သင်မှတ်မိသလော
သင်မှတ်မိသလော
မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–
• ယောဘအခန်းကြီး ၃၈ တွင်ဖော်ပြထားသော မေးခွန်းများကို ယနေ့ပင်လျှင် အဘယ်ကြောင့်ဆင်ခြင်သုံးသပ်သင့်သနည်း။
ဘုရားသခင်အာရုံစိုက်စေခဲ့သော အံ့ဖွယ်အမှုတော်များစွာကို မျက်မှောက်ခေတ်သိပ္ပံပညာရှင်များပင် အပြည့်အဝနားမလည်နိုင်ကြချေ။ ယင်းတို့မှာ ဆွဲငင်အားသည် ကမ္ဘာမြေကြီးကို ၎င်း၏ပတ်လမ်းအတိုင်းဆက်တည်ရှိနေခြင်း၊ အလင်းသည် အတိအကျအဘယ်အရာဖြစ်ခြင်း၊ မကုန်ခန်းနိုင်သော ဆီးနှင်းပွင့်အမျိုးမျိုးရှိခြင်း၊ မိုးစက်မိုးပေါက်များ မည်သို့မည်ပုံဖြစ်ပေါ်လာခြင်း၊ မိုးကြိုးမုန်တိုင်းများတွင် စွမ်းအင်ပတ်သက်နေခြင်းတို့ဖြစ်သည်။—၄/၁၅၊ စာမျက်နှာ ၄-၁၁။
• အပျက်သဘောထားများကို ကိုင်တွယ်ဖြေရှင်းရန် အဘယ်ကျမ်းစာပုံနမူနာများက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။
အာသပ်၊ ဗာရုတ်နှင့် နောမိတို့သည် စိတ်ဓာတ်ကျချိန် သို့မဟုတ် အခြားအပျက်သဘောထားများခံစားရချိန်ရှိခဲ့ကြပြီး ဤသို့သောအခြေအနေများကို သူတို့အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း ကျမ်းမှတ်တမ်းက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သည်။—၄/၁၅၊ စာမျက်နှာ ၂၂-၄။
• ခရစ်ယာန်မုဆိုးမများကို ကူညီရန် လက်တွေ့ကျနည်းအချို့ကား အဘယ်နည်း။
မိတ်ဆွေများသည် ကြင်နာဖြူစင်သန့်ရှင်းစွာ ကူညီပေးနိုင်ကြသည်။ အမှန်တကယ်လိုအပ်လျှင် မိသားစုတွင်ပါဝင်သူများ သို့မဟုတ် အခြားသူများသည် ငွေကြေး သို့မဟုတ် ပစ္စည်းဥစ္စာများ ပေးကမ်းနိုင်ကြပေမည်။ ခရစ်ယာန်ချင်းများကလည်း မေတ္တာရှိရှိခင်မင်မှုပြခြင်းဖြင့်လည်းကောင်း၊ ဝိညာဉ်ရေးအရ ကူညီထောက်မမှုနှင့် နှစ်သိမ့်မှုပေးခြင်းဖြင့်လည်းကောင်း ကူညီပေးနိုင်ပါသည်။—၅/၁၊ စာမျက်နှာ ၅-၇။
• ၁ ကောရိန္သု ၇:၃၉ ပါအကြံပြုချက်အရ “သခင်ဘုရား၌သာ” လက်ထပ်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။
မယုံကြည်သူကိုလက်ထပ်ခြင်းသည် ဘေးရောက်စေလေ့ရှိကြောင်း တွေ့ရှိခဲ့ကြရပြီ။ ထို့ပြင် ဘုရားသခင်ရေးရာ ဤအကြံပြုချက်ကို လိုက်လျှောက်ခြင်းသည် ယေဟောဝါဘုရားသခင်အပေါ် တည်ကြည်သည့်ကိစ္စဖြစ်သည်။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ကျင့်သုံးသောအခါ ကျွန်ုပ်တို့၏နှလုံးသည် ကျွန်ုပ်တို့ကို အပြစ်မတင်ချေ။ (၁ ယောဟန် ၃:၂၁၊ ၂၂)—၅/၁၅၊ စာမျက်နှာ ၂၀-၁။
• ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်နိုင်သူဖြစ်ရာ ခရစ်ယာန်များသည် အသင်းတော်ရှိအသက်ကြီးသူများထံ ကြီးလေးသောအပြစ်များကို အဘယ်ကြောင့်ဝန်ခံရကြသနည်း။
မှန်၏၊ ခရစ်ယာန်တစ်ဦးသည် ကြီးလေးသောအပြစ်ကို ယေဟောဝါခွင့်လွှတ်ပါရန် အသနားခံဖို့လိုသည်။ (၂ ဓမ္မရာဇဝင် ၁၂:၁၃) သို့သော် ပရောဖက်နာသန်သည် ဒါဝိဒ်ကို ကူညီပေးခဲ့သကဲ့သို့ အသင်းတော်ရှိရင့်ကျက်သော အသက်ကြီးသူများသည် နောင်တရသောအပြစ်ပြုသူများကို ကူညီပေးနိုင်၏။ အကြီးအကဲများထံသွားခြင်းသည် ယာကုပ် ၅:၁၄၊ ၁၅ ပါညွှန်ကြားချက်နှင့်အညီဖြစ်သည်။—၆/၁၊ စာမျက်နှာ ၃၁။
• ဆင်းရဲချို့တဲ့နေသော မိဘမဲ့များနှင့် မုဆိုးမများကို ကျွန်ုပ်တို့ကြည့်ရှုသင့်ကြောင်း အဘယ်အထောက်အထားရှိသနည်း။
ရှေးဟေဗြဲလူမျိုးများနှင့် အစောပိုင်းခရစ်ယာန်များ၏ စစ်မှန်သောဝတ်ပြုမှု၏အမှတ်အသားသည် ဤကဲ့သို့ကြည့်ရှုပြုစုခြင်းပါဝင်ကြောင်း သမိုင်းဝင်မှတ်တမ်းက ဖော်ပြသည်။ (ထွက်မြောက်ရာ ၂၂:၂၂၊ ၂၃; ဂလာတိ ၂:၉၊ ၁၀; ယာကုပ် ၁:၂၇) ဆင်းရဲချို့တဲ့သောမုဆိုးမများကို ကြည့်ရှုပြုစုရန် ခရစ်ယာန်များအား ရှင်းလင်းသောညွှန်ကြားချက်များ သမ္မာကျမ်းစာတွင် တမန်တော်ပေါလုဖော်ပြခဲ့၏။ (၁ တိမောသေ ၅:၃-၁၆)—၆/၁၅၊ စာမျက်နှာ ၉-၁၁။
• ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိသောအသက်တာအတွက် သော့ချက်ကားအဘယ်နည်း။
ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါနှင့် လျောက်ပတ်သောဆက်ဆံရေးကို ပြုစုပျိုးထောင်၍ ထိန်းသိမ်းထားရမည်။ ထိုသို့ပြုလုပ်ရာ၌ ကျမ်းစာလေ့လာမှုသည် အရေးပါသောအထောက်အကူတစ်ခုဖြစ်သည်။—၇/၁၊ စာမျက်နှာ ၄-၅။
• သေပြီးနောက် အသက်ဆက်ရှင်သော မသေနိုင်သည့်ဝိညာဉ် [စပီးရစ်] လူတိုင်း၌ရှိသလော။
လူအချို့သည် ဝိညာဉ် [စိုးလ်] မဟုတ်သော ဝိညာဉ် [စပီးရစ်] သည်မသေနိုင်ဟု ယုံကြည်ကြသော်လည်း သမ္မာကျမ်းစာက အဆိုပါယုံကြည်ချက်ကို အားမပေးချေ။ လူတစ်ဦးသေလွန်သောအခါ မြေမှုန့်သို့ပြန်သွား၍ သက်မဲ့အဖြစ်သို့ ပြန်ရောက်သွားသည်ဟု ကျမ်းစာကဖော်ပြ၏။ သို့သော် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အနာဂတ်အသက်ရရှိရန် ဘုရားသခင်အပေါ်တည်မှီသောကြောင့် ဘုရားသခင်သာလျှင် အသက်ပြန်ပေးနိုင်စွမ်းရှိသည်။ (ဒေ. ၁၂:၇)—၇/၁၅၊ စာမျက်နှာ ၃-၆။
• ဒုရလွင်ပြင်၌ ဟေဗြဲလူသုံးဦး စမ်းသပ်ခံခဲ့ရချိန်တွင် ဒံယေလသည် အဘယ်မှာရှိသနည်း။
သမ္မာကျမ်းစာက မဖော်ပြထားချေ။ ဒံယေလသည် သူ၏ရာထူးအဆင့်ကြောင့် ထိုနေရာသို့ သွားစရာမလိုအပ်ခဲ့ခြင်းဖြစ်ပေမည်၊ သို့မဟုတ် ရပ်ဝေးတစ်နေရာရာတွင် အမှုထမ်းနေရခြင်းဖြစ်ပေမည်။ သို့သော် သူသည် အလျှော့ပေးလိုက်လျောမည်မဟုတ်ဘဲ ယေဟောဝါအပေါ် တည်ကြည်ခဲ့ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။—၈/၁၊ စာမျက်နှာ ၃၁။