မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏စိတ်နှလုံး၌ ခရစ်တော်၏ ငြိမ်သက်ခြင်း မည်သို့ထိန်းချုပ်နိုင်သနည်း

ကျွန်ုပ်တို့၏စိတ်နှလုံး၌ ခရစ်တော်၏ ငြိမ်သက်ခြင်း မည်သို့ထိန်းချုပ်နိုင်သနည်း

ကျွန်ုပ်​တို့၏​စိတ်နှလုံး​၌ ခရစ်တော်​၏ ငြိမ်သက်ခြင်း မည်သို့​ထိန်းချုပ်​နိုင်​သနည်း

“သင်တို့​စိတ်နှလုံး​အထဲ​၌ ခရစ်တော်​၏​ငြိမ်သက်ခြင်း အုပ်စိုး [“ထိန်းချုပ်၊” က​ဘ] စေ။ ထိုသို့​အ​လို့​ငှာ သင်တို့သည် တစ်လုံး​တစ်ကိုယ်တည်း​၌ ခေါ်ထား​တော်​မူ​ခြင်း​ကို ခံ​ကြ” ရသည်။—ကောလောသဲ ၃:၁၅

၁၊ ၂။ ခရစ်ယာန်​တစ်ဦး၏​စိတ်နှလုံး​တွင် “ခရစ်တော်​၏​ငြိမ်သက်ခြင်း” သည် အဘယ်​နည်းဖြင့် ထိန်းချုပ်​သနည်း။

ထိန်းချုပ်​ဟု​ဆို​လိုက်​လျှင် နှိပ်ကွပ်ခြင်း၊ ကြိုးကိုင်​ခြင်း​များ​ကို မြင်ယောင်​စေ​ရာ ယင်း​စကားလုံး​ကို လူအများ​က​မနှစ်မြို့​ကြ​ချေ။ သို့​ဖြစ်၍ ‘သင်တို့​စိတ်နှလုံး​အထဲ​၌ ခရစ်တော်​၏​ငြိမ်သက်ခြင်း ထိန်းချုပ်​စေ’ ဟု​ကောလောသဲ​ရှိ ယုံကြည်သူ​ခရစ်ယာန်​ချင်း​တို့အား ပေါလု​နှိုးဆော်​ခဲ့​ခြင်း​ကို အချို့​က ကျိုးကြောင်း​မညီညွတ်​ဟု ယူမှတ်​ပေမည်။ (ကောလောသဲ ၃:၁၅) ကျွန်ုပ်​တို့သည် လွတ်လပ်​စွာ​ရွေးချယ်ခွင့် ရှိကြ​သူများ​မဟုတ်ပေ​လော။ ကျွန်ုပ်​တို့၏​စိတ်နှလုံး​အား တစ်စုံတစ်ရာ သို့​မဟုတ် တစ်စုံ​တစ်ယောက်ကို အဘယ်ကြောင့်​ထိန်းချုပ်​စေ​သင့်​သနည်း။

ကောလောသဲ​အသင်းသား​တို့အား သူတို့၏​လွတ်လပ်​စွာ​ရွေးချယ်ခွင့်​ကို စွန့်လွှတ်​ဖို့ ပေါလု​ပြော​နေခဲ့​ခြင်း​မဟုတ်ပေ။ ကောလောသဲ ၃:၁၅ တွင် “ထိန်းချုပ်” ဟူ၍​ပြန်ဆို​ထားသော ဂရိ​အသုံးအနှုန်း​သည် ထို​ခေတ်​အခါ​က ပြေးခုန်ပစ်​ပြိုင်ပွဲ​များ​၌ ဆု​ပေး​ခဲ့​သော ဒို​င်​လူကြီး​အတွက် အသုံးပြုသည့်​စကားလုံး​နှင့် ဆက်စပ်​၏။ ပြိုင်ပွဲဝင်​သူများ​သည် ကစား​နည်း​၏​စည်းကမ်းချက်​များ​ဘောင်​အတွင်း အတိုင်းအတာ​တစ်ခု​အထိ လွတ်လပ်မှု​ရှိသော်လည်း အဆုံး​တွင် စည်းကမ်း​များ​အတိုင်း မည်သူ​လိုက်လျှောက်​၍ သို့ဖြင့် အနိုင်​ရ​ကြောင်းကို ဒို​င်​လူကြီး​က အဆုံးအဖြတ်​ပေး​ခဲ့​ရသည်။ အလားတူ ကျွန်ုပ်​တို့​ဘဝတွင် ဆုံးဖြတ်ချက်​များစွာကို လွတ်လပ်​စွာ​ချ​ခွင့်​ရှိသော်လည်း ထိုသို့​ပြု​ရာ​၌ ခရစ်တော်​၏​ငြိမ်သက်ခြင်း​သည် အမြဲ​ပင် “ဒို​င်​လူကြီး” အဖြစ်​ဆုံးဖြတ်​ပေး​သင့်​သည်၊ သို့​မဟုတ် ဘာသာပြန်​သူ အက်ဒ်​ဂါ ဂျေ၊ ဂွတ်​စ​ပီဒ်​ဆို​သည့်​အတိုင်း ၎င်း​သည် ကျွန်ုပ်​တို့၏​စိတ်နှလုံး​တွင် “စိုးမိုး​ထိန်းချုပ်​သည့်​အခြေခံ​မူ” ဖြစ်​သင့်​သည်။

၃။ “ခရစ်တော်​၏​ငြိမ်သက်ခြင်း” ကား အဘယ်နည်း။

“ခရစ်တော်​၏​ငြိမ်သက်ခြင်း” ကား အဘယ်နည်း။ ကျွန်ုပ်​တို့သည် ယေရှု၏​တပည့်​များ​ဖြစ်လာ​ကြ​ပြီး ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော့်​သားတော်​၏​ချစ်ခင်မှု​နှင့် မျက်နှာသာ​ကို​ရရှိကြောင်း ကျွန်ုပ်​တို့​သိရှိ​လာ​ကြသောအခါ ကျွန်ုပ်​တို့​ရရှိကြ​သည့် ဆိတ်ငြိမ်​အေးချမ်းမှု၊ စိတ်တွင်း​ငြိမ်သက်မှု​ဖြစ်သည်။ တပည့်တော်​များနှင့် ခွဲခွာ​ခါနီး​တွင် ယေရှု​က သူတို့ကို ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ငါ​၏​ငြိမ်သက်ခြင်း​ကို သင်တို့အား​ငါ​ပေး​၏။ . . . သင်တို့​စိတ်နှလုံး ပူပန်ခြင်း၊ စိုးရိမ်​တုန်လှုပ်ခြင်း မရှိစေ​နှင့်။” (ယောဟန် ၁၄:၂၇) ခရစ်တော်​၏ ခန္ဓာကိုယ်​အဝင် တည်ကြည်​သည့်​ကောင်းကင်​အတန်းအစား​၌​ပါဝင်သူ​များသည် အဆိုပါ​ငြိမ်သက်ခြင်း​ကို နှစ်ပေါင်း ၂,၀၀၀ နီးပါး​မွေ့လျော်​ခဲ့​ကြ​ပြီး ယနေ့ သူတို့၏​အပေါင်းပါများ​ဖြစ်သော “အခြားသိုး” တို့သည် ၎င်းကို​ဝေမျှ​ခံစား​ကြသည်။ (ယောဟန် ၁၀:၁၆) အဆိုပါ​ငြိမ်သက်ခြင်း​သည် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ထဲ​တွင် စိုးမိုး​ထိန်းချုပ်​လျက်​ရှိ​သင့်​သည်။ ကျွန်ုပ်​တို့​အပြင်းအထန်​စမ်းသပ်ခံ​ရသောအခါ ကြောက်​ပြီး ကြက်​သေ​သေသွား​ခြင်း သို့​မဟုတ် အလွန်အမင်း​စိုးရိမ်​ပူပန်ခြင်း​မရှိစေရန် ယင်းက ကူညီပေး​နိုင်၏။ မတရားမှုကို ကျွန်ုပ်​တို့​ကြုံတွေ့​ကြ​ရသောအခါ၊ စိုးရိမ်​ပူပန်မှု​များ ဝန်းရံ​နေသော​အခါ​နှင့် မထိုက်မတန်​ဟု​ကျွန်ုပ်​တို့​ခံစား​ကြ​ရသောအခါ ထိုသို့​အမှန်​ဖြစ်လာ​ပုံ​ကို ကြည့်​ကြ​စို့။

ကျွန်ုပ်​တို့ မတရားမှု​ကြုံတွေ့​ကြ​ရသောအခါ

၄။ (က) ယေရှုသည် မတရားမှုကို မည်သို့​အကျွမ်းဝင်​လာ​ခဲ့​သနည်း။ (ခ) ခရစ်ယာန်​များသည် မတရားမှု​၏​သားကောင်​များ​ဖြစ်​ရခြင်း​ကို မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

ရှောလမုန်​ဘုရင်​က ဤသို့​အသိအမှတ်ပြု​ခဲ့​သည်– လူသည် “အကျိုး​ပျက်​အောင် တစ်ယောက်ကို​တစ်ယောက် အုပ်စိုး” ကြပြီ။ (ဒေ. ၈:၉) ထိုစကား​များ မှန်ကန်ကြောင်း ယေရှု​သိတော်မူ​သည်။ ကိုယ်တော်​ကောင်းကင်​၌​ရှိ​စဉ်​ပင် လူသား​အချင်းချင်း တစ်ဦး​အပေါ်​တစ်ဦး အကြီးအကျယ်​မတရား​သဖြင့် ပြုမူ​ကြ​ကြောင်းကို တွေ့မြင်​ခဲ့​သည်။ မြေကြီးပေါ်​တွင် ကိုယ်တော်တိုင်​ပင် အကြီးမားဆုံး​သော​မတရားမှုကို တွေ့ကြုံ​ခံစား​ခဲ့​ရ၏၊ ကိုယ်တော်​သည် အပြစ်မဲ့​သော​လူသား​တစ်ဦး​ဖြစ်သော်လည်း ဘုရားသခင်​ကို စော်ကားသူ​အဖြစ် စွပ်စွဲ​ခံ​ခဲ့​ရပြီး ရာဇဝတ်သား​တစ်ဦး​အဖြစ် သေဒဏ်​ပေး​ခံ​ခဲ့​ရသည်။ (မဿဲ ၂၆:၆၃-၆၆; မာကု ၁၅:၂၇) ယနေ့ မတရားမှု နှံ့ပြား​လျက်​ရှိ​ဆဲ​ဖြစ်​ပြီး စစ်မှန်သော​ခရစ်ယာန်​များ​ကို ‘ခပ်သိမ်း​သော​လူမျိုး​တို့ မုန်း​ကြ’ ခြင်း​ကြောင့် အကြီးအကျယ်​ဆင်းရဲခြင်း​ခံစား​ခဲ့​ကြ​ရ၏။ (မဿဲ ၂၄:၉) သို့​တိုင် နာဇီ​အသေခံ​စခန်း​များနှင့် ဆိုဗီယက်​ဂူ​လက်​ခ်​ချွေး​တပ်​စခန်း​တို့​တွင် ကြောက်မက်​ဖွယ် အတွေ့အကြုံ​များ​ခံ​ခဲ့​ကြ​ရသည့်​ကြား၊ လူအုပ်​၏​အကြမ်းဖက်မှု၊ မတရား​စွပ်စွဲ​ခံရ​ပြီး မဟုတ်မမှန်​တိုက်ခိုက်​ပြောဆို​ခံ​ခဲ့​ကြ​ရသည့်​ကြား​မှ ခရစ်တော်​၏​ငြိမ်သက်ခြင်း​သည် သူတို့ကို ဆက်လက်​၍​ခိုင်မြဲ​တည်ကြည်​စေ​ခဲ့ပြီ။ “ကဲ့ရဲ့​ခြင်း​ကို​ခံရသော​အခါ ပြန်၍​မ​ကဲ့ရဲ့။ အသေခံ​ရသောအခါ ခြိမ်းခြောက်​ခြင်း​ကို​မပြု။ တရား​သဖြင့်​စီရင်တော်မူ​သော​သူ၌ ကိုယ်ကို​ကိုယ်​အပ်နှံ​တော်​မူ​၏” ဟု​ကျွန်ုပ်​တို့​ဖတ်​ရသည့် ယေရှုကို သူတို့​အတုယူ​ကြ​၏။—၁ ပေတရု ၂:၂၃

၅။ အသင်းတော်၌ မတရား​ဟန်​ရှိသည့်​ကိစ္စ​တစ်ရပ်​အကြောင်း ကြားသိ​သောအခါ ဦးဆုံး အဘယ်အရာကို​သုံးသပ်​သင့်​သနည်း။

အသေးစား​အနေ​နှင့် ခရစ်ယာန်​အသင်းတော်​တစ်ခု​တွင် တစ်ဦး​တစ်ယောက်​သည် မတရား​သဖြင့်​ဆက်ဆံခံရ​သည်​ဟု ကျွန်ုပ်​တို့ ယူမှတ်​ကြ​ပေမည်။ ထိုသို့​သော​ကိစ္စ​မျိုး​တွင် ဤသို့​ပြော​ခဲ့​သော ပေါလု​ကဲ့သို့ ကျွန်ုပ်​တို့​ခံစားရ​ပေမည်– “အဘယ်သူ​သည် ထိမိ​၍​လဲ​သနည်း၊ ငါသည် အမျက်မထွက်​ဘဲ​နေ​သလော။” (၂ ကောရိန္သု ၁၁:၂၉က​ဘ) ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ ကျွန်ုပ်​တို့​ကိုယ်ကို ‘ဒါ​တကယ်ပဲ မတရားမှု​လား’ ဟူ၍​မေးသင့်​သည်။ ကျွန်ုပ်​တို့သည် မကြာခဏ အကြောင်းစုံ​မသိကြ​ချေ။ သိပါ​သည်​ဟု​ဆို​သူ၏​စကား​ကို​နားထောင်ပြီး​နောက် ကျွန်ုပ်​တို့သည် ပြင်းထန်​စွာ​တုံ့ပြန်​နေခြင်း​ဖြစ်​နိုင်၏။ အကြောင်းကောင်း​ရှိ၍ သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– “ဉာဏ်​တိမ်​သော​သူသည် သူတစ်ပါး​ပြော​သမျှ​ကို​ယုံတတ်​၏။” (သု. ၁၄:၁၅) သို့​ဖြစ်၍ ကျွန်ုပ်​တို့ သတိထား​ကြ​ရန်လို​သည်။

၆။ အသင်းတော်​အတွင်း မတရားမှုများ​ကို သိမြင်​သောအခါ ကျွန်ုပ်​တို့ မည်သို့​တုံ့ပြန်​နိုင်​သနည်း။

သို့သော် ကျွန်ုပ်​တို့​ကိုယ်တိုင် မတရား​သဖြင့် ပြုမူ​ခံရ​သည်​ဆိုပါစို့။ စိတ်နှလုံး​ထဲ​၌ ခရစ်တော်​၏​ငြိမ်သက်ခြင်း​ရှိသူ​တစ်ဦး​သည် မည်သို့​တုံ့ပြန်​လိမ့်​မည်​နည်း။ ကျွန်ုပ်​တို့ကို ပြစ်မှား​သည်​ဟု မိမိ​ထင်မှတ်​သူနှင့် စကားစမြည်​ပြောဆို​ဖို့​လို​ပေမည်။ ထို့နောက် အဆိုပါ​အကြောင်းကို နားထောင်​မည့်​သူ မည်သူ​မဆို​နှင့် ဆွေးနွေး​တိုင်ပင်​မည့်​အစား ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​ထံ ထို​ကိစ္စ​ကို​ပုံအပ်​ပြီး တရား​သဖြင့် ပြုမူ​ဆောင်ရွက်​ပေး​တော်​မူ​လိမ့်​မည်​ဟု ယုံကြည်​စိတ်ချ​နေပါ။ (ဆာလံ ၉:၁၀; သု. ၃:၅) ထိုသို့​ပြုလုပ်​ပြီးပြီ​ဆိုလျှင် အဆိုပါ​ကိစ္စ​သည် ကျွန်ုပ်​တို့၏​စိတ်နှလုံး​တွင် ကျေနပ်စရာ​ဖြစ်သွား​ပြီး “တိတ်ဆိတ်​ခြင်း​ရှိကြ” လိမ့်​မည်။ (ဆာလံ ၄:၄) ပေါလု​၏ ဤ​ဆုံးမ​စကား​သည် ဖြစ်ရပ်​အတော်များများ​နှင့် သက်ဆိုင်​လိမ့်​မည်– “တစ်ယောက်​၌​တစ်ယောက် အပြစ်တင်စရာ​အခွင့်​ရှိလျှင်၊ အချင်းချင်း​သည်းခံ၍ အပြစ်ကို​လွှတ်​ကြလော့။ [ယေဟောဝါ] သည် သင်တို့၏​အပြစ်ကို​လွှတ်တော်​မူ​သကဲ့သို့၊ ထို​နည်းတူ​ပြု​ကြလော့။”—ကောလောသဲ ၃:၁၃

၇။ ညီအစ်ကို​များနှင့် ကျွန်ုပ်​တို့​ဆက်ဆံ​ရာ​တွင် အဘယ်အရာကို အမြဲ​ပင်​သတိရ​သင့်​သနည်း။

သို့သော် ကျွန်ုပ်​တို့​အဘယ်အရာကို​ပင် ပြုလုပ်​ပါစေ ဖြစ်ပျက်​လာ​သည့်​အရာ​ကို ကျွန်ုပ်​တို့​မထိန်းချုပ်​နိုင်​သော်လည်း ကျွန်ုပ်​တို့၏​တုံ့ပြန်မှု​ကို​မူ ထိန်းချုပ်​နိုင်​ကြောင်း သတိရ​ကြ​ရမည်။ ကျွန်ုပ်​တို့​သိမြင်​သော မတရားမှု​တစ်ခုခု​ကို မမျှမတ တုံ့ပြန်​မည်​ဆိုလျှင် ယင်းက ထို​မတရားမှု​ကိုယ်နှိုက်​ထက် ကျွန်ုပ်​တို့၏​ငြိမ်သက်ခြင်း​ကို သာ၍​အကျိုးယုတ်​စေ​ပေမည်။ (သု. ၁၈:၁၄) ထို​အခါ ကျွန်ုပ်​တို့သည် ထိမိ​လဲ​၍ တရား​မျှတ​စွာ​မပြု​မချင်း အသင်းတော်​နှင့်​ပေါင်းသင်း​ဆက်ဆံမှု ရပ်စဲ​ပစ်လိုက်​နိုင်​ပေ​သည်။ ယေဟောဝါ​၏​ပညတ်တော်​များ​ကို ချစ်​မြတ်နိုးသူ​တို့အတွက် “စိတ်ပျက်​စ​ရာ​အကြောင်း​မရှိ” ဟု​ဆာလံဆရာ​ရေးသားခဲ့​၏။ (ဆာလံ ၁၁၉:၁၆၅) အမှန်​မှာ လူတိုင်း​ပင် အခါ​အား​လျော်​စွာ မတရား​စွာ​ဆက်ဆံခံရ​သည်။ ဤ​ကဲ့သို့ အကြောင်း​မလှ​သော​အတွေ့အကြုံ​များ​က ယေဟောဝါ​အား သင်​အမှုဆောင်​နေခြင်း​ကို အနှောင့်အယှက်​မပေး​မိပါစေ​နှင့်။ ၎င်း​အစား ခရစ်တော်​၏​ငြိမ်သက်ခြင်း​သည် သင်၏​စိတ်နှလုံး​ကို ထိန်းချုပ်​ပါ​လေ​စေ။

စိုးရိမ်​ပူပန်မှု​များ​ဖြင့် ဝန်းရံ​ခံရသော​အခါ

၈။ စိုးရိမ်​ပူပန်​စေသော​အရာအချို့​ကား အဘယ်နည်း၊ စိုးရိမ်​ပူပန်မှု​သည် အဘယ်အရာကို​ဖြစ်စေ​နိုင်​သနည်း။

ဤ “နောက်ဆုံးသော​နေ့ရက်​များ” ၌ ဘဝတွင် စိုးရိမ်​ပူပန်မှု တကယ်​ရှိ၏။ (၂ တိမောသေ ၃:၁သမ္မာ) ယေရှု​က “သင်တို့သည် အဘယ်​သို့​စား​ရမည်​ဟူ၍ အသက်​အဖို့​မစိုးရိမ်​ကြ​နှင့်။ အဘယ်​သို့​ဝတ်​ရမည်​ဟူ၍ ကိုယ်​အဖို့​မစိုးရိမ်​ကြ​နှင့်” ဟု​မိန့်တော်မူ​ခဲ့​သည်​မှာ မှန်​ပေ​၏။ (လုကာ ၁၂:၂၂) သို့သော် စိုးရိမ်​ပူပန်မှု​တိုင်း ရုပ်ပစ္စည်း​နှင့်​ပတ်သက်​သည်မဟုတ်။ လောတ​သည် သောဒုံ​မြို့​၏​အကျင့်ပျက်​ပြား​မှု​ကြောင့် “နှောင့်ယှက်ခြင်း​ကို​ခံ” ခဲ့​ရသည်။ (၂ ပေတရု ၂:၇) ပေါလုသည် ‘အသင်းတော်​အပေါင်း​တို့အတွက် စိုးရိမ်​သော​စိတ်’ ၏​ဖိစီးမှုကို​ခံ​ခဲ့​ရသည်။ (၂ ကောရိန္သု ၁၁:၂၈) ယေရှုသည် မသေဆုံးမီ​ည​တွင် “ချွေး​ထွက်​တော်​မူ​သည်​ကား၊ မြေပေါ်​၌​ကျ​သော​သွေးစက်​ခဲ​ကဲ့သို့​ဖြစ်” သည့်​အထိ ပြင်းပြ​စွာ​စိတ်ပူ​ပန်​ခဲ့​သည်။ (လုကာ ၂၂:၄၄) ရှင်း​နေသည်​ကား စိုးရိမ်​ပူပန်​တိုင်း ယုံကြည်ခြင်း​အားနည်း​သောကြောင့်​မဟုတ်ပေ။ သို့သော် မည်သည့်​အကြောင်းကြောင့်​မဆို စိုးရိမ်​ပူပန်​ပါစေ အလွန်အမင်း၊ ကြာမြင့်စွာ​စိုးရိမ်​နေပါက စိတ်​ငြိမ်သက်မှု ပျောက်ဆုံး​သွား​နိုင်​ပါ​သည်။ စိုးရိမ်​ပူပန်မှု​သည် အချို့​သူတို့ကို လွှမ်းမိုး​ဝါးမျို​သွားခဲ့​ပြီး ယေဟောဝါ​အမှုတော်ထမ်း​ခြင်း​နှင့်​ဆိုင်သော​တာဝန်​များ​ကို သူတို့​ဆက်​မ​ထမ်းဆောင်​နိုင်​တော့​ပေ​ဟု သူတို့အား ခံစား​စေ​သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “စိုးရိမ်​ကြောင့်ကြ​ခြင်း​သည် ညှိုးငယ်​စေ​တတ်၏။” (သု. ၁၂:၂၅သမ္မာ) သို့​ဖြစ်​လျှင် ကျွန်ုပ်​တို့သည် စိုးရိမ်​ပူပန်​နေပါက အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

၉။ စိုးရိမ်​ပူပန်မှု​လျော့နည်းစေ​ရန် အသုံးချ​နိုင်​သည့် လက်တွေ့ကျ​နည်းလမ်း​အချို့​ကား အဘယ်နည်း၊ သို့သော် စိုးရိမ်​ပူပန်​စေသည့် အဘယ်အရာ​အချို့​ကို​မူ မဖယ်ရှား​နိုင်​သနည်း။

အခြေအနေ​အချို့​တွင် လက်တွေ့ကျကျ​ဖြေရှင်း​နည်း​များ ရှိ​နိုင်​ပေ​သည်။ ကျန်းမာ​ရေး​ကြောင့် စိုးရိမ်​ပူပန်​နေရ​လျှင် ယင်းကို ဂရုစိုက်​သင့်​သည်၊ သို့သော် ဤ​ကိစ္စ​သည် ကိုယ်ရေးကိုယ်တာ​ကိစ္စ​ဖြစ်၍ ကိုယ်တိုင်​ဆုံးဖြတ်​ရ​ပေ​လိမ့်​မည်။ * (မဿဲ ၉:၁၂) တာဝန်​များ​လွန်း​၍ ဝန်ပိနေ​မည်​ဆိုလျှင် ယင်း​တာဝန်​အချို့​ကို အခြား​သူတို့အား လွှဲအပ်​နိုင်​ပေမည်။ (ထွက်မြောက်ရာ ၁၈:၁၃-၂၃) သို့သော် မိဘ​ဖြစ်သူ​တို့​ကဲ့သို့ လွှဲအပ်​ရန်​မဖြစ်​နိုင်သော ကြီး​လေး​သည့်​တာဝန်​များ​ရှိလျှင်​ကော အသို့နည်း။ အတိုက်အခံပြု​သော​အိမ်ထောင်ဖက်​နှင့် နေထိုင်​ရသော ခရစ်ယာန်​တစ်ဦး​ဖြစ်​လျှင်​ကော အသို့နည်း။ စီးပွားရေး အလွန့်အလွန်​ကျပ်တည်း​သော​မိသားစု သို့​မဟုတ် စစ်​နယ်မြေ​တစ်ခု​တွင် နေထိုင်​ရ​လျှင်​ကော အသို့နည်း။ ရှင်း​နေသည်​ကား ဤ​အစီအစဉ်​စနစ်​ရှိ စိုးရိမ်​ပူပန်​စေသော​အရာအားလုံးကို ကျွန်ုပ်​တို့​မဖယ်ရှား​နိုင်​ချေ။ သို့​တိုင် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ထဲ​တွင် ခရစ်တော်​၏​ငြိမ်သက်ခြင်း​ရှိစေ​နိုင်​ပါ​သည်။ မည်သို့​နည်း။

၁၀။ စိုးရိမ်​ပူပန်မှု​လျော့နည်းစေ​ရန် ခရစ်ယာန်​တစ်ဦး ပြုလုပ်​နိုင်​သည့်​နည်း​နှစ်နည်း​ကား အဘယ်နည်း။

၁၀ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ နှစ်သိမ့်မှု​ရှာယူ​ခြင်း​မှာ တစ်နည်း​ဖြစ်၏။ ဘုရင်​ဒါဝိဒ်က ဤသို့​ရေးသားခဲ့​သည်– “အကျွန်ုပ်၏​စိတ်​ထဲမှာ စိုးရိမ်​ကြောင့်ကြ​ခြင်း​များပြား​သောအခါ နှစ်သိမ့်​တော်​မူ​ခြင်း​သည် အကျွန်ုပ်​ကို​ရွှင်လန်း​စေပါ​၏။” (ဆာလံ ၉၄:၁၉သမ္မာ) သမ္မာကျမ်းစာ​တွင် ယေဟောဝါ​၏ “နှစ်သိမ့်​တော်​မူ​ခြင်း” ကို တွေ့ရှိ​နိုင်​သည်။ ထို​မှုတ်သွင်းခံစာ​စောင်​ကို မှန်မှန်​လေ့လာခြင်း​က ကျွန်ုပ်​တို့၏​စိတ်နှလုံး​၌ ခရစ်တော်​၏​ငြိမ်သက်ခြင်း​ရှိစေရန် အကူအညီ​ရ​ပေ​လိမ့်မည်။ သမ္မာကျမ်းစာ​က “ထမ်းရွက်​ရသော​ဝန်ကို ထာဝရ​ဘုရား​၌​ချထား​လော့။ သင့်ကို​မစ​တော်​မူ​မည်။ ဖြောင့်မတ်​သော​သူကို အစဉ်အမြဲ​လှုပ်ရှား​စေ​တော်​မ​မူ​ရာ” ဟု​ဆို​သည်။ (ဆာလံ ၅၅:၂၂) ထို​နည်း​ထပ်တူ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း . . . သော​အားဖြင့်၊ သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား​ကြားလျှောက်​ကြလော့။ ထို​သို့ပြုလျှင် အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် သင်တို့၏​စိတ်နှလုံး​တို့ကို စောင့်မ​လိမ့်​မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) စိတ်​ထက်သန်​စွာ​ဖြင့် မှန်မှန်​ဆုတောင်းခြင်း​သည် ကျွန်ုပ်​တို့​တွင်​ငြိမ်သက်ခြင်း​ရှိစေရန် အကူအညီ​ပေး​ပေ​လိမ့်​မည်။

၁၁။ (က) ဆုတောင်းခြင်း​ကိစ္စ​တွင် ယေရှုသည် စံနမူနာ​ကောင်း မည်သို့​ဖြစ်​ခဲ့​သနည်း။ (ခ) ဆုတောင်းခြင်း​ကို ကျွန်ုပ်​တို့​မည်သို့​ယူမှတ်​သင့်​သနည်း။

၁၁ ယင်း​နှင့်​ပတ်သက်​၍ ယေရှုသည် အကောင်းဆုံး​စံနမူနာရှင်​ဖြစ်​ခဲ့​သည်။ ကိုယ်တော်​သည် မကြာခဏ​ပင် နာရီ​နှင့်​ချီ​ပြီး မိမိ၏​ကောင်းကင်​ခမည်းတော်​အား ဆုတောင်း၍​စကားပြော​ဆို​ခဲ့​၏။ (မဿဲ ၁၄:၂၃; လုကာ ၆:၁၂) ဆုတောင်းခြင်း​က ကိုယ်တော်​အား အဆိုး​ဝါး​ဆုံး​စမ်းသပ်မှု​များ​ကို ခံရပ်​စေ​ခဲ့​သည်။ ကိုယ်တော်​မသေဆုံးမီ​ည​တွင် ကိုယ်တော်​၏​စိတ်ပူ​ပန်​မှု​မှာ အလွန်​ပြင်းထန်​ခဲ့​သည်။ မည်သို့​တုံ့ပြန်​တော်​မူ​ခဲ့​သနည်း။ ကိုယ်တော်​သည် “အထူးသဖြင့်​ကြိုး​စား၍” ဆုတောင်း​တော်​မူ​ခဲ့​သည်။ (လုကာ ၂၂:၄၄) မှန်ပါသည်၊ ဘုရားသခင်​၏​စုံလင်သော​သားတော်​သည် အမြဲ​ဆုတောင်း​ခဲ့​သူ​ဖြစ်သည်။ သို့​ဖြစ်​လျှင် ကိုယ်တော်​၏​မစုံလင်​သော​နောက်လိုက်​များသည် ဆုတောင်းခြင်း​အလေ့အထ​ကို သာ၍​ပင်​မွေးမြူ​သင့်​သည်​တကား! ယေရှုသည် မိမိ၏​တပည့်​များ​ကို “အား​မ​လျော့​ဘဲ ကြိုး​စား၍​ဆုတောင်း” ဖို့​သွန်သင်​ပေး​ခဲ့​၏။ (လုကာ ၁၈:၁) ဆုတောင်းခြင်း​သည် အမှန်တကယ်​ဖြစ်​ကာ ကျွန်ုပ်​တို့​ကိုယ်ကို​သိ​သည်ထက် ကျွန်ုပ်​တို့ကို​သာ၍​သိတော်မူ​သော​အရှင်​နှင့် အလွန်​အရေးပါသော ဆက်သွယ်ခြင်း​ဖြစ်သည်။ (ဆာလံ ၁၀၃:၁၄) ကျွန်ုပ်​တို့၏​စိတ်နှလုံး​ထဲ ခရစ်တော်​၏​ငြိမ်သက်ခြင်း​ကို​ရှိစေ​လိုလျှင် ကျွန်ုပ်​တို့သည် “မခြားမလပ်​ဆုတောင်း” ကြ​ရမည်။—၁ သက်သာလောနိတ် ၅:၁၇

ကျွန်ုပ်​တို့၏​ချွတ်ယွင်းချက်​များ​ကို အနိုင်ယူ​ခြင်း

၁၂။ မိမိတို့၏​အမှုတော်​ဆောင်ခြင်း​သည် အရည်အချင်း​မပြည့်မီ​ဟု အဘယ်​အကြောင်း​များ​ကြောင့် အချို့​ခံစားရ​မည်​နည်း။

၁၂ ယေဟောဝါ​သည် မိမိ​ကျေးကျွန်​တစ်ဦးစီ​ကို အဖိုးထိုက်​သော​သူ​အဖြစ် ရှုမြင်တော်မူ​၏။ (ဟဂ္ဂဲ ၂:၇သမ္မာ) သို့​ဖြစ်သော်လည်း ယင်းကို လူအများ​လက်ခံရ​ခက်​သည်။ အချို့​တို့​မှာ အသက်အရွယ်​အိုမင်း​လာ၍​ဖြစ်စေ၊ မိသားစု​တာဝန်​ကြီး​လာ၍​ဖြစ်စေ၊ ကျန်းမာ​ရေး​ချို့ယွင်း​လာ၍​ဖြစ်စေ စိတ်ပျက်​အားလျော့​ကြ​ပေမည်။ အခြားသူ​တို့​မှာ​မူ ငယ်​စဉ်​ဘဝ မသာယာ​ခဲ့​ခြင်း​ကြောင့် တစ်​ပန်း​ရှုံး​သည်​ဟု​ခံစားရ​ပေမည်။ အတိတ်​က​အမှား​ကြောင့် အလူးအလဲ​ဆက်ခံစား​ရ​ဖွယ်​ရှိပြီး သူတို့ကို ယေဟောဝါ​ခွင့်လွှတ်​နိုင်​ပါ​မည်​လော​ဟု ခံစား​နေရသူ​များလည်း​ရှိ​ပေမည်။ (ဆာလံ ၅၁:၃) ထိုသို့​သော ခံစားချက်​များ​ရှိနေ​မည်​ဆိုလျှင် ကျွန်ုပ်​တို့​အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

၁၃။ အရည်အချင်း​မပြည့်မီ​ဟု ခံစား​ရသူ​တို့အတွက် အဘယ်​ကျမ်းချက်​က နှစ်သိမ့်မှု​ပေး​သနည်း။

၁၃ ခရစ်တော်​၏​ငြိမ်သက်ခြင်း​က ကျွန်ုပ်​တို့အား ယေဟောဝါ​ချစ်တော်မူ​ကြောင်း စိတ်ချ​စေ​လိမ့်​မည်။ ကျွန်ုပ်​တို့၏​လုပ်ဆောင်ချက်​နှင့် အခြား​သူတို့၏​ဆောင်ရွက်ချက်​ကို နှိုင်းယှဉ်​ကြည့်​ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​တန်ဖိုး​ကို​တိုင်းတာ​သည်​ဟု ယေရှု မည်သည့်​အခါ​က​မျှ မိန့်တော်​မ​မူ​ခဲ့​ကြောင်း ပြန်​စဉ်းစား​ဆင်ခြင်ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ထဲ ငြိမ်သက်ခြင်း ပြန်​ရှိစေ​နိုင်​သည်။ (မဿဲ ၂၅:၁၄၊ ၁၅; မာကု ၁၂:၄၁-၄၄) ကိုယ်တော် အလေးပေး​ဖော်ပြ​ခဲ့​သည်​မှာ သစ္စာ​စောင့်သိ​ခြင်း​ဖြစ်သည်။ တပည့်တော်​များ​ကို ကိုယ်တော်​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “အကြင်သူသည် အဆုံးတိုင်အောင်​တည်ကြည်​၏၊ ထို​သူသည် ကယ်တင်ခြင်း​သို့​ရောက်​လိမ့်​မည်။” (မဿဲ ၂၄:၁၃) ယေရှု​ကိုယ်တော်တိုင်​ပင် လူတို့၏ “မထီမဲ့မြင်​ပြုခြင်း​ခံ” ခဲ့​ရ​သော်လည်း မိမိ၏​ခမည်းတော်​သည် မိမိ​အား​ချစ်တော်မူ​ကြောင်း ကိုယ်တော်​လုံးဝ​သံသယ​မဝင်​ခဲ့​ချေ။ (ဟေရှာယ ၅၃:၃; ယောဟန် ၁၀:၁၇) တပည့်တော်​များသည်​လည်း ချစ်​မြတ်နိုး​ခံရ​ကြောင်း သူတို့အား ကိုယ်တော်​မိန့်တော်မူ​ခဲ့​သည်။ (ယောဟန် ၁၄:၂၁) ၎င်းကို​အလေးပေး​ဖော်ပြ​ရန် ယေရှု​က “စာငှက်​နှစ်ကောင်ကို အဿရိ​တစ်ပြား​ဖိုး​နှင့် ဝယ်ရသည်​မဟုတ်လော။ သင်တို့​အဘ​အခွင့်​မ​ရှိလျှင် ထို​စာငှက်​တစ်ကောင်​မျှ မြေ​သို့​မကျ​ရ။ သင်တို့​ဆံပင်​သည်လည်း အကုန်အစင်​ရေတွက်လျက်​ရှိ၏။ ထို့​ကြောင့် မကြောက်​ကြ​နှင့်။ သင်တို့သည် စာငှက်​အများ​တို့​ထက် သာ၍​မြတ်​ကြ​၏” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၁၀:၂၉-၃၁) ယေဟောဝါ​၏​မေတ္တာ​နှင့်​ပတ်သက်​၍ နွေးထွေးမှု​ရှိစေ​သည့် အာမခံချက်​ပါ​တကား!

၁၄။ ကျွန်ုပ်​တို့​တစ်ဦးစီ​ကို ယေဟောဝါ​တန်ဖိုး​ထား​ကြောင်း အဘယ်​အာမခံချက်​ရှိ​သနည်း။

၁၄ ယေရှု​က “ငါ့ကို​စေလွှတ်​တော်​မူ​သော​ခမည်းတော်​သည် သွေးဆောင်​တော်​မ​မူလျှင်၊ အဘယ်သူမျှ​ငါ့​ထံ​သို့​မလာ​နိုင်” ဟု​လည်း​မိန့်တော်မူ​ခဲ့​သည်။ (ယောဟန် ၆:၄၄) ယေရှု​နောက်သို့​လိုက်​ရန် ကျွန်ုပ်​တို့ကို ယေဟောဝါ​သွေးဆောင်​တော်​မူ​ခဲ့ပြီ​ဖြစ်​ရာ ကိုယ်တော်​သည် ကျွန်ုပ်​တို့အား ကယ်တင်ခြင်း​ရ​စေလို၍​ဖြစ်​ရမည်။ မိမိ၏​တပည့်တော်​များ​ကို ယေရှု​ဤသို့​မိန့်တော်မူ​ခဲ့​၏– “ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ဤ​သူငယ်​တစ်စုံ​တစ်ယောက်ကို​မျှ ပျက်စီး​စေခြင်း​ငှာ အလိုတော်​မရှိ။” (မဿဲ ၁၈:၁၄) သို့​ဖြစ်၍ သင်သည် စိတ်နှလုံး​အပြည့်​ဖြင့် အမှုထမ်းဆောင်​နေ​မည်​ဆိုလျှင် သင်၏​ကောင်းသော​လုပ်ငန်းများ​တွင် ဝမ်းမြောက်​နိုင်​ပေ​သည်။ (ဂလာတိ ၆:၄) သင်သည် အတိတ်​က​အမှား​များ​ကြောင့် အလူးအလဲ​ခံ​နေရ​မည်​ဆိုလျှင် ယေဟောဝါ​သည် အမှန်တကယ် နောင်တ​ယူ​သူများကို “အထူးသဖြင့်” ခွင့်လွှတ်တော်​မူ​ကြောင်း ယုံကြည်​စိတ်ချ​ပါ​လေ။ (ဟေရှာယ ၄၃:၂၅; ၅၅:၇) သင်သည် အခြား​အကြောင်း​တစ်ခုခု​ကြောင့် စိတ်ပျက်​အားလျော့​နေ​မည်​ဆိုလျှင် “ထာဝရ​ဘုရား​သည် ကျိုးပဲ့​သော​စိတ်​ရှိသောသူ​တို့​နှင့် နှလုံး​ကြေကွဲ​သော​သူတို့ကို နီး​တော်​မူ​၏။ နောင်တ​ရှိ၍ စိတ်​နှိမ့်ချသော​သူတို့ကိုလည်း ကယ်တင်​တော်​မူ” ကြောင်း သတိရပါ​လေ။—ဆာလံ ၃၄:၁၈

၁၅။ (က) ကျွန်ုပ်​တို့၏​စိတ်​ငြိမ်သက်မှု ပျောက်ဆုံး​သွား​ရန် စာတန်​မည်သို့​ကြိုးပမ်း​မည်​နည်း။ (ခ) အဘယ်အရာ​နှင့်​ပတ်သက်ပြီး ယေဟောဝါ​၌ ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၅ သင်၌ စိတ်​ငြိမ်သက်မှု​မရှိခြင်း​ကို စာတန်​အလိုလားဆုံး​ဖြစ်သည်။ သူသည် ကျွန်ုပ်​တို့အားလုံး ဆိုင်ပြိုင်​တွန်းလှန်​နေကြ​ရသော အမွေခံ​အပြစ်​၏ အဓိက​တရားခံ​ဖြစ်သည်။ (ရောမ ၇:၂၁-၂၄) သင်၏​မစုံလင်မှု​ကြောင့် သင်၏​အမှုတော်​ဆောင်ခြင်း​ကို ဘုရားသခင် လက်သင့်ခံ​နိုင်​မည်​မဟုတ်​ဟု သင့်​အား အမှန်ပင်​ခံစား​စေ​လို​သည်။ သင့်ကို စိတ်ဓာတ်ကျ​စေရန် စာတန်​ကို ဘယ်​သောအခါ​မျှ ခွင့်​မပြု​ပါ​လေ​နှင့်! သူ၏​ဉာဏ်​နီ​ဉာဏ်​နက်​များ​ကို သတိထား​ပါ၊ ထိုသို့​သတိထား​ခြင်း​က သင့်​အား ခံနိုင်ရည်​ရှိ​ရန် ဆုံးဖြတ်ချက်​ချ​နိုင်​ပါစေ။ (၂ ကောရိန္သု ၂:၁၁; ဧဖက် ၆:၁၁-၁၃) “ဘုရားသခင်​သည် ငါ​တို့၏​စိတ်နှလုံး​ထက် သာ၍​ကြီးမြတ်​သည်​ဖြစ်၍၊ အလုံးစုံ​တို့ကို​သိတော်မူ” ကြောင်းကို​သတိရပါ​လေ။ (၁ ယောဟန် ၃:၂၀) ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ချွတ်ယွင်းချက်​များ​ထက် ပို​၍​မြင်​သည်။ ကျွန်ုပ်​တို့၏​သဘောထားများ​နှင့် ရည်ရွယ်ချက်များ​ကိုလည်း ကိုယ်တော်​မြင်တော်မူ​၏။ သို့​ဖြစ်၍ ဆာလံဆရာ​၏ ဤ​စကား​များ​မှ နှစ်သိမ့်မှု​ရယူပါ– “ထာဝရ​ဘုရား​သည် မိမိလူ​တို့ကို​မ​ပယ်၊ အမွေတော်​ကို​စွန့်ပစ်​တော်​မ​မူ။”—ဆာလံ ၉၄:၁၄

ခရစ်တော်​၏​ငြိမ်သက်ခြင်း​၌ စည်းလုံး​ညီညွတ်​နေခြင်း

၁၆။ ကျွန်ုပ်​တို့သည် ခံနိုင်ရည်​ရှိ​ရန် ကြိုးစား​နေကြ​ရာ​တွင် အဘယ်​နည်းဖြင့် ထီးတည်း​မဟုတ်​သနည်း။

၁၆ ကျွန်ုပ်​တို့သည် “တစ်လုံး​တစ်ကိုယ်တည်း​၌ ခေါ်ထား​တော်​မူ​ခြင်း” ခံရ​ကြသော​ကြောင့် ကျွန်ုပ်​တို့၏​စိတ်နှလုံး​အထဲ​တွင် ခရစ်တော်​၏​ငြိမ်သက်ခြင်း ထိန်းချုပ်​သင့်​၏​ဟု ပေါလု​ရေးသားခဲ့​သည်။ ပေါလု​စာရေး​ခဲ့​သော ကောင်းကင်​အတန်းအစား ခရစ်ယာန်​များ​ကို ခရစ်တော်​ကိုယ်ခန္ဓာ​၏ အစိတ်အပိုင်း​ဖြစ်​ရန် ခေါ်ဆောင်​ထားခဲ့​သကဲ့သို့ ယနေ့ ကောင်းကင်​အတန်းအစား အကြွင်းအကျန်​များလည်း ထပ်တူ​ပင်​ဖြစ်သည်။ သူတို့၏​အပေါင်းပါများ​ဖြစ်​ကြသော “အခြားသိုး” သည် “သိုးထိန်း​တစ်ပါး​တည်း” ဖြစ်သော ယေရှု​ခရစ်​အောက်​၌ “သိုးအုပ်​တစ်အုပ်၊ [သမ္မာ]” တည်း​အဖြစ် သူတို့နှင့်​စည်းစည်းလုံးလုံး​ရှိကြ​၏။ (ယောဟန် ၁၀:၁၆) တ​ပေါင်း​တ​စည်း​တည်း​ဖြင့် ကမ္ဘာ​တစ်​လွှား သန်းနှင့်ချီ​သော “သိုးအုပ်” သည် ခရစ်တော်​၏​ငြိမ်သက်ခြင်း​ကို သူတို့၏​စိတ်နှလုံး​တွင် ထိန်းချုပ်​ခွင့်ပြု​နေကြ​သည်။ ကျွန်ုပ်​တို့သည် ထီးတည်း​မဟုတ်​ကြောင်း သိထားခြင်းက ကျွန်ုပ်​တို့ကို ခံနိုင်ရည်​ရှိစေသည်။ ပေတရု​က ဤသို့​ရေးသားခဲ့​သည်– “လူ​ပြည်​အရပ်ရပ်​တို့​၌​ရှိသော သင်တို့​ညီအစ်ကို​များ​တို့သည် ထိုသို့​သော​ဆင်းရဲ​ကို​ခံရ​ကြသည်​ဟု သိမှတ်​လျက်၊ ယုံကြည်ခြင်း၌​တည်​၍ [စာတန်] . . . ကို​ဆီးတား​ကြလော့။”—၁ ပေတရု ၅:၉

၁၇။ ကျွန်ုပ်​တို့၏​စိတ်နှလုံး​ထဲ​တွင် ခရစ်တော်​၏​ငြိမ်သက်ခြင်း ထိန်းချုပ်​စေရန် အဘယ်​လှုံ့ဆော်ပေး​ချက်​ရှိ​သနည်း။

၁၇ သို့​ဖြစ်၍ ကျွန်ုပ်​တို့အားလုံး ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​၏ အရေးပါသော​အသီး​ဖြစ်သည့် ငြိမ်သက်ခြင်း​ကို ဆက်လက်​မွေးမြူ​ကြ​ပါစေ။ (ဂလာတိ ၅:၂၂၊ ၂၃) အညစ်အကြေး​နှင့်​ကင်းစင်​၍ အဘယ်​အပြစ်​မျှ​မပါဘဲ ငြိမ်သက်​စွာ​ရှိ​သူများ​ဖြစ်​ကြောင်း ယေဟောဝါ​တွေ့ရှိ​သူတို့သည် အဆုံး​တွင် ဖြောင့်မတ်ခြင်း​တည်နေရာ မြေကြီး​ပရဒိသု​ပေါ်မှာ ထာဝစဉ်​အသက်ရှင်ခြင်း​ကောင်းချီး ခံစား​ကြ​ရ​ပေ​လိမ့်​မည်။ (၂ ပေတရု ၃:၁၃၊ ၁၄) ကျွန်ုပ်​တို့၏​စိတ်နှလုံး​ထဲ​တွင် ခရစ်တော်​၏​ငြိမ်သက်ခြင်း ထိန်းချုပ်​စေရန် ကျွန်ုပ်​တို့​၌ အကြောင်းကောင်း​များစွာ​ရှိ​ပေ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 အချို့​ကိစ္စ​များ​တွင် ပြင်းထန်​သည့်​စိတ်ကျ​ဝေဒနာ​များ​ကဲ့သို့​သော ကျန်းမာ​ရေး​အခြေအနေ​များ​ကြောင့် စိုးရိမ်​ပူပန်​ပေမည်၊ သို့​မဟုတ် စိုးရိမ်​ပူပန်မှု​ပြင်းထန်​လာပေမည်။

သင်​မှတ်မိ​သလော

• ခရစ်တော်​၏​ငြိမ်သက်ခြင်း​ကား အဘယ်နည်း။

• မတရားမှုကို ကျွန်ုပ်​တို့​ကြုံတွေ့​ကြ​ရသောအခါ ခရစ်တော်​၏​ငြိမ်သက်ခြင်း​က ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို မည်သို့​ထိန်းချုပ်​နိုင်​သနည်း။

• ခရစ်တော်​၏​ငြိမ်သက်ခြင်း​က စိုးရိမ်​ပူပန်မှု​ကို​ကိုင်တွယ်​ရန် မည်သို့​ကူညီပေး​သနည်း။

• မထိုက်တန်​ဟု ကျွန်ုပ်​တို့​ခံစားရ​သောအခါ ခရစ်တော်​၏​ငြိမ်သက်ခြင်း​က မည်သို့​စိတ်သက်သာရာ​ရစေ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေရှုသည် အပြစ်တင်​စွပ်စွဲသူ​များ​ရှေ့တွင် ယေဟောဝါ​ထံ မိမိကိုယ်ကို​အပ်နှံ​ခဲ့

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

မေတ္တာ​ရှိသော ဖခင်​တစ်ဦး၏​ပွေ့ဖက်မှု​ကဲ့သို့​ပင် ယေဟောဝါ​၏​နှစ်သိမ့်​ပေး​မှု​သည် ကျွန်ုပ်​တို့၏​စိုးရိမ်​ပူပန်မှု​ကို ငြိမ်း​အေး​စေနိုင်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခံနိုင်ရည်​သည် ယေဟောဝါ​အတွက် များစွာ​တန်ဖိုး​ရှိ