ကျေးဇူးတင်တတ်ကာပျော်ရွှင်ပါ
ကျေးဇူးတင်တတ်ကာပျော်ရွှင်ပါ
“ကျေးဇူးတင်စိတ် ဖြစ်ပေါ်ခြင်းမှာ လူတို့၏အခြေခံကျသော အတွေ့အကြုံတစ်ရပ်ဖြစ်၏” ဟု ကနေဒါမှ ကဲလ်ဂရီသံတော်ဆင့်သတင်းစာတစ်စောင်က ဖော်ပြသည်။ အဆိုပါသံတော်ဆင့်သတင်းစာက အသက်ကိုးနှစ်အရွယ် မူလတန်းကျောင်းသားအချို့ကို သူတို့၏ဆရာက သူတို့ကျေးဇူးတင်သည့်အရာမှန်သမျှအကြောင်း ရေးသားရန် မှာကြားခဲ့ကြောင်း ကိုးကားခဲ့သည်။ လူငယ်လေးတစ်ဦးက သူ၏မိသားစုသည် ‘သူ့ကိုဂရုစိုက်သောကြောင့်’ သူတို့ကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့သည်။ ကလေးမတစ်ဦးကလည်း သူ၏မိသားစုကို ကျေးဇူးတင်ရခြင်းမှာ “သူတို့က ကျွန်မကို ဘေးရန်ကင်းဝေးအောင်၊ ကျန်းမာအောင်ထားပြီး ဂရုစိုက်တယ်၊ ချစ်မြတ်နိုးတယ်၊ အစာကျွေးမွေးတယ်။ ကျွန်မရဲ့မိဘတွေကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်မဟာ ဒီကမ္ဘာပေါ်မှာ ရှိနေမှာမဟုတ်ဘူး” ဟုဆိုသည်။
ကျေးဇူးကန်းခြင်းက မကျေမနပ်ဖြစ်စိတ်ကိုစွဲမြဲစေသည်။ ဘာသာရေးအတွေးအခေါ်ပညာရှင် ဂျေ. အိုင်. ပက်ကာက “ကျွန်ုပ်တို့သည် ဘုရားသခင်ကိုမှီခိုအားထားရန်နှင့် တစ်ဦးအပေါ်တစ်ဦး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီနေထိုင်ရန် ဖန်ဆင်းခံရ၏” ဟုဆိုသည်။ ယင်းသည် ရာစုနှစ်များစွာကမြွက်ဆိုခဲ့သော သမ္မာကျမ်းစာ၏ ဤပညာရှိဆုံးမစကားကို အမှတ်ရစေသည်– “ကျေးဇူးတော်ကို သိသောစိတ်ရှိကြလော့။” (ကောလောသဲ ၃:၁၅) သူတစ်ပါးကိုကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲဖော်ပြခြင်းက စိတ်ဝင်စားသောဆက်ဆံရေးများကို ပျိုးထောင်ရန်ထောက်ကူပေးသည်။
ထို့ပြင်တစ်ဦးကိုတစ်ဦး ကျေးဇူးတင်လေးမြတ်ခြင်းနှင့် တန်ဖိုးထားခြင်းဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါအား ကျေးဇူးတင်ကြောင်း ဖော်ပြရာလည်းကျပြီး ယင်းကို ကိုယ်တော်သတိပြုမိပေသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “အထံတော်၌စုံလင်သောစိတ်နှလုံးရှိသူတို့ဘက်တွင် တန်ခိုးပြတော်မူခြင်းငှာ [ယေဟောဝါ၏] မျက်စိတော်သည်လျင်မြန်၍ မြေကြီးတစ်ပြင်လုံးကိုတစ်ပြိုင်နက်နှံ့အောင်ကြည့်ရှုလျက်ရှိ၏။” (၂ ရာဇဝင်ချုပ် ၁၆:၉၊ သမ္မာ) ဘုရားသခင်သည် မိမိ၏နာမတော်အတွက် လူသားတို့ပြသောမေတ္တာကို ကိုယ်တော်သတိရတော်မူပြီး တန်ဖိုးထားကြောင်း ကျွန်ုပ်တို့အား စိတ်ချစေတော်မူသည်။ (ဟေဗြဲ ၆:၁၀) မှန်ပါသည်၊ ကျွန်ုပ်တို့ကျေးဇူးတင်ကြောင်းဖော်ပြရန် အကြောင်းကောင်းရှိ၏၊ အကြောင်းမှာ ဘုရားသခင့်ရေးရာနှင့်ဆိုင်သော ဤမွန်မြတ်သည့်အကျင့်ကို နေ့စဉ်ဖော်ပြသောအခါ ယေဟောဝါနှစ်သက်စရာဖြစ်၍ ကျွန်ုပ်တို့ကိုယ်တိုင်လည်း ပျော်ရွှင်မှုရ၏။ နယပုံပြင် ၁၅:၁၃ ဖော်ပြသကဲ့သို့ပင် “ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာကိုဖြစ်စေတတ်၏။”