မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်လူငယ့်ဘဝကို အောင်မြင်စေခြင်း

သင့်လူငယ့်ဘဝကို အောင်မြင်စေခြင်း

သင့်​လူငယ့်​ဘဝကို အောင်မြင်​စေခြင်း

ဥရောပ​နိုင်ငံ​တစ်နိုင်ငံ​တွင် နေထိုင်သူ​များသည် အလှအပ၊ စည်းစိမ်ဥစ္စာ သို့​မဟုတ် လူငယ့်​ဘဝ ထို​သုံးခု​ထဲ​မှ တစ်ခုခု​ကို​ရွေးချယ်​ရန် တောင်းဆို​ခံ​ခဲ့​ရသည်။ ဦးဆုံး​ရွေး​ကြသည်​မှာ လူငယ့်​ဘဝ​ဖြစ်၏။ မှန်ပါသည်၊ ဆယ်ကျော်သက်​အရွယ်​နှင့် အသက် ၂၀ ကျော်​ခါ​စ​အရွယ်ကို ဘဝတွင် အထူး​အချိန်ကာလ​အဖြစ် လူကြီးလူငယ်​မရွေး သတ်မှတ်​ကြသည်။ လူငယ်များ​ကို ကလေး​ဘဝ​မှ လူကြီး​ဘဝသို့ အောင်မြင်စွာ​ကူး​ပြောင်း​စေရန် လူတိုင်း​လိုလား​ကြသည်။ သို့သော် မည်သို့​အားဖြင့်​နည်း။

သမ္မာကျမ်းစာ ကူညီပေး​နိုင်​ပါသလော။ အဖြေ​မှာ အမှန်ပင်​ကူညီပေး​နိုင်၏။ အခြား​မည်သည့်​အသက်အရွယ်​ပိုင်း​ထက်​မဆို လူငယ်များ​ကို ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ပို​၍​အကူအညီ​ပေး​၏၊ သူတို့ကို အထူး​အကူအညီ​ပေး​သည့် နယ်ပယ်​နှစ်ရပ်​ကို ဆန်းစစ်​ကြည့်​ကြ​စို့။

အခြား​သူများ​နှင့် အသင့်အတင့်​နေခြင်း

ယူး​ဂျင့် ၂၀၀၀ သည် ဂျာမနီ​ရှိ လူငယ် ၅,၀၀၀ ကျော်​တို့၏ သဘောထား၊ စရိုက်​စံနှုန်း​နှင့် အမူအကျင့်များ​ကို ကျယ်ကျယ်ပြန့်ပြန့်​လေ့လာ​ထား​ချက် မှတ်တမ်း​တစ်ခု​ဖြစ်သည်။ လူငယ်များသည် တေးသီချင်း​နားထောင်ခြင်း၊ အားကစား​လိုက်စားခြင်း သို့​မဟုတ် အချိန်ဖြုန်း​ရုံ​ဖြုန်း​ခြင်း​ကဲ့သို့​သော အပန်းဖြေ​လှုပ်ရှားမှုများ​ပြုလုပ်​သောအခါ အခြားသူများ​နှင့်အတူ အမြဲ​လုပ်ဆောင်​လေ့​ရှိကြောင်း ထို​လေ့လာမှု​က​ဖော်ပြ​သည်။ အခြား​မည်သည့်​အသက်အရွယ်​ပိုင်း​ထက်​မဆို လူငယ်များသည် သက်တူရွယ်တူ​များနှင့် ပို​၍​ပေါင်းသင်း​လို​ကြ​၏။ ထို့​ကြောင့် လူငယ့်​ဘဝတွင် အောင်မြင်ခြင်း​သော့ချက်​တစ်ခု​မှာ အခြား​သူများ​နှင့် အသင့်အတင့်​နေတတ်​ခြင်း​ဖြစ်သည်။

သို့သော် အခြား​သူများ​နှင့် အသင့်အတင့်​နေ​ရန် အမြဲ​လွယ်ကူ​မည်​မဟုတ်​ချေ။ ငယ်ရွယ်သူ​အမျိုးသား၊ အမျိုးသမီးများ​သည် လူမှု​ဆက်ဆံ​ရေး​နယ်ပယ်​တွင် မကြာခဏ​ပြဿနာ​တက်​တတ်​ကြောင်း သူတို့​ဝန်ခံ​ကြသည်။ ဤ​တွင် သမ္မာကျမ်းစာ​သည် အမှန်ပင်​ကူညီပေး​နိုင်​ပါ​သည်။ မျှတသော​ဆက်ဆံ​ရေး​များ ပြုစု​ပျိုးထောင်​ခြင်း​နှင့်​စပ်လျဉ်း၍ လူငယ်များ​အတွက် အခြေခံ​လမ်းညွှန်ချက်ကို သမ္မာကျမ်းစာ​၌ တွေ့ရှိ​နိုင်​သည်။ သမ္မာကျမ်းစာ​၏​မိန့်ဆိုချက်​ကား အဘယ်နည်း။

လူမှု​ဆက်ဆံ​ရေး​ဆိုင်ရာ အရေးကြီးဆုံး​မူများ​ထဲ​မှ​တစ်ခု​ကို ရွှေ​ပညတ်​ဟု​ခေါ်ဆို​သည်– “ကိုယ့်ကို​သူတစ်ပါး​ဆက်ဆံ​စေ​လို​သကဲ့သို့​သူတစ်ပါးကို​ဆက်ဆံ​လော့။” အခြား​သူများကို ရိုရိုသေသေ၊ လေးလေးစားစား​နှင့် ကြင်နာ​စွာ​ဆက်ဆံခြင်း​သည် သင့်​အား​ထို​နည်း​အတိုင်း​ပင်​ဆက်ဆံ​ရန် သူတို့ကို​လှုံ့ဆော်ပေး​သည်။ ကြင်နာ​စွာ​ပြုမူ​ဆက်ဆံခြင်း​က စိတ်ဝမ်းကွဲ​မှု​နှင့် ဖိစီးမှု​ဒဏ်​ကို ပျက်ပြယ်​စေနိုင်​သည်။ သင်သည် အခြား​သူများကို ထောက်ထား​ညှာတာ​စွာ​ပြုမူ​ဆက်ဆံ​ကြောင်း လူသိ​များ​လာ​ပါ​က သူတို့၏ အသိအမှတ်ပြု​လက်ခံခြင်း​ကို သင်​ရရှိ​လာပေမည်။ သင့်ကို​အခြားသူများ​လက်ခံခြင်း​က သင့်​အား​ရွှင်လန်း​စေ​သည်မဟုတ်​ပေ​လော။—မဿဲ ၇:၁၂၊ Revised English Bible။

“ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်” ရန်​သမ္မာကျမ်းစာ​တိုက်တွန်း​ထား​သည်။ ကိုယ့်​ကိုယ်ကို​ဂရုစိုက်​ခြင်း​နှင့် ကိုယ့်​ကိုယ်ကို​လေးစားမှု အတော်အသင့်​ရှိ​ခြင်း​သဘော​မျိုး​ဖြင့် မိမိကိုယ်ကို​ချစ်​ရန်လို​သည်။ ယင်းသည် အဘယ်ကြောင့် အထောက်အကူ​ဖြစ်သနည်း။ သင်သည် ကိုယ့်​ကိုယ်ကို​လေးစားမှု​မ​ရှိလျှင် အခြား​သူများကို အလွန်အမင်း​အပြစ်ရှာ​ပေ​လိမ့်​မည်၊ ယင်းက ကောင်းသော​ဆက်ဆံရေး​ကို အတားအဆီး​ဖြစ်စေ​သည်။ သို့သော် ကိုယ့်​ကိုယ်ကို​အတော်အသင့်​လေးစားခြင်း​သည် မိတ်ဆွေများ​ဖွဲ့​စေနိုင်​သည့် အခြေခံ​တစ်ခု​ဖြစ်သည်။—မဿဲ ၂၂:၃၉

မိတ်​ဖြစ်လာ​သည်​နှင့် ယင်းကို​ခိုင်မြဲ​စေရန် နှစ်ဦး​နှစ်ဖက်စလုံး ကြိုးစား​အားထုတ်​ဖို့​လို​သည်။ “ခံယူ​ခြင်း​ထက် ပေးကမ်း​ခြင်း​၌ ပျော်ရွှင်မှု​သာ၍​ရှိ” သောကြောင့် မိတ်ဆွေဖွဲ့​ရာ​တွင် အချိန်ပေး​ခြင်း​သည် သင့်​အား​ပျော်ရွှင်​စေနိုင်​သည်။ ပေးကမ်း​ခြင်း​ပုံစံ​တစ်ခု​သည် ခွင့်လွှတ်​ခြင်း​ဖြစ်၏၊ ယင်း​တွင် မှားယွင်းမှု​အသေးအမွှား​လေး​များ​ကို လျစ်လျူရှု​ခြင်း​နှင့် အခြား​သူများ​သည် ခြောက်ပြစ်ကင်း​ရမည်ဟု မမျှော်လင့်​ခြင်း​ပါဝင်​သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “သင်တို့၏​အကျိုးသင့်အကြောင်းသင့်​ရှိ​မှု​ကို လူ​ခပ်သိမ်း​အား​သိစေ​ကြလော့။” “သင်တို့သည် တတ်နိုင်​သမျှ​အတိုင်း လူအပေါင်း​တို့​နှင့် အသင့်အတင့်​နေကြ​လော့။” မိတ်ဆွေ​တစ်ယောက်​က သင့်​အားနည်းချက်ကို ထောက်ပြ​လာ​လျှင်​ကော။ သင်​မည်သို့​တုံ့ပြန်​မည်​နည်း။ သမ္မာကျမ်းစာ​မှ လက်တွေ့ကျ​သော ဤ​အကြံပေး​ချက်​ကို သုံးသပ်ပါ​လေ– “မိတ်ဆွေ​ထိုးနှက်​သောအခါ ရည်ရွယ်ချက်​ကောင်း” ဖြင့်​ဖြစ်သော​ကြောင့် “အမျက်ထွက်​ရန် စိတ်​မ​မြန်​စေ​နှင့်။” အပေါင်းအသင်း​များသည် သင့်​အတွေးအခေါ်၊ အပြောအဆို​နှင့် အပြုအမူကို​သြဇာလွှမ်း​မိုး​နိုင်​သည် မဟုတ်လော။ ယင်းကြောင့် သမ္မာကျမ်းစာ​က ဤသို့​သတိပေး​သည်– “မကောင်းသော​သူတို့နှင့် ပေါင်းဖော်ခြင်း​အားဖြင့် ကောင်းသော​အကျင့်ဓလေ့​ယိုယွင်း​တတ်၏။” အခြား​တစ်ဖက်​တွင်​မူ “ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏။”—တမန်​တော် ၂၀:၃၅က​ဘ; ဖိလိပ္ပိ ၄:၅က​ဘ; ရောမ ၁၂:၁၇၊ ၁၈; ဒေ. ၇:၉သမ္မာ; သု. ၁၃:၂၀; ၂၇:၆၊ REB; ၁ ကောရိန္သု ၁၅:၃၃

မာ​ကို​သည် ဤသို့​ပြောဆို​ရာ​တွင် ငယ်ရွယ်သူ​အမျိုးသား၊ အမျိုးသမီး​အများ​အကြောင်း ပြောနေခြင်း​ဖြစ်သည်– “တခြား​သူတွေနဲ့​သင့်သင့်မြတ်မြတ်​နေနိုင်​ဖို့ ကျမ်းစာမူ​တွေ​ဟာ တကယ်​ထောက်ကူ​တယ်။ လူတချို့ဟာ သိပ်​အတ္တဆန်​ပြီး ကိုယ့်​အတွက်​ချည်း​သာ​ကြည့်​တတ်တယ်။ ကျမ်းစာ​က ကိုယ့်​အတွက်ပဲ​မဟုတ် တခြား​သူတွေ​အတွက်​ပါ ထည့်​စဉ်းစား​ဖို့ သွန်သင်​ပေး​တယ်။ ကျွန်တော်​သိ​ရသလောက်​ဆိုရင် လူမှု​ဆက်ဆံ​ရေး​ကောင်း​ဖို့ အဲဒါဟာ အကောင်းဆုံး​ချဉ်းကပ်​နည်းပါပဲ။”

မာ​ကို​ကဲ့သို့​လူငယ်များ သမ္မာကျမ်းစာ​မှ​တတ်သိလာ​ခဲ့​ရာ​များသည် သူတို့၏​လူငယ့်​ဘဝ​၌​သာမက နောက်ပိုင်း​တွင်​လည်း များစွာ​အထောက်အကူ​ပြု​သည်။ ထို့​ပြင် အနာဂတ်​နှင့်​ပတ်သက်​၍ ငယ်ရွယ်​သော​လူမျိုးဆက်​အတွက် သမ္မာကျမ်းစာ အထူး​ကူညီပေး​နိုင်သော အခြား​နည်း​တစ်နည်း​ကို ကျွန်ုပ်​တို့​တွေ့ရ​သည်။

အနာဂတ်​အတွက် စိုးရိမ်​ပူပန်ခြင်း

လူငယ်​အများ​သည် စူးစမ်း​သိမြင်​လို​စိတ်​ရှိကြသည်။ အခြား​မည်သည့်​အသက်အရွယ်​ပိုင်း​ထက်​မဆို သူတို့သည် အဘယ်အရာ​ဖြစ်နေ​သည်၊ အဘ​ယ့်​ကြောင့်​ဖြစ်သည်​ကို ပို​သိ​လို​ကြသည်။ အခြား​မည်သည့်​စာအုပ်​ထက်​မဆို သမ္မာကျမ်းစာ​က ကမ္ဘာ့​အခြေအနေ​များ​၏ အကြောင်းရင်းကို​ရှင်းပြ​၍ အနာဂတ်​တွင် မည်သို့​ဖြစ်လာ​မည်​ကို အသိပေး​သည်။ ယင်းကို ငယ်ရွယ်သူ​လူမျိုးဆက်​သိ​လို​သည်။ အဘယ်ကြောင့်​သေချာ​သိနိုင်​သနည်း။

လူငယ်များသည် လတ်တလော​အတွက်သာ အသက်ရှင်​ကြသည်​ဟု အများယူ​မှတ်​ကြသော်လည်း လေ့လာချက်​အချို့​က အနည်းငယ်​ကွဲလွဲ​သော​အမြင်ကို ဖော်ပြ​သည်။ လူငယ်များသည် မိမိတို့​ဝန်းကျင် အဖြစ်အပျက်​များ​ကို စေ့စေ့​ဂရုပြု​ကာ အနာဂတ်​တွင် ဘဝ​မည်သို့​ဖြစ်လာ​နိုင်​မည်​နှင့်​စပ်လျဉ်း၍ ကိုယ်ပိုင်​ကောက်ချက်​ချ​လေ့​ရှိကြ​ကြောင်း ယင်း​တို့​က​ဖော်ပြ​သည်။ ငယ်ရွယ်​သော​အမျိုးသား၊ အမျိုးသမီး ၄ ယောက်​အနက် ၃ ယောက်​သည် အနာဂတ်​အကြောင်း “မကြာခဏ” သို့​မဟုတ် “အမြဲ” စဉ်းစား​ကြ​ခြင်း​က သာဓက​ဖြစ်သည်။ လူငယ်များသည် အများအားဖြင့် အကောင်းမြင်​တတ်ကြ​သော်လည်း လူငယ်​အများစုမှာ​မူ စိုးရိမ်​တ​ကြီး​ဖြင့် အနာဂတ်​ကို​ရှုမြင်ကြ​၏။

အဘယ်ကြောင့် စိုးရိမ်​ကြ​ရသနည်း။ ယခု​ခေတ်​လူငယ်များစွာသည် ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ မူးယစ်​ဆေး​အလွဲသုံး​မှု​ပြဿနာ​များ ကြုံတွေ့​ခဲ့​ရ​ကြ​ပြီး​ဖြစ်သည်။ အလွန်အမင်း​ယှဉ်ပြိုင်​လို​စိတ်​ရှိသော​လူ့​အဖွဲ့အစည်း​တွင် တည်မြဲသော​အလုပ်​ရရှိ​ရေး​အတွက် လူငယ်များ​စိုးရိမ်​နေကြ​သည်။ ကျောင်း​၌ အမှတ်​ကောင်း​ရရှိရန် သို့​မဟုတ် အလုပ်​၌ အောင်မြင်သူ​ဖြစ်​ရန် ဖိအားပေး​ခံ​နေကြ​ရ၏။ ၁၇ နှစ်အရွယ် လူငယ်​တစ်ဦး ဤသို့​ညည်း​ခဲ့​သည်– “ကျွန်မ​တို့​ဟာ ဘယ်သူ​သေ​သေ င​တေမာ​ရင်​ပြီး​ရော​ဆို​တဲ့​လူ့​ဘောင်​မှာ အသက်ရှင်​နေ​ရတယ်။ လူတိုင်း ကိုယ့်​စိတ်တိုင်းကျ​လုပ်ကိုင်တတ်​ကြတယ်။ ကိုယ်​ဘာလုပ်​နိုင်တယ်​ဆိုတာ​ကို အမြဲ​ပဲ​သက်သေထူ​ပြ​ရလို့ ကျွန်မ​စိတ်ပျက်​မိတယ်။” အသက် ၂၂ နှစ်အရွယ် နောက်​လူငယ်​တစ်ဦး​က ဤသို့​ဆို​သည်– “စွမ်းဆောင်​နိုင်​သူတွေဟာ ကြီးပွား​တိုးတက်​ကြ​ပြီး ပြည့်စုံ​ကုံလုံ​ကြတယ်။ အကြောင်း​တစ်ခု​မဟုတ်​တစ်ခု​ကြောင့် လိုက်​မမီ​နိုင်​သူတွေကတော့ နောက်ကျ​ကျန်ရစ်​ကြတယ်။” လူ့​ဘဝ​သည် အဘယ်ကြောင့် အပြိုင်အဆိုင်​များ​လွန်း​ရသနည်း။ ဤ​အတိုင်း အမြဲ​ဖြစ်နေ​မည်​လော။

လက်တွေ့ကျ​ရှင်းပြချက်

လူငယ်များသည် လူ့​အဖွဲ့အစည်း​ကို စိုးရိမ်​တ​ကြီး သို့​မဟုတ် အထိတ်တလန့်​ရှုမြင်သည့်​အခါ သူတို့သည် သိ​လျက်​ဖြစ်စေ၊ မသိဘဲ​ဖြစ်စေ သမ္မာကျမ်းစာ​နှင့် သဘောချင်း​တိုက်ဆိုင်​နေကြ၏။ မျက်မှောက်ခေတ် “ဘယ်သူ​သေ​သေ င​တေ မာ​ရင်​ပြီး​ရော လူ့​အဖွဲ့အစည်း” သည် အချိန်ကာလ​၏​နိမိတ်​တစ်ခု​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ တမန်​တော်​ပေါလု​သည် တိမောသေ​အမည်​ရှိ လူငယ်​တစ်ဦးထံ​စာရေး​ရာ​တွင် ကျွန်ုပ်​တို့​ခေတ်​အကြောင်း ဤသို့​ရေးသားခဲ့​သည်– “ခဲယဉ်း​သော​ကာလ​ဖြစ်​မည်။” အဘ​ယ့်​ကြောင့်​ခဲယဉ်း​၍ ခက်ခဲ​ရသနည်း။ ပေါလု​ထပ်ဆင့်​ရေးခဲ့​သည့်​အတိုင်း လူတို့သည် “ကိုယ်ကို​ကိုယ်​ချစ်သော​သူ၊ ငွေ​ကို​တပ်မက်သော​သူ၊ ဝါကြွား​သော​သူ၊ ထောင်လွှား​စော်ကား​သော​သူ၊ . . . ကျေးဇူး​မရှိသော​သူ၊ သန့်ရှင်းခြင်း​မရှိသော​သူ၊ . . . ပြင်းထန်သော​သူ” ဖြစ်​ကြသော​ကြောင့်​တည်း။ ယနေ့​လူ​အမြောက်အမြား ပြုမူ​ကျင့်ကြံ​ပုံ​၏ တိကျသော​ဖော်ပြချက် မဟုတ်ပေ​လော။—၂ တိမောသေ ၃:၁-၃

လူ့​ဘောင်​အဖွဲ့အစည်း​တစ်ခုလုံး​အပေါ် ပြောင်းလဲမှု​ကြီး​များ မကျရောက်​မီ “နောက်ဆုံးသော​နေ့ရက်​များ​၌” ထို​ခဲယဉ်း​သော​ကာလ ဖြစ်ပေါ်​လိမ့်​မည်​ဟု သမ္မာကျမ်းစာ​က ဖော်ပြ​ထား​သည်။ ထို​ပြောင်းလဲမှု​များသည် လူကြီးလူငယ် လူတိုင်း​အပေါ် အကျိုး​သက်ရောက်​လိမ့်​မည်​ဖြစ်သည်။ အဘယ်​ပြောင်းလဲမှု​များ​ဖြစ်​မည်​နည်း။ ကောင်းကင်​အစိုးရ​သည် လူ့​ရေးရာ​များ​ကို မကြာမီ​အုပ်ချုပ်​မည်​ဖြစ်​ရာ ပြည်သား​များသည် နေရာတိုင်း​၌ “များပြား​သော​ငြိမ်သက်ခြင်း” ကို​မွေ့လျော်​ကြ​ရ​လိမ့်​မည်။ “ဖြောင့်မတ်​သော​သူတို့သည် ပြည်တော်​ကို​အပိုင်ရ​၍ အစဉ်အမြဲ​နေထိုင်​ရ​ကြလိမ့်မည်။” စိုးရိမ်​ပူပန်ခြင်း​နှင့် ထိတ်လန့်​ခြင်း​သည် အတိတ်​တွင်​ကျန်ရစ်​ခဲ့​ပေ​လိမ့်​မည်။—ဆာလံ ၃၇:၁၁၊ ၂၉

သမ္မာကျမ်းစာ​သာ​လျှင် အနာဂတ်​ကို ယုံကြည်​စိတ်ချ​စွာ ထိုးထွင်း​သိမြင်​စေ​၏။ နှစ်​အနည်းငယ်​အကြာတွင် အဘယ်အရာ​ဖြစ်ပျက်​လာ​မည်​ကို လူငယ်​တစ်ဦး​သိရှိ​ထား​ပါ​က ထို​အဖြစ်အပျက်​များ​အတွက် အသင့်ပြင်​ဆင်​ထား​နိုင်​ပြီး သူ့​ဘဝတွင် လုံခြုံမှု​ရှိ​ကာ ကိုယ့်​ကိုယ်ကို​နိုင်​နိုင်နင်း​နင်း ထိန်းချုပ်​နိုင်​ပေမည်။ ဤသို့​သိထားခြင်းက ဖိစီးမှု​နှင့် စိုးရိမ်​ပူပန်မှု​ကို လျော့နည်းစေ​သည်။ ဤနည်းဖြင့် ငယ်ရွယ်​သေး​သော​လူမျိုးဆက်​၏ အထူး​လိုအပ်ရာ​ဖြစ်သည့် လူ့​ဘောင်​အဖွဲ့အစည်း​ကို သဘောပေါက်​နားလည်​ရန်​နှင့် အနာဂတ်​တွင် အဘယ်အရာ​ဖြစ်ပျက်​မည်​ကို​သိ​ရန်​ကိစ္စ​ကို သမ္မာကျမ်းစာ​က ဖော်ပြ​သည်။

လူငယ့်​ဘဝတွင်​အောင်မြင်ခြင်း

လူငယ့်​ဘဝတွင် အောင်မြင်ခြင်း​ကို အဘယ်အရာက အကဲဖြတ်​သနည်း။ အဆင့်မြင့်​ပညာရေး​လော၊ ပစ္စည်းဥစ္စာ​ပိုင်ဆိုင်ခြင်း​လော၊ မိတ်ဆွေ​အသိုင်းအဝိုင်း​များပြားခြင်း​လော။ လူအများ ထိုသို့​ပင်​ယူမှတ်​ကြ​ပေမည်။ ဆယ်ကျော်သက်​အရွယ်​နှင့် ၂၀ ကျော်​ခါ​စ​အရွယ်​သည် အိုမင်း​ချိန်​အတွက် အစ​ကောင်း​ဖြစ်​သင့်​သည်။ တစ်နည်း​အားဖြင့်​ဆို​ရ​လျှင် လူငယ့်​ဘဝတွင်​အောင်မြင်ခြင်း​သည် နောက်ပိုင်း​၏​အဖြစ်ကို အရိပ်အမြွက်​ဖော်ပြ​ပေမည်။

ကျွန်ုပ်​တို့​တွေ့ရှိ​ခဲ့​ရ​ကြ​သည့်​အတိုင်း သမ္မာကျမ်းစာ​သည် လူငယ်​တစ်ဦး၏​ငယ်ရွယ်စဉ်​နှစ်များ​၌ အောင်မြင်မှု​ရ​ရန် သူ့ကို​ကူညီပေး​နိုင်​သည်။ လူငယ်​မြောက်မြားစွာ​သည် သူတို့၏​အသက်တာတွင် ဤ​အချက်​မှန်ကန်ကြောင်း တွေ့ရှိ​ခဲ့​ကြပြီ။ သမ္မာကျမ်းစာ​ကို သူတို့​နေ့စဉ်​ဖတ်ရှု​ကြ​၍ တတ်သိလာ​ရာ​ကို လက်တွေ့​ကျင့်သုံး​ကြ​၏။ (စာမျက်နှာ ၆ ပါ “ယေဟောဝါ​၏​ကျေးကျွန်​ငယ်​တစ်ဦးထံ​မှ အ​ကြုံ​ပြုချက်​ကောင်း” ကို​ရှု။) သမ္မာကျမ်းစာ​သည် ယခု​ခေတ် လူငယ်များ​ကို “စုံလင်သော​သူ၊ ကောင်းသော​အမှု​အမျိုးမျိုး​တို့ကို​ပြုစု​ခြင်း​အလို​ငှာ ပြင်ဆင်” ထား​သူ အမှန်​ဖြစ်စေ​နိုင်​သည့် စာအုပ်​တစ်အုပ်​ဖြစ်သည်။—၂ တိမောသေ ၃:၁၆၊ ၁၇

[စာမျက်နှာ ၅ ပါ အကျဉ်း​ဖော်ပြချက်]

လူငယ့်​ဘဝတွင်​အောင်မြင်ခြင်း​၏ သော့ချက်​တစ်ခု​မှာ အခြား​သူများ​နှင့်​သင့်တင့်​ခြင်း​ဖြစ်

[စာမျက်နှာ ၆ ပါ အကျဉ်း​ဖော်ပြချက်]

မည်သည့်​အသက်အရွယ်​ပိုင်း​ထက်​မဆို လူငယ်များသည် အဘယ်အရာ ဖြစ်ပျက်​နေသည်၊ အဘယ်ကြောင့် ဖြစ်ပျက်​ရသည်ကို သိ​လို​ကြ​ပေမည်

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ယေဟောဝါ​၏ ကျေးကျွန်​ငယ်​တစ်ဦးထံ​မှ အကြံပြုချက်​ကောင်း

အလက်ဇန္ဒား​သည် အသက် ၁၉ နှစ်​ရှိပြီ။ သူသည် ယေဟောဝါသက်သေ​မိသားစု​တစ်စု​တွင် ကြီးပြင်း​လာပြီး စိတ်နှလုံး​အကြွင်းမဲ့ယုံ​ကြည်​ခြင်း​မှ ပျော်ရွှင်မှု​များစွာ​ရရှိ​သည်။ သို့သော် ယင်း​သို့​အမြဲ​မဟုတ်​ခဲ့​ချေ။ အလက်ဇန္ဒား ဤသို့​ပြောပြ​သည်–

“နှစ်ခြင်း​မခံရ​သေး​တဲ့ လူငယ်​တစ်ဦး​အဖြစ် ယေဟောဝါသက်သေ​တွေ​နဲ့ ကျွန်တော် ခု​နစ်​နှစ်​ကျော် ပေါင်းသင်း​ခဲ့​တာ​ကို အံ့သြ​ကောင်း​အံ့သြ​ကြ​မယ်။ အဲဒီ​အချိန်အတွင်း​မှာ ကျွန်တော့်​ရဲ့​ဝတ်ပြုမှု​ဟာ စိတ်​မ​ပါ့​တ​ပါ၊ လုပ်ရိုးလုပ်စဉ်​လောက်​ပဲ​ဖြစ်​ခဲ့တယ်။ ကိုယ့်​ကိုယ်ကို​အရှိအတိုင်း​သုံးသပ်​ဖို့ သတ္တိ​မရှိခဲ့လို့ ထင်​ပါ​တယ်။”

ထို့နောက်​တွင် အလက်ဇန္ဒား​၏​သဘောထား ပြောင်းလဲ​သွား​သည်။ သူ​ဤသို့​ဆက်​ပြောပြ​သည်–

“ကျွန်တော့်​မိဘ​နဲ့ အသင်းတော်က မိတ်ဆွေ​တွေ​က ယေဟောဝါ​ကို ပုဂ္ဂိုလ်​တစ်ပါး​အဖြစ်​သိလာ​ရအောင် ကျမ်းစာ​ကို​နေ့တိုင်း​ဖတ်​ဖို့ မပြတ်​တိုက်တွန်း​ခဲ့​ကြတယ်။ နောက်ဆုံး သူတို့​ပြော​သလို ကြိုးစား​လုပ်ဖို့ ဆုံးဖြတ်​လိုက်တယ်။ အဲ့​ဒါနဲ့ ရုပ်မြင်သံကြား​ကြည့်​ချိန်​ကို​လျှော့​လိုက်ပြီး မနက်စောစော ကျမ်းစာ​မှန်မှန်​ဖတ်​တဲ့​အကျင့်ကို မွေးခဲ့တယ်။ နောက်ဆုံး​ကျ​တော့ ကျမ်းစာ​ကို ကျွန်တော်​သဘောပေါက်​လာတယ်။ ကျမ်းစာ​ဟာ ကျွန်တော့်​ကို ပုဂ္ဂိုလ်​တစ်ဦး​အနေ​နဲ့ ကူညီပေး​နိုင်တာ​ကို သိမြင်​လာတယ်။ အရေး​အကြီးဆုံး​က ယေဟောဝါ​ဘုရား​ကို ကျွန်တော်​သိကျွမ်း​လာဖို့ ကိုယ်တော်​အလိုရှိတာ​ကို သိ​နားလည်​လာတယ်။ အဲ့ဒီ​အတိုင်း ကျွန်တော်​လုပ်တာ​နဲ့ ကိုယ်တော်​နဲ့​ကျွန်တော့်​ရဲ့​ဆက်ဆံ​ရေး​ဟာ တိုးတက်လာ​ပြီး အသင်းတော်ထဲမှာ မိတ်ဆွေ​တွေ တိုးများ​လာတယ်။ သမ္မာကျမ်းစာ​ဟာ ကျွန်တော့်​ဘဝကို သိသိသာသာကြီး ပြောင်းလဲ​စေ​ခဲ့​တာ​ပါ​ပဲ! ယေဟောဝါ​ရဲ့​ကျေးကျွန်​ငယ်​တိုင်း ကျမ်းစာ​ကို​နေ့တိုင်း​ဖတ်​ကြ​ပါ​လို့ ကျွန်တော်​အကြံပြု​လို​ပါ​တယ်။”

ကမ္ဘာ​တစ်ဝန်း​တွင် ယေဟောဝါသက်သေ​များနှင့်​ပေါင်းသင်း​သည့် လူငယ်​သန်းပေါင်း​များစွာ​ရှိပါ​သည်။ သင်သည် ထို​သူတို့တွင် တစ်ဦး​အဝင်​လော။ ကျမ်းစာ​ကို​မှန်မှန်​ဖတ်ရှုခြင်း​မှ အသင် အကျိုး​ရရှိ​လို​ပါသလော။ အလက်ဇန္ဒား​၏​ပုံသက်သေ​ကို​တုပ​ပါ။ အရေး​မကြီး​သော​အလုပ်များ​ကို လျှော့​၍​လုပ်ကိုင်ပြီး ကျမ်းစာ​ဖတ်ရှုခြင်း​ကို သင့်​နေ့စဉ်​ပုံမှန်​လုပ်ငန်း​တစ်ခု​ဖြစ်စေ​ပါ။ သင်သည် အမှန်တကယ်​အကျိုး​ခံစားရ​ပါ​လိမ့်​မည်။