မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လက်မလျှော့ဘဲ ကောင်းသောအကျင့်ကျင့်ပါလေ

လက်မလျှော့ဘဲ ကောင်းသောအကျင့်ကျင့်ပါလေ

လက်မလျှော့​ဘဲ ကောင်းသော​အကျင့်​ကျင့်​ပါ​လေ

“ငါ​တို့သည် အား​မ​လျော့၊ စိတ်မပျက်​ဘဲ ကောင်းသော​အကျင့်ကို​ကျင့်​ကြ​ကုန်​အံ့။ ထိုသို့​တည်ကြည်​၍​ကျင့်​လျှင် အချိန်တန်​သော​ကာလ​၌ အသီးအနှံ​ကို​ရိတ်​ရ​ကြလိမ့်မည်။”—ဂလာတိ ၆:၉

၁၊ ၂။ (က) ဘုရားသခင့်​အမှုတော်​ဆောင်ရန် ခံနိုင်ရည်​ရှိဖို့ အဘယ်ကြောင့်​လိုအပ်​သနည်း။ (ခ) အာဗြဟံ​သည် ခံနိုင်ရည်​ရှိကြောင်း မည်သို့​ဖော်ပြ​ခဲ့​သနည်း၊ ထိုသို့​ပြု​ရန် အဘယ်အရာက သူ့ကို​အကူအညီ​ပေး​ခဲ့​သနည်း။

ယေဟောဝါသက်သေ​များ​အနေ​ဖြင့် ဘုရားသခင့်​အလိုတော်ကို ဆောင်ရွက်​ရသော​ကြောင့် ကျွန်ုပ်​တို့ ဝမ်းမြောက်​ကြသည်။ တပည့်​များ​အဖြစ် “ထမ်းပိုး” ထမ်း​ခြင်း​မှ​လည်း ကျွန်ုပ်​တို့​လန်းဆန်းမှု​ရရှိ​ကြသည်။ (မဿဲ ၁၁:၂၉) မည်သို့​ပင်​ဖြစ်စေ​ကာ​မူ ခရစ်တော်​နှင့်အတူ ယေဟောဝါ​၏​အမှုတော်​ဆောင်ခြင်း​သည် အမြဲ​လွယ်ကူ​မည်​မဟုတ်​ချေ။ တမန်​တော်​ပေါလု​က ယုံကြည်သူချင်း​တို့အား ဤသို့​တိုက်တွန်း​ရာ​တွင် ယင်းကို အထင်အရှား​ဖော်ပြ​ခဲ့​သည်– “ဘုရားသခင်​၏​အလိုတော်ကို​ဆောင်​ပြီး​မှ၊ ကတိတော်​အတိုင်း အကျိုးကို​ရမည်​အကြောင်း သည်းခံခြင်း​စိတ် [“ခံနိုင်ရည်၊” က​ဘ] ရှိ​ရမည်။” (ဟေဗြဲ ၁၀:၃၆) ဘုရားသခင့်​အမှုတော်​ဆောင်ခြင်း​သည် စိန်ခေါ်ချက်​ဖြစ်​နိုင်သော​ကြောင့် ခံနိုင်ရည်​လိုအပ်​ပေ​သည်။

အာဗြဟံ​၏​ဘဝ​အသက်တာသည် ထို​အချက်​ကို အမှန်ပင်​သက်သေထူ​၏။ သူသည် ခက်ခက်ခဲခဲ​ရွေးချယ်​ပြုမူ​ရသည့်​အခါ​မျိုး​နှင့် ဖိစီး​သော​အခြေအနေ​များ​ကို ကြိမ်ဖန်​များစွာ​ကြုံတွေ့​ခဲ့​သည်။ ဥရ​မြို့တွင် စည်းစိမ်​ရှိ​ရှိနေ​ထိုင်​ခဲ့​သော​ဘဝကို စွန့်လွှတ်​ရန် မိန့်မှာ​ခံရ​ခြင်း​သည် အစ​မျှ​သာ​ဖြစ်သည်။ မကြာမီ သူသည် ငတ်မွတ်​ခေါင်းပါး​ခြင်း၊ အိမ်နီးချင်း​တို့၏​ရန်၊ ဇနီး​ကို ဆုံးရှုံး​လု​နီးပါး​ဖြစ်​ရခြင်း၊ ဆွေမျိုး​အချို့​၏​ရန်လိုမှု​နှင့် စစ်မက်​၏​အကြမ်းဖက်မှု​တို့ကို ရင်ဆိုင်ခဲ့​ရ၏။ ထို​ထက်​ပြင်းထန်သော​စမ်းသပ်မှု​များ ခံရ​စ​ရာ​ရှိသေး​သည်။ သို့သော် အာဗြဟံ​သည် ကောင်း​ရာ​မွန်​ရာ​လုပ်ဆောင်ခြင်း​ကို တစ်ခါမျှ​မစွန့်​လွှတ်​ခဲ့​ချေ။ ယနေ့ ကျွန်ုပ်​တို့​၌ ဘုရားသခင့်​နှုတ်မြွက်​စကားတော် အပြည့်အစုံ​ရှိ​ထား​သကဲ့သို့ သူ့​တွင်​မရှိခြင်း​ကို ကျွန်ုပ်​တို့​စဉ်းစား​ကြည့်​လျှင် ထိုသို့​ပြု​ခဲ့​ခြင်း​သည် အမှန်ပင်​ထူးခြား​ပေ​သည်။ မည်သို့​ပင်​ဖြစ်စေ “သင်​နှင့်​မိန်းမကို​လည်းကောင်း၊ သင်၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကိုလည်း​ကောင်း ငါသည်​ရန်ငြိုး​ဖွဲ့​စေမည်” ဟု​ဘုရားသခင်​ကြွေးကြော်​ခဲ့​သော ဦးဆုံး​ပရောဖက်ပြုချက်​ကို သူ​မလွဲဧကန်​သိ​ပေမည်။ (ကမ္ဘာဦး ၃:၁၅) အာဗြဟံ​မှ​တစ်ဆင့် မျိုးနွယ်တော်​ဆင်းသက်လာ​ရမည်​ဖြစ်​ရာ သူသည် စာတန်​၏ ရန်ငြိုး​ကို အဓိက​ခံရ​မည်​ကား အမှန်တကယ်​ပင်​ဖြစ်၏။ ဤ​အချက်​ကို သိထား​သောကြောင့် အာဗြဟံ​သည် သူ၏​စမ်းသပ်ချက်​များ​ကို ရွှင်လန်း​အားရ​စွာ ခံရပ်​နိုင်​ရန် အမှန်ပင်​အကူအညီ​ရခဲ့​ပေမည်။

၃။ (က) ယေဟောဝါ​၏​လူတို့သည် ဆင်းရဲခြင်း​များ​ခံရ​ရန် ယနေ့ အဘယ်ကြောင့်​မျှော်လင့်သင့်​သနည်း။ (ခ) ဂလာတိ ၆:၉ က ကျွန်ုပ်​တို့ကို မည်သို့​အားပေး​သနည်း။

ယနေ့ ယေဟောဝါ​၏​လူတို့သည် ဆင်းရဲခြင်း​များ​ခံရ​မည်​ကို မျှော်လင့်​ထား​သင့်​၏။ (၁ ပေတရု ၁:၆၊ ၇) အမှန်​မှာ စာတန်​သည် ကောင်းကင်​အတန်းအစား​မှ အကြွင်းအကျန်​တို့​နှင့် ‘စစ်တိုက်​နေ’ ကြောင်း ဗျာဒိတ် ၁၂:၁၇ က ကျွန်ုပ်​တို့ကို သတိပေး​သည်။ “အခြားသိုး” သည် ထို​သူတို့နှင့် အနီးကပ်​ပေါင်းသင်း​နေကြ​သောကြောင့် သူတို့လည်း စာတန့်​အမျက်​ဒေါသ​၏​ပစ်မှတ်​များ​ဖြစ်​ကြသည်။ (ယောဟန် ၁၀:၁၆) ခရစ်ယာန်​များသည် သူတို့၏​လူထုရှေ့​ဓမ္မ​အမှု​တွင် ရင်ဆိုင်​ရမည့် ဆန့်ကျင်မှု​အပြင် သူတို့၏​ကိုယ်ရေးကိုယ်တာ​ဘဝတွင်​လည်း စုံစမ်း​နှောင့်ယှက်မှု​အမျိုးမျိုး​ခံရ​ပေမည်။ ပေါလု​က ကျွန်ုပ်​တို့ကို ဤသို့​တိုက်တွန်း​သည်– “ငါ​တို့သည် အား​မ​လျော့၊ စိတ်မပျက်​ဘဲ ကောင်းသော​အကျင့်ကို​ကျင့်​ကြ​ကုန်​အံ့။ ထိုသို့​တည်ကြည်​၍​ကျင့်​လျှင် အချိန်တန်​သော​ကာလ​၌ အသီးအနှံ​ကို​ရိတ်​ရ​ကြလိမ့်မည်။” (ဂလာတိ ၆:၉) စာတန်​သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း ပျက်ပြား​သွားစေရန် ဆန္ဒ​ပြင်းပြ​သော်လည်း ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​ခိုင်မြဲ​စွာ​ဖြင့် သူ့ကို​ဆီးတား​ကြ​ရမည်။ (၁ ပေတရု ၅:၈၊ ၉) ကျွန်ုပ်​တို့၏​တည်ကြည်​ခြင်း​လမ်းစဉ်​မှ အဘယ်​ရလဒ်​ရရှိနိုင်​မည်​နည်း။ ယာကုပ် ၁:၂၊ ၃ က ဤသို့​ရှင်းပြသည်– “ငါ့​ညီအစ်ကို​တို့၊ သင်တို့၏​ယုံကြည်ခြင်းကို စစ်ကြော​စုံစမ်းခြင်း​အရာ​သည် သည်းခံခြင်း​ကို ပွား​စေ​တတ်​သည်​ဟု​သိမှတ်​လျက်၊ အထူးထူး​အပြားပြား စုံစမ်း​နှောင့်ယှက်ခြင်း​နှင့် တွေ့ကြုံ​သောအခါ၊ ဝမ်းမြောက်စရာ​အကြောင်း​သက်​သက်​ဖြစ်သည်ဟု မှတ်​ကြလော့။”

တိုက်ရိုက်​တိုက်ခိုက်​ခြင်း

၄။ ဘုရားသခင့်​လူမျိုး၏ တည်ကြည်မှု​ကို​ချိုးဖျက်​ရန် စာတန်​သည် တိုက်ရိုက်​တိုက်ခိုက်မှု​ကို မည်သို့​အသုံးပြု​ခဲ့​သနည်း။

ယနေ့​ခရစ်ယာန်​တစ်ဦး ရင်ဆိုင်​ရမည့် “အထူးထူး​အပြားပြား​စုံစမ်း​နှောင့်ယှက်ခြင်း” တို့ကို အာဗြဟံ​၏​ဘဝ​အသက်တာ​က အမှန်ပင်ရှင်းလင်း​ဖော်ပြ​၏။ ဥပမာ၊ သူသည် ရှိ​နာ​မှ ကျူးကျော်​လာ​သူတို့၏​ရန်ကို တုံ့ပြန်​တိုက်ခိုက်​ခဲ့​ရသည်။ (ကမ္ဘာဦး ၁၄:၁၁-၁၆) စာတန်​သည် နှိပ်စက်​ညှဉ်းပန်းမှု​အသွင်​ဖြင့် တိုက်ရိုက်​တိုက်ခိုက်မှု​များ​ကို ဆက်လက်​၍​အသုံးပြု​နေခြင်း​မှာ အံ့အားသင့်​စ​ရာ​မဟုတ်​ချေ။ ဒုတိယ​ကမ္ဘာ​စစ်​ပြီး​ကတည်းက ယေဟောဝါသက်သေ​များ​၏ ခရစ်ယာန်​ပညာပေး​ရေး​လုပ်ငန်း​အပေါ် အစိုးရ​ပိတ်ပင်​တားမြစ်​မှုများ​ကို နိုင်ငံ​များစွာ​၌ ပြဋ္ဌာန်း​ခဲ့​၏။ အင်ဂိုလာ​နိုင်ငံ​တွင် ရန်သူများ​လက်ထဲ​၌ ခရစ်ယာန်​များ​ခံရ​သည့် အကြမ်းဖက်မှု​အကြောင်း ၂၀၀၁ ခုနှစ် ယေဟောဝါသက်သေ​များ​၏​နှစ်ချုပ်​စာအုပ်​က​ဖော်ပြ​သည်။ ထိုသို့​သော​နိုင်ငံ​များ​ရှိ ကျွန်ုပ်​တို့၏​ညီအစ်ကို​များသည် ယေဟောဝါ​အပေါ် မှီခို​အားထား​လျက် အရှုံးမပေး​ကြ​ရန် စွဲစွဲမြဲမြဲ​ခုခံ​ငြင်းဆို​ခဲ့​ကြပြီ​တကား! သူတို့သည် အကြမ်းဖက်မှု သို့​မဟုတ် ပုန်ကန်မှု​ဖြင့်​မဟုတ်ဘဲ ဟောပြောခြင်း​လုပ်ငန်း​ကို ပညာသတိ​ရှိ​ရှိ စွဲစွဲမြဲမြဲ​ဆောင်ရွက်ခြင်း​ဖြင့် တုံ့ပြန်​ခဲ့​ကြသည်။—မဿဲ ၂၄:၁၄

၅။ ခရစ်ယာန်​လူငယ်များသည် ကျောင်းတွင် နှိပ်စက်​ညှဉ်းပန်းမှု​၏​သားကောင်​များ မည်သို့​ဖြစ်​နိုင်​သနည်း။

သို့သော် နှိပ်စက်​ညှဉ်းပန်းမှု​တွင် အကြမ်းဖက်မှု ပါဝင်​စ​ရာ​မလို​ပေ။ အာဗြဟံ​သည် အဆုံး​တွင် ဣရှမေလ​နှင့် ဣဇာက်​အမည်​ရှိ သား​နှစ်ဦး​ဖြင့် ဆုကျေးဇူး​ခံစား​ခဲ့​ရသည်။ တစ်ကြိမ်​တစ်ခါ​တွင် ဣရှမေလ​သည် ဣဇာက်​ကို “ဆဲရေး” ခဲ့​ကြောင်း ကမ္ဘာဦး ၂၁:၈-၁၂ က​ဖော်ပြ​သည်။ ဂလာတိ​သို့​ရေး​သော​စာ​တွင် ပေါလု​က ဣရှမေလ​သည် ဣဇာက်​ကို ညှဉ်းဆဲ​သည်​ဟု​ဖော်ပြ​ထားသော​ကြောင့် ကလေး​ဆန်​ဆန်​ပြုမူခြင်း​ထက်မက သူ​ပြုမူ​ခဲ့​ကြောင်း ထင်ရှား​၏! (ဂလာတိ ၄:၂၉) သို့​ဖြစ်၍ ကျောင်းနေ​ဖက်​များ​က ကဲ့ရဲ့​လှောင်ပြောင်ခြင်း၊ အတိုက်အခံပြု​သူတို့က နှုတ်ဖြင့်​စော်ကား​ပြောဆိုခြင်း​တို့ကို​လည်း နှိပ်စက်​ညှဉ်းပန်းမှု​ဟု သင့်လျော်​စွာ​ခေါ်ဆို​နိုင်​သည်။ ရိုင်း​ယန်း​အမည်​ရှိ ခရစ်ယာန်​လူငယ်​တစ်ဦး​သည် အတန်းဖော်​များ​လက်ချက်​ဖြင့် အလူးအလဲ​စိတ်​ဆင်းရဲ​ခဲ့​ရသည့်​အဖြစ်ကို သူ​ဤသို့​ပြောပြ​သည်– “ကျောင်း​အသွားအပြန် ၁၅ မိနစ်​ကြာ ကျောင်းကား​စီး​ရတဲ့​အချိန်​မှာ နှုတ်​နဲ့ ကျွန်တော်​စော်ကား​ခံရ​တဲ့​အတွက် အဲ့ဒီ​အချိန်​ဟာ နာရီ​နဲ့​ချီ ကြာ​သလို​ထင်​ရတယ်။ စီးကရက်​မီးခြစ်နဲ့ သူတို့​အပူ​ပေး​ထား​တဲ့ စက္ကူ​ညှပ်​က​လစ်​တွေ​နဲ့ ကျွန်တော်​ကို​တို့​ခဲ့​ကြတယ်။” ဤသို့​ကြမ်းကြမ်းတမ်းတမ်း​ဆက်ဆံ​ရခြင်း​၏ အကြောင်းရင်း​ကား​အဘယ်နည်း။ “ကျွန်တော်​ရဲ့ သီအိုကရက်တစ် လေ့ကျင့်မှု​က ကျွန်တော့်​ကို ကျောင်း​က တခြား​လူငယ်တွေ​နဲ့ မတူ​စေ​ခဲ့​တဲ့​အတွက်ပဲ။” မည်သို့​ပင်​ဖြစ်စေ​ကာ​မူ မိဘများ​၏​အကူအညီ​ဖြင့် ရိုင်း​ယန်း​သည် တည်ကြည်​စွာ​ခံရပ်​နိုင်​ခဲ့​၏။ လူငယ်များ၊ သင်တို့​ရွယ်တူချင်း​၏ လှောင်ပြောင်​သရော်​မှု​က သင်တို့ကို စိတ်ပျက်​သွား​စေ​ခဲ့​သလော။ လက်လျှော့​အရှုံးမပေး​ပါ​နှင့်! တည်ကြည်​စွာ​ခံရပ်​ခြင်း​ဖြင့် ယေရှု၏ ဤ​စကား​များ​ပြည့်စုံခြင်း​ကို သင်​ကြုံတွေ့​ရ​ပေ​လိမ့်​မည်– “ငါ့​ကြောင့် သင်တို့ကို ကဲ့ရဲ့​ညှဉ်းဆဲ​၍ မမှန်​ဘဲ​လျက် အပြစ်​တကာ​တင်​ကြသောအခါ၊ သင်တို့သည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ကြ​၏။”—မဿဲ ၅:၁၁

နေ့စဉ်​စိုးရိမ်​ပူပန်မှု​များ

၆။ ယနေ့ ခရစ်ယာန်​ချင်း​တို့​တွင် အဘယ်အရာ​များ​က ဆက်ဆံ​ရေး​အဆင်မပြေမှု​များ ရှိစေ​နိုင်​သနည်း။

ယနေ့ ကျွန်ုပ်​တို့​ရင်ဆိုင်​ကြ​ရသည့် စမ်းသပ်မှု​အများအပြား​တွင် နေ့စဉ်​ဖြစ်မြဲ​စိုးရိမ်​ပူပန်မှု​များ ပါဝင်​သည်။ အာဗြဟံ​ကိုယ်တိုင် မိမိ​နှင့် မိမိ​တူ​တော်စပ်​သူ လောတ​၏ တိရစ္ဆာန်​ကျောင်းသူ​များ​အကြား ပေါ်ပေါက်​လာသော​တင်းမာမှု​များ​ကို ကိုင်တွယ်​ဖြေရှင်း​ခဲ့​ရ၏။ (ကမ္ဘာဦး ၁၃:၅-၇) အလားတူ ယနေ့လည်း ပုဂ္ဂိုလ်ရေး​ကွာဟချက်​များနှင့် မနာလိုမှု​အနည်း​အကျဉ်း​ရှိ​ခြင်း​တို့​ကြောင့် ဆက်ဆံ​ရေး အဆင်မပြေမှု​များ​ဖြစ်ပေါ်​နိုင်​မည်​သာမက အသင်းတော်​၏​ငြိမ်သက်မှု​ကို​ပင် ခြိမ်းခြောက်​နိုင်​သည်။ “ဂုဏ်ပြိုင်ခြင်း [“မနာလို​ခြင်း၊” က​ဘ]၊ ရန်​တွေ့​ခြင်း​ရှိလျှင် မငြိမ်မဝပ်​ရုန်းရင်းခတ်​ခြင်း၊ ဆိုးညစ်​စွာ​ပြုမူခြင်း​အမျိုးမျိုး​ရှိ​တတ်၏။” (ယာကုပ် ၃:၁၆) ကျွန်ုပ်​တို့သည် မာန​ထား​ကြ​မည့်​အစား အာဗြဟံ​နည်းတူ သင့်တင့်​ငြိမ်သက်မှု​ကို ရှေ့​ဦး​ထား​ကာ အခြား​သူတို့၏​အကျိုး​စီးပွား​ကို​ရှာပြီး စိတ်ပျက်​အရှုံးမပေး​ရန် မည်မျှ​အရေးကြီး​လှ​သည်​တကား!—၁ ကောရိန္သု ၁၃:၅; ယာကုပ် ၃:၁၇

၇။ (က) တစ်ဦး​တစ်ယောက်​သည် ခရစ်ယာန်​ချင်း​တစ်ဦး​ကြောင့် စိတ်ထိခိုက်​ခဲ့​မည်​ဆိုလျှင် အဘယ်အရာ​ပြုလုပ်​သင့်​သနည်း။ (ခ) အခြားသူ​တို့​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ထိန်းထား​ရာ​တွင် အာဗြဟံ​သည် ပုံ​နမူနာ​ကောင်း မည်သို့​ချမှတ်​ပေး​ခဲ့​သနည်း။

ယုံကြည်သူချင်း​တစ်ဦး​က ကျွန်ုပ်​တို့ကို မတော်မတရား​ဆက်ဆံ​သည်​ဟု ခံစားရ​သောအခါ အသင့်အတင့်​ရှိ​ရန် စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်လာ​နိုင်​သည်။ နယပုံပြင် ၁၂:၁၈ က ဤသို့​ဆို​သည်– “သန်လျက်နှင့်​ထိုး​သကဲ့သို့ စကားပြော​တတ်သော​လူတချို့​ရှိ၏။” သဘော​ရိုး​ဖြင့်​ပြော​ဦး​တော့ မစဉ်း​စား​ဘဲ​ပြောဆို​သော​စကား​များသည် အကြီးအကျယ်​စိတ်ထိခိုက်​နာကြည်း​စေနိုင်​၏။ ကျွန်ုပ်​တို့သည် အသရေ​ဖျက်​ခံရ​သည်၊ သို့​မဟုတ် ရက်ရက်စက်စက်​အတင်း​ပြော​ခံရ​သည်​ဟု ခံစားရ​လျှင် ထို​နာကြည်းမှု​သည် သာ၍​ပင်​ဆိုးရွား​ပေ​လိမ့်​မည်။ (ဆာလံ ၆:၆၊ ၇) သို့သော် ခရစ်ယာန်​တစ်ဦး​သည် စိတ်နာ​ခြင်း​ကြောင့်​အလျှော့ပေး​စ​ရာ​မဟုတ်​ချေ! ထိုသို့​သော​အခြေအနေ​မျိုး​တွင် သင်​ရောက်ရှိ​နေ​မည်​ဆိုလျှင် သင့်​အား​စိတ်ထိခိုက်​သူကို ကိုယ်​ကိုယ်တိုင်​အစပြု​၍ ကြင်နာ​စွာ​စကားပြော​ဆို​ခြင်း​ဖြင့် အခက်အခဲ​ကို​ဖြေရှင်းပါ။ (မဿဲ ၅:၂၃၊ ၂၄; ဧဖက် ၄:၂၆) ထို​သူကို ခွင့်လွှတ်​လို​စိတ်​ရှိပါ။ (ကောလောသဲ ၃:၁၃) ကျွန်ုပ်​တို့သည် အငြိုးအတေး​မထား​ခြင်း​အားဖြင့် မိမိ၏​စိတ်​လှုပ်ရှားမှု​ကို​သာမက ကျွန်ုပ်​တို့​ညီအစ်ကို​နှင့် ပေါင်းသင်း​ဆက်ဆံ​ရေး​ကို​ပါ ကုစား​စေနိုင်​သည်။ အာဗြဟံ​သည် လောတ​အပေါ်​ရှိ​နိုင်​သည့် မည်သည့်​အငြိုးအတေး​ကို​မျှ သို​မထား​ခဲ့​ချေ။ လောတ​နှင့် သူ၏​မိသားစုကို သူ​ချက်ချင်း​ထ၍ ခုခံ​ကာကွယ်​ပေး​ခဲ့​သည်​တကား!—ကမ္ဘာဦး ၁၄:၁၂-၁၆

ကိုယ့်​ဘာသာ​ကိုယ်​ဖြစ်ပေါ်​စေသည့် စုံစမ်း​ချက်​များ

၈။ (က) ခရစ်ယာန်​များသည် ‘ပူပန်ခြင်း​ဝေဒနာ​များစွာ​နှင့် မိမိတို့​ကိုယ်ကို မည်သို့​ထုတ်ချင်းခပ်​အောင်​ထိုး’ နိုင်​သနည်း။ (ခ) အာဗြဟံ​သည် စည်းစိမ်ဥစ္စာ​အပေါ် အဘယ်ကြောင့်​မျှတသော​အမြင်​ရှိ​နိုင်​သနည်း။

စုံစမ်း​ချက်​အချို့​မှာ ကိုယ့်​ဘာသာ​ကိုယ်​ပြုလုပ်​၍ ဖြစ်ပေါ်​လာ​ကြောင်း ဝန်ခံ​ရမည်။ ဥပမာ၊ ယေရှု​က မိမိ၏​နောက်လိုက်​များ​ကို ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သံချေး၊ ပိုးရွ​ဖျက်ဆီး​၍ သူခိုး​ထွင်းဖောက်​ခိုးယူ​ရာ မြေကြီး​ပေါ်မှာ ဘဏ္ဍာ​ကို​မ​ဆည်းပူး​ကြ​နှင့်။” (မဿဲ ၆:၁၉) သို့​တိုင် ညီအစ်ကို​အချို့​သည် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ထက် စည်းစိမ်​ချမ်းသာ​ကို ဦးစား​ထားခြင်း​ဖြင့် “ပူပန်ခြင်း​ဝေဒနာ​များနှင့် ကိုယ်ကို​ကိုယ် ထုတ်ချင်းခပ်​အောင်​ထိုး​ကြပြီ။” (၁ တိမောသေ ၆:၉၊ ၁၀) အာဗြဟံ​သည် ဘုရားသခင့်​အလိုတော်နှင့်​တွေ့​ရန် စည်းစိမ်ဥစ္စာ​ကို စွန့်လွှတ်​ဖို့ တလိုတလား​ရှိခဲ့​၏။ “သူတစ်ပါး​ပိုင်​သော​ပြည်​၌ ဧည့်သည်​နေ​သကဲ့သို့၊ ကတိတော်​နှင့်​စပ်ဆိုင်​သော​ပြည်​၌ ယုံကြည်ခြင်း​အားဖြင့် ဧည့်သည်​ဖြစ်၍​နေ​၏။ ထို​ကတိတော်​ကို​အမွေခံ​ရသော အဖော်အဖက်​တည်း​ဟူသော ဣဇာက်၊ ယာကုပ်တို့​နှင့်အတူ တဲ​၌​နေ​လေ​၏။ အကြောင်း​မူ​ကား၊ ဘုရားသခင်​တည်ထောင်​ပြုစု​တော်​မူ​သော၊ ခိုင်ခံ့​မြဲမြံ​သော​မြို့ကို မျှော်လင့်​သတည်း။” (ဟေဗြဲ ၁၁:၉၊ ၁၀) အနာဂတ် “မြို့” တစ်မြို့ သို့​မဟုတ် ဘုရားသခင့်​အစိုးရ တည်ထောင်​လိမ့်​မည်​ဟု အာဗြဟံ​၏​ယုံကြည်​စိတ်ချမှု​က သူ့​အား စည်းစိမ်ဥစ္စာ​အပေါ် အားမထား​ရန်​ကူညီပေး​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ထပ်တူ​ပြုမူခြင်း​က ပညာရှိရာ​မကျ​ပေ​လော။

၉၊ ၁၀။ (က) ထင်ပေါ်​ကျော်ကြား​လို​စိတ်​က စမ်းသပ်မှု​တစ်ရပ် မည်သို့​ဖြစ်​နိုင်​သနည်း။ (ခ) ယနေ့ ညီအစ်ကို​တစ်ဦး​သည် မိမိကိုယ်ကို “အငယ်ဆုံး​သော​သူ” တစ်ဦး​အဖြစ် မည်သို့​ပြုမူ​နိုင်​သနည်း။

နောက်ထပ် အသွင်​တစ်ရပ်​ကို သုံးသပ်ကြည့်​ပါ။ သမ္မာကျမ်းစာ​က ဤ​ကြံ့ခိုင်​သော​ညွှန်ကြားချက်​ကို ပေး​ထား​သည်– “အကြင်သူသည် ဘာမျှ​မဟုတ်ဘဲ​လျက်၊ ဤမျှ​လောက်​ငါ​ဖြစ်သည်ဟု​စိတ်ထင်​လျှင်၊ ထို​သူသည် ကိုယ်ကို​လှည့်ဖြား​သော​သူ​ဖြစ်၏။” (ဂလာတိ ၆:၃) ထို​ထက်​ကား ကျွန်ုပ်​တို့သည် “ရန်​တွေ့​လို​သော​စိတ်၊ အချည်းနှီး​ကျော်စော​ကိတ္တိ​ကို​တပ်မက်သော​စိတ်​ရှိ၍ အဘယ်​အမှုကို​မျှ​မပြု​ကြ” ရန်​တိုက်တွန်း​ခံရ​သည်။ (ဖိလိပ္ပိ ၂:၃) အချို့​သည် ဤ​ဆုံးမ​စကား​ကို လိုက်လျှောက်ရန်​ပျက်ကွက်​ကြ​ခြင်း​ဖြင့် ကိုယ့်​အပေါ်​ကိုယ် စုံစမ်း​ချက်​များ​ကျရောက်​စေ​၏။ “ကောင်းသော​အမှုအရာ​ကို” လုပ်ဆောင်ဖို့​အလိုဆန္ဒ​ရှိ​မည့်​အစား ထင်ပေါ်​ကျော်ကြား​လို​စိတ်၏​လှုံ့ဆော်မှု​ကို​ခံ​ခြင်း​ဖြင့် သူတို့သည် အသင်းတော်၌ အခွင့်အရေး​များ​ကို မရရှိ​သောအခါ စိတ်ပျက်​အားလျော့​ကာ မကျေမချမ်း​ဖြစ်လာ​ကြသည်။—၁ တိမောသေ ၃:၁

၁၀ အာဗြဟံ​သည် “ကိုယ်ကို​ထင်​သင့်​သည်​အတိုင်း​ထက် လွန်​၍​မထင်” ခြင်း​အားဖြင့် ကောင်းသော​ပုံ​နမူနာ ချမှတ်​ပေး​ခဲ့​သည်။ (ရောမ ၁၂:၃) မေလခိဇေဒက်​နှင့် အာဗြဟံ​တွေ့ဆုံ​သောအခါ ဘုရားသခင့်​မျက်နှာသာ​ရ သူ၏​အခြေအနေ​ကြောင့် မိမိသည် ပိုသာ​သည့်​အလား​မပြုမူ​ခဲ့​ချေ။ ယင်းအစား မေလခိဇေဒက်​အား ဆယ်ဖို့တစ်ဖို့​ပေးလှူခြင်း​ဖြင့် သူ၏​ယဇ်ပုရောဟိတ်​အရာ​သည် သာ၍​မြင့်မြတ်​ကြောင်း အသိအမှတ်ပြု​ခဲ့​သည်။ (ဟေဗြဲ ၇:၄-၇) အလားတူ​ပင် ယနေ့ ခရစ်ယာန်​များသည် မိမိတို့​ကိုယ်ကို “အငယ်ဆုံး​သော​သူများ” အဖြစ်​ပြုမူ​ရန် တလိုတလား​ရှိကြ​ပြီး ထင်ပေါ်​ကျော်ကြား​ဖို့​မကြိုးစား​သင့်​ပါ။ (လုကာ ၉:၄၈) အသင်းတော်တွင် ဦးစီး​နေသူတို့​က သင့်​အား အခွင့်အရေး​အချို့ မပေးပုံ​ရှိ​မည်​ဆိုလျှင် သင့်ကိုယ်​သင် သို့​မဟုတ် ကိစ္စရပ်​များ သင်​ကိုင်တွယ်​ပုံ​ကို မည်သို့​တိုးတက်​စေနိုင်​ကြောင်း ပိုင်းဖြတ်​ရန် ရိုးရိုးသားသား​ဖြင့် မိမိကိုယ်ကို​ဆန်းစစ်​ပါ​လေ။ သင်​မရရှိ​သော​အခွင့်အရေး​များ​ကြောင့် စိတ်နာ​နေ​မည့်​အစား သင်၌​ရှိနေ​သော အခွင့်အရေး​ဖြစ်သည့် ယေဟောဝါ​အား အခြားသူ​တို့​သိရှိ​လာ​စေရန် ကူညီပေး​ခွင့်​ကို အပြည့်အဝ​အသုံးချပါ။ မှန်ပါသည်၊ “ကာလ​အချိန်တန်လျှင်၊ ဘုရားသခင်​သည် သင်တို့ကို​ချီးမြှောက်​တော်​မူ​မည်​အကြောင်း၊ တန်ခိုး​ကြီးသော​လက်တော်​အောက်​၌ ကိုယ်ကို​ကိုယ်​နှိမ့်ချ​ကြလော့။”—၁ ပေတရု ၅:၆

မမြင်​ရသော​အရာများ​၌ ယုံကြည်ခြင်း

၁၁၊ ၁၂။ (က) အသင်းတော်​ရှိ အချို့​သူတို့တွင် အရေးတကြီး​သဘောထား အဘယ်ကြောင့် ပျောက်လွင့်​သွား​သနည်း။ (ခ) အာဗြဟံ​သည် ဘုရားသခင့်​ကတိတော်​များ​အပေါ် ယုံကြည်​စိတ်ချ​စွာ မိမိ၏​ဘဝကို​တည်ဆောက်​ရာ​၌ အဘယ်​ပုံ​နမူနာ​ကောင်း ချမှတ်​ပေး​ခဲ့​သနည်း။

၁၁ အခြား​စမ်းသပ်မှု​တစ်ရပ်​မှာ ဤ​ဆိုးညစ်သော​စနစ်​များ​၏​ဆုံးခန်း ရောက်ရှိ​လာရန် နှောင့်နှေး​ပုံ​ရှိနေခြင်း​ဖြစ်​ပေမည်။ ၂ ပေတရု ၃:၁၂ အရ ခရစ်ယာန်​များသည် “ဘုရားသခင်​၏​နေ့​ရောက်​လိမ့်​မည်​ဟု . . . မျှော်လင့်​တောင့်တ​လျက်” ရှိကြ​ရမည်။ သို့သော် များစွာသော​သူတို့သည် ဤ “နေ့ရက်” ကို နှစ်ချီ၍၊ အချို့​ဆိုလျှင် ဆယ်စု​နှစ်ချီ၍ စောင့်မျှော်​လာ​ခဲ့​ကြပြီ။ ယင်းကြောင့် အချို့​သူတို့သည် စိတ်ပျက်​အားလျော့​လာကြပြီး သူတို့မှာ အရေးတကြီး​သဘောထား ပျောက်ဆုံး​သွားခဲ့​ကြ​ပေမည်။

၁၂ ဤ​တွင်​တစ်ဖန် အာဗြဟံ​၏​ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။ သူ၏​သက်တမ်း​တွင် ဘုရားသခင့်​ကတိတော်​အားလုံး ပြည့်စုံ​လာရန် အကြောင်း​မရှိ​သော်လည်း ၎င်း​ကတိတော်​များ​အား ယုံကြည်မှု​အပေါ် သူ၏​ဘဝကို​တည်ဆောက်​ခဲ့​သည်။ သား​ဖြစ်သူ​ဣဇာက် ကြီးပြင်း​လာ​သည်ကို သူ​တွေ့မြင်​ခဲ့​၏။ သို့သော် အာဗြဟံ​၏​သားစဉ်မြေးဆက်​သည် “ကောင်းကင်​ကြယ်​ကဲ့သို့​လည်းကောင်း၊ သမုဒ္ဒရာ​သဲလုံး​ကဲ့သို့​လည်းကောင်း” များ​၏​ဟု နှိုင်းယှဉ်​နိုင်​ရန် ရာစုနှစ်များစွာ ကြာမြင့်​ရ​ပေ​လိမ့်​မည်။ (ကမ္ဘာဦး ၂၂:၁၇) သို့သော် အာဗြဟံ​သည် စိတ်နာ​ခြင်း သို့​မဟုတ် စိတ်ပျက်ခြင်း မရှိခဲ့​ချေ။ သို့​ဖြစ်၍ တမန်​တော်​ပေါလု​က အာဗြဟံ​နှင့် အခြား​ဘိုးဘေး​များ​အကြောင်း ဤသို့​ပြော​နိုင်​ခဲ့​သည်– “ယခု​ဆို​ခဲ့​ပြီး​သော​သူအပေါင်း​တို့သည်၊ ကတိတော်​နှင့်​စပ်ဆိုင်​သော​အကျိုးကျေးဇူး​ကို​မခံရ​ဘဲ၊ အဝေးက​မြော်မြင်​လျက်၊ စိတ်နှလုံး​နှင့်​ဖက်ယမ်း​လျက်၊ မိမိတို့သည် မြေကြီး​ပေါ်မှာ တစ်ကျွန်း​သူ​တစ်နိုင်ငံ​သား၊ ဧည့်သည် . . . ဖြစ်သည်​ကို ထင်ရှား​စွာ​ဝန်ခံ​လျက်၊ ယုံကြည်ခြင်း​စိတ်​နှင့် သေလွန်​ကြ​၏။”—ဟေဗြဲ ၁၁:၁၃

၁၃။ (က) ယနေ့ ခရစ်ယာန်​များသည် “ဧည့်သည်” များနှင့် မည်သို့​တူညီ​ကြ​သနည်း။ (ခ) ယေဟောဝါ​သည် ဤ​အစီအစဉ်ကို အဘယ်ကြောင့် ဆုံးခန်းတိုင်​စေတော်မူ​မည်​နည်း။

၁၃ အာဗြဟံ​သည် “အဝေး” တွင်​ပြည့်စုံ​မည့်​ကတိတော်​များ​ကို အာရုံစိုက် အသက်ရှင်​နိုင်​ခဲ့​လျှင် ဤ​ကတိတော်​များ​ပြည့်စုံ​ရန် အလွန်​နီးကပ်​သော ယခု​အချိန်တွင် ကျွန်ုပ်​တို့ သာ၍​ပင် အာရုံစိုက်​အသက်ရှင်​သင့်​သည်မဟုတ်​ပေ​လော! အာဗြဟံ​နည်းတူ ကျွန်ုပ်​တို့သည် စာတန့်​စနစ်​တွင် “ဧည့်သည်” များ​ဖြစ်သည်ဟု​ယူမှတ်​ပြီး ကိုယ့်​အလိုလိုက်​သည့် ဘဝ​ပုံစံ​အတိုင်း အသက်ရှင်ခြင်းကို ငြင်းပယ်​ကြ​မည်​ဖြစ်သည်။ ဤ ‘ခပ်သိမ်း​သော​အမှုအရာ​တို့၏​အဆုံး’ သည် နီးကပ်​နေ​ရုံ​မျှ​မဟုတ်ဘဲ ရောက်​စေ​လို​ကြ​မည်​ကား​မုချ။ (၁ ပေတရု ၄:၇) ကျွန်ုပ်​တို့​၌ ကျန်းမာ​ရေး​ပြဿနာ​များ​ရှိနေ​ပေမည်။ သို့​မဟုတ် စီးပွားရေး​ကျပ်တည်း​မှု​ဖြင့် ဝန်ပိနေ​ပေမည်။ သို့သော် ယေဟောဝါ​သည် ဝမ်းနည်းဖွယ်​အခြေအနေ​များ​မှ ကျွန်ုပ်​တို့ကို​ကယ်တင်​ရုံ​အတွက်သာ​မဟုတ် ကိုယ်တော်​၏​နာမတော် သန့်ရှင်း​စင်ကြယ်​ရေး​အတွက် အဆုံးတိုင်​စေတော်မူ​ကြောင်း ကျွန်ုပ်​တို့ သတိရ​ကြ​ရမည်။ (ယေဇကျေလ ၃၆:၂၃; မဿဲ ၆:၉၊ ၁၀) အဆုံး​သည် ကျွန်ုပ်​တို့အတွက် အဆင်ပြေ​သော​အချိန်၌​မဟုတ်ဘဲ ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​များနှင့် အကိုက်ညီဆုံး​သော​အချိန်တွင် ရောက်လာ​ရ​ပေ​လိမ့်​မည်။

၁၄။ ဘုရားသခင်​၏​စိတ်ရှည်မှု​သည် ယနေ့ ခရစ်ယာန်​များ​ကို အဘယ်​သို့​အကျိုးပြု​သနည်း။

၁၄ “လူ​အချို့​တို့သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အတိုင်း၊ ထာဝရ​ဘုရား​သည် ကတိတော်​အရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အဘယ်သူမျှ​မပျက်စီး​ဘဲ၊ ရှိသမျှ​တို့သည် နောင်တ​ရစေ​ခြင်း​ငှာ အလိုတော်​ရှိ၍၊ ငါ​တို့ကို​သည်းခံ​တော်​မူ” ကြောင်းကို​လည်း သတိရပါ။ (၂ ပေတရု ၃:၉) ဘုရားသခင်​သည် ခရစ်ယာန်​အသင်းတော်​သားများ​ဖြစ်​ကြသော ‘သင်တို့ကို​သည်းခံ​တော်​မူ’ ကြောင်း သတိပြုပါ။ ကျွန်ုပ်​တို့​အထဲ​မှ အချို့​သည် “အညစ်အကြေး​နှင့်​ကင်းစင်​၍ အဘယ်​အပြစ်​မျှ​မပါဘဲ၊ ရှေ့တော်​သို့​ငြိမ်​ဝပ်​စွာ​ရောက်မည်​အကြောင်း” ပြုပြင်​ပြောင်းလဲမှု​များ​ပြုလုပ်​ရန် အချိန်ပို​လိုအပ်ကြောင်း ထင်ရှား​သည်။ (၂ ပေတရု ၃:၁၄) သို့​ဖြစ်၍ ဘုရားသခင်​သည် ဤမျှ​စိတ်ရှည်​ခဲ့​သည့်​အတွက် ကျွန်ုပ်​တို့ ကျေးဇူး​မတင်​သင့်​ပေ​လော။

အခက်အခဲ​များ​ကြား ရွှင်လန်း​နိုင်​ခြင်း

၁၅။ ယေရှုသည် စမ်းသပ်မှု​များ​ကြုံတွေ့​ရာ​တွင် ရွှင်လန်းမှု​ကို မည်သို့​ဆက်​ထိန်းထား​နိုင်​ခဲ့​သနည်း၊ ကိုယ်တော့်​ကို အတုယူ​ခြင်း​မှ ယနေ့ ခရစ်ယာန်​များ မည်သို့​အကျိုး​ခံစားရ​သနည်း။

၁၅ အာဗြဟံ​၏​ဘဝ​အသက်တာသည် ယနေ့ ခရစ်ယာန်​များ​ကို သင်ခန်းစာ​များစွာ​ပေး​သည်။ သူသည် ယုံကြည်ခြင်းကို​သာမက စိတ်ရှည်ခြင်း၊ သတိရှိခြင်း၊ ရဲစွမ်းသတ္တိနှင့် ကိုယ်ကျိုး​မ​ရှာ​သော​မေတ္တာကို ပြ​ခဲ့​သည်။ သူ၏​ဘဝတွင် ယေဟောဝါ​၏​ဝတ်ပြုရေးကို ဦးစား​ထားခဲ့​သည်။ သို့သော် ကျွန်ုပ်​တို့​သတိရ​ကြ​ရမည်​ကား ကျွန်ုပ်​တို့ အတုယူ​စ​ရာ သာလွန်​ထူးမြတ်​သော​ပုံ​နမူနာကို ယေရှု​ခရစ် ချမှတ်​ခဲ့​၏။ ကိုယ်တော်​သည်လည်း စုံစမ်းမှု​နှင့် စမ်းသပ်မှု​အမျိုးမျိုးကို ကြုံတွေ့​ခဲ့​ရ​သော်လည်း ကိုယ်တော်​၏​ရွှင်လန်းမှု တစ်ခါမျှ​မပျောက်ဆုံး​ခဲ့​ချေ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ မိမိ​ရှေ့၌​ရှိသော​မျှော်လင့်ချက်ကို ကိုယ်တော်​အမြဲ​အာရုံစိုက်​သောကြောင့်​ဖြစ်၏။ (ဟေဗြဲ ၁၂:၂၊ ၃) သို့​နှင့် ပေါလု ဤသို့​ဆုတောင်း​ခဲ့​သည်– “ယေရှု​ခရစ်​၏​အလိုတော်အတိုင်း အချင်းချင်း​စိတ်​တညီတညွတ်​တည်း​ရှိကြ​မည်​အကြောင်း သည်းခံခြင်း၊ သက်သာခြင်း​၏​အရှင်၊ ဘုရားသခင်​သည် ကယ်မ​သနားတော်မူ​ပါစေ​သော။” (ရောမ ၁၅:၆) ကျွန်ုပ်​တို့​ရှေ့တွင် အခက်အခဲ​များ​ကို စာတန်​ချထား​သော်လည်း တော်မှန်​သော​စိတ်သဘောထား​ဖြင့် ကျွန်ုပ်​တို့သည် ရွှင်လန်း​နိုင်​ကြ​၏။

၁၆။ ကျွန်ုပ်​တို့​မခံမရပ်​နိုင်အောင် ပြဿနာ​များ​နေလျှင် မည်သို့​ပြုလုပ်​နိုင်​သနည်း။

၁၆ မခံမရပ်​နိုင်အောင် ပြဿနာ​များသော​အခါ ယေဟောဝါ​သည် အာဗြဟံ​ကို ချစ်​သကဲ့သို့ သင့်ကိုလည်း ချစ်တော်မူ​ကြောင်း သတိရပါ​လေ။ ကိုယ်တော်​သည် သင့်ကို အောင်မြင်​စေ​လို​၏။ (ဖိလိပ္ပိ ၁:၆) ယေဟောဝါ​ကို အပြည့်အဝ​ယုံကြည်​ကိုးစား​ပါ၊ “သင်တို့​မခံနိုင်​သော​စုံစမ်း​နှောင့်ယှက်ခြင်း​ကို သင်တို့၌​ရောက်​စိမ့်​သော​ငှာ အခွင့်ပေး​တော်​မ​မူ။ သင်တို့သည် ခံနိုင်​မည်​အကြောင်း စုံစမ်း​နှောင့်ယှက်ခြင်း​အရာ​နှင့်​တကွ၊ ထွက်မြောက်​သော​လမ်းကို​လည်း စီရင်​ပြုပြင်​တော်​မူ​လိမ့်​မည်” ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​ပါ။ (၁ ကောရိန္သု ၁၀:၁၃) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို နေ့စဉ်​ဖတ်ရှု​သော​အကျင့်​ရှိစေပါ။ (ဆာလံ ၁:၂) ဆုတောင်းခြင်း​၌​စွဲမြဲ​၍ ခံနိုင်ရည်​ရှိဖို့ သင့်​အား​ကူညီပေး​ရန် ယေဟောဝါ​ထံ​တောင်းဆို​ပါ။ (ဖိလိပ္ပိ ၄:၆) ကိုယ်တော်​သည် ‘ဆုတောင်း​သော​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်​ကို​ပေး’ တော်​မူ​လိမ့်​မည်။ (လုကာ ၁၁:၁၃) သင့်ကို ဝိညာဉ်​ရေး​ဘက် ယေဟောဝါ​ထောက်ပံ့​ကူညီပေး​ရန် စီစဉ်​ပေး​ထားသော သမ္မာကျမ်းစာ​အခြေခံ​သည့် ကျွန်ုပ်​တို့၏​စာပေ​စာတမ်း​များ​မှ အကျိုး​အပြည့်အဝ​ခံယူ​ပါ။ ထို့​အပြင် ညီအစ်ကို​များ​အသင်းအပင်း​၏ ကူညီ​ထောက်ပံ့မှု​ကို ရှာယူပါ။ (၁ ပေတရု ၂:၁၇) ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်​ပါ၊ အကြောင်း​မှာ ထို​တွင် ခံနိုင်ရည်​ရှိ​ရန် သင်​လိုအပ်သော အားပေးမှုကို ရရှိပါ​လိမ့်​မည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သင့်​ခံနိုင်ရည်​သည် ဘုရားသခင်​၏​မျက်မှောက်​တော်​တွင် မျက်နှာသာ​ရ​အခြေအနေ​ကို​ဖြစ်စေ​ပြီး သင်၏​တည်ကြည်မှု​က ကိုယ်တော်​၏​စိတ်တော်​ကို​ရွှင်ပြုံး​စေနိုင်​ကြောင်း ယုံကြည်​စိတ်ချမှု​၌ ဝမ်းမြောက်​ပါ​လေ။—သု. ၂၇:၁၁; ရောမ ၅:၃-၅

၁၇။ ခရစ်ယာန်​များသည် အဘယ်ကြောင့်​စိတ်ပျက်​အားလျော့​ပြီး အရှုံးမပေး​ကြ​သနည်း။

၁၇ ဘုရားသခင်​၏ “အဆွေ” အဖြစ် အာဗြဟံ​ကို ကိုယ်တော်​ချစ်တော်မူ​ခဲ့​၏။ (ယာကုပ် ၂:၂၃) သို့​တိုင် အာဗြဟံ​၏​ဘဝ​အသက်တာသည် ဖိစီးမှုများ​သော စမ်းသပ်မှု​အမျိုးမျိုး၊ ဆင်းရဲခြင်း​အမျိုးမျိုးနှင့် ပြည့်နှက်​ခဲ့​၏။ သို့​ဖြစ်၍ ဤ​ဆိုးညစ်သော “နောက်ဆုံး​အချိန်” တွင် ခရစ်ယာန်​များလည်း ထပ်တူ​ကြုံတွေ့​ရမည်ဟု မျှော်လင့်​နိုင်​သည်။ အမှန်​မှာ သမ္မာကျမ်းစာ​က “ဆိုးညစ်သော​သူ၊ လှည့်ဖြား​သော​သူတို့မူကား . . . ဆိုးညစ်ခြင်း​၌ တရွေ့ရွေ့​တိုးပွား​ကြလိမ့်မည်” ဟု ကျွန်ုပ်​တို့ကို သတိပေး​ထား​သည်။ (၂ တိမောသေ ၃:၁၊ ၁၃) စိတ်ပျက်​အားလျော့​ပြီး အရှုံးပေး​မည့်​အစား ကျွန်ုပ်​တို့​ရင်ဆိုင်​နေကြ​ရသော ဖိစီးမှုများ​က စာတန့်​စနစ်ဆိုး အဆုံးတိုင်​လု​နီးပြီ​ဖြစ်​ကြောင်း သက်သေထူ​သည်ကို သိမှတ်ပါ။ သို့သော် ယေရှု​က “အကြင်သူသည် အဆုံးတိုင်အောင်​တည်ကြည်​၏၊ ထို​သူသည် ကယ်တင်ခြင်း​သို့​ရောက်​လိမ့်​မည်” ဟူ၍ ကျွန်ုပ်​တို့ကို​သတိ​ရစေသည်။ (မဿဲ ၂၄:၁၃) သို့​ဖြစ်၍ ‘အား​မ​လျော့၊ စိတ်မပျက်​ဘဲ ကောင်းသော​အကျင့်ကို​ကျင့်​ကြပါစို့။’ အာဗြဟံ​ကို အတု​ယူ၍ “ယုံကြည်ခြင်း​နှင့် စိတ်ရှည်ခြင်း​ဖြင့် ကတိတော်​တို့ကို အမွေခံ​ရသော​သူတို့” တွင် တစ်ဦး​ပါဝင်​ပါ​လေ။—ဟေဗြဲ ၆:၁၂က​ဘ။

သင်​သတိပြုမိ​သလော

• ယနေ့ ယေဟောဝါ​၏​လူတို့သည် စမ်းသပ်မှု​များနှင့် ဆင်းရဲမှု​များ​ခံရ​မည်​ဟု အဘယ်ကြောင့်​မျှော်လင့်သင့်​သနည်း။

• စာတန်​သည် တိုက်ရိုက်​တိုက်ခိုက်မှု​များ​ကို အဘယ်​နည်းများဖြင့် အသုံးပြု​မည်​နည်း။

• ခရစ်ယာန်​ချင်း စိတ်သဘော​ကွဲလွဲ​ရာ​တွင် မည်သို့​ဖြေရှင်း​နိုင်​သနည်း။

• မာန်​မာန​နှင့် ဘဝင်မြင့်​ခြင်း​က အခက်အခဲ​များ မည်သို့​ဖြစ်ပေါ်​စေနိုင်​သနည်း။

• ဘုရားသခင့်​ကတိတော်​များ ပြည့်စုံခြင်း​ကို စောင့်မျှော်​ရာ​တွင် အာဗြဟံ​သည် အဘယ်​နည်းဖြင့် ပုံသက်သေ​ကောင်း​ချမှတ်​ပေး​ခဲ့​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ခရစ်ယာန်​လူငယ်များစွာသည် ရွယ်တူချင်း​တို့၏ လှောင်ပြောင်​သရော်​မှု​ကို​ခံ​ကြ​ရခြင်း​ဖြင့် နှိပ်စက်​ညှဉ်းပန်း​ခံ​နေကြ​ရ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

အာဗြဟံ​ခေတ်တွင် ဘုရားသခင့်​ကတိတော်​များ ပြည့်စုံခြင်း​သည် “အဝေး” တွင်​ရှိနေသေး​သော်လည်း သူ၏​ဘဝ​အသက်တာကို ၎င်း​တို့​အပေါ် သူ​တည်ဆောက်​ခဲ့