဖြည်းလွဲမှားလာလေပြီ။ သူတို့သည် “မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်း” ဟုစတင်ယုံကြည်လာကြသည်။—ယုံကြည်ချက်အတွက် ခိုင်လုံသောအခြေအမြစ်ရှာခြင်း
လူ့အတွေးအခေါ်နှင့် အယူအဆများကိုအခြေခံခြင်းသည် သဲပေါ်အိမ်ဆောက်ခြင်းနှင့်တူ၏။ (မဿဲ ၇:၂၆; ၁ ကောရိန္သု ၁:၁၉၊ ၂၀) သို့ဖြစ်၍ သင့်ယုံကြည်ချက်များကို အဘယ်အရာအပေါ် ယုံကြည်စိတ်ချစွာအခြေခံနိုင်မည်နည်း။ ဘုရားသခင်သည် သင့်ဝန်းကျင်ရှိလောကကို စူးစမ်းလေ့လာရန်နှင့် ဝိညာဉ်ရေးရာများအကြောင်း မေးမြန်းရန် အသိဉာဏ်ပေးထားသောကြောင့် သင့်မေးခွန်းများအတွက် တိကျမှန်ကန်သောအဖြေရရှိရန်နည်းလမ်းကိုလည်း ကိုယ်တော်စီမံပေးလိမ့်မည် မဟုတ်ပေလော။ (၁ ယောဟန် ၅:၂၀) စီမံပေးမည်မှာ သေချာသည်! သို့သော် ဝတ်ပြုရေးနှင့်ပတ်သက်၍ အဘယ်အရာစစ်မှန်ကြောင်း သင်မည်သို့သက်သေပြနိုင်မည်နည်း။ ယင်းသို့ပြုရန် တစ်ခုတည်းသောစီမံပေးချက်မှာ ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာဖြစ်သည်ဟု ပြောဆိုရန် ကျွန်ုပ်တို့မတွန့်ဆုတ်ပါ။—ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆၊ ၁၇။
သို့သော် တစ်ဦးတစ်ယောက်က “နေပါဦး၊ ကမ္ဘာ့ရေးရာတွေမှာ ပဋိပက္ခနဲ့ ရုန်းရင်းခတ်မှုတွေကို အများဆုံးဖြစ်စေခဲ့တာ ကျမ်းစာကိုင်ဆောင်သူတွေပဲမဟုတ်လား” ဟုဆိုပေမည်။ ကျမ်းစာအတိုင်းလိုက်လျှောက်ပါသည်ဟုဆိုသော ဘာသာရေးခေါင်းဆောင်များသည် ရှုပ်ထွေး၍ ဆန့်ကျင်ကွဲပြားသောအယူအဆများကို ပေါ်ပေါက်စေခဲ့ကြသည်မှာ မှန်ပေသည်။ အမှန်မှာ ယင်းသို့ဖြစ်ရခြင်းသည် သူတို့၏ယုံကြည်ချက်များကို သမ္မာကျမ်းစာအပေါ် အခြေမခံသောကြောင့်ဖြစ်သည်။ တမန်တော်ပေတရုက သူတို့အား ‘ဖျက်ဆီးတတ်သောမှားယွင်းသည့်အယူဝါဒများ’ ကိုပေါ်ပေါက်စေမည့် ‘ပရောဖက်အတုအယောင်များ’ နှင့် ‘ဆရာအတုအယောင်များ’ ဟုဖော်ပြထားသည်။ သူတို့၏လုပ်ရပ်များကြောင့် “သမ္မာတရားလမ်းသည် ကဲ့ရဲ့ခြင်းခံရလိမ့်မည်” ဟုပေတရုဆိုသည်။ (၂ ပေတရု ၂:၁၊ ၂၊ သမ္မာ) သို့သော် “သာ၍မြဲမြံသောအနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ . . . ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ထွန်းလင်းသောဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည်အမှီပြုသင့်ကြ၏” ဟုပေတရုရေးသားခဲ့သည်။—၂ ပေတရု ၁:၁၉; ဆာလံ ၁၁၉:၁၀၅။
ကျွန်ုပ်တို့၏ယုံကြည်ချက်များသည် သမ္မာကျမ်းစာသွန်သင်ချက်များနှင့်ကိုက်မကိုက် စစ်ဆေးကြည့်ရန် ၎င်းက အားပေးတိုက်တွန်းသည်။ (၁ ယောဟန် ၄:၁) ထိုသို့ပြုခြင်းက မိမိတို့ဘဝကို ရည်ရွယ်ချက်ရှိစေပြီး တည်ငြိမ်စေကြောင်း ဤမဂ္ဂဇင်းကိုဖတ်ရှုသူ သန်းပေါင်းများစွာ ထောက်ခံပြောဆိုနိုင်သည်။ သို့ဖြစ်၍ မြင့်မြတ်သောစိတ်ထားရှိသော ဗေရိမြို့သားများကဲ့သို့ဖြစ်ကြပါလေ။ အဘယ်အရာကိုယုံကြည်ရန် ဆုံးဖြတ်ချက်မချမီ ‘ကျမ်းစာကို နေ့တိုင်းအစဉ် စေ့စေ့စပ်စပ်လေ့လာဆန်းစစ်ပါ။’ (တမန်တော် ၁၇:၁၁) ထိုသို့ပြုရန် ယေဟောဝါသက်သေများသည် သင့်အားကူညီပေးဖို့ အသင့်ရှိပါသည်။ မည်သည့်အရာကို သင်ယုံကြည်မည်ကိုမူ သင်ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့ရာတွင် သင့်ယုံကြည်ချက်များသည် လူ့ဉာဏ်ပညာနှင့် အလိုဆန္ဒများအားဖြင့် ဖြစ်ပေါ်လာသည်မဟုတ်ဘဲ ဘုရားသခင့်ဖော်ပြထားသော အမှန်တရားဆိုင်ရာနှုတ်မြွက်စကားတော်နှင့်အညီ ဖြစ်ပေါ်လာကြောင်း သေချာအောင်ပြုခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ပေသည်။—၁ သက်သာလောနိတ် ၂:၁၃; ၅:၂၁။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သင့်ယုံကြည်ချက်များကို သမ္မာကျမ်းစာအပေါ် ယုံကြည်စိတ်ချစွာ အခြေပြုနိုင်