မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်အများ အမှုမထားသည့် စာအုပ်တစ်အုပ်

လူငယ်အများ အမှုမထားသည့် စာအုပ်တစ်အုပ်

လူငယ်​အများ အမှု​မထားသည့် စာအုပ်​တစ်အုပ်

“သမ္မာကျမ်းစာ​ဟာ ဘုရားသခင့်​စကားတော်​အမှန်​ဖြစ်​မဖြစ် ကျွန်မ​ဘယ်လို​လုပ်​သိနိုင်​မလဲ။ စာအုပ်​တစ်အုပ်​အနေ​နဲ့ အဲဒါ​က ကျွန်မ​ကို​စိတ်မဝင်စား​စေ​ဘူး” ဟု ဘီ​အား​ထာ​အမည်​ရှိ အမျိုးသမီးငယ်​တစ်ဦး​က​ပြော​သည်။

ဘီ​အား​ထာ​နေထိုင်​သည့် ဂျာမနီ​နိုင်ငံ​တွင် လူငယ်​အများစု​သည် သူ့​ကဲ့သို့ သဘောထားကြ​သည်; ထို့​ကြောင့် ကျမ်းစာ​ဖတ်ရှုခြင်း​ကို အရေး​မကြီး​ဟု သူတို့​ယူမှတ်​ကြ​၏။ မကြာသေးမီ​က​ပြုသော လေ့လာမှု​တစ်ရပ်​အရ ခန့်မှန်းခြေ​အားဖြင့် ထို​တွင်​ရှိ​လူငယ် ၁ ရာခိုင်နှုန်း​သည် သမ္မာကျမ်းစာ​ကို အမြဲ​ဖတ်ရှု​ကြ​၍ ၂ ရာခိုင်နှုန်း​သည် မကြာခဏ​ဖတ်​ကြ​ကာ ၁၉ ရာခိုင်နှုန်း​သည် တစ်ခါ​တ​လေ​သာ​ဖတ်​ပြီး ၈၀ ရာခိုင်နှုန်း​နီးပါး​သည် လုံးဝ​မဖတ်​ကြောင်း ဖော်ပြ​သည်။ ထို​ကိန်း​ဂဏန်း​များသည် သင့်​နိုင်ငံ​၌​ဖြစ်​ကောင်း​ဖြစ်​မည့်​နည်းတူ အခြားသော​နိုင်ငံ​များ​၌​လည်း အလားတူ​ဖြစ်​ပေ​လိမ့်​မည်။ ရှင်း​နေသည်​မှာ သမ္မာကျမ်းစာ​သည် လူငယ်​အများ အမှု​မထားသည့် စာအုပ်​တစ်အုပ်​ဖြစ်သည်။

ထို့​ကြောင့် ငယ်ရွယ်သူ​လူမျိုးဆက်​တွင် ကျမ်းစာ​မတတ်​သူများ​ခြင်း​သည် အံ့ဩစရာ​မဟုတ်ပေ! ပညတ်တော်​ဆယ်ပါး​ကို​သိကျွမ်း​ကာ ယင်း​တို့ကို ဘဝ​လမ်းညွှန်​အဖြစ်​သုံးစွဲ​ကြ​သူ မည်မျှ​ရှိကြောင်း​ဖော်ပြ​သည့် စစ်တမ်း​တစ်ရပ်​ကို ၂၀၀၀ ပြည့်နှစ်​အစောပိုင်း​၌ လောင်း​ဇ​စ်​စာ ရုဒ်​ရှောင် သတင်းစာ​တွင် ဖော်ပြ​ခဲ့​သည်။ အသက် ၆၀ ကျော်​လူမျိုးဆက်​တွင် ၆၇ ရာခိုင်နှုန်း​သည် ပညတ်တော်​များ​ကို​သိကျွမ်း​ကာ ယင်း​၏​လမ်းညွှန်မှုကို​ခံယူ​ကြ​၏; အသက် ၃၀ အောက်​ရှိ​သူများ​တွင် ၂၈ ရာခိုင်နှုန်း​သာ​ရှိသည်။ မှန်ပါသည်၊ လူငယ်​အများ​အတွက် သမ္မာကျမ်းစာ​သည် အကျွမ်းတဝင်​မရှိသည့်​နယ်ပယ်​ဖြစ်သည်။

အချို့ ခြားနား​သော​အမြင် စွဲကိုင်

အခြား​တစ်ဖက်​တွင်​မူ သမ္မာကျမ်းစာ​သည် အလွန်​အဖိုးထိုက်​ကြောင်း တွေ့ရှိ​ကြ​သည့် လူငယ်​သန်းပေါင်း​များစွာ ကမ္ဘာ​တစ်ဝန်း​တွင်​ရှိပါ​သည်။ ဥပမာ၊ အလက်ဇန္ဒား​သည် အသက် ၁၉ နှစ်​ရှိပြီး အလုပ်​မသွားမီ နံနက်​တိုင်း ကျမ်းစာ​ဖတ်​လေ့​ရှိသည်။ “နေ့​တစ်နေ့​ကို ဒီ​နည်းနဲ့​အစပြု​တာ​ထက်​ကောင်း​တဲ့​နည်း ကျွန်တော်​စဉ်းစား​လို့​မရဘူး” ဟု​သူ​ရှင်းပြသည်။ စ​န္ဒ​ရာ​သည် ညနေ​တိုင်း ကျမ်းစာ​တစ်​ပိုဒ်​ကို ဖတ်ရှု​လေ့​ရှိသည်။ “အဲဒါ​က ကျွန်မ​ရဲ့​နေ့စဉ်​လုပ်ငန်းဆောင်တာ​တစ်ခု​ဖြစ်လာ​ပြီ” ဟု​သူ​ပြောပြ​သည်။ ၁၃ နှစ်အရွယ်​ရှိ ဂျူလီယာ​သည် အိပ်ရာ​မဝင်​မီ ကျမ်းစာ​အခန်းကြီး​တစ်ခန်း အနည်းဆုံး​ဖတ်​သည့်​အကျင့်​ရှိ​လေ​ပြီ။ “အဲဒီလိုလုပ်​ရတာ ကျွန်မ​တကယ်​ပျော်​တယ်၊ နောင်လည်း ဒီအတိုင်း​ဆက်လုပ်​သွားမယ်။”

အဘယ်​ရှုမြင်ချက်​သည် နည်းလမ်း​ကျ​၍ ပညာရှိ​သနည်း။ သမ္မာကျမ်းစာ​ကို အမှန်ပင်​ဖတ်ရှု​ထိုက်​သလော။ ငယ်ရွယ်သူ​လူမျိုးဆက်​အတွက် ယင်းသည် တန်ဖိုး​ရှိပြီး အရေးပါ​သလော။ သင်​မည်သို့​ထင်​သနည်း။