မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာဗြဟံ—ယုံကြည်ခြင်းစံနမူနာ

အာဗြဟံ—ယုံကြည်ခြင်းစံနမူနာ

အာဗြဟံ—ယုံကြည်ခြင်း​စံနမူနာ

‘အာဗြဟံ​သည် ယုံကြည်ခြင်း​လမ်း​သို့​လိုက်​သော​သူတို့၏​အဘ​ဖြစ်​သတည်း။’—ရောမ ၄:၁၂

၁၊ ၂။ (က) ယနေ့ စစ်မှန်သော​ခရစ်ယာန်​များသည် အာဗြဟံ​ကို အဘယ်​အတွက်​မှတ်မိ​ကြ​သနည်း။ (ခ) အာဗြဟံ​ကို “ယုံကြည်ခြင်း​လမ်း​သို့​လိုက်​သော​သူတို့၏​အဘ” ဟု အဘယ်ကြောင့်​ခေါ်ဆို​သနည်း။

သူသည် အား​ကြီးသော​လူမျိုးတစ်မျိုး​၏ ဘိုးဘေး၊ ပရောဖက်၊ လုပ်ငန်းရှင်၊ ခေါင်းဆောင်​တစ်ဦး​ဖြစ်​ခဲ့​သည်။ သို့​တိုင် သူ၏​မတိမ်းယိမ်း​သော​ယုံကြည်ခြင်း​ကြောင့် ယေဟောဝါ​ဘုရားသခင်​က သူ့​အား အဆွေ​ဟု​ရှုမြင်ခဲ့​ရာ ယနေ့ ခရစ်ယာန်​များသည် ဤ​အရည်အသွေး​အတွက် သူ့ကို​အမှတ်ရ​ဆုံး​ဖြစ်၏။ (ဟေရှာယ ၄၁:၈; ယာကုပ် ၂:၂၃) သူ၏​အမည်​မှာ အာဗြဟံ​ဖြစ်၍ သူ့​အား သမ္မာကျမ်းစာ​က “ယုံကြည်ခြင်း​လမ်း​သို့​လိုက်​သော​သူတို့၏​အဘ” ဟု​ခေါ်ဆို​ထား​သည်။—ရောမ ၄:၁၂

အာဗြဟံ​မတိုင်မီ အာဗေလ၊ ဧနောက်​နှင့် နောဧ အစ​ရှိသူတို့​လည်း ယုံကြည်ခြင်း​မတင်ပြ​ခဲ့​ကြ​ပေ​လော။ တင်ပြ​ခဲ့​ကြသည်​မှန်​သော်လည်း လူမျိုးအပေါင်း​တို့ ကောင်းချီး​မင်္ဂလာ​ခံစားရ​မည့် ပဋိညာဉ်​ကို အာဗြဟံ​နှင့်​ဖွဲ့​ခဲ့​ခြင်း​ဖြစ်၏။ (ကမ္ဘာဦး ၂၂:၁၈) သို့​ဖြစ်၍ ဤ​သူသည် ကတိထားရာ​မျိုးနွယ်တော်​ကို ယုံကြည်​မည့်​သူအား​လုံး​၏ တင်စား​ထားသော​ဖခင်​ဖြစ်လာ​ခဲ့​သည်။ (ဂလာတိ ၃:၈၊ ၉) အာဗြဟံ​ကို ကျွန်ုပ်​တို့၏​ဖခင်​ဟု တစ်နည်း​အားဖြင့် ယူမှတ်​နိုင်၏၊ အကြောင်း​မှာ သူ၏​ယုံကြည်ခြင်း​သည် ကျွန်ုပ်​တို့​အတုယူ​စ​ရာ စံနမူနာ​တစ်ရပ်​ဖြစ်သည်။ သူ၏​အသက်တာ​တစ်လျှောက် စမ်းသပ်မှု​များနှင့် ဆင်းရဲခြင်း​အမျိုးမျိုး​ခံစား​ခဲ့​ရ​ရာ သူ့​ဘဝ​တစ်ခုလုံး​ကို ယုံကြည်ခြင်း​ဖော်ပြချက်​တစ်ရပ်​အဖြစ် ရှုမြင်​နိုင်​သည်။ အမှန်​မှာ သူ့​အတွက် အကြီးမားဆုံး​သော​ယုံကြည်ခြင်း​စမ်းသပ်မှု​ဟု ခေါ်ဆို​နိုင်​သည့် သား​ဣဇာက်​ကို ပူဇော်​ရန်​အမိန့်တော်​မရ​မီ ရှေး​အချိန်​ကတည်းက သေးငယ်သော​စမ်းသပ်မှု​များစွာ​ခံ​ခဲ့​ရ​စဉ် အာဗြဟံ​သည် ယုံကြည်ခြင်း​ရှိကြောင်း သက်သေထူ​ခဲ့​၏။ (ကမ္ဘာဦး ၂၂:၁၊ ၂) အစောပိုင်း ယုံကြည်ခြင်း​စမ်းသပ်ချက်​အချို့​ကို ယခု ဆန်းစစ်​ပြီး ၎င်းတို့သည် ယနေ့ ကျွန်ုပ်​တို့အား အဘယ်​သင်ခန်းစာပေး​ကြောင်း ကြည့်​ကြ​စို့။

ဥရ​မြို့မှ​ထွက်ခွာ​ရန်​အမိန့်တော်

၃။ အာဗြံ​၏​နောက်ခံ​အကြောင်း သမ္မာကျမ်းစာ​က မည်သို့​ဖော်ပြ​သနည်း။

သမ္မာကျမ်းစာ​က ကမ္ဘာဦး ၁၁:၂၆ တွင် ကျွန်ုပ်​တို့ကို အာဗြံ (နောက်ပိုင်း၌ အာဗြဟံ​ဟု​အမည်တွင်​သူ) နှင့် ဤသို့​မိတ်ဆက်​ပေး​သည်– “တေရ​သည် အသက်​ခု​နစ်​ဆယ်​ရှိ​သော် သား​အာဗြံ၊ နာ​ခေါ်၊ ခါရန်​တို့ကို​မြင်​လေ​၏။” အာဗြံ​သည် ဘုရားသခင်​အား ကြောက်ရွံ့​သော ရှေမ​၏​သားစဉ်မြေးဆက်​တစ်ဦး​ဖြစ်သည်။ (ကမ္ဘာဦး ၁၁:၁၀-၂၄) ကမ္ဘာဦး ၁၁:၃၁ အရ အာဗြံ​သည် တစ်ချိန်က ဥဖရတ်​မြစ်​၏​အရှေ့ဘက်​၌ တည်ရှိ​သည့်​မြို့​ဖြစ်သော ကြွယ်ဝ​ချမ်းသာ​သည့် “ခါလဒဲ​ပြည်သား​တို့​နေသော ဥရ​မြို့” တွင် သူ၏​မိသားစု​နှင့်အတူ နေထိုင်ခဲ့​ကြောင်း​သိရ​သည်။ * သို့​ဖြစ်၍ သူသည် တဲ​တွင်​နေထိုင်​သော ခြေသလုံး​အိမ်တိုင်​သွားလာ​သူ​တစ်ဦး​အဖြစ်​မဟုတ်ဘဲ စည်းစိမ်​ဖြင့်​နေထိုင်ခဲ့​ရသော မြို့သား​တစ်ဦး​အဖြစ် ကြီးပြင်း​လာ​၏။ ဥရ​မြို့​၏​ဈေး​များ​တွင် သွင်း​ကုန်ပစ္စည်း​များ​ကို ဝယ်ယူ​နိုင်​ခဲ့​သည်။ ထို​မြို့​၏​လမ်းများ​တစ်လျှောက်​တွင် အိမ်တွင်း​ပိုက်​များ အပြည့်​တပ်ဆင်​ထားသော အခန်း ၁၄ ခန်း​ရှိ ထုံး​ဖြူ​ရော​င်​သုတ်​ထား​သည့် အိမ်ကြီးအိမ်ကောင်း​များ​တွေ့ရှိ​ရသည်။

၄။ (က) စစ်မှန်သော​ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​သူများ​အတွက် ဥရ​မြို့၌ အဘယ်​စိန်ခေါ်ချက်​များ​ရှိ​သနည်း။ (ခ) အာဗြံ​သည် ယေဟောဝါ​၌​ယုံကြည်သူ မည်သို့​ဖြစ်လာ​ခဲ့​သနည်း။

စည်းစိမ်​ချမ်းသာ​တိုးပွား​နိုင်​သည့်​အပြင် ဥရ​မြို့​သည် စစ်မှန်သော​ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​လို​သူ မည်သူ​မဆို​အတွက် တကယ်​ပင်​စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်၏။ ထို​မြို့၌ ရုပ်ပုံ​ကိုးကွယ်​ခြင်း​နှင့် အယူသီးခြင်း​တို့ ပျံ့နှံ့​လျက်​ရှိ၏။ ထို​မြို့​၏​ရှုခင်း​ရှု​ကွက်​တွင် ထင်ရှား​နေသည်​ကား လ-ဘုရား န​န်​နာ​ကို ဂုဏ်တင်​ဆောက်လုပ်​ထားသော ဇိဂု​ရ​တ်​မျှော်စင်​ကြီး​ဖြစ်သည်။ အာဗြံ​သည် ဤ​ညစ်ညမ်း​သော​ဝတ်ပြု​ကိုးကွယ်​မှု​၌​ပါဝင်​ရန် ဖိအားပေး​မှုများ​စွာ​ခံရ​မည်​မှာ ယုံမှားဖွယ်​မရှိ​ချေ၊ ဖြစ်​နိုင်​သည်​မှာ ဆွေမျိုး​အချို့​က​ပင် ဖိအားပေး​ခဲ့​ပေမည်။ ဂျူး​ထုံးတမ်း​စဉ်​လာ​အချို့​အရ အာဗြံ​၏​ဖခင်၊ တေရ​ကိုယ်တိုင်​သည် ရုပ်ပုံများ​ပြုလုပ်​သူ​တစ်ဦး​ဖြစ်၏။ (ယောရှု ၂၄:၂၊ ၁၄၊ ၁၅) မည်သို့​ပင်​ဖြစ်စေ အာဗြံ​သည် ညစ်ညမ်း​သည့် မှားယွင်းသော​ဝတ်ပြု​ကိုးကွယ်​မှု​တွင် ပါဝင်သူ​တစ်ဦး မဟုတ်​ခဲ့​ချေ။ သူ၏​သက်ကြီးရွယ်အို​ဘိုးဘေး ရှေမ​မှာ အသက်ရှင်​ဆဲ​ရှိပြီး စစ်မှန်သော​ဘုရားသခင်​အကြောင်း ပြောဆို​ခဲ့​မည်​မှာ​အမှန်ပင်။ ယင်းကြောင့် အာဗြံ​သည် န​န်​နာ​၌​မဟုတ်ဘဲ ယေဟောဝါ​၌ ယုံကြည်​အားထား​ခဲ့​ခြင်း​တည်း!—ဂလာတိ ၃:၆

ယုံကြည်ခြင်း​စမ်းသပ်ချက်​တစ်ရပ်

၅။ ဥရ​မြို့၌​ရှိနေသေး​စဉ် ဘုရားသခင်​သည် အာဗြံ​ကို အဘယ်​အမိန့်တော်​နှင့် ကတိတော်​ပေး​ခဲ့​သနည်း။

အာဗြံ​၏​ယုံကြည်ခြင်း စမ်းသပ်ခံ​ရဖို့​ရှိ၏။ သူ့​ထံ ဘုရားသခင်​ထင်ရှား​ခဲ့​ပြီး ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်၏​ပြည်​နှင့်​တကွ အမျိုးသားချင်း​ပေါက်​ဖော်​များ​ထဲ​က​ထွက်​ပြီး​လျှင် ငါ​ပြ​လတ္တံ့​သော​ပြည်​သို့​သွားလော့။ ငါသည် သင့်ကို​လူမျိုး​ကြီး​ဖြစ်စေ​မည်။ ငါ​ကောင်းချီး​ပေး​၍ သင်၏​နာမကို​ကြီးမြတ်​စေမည်။ သင်သည် ကောင်းချီး​ခံရ​သော​သူ​ဖြစ်​လိမ့်​မည်။ သင့်ကို​ကောင်းချီး​ပေး​သော​သူကို ငါ​ကောင်းချီး​ပေး​မည်။ သင့်ကို​ကျိန်ဆဲ​သော​သူကို ငါ​ကျိန်ဆဲ​မည်။ သင့်​အားဖြင့်လည်း လူမျိုးအပေါင်း​တို့သည် ကောင်းချီး​မင်္ဂလာ​ကို​ခံရ​ကြလိမ့်မည်။”—ကမ္ဘာဦး ၁၂:၁-၃; တမန်​တော် ၇:၂၊ ၃

၆။ ဥရ​မြို့မှ​ထွက်ခွာ​ရန် အာဗြံ​၌ စစ်မှန်သော​ယုံကြည်ခြင်း​ရှိဖို့ အဘယ်ကြောင့်​လိုအပ်​ခဲ့​သနည်း။

အာဗြံ​မှာ အသက်အရွယ်​အိုမင်း​ပြီး ကလေး​မရှိ​ချေ။ သူ မည်သို့ “လူမျိုး​ကြီး” ဖြစ်လာ​နိုင်​မည်​နည်း။ ထို့​အပြင် သူ​သွားဖို့ အမိန့်​ရသည့်​ပြည်​ကား အဘယ်​မှာ​နည်း။ ထို​အချိန်၌ သူ့ကို ဘုရားသခင်​မပြောပြ​ခဲ့​သေး​ချေ။ သို့​ဖြစ်သော​ကြောင့် ချမ်းသာ​ကြွယ်ဝသော​ဥရ​မြို့​နှင့် ၎င်း​၏​စည်းစိမ်​အားလုံး​ကို အာဗြံ​စွန့်လွှတ်​၍ ထွက်ခွာ​သွား​ရန် သူ့မှာ စစ်မှန်သော​ယုံကြည်ခြင်း​ရှိ​ရမည်။ မိသားစု၊ မေတ္တာ​နှင့် သမ္မာကျမ်းစာ​စာအုပ်​က ရှေး​အချိန်​နှင့်​ပတ်သက်​၍ ဤသို့​ဖော်ပြ​ထား​သည်– “ကြီး​လေး​သော​အပြစ်​ကျူးလွန်​သူ မိသားစုဝင်​တစ်ဦး​အား ပေး​သည့် အကြီးမားဆုံး​ပြစ်ဒဏ်​မှာ သူ့​အား ‘မိသားစုဝင်​တစ်ဦး​အဖြစ်’ မှ​စွန့်လွှတ်​လိုက်ခြင်း​ဖြစ်သည်။ . . . ယင်း​ကြောင်း အာဗြဟံ သည် ဘုရားသခင်​၏​အမိန့်တော်ကို လိုက်လျှောက်​၍ မိမိ၏​နိုင်ငံ​ကို​သာမက မိမိ၏​ဆွေမျိုးသားချင်း​များ​ကို​ပါ စွန့်​ခြင်း​မှာ ဘုရားသခင်​အား​ပုံအပ်​၍ ယုံကြည်​ကိုးစား​ပြီး နာခံခြင်း​ကို ထူးခြား​စွာ​ဖော်ပြခြင်း​ဖြစ်သည်။”

၇။ ယနေ့ ခရစ်ယာန်​များသည် အာဗြံ​ကဲ့သို့​သော စမ်းသပ်မှု​များ​ကို မည်သို့​တွေ့ကြုံ​နိုင်​ကြ​မည်​နည်း။

ယနေ့ ခရစ်ယာန်​တို့သည် အလားတူ​စမ်းသပ်မှု​များ ရင်ဆိုင်​ကြ​ရ​ပေမည်။ အာဗြံ​နည်းတူ ကျွန်ုပ်​တို့သည် သီအိုကရက်တစ်​ရေးရာ​များ​ထက် စည်းစိမ်ဥစ္စာ​ကို ဦးစား​ထား​ရန် ဖိအား​ပေး​ခံရ​ပေမည်။ (၁ ယောဟန် ၂:၁၆) မသန့်ရှင်း​သော​ပေါင်းသင်း​ဆက်ဆံမှု​ပြု​ရန် သွေးဆောင်ဖို့ ကြိုးစား​မည့် နှင်ထုတ်​ထားသော ဆွေမျိုး​များ​အပါအဝင် မိသားစု​ထဲ​ရှိ မယုံကြည်​သူများ​ထံ​မှ အတိုက်အခံပြု​မှု​ကို ကျွန်ုပ်​တို့​ကြုံတွေ့​ရ​ပေမည်။ (မဿဲ ၁၀:၃၄-၃၆; ၁ ကောရိန္သု ၅:၁၁-၁၃၊ ၁၅:၃၃) အာဗြံ​သည် ကျွန်ုပ်​တို့အတွက် ပုံသက်သေ​ကောင်း​ဖြစ်၏။ သူသည် မိသားစု​နှောင်ကြိုး​များ​အပါအဝင် အရာ​ရာ​ထက် ယေဟောဝါ​နှင့်​အဆွေ​ဖွဲ့​ခြင်း​ကို ဦးစား​ထားခဲ့​သည်။ ဘုရားသခင့်​ကတိတော်​များသည် မည်သည့်​အချိန်၌ မည်သို့​နှင့် မည်သည့်​နေရာတွင် ပြည့်စုံ​လိမ့်​မည်​ကို သူ​အတိအကျ​မသိ​ခဲ့​ချေ။ သို့​တိုင် ထို​ကတိတော်​များ​ကို သူ​ယုံကြည်​စိတ်ချ​သည့်​အတွက် သူ၏​အသက်ကို​ပင်​ပေးဖို့ အသင့်​ရှိခဲ့​၏။ ယနေ့ ကျွန်ုပ်​တို့​ကိုယ်တိုင်​၏​ဘဝ​အသက်တာ​၌ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​ရန် ယင်းသည် တကယ်​ကောင်းမွန်သော အားပေးမှု​ပါ​တကား!—မဿဲ ၆:၃၃

၈။ အာဗြံ​၏​ယုံကြည်ခြင်းက သူ၏​မိသားစု​အရင်းအချာများ​အပေါ် အဘယ်​အကျိုး​သက်ရောက်​ခဲ့​သနည်း၊ ယင်း​မှ ခရစ်ယာန်​များ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

အာဗြံ​၏​မိသားစု​အရင်းအချာများ​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ ဖြစ်တန်ရာ​မှာ အာဗြံ​၏​ယုံကြည်​စိတ်ချမှု​က သူတို့​အပေါ် အထင်အရှား​အကျိုး​သက်ရောက်​ခဲ့​၏၊ အကြောင်း​မှာ သူ၏​ဇနီး​စာရဲ​နှင့် မိဘမဲ့​တူ လောတ​တို့သည် ဘုရားသခင်​၏​အမိန့်​ကို နာခံ​၍ ဥရ​မြို့မှ​ထွက်ခွာ​ရန် လှုံ့ဆော်​ခံ​ခဲ့​ကြ​ရ၏။ အာဗြံ​၏​အစ်ကို နာ​ခေါ်​နှင့် သူ၏​သားမြေး​အချို့​သည်လည်း နောက်ပိုင်း​တွင် ဥရ​မြို့မှ​ထွက်ခွာ​၍ ခါရန်​မြို့တွင်​နေထိုင်​ကာ ယေဟောဝါ​ကိုကိုး​ကွယ်​ခဲ့​ကြသည်။ (ကမ္ဘာဦး ၂၄:၁-၄၊ ၁၀၊ ၃၁; ၂၇:၄၃; ၂၉:၄၊ ၅) စဉ်းစား​ကြည့်​ပါ၊ အာဗြံ​၏​ဖခင် တေရ​ပင် သား​ဖြစ်သူ​နှင့်အတူ​ထွက်ခွာ​ရန် သဘောတူခဲ့​သည်​တကား! သို့​ဖြစ်၍ သမ္မာကျမ်းစာ​က ခါ​နာ​န်​ပြည်​သို့​ရွှေ့​ပြောင်း​ရာ​၌ မိသားစု​၏​ဦးခေါင်း​အဖြစ် သူ့ကို ဂုဏ်တင်​ခဲ့​ခြင်း​ဖြစ်သည်။ (ကမ္ဘာဦး ၁၁:၃၁) ကျွန်ုပ်​တို့​လည်း ဆွေမျိုး​တို့ကို လိမ္မာ​ပါးနပ်​စွာ သက်သေခံ​ကြ​မည်​ဆိုလျှင် ထပ်တူ​အောင်မြင်မှု​မျိုး ရနိုင်​ကောင်း​ပေ​စွ။

၉။ အာဗြံ​သည် မိမိ၏​ခရီးစဉ်​အတွက် အဘယ်​ပြင်ဆင်မှု​များ ပြုလုပ်​ခဲ့​ရသနည်း၊ သို့​ပြု​ရာ​တွင် အနစ်နာခံ​ခဲ့​ရ​မှု အဘယ်ကြောင့်​ရှိ​နိုင်​သနည်း။

အာဗြံ​သည် ခရီး​မထွက်မီ လုပ်ကိုင်​စ​ရာ​များစွာ​ရှိ၏။ သူ​ပိုင်​မြေယာ​များနှင့် ပစ္စည်းဥစ္စာ​ကို​ရောင်းချ​ပြီး တဲ​များ၊ ကုလားအုတ်​များ၊ အစားအစာ​နှင့် အခြား​လိုအပ်ရာ​များ​ကို ဝယ်ခြမ်း​ရ​ပေမည်။ ဤသို့ ကတိုက်ကရိုက်​ပြုလုပ်​စီစဉ်​ရသော​ကြောင့် အာဗြံ​သည် ငွေကြေး​အရ ဆုံးရှုံး​မည်​ဖြစ်သော်လည်း ယေဟောဝါ​စကား​ကို နားထောင်​ရန် နှစ်ထောင်း​အားရခဲ့​သည်။ အားလုံး​ကို​ပြင်ဆင်​ပြီး​၍ အာဗြံ​၏​ကုလားအုတ်​ယာဉ်​တန်း​သည် ဥရ​မြို့ပြင်​တွင် ခရီးထွက်​ရန်​အသင့်ရှိနေ​သော​နေ့​သည် အထူး​အရေးပါသော​နေ့​တစ်နေ့ ဖြစ်​ခဲ့​မည်​ပါ​တကား! ထို​ယာဉ်​တန်း​သည် ဥဖရတ်​မြစ်​ကွေ့ဝိုက်​သည့်​အတိုင်း အနောက်​မြောက်ဘက်​သို့ ခရီးနှင်​ခဲ့​သည်။ ခရီးနှင်​ပြီး ရက်သတ္တပတ်​များစွာ​အကြာ မိုင် ၆၀၀ ခန့်​ခရီး​ပေါက်​လာ​ရာ ကုလားအုတ်​ယာဉ်​တန်း​များ စခန်းချ​ရာ​မြို့ကြီး​တစ်မြို့​ဖြစ်သော မက်ဆိုပိုတေးမီးယား​မြောက်ဘက် ခါရန်​မြို့​သို့ ဆိုက်ရောက်​လာ​ခဲ့​ကြသည်။

၁၀၊ ၁၁။ (က) အာဗြံ​သည် ခါရန်​မြို့တွင် အဘယ်ကြောင့် အချိန်​အတန်ကြာ ဆက်လက်​နေထိုင်​ရ​ဖွယ်​ရှိ​သနည်း။ (ခ) သက်ကြီးရွယ်အို​မိဘများ​ကို ပြုစု​စောင့်ရှောက်​နေကြ​ရသော ခရစ်ယာန်​များ​အတွက် အဘယ်​အားပေးချက်​ဖြစ်​နိုင်​သနည်း။

၁၀ အာဗြံ​သည် သက်ကြီးရွယ်အို​ဖခင်​တေရ​ကို ထောက်စာ​ပြီး ခါရန်​မြို့၌ အခြေချ​ခဲ့​ပုံ​ရှိသည်။ (ဝတ်ပြုရာ ၁၉:၃၂) အလားတူ ယနေ့ ခရစ်ယာန်​များစွာ​သည် သက်ကြီးရွယ်အို သို့​မဟုတ် ဖျားနာ​နေသော​မိဘများ​ကို ပြုစု​ခွင့်​ရ​ကြ​ပြီး ယင်း​သို့​ပြုစုပေး​ရန် အချို့​တို့သည် အနည်းငယ်​ပြုပြင်​ပြောင်းလဲ​ခဲ့​ကြ​ရသည်။ ထိုသို့​ပြုလုပ်​ရန်လို​အပ်​လာသော​အခါ သို့​ပြုသူ​တို့၏​မေတ္တာပါ​သော​အနစ်နာခံ​မှုများ​ကို “ဘုရားသခင်​နှစ်သက်​တော်​မူ​ကြောင်း” ယုံကြည်​စိတ်ချ​နိုင်​ကြ​ပါ​သည်။—၁ တိမောသေ ၅:၄

၁၁ အချိန်​များ​ကုန်လွန်​ခဲ့​သည်။ “တေရ​သည် အသက်​နှစ်ပေါင်း နှစ်​ရာ​ငါး​နှစ်​ရှိ​သော် ခါရန်​မြို့၌​သေ​လေ​၏။” ဤ​ဆုံးပါးမှု​ကြောင့် အာဗြံ ဝမ်းနည်း​ကြေကွဲ​ခဲ့​သည်​ကား အမှန်ပင်၊ သို့သော် ဝမ်းနည်းပူဆွေး​ရာ​ကာလ​ကုန်ဆုံး​သောအခါ ခါရန်​မြို့မှ ချက်ချင်း​ထွက်ခွာ​ခဲ့​သည်။ “အာဗြံ​သည် ခါရန်​မြို့မှ​ထွက်သွား​သောအခါ အသက်​ခု​နစ်​ဆယ့်ငါး​နှစ်​ရှိ၏။ အာဗြံ​သည် မယား​စာရဲ အစ်ကို​သား​လောတ​နှင့် ဥစ္စာ​ရ​တတ်​သမျှ​ကိုလည်း​ကောင်း၊ ခါရန်​မြို့၌​ရသော​လူ​တို့ကို​လည်းကောင်း ယူပြီး​လျှင် ခါ​နာ​န်​ပြည်​သို့​ရောက်​ခြင်း​ငှာ ထွက်သွား . . . ၏။”—ကမ္ဘာဦး ၁၁:၃၂; ၁၂:၄၊ ၅

၁၂။ ခါရန်​မြို့၌​နေထိုင်​စဉ် အာဗြံ အဘယ်အရာ​ပြုလုပ်​ခဲ့​သနည်း။

၁၂ ခါရန်​မြို့၌​နေစဉ် အာဗြံ​သည် ‘ဥစ္စာ​များ​ကို​စုဆောင်း’ ခဲ့​ခြင်း​မှာ စိတ်ဝင်စားစရာ​ဖြစ်သည်။ ဥရ​မြို့မှ ထွက်ခွာ​ရန် စည်းစိမ်ဥစ္စာ​များ​စွန့်လွှတ်​ခဲ့​ရ​သော်လည်း အာဗြံ​သည် ခါရန်​မြို့မှ သူဌေး​သူကြွယ်​တစ်ဦး​အဖြစ် ထွက်ခွာ​လာ​ခဲ့​ပါ​သည်။ ယင်းသည် ဘုရားသခင်​၏​ကောင်းချီး​ကြောင့်​ပင်​ဖြစ်​ကြောင်း ထင်ရှား​သည်။ (ဒေ. ၅:၁၉) ယနေ့ မိမိ၏​လူအားလုံးကို ကြွယ်ဝ​ချမ်းသာ​စေမည်​ဟု ဘုရားသခင်​ကတိ​မပေး​သော်လည်း ဘုရားသခင့်​နိုင်ငံတော်​အတွက် ‘အိမ်၊ ညီအစ်ကို​မောင်နှမ​တို့ကို​စွန့်’ သော​သူများ​၏ လိုအပ်ရာ​ကို​ဖြည့်စွက်​ပေး​မည်​ဟု ကတိ​ရှိ​တော်​မူ​သည်​အတိုင်း​ပြု​၏။ (မာကု ၁၀:၂၉၊ ၃၀) အာဗြံ​သည် ‘လူ​တို့ကို​လည်း​ရ၏၊’ ဆိုလို​သည်​ကား ကျေးကျွန်​များစွာ​ရှိ​ခြင်း​ဖြစ်သည်။ ယေရုရှလင်​တာဂွန်​ကျမ်း​နှင့် ခါလဒဲ​စကားပြေ​ကျမ်း​တို့​က အာဗြံ​သည် ‘ဘာသာ​ပြောင်း​ဝင်လာ​စေ​ခဲ့​သည်’ ဟု​ဆို​၏။ (ကမ္ဘာဦး ၁၈:၁၉) သင်၏​ယုံကြည်ခြင်းက သင့်​အိမ်နီးချင်း၊ သင့်​လုပ်ဖော်ဆောင်ဖက်၊ သို့​မဟုတ် သင့်​ကျောင်းနေ​ဖက်​တို့ကို ဟောပြောရန် လှုံ့ဆော်ပေး​ပါသလော။ အာဗြံ​သည် ခါရန်​မြို့တွင် အခြေချ​ပြီး ဘုရားသခင့်​မိန့်မှာချက်ကို မေ့လျော့​သွား​မည့်​အစား ထို​မြို့တွင်​ရှိ​နေချိန်​ကို အကျိုးရှိရှိ​အသုံးပြု​ခဲ့​သည်။ သို့သော် ယခု ထို​တွင်​နေထိုင်​ရချိန် ကုန်ပြီ​ဖြစ်သည်။ ‘ထို​အခါ ထာဝရ​ဘုရား​မိန့်တော်မူသည်​အတိုင်း အာဗြံ​ထွက်သွား​၏။’—ကမ္ဘာဦး ၁၂:၄

ဥဖရတ်​မြစ်ကို​ဖြတ်ကူး​ခြင်း

၁၃။ အဘယ်​အချိန်တွင် ဥဖရတ်​မြစ်ကို အာဗြံ​ဖြတ်ကူး​ခဲ့​သနည်း၊ ဤ​လုပ်ရပ်​၏ အရေးပါ​ချက်​ကား အဘယ်နည်း။

၁၃ ထပ်မံ​၍ အာဗြံ​ခရီးဆက်​ခဲ့​ရသည်။ သူ၏​ယာဉ်​တန်း​သည် ခါရန်​မြို့မှ​ထွက်ခွာ​၍ အနောက်ဘက်​သို့ ဦးတည်​သွားခဲ့​ရာ ၅၅ မိုင်​ခန့်​ခရီး​သို့​ရောက်​လေ​သည်။ အာဗြံ​သည် ဥဖရတ်​မြစ်​တစ်ဖက် ရှေး​အချိန်​က ကုန်သွယ်​ရေး အချက်အချာ​မြို့​ဖြစ်သည့် ခါခေမိတ်​မြို့​နှင့်​မျက်နှာ​ချင်း​ဆိုင်​အရပ်၌ စ​တည်း​ချ​ခဲ့​ပေမည်။ ဤ​နေရာ​သည် လှည်း​တန်း​များ​ဖြတ်သန်း​ခဲ့​ရာ အဓိက​နေရာတစ်ခု​ဖြစ်၏။ * အဆိုပါ​မြစ်ကို အာဗြံ​၏​လှည်း​ယာဉ်​တန်း ဖြတ်သန်း​ခြင်း​သည် မည်သည့်​နေ့ရက်​တွင် ဖြစ်​ခဲ့​သနည်း။ ဘီ.စီ.အီး. ၁၅၁၃၊ နိသန်လ ၁၄ ရက်​နေ့တွင် အီဂျစ်​ပြည်​မှ ဂျူး​လူမျိုး ထွက်​မလာ​မီ နှစ်ပေါင်း ၄၃၀ က​ဖြစ်ပျက်​ခဲ့​သည်​ဟု သမ္မာကျမ်းစာ​ဖော်ပြ​သည်။ ထွက်မြောက်ရာ ၁၂:၄၁ က​ဤသို့​ဆို​သည်– “အနှစ်​လေး​ရာ့​သုံး​ဆယ်​စေ့​သော​နေ့​ချင်း​တွင် ထာဝရ​ဘုရား​၏​ဗိုလ်ခြေ​အပေါင်းတို့သည် အဲဂုတ္တု​ပြည်​မှ​ထွက်သွား​ကြ​၏။” ယင်းကြောင့် အာဗြဟံ​၏​ပဋိညာဉ်​သည် ဥဖရတ်​မြစ်ကို အာဗြံ​နာခံမှု​ရှိ​စွာ​ဖြတ်ကူး​ခဲ့​သော ဘီ.စီ.အီး. ၁၉၄၃၊ နိသန်လ ၁၄ ရက်​နေ့တွင် စတင်​အတည်ပြုခဲ့​ကြောင်း ထင်ရှား​သည်။

၁၄။ (က) အာဗြံ​သည် သူ၏​ယုံကြည်ခြင်း​မျက်စိဖြင့် အဘယ်အရာကို​တွေ့မြင်​နိုင်​ခဲ့​သနည်း။ (ခ) ယနေ့ ယေဟောဝါ​၏​လူတို့သည် အဘယ်​သဘော​မျိုး​ဖြင့် အာဗြံ​ထက် သာ၍​ကောင်းချီး​ရသနည်း။

၁၄ အာဗြံ​သည် ကြွယ်ဝ​ချမ်းသာ​သော​မြို့ကို ကျောခိုင်း​ခဲ့​သည်။ သို့​တိုင် ယခု သူသည် လူသား​တို့​အပေါ် ဖြောင့်မတ်​သော​အစိုးရ​တစ်ခု​ဖြစ်သည့် “ခိုင်ခံ့​မြဲမြံ​သော​မြို့ကို” မြင်ယောင်​နိုင်၏။ (ဟေဗြဲ ၁၁:၁၀) မှန်ပါသည်၊ သိထား​သည့် အချက်အလက်​အနည်းငယ်​ဖြင့်​ပင် အာဗြံ​သည် သေမျိုး​ဖြစ်သော​လူသား​တို့ကို ရွေးနုတ်​ရန် ဘုရားသခင့်​ရည်ရွယ်တော်မူချက်​၏ အကြမ်းဖျင်း​အစီအစဉ်ကို သဘောပေါက်​နေသည်။ ယနေ့ ကျွန်ုပ်​တို့သည် အာဗြံ​ထက် ဘုရားသခင့်​ရည်ရွယ်တော်မူချက်​များ​ကို ပိုမို​သဘောပေါက်​နားလည်​နိုင်​သည့် ကောင်းချီး​ကို​ခံစား​ကြ​ရသည်။ (သု. ၄:၁၈) အာဗြံ​မျှော်လင့်​ခဲ့​သော အဆိုပါ “မြို့” သို့​မဟုတ် ဘုရားသခင့်​နိုင်ငံတော်​အစိုးရ​သည် ယခု ကောင်းကင်​၌ ၁၉၁၄ ခုနှစ်​ကတည်းက အမှန်တကယ်​တည်ထောင်​နေပြီ။ သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် ယေဟောဝါ​အား​ယုံကြည်​ကိုးစား​ကြောင်း ဖော်ပြ​ရန် လှုံ့ဆော်​မခံ​သင့်​ပေ​လော။

ကတိထားရာပြည်​၌ ဧည့်သည်​အာဂန္တု​အဖြစ် စတင်​နေထိုင်ခြင်း

၁၅၊ ၁၆။ (က) ယေဟောဝါ​အတွက် ယဇ်​ပလ္လင်​တည်ဆောက်​ရန် အာဗြံ​၌ အဘယ်ကြောင့် ရဲစွမ်းသတ္တိ​လိုအပ်​ခဲ့​သနည်း။ (ခ) ယနေ့ ခရစ်ယာန်​များသည် အာဗြံ​ကဲ့သို့ မည်သို့​ရဲစွမ်းသတ္တိ​ရှိ​နိုင်​ကြ​သနည်း။

၁၅ ကမ္ဘာဦး ၁၂:၅၊ ၆ က ဤသို့​ဆို​သည်– “ထို​ပြည်​သို့​ရောက်​ကြ​၏။ အာဗြံ​သည် ထို​ပြည်​ကို​လျှောက်​သွား​၍ ရှိ​ခင်​အရပ်၊ မော​ရေ​သပိတ်ပင်​သို့​ရောက်​လေ​၏။” ရှိ​ခင်​အရပ်​သည် ယေရုရှလင်​၏​မြောက်ဘက်​မိုင် ၃၀ အကွာ​တွင်​ရှိ၍ “သန့်ရှင်းသော​ပြည်တော်​၏​ပရဒိသု” ဟု​ဖော်ပြ​ခံရ​သည့် မြေ​သြဇာ​ကောင်းသော ချိုင့်ဝှမ်း​တွင်​တည်ရှိ​သည်။ သို့သော် ‘ထို​အချိန်​က ခါ​နာ​န်​အမျိုးသား​တို့သည် ထို​ပြည်​၌​ရှိကြ​၏။’ ခါ​နာ​န်​အမျိုးသား​တို့သည် အလွန်​အကျင့်ပျက်​ပြား​ဆိုးရွား​ကြသော​ကြောင့် မိမိ၏​မိသားစုကို သူတို့၏​ယိုယွင်းသော​သြဇာ​မှ ကာကွယ်​ပေး​ရန် အာဗြံ​ကြိုးစား​အားထုတ်​ခဲ့​ရ​ပေမည်။—ထွက်မြောက်ရာ ၃၄:၁၁-၁၆

၁၆ ယခု ယေဟောဝါ​သည် ဒုတိယ​အကြိမ် “အာဗြံ​အား​ထင်ရှား​၍ ‘ဤ​ပြည်​ကို​သင်၏​အမျိုးအနွယ်​အား ငါ​ပေး​မည်’ ဟု​မိန့်တော်မူ၏။” အမှန်တကယ် စိတ်​လှုပ်ရှား​စ​ရာ​ပင်! အာဗြံ​၏​အနာဂတ်​မျိုးဆက်​တို့​သာ ပျော်မွေ့​ရ​လိမ့်​မည်​အရာ​အတွက် သူ​ရွှင်လန်း​ရန် အာဗြံ​၌ တကယ်​ယုံကြည်ခြင်း​ရှိဖို့ အမှန်​လိုအပ်​သည်။ သို့​တိုင် တုံ့ပြန်​သည့်​အနေ​ဖြင့် အာဗြံ​သည် “ထာဝရ​ဘုရား​ဖို့ ထို​အရပ်၌ ယဇ်ပလ္လင်ကို​တည်​လေ​၏။” (ကမ္ဘာဦး ၁၂:၇) ကျမ်း​ပညာရှင်​တစ်ဦး​က ဤသို့​အကြံပြု​သည်– “ပြည်​တွင် ယဇ်​ပလ္လင်​တည်ဆောက်​လိုက်ခြင်း​သည် အမှန်​တွင် သူ၏​ယုံကြည်ခြင်း​ကြောင့် ပိုင်ဆိုင်ခွင့်​ရခဲ့​ခြင်း​အပေါ်​အခြေခံ​၍ အဆိုပါ​မြေ​ကို တရားဝင်​နည်းလမ်း​အရ ရယူခြင်း​ဖြစ်သည်။” ယဇ်​ပလ္လင်တစ်ခု​ကို ဤသို့​တည်ဆောက်​လိုက်ခြင်း​သည် သတ္တိ​ရှိသော​လုပ်ရပ်​တစ်ခု​လည်း​ဖြစ်သည်။ ဤ​ယဇ်​ပလ္လင်​သည် (မ​ထွင်း​မ​ဆစ်​ထားသော) သဘာဝ​ကျောက်​များ​ဖြင့်​တည်ဆောက်​သည့် နောက်ပိုင်း​တွင် ပညတ်ပဋိညာဉ်​၌ သတ်သတ်မှတ်မှတ်​ဖော်ပြ​ထားသော ယဇ်​ပလ္လင်​အမျိုးအစား​ဖြစ်​ခဲ့​သည်​မှာ သေချာ​သည်။ (ထွက်မြောက်ရာ ၂၀:၂၄၊ ၂၅) ယင်းသည် ခါ​နာ​န်​ပြည်သား​တို့ အသုံးပြု​ခဲ့​ကြသော ယဇ်​ပလ္လင်​များနှင့်​မတူ၊ တစ်မူထူး​ခြား​ပေ​လိမ့်​မည်။ ဤနည်းဖြင့် အာဗြံ​သည် စစ်မှန်သော​ဘုရားသခင်၊ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူ​တစ်ဦး​အဖြစ် လူအများရှေ့ ရဲရင့်စွာ​ဖော်ပြ​လိုက်​ရာ မိမိ​အား မလို​တ​မာ​ဖြစ်စေ​ခြင်း​နှင့် ဘေးအန္တရာယ်​ရှိစေပါ​သည်။ ယနေ့ ကျွန်ုပ်​တို့​ကော အသို့နည်း။ ကျွန်ုပ်​တို့​ထဲ​မှ​အချို့—အထူးသဖြင့် လူငယ်များ—သည် ယေဟောဝါ​အား ကျွန်ုပ်​တို့​ဝတ်ပြု​ကိုးကွယ်​ကြောင်း အိမ်နီးချင်း​များ သို့​မဟုတ် ကျောင်းနေ​ဖက်​များ​ကို အသိ​မပေး​ဘဲ​နေကြပါ​သလော။ အာဗြံ​၏​ရဲစွမ်းသတ္တိ​ရှိသော ပုံ​နမူနာ​က ယေဟောဝါ​၏​ကျေးကျွန်​များ​ဖြစ်​ခြင်း​ကို ဂုဏ်ယူ​တတ်​ရန် ကျွန်ုပ်​တို့အားလုံး​ကို အားပေးမှု​ဖြစ်ပါ​လေ​စေ!

၁၇။ အာဗြံ​သည် ဘုရားသခင့်​နာမတော်​ကို​ဟောပြောသူ​ဖြစ်​ကြောင်း မည်သို့​သက်သေထူ​ခဲ့​သနည်း၊ ယင်းက ယနေ့ ခရစ်ယာန်​များ​အား အဘယ်အရာကို​သတိပေး​သနည်း။

၁၇ မည်သည့်​နေရာသို့​မဆို အာဗြံ​ရောက်သွား​ပါစေ ယေဟောဝါ​၏​ဝတ်ပြု​ကိုးကွယ်​မှု​သည် အမြဲ​ပင်​ဦးစားထားရာ​ဖြစ်​ခဲ့​၏။ “ထို​အရပ်မှ​သွား​ပြန်၍ ဗေသလ​မြို့​အရှေ့​၌​ရှိသော တောင်​သို့​ပြောင်း​သဖြင့် ဗေသလ​မြို့​အရှေ့ အာဣ​မြို့​အနောက်​စပ်ကြား​မှာ တဲ​ကို​ဆောက်​၍ ထာဝရ​ဘုရား​ဖို့​ယဇ်ပလ္လင်ကို​တည်​ပြီး​လျှင် ထာဝရ​ဘုရား​၏​နာမတော်​ကို [ခေါ်​လေ] ၏။” (ကမ္ဘာဦး ၁၂:၈) ‘နာမတော်​ကို​ခေါ်​၏’ ဟူသော​ဟေဗြဲ​စကားစု​သည် “နာမတော်​ကို​ကြွေးကြော် (ကြေညာ) ၏” ဟူ၍လည်း အဓိပ္ပာယ်​ရောက်​သည်။ အာဗြံ​သည် ပတ်ဝန်းကျင်​တွင်​နေထိုင်သူ ခါ​နာ​န်​လူမျိုး​တို့အား ယေဟောဝါ​၏​နာမတော်​ကို ရဲရင့်စွာ​ကြွေးကြော်​ခဲ့​မည်​ကား​အမှန်ပင်။ (ကမ္ဘာဦး ၁၄:၂၂-၂၄) ယနေ့ ကျွန်ုပ်​တို့​ရရှိ​ထား​သည့် “ဘုရားသခင်​၏​ကျေးဇူးတော်​ကို​ဝန်ခံ” ရန်​တာဝန်​ကို တတ်နိုင်​သ၍ များများ​ပါဝင်​ဆောင်ရွက်​ရမည်​ဖြစ်​ကြောင်း ယင်းက သတိပေး​သည်။—ဟေဗြဲ ၁၃:၁၅; ရောမ ၁၀:၁၀

၁၈။ ခါ​နာ​န်​တွင်​နေထိုင်ကြ​သူတို့နှင့် အာဗြံ​၏​ဆက်ဆံ​ရေး​ကား အသို့နည်း။

၁၈ အာဗြံ​သည် မည်သည့်​နေရာ၌​မဆို အချိန်​အတန်ကြာ​မနေထိုင်​ခဲ့​ပါ။ “အာဗြံ​သည်​ပြောင်း​လျက် တောင်​မျက်နှာ​သို့​ခရီး​သွား​လျက်​နေ​၏။” ထို​အရပ်​သည် ယုဒ​တောင်တန်း​များ​၏​တောင်ဘက် ကန္တာရ​တစ်ပိုင်း​ဖြစ်သော​နယ်မြေ​ဖြစ်သည်။ (ကမ္ဘာဦး ၁၂:၉သမ္မာ) ပြောင်းရွှေ့​နေ​လျက် နေရာ​သစ်​တိုင်း​တွင် မိမိကိုယ်ကို ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူ​တစ်ဦး​အဖြစ် အထင်အရှား​ဖော်ပြခြင်း​ဖြင့် အာဗြံ​နှင့် သူ၏​အိမ်ထောင်စု​သည် “မြေကြီး​ပေါ်မှာ တစ်ကျွန်း​သူ​တစ်နိုင်ငံ​သား၊ ဧည့်သည်​အာဂန္တု​ဖြစ်သည်​ကို​ဝန်ခံ” ခဲ့​ကြသည်။ (ဟေဗြဲ ၁၁:၁၃) ထို​စဉ်​အခါ သူတို့သည် မိမိတို့၏​ဝန်းကျင်ရှိ အယူမှား​သူတို့နှင့် လက်​ပွန်း​တ​တီး​နေခြင်း​ကို အမြဲ​ပင်​ရှောင်ရှား​ခဲ့​ကြသည်။ အလားတူ ယနေ့ ခရစ်ယာန်​များသည်​လည်း “ဤ​လောက​နှင့်​မဆက်ဆံ” ဘဲ​နေကြ​ရမည်​ဖြစ်သည်။ (ယောဟန် ၁၇:၁၆) ကျွန်ုပ်​တို့သည် ကျွန်ုပ်​တို့၏​အိမ်နီးနားချင်း​များနှင့် လုပ်ဖော်ဆောင်ဖက်​ချင်း​တို့အား ကြင်နာ​မှု​ပြ​၍ ရည်​မွန်​ကြ​မည်​သော်လည်း ဘုရားသခင်​ထံ​တော်​မှ ကင်းကွာ​နေသော ဤ​လောက​၏ စိတ်ဓာတ်​ကို​ထင်ရှားစေ​သည့် အပြု​အမူ​တို့​၌ ပါဝင်​ပတ်သက်​ခြင်း​မရှိစေရန် ဂရုစိုက်​ကြသည်။—ဧဖက် ၂:၂၊ ၃

၁၉။ (က) အတည်တကျ​မရှိ​ပြောင်းရွှေ့​နေရ​သည့်​ဘဝက အာဗြံ​နှင့် စာရဲ​တို့အတွက် အဘယ်ကြောင့် စိန်ခေါ်ချက်​ဖြစ်​ပေ​လိမ့်​မည်​နည်း။ (ခ) နောက်ထပ် အဘယ်​စိန်ခေါ်ချက်​များ​ကို အာဗြံ​ရင်ဆိုင်​လျက်​နေရ​ဖို့​ရှိသေး​သနည်း။

၁၉ အတည်တကျ​မရှိ​ပြောင်းရွှေ့​နေရ​ခြင်း​၏ ပင်ပန်းမှု​ဒဏ်​ကို အာဗြံ​နှင့် စာရဲ​တို့​နှစ်ဦးစလုံး​ခံရ​ခြင်း​မှာ မလွယ်ကူ​ကြောင်း ကျွန်ုပ်​တို့​မေ့မထား​ကြ​စို့​နှင့်။ ဥရ​မြို့​၏ ကုန်စုံဆိုင်​တစ်ဆိုင်​ဆိုင်​တွင် စားစရာ​များ ဝယ်ယူ​ကြ​ရမည့်​အစား သူတို့၏​သိုးအုပ်​တို့​မှ ရရှိ​ရာ​အစာကို စားသောက်​ခဲ့​ကြ​ရသည်; ကောင်းစွာ​ဆောက်လုပ်​ထားသော အိမ်တစ်လုံး​တွင်​နေထိုင်ကြ​မည့်​အစား တဲရှင်​များ​တွင် နေထိုင်ခဲ့​ကြ​ရသည်။ (ဟေဗြဲ ၁၁:၉) အာဗြံ​၌ လုပ်စရာ​များစွာ​ရှိခဲ့​၏; သူသည် မိမိ၏​တိရစ္ဆာန်​အုပ်​များနှင့် ကျေးကျွန်​များ​ကို စီမံခန့်ခွဲရေး​၌ အလုပ်​ရှုပ်​နေရ​သည်။ စာရဲ​သည် အဆိုပါ​ယဉ်ကျေးမှု​ရှိ အမျိုးသမီး​တို့၏​လုပ်ငန်း​တာဝန်​များ​ဖြစ်သော ဂျုံ​နယ်​ခြင်း၊ မုန့်​ဖုတ်​ခြင်း၊ ဗိုင်း​င​င့်​ခြင်း၊ ဝတ်ရုံ​များ​ချုပ်လုပ်​ခြင်း​အစ​ရှိသည့် မိရိုးဖလာ​ထုံးစံ​အတိုင်း အ​ငန်း​အတာ​များ​ကို စီမံခန့်ခွဲ​ခဲ့​မည်​ကား​အမှန်ပင်။ (ကမ္ဘာဦး ၁၈:၆၊ ၇; ၄ ဓမ္မ​ရာဇဝင် ၂၃:၇; သု. ၃၁:၁၉; ယေဇကျေလ ၁၃:၁၈) သို့​တိုင် စမ်းသပ်မှု​အခက်အခဲ​အသစ်များ ပေါ်ပေါက်​လာ​ခဲ့​သည်။ မကြာမီ​ပင် အာဗြံ​နှင့် သူ၏​အိမ်ထောင်စု​သည် သူတို့​အတွက် အသက်​အန္တရာယ်​ရှိစေ​သော အခြေအနေ​တစ်ရပ်​ကို ထိပ်တိုက်​ရင်ဆိုင်​ကြ​ရတော့မည်​တကား! အာဗြံ​၏​ယုံကြည်ခြင်း​သည် ထို​စိန်ခေါ်ချက်​ကို ရင်ဆိုင်​နိုင်​ပါ​မည်​လော။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 ဥဖရတ်​မြစ်​သည် ယခင်​ဥရ​မြို့​တည်နေရာ​၏ အရှေ့ဘက် ဆယ်​မိုင်​ခန့်​မှ ယခု စီးဆင်း​သွား​သော်လည်း ရှေး​အချိန်​က အဆိုပါ​မြစ်​သည် ထို​မြို့​၏​အနောက်ဘက်​မှ စီးဆင်း​သွား​ကြောင်း သက်သေ​သာဓက​များ​က​ဖော်ပြ​၏။ သို့​ဖြစ်၍ အာဗြံ​သည် “[ဥဖရတ်] မြစ်​ကြီး​တစ်ဖက်​မှ” လာ​၏​ဟု နောက်ပိုင်း​တွင်​ရည်ညွှန်း​နိုင်​ခဲ့​ခြင်း​ဖြစ်သည်။—ယောရှု ၂၄:၃

^ အပိုဒ်၊ 13 ရာစုနှစ်များစွာ​ကြာပြီးနောက် အာရှုရိဘုရင် အာရှာနာစီပါလ် ၂ က ခါခေမိတ်​မြို့အနီး​တွင် ဥဖရတ်​မြစ်ကို​ကူးဖြတ်​ရန် ဖောင်​များ​ကို​အသုံးပြု​ခဲ့​သည်။ အာဗြံ​ကိုယ်တိုင် ထိုသို့​ပြုလုပ်​ခဲ့​ရသည်၊ မပြု​လုပ်ခဲ့​ရသည် သို့​မဟုတ် သူနှင့် သူ၏​ယာဉ်​တန်း​သည် ရေ​ထဲ​ဒီအတိုင်း​ဖြတ်သန်း​ခဲ့​ခြင်း​ဟုတ်မဟုတ်​ကို​မူ သမ္မာကျမ်းစာ ဖော်ပြ​မထား​ချေ။

သင်​သတိပြုမိ​သလော

• အာဗြံ​အား “ယုံကြည်ခြင်း​လမ်း​သို့​လိုက်​သော​သူတို့၏​အဘ” ဟု အဘယ်ကြောင့်​ခေါ်ဆို​သနည်း။

• ခါလဒဲ​ပြည်သား​တို့၏​ဥရ​မြို့မှ ထွက်ခွာ​ရန် အာဗြံ​၌ အဘယ်ကြောင့် ယုံကြည်ခြင်း​လိုအပ်​ခဲ့​သနည်း။

• ယေဟောဝါ​၏​ဝတ်ပြု​ကိုးကွယ်​မှု​ကို အာဗြံ​ဦးစား​ထား​ကြောင်း မည်သို့​ဖော်ပြ​ခဲ့​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ မြေပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

အာဗြဟံ​၏​ခရီးစဉ်

ဥရ

ခါရန်

ခါခေမိတ်

ခါ​နာ​န်

ပင်လယ်​ကြီး

[Credit Line]

Based on a map copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဥရ​မြို့၌​နေထိုင်ခြင်း​၏ အဆင်ပြေမှု​များ​ကို​စွန့်လွှတ်​ရန် အာဗြံ​မှာ ယုံကြည်ခြင်း​လိုအပ်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

တဲရှင်​များ​တွင်​နေထိုင်ခြင်း​ဖြင့် အာဗြံ​နှင့် သူ၏​အိမ်ထောင်စု​က “မိမိတို့သည်​မြေကြီး​ပေါ်မှာ တစ်ကျွန်း​သူ​တစ်နိုင်ငံ​သား၊ ဧည့်သည်​အာဂန္တု​ဖြစ်သည်​ကို​ဝန်ခံ” ခဲ့​ကြ