မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာဗြဟံ၏ ယုံကြည်ခြင်းမျိုးရှိပါလေ!

အာဗြဟံ၏ ယုံကြည်ခြင်းမျိုးရှိပါလေ!

အာဗြဟံ​၏ ယုံကြည်ခြင်း​မျိုး​ရှိပါ​လေ!

“ယုံကြည်ခြင်း​ရှိသောသူ​သည် အာဗြဟံ​၏​သား​ဖြစ်သည်။”—ဂလာတိ ၃:၇

၁။ ခါ​နာ​န်​တွင် ရင်ဆိုင်​ရသော စမ်းသပ်ခြင်း​အသစ်​တစ်မျိုး​ကို အာဗြံ မည်သို့​ကိုင်တွယ်​ဖြေရှင်း​ခဲ့​သနည်း။

အာဗြံ​သည် ယေဟောဝါ​၏​အမိန့်တော်ကို နာခံ​ကာ ဥရ​မြို့၌ စည်းစိမ်​နှင့်​နေထိုင်ခဲ့​သော​ဘဝကို စွန့်လွှတ်​ခဲ့​၏။ နောက်ပိုင်း​နှစ်များ​၌ သူ​တွေ့ကြုံ​ခဲ့​ရသော​အဆင်မပြေမှု​များသည် အီဂျစ်​ပြည်​၌ သူ​ရင်ဆိုင်ခဲ့​ရသော ယုံကြည်ခြင်း​စမ်းသပ်မှု​၏ နိဒါန်း​မျှ​သာ​ဖြစ်သည်။ သမ္မာကျမ်းစာ​မှတ်တမ်းက ဤသို့​ဆို​သည်– “ထို​နောက် ခါ​နာ​န်​ပြည်​၌ အစာ​ခေါင်းပါး​ခြင်း​ဖြစ်၏။” မိမိ၏​အခြေအနေ​ကြောင့် အာဗြံ​သည် စိတ်​နာကြည်း​သွား​ရန် အလွန်​လွယ်ကူ​မည်​တကား! ယင်းအစား မိသားစုကို​ကျွေးမွေး​ပြုစု​ရန် လက်တွေ့ကျကျ​ပြုမူ​ဆောင်ရွက်​ခဲ့​သည်။ “အလွန်​အစာ​ခေါင်းပါး​သောကြောင့် အာဗြံ​သည် အီဂျစ်​ပြည်​၌​တည်းခို​ခြင်း​ငှာ သွား​လေ​၏။” အာဗြံ​၏​ကြီးမား​လှ​သော အိမ်ထောင်စု​သည် အီဂျစ်​ပြည်​တွင် မထင်မရှား​ဖြစ်​လိမ့်​မည်​ကား​မဟုတ်။ ယေဟောဝါ​သည် မိမိ၏​ကတိတော်​အတိုင်း အာဗြံ​ကို ဘေးအန္တရာယ်​မှ ကာကွယ်​ပေး​လိမ့်​မည်​လော။—ကမ္ဘာဦး ၁၂:၁၀; ထွက်မြောက်ရာ ၁၆:၂၊ ၃

၂၊ ၃။ (က) အာဗြံ​၏​ဇနီးသည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း အမှန်တရားကို အဘယ်ကြောင့်​ဖုံးကွယ်​ခဲ့​သနည်း။ (ခ) ထို​အခြေအနေ​ကို​တုံ့ပြန်​ရာ​၌ အာဗြံ​သည် မိမိ၏​ဇနီး​နှင့် မည်သို့​ဆက်ဆံ​ခဲ့​သနည်း။

ကမ္ဘာဦး ၁၂:၁၁-၁၃ တွင် ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “အီဂျစ်​ပြည်​နှင့်​နီးသော​အခါ မိမိ​မယား​စာရဲ​ကို ‘သင်သည် အဆင်းလှ​သော​မိန်းမ​ဖြစ်သည်​ကို ငါ​သိ​၏။ အီဂျစ်လူ​တို့သည် သင့်ကို​မြင်​သောအခါ ဤ​မိန်းမသည် “သူ၏​မယား​ဖြစ်၏” ဟု​ဆို​လျက် ငါ့ကို​သတ်​၍ သင့်ကို​အသက်ချမ်းသာ​ပေး​လိမ့်​မည်။ သို့​ဖြစ်၍ သင်သည် ငါ့​နှမ​ဖြစ်​ကြောင်းကို [“ကျေးဇူးပြု​၍၊” က​ဘ] ပြောပါ​လော့။ သို့​ပြော​လျှင် သင့်အတွက် [“နှင့်၊” က​ဘ] ငါ​ကောင်းစား​လိမ့်​မည်။ သင်၏​အကြောင်းကြောင့် ငါ့​အသက်ရှင်​ရ​လိမ့်​မည်’ ဟု​ဆို​၏။” စာရဲ​သည် အသက် ၆၅ နှစ်​ကျော်​ပြီ​ဖြစ်သော်လည်း ထူးထူးခြားခြား​လှပ​ဆဲ​ဖြစ်​ခဲ့​သည်။ ယင်းက အာဗြံ​အတွက် အသက်​အန္တရာယ်​ရှိစေ​၏။ * (ကမ္ဘာဦး ၁၂:၄၊ ၅; ၁၇:၁၇) သာ၍​အရေးကြီး​သည်​ကား အာဗြံ​၏​အမျိုးအနွယ်​အားဖြင့် လူမျိုးအပေါင်း​တို့သည် ကောင်းချီး​မင်္ဂလာ​ခံရ​ကြလိမ့်မည်​ဟု ယေဟောဝါ​မိန့်တော်မူ​ခဲ့​သောကြောင့် ကိုယ်တော်​၏​အကျိုး​စီးပွား​သည် ရင်​လေး​ဖွယ်​ရာ​ဖြစ်နေ​၏။ (ကမ္ဘာဦး ၁၂:၂၊ ၃၊) အာဗြံ​၌ သားသမီး​မ​ထွန်းကား​သေး​သောကြောင့် သူ​ဆက်​အသက်ရှင်​ရန် အရေးကြီး​သည်။

စာရဲ​သည် အာဗြံ​၏​ညီမ​ဖြစ်သည်ဟု​ပြော​ဖို့ အစောပိုင်းက သူတို့​သဘောတူ​ထား​ကြ​သည့် အကြံအစည်​ကို​အသုံးပြုရန် သူ၏​ဇနီး​အား မှာကြား​လေ​သည်။ အာဗြံ​၌ ဖခင်​ကြီးစိုးခွင့်​အာဏာ​ရှိ​ထား​သော်လည်း မိမိ၏​အခွင့်အရာကို အလွဲသုံးစား​မပြု​ဘဲ ဇနီး​၏​ပူးပေါင်း​ဆောင်ရွက်မှု​နှင့် ကူညီ​ထောက်ပံ့မှု​ကို​တောင်းဆို​ခဲ့​သည်။ (ကမ္ဘာဦး ၁၂:၁၁-၁၃; ၂၀:၁၃) ဤနည်းဖြင့် အာဗြံ​သည် မေတ္တာပါပါ​ဦးစီး​ဖို့​ရန် ခင်ပွန်း​သည်​များ​အား ပုံ​နမူနာ​ကောင်း​တင်ပြ​ပေး​ပြီး စာရဲ​သည်လည်း သူ၏​လက်အောက်ခံမှု​ဖြင့် ယနေ့ ဇနီး​များ​အတွက် ပုံသက်သေ​ဖြစ်​လေ​သည်။—ဧဖက် ၅:၂၃-၂၈; ကောလောသဲ ၄:၆

၄။ ညီအစ်ကို​များ​၏ အသက်​အန္တရာယ်​ရှိသော​အခါ ယနေ့ ဘုရားသခင်​၏​တည်ကြည်သော​ကျေးကျွန်​တို့သည် မည်သို့​ပြုမူ​သင့်​သနည်း။

စာရဲ​သည် အာဗြံ​၏ ဖ​အေ​တူမ​အေ​ကွဲ​ညီမ အမှန်​ဖြစ်သော​ကြောင့် သူ၏​ညီမ​ဟူ၍ ပြော​နိုင်​ပါ​သည်။ (ကမ္ဘာဦး ၂၀:၁၂) ထို​ထက်​ကား မသိ​ထိုက်​သူတို့ကို အတိအလင်း​ဖော်ပြ​ပြောဆို​ရန် သူ၌ တာဝန်​မရှိ​ချေ။ (မဿဲ ၇:၆) ဘုရားသခင်​အား​တည်ကြည်သော မျက်မှောက်ခေတ်​ကျေးကျွန်​တို့သည် ရိုးသား​ရမည်​ဟူသော သမ္မာကျမ်းစာ​ပညတ်​ကို လိုက်နာ​ကြ​၏။ (ဟေဗြဲ ၁၃:၁၈) ဥပမာ၊ တရားရုံး​တွင် အမှုစစ်ဆေး​ခံရ​ချိန်​၌ ကျမ်း​ကျိန်​ပြီး​နောက် သူတို့​ဘယ်တော့​မျှ မုသား​ပြောဆို​ကြ​မည်​မဟုတ်​ချေ။ သို့သော် နှိပ်စက်​ညှဉ်းပန်းမှု​ခံရ​ချိန် သို့​မဟုတ် ပြည်တွင်း​ဘေး​ကဲ့သို့​သော​အချိန်​မျိုး​၌ သူတို့​ညီအစ်ကို​များ​၏​ကာယရေး သို့​မဟုတ် ဝိညာဉ်​ရေး​ဘက် အန္တရာယ်​ကြုံ​လာ​ရသောအခါ သူတို့သည် “မြွေ​ကဲ့သို့​လိမ္မာ​လျက်၊ ချိုးငှက်​ကဲ့သို့ အဆိပ်​ကင်း​လျက်​ရှိကြ” ရမည်​ဟူ​သည့် ယေရှု၏​ဆုံးမ​စကား​ကို လိုက်လျှောက်​ကြ​၏။—မဿဲ ၁၀:၁၆; ကင်းမျှော်စင် ၁၉၉၆ နိုဝင်ဘာ ၁၊ စာမျက်နှာ ၁၈၊ အပိုဒ် ၁၉ ရှု။

၅။ စာရဲ​သည် အာဗြံ​တောင်းဆို​သည်​အတိုင်း​ပြု​ရန် အဘယ်ကြောင့် တလိုတလား​ရှိခဲ့​သနည်း။

အာဗြံ​၏​တောင်းဆိုချက်​ကို စာရဲ မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ တမန်​တော်​ပေတရု​က စာရဲ​ကဲ့သို့​သော​အမျိုးသမီးများ​အား “ဘုရားသခင်​ကိုကိုး​စား” သူ​ဟု​ဖော်ပြ​သည်။ သို့​ဖြစ်၍ စာရဲ​သည် ဝိညာဉ်​ရေး​ဆိုင်ရာ​အရေးကိစ္စ​များ​ကို သဘောပေါက်​နားလည်​နိုင်​ခဲ့​သည်။ ထို့​ပြင် စာရဲ​သည် သူ၏​ခင်ပွန်း​ကို ချစ်ခင်​လေးစား​သောကြောင့် “ခင်ပွန်း​၏​အုပ်စိုးခြင်း​ကို ဝန်ခံ” ရန်​ရွေးချယ်​ပြီး သူ၏​အိမ်ထောင်သည်​အဖြစ်ကို လျှို့ဝှက်​ထားခဲ့​သည်။ (၁ ပေတရု ၃:၅၊ ၆) ထိုသို့​ပြုခြင်း​က သူ့​အတွက် အန္တရာယ်​အမှန်​ရှိစေသည်။ “အာဗြံ​သည် အဲဂုတ္တု​ပြည်​သို့​ရောက်​သောအခါ သူ၏​မယား​သည် အလွန်​အဆင်းလှ​သည်ကို အဲဂုတ္တု​လူတို့သည်​မြင်ကြ​၏။ ဖာရော​ဘုရင်​၏ မှူး​တော်​မတ်​တော်​တို့​လည်း​မြင်​၍ ရှေ့တော်၌​ချီးမွမ်း​ပြီး​လျှင် နန်းတော်​သို့​သွင်း​ရ​ကြ​၏။”—ကမ္ဘာဦး ၁၂:၁၄၊ ၁၅

ယေဟောဝါ​၏​ကယ်နုတ်ခြင်း

၆၊ ၇။ အဘယ်​စိတ်ပူ​ပန်​စ​ရာ​အခြေအနေ​မျိုး​တွင် အာဗြံ​နှင့် စာရဲ​တို့ ရောက်​ခဲ့​ကြ​ရသနည်း၊ စာရဲ​ကို ယေဟောဝါ မည်သို့​ကယ်နုတ်​တော်​မူ​သနည်း။

ယင်းသည် အာဗြံ​နှင့် စာရဲ​တို့အတွက် တကယ်​စိတ်ပူ​ပန်​စ​ရာ​ဖြစ်​ခဲ့​မည်​တကား! စာရဲ​သည် သိမ်းပိုက်​ခံရ​စ​ရာ​ရှိသည်။ ထို​ထက်​ကား စာရဲ​၏​အိမ်ထောင်သည်​အဖြစ်ကို အမှန်​မသိ​သဖြင့် ဖာရော​သည် အာဗြံ​အား လက်ဆောင်​များ​အလျှံပယ်​ပေး​ခဲ့​ရာ “သူသည် သိုး၊ နွား၊ မြည်း​ထီး၊ မြည်းမ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်းမ၊ ကုလားအုတ်​များနှင့်​ကြွယ်ဝ” လာ​လေ​သည်။ * (ကမ္ဘာဦး ၁၂:၁၆) ဤ​လက်ဆောင်​များ​ကို အာဗြံ တကယ်​စက်ဆုပ်​ရွံရှာ​ခဲ့​မည်​တကား! အခြေအနေ​မှာ အလွန်​ဆိုးရွား​နေ​ဟန်​ရှိသော်လည်း ယေဟောဝါ​သည် အာဗြံ​ကို​မစွန့်​ခဲ့​သေး​ပါ။

“ထာဝရ​ဘုရား​သည် အာဗြံ​၏​မယား​စာရဲ​အတွက်​ကြောင့်၊ ဖာရော​ဘုရင်​မှ​စ၍ နန်းတော်သား​တို့ကို ကြီးသော​ဘေးဒဏ်​ဖြင့်​ဆုံးမ​တော်​မူ​၏။” (ကမ္ဘာဦး ၁၂:၁၇) ဖော်ပြ​မထား​သော​နည်း​တစ်နည်း​ဖြင့် ဤ “ဘေးဒဏ်​များ” ဖြစ်​ခဲ့​ရသည့်​အကြောင်းရင်းကို ဖာရော သိရှိ​ခဲ့​သည်။ ချက်ချင်း​ပင် သူ​ဤသို့​တုံ့ပြန်​ခဲ့​သည်– “ဖာရော​ဘုရင်​သည်လည်း အာဗြံ​ကို​ခေါ်​၍ ‘သင်သည် ငါ​၌​ပြုသော​အမှု​ကား အဘယ်​သို့​နည်း။ သူသည် သင်၏​မယား​ဖြစ်​ကြောင်းကို ငါ့​အား​အဘယ်ကြောင့်​မပြော​သနည်း။ ငါသည် သူ့ကို​သိမ်းပိုက်​စေခြင်း​ငှာ “သူသည်​ငါ့​နှမ​ဖြစ်သည်” ဟု အဘယ်ကြောင့်​ဆို​သနည်း။ သင်၏​မယား​ကို ယခု​ယူ၍​သွားလော့’ ဟု​အမိန့်​ရှိ၏။ ထိုသို့ အာဗြံ​အမှုကို​စီရင်၍ မိမိလူ​တို့အား​မှာ​ထား​သဖြင့် သူတို့သည် အာဗြံ​၌​ရှိသမျှ​သော​ဥစ္စာ​နှင့်​တကွ သမီး​မောင်နှံ​တို့ကို​လွှတ်လိုက်​ကြ​၏။”—ကမ္ဘာဦး ၁၂:၁၈-၂၀; ဆာလံ ၁၀၅:၁၄၊ ၁၅

၈။ အဘယ်​ကာကွယ်​စောင့်ရှောက်မှု​မျိုးကို ယနေ့ ခရစ်ယာန်​များ​အား ပေး​မည်​ဟု ယေဟောဝါ​ကတိပြု​တော်​မူ​သနည်း။

ယနေ့ ယေဟောဝါ​သည် သေခြင်း၊ ရာဇဝတ်မှု၊ အစာ​ငတ်မွတ်​ခေါင်းပါး​မှု သို့​မဟုတ် သဘာဝဘေးဒဏ်​တို့​မှ ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​မည်​ဟု အာမ,မခံ​ထား​ချေ။ သို့သော် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို အန္တရာယ်​ရှိစေ​နိုင်​သည့်​အရာများ​မှ ကျွန်ုပ်​တို့ကို ယေဟောဝါ အမြဲတစေ​ကာကွယ်​ပေး​မည်​ဟူ၍​ကား ကတိ​ထား​တော်​မူ​၏။ (ဆာလံ ၉၁:၁-၄) ကိုယ်တော်​သည် အဓိက​အနေ​ဖြင့် မိမိ၏​နှုတ်မြွက်​စကားတော်​နှင့် ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ မှ​တစ်ဆင့် အချိန်တန်​သတိပေး​ချက်​များ​ပေးခြင်း​ဖြင့် ထိုသို့​ပြု​တော်​မူ​သည်။ (မဿဲ ၂၄:၄၅) နှိပ်စက်​ညှဉ်းပန်းမှု​ခံရ​၍ သေခြင်း​၏​ခြိမ်းခြောက်​မှု​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ တစ်ဦးချင်း​စီ​အနေ​နှင့် သေဆုံး​သွား​ရန် ဘုရားသခင်​ခွင့်ပြု​မည်​ဖြစ်သော်လည်း ကိုယ်တော်​၏​လူမျိုး​တစ်ရပ်လုံး​အနေ​ဖြင့် အစတုံး​ပျောက်ဆုံး​သွားခြင်း​ကို​မူ ဘယ်တော့​မျှ​ခွင့်ပြု​တော်​မူ​မည်​မဟုတ်​ချေ။ (ဆာလံ ၁၁၆:၁၅) တည်ကြည်သူ​အချို့ သေခြင်း​၌ နစ်မွန်း​ဆုံးရှုံး​ရ​လျှင်​ပင် သူတို့ ရှင်ပြန်ထမြောက်​လာ​ကြ​မည်​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​သည်။—ယောဟန် ၅:၂၈၊ ၂၉

ငြိမ်သက်မှု​ဆက်​ရှိစေရန် အနစ်နာခံ​ခြင်း

၉။ အာဗြံ​သည် ခါ​နာ​န်​ပြည်​၌ လှည့်လည်​သွားလာ​နေခဲ့​ကြောင်း အဘယ်အရာက ညွှန်ပြ​သနည်း။

ခါ​နာ​န်​ပြည်​၌ အစာ​ငတ်မွတ်​ခေါင်းပါး​မှု ပြီးဆုံး​သွား​ကြောင်း​ထင်ရှား​သည်​နှင့် “အာဗြံ [ဇနီး] မောင်နှံ​တို့သည်​လည်း လောတ​နှင့်​တကွ မိမိတို့​၌​ရှိသမျှ​သော​ဥစ္စာ​ကို​ယူ၍ အဲဂုတ္တု​ပြည်​မှ​ထွက်သွား​သဖြင့် ခါ​နာ​န်​ပြည်​တောင်ပိုင်း [ယုဒ​တောင်တန်း​များ​၏ တော​ဘက်​ကျ​သော​မိုး​နည်း​ရေ​ရှား​ရပ်ဝန်း] သို့​ရောက်​ကြ​၏။ ထို​အခါ အာဗြံ​သည် သိုး၊ နွား​စ​သည်​တို့ကို​လည်းကောင်း၊ ရွှေငွေ​ကိုလည်း​ကောင်း အလွန်​ရ​တတ်၏။” (ကမ္ဘာဦး ၁၃:၁၊ ၂) သို့​နှင့် ဒေသခံ​များ​က သူ့​အား ဩဇာ​အာဏာ​ရှိ၍ အား​ကြီးသော​အကြီးအကဲတစ်ဦး​အဖြစ် ရှုမြင်ကြ​ပေ​လိမ့်​မည်။ (ကမ္ဘာဦး ၂၃:၆) အာဗြံ​သည် အခြေချ​ရန်၊ ခါ​နာ​န်​လူတို့၏​နိုင်ငံရေး​တွင် ဝင်စွက်​ပတ်သက်​ရန် ဆန္ဒ​လုံးဝ​မရှိခဲ့​ချေ။ ယင်းအစား “တစ်ဖန် တောင်ပိုင်း​မှ​ခရီး​သွား​၍ ဗေသလ​နယ်​အတွင်း ဗေသလ​မြို့၊ အာဣ​မြို့​စပ်ကြား​၌ အထက်​က​တဲ​ကို​ဆောက် . . . ခဲ့​ဖူး​သော​အရပ်သို့ ရောက်​ပြန် . . . ၏။” ခါ​တိုင်း​ကဲ့သို့​ပင် အာဗြံ​သည် မည်သည့်​နေရာသို့​ပင်​ရောက်​ပါစေ ယေဟောဝါ​၏ ဝတ်ပြု​ကိုးကွယ်​မှု​ကို ဦးထိပ်​ထားခဲ့​၏။—ကမ္ဘာဦး ၁၃:၃၊ ၄

၁၀။ အာဗြံ​နှင့် လောတ​တို့၏​တိရစ္ဆာန်​ထိန်းကျောင်း​သူများ​အကြား အဘယ်​ပြဿနာ​တက်​ခဲ့​သနည်း၊ ယင်းကို လျင်မြန်​စွာ​ဖြေရှင်း​လိုက်​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

၁၀ “အာဗြံ​နှင့်အတူ​လိုက်​လာသော လောတ​သည်လည်း သိုး၊ နွား​များနှင့် တဲ​အများ​ရှိသဖြင့်၊ ထို​လူ​နှစ်ဦး​တို့သည် အတူ​နေခြင်း​ငှာ ထို​မြေ​မဆံ့​နိုင်။ ဥစ္စာ​များ​လွန်း​၍ သူတို့သည် တစ်ရပ်​တည်း​မနေနိုင်​ကြ။ အာဗြံ​၏​နွား​ကျောင်းသား၊ လောတ​၏​နွား​ကျောင်းသား​တို့သည်​လည်း ခိုက်ရန်​ပြု​ကြ​၏။ ထို​အခါ ခါ​နာ​န်​အမျိုးသား၊ ဖေရဇိ​အမျိုးသား​တို့သည် ထို​ပြည်​၌​နေကြ​သတည်း။” (ကမ္ဘာဦး ၁၃:၅-၇) အဆိုပါ​မြေ​သည် အာဗြံ​နှင့် လောတ​တို့​နှစ်ဦးစလုံး​၏ သိုးအုပ်​များ​အတွက် လုံလောက်​သော​ရေ​နှင့် စားကျက်​မြေ​ကို​ထောက်ပံ့​မပေးခဲ့​ချေ။ သို့ဖြင့် တိရစ္ဆာန်​ထိန်းကျောင်း​သူတို့​အကြား တင်းမာမှု​နှင့် စိတ်နာ​စ​ရာ​များ ပေါ်ထွက်​ခဲ့​သည်။ ယင်း​သို့ ကတောက်ကဆတ်​ဖြစ်​ခြင်း​သည် စစ်မှန်သော​ဘုရားသခင်​အား ဝတ်ပြု​ကိုးကွယ်​သူတို့နှင့် မအပ်စပ်​ချေ။ ခွန်း​ကြီး​ခွန်း​ငယ် ဆက်​ဖြစ်​ခဲ့​မည်​ဆိုလျှင် အမြဲ​ပဋိပက္ခ​ဖြစ်နေ​ပေမည်။ သို့​နှင့် ဤ​အခြေအနေ​ကို အာဗြံ မည်သို့​ကိုင်တွယ်​မည်​နည်း။ သူသည် လောတ​၏​ဖခင်​သေဆုံး​သွားပြီး​နောက် လောတ​ကို မိမိ၏​သားရင်း​အဖြစ် မွေးစား​ခဲ့​ပုံ​ရှိသည်။ သူတို့​နှစ်ဦး​တွင် အာဗြံ​သည် အကြီး​ဖြစ်သည့်​အတွက် အကောင်းဆုံး​ကို ယူ​ထိုက်​သည်မဟုတ်​ပေ​လော။

၁၁၊ ၁၂။ အာဗြံ​သည် သဘောထား​ပြည့်ဝ​စွာ လောတ​အား အဘယ်​အခွင့်အရေး​ပေး​ခဲ့​သနည်း၊ လောတ​၏​ရွေးချယ်မှု​က အဘယ်ကြောင့်​ပညာ​မဲ့​ရာ​ကျ​သနည်း။

၁၁ သို့သော် “အာဗြံ​က​လည်း ‘ငါ​တို့သည် ညီအစ်ကို​ချင်း​ဖြစ်​လျက် ငါ​နှင့်​သင်၌​လည်းကောင်း၊ ငါ့​နွား​ကျောင်းသား​တို့​နှင့် သင့်​နွား​ကျောင်းသား​တို့​၌​လည်းကောင်း ခိုက်ရန်​မရှိပါ​စေ​နှင့်။ မြေတစ်ပြင်လုံး​သည် သင့်​ရှေ့မှာ​ရှိသည်​မဟုတ်လော။ ငါ​နှင့်​ခွာ​၍​နေပါ​လော့။ သင်သည် လက်ဝဲဘက်​သို့​သွား​လျှင် ငါသည်​လက်ယာဘက်​သို့​သွား​မည်။ သင်သည်​လက်ယာဘက်​သို့​သွား​လျှင် ငါသည်​လက်ဝဲဘက်​သို့​သွား​မည်’ ဟု​ဆို​၏။” ဗေသလ​အနီး​တွင် “ပါလက်စတိုင်း​၏ မြင်ကွင်းကျယ်​ရှုခင်း​ကို တွေ့မြင်​နိုင်သော​နေရာ” ဟု​ခေါ်ဆို​သည့် နေရာ​တစ်​နေရာ​ရှိသည်။ ဖြစ်​နိုင်​ဖွယ်​ရာ​မှာ ထို​နေရာ​မှ “သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့ကို ထာဝရ​ဘုရား​ဖျက်ဆီး​တော်​မ​မူ​မီ ဇော​ရ​မြို့​သို့​သွားသော​လမ်း ယော်ဒန်​မြစ်​ပတ်ဝန်းကျင်​အရပ်ရပ်​၌​ရေ​များ​၍ ထာဝရ​ဘုရား​၏​ဥယျာဉ်တော်​ကဲ့သို့​လည်းကောင်း၊ အဲဂုတ္တု​ပြည်​ကဲ့သို့​လည်းကောင်း​ဖြစ်သည်​ကို လောတ​မျှော်ကြည့်၍​မြင်” ခဲ့​ပေမည်။—ကမ္ဘာဦး ၁၃:၈-၁၀

၁၂ သမ္မာကျမ်းစာ​က လောတ​ကို “ဖြောင့်မတ်​သော” သူ​ဟု​ဖော်ပြ​ထား​သော်လည်း ဤ​ကိစ္စ​တွင် အကြောင်း​တစ်ခုခု​ကြောင့် သူသည် အာဗြံ​အား မထောက်ထား​ခဲ့​သည့်​အကြောင်း​ရှိ​ပေမည်၊ အသက်ကြီးသူ​၏​အကြံဉာဏ်​ကိုလည်း သူ​တောင်းဆို​ခဲ့​ပုံ​မရှိ​ချေ။ (၂ ပေတရု ၂:၇) “ယော်ဒန်​ချိုင့်​တစ်လျှောက်​လုံး​ကို​ရွေးချယ်​၍ အရှေ့​သို့​ပြောင်း​သွား​သဖြင့် အချင်းချင်း​တစ်ဦး​နှင့်​တစ်ဦး​ကွဲပြား​ကြ​၏။ အာဗြံ​သည် ခါ​နာ​န်​ပြည်​၌​နေ​လေ​၏။ လောတ​မူ​ကား၊ မြစ်​ပတ်ဝန်းကျင်​မြို့​တို့​တွင်​နေ၍ သောဒုံ​မြို့နားမှာ တဲ​ကို​ဆောက်​လေ​၏။” (ကမ္ဘာဦး ၁၃:၁၁၊ ၁၂) သောဒုံ​မြို့​သည် ကြွယ်ဝ​ချမ်း​သာ၍ အကျိုးအမြတ်​ရ​စ​ရာ​အခွင့်အလမ်း​များစွာ​ရှိခဲ့​သည်။ (ယေဇကျေလ ၁၆:၄၉၊ ၅၀) လောတ​၏​ရွေးချယ်မှု​သည် ကာယရေး​ဘက်​မှ ကြည့်​လျှင် ပညာရှိ​သ​ယောင်​ဖြစ်သော်လည်း ဝိညာဉ်​ရေး​ဘက်တွင် ပညာ​မဲ့​ရာ​ကျ​၏။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကမ္ဘာဦး ၁၃:၁၃ အရ “သောဒုံ​မြို့သား​တို့သည် ဆိုးသော​သူ ထာဝရ​ဘုရား​ရှေ့၌ အလွန်​အပြစ်​များသော​သူ​ဖြစ်​ကြ” သောကြောင့်​တည်း။ ထို​နေရာသို့ ရွှေ့​ပြောင်း​ရန် လောတ​၏​ဆုံးဖြတ်ချက်​ကား နောက်ဆုံး​တွင် သူ၏​မိသားစု​အတွက် ဝမ်းနည်းစရာ​များစွာ​ဖြစ်စေ​ခဲ့​သည်။

၁၃။ ငွေကြေး​အ​ရှုပ်​အ​ရှင်း​ရှိ​ကောင်း​ရှိခဲ့​မည့် ခရစ်ယာန်​တို့အတွက် အာဗြံ​၏​ပုံ​နမူနာ​ကား မည်သို့​အကူအညီ​ဖြစ်စေ​သနည်း။

၁၃ သို့သော် မိမိ၏​အမျိုးအနွယ်​သည် အဆုံး​တွင် တစ်ပြည်လုံး​ကို ပိုင်ဆိုင်​ရ​လိမ့်​မည်​ဟူသော ယေဟောဝါ​၏​ကတိတော်​ကို အာဗြံ​ယုံကြည်​ကြောင်း တင်ပြ​ခဲ့​သည်; နယ်မြေ​တစ်စိတ်​တစ်ပိုင်း​ကလေး​အတွက်​နှင့် သူ​စကား​မများ​လို​ခဲ့​ချေ။ “ကိုယ်​အကျိုးကို​အဘယ်သူမျှ​မ​ရှာ​စေ​နှင့်။ သူ့​အကျိုးကို​လူတိုင်း​ရှာ​စေ” ဟူ​သည့် ၁ ကောရိန္သု ၁၀:၂၄နောက်ပိုင်း​တွင်​ပါ​သော​မူ​နှင့်​အညီ သဘောထားကြီး​စွာ သူ​ကျင့်သုံး​ခဲ့​သည်။ ယင်းက ယုံကြည်သူချင်း​တစ်ဦး​နှင့် ငွေကြေး​အ​ရှုပ်​အ​ရှင်း​ရှိခဲ့​သူတို့​အတွက် ကောင်းသော​သတိပေး​ချက်​တစ်ခု​ဖြစ်၏။ အချို့​တို့သည် မဿဲ ၁၈:၁၅-၁၇ တွင်​တွေ့ရှိ​ရသော​ဆုံးမ​စကား​ကို လိုက်နာ​မည့်​အစား သူတို့၏​ညီအစ်ကို​များ​ကို ရုံးတင်​ခဲ့​ကြသည်။ (၁ ကောရိန္သု ၆:၁၊) ယေဟောဝါ​၏​နာမတော်​ကို ရှုတ်ချ​စ​ရာ၊ ခရစ်ယာန်​အသင်းတော်​၏​ငြိမ်သက်မှု​ကို ပြိုပျက်​စ​ရာ ဖြစ်စေ​မည့်​အစား ငွေ​အရှုံး​ခံ​လိုက်ခြင်း​မှာ သာ၍​ကောင်း​ကြောင်း အာဗြံ​၏​ပုံ​နမူနာ​က​ဖော်ပြ​သည်။—ယာကုပ် ၃:၁၈

၁၄။ အာဗြံ​သည် သူ၏​သဘောထားကြီး​မှု​အတွက် မည်သို့​ကောင်းချီး​ခံစား​ရဖို့​ဖြစ်သနည်း။

၁၄ အာဗြံ​သည် သူ၏​သဘောထားကြီး​မှု​အတွက် ကောင်းချီး​ခံစား​ခဲ့​ရသည်။ ဘုရားသခင်​က ဤသို့​ကြေညာ​ခဲ့​၏– “သင်၏​အမျိုးအနွယ်​ကို မြေမှုန့်​ကဲ့သို့​ငါ​များပြား​စေမည်။ သို့​ဖြစ်၍ လူသည် မြေမှုန့်​ကို​ရေတွက်​နိုင်​လျှင် သင်၏​အမျိုးအနွယ်​ကို ရေတွက်​နိုင်​ကြလိမ့်မည်။” ဤ​မိန့်တော်မူချက်​သည် ကလေး​မရှိသော​အာဗြံ​ကို တကယ်​ပင်​အားရှိစေ​ခဲ့​မည်​တကား! ထို့နောက် ဘုရားသခင်​က ဤသို့​အမိန့်ပေး​ခဲ့​သည်– “သင်​ထ၍ မြေ​ကို​အလျား​အားဖြင့်လည်း​ကောင်း၊ အနံ​အားဖြင့်လည်း​ကောင်း လျှောက်​သွားလော့။ သင့်​အား​ငါ​ပေး​မည်။” (ကမ္ဘာဦး ၁၃:၁၆၊ ၁၇) အာဗြံ​သည် မြို့​တစ်မြို့​၌ အဆင်ပြေ​စွာ​အခြေချ​နေထိုင်ခွင့်​ရ​လိမ့်​မည်​မဟုတ်​ချေ။ သူသည် ခါ​နာ​န်​ပြည်သား​တို့​နှင့် ဆက်၍​သီးခြားနေ​ရမည်​ဖြစ်သည်။ ယနေ့ ခရစ်ယာန်​တို့​လည်း အလားတူ ဤ​လောက​နှင့် သီးခြားနေ​ကြ​ရမည်။ သူတို့သည် အခြားသူ​တို့​ထက် သာ​သည်​ဟု မိမိတို့​ကိုယ်ကို​မယူမှတ်​ကြသော်လည်း သမ္မာကျမ်းစာ​နှင့်​မညီသော အမူအကျင့်​တွင်​ပါဝင်​ရန် သူတို့ကို​သွေးဆောင်​နိုင်​မည့်​သူ မည်သူ​မဆို​နှင့် တရင်းတနှီး​ဆက်ဆံ​ကြ​မည်​မဟုတ်​ချေ။—၁ ပေတရု ၄:၃၊ ၄

၁၅။ (က) အာဗြံ ခရီး​သွားလာခြင်း​တွင် အဘယ်​အရေးပါမှု ရှိ​ကောင်း​ရှိ​မည်​နည်း။ (ခ) ယနေ့ ခရစ်ယာန်​မိသားစု​များ​အတွက် အဘယ်​ပုံသက်သေ​ကို အာဗြံ​ချမှတ်​ပေး​ခဲ့​သနည်း။

၁၅ သမ္မာကျမ်းစာ​ခေတ်​က လူတစ်ဦး​သည် နယ်မြေ​တစ်ခု​ကို​မပိုင်ဆိုင်​မီ သူသည် ယင်းကို စူးစမ်း​စစ်ဆေးခွင့်​ရှိသည်။ သို့​နှင့် ခရီး​လှည့်လည်​ခြင်း​က တစ်နေ့​တွင် ဤ​နယ်မြေ​ကို အာဗြံ​၏​သားစဉ်မြေးဆက် ပိုင်ဆိုင်​ရ​လိမ့်​မည်​ဖြစ်​ကြောင်း အဆက်မပြတ်​သတိပေး​ချက် ဖြစ်​နိုင်​ပေ​သည်။ နာခံမှု​ရှိ​စွာ “အာဗြံ​သည် တဲ​ကို​ပြောင်း​၍ ဟေဗြုန်​မြို့၊ မံ​ရေ​သ​ပိတ်​တော​သို့​ရောက်​မှ နေရာကျ​၍ ထာဝရ​ဘုရား​အဖို့ ယဇ်ပလ္လင်ကို​တည်​လေ​၏။” (ကမ္ဘာဦး ၁၃:၁၈) အာဗြံ​သည် ဝတ်ပြု​ကိုးကွယ်​ရေး​ကို အလွန်​ဦးစားပေး​ကြောင်း ထပ်မံ​ဖော်ပြ​ခဲ့​သည်။ သင့်​မိသားစုတွင် မိသားစု​လိုက်လေ့​လာ​မှု၊ မိသားစု​လိုက်​ဆုတောင်းခြင်း​နှင့် စည်းဝေးများ​တက်ရောက်ခြင်း​ကို အလွန်​ဦးစား​ထား​ပါသလော။

ရန်သူ​တိုက်ခိုက်​ခြင်း

၁၆။ (က) ကမ္ဘာဦး ၁၄:၁ ၏​အဖွင့်​စကား​များသည် အဘယ်ကြောင့် နိမိတ်​ဆိုး​သဘောဆောင်​သနည်း။ (ခ) အရှေ့တိုင်း​ပြည့်ရှင်​မင်း​လေးပါး ချင်းနင်းဝင်ရောက်​တိုက်ခိုက်​ရသည့် အကြောင်းရင်း​ကား အဘယ်နည်း။

၁၆ “ထို​ရော​အခါ ရှိ​နာ​မင်းကြီး​အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​မင်းကြီး​အာ​ရုတ်၊ ဧလံ​မင်းကြီး ခေဒေါရလောမာ၊ * ဂေါ​အိမ်​မင်းကြီး တိ​ဒ​လ​တို့သည် . . . စစ်တိုက်​ကြ​၏။” မူရင်း​ဟေဗြဲ​ဘာသာ​စကား​တွင် ဤ​အဖွင့်​စကားစု (“ထို​ရော​အခါ”) သည် “ကောင်းချီး​ဖြင့်​နိဂုံး​ချုပ်​သော စမ်းသပ်​ရာ​ကာလ​တစ်ခု” ကို​ညွှန်ပြ​နေသော နိမိတ်​ဆိုး​သဘောဆောင်​၏။ (ကမ္ဘာဦး ၁၄:၁၊ ၂က​ဘ၊ အောက်ခြေမှတ်ချက်) ထို​စမ်းသပ်​ချိန်​သည် ဤ​အရှေ့တိုင်း​ပြည့်ရှင်​မင်း​လေးပါး​နှင့် သူတို့၏​စစ်တပ်​များသည် ခါ​နာ​န်​ပြည်​ထဲ​ချင်းနင်းဝင်ရောက်​၍ သိမ်း​ရုံး​ဖျက်ဆီး​စဉ်​က စတင်​သည်။ ရည်ရွယ်ချက်ကား​အဘယ်နည်း။ သောဒုံ၊ ဂေါမောရ၊ အာဓမာ၊ ဇေ​ဘိုင်​နှင့် ဗေ​လာ​မြို့​ငါး​မြို့​၏​ပုန်ကန်မှု​ကို နှိမ်နင်း​ရန်ဖြစ်​သည်။ သူတို့သည် ခံတပ်​မှန်သမျှကို နှိမ်နင်း​ချေမှုန်း​လျက် “သောဒုံ​အိုင်​ဖြစ်သော စိဒ္ဒိမ်​ချိုင့်​တွင် သင်း​ဖွဲ့​ကြ​၏။” လောတ​နှင့် သူ၏​မိသားစု​သည် အနီး​ဝန်းကျင်​တွင် နေထိုင်ခဲ့​ကြသည်။—ကမ္ဘာဦး ၁၄:၃-၇သမ္မာ။

၁၇။ သုံ့ပန်း​အဖြစ် လောတ​ဖမ်းဆီး​ခေါ်ဆောင်​သွား​ခံရ​ခြင်း​က အာဗြံ​အတွက် အဘယ်ကြောင့် ယုံကြည်ခြင်း​စမ်းသပ်ချက်​တစ်ရပ် ဖြစ်​ခဲ့​သနည်း။

၁၇ ခါ​နာ​န်​ပြည့်ရှင်​မင်း​များသည် ကျူးကျော်​တိုက်ခိုက်သူ​တို့ကို ပြင်းပြင်းထန်ထန် ခုခံ​ခဲ့​ကြသော်လည်း အရှက်တကွဲ​ရှုံးနိမ့်​ခဲ့​ကြ​၏။ “ထို​အခါ . . . အောင်​သော​မင်းတို့​သည် သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့၌​ရှိသမျှ​သော​ဥစ္စာ​နှင့် မြို့​ရိက္ခာ​ရှိသမျှ​တို့ကို ယူ၍​သွား​ကြ​၏။ သောဒုံ​မြို့၌​နေသော အာဗြံ​အစ်ကို​သား​လောတ​နှင့် သူ၏​ဥစ္စာ​တို့ကို​လည်း​သိမ်း​ယူ၍​သွား​၏။” ဤ​ရတက်မအေး​ဖွယ်​ဖြစ်ရပ်​များ​သတင်း​သည် မကြာမီ အာဗြံ​ထံ ရောက်လာ​သည်– “ထို​ဘေး​မှ​လွတ်​၍ ပြေး​သော​သူ​တစ်ယောက်​သည် ဟေဗြဲ​လူ​အာဗြံ​နှင့် မိတ်သဟာယ​ဖွဲ့​သော​သူ ဧ​ရှ​ကော​လ​နှင့် အာနေရ​၏​အစ်ကို အာမောရိ​လူ​မံ​ရေ​၏ သ​ပိတ်​တော​နား​မှာ​နေသော အာဗြံ​ထံ​သို့​ရောက်​၍ သတင်း​ကြား​ပြော​လေ​၏။ အာဗြံ​သည် မိမိ​အစ်ကို​သားကို ဖမ်းသွား​ကြောင်းကို​ကြား” လေ​သည်။ (ကမ္ဘာဦး ၁၄:၈-၁၄) ယုံကြည်ခြင်း​စမ်းသပ်မှု​ပါ​တကား! မိမိ၏​တူ​တော်စပ်​သူက နယ်မြေ​၏​အကောင်းဆုံး​ဒေသ​ပိုင်း​ကို ရွေးယူ​ခဲ့​ခြင်း​ကြောင့် သူ့​အား အာဗြံ​စိတ်နာ​နေ​မည်​လော။ ဤ​ကျူးကျော်​ဝင်ရောက်​သူတို့သည် သူ၏​နေရင်းပြည် ရှိ​နာ​မှ​ရောက်လာ​ကြ​ကြောင်းကို​လည်း သတိရပါ။ သူတို့နှင့်​စစ်ပြိုင်​ခြင်း​ဖြင့် အိမ်​သို့ ပြန်လမ်း​မရှိဘဲ​ဖြစ်သွား​စေနိုင်​သည်။ ထို့​အပြင် ခါ​နာ​န်​တပ်​ပေါင်းစု​ပင် အနိုင်​မတိုက်နိုင်​ခဲ့​သော စစ်တပ်​တစ်တပ်​ကို အာဗြံ မည်သို့​တိုက်ခိုက်​နိုင်​မည်​နည်း။

၁၈၊ ၁၉။ (က) လောတ​ကို အာဗြံ မည်သို့​ကယ်တင်​နိုင်​ခဲ့​သနည်း။ (ခ) ဤ​အောင်မြင်မှု​အတွက် မည်သူ​ဂုဏ်တင်​ခံ​ခဲ့​ရသနည်း။

၁၈ အာဗြံ​သည် လုံးလုံးလျားလျား ယေဟောဝါ​၌​ယုံကြည်​ကိုးစား​ခဲ့​သည်။ “အာဗြံ​သည် မိမိ​အစ်ကို​သားကို ဖမ်းသွား​ကြောင်းကို​ကြား​လျှင် မိမိ​အိမ်​၌​ဖွား၍​သွန်သင်သော​လူ သုံး​ရာ​တစ်ဆယ့်​ရှစ်ယောက်​တို့ကို​စီရင်၍ ဒန်​မြို့​တိုင်အောင်​လိုက်​လေ​၏။ ည​အခါ မိမိလူ​တို့ကို​ခွဲ​၍​တိုက်​စေ​သဖြင့် လုပ်ကြံ​ပြီး​လျှင် ဒမာသက်​မြို့​မြောက်ဘက် ဟော​ဘ​မြို့​တိုင်အောင်​လိုက်​ပြန်​လေ​၏။ ရန်သူ​တို့​သိမ်းသွား​သော​ဥစ္စာ​ရှိသမျှကိုလည်း​ကောင်း၊ မိမိ​အစ်ကို​သား​လောတ​နှင့် သူ၏​ဥစ္စာ​ကိုလည်း​ကောင်း၊ မိန်းမ​များနှင့်​လူများ​ကိုလည်း​ကောင်း တစ်ဖန်ဆောင်​ယူ​ခဲ့​လေ​၏။” (ကမ္ဘာဦး ၁၄:၁၄-၁၆) အာဗြံ​သည် ယေဟောဝါ​၌ ခိုင်မြဲ​သော​ယုံကြည်ခြင်းကို​ပြသ​ရာ​တွင် သူ့​ထက်​ပို​၍​များပြား​လှ​စွာ​သော​တပ်​များ​ကို အောင်နိုင်​ခဲ့​ကာ လောတ​နှင့် သူ၏​မိသားစုကို ကယ်ဆယ်​ခဲ့​သည်။ ယခု အာဗြံ​သည် ယဇ်ပုရောဟိတ်​ဖြစ်သော ရှာ​လင်​မင်းကြီး​မေလခိဇေဒက်​နှင့် တွေ့ဆုံ​လေ​သည်။ “အမြင့်ဆုံး​သော​ဘုရားသခင်​၏ ယဇ်ပုရောဟိတ်​ဖြစ်သော ရှာ​လင်​မင်းကြီး​မေလခိဇေဒက်​သည်လည်း မုန့်​နှင့်​စပျစ်​ရည်​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊ ‘ကောင်းကင်​မြေကြီး​ရှင် အမြင့်ဆုံး​သော​ဘုရားသခင်​သည် အာဗြံ​အား ကောင်းချီး​ပေး​တော်​မူ​ပါစေ​သော’ ဟု အာဗြံ​ကို​ကောင်းချီး​ပေး​၍၊ ‘သင်၏​ရန်သူ​တို့ကို သင်၏​လက်၌​အပ်နှံ​တော်​မူ​သော အမြင့်ဆုံး​သော​ဘုရားသခင်​လည်း မင်္ဂလာ​ရှိ​တော်​မူ​စေ​သတည်း’ ဟု မြွက်ဆို​၏။ အာဗြံ​သည်လည်း ဥစ္စာ​ရှိသမျှ​တို့ကို ထို​မင်း​အား​ဆယ်ဖို့တစ်ဖို့​လှူ​လေ​၏။”—ကမ္ဘာဦး ၁၄:၁၈-၂၀

၁၉ မှန်ပါသည်၊ အောင်ပွဲ​ဟူသည် ယေဟောဝါ​နှင့်​ဆိုင်​၏။ အာဗြံ​သည် သူ၏​ယုံကြည်ခြင်း​ကြောင့် ယေဟောဝါ​၏​ကယ်တင်​တော်​မူ​ခြင်း​ကို နောက်​တစ်ဖန် ခံ​ခဲ့​ရသည်။ ယနေ့ ယေဟောဝါ​၏​လူတို့သည် စစ်မှု​တွင် ကိုယ်တိုင်​ပါဝင်​ဆင်နွှဲ​ကြ​မည်​မဟုတ်သော်လည်း သူတို့သည် စမ်းသပ်မှု​နှင့် စိန်ခေါ်ချက်​များစွာကို ရင်ဆိုင်​ကြ​ရသည်။ ယင်း​တို့ကို ကျွန်ုပ်​တို့​အောင်မြင်စွာ ကိုင်တွယ်​ဖြေရှင်း​နိုင်​ရန် အာဗြံ​၏​ပုံ​နမူနာ​က မည်သို့​ကူညီပေး​လိမ့်​မည်​ကို နောက်​ဆောင်းပါး​က ဖော်ပြ​ပါ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 2 (ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့်) ကျမ်း​စာစောင်​များ​ကို​ထိုးထွင်း​သိမြင်ခြင်း​စာအုပ်​အရ “ဖာရော​တစ်ပါး​သည် အလှ​ပ​ဂေး​တစ်ဦး​ကို​ဖမ်းဆီး​၍ သူ့​လင်ယောက်ျား​ကို​သတ်​ရန် လက်နက်ကိုင်​လူ​တို့အား တာဝန်​ပေး​ခဲ့​ကြောင်း ရှေးခေတ်​ပါ​ပိုင်း​ရပ်​တစ်စောင်​က​ဖော်ပြ” ကြောင်း​သိရ​၏။ သို့​ဖြစ်၍ အာဗြံ​သည် အစိုးရိမ်လွန်​နေခြင်း​မဟုတ်​ချေ။

^ အပိုဒ်၊ 6 နောက်ပိုင်း​တွင် အာဗြံ​၏​မယားငယ်​ဖြစ်လာ​သော ဟာဂရ​သည် ထို​အချိန်​က အာဗြံ​ရခဲ့​သော ကျေးကျွန်​များ​ထဲ​မှ​တစ်ဦး အပါအဝင်​ဖြစ်​ပေ​လိမ့်​မည်။—ကမ္ဘာဦး ၁၆:၁

^ အပိုဒ်၊ 16 ဧလံ​ပြည်​သည် ရှိ​နာ​ပြည်​အပေါ် ထိုသို့​တစ်ခါမျှ​သြဇာ​မ​ညောင်း​ခဲ့​၍ ခေဒေါရလောမာ​၏​ကျူးကျော်​တိုက်ခိုက်​ခြင်း​မှတ်တမ်း​သည် လုပ်ကြံ​ပြောဆိုမှု​တစ်ရပ်​မျှ​ဖြစ်သည်ဟု ဝေဖန်ရေး​သ​မား​တို့​က တစ်ချိန်​တစ်ခါ​က​ဆို​ခဲ့​ကြသည်။ သမ္မာကျမ်းစာ​မှတ်တမ်း​ကို ထောက်ခံ​သော ရှေးဟောင်း​သုတေသန​အထောက်အထား​ကို ဆွေးနွေး​တင်ပြ​ထားသော ၁၉၉၀၊ ဇူလိုင် ၁ ကင်းမျှော်စင် စာမျက်နှာ ၄-၇ ကို​ရှု။

သင်​သတိပြုမိ​သလော

• ခါ​နာ​န်​ပြည်​၌ အစာ​ငတ်မွတ်​ခေါင်းပါး​ခြင်း​က အာဗြံ​အတွက် ယုံကြည်ခြင်း​စမ်းသပ်ချက်​တစ်ရပ် မည်သို့​ဖြစ်​ခဲ့​သနည်း။

• အာဗြံ​နှင့် စာရဲ​နှစ်ဦးစလုံး​တို့သည် ယနေ့ ခင်ပွန်း​များနှင့် ဇနီး​များ​အတွက် မည်သို့သော​ပုံသက်သေ​ကောင်း ချမှတ်​ပေး​ခဲ့​သနည်း။

• အာဗြံ​သည် မိမိ၏​ကျေးကျွန်​နှင့် လောတ​၏​ကျေးကျွန်​များ​အကြား အငြင်းပွားမှု​ကို ကိုင်တွယ်​ခဲ့​ပုံ​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာများ​ရရှိနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

အာဗြံ​သည် မိမိ၏​ရပိုင်ခွင့်​ကို​မရ​မ​က​မယူ​ခဲ့​ဘဲ မိမိ​အကျိုး​ထက် လောတ​၏​အကျိုး​စီးပွား​ကို ဦးစားပေး​ခဲ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

အာဗြံ​သည် မိမိ၏​တူ​တော်စပ်​သူ​လောတ​ကို ကယ်ဆယ်​ရာ​၌ ယေဟောဝါ​အား ယုံကြည်​ကိုးစားမှု​ပြ​ခဲ့