မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ‘အမှားနှင့်အမှန် နှစ်ရပ်စလုံးကို ခွဲခြားသိမြင်’ နိုင်သလော

သင်သည် ‘အမှားနှင့်အမှန် နှစ်ရပ်စလုံးကို ခွဲခြားသိမြင်’ နိုင်သလော

သင်သည် ‘အမှား​နှင့်​အမှန် နှစ်ရပ်စလုံးကို ခွဲခြား​သိမြင်’ နိုင်​သလော

“သခင်​ဘုရား​နှစ်သက် [“လက်ခံ၊” က​ဘ] တော်​မူ​သော အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို သင်​ကြလော့။” —ဧဖက် ၅:၁၀

၁။ ယနေ့ ဘဝ​သည် အဘယ်​နည်းဖြင့် စိတ်ရှုပ်​ထွေး​ဖွယ်​ဖြစ်​နိုင်​သနည်း၊ အဘယ်ကြောင့်​နည်း။

“အို​ထာဝရ​ဘုရား လူသည် မိမိ​သွားရာလမ်းကို​အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေရာ​တို့ကို မစီရင်​တတ်​သည်ကို အကျွန်ုပ်​သိပါ​၏။” (ယေရမိ ၁၀:၂၃) ယေရမိ​၏​ထိုးထွင်း​သိမြင်​ချက်​သည် ယနေ့​ကျွန်ုပ်​တို့​နှင့် ပို​၍​သက်ဆိုင်​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ကြိုပြော​ထား​သည့် “ခဲယဉ်း​သော​ကာလ” ၌​အသက်ရှင်နေ​ကြသော​ကြောင့်​တည်း။ (၂ တိမောသေ ၃:၁) ဆုံးဖြတ်ချက်​ချဖို့​လို​သော စိတ်ရှုပ်​ထွေး​ဖွယ်​အခြေအနေ​များ​ကို ကျွန်ုပ်​တို့​နေ့စဉ် ကြုံတွေ့​ရ​ကြသည်။ ဤ​ဆုံးဖြတ်ချက်​အကြီး၊ အငယ်​တို့သည် ကျွန်ုပ်​တို့၏​ခန္ဓာ​ဆိုင်ရာ၊ စိတ်ပိုင်း​ဆိုင်ရာ​နှင့် ဝိညာဉ်​ရေး​ဖြစ်သော လူမှုဘဝ​အပေါ် အကြီးအကျယ်​အကျိုး​သက်ရောက်​နိုင်​သည်။

၂။ အဘယ်​ရွေးချယ်မှု​များ​ကို အသေးအဖွဲ​ဟု​ယူဆ​နိုင်​သနည်း၊ သို့​တိုင် ၎င်းတို့ကို ဆက်ကပ်​အပ်နှံ​ခရစ်ယာန်​များ မည်သို့​ရှုမြင်ကြ​သနည်း။

ကျွန်ုပ်​တို့​နေ့စဉ်​ပြုလုပ်​သော ရွေးချယ်မှု​များ​ကို လုပ်ရိုးလုပ်စဉ် သို့​မဟုတ် အသေးအဖွဲ​အဖြစ် ယူမှတ်​ကြ​ပေမည်။ ဥပမာ၊ နေ့စဉ် ကျွန်ုပ်​တို့​ဝတ်ဆင်​သော​အဝတ်အစား၊ စား​သည့်​အစားအစာ၊ တွေ့ဆုံ​သော​လူများ အစ​ရှိသည်​တို့ကို လုပ်ရိုးလုပ်စဉ်​အတိုင်း ရွေးချယ်​ကြ​ရသည်။ လုံးဝ​မစဉ်း​စား​ဘဲ အလိုအလျောက်​နီးပါး ၎င်းတို့ကို​ကျွန်ုပ်​တို့​ရွေးချယ်​ကြသည်။ သို့သော် ဤ​ကိစ္စရပ်​များသည် အမှန်ပင်​အသေးအဖွဲ​မျှ​သာ​လော။ ကျွန်ုပ်​တို့​ဝတ်စားဆင်ယင်ပုံ၊ စားသောက်ခြင်း​နှင့် အပြောအဆို၊ အပြု​အမူ​တို့​၌ ကျွန်ုပ်​တို့၏​ရွေးချယ်မှု​များသည် အမြင့်မြတ်ဆုံး​အရှင် ယေဟောဝါ​ဘုရားသခင်​၏​ကျေးကျွန်​များ​အဖြစ် ကျွန်ုပ်​တို့၏​အခန်းကဏ္ဍကို အစဉ်​တင်ပြ​သည်​ဖြစ်​ရာ ဆက်ကပ်​အပ်နှံ​ခရစ်ယာန်​များ​အတွက် ယင်းသည် အလေးအနက်​ထား​ရမည့်​ကိစ္စ​တစ်ခု​ဖြစ်၏။ တမန်​တော်​ပေါလု​၏ ဤ​စကား​များ​ဖြင့် ကျွန်ုပ်​တို့​သတိပေး​ခံရ​ကြသည်– “သင်တို့သည် စား​သော်လည်း​ကောင်း၊ သောက်​သော်လည်း​ကောင်း၊ မည်သည့်​အမှုကိုပြု​သော်လည်း​ကောင်း ဘုရားသခင်​၏​ဘုန်းတော်​ကို​ထောက်၍ ခပ်သိမ်း​သော​အမှုကိစ္စ​ကို​ပြု​ကြလော့။”—၁ ကောရိန္သု ၁၀:၃၁; ကောလောသဲ ၄:၆; ၁ တိမောသေ ၂:၉၊ ၁၀

၃။ အဘယ်​ရွေးချယ်မှု​များ​ကို အမှန်​အလေးအနက်​ထား​ရမည်​နည်း။

ထို့​အပြင် သာ၍​အလေးအနက်​ထား​ရသည့် ရွေးချယ်မှု​များ​ရှိသေး​သည်။ ဥပမာ၊ အိမ်ထောင်ပြု​ရန် သို့​မဟုတ် တစ်ကိုယ်ရေ​နေ​ရန် ဆုံးဖြတ်ခြင်း​သည် လူတစ်ဦး​၏​ဘဝကို အကျိုး​သက်ရောက်​ရာ​၌ အမှန်ပင်​နက်ရှိုင်း​၍ ရေရှည်​ဖြစ်သည်။ အိမ်ထောင်ပြု​ရာ​တွင် လူ​ရွေး​မှန်​ဖို့၊ တစ်သက်တာ​အိမ်ထောင်ဖက်​ဖြစ်​ရန်​သေချာ​စေဖို့​မှာ အသေးအဖွဲ​ကိစ္စ​မဟုတ်။ * (သု. ၁၈:၂၂) ထို့​ပြင် မိတ်ဆွေ၊ အပေါင်းအသင်း၊ ပညာရေး၊ အလုပ်အကိုင်​နှင့် အပန်းဖြေမှု​ရွေးချယ်ခြင်း​သည် ကျွန်ုပ်​တို့၏​ထာဝရ​ကောင်းကျိုး​အထိ​တာသွား​သော ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို သိသာ​ပီပြင်​စွာ​ပင် ဩဇာ​ညောင်း​သည်။—ရောမ ၁၃:၁၃၊ ၁၄; ဧဖက် ၅:၃၊ ၄

၄။ (က) အဘယ်​စွမ်းရည်​သည် အကျိုး​အရှိဆုံး​ဖြစ်​မည်​နည်း။ (ခ) အဘယ်​မေးခွန်းများကို သုံးသပ်​ဖို့​လိုအပ်​သနည်း။

ယင်း​တို့အားလုံး​ကို ရင်ဆိုင်​ရသော​ကြောင့် အမှား​နှင့်​အမှန် သို့​မဟုတ် မှန်​ပုံ​ရှိသော​အရာ​နှင့် အမှန်တကယ်​ဖြစ်သော​အရာ​တို့ကို ခွဲခြား​သိမြင်နိုင်စွမ်း​ရှိ​ခြင်း​သည် ကျွန်ုပ်​တို့အတွက် အမှန်ပင်​အကျိုး​ရှိသည်။ သမ္မာကျမ်းစာ​က “လူ​ထင်​သည်​အတိုင်း မှန်သော​လက္ခဏာ​ရှိသော်လည်း အဆုံး​၌ သေခြင်း​သို့​ပို့​သော လမ်း​တစ်မျိုး​ရှိ၏” ဟု​သတိပေး​၏။ (သု. ၁၄:၁၂) သို့​ဖြစ်သော​ကြောင့် ကျွန်ုပ်​တို့​ဤသို့​မေး​ကြ​ပေမည်– ‘အမှား​နှင့်​အမှန်​ခွဲခြား​သိမြင်နိုင်စွမ်း​ကို ကျွန်ုပ်​တို့​မည်သို့​တိုးတက်​စေနိုင်​သနည်း။ ဆုံးဖြတ်ချက်​များ​ချ​ရာ​၌ လိုအပ်သော​လမ်းညွှန်မှု​ရှာတွေ့​ဖို့ ကျွန်ုပ်​တို့ မည်​သူ့​ထံ​ဦးလှည့်​နိုင်​သနည်း။ အတိတ်​နှင့် မျက်မှောက်ခေတ်​လူတို့သည် ဤ​ကိစ္စ​တွင် အဘယ်​သို့​ပြု​ခဲ့​ကြ​ပြီး ရလဒ်​ကား အဘယ်နည်း။’

လောက​၏ “ပညာ​နှင့် အချည်းနှီး​သော​ပရိယာယ်”

၅။ ကနဦး​ခရစ်ယာန်​များသည် အဘယ်​လောက​မျိုး​တွင် အသက်ရှင်ခဲ့​ကြ​သနည်း။

ပထမ​ရာစု​ခရစ်ယာန်​များသည် ဂရိ-ရောမတို့​၏​မူများ​နှင့် စံနှုန်း​များ​လွှမ်းမိုး​သော လောက​၌​အသက်ရှင်ခဲ့​ကြသည်။ တစ်ဖက်​တွင် အားကျစရာ​တစ်ခု​အဖြစ် လူအများ​ယူမှတ်​ကြသော ရောမ​လူတို့၏ စည်းစိမ်​ရှိသည့် ဘဝ​ပုံစံ​ရှိသည်။ အခြား​တစ်ဖက်​တွင် ထို​ခေတ်​ရှိ ပညာတတ်​အသိုင်းအဝိုင်းမှာ ပ​လေ​တို​နှင့် အရစ္စတိုတယ်​တို့​သာမက ဧ​ပိ​ကုရု​တို့​နှင့် သ​တော​အိတ်​စ​သည့် ဂိုဏ်း​သစ်​များ​၏ အတွေးအခေါ်​ပညာရပ်​ဆိုင်ရာ အယူအဆ​များနှင့် လှုပ်လှုပ်ရွရွ​ဖြစ်​ခဲ့​သည်။ တမန်​တော်​ပေါလု​သည် ဒုတိယ​ခရစ်ယာန်​သာသနာပြု​ခရီးစဉ်​တွင် အာသင်မြို့​သို့​ရောက်​သောအခါ မိမိတို့သည် “ဤ​မရေရာ​သော​လူ” ထက်သာ​သည်​ဟု​ယူမှတ်​ကြသော ဧ​ပိ​ကုရု​တပည့်​များ၊ သ​တော​အိတ်​ပညာရှိ​များနှင့် သူ​ရင်ဆိုင်ခဲ့​ရသည်။—တမန်​တော် ၁၇:၁၈

၆။ (က) ကနဦး​ခရစ်ယာန်​အချို့​သည် အဘယ်အရာ​များ​ပြု​ဖို့ သွေးဆောင်​ခံ​ခဲ့​ရ​ကြ​သနည်း။ (ခ) အဘယ်​သတိပေး​ချက်​ကို ပေါလု​ပေး​ခဲ့​သနည်း။

ထို့​ကြောင့် ကနဦး​ခရစ်ယာန်​များ​မှ အချို့​သူတို့သည် မိမိတို့​ဝန်းကျင်​မှ လူတို့၏​ဟိတ်​ဟန်​များသော အမူအကျင့်များ​နှင့် ဘဝ​ပုံစံ​များ​နောက် အဘယ်ကြောင့်​ပါသွား​ခဲ့​သည်ကို နားလည်​ဖို့​မ​ခက်​ပါ။ (၂ တိမောသေ ၄:၁၀) အစီအစဉ်​စနစ်​၏ အစိတ်အပိုင်း​ဖြစ်သူ​တို့သည် အကျိုးကျေးဇူး​များစွာ​ခံစားရ​ပုံ​ပေါ်​ပြီး သူတို့၏​ရွေးချယ်မှု​များ​မှာ ခြေမြစ်​ခိုင်လုံ​ဟန်​ရှိကြသည်။ ဆက်ကပ်​အပ်နှံ​ခရစ်ယာန်​များ​၏ ဘဝ​လမ်းစဉ်တွင်​မရှိသော အဖိုးတန်​ရာ​တစ်ခု​ကို လောက​၌ ရှိ​သ​ယောင်​ထင်​ရသည်။ သို့သော် တမန်​တော်​ပေါလု​က ဤသို့​သတိပေး​ခဲ့​သည်– “ခရစ်တော်​၏​တရားကို​မလိုက်၊ လူ​အဆက်ဆက်​ခံ​သော​နည်း​ဥပဒေသ​နှင့် လော[က]တရား​နု​ကို​လိုက်၍၊ လော[က]ပညာ [“အတွေးအခေါ်၊” က​ဘ] နှင့် အချည်းနှီး​သော​ပရိယာယ်​အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူ​မဖျက်ဆီး​စေခြင်း​ငှာ သတိပြု​ကြလော့။” (ကောလောသဲ ၂:၈) ပေါလု​အဘယ်ကြောင့် ထိုသို့​ဆို​ခဲ့​သနည်း။

၇။ လောက​ဉာဏ်ပညာ​၏ တန်ဖိုး​အမှန်​ကား အဘယ်နည်း။

ပေါလု​သည် လောက​သွေးဆောင်မှု​ခံရ​သူတို့၏ အတွေးအခေါ်​နောက်ကွယ်​ရှိ တကယ့်​အန္တရာယ်ကို သိရှိ​ခဲ့​သောကြောင့် ထိုသို့​သတိပေး​ခဲ့​ခြင်း​ဖြစ်၏။ သူ​အသုံးပြု​ခဲ့​သော “လော[က]ပညာ [“အတွေးအခေါ်၊” က​ဘ] နှင့် အချည်းနှီး​သော​ပရိယာယ်” ဟူ​သည့် အသုံးအနှုန်း​သည် အထူး​အဓိပ္ပာယ်​ရှိသည်။ ‘အတွေးအခေါ်’ ဟူသော​စကားလုံး​သည် စာသား​အရ “ဉာဏ်ပညာ​ကို​ချစ်၍ ဆည်းပူးခြင်း” ဟူ၍​အဓိပ္ပာယ်​ရှိ၏။ ၎င်းကို​ယ်နှိုက်​က အကျိုးရှိ​ပေမည်။ အမှန်​မှာ၊ သမ္မာကျမ်းစာ​တွင် အထူးသဖြင့် နယပုံပြင်​ကျမ်း​တွင် မှန်သော​အသိပညာနှင့် ဉာဏ်ပညာ​ကို​ဆည်းပူး​ရန် တိုက်တွန်း​ထား​သည်။ (သု. ၁:၁-၇; ၃:၁၃-၁၈) သို့ရာတွင် ပေါလု​သည် ‘အတွေးအခေါ်’ ကို “အချည်းနှီး​သော​ပရိယာယ်” နှင့်​ဆက်စပ်​ပြ​ခဲ့​သည်။ တစ်နည်း​အားဖြင့် လောက​ပေးကမ်း​သော ဉာဏ်ပညာ​ကို အချည်းနှီး​အဖြစ်၊ လှည့်စား​တတ်သော​အရာ​အဖြစ် ပေါလု​ရှုမြင်ခဲ့​သည်။ ယင်းသည် လေပူဖောင်း​ကဲ့သို့ ခိုင်မာ​သော​အသွင်သဏ္ဌာန်​ရှိသော်လည်း လက်တွေ့​တွင်​မဟုတ်​ချေ။ လောက “ပညာ​နှင့် အချည်းနှီး​သော​ပရိယာယ်” ကဲ့သို့​သော အခိုင်အမာ​မဟုတ်သည့်​အရာတစ်ခု​ပေါ်​အခြေပြု​၍ အမှားအမှန်​ရွေးချယ်ခြင်း​သည် အမှန်ပင်​အရာ​မ​ရောက်​ဘဲ ဆိုးကျိုး​ပင်​ရရှိ​ပေမည်။

“မကောင်း​ကို​အကောင်း၊ အကောင်း​ကို​မကောင်း” ဟု​ဆို​ကြ​သူများ

၈။ (က) အကြံဉာဏ်​အတွက် မည်​သူ့​ထံ​လူ​တို့​ဦးလှည့်​ကြ​သနည်း။ (ခ) အဘယ်​အကြံဉာဏ်​မျိုး ပေး​ကြ​သနည်း။

ယနေ့ အခြေအနေ​များ​မှာ မထူးခြား​လှ​ပါ။ လူ့​ကြိုးပမ်း​အားထုတ်မှု နယ်ပယ်​တိုင်း​နီး​နီး​တွင် ပညာရှင်​အမြောက်အမြား​ရှိသည်။ အိမ်ထောင်ရေး​နှင့် မိသားစု​အတိုင်ပင်ခံ​များ၊ ပင်တိုင်​ဆောင်းပါး​ရှင်​များ၊ ကုထုံး​ပညာရှင်​ဟု​ဆို​သူများ၊ နက္ခတ်​ဗေဒင်​ဆရာများ၊ နတ်ကတော်​များနှင့် အခြားသူ​တို့သည် ဉာဏ်​ပူဇော်​ခ​ရ​လျှင် အကြံဉာဏ်​ပေးဖို့​အသင့်ရှိ​ကြသည်။ သို့သော် အဘယ်​အကြံဉာဏ်​မျိုး ပေး​ခဲ့​ကြပြီ​နည်း။ ကိုယ်ကျင့်တရား​အသစ်​ဟု​ဆို​သော​အရာ​အတွက် ကိုယ်ကျင့်တရား​ဆိုင်ရာ ကျမ်းစာမူ​စံနှုန်း​များ​ကို ဘေးဖယ်​ထား​လေ့​ရှိကြသည်။ ဥပမာ၊ “လိင်​တူ​အိမ်ထောင်ပြုခြင်း​များ” ကို​အတည်ပြု​ဖို့ အစိုးရ​က​ငြင်းဆို​သည့်​အကြောင်း​ပြောဆို​ရာ​တွင် ကနေဒါ​နိုင်ငံ​၏​အဓိက​သတင်းစာ သည်​ဂ​လုပ်​ဘ်​အဲ​န်​မေးလ် ၏​အယ်ဒီတာ့အာဘော်​က ဤသို့​ကြေညာ​သည်– “၂၀၀၀ ပြည့်နှစ်​တွင်၊ ချစ်​မြတ်နိုး​၍​သစ္စာ​နှံ​ထား​ကြသော မောင်နှံစုံ​သည် လိင်​တူ​ဖြစ်နေ​ကြသော​ကြောင့် သူတို့​အဖြစ်ချင်ဆုံး​ဆန္ဒ​ကို ငြင်းပယ်​ခံရ​ခြင်း​သည် အဓိပ္ပာယ်​မရှိ​ချေ။” ယနေ့ခေတ်​ရေစီးကြောင်း​မှာ ဝေဖန်​ပြစ်တင်​ဖို့​မဟုတ် သည်းခံ​ဖို့​ဖြစ်သည်။ အရာရာတိုင်း​သည် လူတစ်ဦး​၏​အမြင်​ပေါ်​မူတည်ပြီး နှိုင်း​ရ​သဘော​သာ​ဖြစ်သည်ဟု​ယူဆကြ​သည်; အကြွင်းမဲ့​အမှား၊ အမှန်​ဟူ၍​မရှိ​ချေ။—ဆာလံ ၁၀:၃၊ ၄

၉။ လူ့​အဖွဲ့အစည်း​တွင် လေးစားထိုက်​သူများ​အဖြစ် ယူမှတ်​ခံရ​သူတို့သည် အဘယ်​သို့​ပြု​လေ့​ရှိကြ​သနည်း။

အခြားသူ​တို့​မူ ဆုံးဖြတ်ချက်​ချ​ရာ​တွင် စံနမူနာရှင်​များ​အဖြစ် လူမှုရေး​နှင့် ငွေကြေး​အရ​အဆင်ပြေ​သော ချမ်းသာ​ကြွယ်ဝ​၍ နာမည်​ကျော်ကြား​သူတို့ကို​ကြည့်​ကြသည်။ ယနေ့​လူ့​အဖွဲ့အစည်း​တွင် ချမ်းသာ​ကြွယ်ဝ​၍ နာမည်​ကျော်ကြား​သူတို့ကို လေးစားထိုက်​သူများ​ဟု ယူမှတ်​ကြသော်လည်း ရိုး​ဖြောင့်​ခြင်း​နှင့် ယုံကြည်​အားထားခြင်း​ကဲ့သို့​သော မွန်မြတ်သော​အကျင့်​တို့ကို နှုတ်ဖြင့်သာ​ပြော​လေ့​ရှိကြသည်။ များစွာသော​သူတို့သည် ဩဇာ​အာဏာ​နှင့် အကျိုးအမြတ်​ရဖို့​ကြိုးပမ်း​ရာ​တွင် ဖြတ်စားလျှပ်စား​လုပ်ဖို့​နှင့် ကိုယ်ကျင့်တရား​စံနှုန်း​များ​ကို​လျစ်လျူရှု​ဖို့ ဝန်မလေး​ကြ​ချေ။ အောင်မြင်​ကျော်ကြား​မှု​ရရှိဖို့ အချို့​က ပြဋ္ဌာန်း​ထားသော​စံနှုန်း​များ​ကို လျစ်လျူရှု​ပစ်ပယ်​ကာ ဆန်းပြား​၍ မနှစ်မြို့ဖွယ်​အမူအကျင့်ကို ပို​၍​နှစ်သက်​ကြသည်။ ရလဒ်​မှာ “ဘာ​မဆို​လုပ်နိုင်​သည်” ဟူသော​ဆောင်ပုဒ်​ရှိသည့် အမြတ်​ထုတ်၊ ကြိုက်​ရာ​လုပ်ပိုင်ခွင့်​ရှိသော လူ့​အဖွဲ့အစည်း​ဖြစ်လာ​သည်။ ထို့​ကြောင့် အမှား​နှင့်​အမှန်​ခွဲခြားခြင်း​နှင့် ပတ်သက်​လာသော​အခါ လူတို့သည် စိတ်ရှုပ်​ထွေး​၍ ကြံရာမရ​ဖြစ်​ခြင်း​ကို အံ့အားသင့်​စ​ရာ​လော။—လုကာ ၆:၃၉

၁၀။ အကောင်း၊ အဆိုး​နှင့်​ပတ်သက်သော ဟေရှာယ​၏​စကား​များ မှန်ကန်ကြောင်း မည်သို့​ထင်ရှား​သနည်း။

၁၀ ကျွန်ုပ်​တို့​ဝန်းကျင်​တွင် မှားယွင်းသော​လမ်းညွှန်မှု​အပေါ်​အခြေခံ​သည့် ပညာ​မဲ့​ဆုံးဖြတ်ချက်​များ​၏ ဝမ်းနည်းဖွယ်​ရလဒ်များ​ရှိသည်၊ အနည်းငယ်​မျှ​ဖော်ပြ​ရ​လျှင် အိမ်ထောင်ရေး​နှင့် မိသားစု​များ​ပြိုကွဲခြင်း၊ မူးယစ်​ဆေး​နှင့် အရက်​ကို​အလွဲသုံးခြင်း၊ လူငယ်​အကြမ်းဖက်​ဂိုဏ်း​များ၊ တွေ့​က​ရာ​လူ​နှင့်​လိင်ဆက်ဆံခြင်း၊ လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​တို့​ဖြစ်သည်။ လူတို့သည် အမှား၊ အမှန်​နှင့်​ပတ်သက်​လာ​လျှင် စံနှုန်း​များ သို့​မဟုတ် ကိုးကား​တင်ပြချက်​များ အားလုံး​ကို​ပစ်ပယ်​ကြ​ရာ အကောင်း​ဖြစ်လာ​ဖို့ မည်သို့​မျှော်လင့်​နိုင်​မည်​နည်း။ (ရောမ ၁:၂၈-၃၂) ပရောဖက်​ဟေရှာယ​၏ ဤ​ကြေညာ​ချက်​အတိုင်း​ပင်​ဖြစ်သည်– “မကောင်း​ကို​အကောင်း၊ အကောင်း​ကို​မကောင်း​ဟု​ခေါ်​တတ်သော​သူ၊ အလင်း​အရာ​၌​အ​မိုက်၊ အ​မိုက်​အရာ​၌​အလင်း​ကိုလည်း​ကောင်း၊ အချို​အရာ​၌​အ​ခါး၊ အ​ခါး​အရာ​၌​အချို​ကိုလည်း​ကောင်း အ​လွဲ​ယူ​တတ်သော​သူတို့သည် အမင်္ဂလာ​ရှိကြ​၏။ ငါသည်​ပညာရှိ​သည်​ဟု ကိုယ်ကို​ထင်​သော​သူ၊ [ကောင်းသော] သတိ [“ဉာဏ်ပညာ၊” သမ္မာ] နှင့်​ပြည့်စုံ​သည်​ဟု ထင်မှတ်​သော​သူတို့သည် အမင်္ဂလာ​ရှိကြ​၏။”—ဟေရှာယ ၅:၂၀၊ ၂၁

၁၁။ အမှား​နှင့်​အမှန် ဆုံးဖြတ်​သောအခါ ကိုယ့်​ကိုယ်ကို​မှီခို​အားထားခြင်း​သည် အဘယ်ကြောင့်​ပညာ​မဲ့​ရာ​ရောက်​သနည်း။

၁၁ “ပညာရှိ​သည်​ဟု ကိုယ်ကို​ထင်” လာ​ကြသော ရှေးခေတ်​ဂျူး​များနှင့် စာရင်း​ရှင်း​ဖို့ ဘုရားသခင်​ဖိတ်ခေါ်​သည့်​အချက်​က အမှား၊ အမှန်​ဆုံးဖြတ်​ရာ​၌ မိမိတို့​ကိုယ်ကို​မှီခို​အားထားခြင်း​ကို​ရှောင်ရန် ကျွန်ုပ်​တို့အတွက် သာ၍​အရေးတကြီး​ဖြစ်စေ​သည်။ ယနေ့ လူအများ​က “သင့်​နှလုံးသား​ပြော​သော​စကား​ကို​သာ နားထောင်ပါ” သို့​မဟုတ် “သင်​မှန်တယ်​ထင်​တဲ့​အရာ​ကို​လုပ်” ဟူသော​အယူအဆကို သဘောတူ​လက်ခံ​ကြသည်။ ယင်း​တို့ကို အားထား​၍​ရ​သလော။ “စိတ်နှလုံး​သည် ခပ်သိမ်း​သော​အရာ​ထက် စဉ်းလဲ​တတ်၏။ အလွန်​ယိုယွင်းသော​သဘော​ရှိ၏။ စိတ်နှလုံး​သဘောကို အဘယ်သူ​သိနိုင်​သနည်း” ဟု​ရှင်းလင်းစွာ​ဆို​သော သမ္မာကျမ်းစာ​အရ အားထား​၍​မရပါ။ (ယေရမိ ၁၇:၉) ဆုံးဖြတ်ချက်​ချ​ရာ​၌ စဉ်းလဲ​၍ ယိုယွင်းသော​သဘော​ရှိသူ​တစ်ဦး​ကို သင်​အားထား​မည်​လော။ ဝေးလေစွ! အမှန်​မှာ ထို​သူ​ပြောဆို​ရာ​နှင့် ဆန့်ကျင်​သည့်​အရာ​ကို​ပင် သင်​ပြု​ကောင်း​ပြု​မည်။ ထို​အကြောင်းကြောင့် သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို​ဤသို့​သတိပေး​သည်– “မိမိစိတ်နှလုံး​ကိုကိုး​စား​သော​သူသည် လူ​မိုက်​ဖြစ်၏။ ပညာသတိ​နှင့်​ကျင့်​သော​သူ​မူ​ကား ဘေးလွတ်​တတ်၏။”—သု. ၃:၅-၇; ၂၈:၂၆

ဘုရားသခင်​လက်ခံ​ရာ​ကို သင်ယူခြင်း

၁၂။ ‘ဘုရားသခင်​၏​အလိုတော်’ သည်​အဘယ်အရာ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​ကိုယ်တိုင်​သိဖို့ အဘယ်ကြောင့်​လို​သနည်း။

၁၂ အမှား၊ အမှန်​နှင့်​ပတ်သက်​၍ လောက​ဉာဏ်ပညာ​ကို​သော်လည်း​ကောင်း၊ ကျွန်ုပ်​တို့​ကိုယ်တိုင်​ကို​သော်လည်း​ကောင်း အ​မှီ​မပြု​သင့်​သည်​ဖြစ်၍ အဘယ်အရာ​ပြုလုပ်​သင့်​သနည်း။ တမန်​တော်​ပေါလု​၏ ရှင်းလင်း​ပြတ်သား​သော ဤ​အကြံပေး​ချက်​ကို​ဂရုပြုပါ– “သင်တို့သည် လော[က]ပုံသဏ္ဌာန်​ကို​မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ စုံလင်သော​အရာ​တည်း​ဟူသော ဘုရားသခင်​အလိုတော်​ရှိသော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို သင် [“ကိုယ်တိုင်​သိ၊” က​ဘ] နိုင်​မည်​အကြောင်း၊ စိတ်နှလုံး​ကို​အသစ်​ပြင်ဆင်​၍ ပုံသဏ္ဌာန်​ပြောင်းလဲခြင်း​သို့​ရောက်​ကြလော့။” (ရောမ ၁၂:၂) ဘုရားသခင်​၏​အလိုတော်သည် အဘယ်အရာ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​ကိုယ်တိုင်​သိဖို့ အဘယ်ကြောင့်​လို​သနည်း။ သမ္မာကျမ်းစာ​တွင် တဲ့တိုး​ဖြစ်သော်လည်း ခိုင်လုံ​သော​အကြောင်းရင်းကို ယေဟောဝါ​ဤသို့​ဖော်ပြ​သည်– “မိုးကောင်းကင်​သည် မြေကြီး​ထက်​သာ၍​မြင့်​သကဲ့သို့ ငါ​၏​အကျင့်​သည် သင်တို့၏​အကျင့်​ထက်​လည်းကောင်း၊ ငါ​၏​အကြံအစည်​သည် သင်တို့၏​အကြံအစည်​ထက်​လည်းကောင်း သာ၍​မြင့်​၏။” (ဟေရှာယ ၅၅:၉) ထို့​ကြောင့် အများ​အခေါ် သာမန်​အသိဉာဏ် သို့​မဟုတ် ဟုတ်​လှ​ပြီ​ဟူသော​အထင်​အပေါ် မှီခို​အားထားကြ​မည့်​အစား “သခင်​ဘုရား​နှစ်သက် [“လက်ခံ၊” က​ဘ] တော်​မူ​သော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို သင်​ကြလော့” ဟု​ကျွန်ုပ်​တို့​တိုက်တွန်း​ခံရ​ကြသည်။—ဧဖက် ၅:၁၀

၁၃။ ဘုရားသခင်​လက်ခံ​ရာ​ကို​သိဖို့​လို​ကြောင်း ယောဟန် ၁၇:၃ ၌​မှတ်တမ်း​တင်ထားသော ယေရှု၏​စကား​များ​က မည်သို့​အလေးပေး​ဖော်ပြ​သနည်း။

၁၃ ၎င်း​လိုအပ်ချက်​ကို ယေရှု​ခရစ်​က ဤသို့​အလေးပေး​ဖော်ပြ​ခဲ့​သည်– “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) “သိကျွမ်းခြင်း” ဟူသော​အသုံးအနှုန်း​က “သိခြင်း” သက်​သက်​ထက် အဓိပ္ပာယ်​များစွာ​လေးနက်​သည်။ ဗိုင်း​၏​ရှင်းလင်း​ဖော်ပြချက်​အဘိဓာန်​အရ ၎င်း​အသုံးအနှုန်း​က “သိ​သူနှင့် အသိ​ခံရ​သူတို့​နှစ်ဦး​စပ်ကြား​ရှိ ဆက်ဆံ​ရေး​ကို​ဖော်ပြ​သည်; ဤ​ကိစ္စ​တွင် သိလာ​သည့်​အရာ​သည် သိ​သူ​အတွက် အရေးပါ​အရာရောက်​သကဲ့သို့ ရှိ​ထား​သည့်​ဆက်ဆံ​ရေး​မှာလည်း ထပ်တူ​ပင်​ဖြစ်သည်။” လူတစ်ဦး​နှင့်​ဆက်ဆံ​ရေး​ရှိ​ခြင်း​ဟူသည် ထို​သူ​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း သိ​ရုံ​သိခြင်း​ထက်မက အဓိပ္ပာယ်​ရှိသည်။ ထို​သူ​ကြိုက်​နှစ်သက်ရာ၊ မနှစ်သက်​ရာ​တို့ကို​သိခြင်း၊ သူ၏​အကျင့်​စရိုက်​စံနှုန်း​များ​ကို​သိခြင်း၊ ၎င်းတို့ကို အလေးထား​ခြင်း​တို့​ပါဝင်​သည်။—၁ ယောဟန် ၂:၃; ၄:၈

ကျွန်ုပ်​တို့၏​ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို​လေ့ကျင့်ခြင်း

၁၄။ ဝိညာဉ်​ရေးရာ​သူငယ်​များနှင့် အရွယ်ရောက်​သူတို့​အကြား အဘယ်အရာက အဓိက​ကွာခြား​ချက်​ဖြစ်သည်ဟု ပေါလု​ဆို​သနည်း။

၁၄ သို့​ဖြစ်၍ အမှား​နှင့်​အမှန်​ခွဲခြား​သိမြင်နိုင်စွမ်း​ကို ကျွန်ုပ်​တို့​မည်သို့​ဆည်းပူး​နိုင်​သနည်း။ ပထမ​ရာစု ဟေဗြဲ​ခရစ်ယာန်​များ​ထံ ပေါလု​ရေးခဲ့​သော​စကား​များ​က ဖြေဆို​ပေး​သည်။ သူ​ဤသို့​ရေးခဲ့​သည်– “နို့​ကို​သာ​သုံးဆောင်​သော​သူ​မည်​သည်​ကား သူငယ်​ဖြစ်သော​ကြောင့် ဖြောင့်မတ်ခြင်း​တရား​နှင့်​ဆိုင်သော နှုတ် [မြွက်​စကား] တော်​၌ လေ့လာခြင်း​မရှိ။ ကြေ​ခဲ​သော​အစာ​အာဟာရ​မူ​ကား ကိုယ့်​အာရုံများ​ကို​အသုံးပြု​တတ်​သဖြင့် အလေ့အကျင့်​ရှိ၍ ကောင်း​မကောင်း​ကို ပိုင်းခြား​သိနိုင်​သော အရွယ်ရောက်​သူတို့​အဖို့​ဖြစ်၏။” ဤ​တွင် ပေါလု​သည် “ဘုရားသခင်​၏ [စကား] တော်​၌ ရှေ့​ဦးစွာ​သင်​ရသော မူလအမြစ်​တရား​များ” အဖြစ် ရှေ့အခန်း​ငယ်​၌ သူ​ဖော်ပြ​ခဲ့​သော “နို့” ကို “ကောင်း​မကောင်း​ကို ခွဲခြား​သိနိုင်​ရန် သူတို့၏​ပိုင်းခြား​သိမြင်နိုင်စွမ်း​များ​ကို လေ့ကျင့်​ထားသော၊” “အရွယ်ရောက်​သူတို့” သုံးဆောင်​သည့် “ကြေ​ခဲ​သော​အစာ” နှင့်​ခြားနား​ဖော်ပြ​ထား​သည်။—ဟေဗြဲ ၅:၁၂-၁၄က​ဘ။

၁၅။ ဘုရားသခင်​အား​သိကျွမ်းခြင်း​ပညာ​မှန်​ကို​ရရှိရန် အဘယ်ကြောင့်​ကြိုးပမ်း​ဖို့​လို​သနည်း။

၁၅ ယင်းက ဦးဆုံး ကျွန်ုပ်​တို့သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​၌​ပါ​သည့်​အတိုင်း ကိုယ်တော်​၏​စံနှုန်း​များ​ကို တိကျ​မှန်ကန်​စွာ နားလည်​သဘောပေါက်​ဖို့ ကြိုးပမ်း​ရမည်ဟု​ဆိုလို​သည်။ ကျွန်ုပ်​တို့​လုပ်​ရမည့်​အရာ​နှင့် မ​လုပ်​ရမည့်​အရာ​ကို​ဖော်ပြ​သည့် စာရင်း​တစ်ခု​ကို ကျွန်ုပ်​တို့​ရှာယူ​နေခြင်း​မဟုတ်ပါ။ သမ္မာကျမ်းစာ​သည် ထိုသို့​သော​စာအုပ်​မျိုး​မဟုတ်။ ယင်းအစား ပေါလု​က​ဤသို့​ရှင်းပြ​ခဲ့​သည်– “ထို​ကျမ်းစာ​ရှိသမျှသည် ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်၍၊ ဘုရားသခင်​၏​လူသည် စုံလင်သော​သူ၊ ကောင်းသော​အမှု​အမျိုးမျိုး​တို့ကို ပြုစု​စေခြင်း​အလို​ငှာ ပြင်ဆင်​သော​သူ​ဖြစ်​မည်​အကြောင်း၊ [သွန်သင်] ခြင်း၊ အပြစ်ကို​ဖော်ပြခြင်း၊ ဖြောင့်မတ်​စွာ​ပြုပြင်ခြင်း၊ တရားကို​သွန်သင်ခြင်း​ကျေးဇူးများ​ကို ပြု​တတ်၏။” (၂ တိမောသေ ၃:၁၆၊ ၁၇) ထို​သွန်သင်ခြင်း၊ အပြစ်ကို​ဖော်ပြခြင်း​နှင့် ပြုပြင်ခြင်း​တို့​မှ အကျိုးကျေးဇူး​ရရှိဖို့ ကျွန်ုပ်​တို့၏​စိတ်​နှင့် စဉ်းစား​တွေးခေါ်​နိုင်စွမ်း​ကို အသုံးပြု​ရ​ကြ​မည်။ ယင်း​သို့​ပြု​ရန် ကြိုးစား​အားထုတ်​ဖို့​လို​သည်၊ သို့သော် “စုံလင်သော​သူ၊ ကောင်းသော​အမှု​အမျိုးမျိုး​တို့ကို​ပြုစု​ခြင်း​အလို​ငှာ ပြင်ဆင်” ခံရ​သည်​ဖြစ်၍ အကျိုးနပ်​ပါ​သည်။—သု. ၂:၃-၆

၁၆။ လူတစ်ဦး​၏​ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို လေ့ကျင့်​ထားခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

၁၆ ထို့​ပြင် ပေါလု​ဖော်ပြ​ခဲ့​သည့်​အတိုင်း အရွယ်ရောက်​သော​သူသည် “ကောင်း​မကောင်း​ကို ခွဲခြား​သိနိုင်​ရန် သူတို့၏​ပိုင်းခြား​သိမြင်နိုင်စွမ်း​များ​ကို လေ့ကျင့်​ထား” သည်။ ဤ​တွင် ကိစ္စရပ်​၏​သော့ချက်​သို့​ရောက်လာ​သည်။ “သူတို့၏​ပိုင်းခြား​သိမြင်နိုင်စွမ်း​များ​ကို လေ့ကျင့်​ထားသော” ဟူ​သည့်​အသုံးအနှုန်း​က စာသား​အရ “(ကျွမ်းဘား​ကစား​သူ​ကဲ့သို့) အာရုံခံစား​မှု​ရှိသော​အင်္ဂါများ​ကို လေ့ကျင့်​ထားခြင်း” ကို​ဆိုလို​သည်။ (နိုင်ငံတော်​ကြားညှပ်​ဘာသာပြန်​ကျမ်း) ဆွဲ​ကွင်း သို့​မဟုတ် ချိန်ညှိ​တန်း​စ​သော ရွေးချယ်​ထား​သည့်​ကျွမ်းဘား​ပစ္စည်း​ပေါ်​မှ အတွေ့အကြုံ​ရှိ ကျွမ်းဘား​ကစား​သူ​တစ်ဦး​သည် ဆွဲငင်အား သို့​မဟုတ် အခြား​သဘာဝ​နိယာမ​တရားကို​လွန်ဆန်​ပုံ​ရသည့် အလွန်​လျင်မြန်​သော​လှုပ်ရှားမှုများ​ကို ပြုလုပ်​နိုင်​သည်။ သူသည် သူ၏​ကိုယ်​အင်္ဂါ​အစိတ်အပိုင်း​များ​ကို တစ်ချိန်​လုံး အပြည့်အဝ​ထိန်းချုပ်​ထား​ကာ သူ၏​အခန်းကဏ္ဍ အောင်မြင်စွာ​ပြီးမြောက်​နိုင်​ဖို့ အဘယ်​လှုပ်ရှားမှုများ​ပြု​ရမည်ကို အလိုအလျောက်​ဆို​ရ​မလောက် သိရှိခံစား​ရသည်။ ဤသို့​ဖြစ်​ရခြင်း​မှာ အပြင်းအထန်​လေ့ကျင့်​ယူခြင်း​နှင့် မ​နား​မနေ​ကျင့်​ထားခြင်း​ကြောင့်​ဖြစ်သည်။

၁၇။ ကျွန်ုပ်​တို့သည် အဘယ်​သဘော​မျိုး​ဖြင့် ကျွမ်းဘား​သမားများ​ကဲ့သို့ ဖြစ်​သင့်​သနည်း။

၁၇ ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​များနှင့် ရွေးချယ်မှု​များ​ကို အစဉ်သဖြင့်​မှန်ကန်​စေ​လိုလျှင် ကျွန်ုပ်​တို့သည်​လည်း ကျွမ်းဘား​ကစား​သူ​တစ်ဦး​ကဲ့သို့ ဝိညာဉ်​ရေး​အရ လေ့ကျင့်​ထား​ရ​ပေမည်။ ကျွန်ုပ်​တို့၏ အာရုံများ​နှင့် ကိုယ်​အင်္ဂါ​အစိတ်အပိုင်း​များ​ကို တစ်ချိန်​လုံး​အပြည့်အဝ​ထိန်းချုပ်​ထား​ရမည်။ (မဿဲ ၅:၂၉၊ ၃၀; ကောလောသဲ ၃:၅-၁၀) ဥပမာ၊ အကျင့်ပျက်​စေသော​အရာ​ကို မကြည့်ရှု​ရန် သင့်​မျက်စိ​ကိုလည်း​ကောင်း၊ ညံ့ဖျင်း​သော​တေးဂီတ​နှင့် အပြောအဆိုကို နားမထောင်​မိ​စေရန် သင့်​နား​ကိုလည်း​ကောင်း ကြပ်မတ်​လေ့ကျင့်ပေး​ပါသလော။ ကျွန်ုပ်​တို့​ဝန်းကျင်​၌ ယင်း​သို့​သော​အကျိုးမပြု​သည့်​အရာများ ရှိသည်​မှာ​မှန်ပါသည်။ သို့ရာတွင် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ထဲ အမြစ်တွယ်​ခွင့်ပြု​မပြု​ဆို​သည်​မှာ ကျွန်ုပ်​တို့​အပေါ်​မူတည်​သည်။ “[မတရားသော] အမှုအရာ​ကို မျက်မှောက်​မပြု​ပါ။ လမ်း​လွှဲ​သော​သူ၏​အမှုကို ရွံရှာ​သည်​ဖြစ်၍ ငါ​၌​မ​မှီ​မ​ကပ်​ရ။ . . . မုသာ​စကား​ကို​ပြောတတ်​သော​သူသည်​လည်း ငါ့​မျက်မှောက်​၌​အခွင့်​မရှိ​ရ” ဟု​ဆို​ခဲ့​သော ဆာလံဆရာ​ကို ကျွန်ုပ်​တို့​တုပ​နိုင်​ပါ​သည်။—ဆာလံ ၁၀၁:၃၊

ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို အသုံးပြုခြင်း​ဖြင့်​လေ့ကျင့်ပေး​ပါ

၁၈။ ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို လေ့ကျင့်​ပေးခြင်း​နှင့်​ပတ်သက်သော ပေါလု​၏​ရှင်းပြချက်​တွင် “အသုံးပြု” ဟူသော​အသုံးအနှုန်း​က အဘယ်အရာကို​ဖော်ပြ​သနည်း။

၁၈ ကျွန်ုပ်​တို့၏​ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို “အသုံးပြု” ခြင်း​ဖြင့် အမှား​နှင့်​အမှန်​နှစ်ရပ်စလုံးကို ခွဲခြား​သိမြင်​ရန် လေ့ကျင့်ပေး​နိုင်​ကြောင်း စွဲမှတ်​ထား​ပါ။ တစ်နည်း​အားဖြင့် ဆုံးဖြတ်ချက်​ချဖို့​လို​လာ​သည့်​အခါတိုင်း အဘယ်​ကျမ်းစာ​မူများ​ပါဝင်​ပတ်သက်​ကြောင်း​နှင့် ယင်း​တို့ကို​မည်သို့​ကျင့်သုံး​နိုင်​ကြောင်း ခွဲခြား​သိမြင်​ရန် ကျွန်ုပ်​တို့၏​စိတ်စွမ်း​အား​ကို အသုံးပြုရန် သင်ယူ​သင့်​သည်။ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ မှ​တစ်ဆင့်​ပြင်ဆင်​ပေး​သော ကျမ်းစာ​စာပေ​စာတမ်း​များ​ကို ရှာဖွေ​လေ့လာ​သည့်​အကျင့် တိုးတက်စေ​ပါ။ (မဿဲ ၂၄:၄၅) ရင့်ကျက်သော​ခရစ်ယာန်​များ​၏​အကူအညီကို​လည်း ကျွန်ုပ်​တို့​တောင်းခံ​နိုင်​သည်။ မည်သို့​ပင်​ဖြစ်စေ ယေဟောဝါ​၏​လမ်းညွှန်မှု​နှင့် ဝိညာဉ်​တော်​အကူအညီ ရဖို့​အတွက် ဆုတောင်းခြင်း​နှင့်အတူ ဘုရားသခင့်​စကားတော်​ကို လေ့လာ​ရန် ကျွန်ုပ်​တို့၏​လုံ့လ​စိုက်ထုတ်​မှု​သည် ရေရှည်​တွင် ကြွယ်ဝသော​အကျိုးကို ခံစားရ​ပါ​လိမ့်​မည်။—ဧဖက် ၃:၁၄-၁၉

၁၉။ ကျွန်ုပ်​တို့၏​ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို တဖြည်းဖြည်း​လေ့ကျင့်ပေး​မည်​ဆိုလျှင် အဘယ်​ကောင်းချီး​များ​ရရှိနိုင်​သနည်း။

၁၉ ကျွန်ုပ်​တို့၏​ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို တဖြည်းဖြည်း​လေ့ကျင့်ပေး​ရသည့် ရည်ရွယ်ချက်မှာ “သူတစ်ပါး​တို့သည် လူ​ပရိယာယ်​နှင့် အပြစ်​သို့​သွေးဆောင်ခြင်း​ငှာ လှည့်ဖြား​ပြောဆို​သဖြင့်၊ ငါ​တို့သည် နောက်​တစ်ဖန် ခပ်သိမ်း​သော . . . လေ​တိုက်၍ ဖရိုဖရဲ​လွင့်​သွားသော​သူငယ်မ​ဖြစ် . . . မည်​အကြောင်း​တည်း။” (ဧဖက် ၄:၁၄-၁၅) ယင်းအစား ဘုရားသခင်​လက်ခံ​တော်​မူ​သော အသိပညာနှင့် သိနားလည်မှု​ပေါ်​အခြေပြု​လျက် ကျွန်ုပ်​တို့အတွက်​အကျိုးရှိ​သော၊ ဝတ်ပြုသူချင်း​များ​အတွက် တည်ဆောက်မှု​ဖြစ်​ပြီး အဓိက​အားဖြင့် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော် နှစ်သက်​တော်​မူ​သော ပညာရှိ​သည့်​ဆုံးဖြတ်ချက် ကြီးငယ်မဟူ​ကို​ချ​နိုင်​ကြ​ပေမည်။ (သု. ၂၇:၁၁) ယင်းသည် ဤ​ခဲယဉ်း​သော​ကာလ​တွင် ကျွန်ုပ်​တို့အတွက်​ကောင်းချီး​နှင့် ကာကွယ်​မှု​ဖြစ်သည်​တကား!

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဒေါက်တာ သောမတ်စ် ဟု​မ်းစ်​နှင့် ရစ်ချက်​ဒ် ရာ တို့​ရေးသား​ပြုစု​ခဲ့​သော လူ့​ဘဝတွင် ဖိစီးမှု​အများဆုံး အတွေ့အကြုံ ၄၀ ကျော်​ပါ​သည့်​စာရင်း​၏ ထိပ်ဆုံး​သုံးခု​မှာ အိမ်ထောင်ဖက်​တစ်ဦး​သေဆုံး​ခြင်း၊ ကွာရှင်း​ခြင်း​နှင့် ခွဲနေ​ခြင်း​တို့​ဖြစ်သည်။ ထိမ်းမြားခြင်း​က နံပါတ်​ခု​နစ်​ချိတ်​သည်။

သင်​ရှင်းပြ​နိုင်​သလော

• မှန်သော​ဆုံးဖြတ်ချက်​များ​ချရန် အဘယ်​စွမ်းရည်​လိုအပ်​သနည်း။

• အမှား​နှင့်​အမှန်​ဆုံးဖြတ်​သောအခါ အထင်ကရ​ပုဂ္ဂိုလ်​များ သို့​မဟုတ် ကျွန်ုပ်​တို့​ကိုယ်တိုင်​၏​ခံစားချက်​များ​ကို အမှီပြု​ခြင်း​သည် အဘယ်ကြောင့်​ပညာ​မဲ့​ရာ​ကျ​သနည်း။

• ဆုံးဖြတ်ချက်​များ​ချ​သောအခါ ဘုရားသခင်​လက်ခံ​တော်​မူ​ရာ​ဖြစ်​ဖို့ အဘယ်ကြောင့်​သေချာ​သင့်​သနည်း၊ ယင်းကို​ကျွန်ုပ်​တို့ မည်သို့​ပြု​နိုင်​သနည်း။

• ‘ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို​လေ့ကျင့်ခြင်း’ ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

လမ်းညွှန်မှု​ရဖို့​အတွက် ချမ်းသာ​ကြွယ်ဝ​၍ နာမည်​ကျော်ကြား​သူတို့​ထံ မျှော်ကိုးခြင်း​သည် အချည်းနှီး​ဖြစ်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကျွမ်းဘား​ကစား​သူ​တစ်ဦး​ကဲ့သို့ ကျွန်ုပ်​တို့၏​အာရုံများ​နှင့် ကိုယ်​အင်္ဂါ​အစိတ်အပိုင်း​များ​အားလုံး​ကို အပြည့်အဝ​ထိန်းချုပ်​ထား​ရမည်