မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ယောဘသည် အချိန်​မည်မျှ​တိုင် ဆင်းရဲခြင်း​ခံ​ခဲ့​ရသနည်း။

ယောဘ​၏​စမ်းသပ်မှု​များသည် နှစ်​ရှည်​လ​များ​ကြာ​ခဲ့​သည်​ဟု လူ​အချို့​က ထင်မှတ်​ကြသော်လည်း ဤမျှ​ကြာရှည်​စွာ​ဆင်းရဲခြင်း​ခံရ​သည်​ဟု ယောဘ​ကျမ်း​က မဖော်​ပြ​ထား​ချေ။

ယောဘ​၏​စမ်းသပ်မှု ပထမ​အဆင့်​ဖြစ်သည့် မိသားစုဝင်​များနှင့် ပစ္စည်းဥစ္စာ​ဆုံးရှုံး​ခဲ့​ခြင်း​သည် အချိန်တို​အတွင်း ဖြစ်ပျက်​ခဲ့​ဟန်​ရှိသည်။ “တစ်နေ့​သ​၌ ယောဘ​၏​သားသမီးတို့​သည် အစ်ကို​အကြီး​အိမ်​တွင် စား၍ စပျစ်​ရည်​ကို​သောက်​လျက်​နေကြ​စဉ်” ဟု​ကျွန်ုပ်​တို့​ဖတ်​ရသည်။ ယောဘသည် သူ၏​နွား​များ၊ မြည်း​များ၊ သိုးများ၊ ကုလားအုတ်​များနှင့် ထို​တိရစ္ဆာန်​များ​ကို ထိန်းကျောင်း​သော​ကျွန်​များ ဆုံးရှုံး​ရသည့်​သတင်းကို ဆက်တိုက်​ကြား​ခဲ့​ရသည်။ ၎င်းနောက်​ပင် “အစ်ကို​အကြီး​အိမ်​တွင် စား၍ စပျစ်​ရည်​ကို​သောက်​လျက်​နေကြ” သော​မိမိ၏​သားသမီး​များ သေဆုံး​သွား​ကြောင်း ယောဘ​ကြားသိ​ခဲ့​ဟန်​တူ​သည်။ ယင်း​တို့အားလုံး​သည် တစ်နေ့​ချင်း​တွင် ဖြစ်​ခဲ့​ပုံ​ရသည်။—ယောဘ ၁:၁၃-၁၉

ယောဘ​၏​စမ်းသပ်မှု​နောက်​တစ်ဆင့်​သည် အချိန်ပို​ကြာမြင့်​ခဲ့​ရမည်။ စာတန်​သည် ယေဟောဝါ​ထံ​ချဉ်းကပ်​၍ ယောဘသည် သူ၏​ကိုယ်ခန္ဓာ​တွင် ဆင်းရဲခံ​ရ​လျှင် ကျရှုံး​လိမ့်​မည်​ဟု​ဆို​၏။ ထို​အခါ ယောဘသည် “ခြေဖဝါး​မှ​သည် ဦးထိပ်​တိုင်အောင် ဆိုးသော​အနာစိမ်း​များ” ပေါက်​လေ​၏။ သူ့​တစ်ကိုယ်လုံး ဤ​အနာစိမ်း​ပျံ့နှံ့​သွား​ရန် အချိန်​အတော်ကြာ​ပေမည်။ ထို့​ပြင် ယောဘ​ထံ​ရောက်ရှိ​လာ​ကြသော ဟန်ဆောင်​နှစ်သိမ့်​သူများ​ထံ “ဤ​အမှု​ကြီး​အလုံးစုံ” သတင်း​ရောက်ရှိ​ရန် အချိန်​ကြာမြင့်​နိုင်​ဖွယ်​ရှိသည်။—ယောဘ ၂:၃-၁၁

ဧလိ​ဖတ်​သည် ဧဒုံ​ပြည်၊ တေမန်​မြို့မှ​ဖြစ်​ပြီး ဇောဖာ​သည် အနောက်မြောက်​ပိုင်း​အာရေဗျ​မှ ဒေသ​တစ်ခု​က​ဖြစ်သော​ကြောင့် သူတို့၏​နေရင်း​ဒေသ​သည် မြောက်ပိုင်း​အာရေဗျ​တွင်​ရှိ​နိုင်​ဖွယ်​သော ဥဇမြို့​ရှိ​ယောဘ​နေအိမ်​နှင့် မ​ဝေး​လှ​ချေ။ သို့သော် ဗိလဒဒ်​သည် ရှု​အာ​အမျိုးသား​တစ်ဦး​ဖြစ်​ပြီး သူ၏​လူမျိုး​သည် ဥဖရတ်​မြစ်​တစ်လျှောက်​တွင် နေထိုင်ခဲ့​ကြောင်း​သိရ​သည်။ ထို​အချိန်​က ဗိလဒဒ်​သည် သူ၏​နေရင်း​ဒေသ​တွင်​ရှိ​မည်​ဆိုပါ​က ယောဘ​အကြောင်း ကြား​ပြီး​ဥဇမြို့​သို့ ခရီးနှင်​ရန် ရက်​ရှည်​လ​များ​ကြာ​မည်​ဖြစ်သည်။ အမှန်​ဆို​ရ​လျှင် ယောဘ ဆင်းရဲခြင်း​စ​ခံရ​ချိန်​တွင် ထို​သုံးဦး​တို့​မှာ ယောဘ​၏​ပတ်ဝန်းကျင်​အရပ်​တွင် ရှိ​နိုင်​ဖွယ်​ရှိသည်။ မည်သို့​ပင်​ဖြစ်ပါစေ၊ ယောဘ​၏​အဖော်​သုံးဦး​ရောက်လာသော​အခါ စကား​မပြော​ဘဲ “ခု​နစ်​ရက်​ပတ်လုံး ယောဘ​နှင့်အတူ​မြေပေါ်မှာ​ထိုင်” ခဲ့​ကြသည်။—ယောဘ ၂:၁၂၊ ၁၃

ထို့နောက် ယောဘ​၏​စမ်းသပ်မှု နောက်ဆုံး​အဆင့်​သို့​ရောက်လာ​ရာ ယောဘ​ကျမ်း​၏​အခန်းကြီး​များစွာ​တွင် ယင်းကို​အသေးစိတ်​ဖော်ပြ​ထား​သည်။ နှစ်သိမ့်​ပေး​သူများ​ပါ​ဟု​ဆို​သူတို့သည် တစ်ယောက်​တစ်​လှည့်​စီ စကား​အချေအတင်​ပြော​ကြ​ပြီး ယောဘ​က​လည်း မကြာခဏ​ပြန်​ပြော​ခဲ့​သည်။ အဆုံးသတ်​တွင် လူငယ်​ဧလိဟု​သည် ပြစ်တင်​ဆုံးမ​ခဲ့​ပြီး ယေဟောဝါ​က ယောဘ​ကို ကောင်းကင်​မှ​ဆုံးမ​ပဲ့ပြင်​တော်​မူ​၏။—ယောဘ ၃၂:၁-၆; ၃၈:၁; ၄၀:၁-၆; ၄၂:၁

ထို့​ကြောင့် ယောဘ​၏​ဆင်းရဲခြင်း​နှင့် ၎င်း​၏​ဖြေရှင်းချက်​သည် လအနည်းငယ်​ကြာ​၍ တစ်နှစ်​အောက်​ဖြစ်​နိုင်​ဖွယ်​ရှိသည်။ ခက်ခဲ​သော​စမ်းသပ်မှု​များသည် အလွန်​ကြာရှည်​ပုံ​ပေါက်​ကြောင်း ကိုယ်တိုင်​ခံစား​ခဲ့​ရ​ပေမည်။ သို့​တိုင် ယောဘ​အဖြစ်​တွင်​ကဲ့သို့ အဆုံးတိုင်​မည်​ကို ကျွန်ုပ်​တို့​မမေ့​သင့်​ချေ။ ကျွန်ုပ်​တို့​ရင်ဆိုင်​နေရ​သော စမ်းသပ်မှု​များသည် မည်မျှ​ပင်​ကြာရှည်​ပါစေ “ယခု​ခဏ​ခံရ​၍ ပေါ့ပါး​သော​ဆင်းရဲခြင်း . . . သည်​အတိုင်း​ထက်​အလွန်​ကြီးမြတ်​လေးလံ​သော . . . ထာဝရ​ဘုန်း​အသရေ​ကို ငါ​တို့​အဖို့​ဖြစ်စေ​တတ်၏” ဟူသော မှုတ်သွင်းခံ​စကား​များ​တွင်​ဖော်ပြ​ထား​သည့် ဘုရားသခင်​၏​ထောက်မမှုကို စိတ်​စွဲမှတ်​ထား​ကြ​စို့။ (၂ ကောရိန္သု ၄:၁၈) “ခရစ်တော်​ယေရှု​အားဖြင့် ငါ​တို့ကို ထာဝရ​ဘုန်း​အသရေတော်​သို့​ခေါ်တော်မူ​သော၊ ခပ်သိမ်း​သော​ကျေးဇူး​ကို​ပြု​တော်​မူ​သော ဘုရားသခင်​သည် ခဏ​ဆင်းရဲခံ​ပြီး​သော​သင်တို့ကို စုံလင်​တည်ကြည်​ခိုင်ခံ့​မြဲမြံ​စေတော်မူ​လိမ့်​မည်” ဟု​တမန်​တော်​ပေတရု​ရေးသားခဲ့​သည်။—၁ ပေတရု ၅:၁၀