မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလင်းမြို့တော်တွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းခြင်း

အလင်းမြို့တော်တွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းခြင်း

အလင်း​မြို့တော်​တွင် အလင်းဆောင်သူ​များ​အဖြစ် ထွန်းလင်းခြင်း

ဖ​လွတ်​ခ်​တွက်​အာ​တ် နက်​ခ် မာ​ရ်​ဂျီ​တွက်​ရ်၊ သို့​မဟုတ် “လှိုင်း​ပု​တ်​သော်လည်း ရေ​မ​နစ်” ဟူသည် ပါရီ​မြို့တော်​၏​ဆောင်ပုဒ်​ဖြစ်သည်။

လွန်ခဲ့သော​အနှစ် ၂,၀၀၀ ကျော်​က ပါရီ​မြို့​သည် သင်္ဘော​တစ်စင်း​ပ​မာ ဆက်​တည်မြဲ​တည်​နေ​ရန် မရေတွက်​နိုင်​သည့် တိုင်းတစ်ပါး​မုန်တိုင်း​များနှင့် ပြည်တွင်း​ဆူပူမှု​များ​ကို ရဲဝံ့​စွာ​ရင်ဆိုင်ခဲ့​သည်။ ယခု ကမ္ဘာ့​အလှ​ပ​ဆုံး​မြို့တော်​တစ်ခု​ဖြစ်သည့် ပါရီ​မြို့ကို ၎င်း​၏​ကြီးကျယ်​ခမ်းနား​သော ဗိသုကာ​အဆောက်အအုံ​များ၊ သစ်ပင်​စီ​တန်း​စိုက်​ထားသော လမ်းမကြီးများ​နှင့် ကမ္ဘာ​ကျော်​ပြတိုက်​များ​ကြောင့် လူကြိုက်များ​လျက်​ရှိသည်။ အချို့​က ယင်း​မြို့တော်​ကို ကဗျာ​ဆရာများ၊ ပန်းချီ​ဆရာများ​နှင့် အတွေးအခေါ်​ရှင်​များ​၏ စားကျက်​အဖြစ်​ယူမှတ်​ကြသည်။ အခြားသူများ​မူ ၎င်း​မြို့​၏​အရသာ​ထူးကဲ​သော စားကောင်း​သောက်​ဖွယ်​များ​ကို မြည်းစမ်း​ကြ​ပြီး ၎င်း​၏​ဖက်ရှင်​ဒီဇိုင်း​များ​ကို အံ့သြ​ချီးမွမ်း​ကြသည်။

ရာဇဝင်​အရ ပါရီ​မြို့​သည် ကက်သလစ်​အယူဝါဒ အကြီးအကျယ်​လွှမ်းမိုး​ခဲ့​သော နေရာ​ဖြစ်၏။ လွန်ခဲ့သော​နှစ်ပေါင်း​နှစ်​ရာ​က အသိဉာဏ်​ပွင့်လင်း​ခြင်း​ဟု လူသိ​များသော ဥရောပ​ဉာဏ်ကြီးရှင်​လှုပ်ရှားမှု​၌ ပါရီ​မြို့​၏​အရေးပါသော​ကဏ္ဍ​ကြောင့် ယင်း​မြို့ကို အလင်း​မြို့တော်​ဟု ခေါ်တွင်​လာ​ခဲ့​သည်။ ယနေ့ ၎င်းကို​သတိပြုမိ​သည်​ဖြစ်စေ၊ မပြုမိ​သည်​ဖြစ်စေ ပါရီ​မြို့သား​အများစုမှာ ဘာသာ​တရား​ထက် ၎င်း​ခေတ်​မှ​အတွေးအခေါ်​ပညာ​၏​လွှမ်းမိုးမှုကို ပို​ခံရ​ကြသည်။

သို့ရာတွင် လူ့​ဉာဏ်ပညာ​သည် လူသားများ​၏​အသက်တာကို ထင်​သည့်​အတိုင်း အလင်း​မပေးခဲ့​ချေ။ ယနေ့ လူများစွာ​သည် အခြား​ဇာစ်​မြစ်​တစ်ခု​မှ အသိဉာဏ်​ပွင့်လင်း​ခြင်း​ကို ရှာဖွေ​လျက်​ရှိကြသည်။ ယခု​ဆိုလျှင် ယေဟောဝါသက်သေ​များသည် ပါရီ​မြို့တွင် “အလင်းဆောင်သူ​များ​အဖြစ် ထွန်းလင်း” ခဲ့​ကြသည်​မှာ အနှစ် ၉၀ ခန့်​ရှိပြီ။ (ဖိလိပ္ပိ ၂:၁၅က​ဘ) ကျွမ်းကျင်​သော​သင်္ဘောသား​များ​ကဲ့သို့ သူတို့သည် ‘လူ​ခပ်သိမ်း​တို့​မှ နှစ်သက်ဖွယ်ရာ​များ’ ကို​တင်ဆောင်​ရန် ပြောင်းလဲ​နေသော​ခေတ်​ရေစီးကြောင်း သို့​မဟုတ် အဖြစ်အပျက်​များနှင့်​အညီ အဆက်မပြတ်​ပြုပြင်​ခဲ့​ကြ​ရသည်။—ဟဂ္ဂဲ ၂:၇

အခက်အခဲ​နှင့် လုပ်ဆောင်​ရသော​မြို့တော်

၁၈၅၀ ပြည့်နှစ်​က ပါရီ​မြို့တော်​တွင် လူဦးရေ ၆၀၀,၀၀၀ ရှိခဲ့​၏။ ဆင်ခြေ​ဖုံး​ရပ်ကွက်​များ​အပါအဝင် ၎င်း​၏​လက်ရှိ​လူဦးရေ​မှာ ကိုး​သန်း​ကျော်သွား​လေ​ပြီ။ ဤသို့​လူဦးရေ​တိုးများ​လာ​ခြင်း​ကြောင့် ပါရီ​မြို့​သည် ပြင်သစ်​နိုင်ငံ​၏ ကွဲပြားမှု​အများဆုံး​မြို့တော် ဖြစ်လာ​ရခြင်း​ဖြစ်သည်။ ယင်းသည် ကမ္ဘာ့​အဆင့်မြင့်​ပညာရေး​ဗဟို​တစ်ခု​ဖြစ်​ပြီး ထို​မြို့တွင် ကမ္ဘာ့​ရှေးအကျဆုံး​တက္ကသိုလ်​တစ်ခု​ရှိ၍ ကျောင်းသား ၂၅၀,၀၀၀ ခန့်​၏​နေထိုင်ရာ​လည်း​ဖြစ်သည်။ အပြစ်​ကျူးလွန်​မှု​နှင့် အလုပ်​လက်မဲ့​များသော မိုး​မျှော်​တိုက်ကြီး​များစွာ​ရှိ ပါရီ​ဆင်ခြေ​ဖုံး​ရပ်ကွက်​အချို့​ကို ပါရီ​မြို့​၏​မနှစ်မြို့​စ​ရာ​ဟု တင်စား​သည်။ ယေဟောဝါသက်သေ​များသည် သတင်းကောင်းကို နှစ်သက်ဖွယ်​နည်းဖြင့် လူ​ခပ်သိမ်း​အား တင်ဆက်​နိုင်​ရန် လိမ္မာပါးနပ်မှု​နှင့် အလိုက်သင့်​ပြုပြင်နိုင်စွမ်း​ရှိဖို့ အမှန်ပင်​လို​သည်။—၁ တိမောသေ ၄:၁၀

ပါရီ​မြို့​သို့ ကမ္ဘာ​လှည့်​ခရီးသည်​သန်း ၂၀ ကျော်​နှစ်စဉ်​လည်ပတ်​ကြသည်။ သူတို့သည် အို​က်ဖဲလ်​မျှော်စင်​ပေါ် စိတ်​လှုပ်ရှား​စွာ​တက်​ကြ၊ စေ​န်​မြစ်​တစ်လျှောက်​လမ်းလျှောက်​ကြ၊ လမ်းဘေး​လက်ဖက်ရည်​ဆိုင်​များနှင့် စားသောက်​ဆိုင်​များ​တွင် အချိန်ဖြုန်း​ကြ

ခြင်း​ဖြင့် ပတ်ဝန်းကျင်​ကို​ရှုစား​ပျော်မွေ့နိုင်​ကြ​ပေမည်။ သို့သော် ပါရီ​မြို့သား​များ​၏ နေ့စဉ်​အသက်တာသည် မနားတမ်း​သွားလာ​လှုပ်ရှား​နေရ​ကြ​ပေမည်။ “လူတွေဟာ အမြဲတမ်း​သုတ်​သီး​သုတ်​ပျာ​ပဲ” ဟု​အချိန်ပြည့်​အမှုဆောင် ခရစ်ရှန်​ပြောပြ​သည်။ “သူတို့​အိမ်ပြန်ရောက်​ကြ​တဲ့​အခါ မောဟိုက်​နေကြပြီ။” အလုပ်များ​နေကြ​သော ဤ​လူများ​နှင့် စကားပြော​ရန် မလွယ်ကူ​ချေ။

သို့ရာတွင် ပါရီ​မြို့ရှိ ယေဟောဝါသက်သေ​များ​ကြုံတွေ့​ရသော အကြီးမားဆုံး​ပြဿနာ​တစ်ခု​မှာ လူ​တို့ကို သူတို့​အိမ်​၌​တွေ့ဆုံ​ရန်ဖြစ်​သည်။ အဆောက်အဦ​အချို့​တွင် အပြန်အလှန်​ဆက်သွယ်ရေး​စက် တပ်ဆင်​ထား​ကြသည်။ သို့သော် ရာဇဝတ်မှု​တိုးများ​လာ​သဖြင့် အခန်းတွဲ​အဆောက်အဦ​များ​၏​အဝင်ဝ​၌ စကားဝှက်​များ​ထား​တတ်​ရာ ဝင်ခွင့်​မရနိုင်​တော့​ချေ။ ယင်းကြောင့် အချို့​ဒေသ​များ​တွင် သက်သေခံ​တစ်​ဦးလျှင် လူဦးရေ ၁,၄၀၀ အချိုး​ရှိ​ရခြင်း​ဖြစ်​နိုင်​သည်။ ထို့​ကြောင့် တယ်လီဖုန်း​ဖြင့်​သက်သေခံခြင်း​နှင့် အလွတ်သဘော​သက်သေခံခြင်း​တို့ကို ပိုမို​အသုံးပြု​လာ​ခြင်း​ဖြစ်သည်။ ယေဟောဝါသက်သေ​များသည် အခြား​နည်းများဖြင့် မိမိတို့၏ “အလင်း​ကို လင်း​စေ” နိုင်​ခဲ့​ကြပြီ​လော။—မဿဲ ၅:၁၆

အလွတ်သဘော​သက်သေ​ခံရန် အခွင့်အလမ်း​များနှင့် နေရာများ​စွာ​ရှိ၏။ ဘတ်စကား​မှတ်တိုင်​တစ်ခု​၌​ရပ်နေ​သော စိတ်ဓာတ်ကျ​နေ​ပုံ​ရသည့်​အမျိုးသမီး​တစ်ဦး​ကို မာ​ရ်​တီ​န်​တွေ့ခဲ့​သည်။ ထို​အမျိုးသမီး​၏​တစ်ဦးတည်း​သော​သမီး သေဆုံး​ခါ​စ​ပင်​ရှိသေး​သည်။ မာ​ရ်​တီ​န်​သည် သူ့ကို သမ္မာကျမ်းစာ​၏ နှစ်သိမ့်မှု​ပေး​သော ထမြောက်ခြင်း​မျှော်လင့်ချက်​အကြောင်းပါ​ရှိသည့် ဘရိုရှာ​တစ်စောင်​ပေး​လိုက်​သည်။ ထို့နောက် လအနည်းငယ်​အကြာ သူနှင့်​အဆက်အသွယ်​မရခဲ့​ချေ။ မာ​ရ်​တီ​န်​သည် ထို​အမျိုးသမီးကို နောက်​တစ်ခါ​တွေ့သော​အခါ သူနှင့်​ကျမ်းစာ​သင်အံမှု​စ​နိုင်​ခဲ့​၏။ ထို​အမျိုးသမီး​၏​ခင်ပွန်း အတိုက်အခံပြု​လုပ်​သည့်​ကြား​မှာ​ပင် သူသည် သက်သေခံ​တစ်ဦး​ဖြစ်လာ​လေ​သည်။

အကျိုး​ဖြစ်ထွန်း​သော အလွတ်သဘော​သက်သေခံခြင်း

ပါရီ​မြို့​၏​လူထု​သယ်ယူ​ပို့ဆောင်​ရေး​စနစ်​သည် ကမ္ဘာ​ပေါ်​တွင် အကောင်းဆုံး​ဖြစ်သည်။ ၎င်း​၏​နာမည်​ကျော်​မြေအောက်​ရထား​သည် နေ့စဉ် ခရီးသည် ၅,၀၀၀,၀၀၀ ကို​သယ်ပို့​ပေး​သည်။ ပါရီ​မြို့​၏​အချက်အချာ​ကျ​သော မြေအောက်​ဘူတာရုံ ရှာ​တ်​လေ လေ​စ် အာလ်​သည် ကမ္ဘာ​ပေါ်​တွင် အကြီးဆုံး​နှင့်​အ​ရှုပ်ထွေး​ဆုံး​နေရာ​ဟု​ဆို​၏။ ထို​တွင် လူ​တို့ကို​တွေ့ဆုံ​ရန် အခွင့်အလမ်း​များစွာ​ရှိသည်။ အလက်​ဇ​န္ဒ​ရား​သည် မြေအောက်​ရထား​နှင့် နေ့စဉ်​အလုပ်​တက်​သည်။ တစ်နေ့​တွင် သူသည် ကုသ​၍​မရ​သည့်​သွေးကင်ဆာ​ရောဂါ​သည် လူငယ်​တစ်ဦး​နှင့် စကားစမြည်​ပြောဆို​ခဲ့​၏။ အလက်​ဇ​န္ဒ​ရား​သည် သူ့ကို ပရဒိသု​မျှော်လင့်ချက်​ဝေစာ​တစ်စောင်​ပေး​ခဲ့​သည်။ ခြောက်​ပတ်​တိုင် ၎င်း​အချိန်၊ ၎င်း​နေရာ၌​ပင် နေ့စဉ်​ကျမ်းစာ​ဆွေးနွေး​ခဲ့​သည်။ ထို့နောက် တစ်နေ့​တွင် ထို​လူ​မလာ​တော့​ချေ။ များ​မကြာမီ သူ၏​ဇနီး​က မိမိ​ခင်ပွန်း​သည် အသည်းအသန်​ဖြစ်နေ​သောကြောင့် ဆေးရုံ​သို့​လာရန် အလက်​ဇ​န္ဒ​ရား​ကို ဖုန်း​ဆက်​အကြောင်းကြား​သည်။ ဝမ်းနည်းစရာမှာ အလက်​ဇ​န္ဒ​ရား အရောက်​နောက်ကျ​သွား​သည်။ ဤ​သူ​သေဆုံး​ပြီး​နောက် သူ၏​ဇနီးသည် ပြင်သစ်​နိုင်ငံ​အနောက်​တောင်ပိုင်း ဘော​ဒိုး​မြို့​သို့ ပြောင်းရွှေ့​သွား​ရာ ထို​တွင် သူ့​ထံ ဒေသခံ​သက်သေခံ​များ လည်ပတ်​ခဲ့​ကြသည်။ နောက်​တစ်နှစ်​အကြာတွင် ထို​မုဆိုးမ​သည် မိမိ​ခင်ပွန်း​ထမြောက်​လာ​ခြင်း​ကို မြင်တွေ့​ရန်​မျှော်လင့်ချက်​ရှိသည့် နှစ်ခြင်း​ခံ​ပြီး​သော​ခရစ်ယာန် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်လာ​သည်ကို ကြားသိ​ရခြင်း​မှာ အလက်​ဇ​န္ဒ​ရား​အတွက် တကယ့်ကို​ဝမ်းသာစရာ​သတင်း​ဖြစ်​ခဲ့​ပါ​သည်!—ယောဟန် ၅:၂၈၊ ၂၉

သက်ကြီး​ပိုင်း​ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​သည် ပါရီ​မြို့မှ ပြင်သစ်​နိုင်ငံ​အလယ်​ရှိ လီမို​ဂျင်းစ်​မြို့​သို့​သွားသော ရထား​တစ်စီးပေါ်​တွင် ရီ​နာ​တာ​နှင့်​စကားပြော​ခဲ့​သည်။ ရီ​နာ​တာ​သည် သူ၏​နေရင်း​နိုင်ငံ​ပိုလန်​တွင် ဘာသာဝါဒ၊ ဟေဗြဲ​စာ​နှင့် ဂရိ​စာ​တို့ကို ငါး​နှစ်​တိုင် သင်ကြား​လေ့လာ​ခဲ့​သော်လည်း ဘုရားသခင်​ကို​ယုံကြည်ခြင်း​မရှိတော့​ချေ။ ယခင်​သုံးလ​က ဘုရားသခင်​ထံ သူ​ဆုတောင်း​ခဲ့​သည်။ ရီ​နာ​တာ​သည် သက်ကြီး​ပိုင်း​ညီအစ်မ​၏​စကား​ကို အမှန်တကယ်​စိတ်ဝင်စားမှု​မရှိ​သော်လည်း ပြန်တွေ့​ဆုံ​လိမ့်​မည်​ဟု မထင်မှတ်​သောကြောင့် မိမိ၏​ဖုန်း​နံပါတ်​ကို​ပေး​လိုက်​သည်။ သို့သော် ထို​ညီအစ်မ​သည် ဇွဲကောင်း​ပြီး များ​မကြာမီ​အချိန်တွင် ရီ​နာ​တာ​ထံ ပြန်လည်ပတ်​ဖြစ်အောင် စီစဉ်​ခဲ့​သည်။ သက်သေခံ​မောင်နှံ​တစ်စုံ​သည် ရီ​နာ​တာ​ထံ​ရောက်ရှိ​သောအခါ ‘သူတို့ ငါ့ကို ဘာတွေ​သင်ပေး​မှာ​လဲ’ ဟု​သူ​စဉ်းစား​ခဲ့​၏။ ရီ​နာ​တာ​သည် ကျမ်းစာ​သင်တန်းတက်​ပြီး​သော်လည်း ကျမ်းစာ​အမှန်တရားကို နှိမ့်ချစွာ​သင်ယူ​လက်ခံခဲ့သည်။ “ဒါဟာ အမှန်တရား​ပဲ​ဆိုတာ​ကို ကျွန်မ​ချက်ချင်း​သဘောပေါက်ခဲ့​တယ်” ဟု​သူ​ပြောပြ​သည်။ ယခု သူသည် အခြားသူများ​အား ကျမ်းစာ​သတင်းတရား​ပြောပြ​ခြင်း​၌ ပျော်ရွှင်​လျက်​ရှိသည်။

မီ​ရှယ်​လ်​သည် ကားမောင်း​သင်တန်းတက်​ခဲ့​သည်။ သူ၏​ကားမောင်း​သင်တန်း​မှ အခြား​ကျောင်းသား​များသည် လက်မထပ်မီ လိင်ဆက်ဆံခြင်း​အကြောင်း ပြောဆို​နေကြ​သည်။ ၎င်းကို မိမိ​မကြိုက်​မနှစ်သက်​ကြောင်း မီ​ရှယ်​ပြောပြ​သည်။ တစ်ပတ်​အကြာတွင် ကားမောင်း​နည်းပြ​ဆရာမ စီ​လ်ဗီ​က “မင်း​က ယေဟောဝါသက်သေ​လား” ဟု​သူ့​အား​မေး​သည်။ မီ​ရှယ်​၏​ကျမ်းစာ​အခြေပြု​ရှုမြင်ချက်​ကို စီ​လ်ဗီ စိတ်စွဲ​မှတ်​ခဲ့​သည်။ ကျမ်းစာ​သင်အံမှု​စတင်​ခဲ့​ပြီး နောက်​တစ်နှစ်​တွင် စီ​လ်ဗီ နှစ်ခြင်း​ခံ​ခဲ့​၏။

ပါရီ​မြို့ရှိ ပန်းခြံ​နှင့်​ဥယျာဉ်​များစွာ​သည် လူ​တို့​နှင့်​စကားစမြည်​ပြောဆို​ရန် လှပ​နှစ်လိုဖွယ်​ဝန်းကျင်​ဖြစ်သည်။ ဇို​ဇ​က်တ်​သည် ခေတ္တ​နားချိန်​ကို အခွင့်ကောင်း​ယူ​ကာ အဘွား​အို​အက်​လဲ​န်​လမ်းလျှောက်နေသည့် ပန်းခြံ​သို့​ရောက်သွား​သည်။ သမ္မာကျမ်းစာ​တွင်​တွေ့ရှိ​ရသည့် အံ့ချီးဖွယ်​ကတိတော်​များ​အကြောင်းကို ဇို​ဇ​က်တ်​ပြောပြ​ခဲ့​သည်။ ကျမ်းစာ​သင်အံမှု​စ​ဖို့ စီစဉ်​ပြီး မကြာမီတွင် အက်​လဲ​န်​သည် နှစ်ခြင်း​ခံသည့်​အဆင့်​အထိ တိုးတက်​ခဲ့​သည်။ ယခု အသက် ၇၄ နှစ်အရွယ်​အက်​လဲ​န်​သည် အလွန်​သီးပွင့်​သော​မှန်မှန်ရှေ့ဆောင်​တစ်ဦး​ဖြစ်နေ​ပြီး ခရစ်ယာန်​အမှန်တရားကို အခြားသူများ​အား ပျော်ရွှင်စွာ ပြောပြ​လျက်​ရှိသည်။

လူမျိုးအပေါင်း​အတွက် အလင်း

ပါရီ​မြို့ရှိ​သက်သေခံ​များသည် စိတ်ဝင်စားဖွယ်​ယဉ်ကျေးမှု​အမျိုးမျိုးကို ပျော်မွေ့​ရန် ရပ်​ဝေး​တိုင်းတစ်ပါး​သို့ ခရီးထွက်​စ​ရာ​မလို​ချေ။ လူဦးရေ ၂၀ ရာခိုင်နှုန်း​နီးပါး​သည် တိုင်းတစ်ပါးသား​များ​ဖြစ်​ကြသည်။ ထို​တွင် ကွဲပြား​သော​ဘာသာ​စကား ၂၅ မျိုး​ခန့်​ဖြင့် ခရစ်ယာန်​အသင်းတော်များ​နှင့် အုပ်စု​များ​ရှိသည်။

ပင်ကိုစွမ်းရည်​နှင့် ဖန်တီးမှု​စွမ်းရည်​တို့သည် ဧဝံဂေလိတရား​ဟောပြောခြင်း​တာဝန်​ကို ထမ်းဆောင်​ရန် ဤ​ထူးခြားသော​ဒေသ​၌ အကျိုး​ရလဒ်ကောင်း​များ ရရှိစေ​သည်။ ဖိလစ်ပိုင်​သက်သေခံ​တစ်ဦး​သည် သူ၏​ကိုယ်ပိုင်​အထူး​ရပ်ကွက်​တစ်ခု​ကို ဖန်တီး​ခဲ့​သည်။ သူသည် ဈေးဝယ်​နေစဉ် စ​တိုး​ဆိုင်​များ​ရှိ အခြား​ဖိလစ်ပိုင်​လူများ​နှင့် မိတ်ဖွဲ့​စကားပြော​ခြင်း​ဖြင့် ကျမ်းစာ​သင်အံမှုများ​စွာ စတင်​နိုင်​ခဲ့​၏။

ကိုယ်တိုင်​အစပြု​ဟောပြောခြင်းသည် အကျိုးနပ်​ပေ​သည်။ ၁၉၉၆၊ ဒီဇင်ဘာ​လ​၌ ကမ္ဘာ​ကျော်​ဆပ်ကပ်​အဖွဲ့​တစ်ဖွဲ့ မိမိတို့​မြို့​သို့ လာရောက်​ဖျော်ဖြေ​မည့်​သတင်းကို ရသောအခါ တိုင်းတစ်ပါး​ဘာသာ​စကားပြော အသင်းတော်​တစ်ခု​မှ သက်သေခံ​များသည် ဖျော်ဖြေ​သူများ​နှင့်​တွေ့ဆုံ​ရန် ကြိုးစား​မည်​ဟု​ဆုံးဖြတ်​ခဲ့​ကြသည်။ ပြပွဲ​ပြီး​နောက် တစ်ည​နေ​ပိုင်း​တွင် ဟိုတယ်​သို့​ပြန်နေ​ကြသော အနုပညာရှင်​များ​အား သူတို့​စကားစမြည်​ပြောဆို​နိုင်​ခဲ့​ကြသည်။ ဤသို့​အစပြု​ဟောပြောခဲ့​ခြင်း​ကြောင့် သမ္မာကျမ်းစာ ၂၈ အုပ်၊ ခရစ်ယာန်​စာအုပ် ၅၉ အုပ်၊ ဘရိုရှာ ၁၃၁ အုပ်​နှင့် မဂ္ဂဇင်း ၂၉၀ ဝေငှ​နိုင်​ခဲ့​သည်။ ထို​မြို့တွင်​သုံး​ပတ်​နေခဲ့​ပြီး​နောက် ကျွမ်းဘား​သ​မား​တစ်ဦး​က “ကျွန်တော် ယေဟောဝါသက်သေ​တစ်ဦး ဘယ်လို​ဖြစ်လာ​နိုင်​မလဲ” ဟု​မေးခဲ့သည်။ နောက်​တစ်ဦး​က “ကျွန်တော့်​နိုင်ငံ​မှာ ကျွန်တော်​ဟောပြော​မယ်” ဟူ၍​ပြောဆို​ခဲ့​သည်။

တွေ့ရှိ​ရန်ဖြစ်​သော ဖုံးကွယ်​နေသည့်​ရတနာများ

ပါရီ​မြို့​သို့​ရောက်လာ​သော ဧည့်သည်​များသည် သူတို့​ကြည့်​သမျှ​နေရာတိုင်း​တွင် ရှေးခေတ်​မှ နှစ်သက်ဖွယ်​ဗိသုကာ​လက်ရာများ​ကို ရှာဖွေ​ကြသည်။ သို့သော် ထို​ထက်​အဖိုးတန်​သော​အရာများ​ကို တွေ့ရှိ​ရ​ဆဲ​ပင်။ အာနီဇာ​သည် သံတမန်​တစ်ဦး​ဖြစ်သူ​ဦးလေး​နှင့် ပြင်သစ်​နိုင်ငံ​သို့​ရောက်ရှိ​လာ​သည်။ သူသည် သမ္မာကျမ်းစာ​ကို အိမ်​၌​မှန်မှန်​ဖတ်ရှု​လေ့​ရှိသည်။ တစ်နေ့ အိမ်​မှ သုတ်​သီ​သုတ်​ပျာ​ထွက်သွား​စဉ် ရှေ့ဆောင်​တစ်ဦး​က သူ့​အား သမ္မာကျမ်းစာ​ကို သင်​စိတ်ချ​နိုင်​သည့်​အကြောင်းရင်း ဝေစာ​တစ်စောင်​ပေး​ခဲ့​သည်။ နောက်​တစ်ပတ် ပြန်တွေ့​ဆုံ​ရန် ချိန်း​လိုက်​ရာ ကျမ်းစာ​သင်အံမှု​စတင်​ခဲ့​သည်။ အာနီဇာ​သည် မိသားစု​ထံ​မှ အတိုက်အခံ​များစွာ​ခံ​ခဲ့​ရသည်။ နှစ်ခြင်း​ခံနိုင်​သည့်​အဆင့်​အထိ သူ၏​လေ့လာမှု​တွင် တိုးတက်လာ​သည်။ အခြားသူများ​အား အမှန်တရား​ပြောပြ​ရမည့်​အခွင့်အရေး​ကို သူ​မည်သို့​ရှုမြင်​သနည်း။ “ကျွန်မ​က ရှက်တတ်​တာ​ကြောင့် ပထမ​ပိုင်း​မှာ ဟောပြောခြင်း​လုပ်ငန်းဟာ မလွယ်​ဘူး။ ဒါပေမဲ့ ကျမ်းစာ​ကို​ဖတ်​တဲ့​အခါ ကျွန်မ​လှုံ့ဆော်​ခံရ​တယ်။ မဟောပြော​ရ​ရင် ကျွန်မ​မနေနိုင်​တော့​ဘူး။” ‘သခင်​ဘုရား​၏​အမှုတော်​၌ အလုပ်များလျက်’ ရှိကြ​သော ပါရီ​မြို့ရှိ​သက်သေခံ​များစွာ​တို့​တွင် ထို​စိတ်ထား​ကို ထူးခြား​စွာ​တွေ့ရှိ​ရသည်။—၁ ကောရိန္သု ၁၅:၅၈

ကျမ်းစာ​အမှန်တရားသည် ပါရီ​မြို့​၏​မြို့စွန်​များ​ရှိ အိမ်ရာ​များ​ထံ​သို့​လည်း ထွန်းလင်း​နေ၍ အခြား “ကျောက်​မျက်​များ” ကို​ဖော်ထုတ်​ပေး​ပါ​သည်။ ဘ​ရု​စ်​သည် ဓာတ်ပြား​အချို့​ငှား​ရန် ယေဟောဝါသက်သေ​ဖြစ်​ခါ​စ သူ၏​သူငယ်ချင်း​ထံ သွား​လည်ပတ်​ခဲ့​သည်။ သူ၏​သူငယ်ချင်း​သည် ဘ​ရု​စ်​၏​အသိ​မိတ်ဆွေ​အချို့​နှင့် ကျမ်းစာ​ဆွေးနွေး​နေသည်​ကို​တွေ့ရှိ​ရာ သူသည်​လည်း နားထောင်​ခဲ့​သည်။ ဘ​ရု​စ်​သည် ကျမ်းစာ​သင်အံမှု​ကို လက်ခံခဲ့​သော်လည်း သူ့မှာ​ပြဿနာ​အချို့​ရှိ​နေသည်။ “ဒီ​ဒေသမှာ ကျွန်တော်​က နာမည်ကြီး​တယ်။ ကျွန်တော့်​အစ်ကို​အကြီးဆုံး​ဆိုရင် အမြဲတမ်း​ရန်ဖြစ်တဲ့​သူ၊ ကျွန်တော်​ကျ​တော့ ဆူညံ​တဲ့​အ​က​ပါတီပွဲ​တွေ စီစဉ်​တဲ့​သူ​ဖြစ်တယ်။ ကျွန်တော်​သက်သေခံ​တစ်ဦး​ဖြစ်လာ​တာ​ကို အခြားသူ​တွေ ဘယ်လို​လက်ခံ​နိုင်​မှာ​လဲ။” ပါတီပွဲ​များ​လုပ်ပေး​ရန် အဆက်မပြတ်​ပူဆာ​ခံ​ခဲ့​ရ​သော်လည်း ထို​အလုပ်​မျိုးကို ဘ​ရု​စ်​မ​လုပ်​တော့​ချေ။ တစ်လ​အကြာတွင် သူသည် စတင်​ဟောပြောခဲ့​ရာ “ကျွန်တော် သက်သေခံ​ဖြစ်လာ​ရတဲ့​အကြောင်းကို ဒီ​ဒေသက​လူတိုင်း​လို​လို သိချင်​ကြတယ်” ဟု​သူ​ပြောပြ​သည်။ မကြာမီ သူ​နှစ်ခြင်း​ခံ​ခဲ့​သည်။ အချိန်တန်သော် သူသည် ခရစ်ယာန်​ဓမ္မ​အမှု​သင်တန်း​ကျောင်း တက်ခွင့်​ရခဲ့​သည်။

ရတနာများ​ရှာဖွေ​ရာ​တွင် အကြီးအကျယ်​အားထုတ်​ရ၏။ သို့သော် ကြိုးစား​အားထုတ်​ရကျိုးနပ်​သောအခါ တကယ့်ကို​ရွှင်လန်း​ရသည်​တကား! ဂျက်​ကီ၊ ဘ​ရူ​နို​နှင့် ဒေ​မီ​ရမ်​တို့သည် ပါရီ​မြို့တွင် မုန့်ဖုတ်သမား​များ​ဖြစ်​ကြသည်။ “ကျွန်တော်​တို့ တစ်ချိန်​လုံး​အလုပ်​ထဲမှာ​ပဲ၊ အိမ်မှာ​ဘယ်တော့မှ​မရှိတဲ့​အတွက် ကျွန်တော့်​တို့ကို​တွေ့​ဖို့​မလွယ်​ဘူး” ဟု​ဂျက်​ကီ​ပြောပြ​သည်။ မှန်မှန်ရှေ့ဆောင်​ဖြစ်သူ ပက်ထရစ်​သည် အဆောက်အဦ​တစ်ခု​၏​အပေါ်​ဆုံး​ထပ်​တွင် အခန်းငယ်​အချို့​ရှိသည်​ကို တွေ့ရှိ​ပြီး​နောက် အနည်းဆုံး​တစ်ခန်း​၌​လူနေ​မည်​ဟု သူ​ခန့်မှန်း​ခဲ့​သည်။ နေ့ခင်းပိုင်း​တစ်ခု​၌ ထို​တွင် ခေတ္တ​တည်းနေ​သည့် ဂျက်​ကီ​နှင့် နောက်ဆုံး​တွင်​တွေ့ဆုံ​ခဲ့​ရာ အခန်း​ရှင်​များ​ကို​တွေ့ရှိ​ရန် သူ၏​မဆုတ်မနစ်​ကြိုးစား​ခဲ့​ခြင်း​သည် အကျိုး​ဖြစ်ထွန်း​ခဲ့​လေ​သည်။ ရလဒ်​ကား​အဘယ်နည်း။ ထို​သူငယ်ချင်း​သုံးဦးသည် သက်သေခံ​များ​ဖြစ်လာ​ကြ​ပြီး သီအိုကရက်တစ်​လုပ်ငန်း​တွင် သူတို့အား ပို​၍​ပါဝင်​နိုင်​စေသည့်​အခြား​အလုပ်ကို ရှာတွေ့ခဲ့​ကြသည်။

လေမုန်တိုင်း​ကို ငြိမ်သက်​စေခြင်း

မကြာသေးမီ​က ပြင်သစ်​နိုင်ငံ​ရှိ လူထု​ဆက်သွယ်ရေး​အချို့​သည် ယေဟောဝါသက်သေ​များ​ကို အန္တရာယ်​ပြုသော ဘာသာရေး​ဂိုဏ်း​တစ်ခု​အဖြစ် ဖော်ပြ​ခဲ့​ကြသည်။ ၁၉၉၆ ခုနှစ်​တွင် သက်သေခံ​များသည် အထူး​သိကောင်းစရာ​ပါ​သည့် ယေဟောဝါသက်သေ​များ—သင်​သိဖို့​လိုအပ်​သည့်​အရာ ဝေစာ​ကို ကိုး​သန်း​ကျော်​ဖြန့်ချိ​ရန် အင်တိုက်အားတိုက်​ကြိုးစား​ခဲ့​ကြသည်။ အမှန်ပင်​အကျိုးရှိ​သော ရလဒ်များ​ရရှိခဲ့​၏။

လူတိုင်း​ထံ ဤ​ဝေစာ​ရောက်ရှိ​ရန် အထူး​ကြိုးစား​အားထုတ်​ခဲ့​ကြသည်။ အရာရှိများ​စွာ​တို့သည် သက်သေခံ​များ​ကို ကျေးဇူး​တင်​ကြောင်း ပြောဆို​ကြသည်။ စည်ပင်​သာယာ​အကြံပေး​ပုဂ္ဂိုလ်​တစ်ဦး​က ဤသို့​စာရေး​အကြောင်းကြား​၏– “ဒီ​ဝေစာ​ကို ယေဟောဝါသက်သေ​တွေ ဖြန့်ချိ​တာ​ကောင်းတယ်။ အမှန်အတိုင်း​သိရတယ်။” ဆရာဝန်​တစ်ဦး​က ဤသို့​ပြောဆို​သည်– “ဒါကို ကျွန်တော်​စောင့်​နေတာ​ကြာပြီ!” ပါရီ​မြို့မှ​လူတစ်ဦး​က “ယေဟောဝါသက်သေ​များ—သင်​သိဖို့​လိုအပ်​သည့်​အရာ ဝေစာ​ကို ကျွန်တော်​အမှတ်မထင်​ဖတ်​လိုက်ရတယ်။ ပို​ပြီး​သိချင်​သေး​တယ်၊ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​ကိုလည်း လက်ခံ​ချင်​တယ်” ဟူ၍ စာရေး​ခဲ့​သည်။ “သင်တို့ရဲ့​ရိုးသား​ဖြောင့်မတ်မှု​ကို ကျေးဇူး​တင်​ပါ​တယ်” ဟု​အခြား​တစ်ဦး​က ရေးခဲ့​သည်။ ကက်သလစ်​အမျိုးသမီး​တစ်ဦး​က သက်သေခံ​များ​အား ဤသို့​ပြော​ခဲ့​သည်– “ဒီ​မုသာ​စကား​တွေ​ကို အခု​မှ ရှင်တို့​ချေပ​လိုက်တာ​ကိုး!”

ပါရီ​မြို့ရှိ သက်သေခံ​လူငယ်များစွာ​အတွက် အထူး​ရွှင်လန်းစရာ​မှာ ၁၉၉၇ ခုနှစ်​၌ ကက်သလစ်​ကမ္ဘာ့​လူငယ်များ​နေ့တွင် ဟောပြောခြင်း​ကင်ပိန်း​ကို စီစဉ်​ပေးခြင်း​ဖြစ်သည်။ အပူချိန်​မှာ ၉၅ ဒီဂရီ​ဖာရင်ဟိုက်​ကျော်​သော်လည်း သက်သေခံ ၂,၅၀၀ ခန့်​ပါဝင်​ခဲ့​ကြ​၏။ ရက်​အနည်းငယ်​အတွင်း​ပင် သူတို့သည် ကမ္ဘာ​အနှံ့အပြား​မှ​လူငယ်များ​အား လူ​ခပ်သိမ်း​အတွက်​စာအုပ်​တစ်အုပ် ဘရိုရှာ ၁၈,၀၀၀ ကို​ဝေငှ​ခဲ့​ကြသည်။ ယေဟောဝါ​၏​နာမတော်​ကို ကောင်းစွာ​သက်သေခံ​ခဲ့​ရပြီး အမှန်တရား​မျိုးစေ့​များ​ကို ကြဲ​နိုင်​ခဲ့​သည့်​အပြင် ဤ​ကင်ပိန်း​သည် သက်သေခံ​လူငယ်​များစွာကို အလွန်​စိတ်အား​ထက်သန်​စေ​ခဲ့​သည်။ အဆိုပါ​အထူး​ကြိုးစား​အားထုတ်မှု​၌ အပြည့်အဝ​ပါဝင်​နိုင်​ရန် မိမိ၏​အားလပ်ရက်​အပန်းဖြေမှု​ကို​လျှော့​လိုက်​သည့် ညီအစ်မ​ငယ်​တစ်ဦး​က ဤသို့​စာရေး​ပို့​သည်– “ယေဟောဝါ​ရဲ့​နာမတော်​ကို​ချီးမွမ်း​ဖို့ မိမိတို့​ခွန်အား​ကို​အသုံးပြု​ကြ​တဲ့ ကိုယ်တော်​ရဲ့​ပျော်ရွှင်​တဲ့​လူတွေ ကမ္ဘာ​မြေကြီး​ပေါ်မှာ​ရှိတယ်။ ဒီလောက်​အကျိုး​ရှိတဲ့ ဒီ​နှစ်​ရက်​ဟာ တစ်သက်တာ​အားလပ်ရက်​ရှိသမျှ​ထက် တကယ်​ကို​အကျိုးနပ်​ခဲ့တယ်! (ဆာလံ ၈၄:၁၀)”

၁၉၉၈၊ ဖေဖော်ဝါရီ ၂၈ ရက်​သည် ဂျာမနီ​နိုင်ငံ​တွင် ယေဟောဝါသက်သေ​များ​ကို ပိတ်ပင်​တားမြစ်​ခဲ့​သည့် ဟစ်တလာ​ထုတ်ပြန်​သော​ရုံး​တော်​အမိန့် ၆၅ ကြိမ်​မြောက်​နှစ်ပတ်လည်​နေ့​ဖြစ်သည်။ ပြင်သစ်​နိုင်ငံ​ရှိ​သက်သေခံ​များသည် ထို​နေ့တွင် ယေဟောဝါ​၏​လူ​တို့​ခံ​ခဲ့​ရသော ညှဉ်းပန်း​နှိပ်စက်မှု​ကို အသေးစိတ်​ဖော်ပြ​သည့် ယေဟောဝါသက်သေ​တို့ နာဇီ​ထိုးနှက်မှု​ကို အခိုင်အမာ​ရပ်တည် ဗီဒီယို​ခွေ​ကို ငှား​ရမ်း​ထား​သည့်​ခန်းမ​များစွာ​တွင် လူထုရှေ့​ပြသ​ခဲ့​ကြသည်။ ဖိတ်စာ​ခု​နစ်​သန်း​ကျော် ဝေ​ခဲ့​သည်။ သမိုင်း​ပညာရှင်​များနှင့် ယခင်​အကျဉ်းသား​ဟောင်း​များ​က စိတ်ထိခိုက်​စ​ရာ​သက်သေခံချက်​များ တင်ပြ​ပြောဆို​ခဲ့​ကြသည်။ ပါရီ​မြို့​ပတ်ဝန်းကျင်​တွင် သက်သေခံ​မဟုတ်​သူများစွာ​အပါအဝင် လူပေါင်း ၅,၀၀၀ နီးပါး​တက်ရောက်​ခဲ့​ကြသည်။

ပါရီ​မြို့ရှိ​လူအများသည် ဝိညာဉ်​ရေး​အလင်း​ကို အလွန်​တန်ဖိုး​ထား​လေးမြတ်​ကြ​ရာ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​များသည် အလင်းဆောင်သူ​များ​အဖြစ် တောက်ပ​စွာ​ထွန်းလင်း​နေကြ​သည်ကို ဝမ်းသာ​အားရ​ကြသည်။ ယေရှု​ဤသို့​မိန့်မြွက်​ခဲ့​သည့်​အတိုင်း​ပင်​ဖြစ်သည်– “စပါး​ရိတ်​စ​ရာ​များစွာ​ရှိ၏။ ရိတ်​သော​သူတို့သည် နည်း​ကြ​၏။” (မဿဲ ၉:၃၇) ပါရီ​မြို့တွင်း​ရှိ ဟောပြောခြင်း​စိန်ခေါ်ချက်​များ​ကို ကျော်လွှား​အောင်မြင်​ရန် ယေဟောဝါသက်သေ​များ​၏ အလျှော့မပေး​သော​စိတ်ဓာတ်​ကြောင့် ယေဟောဝါ​အား​ချီးမွမ်း​ဖို့ အထူး​အဓိပ္ပာယ်​ဖြင့် ထို​မြို့ကို အလင်း​မြို့တော်​ဖြစ်စေ​ခဲ့ပြီ။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မြို့တော်​ခန်းမ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဂါး​နီး​ယား​ဇာတ်ရုံ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

လူ​ဗား​ပြတိုက်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

တွေ့​သမျှ​နေရာတိုင်း​ရှိ အလုပ်များ​သူတို့အား ကျမ်းစာ​သတင်းတရား ဟောပြောနေ​ခြင်း