‘ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်လေ’
‘ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်လေ’
“လူတိုင်းနှင့် တတ်နိုင်သမျှ ငြိမ်းချမ်းစွာနေထိုင်ကြလော့။”—ရောမ ၁၂:၁၈၊ သတင်းကောင်း။
၁၊ ၂။ လူသားတို့ဖန်တီးသော အဘယ်ငြိမ်းချမ်းရေးမျှ တည်မြဲမှုမရှိရသည့် အကြောင်းရင်းအချို့ကား အဘယ်နည်း။
မခိုင်သောအုတ်မြစ်၊ ဆွေးမြေ့သောရက်မများ၊ ညွတ်ကျနေသောခေါင်မိုးဖြင့် အိမ်တစ်လုံးကို မြင်ယောင်ကြည့်ပါ။ ယင်းအိမ်မျိုးသို့ သင်ရွှေ့ပြောင်းနေထိုင်လိုမည်လော။ ဝေးလေစွ။ ဆေးပြန်သုတ်လျှင်ပင် ထိုအိမ်၏ ခနော်ခနဲ့ဖြစ်နေပုံကို ပြောင်းလဲနိုင်မည်မဟုတ်။ ယင်းအိမ်သည် အနှေးနှင့်အမြန် ပြိုကျလိမ့်မည်။
၂ ဤလောကတွင်ရှိ အဘယ်ငြိမ်းချမ်းရေးမဆိုသည် အဆိုပါအိမ်နှင့်တူ၏။ ယင်းသည် မခိုင်သောအုတ်မြစ်—“မကယ်တင်နိုင်သော” လူသားတို့၏ကတိများနှင့် နည်းဗျူဟာများ—အပေါ်တည်ဆောက်ထားသည်။ (ဆာလံ ၁၄၆:၃) သမိုင်းတစ်လျှောက် နိုင်ငံများ၊ လူမျိုးစုများနှင့် လူမျိုးနွယ်များ ဆိုင်ပြိုင်တိုက်ခိုက်မှုတစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့ပြီ။ မှန်ပါသည်၊ တဒင်္ဂမျှငြိမ်သက်ချိန်များရှိခဲ့သော်လည်း အဘယ်ငြိမ်းချမ်းရေးမျိုးနည်း။ နိုင်ငံနှစ်နိုင်ငံစစ်တိုက်ခဲ့ပြီးနောက် တစ်နိုင်ငံက စစ်ရှုံးသွား၍ဖြစ်စေ၊ သို့မဟုတ် စစ်တိုက်နေ၍ အဘယ်အကျိုးမျှထပ်မပေါ်လာကြောင်း နှစ်နိုင်ငံစလုံးက သိမြင်လာ၍ဖြစ်စေ စစ်ပြေငြိမ်းမှုရယူလိုက်ကြပါက ၎င်းသည် အဘယ်ငြိမ်းချမ်းရေးမျိုးဖြစ်သနည်း။ စစ်ဖြစ်စေခဲ့သည့် မုန်းတီးမှုများ၊ သံသယများ၊ မနာလိုမှုများ ရှိနေဆဲပင်ဖြစ်သည်။ ဟန်ပြမျှဖြစ်သောငြိမ်းချမ်းရေး၊ ရန်ငြိုးကို ‘ဆေးသုတ်၍ဖုံးထားခြင်း’ မှာ တည်မြဲသောငြိမ်းချမ်းရေးမဟုတ်ချေ။—ယေဇကျေလ ၁၃:၁၀။
၃။ ဘုရားသခင့်လူမျိုး၏ငြိမ်သက်ခြင်းသည် လူဖန်တီးသော အဘယ်ငြိမ်သက်ခြင်းမဆိုနှင့် အဘယ်ကြောင့်ခြားနားရသနည်း။
၃ မည်သို့ပင်ဆိုစေ စစ်ဒဏ်ခံရသည့် ဤကမ္ဘာမြေပေါ်တွင် စစ်မှန်သောငြိမ်သက်ခြင်းရှိပေသည်။ အဘယ်နေရာတွင်နည်း။ ယေရှုခရစ်၏ခြေရာကို လိုက်လျှောက်ကြသော ကိုယ်တော်၏နောက်လိုက်၊ စစ်မှန်သောခရစ်ယာန်များကြား၌ဖြစ်သည်၊ ဤသူတို့သည် ယေရှု၏စကားကို နားထောင်၍ ကိုယ်တော့်အသက်တာလမ်းစဉ်ကို အတုယူရန်ကြိုးပမ်းကြသည်။ (၁ ကောရိန္သု ၁၁:၁; ၁ ပေတရု ၂:၂၁) လူမျိုးအနွယ်အသီးသီးမှ လူနေမှုအဆင့်အတန်းနှင့် နိုင်ငံချင်းမတူသူများဖြစ်ကြသည့် ဤစစ်မှန်သောခရစ်ယာန်များအကြား၌ရှိသော ငြိမ်သက်မှုသည် စစ်မှန်၏၊ အကြောင်းမှာ ဤငြိမ်သက်မှုသည် ဘုရားသခင်နှင့် သူတို့စပ်ကြားရှိ ငြိမ်းချမ်းသည့်ဆက်ဆံရေးမှ ပေါက်ပွားလာ၍ ယင်းသည် ယေရှုခရစ်၏ ရွေးနုတ်ဖိုးပူဇော်သကာကို သူတို့ယုံကြည်ခြင်းအပေါ် အခြေခံ၏။ သူတို့၏ငြိမ်သက်ခြင်းသည် ဘုရားသခင်ထံတော်မှ ဆုကျေးဇူးတစ်ခုဖြစ်ပြီး လူတို့ဖန်တီးသည့်အရာမဟုတ်ချေ။ (ရောမ ၁၅:၃၃၊ သမ္မာ; ဧဖက် ၆:၂၃၊ ၂၄) ယင်းသည် “ငြိမ်သက်ခြင်းအရှင်” ယေရှုခရစ်ကို သူတို့လက်အောက်ခံခြင်းနှင့် “မေတ္တာနှင့်ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်” ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်း၏ ရလဒ်ပင်တည်း။—ဟေရှာယ ၉:၆; ၂ ကောရိန္သု ၁၃:၁၁၊ သမ္မာ။
၄။ ခရစ်ယာန်တစ်ဦးသည် ငြိမ်သက်ခြင်းကို မည်သို့ “မီအောင်လိုက်” သနည်း။
၄ ငြိမ်သက်ခြင်းကို မစုံလင်သူများ အလိုအလျောက်ရရှိသည်မဟုတ်ပါ။ ထို့ကြောင့် ပေတရုက ခရစ်ယာန်တစ်ဦးစီသည် ‘ငြိမ်သက်ခြင်းကိုရှာ၍ လိုက်’ သင့်သည်ဟုဆို၏။ (၁ ပေတရု ၃:၁၁၊ သမ) ယင်းကို ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်မည်နည်း။ ရှေးခေတ်ပရောဖက်ပြုချက်တစ်ခုက ဖြေဆိုပေးသည်။ ဟေရှာယမှတစ်ဆင့် ယေဟောဝါဤသို့မိန့်တော်မူသည်– “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရားဆုံးမသွန်သင်တော်မူသောသူဖြစ်၍ များစွာသောစည်းစိမ်ချမ်းသာ [“ငြိမ်သက်ခြင်း၊” ကဘ] နှင့် ပြည့်စုံကြလိမ့်မည်။” (ဟေရှာယ ၅၄:၁၃; ဖိလိပ္ပိ ၄:၉) မှန်ပါသည်၊ ယေဟောဝါ၏သွန်သင်ချက်များကို လိုက်လျှောက်ကြသူတို့တွင် စစ်မှန်သောငြိမ်သက်ခြင်းရှိ၏။ ထိုထက်ကား၊ ငြိမ်သက်ခြင်းသည် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ . . . စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ . . . ချုပ်တည်းခြင်း” တို့နှင့်အတူ ဘုရားသခင်၏ဝိညာဉ်အသီးဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ယင်းကို မေတ္တာမရှိ၊ ရွှင်လန်းမှုမရှိ၊ စိတ်မရှည်နိုင်၊ သနားမကြင်နာတတ်၊ ဆိုးညစ်၍ သစ္စာမရှိ၊ အလွန်ကြမ်းကြုတ်သူ သို့မဟုတ် ချုပ်တည်းမှုမရှိသူတစ်ဦးသည် ပျော်မွေ့ခံစားနိုင်မည်မဟုတ်ချေ။
‘လူတိုင်းနှင့် ငြိမ်းချမ်းစွာနေလော့’
၅၊ ၆။ (က) ငြိမ်းချမ်းစွာနေခြင်းသည် သမ္မာကျမ်းစာတွင် မည်သို့အဓိပ္ပာယ်ရှိသနည်း။ (ခ) ခရစ်ယာန်များသည် မည်သူတို့နှင့် ငြိမ်းချမ်းစွာနေရန် ကြိုးပမ်းကြသနည်း။
၅ ငြိမ်သက်ခြင်းကို “ဆိတ်ငြိမ်အေးချမ်းခြင်း သို့မဟုတ် အေးအေးဆေးဆေးရှိခြင်း” အဖြစ် အဓိပ္ပာယ်ဖွင့်ထား၏။ ထိုသို့အဓိပ္ပာယ်ဖွင့်ခြင်းသည် ပဋိပက္ခဖြစ်မှုမရှိသည့် အခြေအနေများစွာနှင့် သက်ဆိုင်လိမ့်မည်။ အမှန်မှာ လူသေတစ်ဦးပင်လျှင် ငြိမ်သက်အေးချမ်းမှု ရှိသည်တကား! သို့သော် စစ်မှန်သောငြိမ်သက်ခြင်းရှိစေရန် ငြိမ်သက်အေးဆေးရုံနှင့် မလုံလောက်သေးချေ။ တောင်ပေါ်တရားတော်တွင် ယေရှုဤသို့မိန့်တော်မူခဲ့သည်– “သူတစ်ပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ‘ဘုရားသခင်၏သားတော်’ ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတ္တံ့။” (မဿဲ ၅:၉) နောက်ပိုင်းတွင် ဝိညာဉ်ရေးဆိုင်ရာဘုရားသခင့်သားများ ဖြစ်လာခွင့်ရရှိလိမ့်မည်ဖြစ်သည့် ကောင်းကင်တွင်မသေနိုင်သောအသက်တာကို ဝင်စားကြမည့်သူတို့ကို ယေရှုမိန့်တော်မူခြင်းဖြစ်သည်။ (ယောဟန် ၁:၁၂; ရောမ ၈:၁၄-၁၇) ထို့ပြင် နောက်ဆုံးတွင် ကောင်းကင်မျှော်လင့်ချက်မရှိသော တည်ကြည်သူ လူသားအားလုံးသည် “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွတ်ခြင်းချမ်းသာ” ကိုမွေ့လျော်ရကြလိမ့်မည်ဖြစ်သည်။ (ရောမ ၈:၂၁) ငြိမ်းချမ်းစွာနေသူတို့သာလျှင် ထိုသို့သောမျှော်လင့်ချက်ရှိနိုင်သည်။ “ငြိမ်းချမ်းစွာနေ” အတွက် ဂရိစကားလုံး၏ဆိုလိုရင်းမှာ “ရန်ငြိမ်းစေသူများ” ဖြစ်သည်။ သမ္မာကျမ်းစာသဘောအရ ငြိမ်းချမ်းစွာနေခြင်းသည် ငြိမ်သက်မှုရှိစေရန် တက်တက်ကြွကြွဆောင်ရွက်ခြင်း၊ ယခင်က ငြိမ်သက်မှုမရှိခဲ့သောနေရာတွင် ရှိလာစေခြင်းကိုလည်း ဆိုလိုသည်။
၆ ယင်းကို စိတ်ထဲမှတ်ထားလျက် ရောမမြို့သားတို့ကို တမန်တော်ပေါလုဆုံးမခဲ့သော ဤစကားကိုသုံးသပ်ကြည့်ပါ– “လူတိုင်းနှင့် တတ်နိုင်သမျှ ငြိမ်းချမ်းစွာနေထိုင်ကြလော့။” (ရောမ ၁၂:၁၈၊ သတင်းကောင်း) ပေါလုက ရောမမြို့သားတို့အား အေးအေးဆေးဆေးနေကြရန်သာ ပြောနေခြင်းမဟုတ်ချေ၊ သို့သော် ယင်းသည် အထောက်အကူပြုပေမည်။ သူက အချင်းချင်းငြိမ်သက်မှုရှိဖို့ပြုရန် အားပေးခဲ့ခြင်းဖြစ်၏။ မည်သူတို့နှင့်နည်း။ “လူတိုင်းနှင့်” ဖြစ်သည်၊ မိသားစုဝင်များ၊ ခရစ်ယာန်ချင်းများ၊ ယုံကြည်ခြင်းမတူသူများနှင့်ပင် ဖြစ်သည်။ ရောမမြို့သားများကို ‘သူတို့ တတ်နိုင်သမျှအတိုင်း’ အခြားသူတို့နှင့် ငြိမ်သက်မှုရှိဖို့ပြုကြရန် သူတိုက်တွန်းခဲ့သည်။ သို့ပြုရာတွင် ငြိမ်သက်မှုရှိရန်အတွက် သူတို့၏ယုံကြည်ချက်များကို သူအလျှော့ပေးလိုက်လျောစေလိုသည်မဟုတ်ပါ။ သူတစ်ပါးကို မလိုအပ်ဘဲ ရန်ဘက်ဖြစ်စေမည့်အစား သူတို့ထံ ငြိမ်သက်အေးဆေးသောသဘောဖြင့် ချဉ်းကပ်ရမည်ဖြစ်သည်။ အသင်းတော်အတွင်း၊ အပြင်၌ ရှိသူတို့နှင့်ဆက်ဆံရာတွင် ခရစ်ယာန်များသည် ထိုသို့ပြုကြရမည်ဖြစ်သည်။ (ဂလာတိ ၆:၁၀) ၎င်းနှင့်အညီ ပေါလုဤသို့ရေးသားခဲ့သည်– “အချင်းချင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသောသူတို့၌လည်းကောင်း ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။”—၁ သက်သာလောနိတ် ၅:၁၅။
၇၊ ၈။ ခရစ်ယာန်များသည် မိမိတို့နှင့်ယုံကြည်ခြင်းမတူသူတို့နှင့် မည်သို့ငြိမ်းချမ်းစွာနေကြပြီး အဘယ်ကြောင့်နည်း။
၇ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့်ယုံကြည်ခြင်းမတူသူ၊ အတိုက်အခံပင်ပြုသူများနှင့် မည်သို့ငြိမ်းချမ်းစွာနေနိုင်မည်နည်း။ တစ်နည်းအားဖြင့် သူတစ်ပါးကိုအထင်အမြင်သေးသည့် ဟန်ပန်မျိုးကို ကျွန်ုပ်တို့ရှောင်ကြဉ်မည်။ ဥပမာ၊ တစ်ဦးတစ်ယောက်နှင့်ပတ်သက်၍ ရှုတ်ချစကားများပြောဆိုခြင်းက ငြိမ်းချမ်းစေမည်မဟုတ်။ ယေဟောဝါသည် အဖွဲ့အစည်းနှင့် အတန်းအစားများအပေါ် မိမိ၏တရားစီရင်ချက်ကို ဖော်ပြခဲ့ပေပြီ၊ သို့သော် ကျွန်ုပ်တို့အနေဖြင့် တစ်ဦးတစ်ယောက်သည် ပြစ်ဒဏ်ချမှတ်ခံရပြီးဖြစ်သည့်အလား ပြောဆိုပိုင်ခွင့်မရှိချေ။ အခြားသူများ၊ အတိုက်အခံပြုသူတို့ကိုပင် ကျွန်ပ်တို့တရားမစီရင်ရပါ။ လူ့အာဏာပိုင်များနှင့် ကရေတေကျွန်းရှိ ခရစ်ယာန်များ၏ဆက်ဆံရေးနှင့်စပ်လျဉ်း၍ သူတို့ကိုဆုံးမရန် တိတုအား ပေါလုမှာကြားပြီးနောက် “အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညင်းသောသဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာပြု” ကြရန် သတိပေးဖို့လည်း ပြောခဲ့သည်။—တိတု ၃:၁၊ ၂။
၁ ကောရိန္သု ၁၅:၃၃) သို့တိုင် ကျွန်ုပ်တို့သည် ယဉ်ကျေးပျူငှာနိုင်ပြီး လူအပေါင်းကို ရိုသေလေးစားစွာ လူလူချင်းသနားညှာတာမှုရှိစွာ ဆက်ဆံသင့်သည်။ ပေတရုဤသို့ရေးသားခဲ့သည်– “သာသနာပလူတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည်ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့။”—၁ ပေတရု ၂:၁၂။
၈ ကျွန်ုပ်တို့နှင့် ယုံကြည်ခြင်းမတူသူတို့နှင့် ငြိမ်သက်မှုတိုးပွားနေစေခြင်းက သူတို့အား အမှန်တရားကိုထောက်ခံခြင်းအတွက် များစွာတာသွားစေ၏။ “ကောင်းသောအကျင့်ဓလေ့ယိုယွင်း” စေနိုင်သူတို့နှင့် ကျွန်ုပ်တို့ရင်းနှီးစွာပေါင်းမည်မဟုတ်သည်ကား အမှန်။ (ခရစ်ယာန်ဓမ္မအမှု၌ ငြိမ်းချမ်းခြင်း
၉၊ ၁၀။ မယုံကြည်သူတို့နှင့် ငြိမ်းချမ်းစွာဆက်ဆံခြင်း၌ တမန်တော်ပေါလုချမှတ်ပေးခဲ့သည့် ပုံသက်သေကား အဘယ်နည်း။
၉ ပထမရာစုရှိခရစ်ယာန်များသည် သူတို့၏ရဲရင့်မှုအတွက် ကျော်ကြားခဲ့သည်။ သူတို့သည် သူတို့၏သတင်းတရားကို လျော့ပေါ့မဟောခဲ့ချေ၊ အတိုက်အခံနှင့်ထိပ်တိုက်ရင်ဆိုင်ရသောအခါ လူ့စကားထက် ဘုရားသခင့်စကားကိုနားထောင်ရန် သူတို့စိတ်ပိုင်းဖြတ်ထားကြ၏။ (တမန်တော် ၄:၂၉; ၅:၂၉) မည်သို့ပင်ဖြစ်စေ သူတို့သည် ရဲရင့်မှုကို ရိုင်းပျမှုနှင့်မရောစေခဲ့ကြပါ။ ဘုရင်ဟေရုဒ်အဂြိပ္ပ ၂ ရှေ့တွင် မိမိ၏ယုံကြည်ခြင်းကို ထောက်ခံပြောဆိုခဲ့သောအခါ ပေါလုပြုလုပ်ခဲ့ပုံကိုသုံးသပ်ကြည့်ပါ။ ဟေရုဒ်အဂြိပ္ပသည် သူ၏ညီမဗေရနိတ်နှင့် သွေးနီးသူ ချင်းပေါင်းသင်းနေသည်။ သို့သော် ပေါလုသည် အဂြိပ္ပအား ကိုယ်ကျင့်တရားအကြောင်း ဟောပြောရန်မရွေးချယ်ခဲ့ချေ။ ယင်းအစား သူတို့သဘောတူကြသည့်အချက်များကို အလေးပေးဖော်ပြ၍ အဂြိပ္ပသည် ယုဒထုံးတမ်းများကို ကျွမ်းကျင်သူ၊ ပရောဖက်များကိုယုံကြည်သူဖြစ်သည့်အတွက် ချီးကျူးပြောဆိုခဲ့သည်။—တမန်တော် ၂၆:၂၊ ၃၊ ၂၇။
၁၀ ပေါလုသည် မိမိကို လွှတ်ပေးနိုင်မည့်သူအား ပရိယာယ်ဆင်၍ မြှောက်ပင့်ပြောဆိုနေခဲ့ခြင်းလော။ မဟုတ်ပါ။ ပေါလုသည် မိမိကိုယ်နှိုက်၏အကြံပြုချက်နှင့်အညီ လိုက်လျှောက်ခဲ့ပြီး အမှန်တရားကို ပြောဆိုခြင်းသာဖြစ်သည်။ ဟေရုဒ်အဂြိပ္ပအား သူပြောဆိုသမျှတွင် မုသာမပါချေ။ (ဧဖက် ၄:၁၅) သို့သော် ပေါလုသည် ရန်ငြိမ်းစေသူတစ်ဦးဖြစ်ပြီး “ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာ” မည်သို့ဖြစ်ရကြောင်းကို သိထား၏။ (၁ ကောရိန္သု ၉:၂၂) သူ၏ရည်ရွယ်ချက်မှာ ယေရှုအကြောင်းဟောပြောရန် မိမိ၏အခွင့်အရေးကို ရှင်းလင်းတင်ပြဖို့ဖြစ်သည်။ ဆရာသမားကောင်းတစ်ဦးအနေဖြင့် အဂြိပ္ပနှင့် သူသဘောတူညီနိုင်သောအရာကို ဖော်ပြ၍ စကားစမြည်စတင်ခဲ့သည်။ သို့ဖြင့် ပေါလုသည် အကျင့်ယိုယွင်းသည့်ထိုရှင်ဘုရင်အား ခရစ်ယာန်ဘာသာတရားအပေါ် အမြင်ရှင်းလာစေခဲ့၏။—တမန်တော် ၂၆:၂၈-၃၁။
၁၁။ ကျွန်ုပ်တို့သည် ခရစ်ယာန်ဓမ္မအမှုတွင် ရန်ငြိမ်းစေသူများ မည်သို့ဖြစ်နိုင်သနည်း။
၁၁ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုတွင် ရန်ငြိမ်းစေသူများ မည်သို့ဖြစ်နိုင်ကြမည်နည်း။ ပေါလုကဲ့သို့ပင် အငြင်းပွားခြင်းကို ရှောင်ရှားသင့်၏။ မှန်ပါသည်၊ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ရဲရင့်စွာထောက်ခံပြောဆိုရန်၊ “ကြောက်ရွံ့ခြင်းမရှိဘဲ၊ ဘုရားသခင်၏နှုတ် [မြွက်စကား] တော်ကို သာ၍ဟောပြော” ရန်လိုသည်။ (ဖိလိပ္ပိ ၁:၁၄၊ သမ္မာ) သို့သော် အများအားဖြင့် ကျွန်ုပ်တို့၏အဓိကရည်ရွယ်ချက်မှာ သတင်းကောင်းဟောပြောရန်ဖြစ်သည်။ (မဿဲ ၂၄:၁၄) လူတစ်ဦးသည် ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့်ဆိုင်သော အမှန်တရားကို သိရှိနားလည်လာပြီဆိုလျှင် မှောက်မှားသောဘာသာရေး ယူဆချက်များကို စတင်ဖယ်ရှားကာ မသန့်ရှင်းသောအကျင့်အကြံများနှင့် ကင်းစင်စေနိုင်မည်။ သို့ဖြစ်၍ နှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့်အရာများနှင့် စတင်ပြောဆိုလျက် ကျွန်ုပ်တို့စကားကိုနားထောင်သူတို့ နှစ်သက်မည့်အကြောင်းအရာများကို အတတ်နိုင်ဆုံး အလေးပေးခြင်းသည် ကောင်းပေသည်။ ကျွန်ုပ်တို့လိမ္မာပါးနပ်စွာ ချဉ်းကပ်ပါက သတင်းတရားအား လက်ခံနိုင်မည့်သူတစ်ဦးကို အတိုက်အခံလုပ်ခြင်းသည် အကျိုးရှိမည်မဟုတ်ချေ။—၂ ကောရိန္သု ၆:၃။
မိသားစု၌ ရန်ငြိမ်းစေသူများ
၁၂။ ကျွန်ုပ်တို့သည် မိသားစုတွင် အဘယ်နည်းလမ်းများဖြင့် ရန်ငြိမ်းစေသူများဖြစ်နိုင်သနည်း။
၁၂ အိမ်ထောင်သည်တို့သည် ‘လောကဆင်းရဲကို ခံရကြမည်’ ဟုပေါလုဆိုခဲ့သည်။ (၁ ကောရိန္သု ၇:၂၈၊ သမ္မာ) အခက်အခဲအမျိုးမျိုး တွေ့ကြုံကြရပေမည်။ တစ်ခုမှာ အခါအားလျော်စွာ မောင်နှံစုံအချို့ စိတ်ဝမ်းကွဲကြပေမည်။ ယင်းတို့ကို မည်သို့ကိုင်တွယ်သင့်သနည်း။ ငြိမ်းချမ်းသောနည်းဖြင့်ဖြစ်၏။ ရန်ငြိမ်းစေသူသည် စိတ်ဝမ်းကွဲမှု မတိုးပွားလာစေရန် ကြိုးစားအားထုတ်လိမ့်မည်။ မည်သို့နည်း။ ဦးဆုံး လျှာကို စောင့်ထိန်းခြင်းဖြင့်ဖြစ်သည်။ ခနဲ့တဲ့တဲ့၊ စော်စော်ကားကား ပြောဆိုရန် ဤသေးငယ်သောအင်္ဂါကိုအသုံးပြုသည့်အခါ ၎င်းသည် အမှန်ပင် “မဆုံးမနိုင်သောအဆိုးအညစ် . . . သေစေတတ်သောအဆိပ်အတောက်နှင့် ပြည့်စုံ” နိုင်သည်။ (ယာကုပ် ၃:၈) ရန်ငြိမ်းစေသူသည် မိမိ၏လျှာကို ဖြိုဖျက်ရန်မဟုတ်ဘဲ တည်ဆောက်ရန်အသုံးပြုတတ်၏။—သု. ၁၂:၁၈။
၁၃၊ ၁၄။ စကားအားဖြင့် မှားသွားသောအခါ သို့မဟုတ် စိတ်လှုပ်ရှားမှုများလွန်းသောအခါ ငြိမ်သက်ခြင်းကို မည်သို့ထိန်းထားနိုင်သနည်း။
၁၃ ကျွန်ုပ်တို့အားလုံးသည် မစုံလင်သောကြောင့် အခါအားလျော်စွာ နောင်မှ နောင်တရသည့်စကားမျိုးကို ပြောဆိုမိတတ်ကြ၏။ သို့ဖြစ်လျှင် ကျေအေးရန်၊ ငြိမ်သက်မှုရှိစေရန် ချက်ချင်းကြိုးစားပါလေ။ (သု. ၁၉:၁၁; ကောလောသဲ ၃:၁၃) “စကားကြောင့်သာငြင်းခုံ” ခြင်း၊ “အချည်းနှီးဆွေးနွေးခြင်း” နွံ၌နစ်နေခြင်းကိုရှောင်ကြဉ်ပါ။ (၁ တိမောသေ ၆:၄၊ ၅) ယင်းအစား အပေါ်ယံကိုသာမကြည့်ဘဲ သင့်အိမ်ထောင်ဖက်၏ ခံစားချက်ကို သဘောပေါက်နားလည်ဖို့ကြိုးစားပါ။ သင့်အား မခံချိမခံသာစကားများပြောဆိုလာလျှင် ထပ်တူမတုံ့ပြန်ပါနှင့်။ “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်” ကြောင်း သတိရပါလေ။—သု. ၁၅:၁။
၁၄ တစ်ခါတစ်ရံ ‘မျက်မာန်မထမီ ရှောင်လော့’ ဟူသည့် နယပုံပြင် ၁၇:၁၄ ပါဆုံးမစကားကို သင်သုံးသပ်ရန်လိုပေလိမ့်မည်။ ပေါက်ကွဲနိုင်သောအခြေအနေမှ နောက်ဆုတ်လိုက်ပါ။ နောက်ပိုင်း စိတ်အေးသွားသောအခါ ထိုပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပေလိမ့်မည်။ အချို့ကိစ္စတွင် ရင့်ကျက်သောခရစ်ယာန်ကြီးကြပ်မှူးတစ်ဦး၏အကူအညီကို တောင်းဆိုလျှင် ကောင်းပေမည်။ အိမ်ထောင်သာယာရေးအတွက် စိုးရိမ်စရာရှိသောအခါ ယင်းသို့သောအတွေ့အကြုံရှိပြီး စာနာပေးတတ်သူတို့သည် အားသစ်လောင်းပေးသောအထောက်အကူတစ်ရပ် ဖြစ်လာနိုင်၏။—ဟေရှာယ ၃၂:၁၊ ၂။
အသင်းတော်၌ ရန်ငြိမ်းစေသူများ
၁၅။ ယာကုပ်၏အဆိုအရ ခရစ်ယာန်အချို့၌ အဘယ်ဆိုးညစ်သောစိတ်သဘော ပေါ်လာသနည်း၊ ယင်းသည် အဘယ်ကြောင့် “မြေကြီးပညာ၊” “ဇာတိပကတိပညာ၊” “နတ်ဆိုးပညာ” ဖြစ်သနည်း။
၁၅ ဝမ်းနည်းစရာမှာ ပထမရာစုရှိခရစ်ယာန်အချို့သည် ငြိမ်သက်ခြင်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော မနာလိုခြင်းနှင့် ငြင်းခုံတတ်သည့်သဘောကို ဖော်ပြခဲ့ကြသည်။ ယာကုပ်ဤသို့ဆိုသည်– “ထိုသို့သောပညာသည် အထက်မှသက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။ အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း [“မနာလိုခြင်း၊” ကဘ]၊ ရန်တွေ့ခြင်း [“ငြင်းခုံတတ်ယာကုပ် ၃:၁၄-၁၆) “ငြင်းခုံတတ်ခြင်း” ဟုဘာသာပြန်ဆိုထားသော ဂရိစကားလုံးသည် အတ္တဆန်သောရည်မှန်းချက်၊ အခွင့်အာဏာရရှိရန် ပရိယာယ်ဆင်ခြင်းနှင့်ပတ်သက်သည်ဟု အချို့ကယူမှတ်ကြသည်။ အကြောင်းကောင်းရှိ၍ ယာကုပ်က ယင်းကို “မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာ” ဟုအမည်တပ်ခြင်းဖြစ်သည်။ သမိုင်းတစ်လျှောက်၌ ကမ္ဘာ့အုပ်စိုးရှင်များသည် တစ်ကောင်နှင့်တစ်ကောင်တိုက်ခိုက်သော သားရဲများကဲ့သို့ အငြင်းအခုံပြုခဲ့ကြ၏။ ငြင်းခုံခြင်းသည် အမှန်ပင် “မြေကြီးပညာ”၊ “ဇာတိပကတိပညာ” ဖြစ်သည်။ ယင်းသည် “နတ်ဆိုးပညာ” လည်းဖြစ်၏။ ဤစဉ်းလဲသောအကျင့်စရိုက်ကို ယေဟောဝါဘုရားသခင်အား ဆန့်ကျင်ပုန်ကန်၍ နတ်ဆိုးတို့၏အုပ်စိုးရှင်၊ စာတန်ဖြစ်လာသည့် အာဏာရူးသောကောင်းကင်တမန်က ဦးဆုံးဖော်ပြခဲ့သည်။
ခြင်း၊” ကဘ] ရှိလျှင် မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာပြုမူခြင်းအမျိုးမျိုးရှိတတ်၏။” (၁၆။ ပထမရာစုရှိခရစ်ယာန်အချို့သည် စာတန်၏စိတ်သဘောထားမျိုးကို မည်သို့တင်ပြခဲ့ကြသနည်း။
၁၆ ငြင်းခုံတတ်သောသဘောသည် ငြိမ်သက်ခြင်းကင်းမဲ့စေသောကြောင့် ယင်းကို ခရစ်ယာန်များ တွန်းလှန်ရန် ယာကုပ်တိုက်တွန်းခဲ့သည်။ သူဤသို့ရေးခဲ့သည်– “သင်တို့တွင် အဘယ်ကြောင့် ခိုက်ရန်ဒေါသဖြစ်မှု၊ အငြင်းပွားမှုတို့ ဖြစ်ပေါ်လာပါသနည်း။ သင်တို့၏ [ကိုယ်ခန္ဓာ] လိုအင်ဆန္ဒများ သောင်းကျန်းနေသောကြောင့် မဟုတ်ပါလော။” (ယာကုပ် ၄:၁၊ သတင်းကောင်း) ဤတွင် “[ကိုယ်ခန္ဓာ] လိုအင်ဆန္ဒများ” သည် စည်းစိမ်ဥစ္စာအလွန်တပ်မက်ခြင်း၊ ထင်ပေါ်ကျော်ကြားရန်၊ ထိန်းချုပ်မှုအာဏာရရန်၊ လွှမ်းမိုးရန် ဆန္ဒပြင်းထန်ခြင်းကို ရည်ညွှန်းနိုင်ပေသည်။ စာတန်ကဲ့သို့ပင် အသင်းတော်များရှိ အချို့သူတို့သည် ယေရှု၏စစ်မှန်သောတပည့်နောက်လိုက်များဖြစ်သင့်သော ‘အငယ်ဆုံးသူများ’ ဖြစ်မည့်အစား သူတစ်ပါးထက်ထင်ပေါ်လိုကြ၏။ (လုကာ ၉:၄၈) ထိုသို့သောစိတ်ထားသည် အသင်းတော်၏ငြိမ်သက်မှုကို ပျောက်ဆုံးသွားစေနိုင်၏။
၁၇။ ယနေ့ခရစ်ယာန်များသည် အသင်းတော်တွင် ရန်ငြိမ်းစေသူများ မည်သို့ဖြစ်နိုင်ကြသနည်း။
၁၇ ယနေ့ ကျွန်ုပ်တို့သည် စည်းစိမ်ဥစ္စာကိုအဓိကထားသည့်သဘော၊ မနာလိုခြင်း သို့မဟုတ် အချည်းနှီးဖြစ်သောရည်မှန်းချက်တို့ကို တွန်းလှန်ကြရမည်။ ကျွန်ုပ်တို့သည် စစ်မှန်သောရန်ငြိမ်းသူများဖြစ်မည်ဆိုလျှင် တစ်စုံတစ်ခုသောလုပ်ဆောင်မှုများ၌ အသင်းတော်ရှိသူအချို့မှာ ကျွန်ုပ်တို့ထက် သာ၍တတ်ကျွမ်းပါက စိုးရိမ်သွားမည်မဟုတ်၊ သူတို့၏စိတ်သဘောရင်းကို ဒွိဟဖြစ်စေရန် အခြားသူတို့ရှေ့ သူတို့ကို သိက္ခာချမည်မဟုတ်ပါ။ ထူးခြားသောစွမ်းရည်တစ်ခုကို ကျွန်ုပ်တို့ပိုင်ဆိုင်မည်ဆိုလျှင် ကျွန်ုပ်တို့၏တတ်ကျွမ်းမှု၊ ကျွန်ုပ်တို့၏လုပ်ရည်ကိုင်ရည်ကြောင့်သာလျှင် အသင်းတော်တိုးတက်လိမ့်မည့်အလား အခြားသူတို့ထက် ကျွန်ုပ်တို့သာသည်ဟူသောသဘောဖြင့် ယင်းစွမ်းရည်ကိုအသုံးပြုမည်မဟုတ်ပါ။ ထိုသို့သောစိတ်ထားသည် စိတ်ဝမ်းကွဲစေပြီး ငြိမ်သက်မှုတိုးပွားစေမည်မဟုတ်ချေ။ ရန်ငြိမ်းစေသူများသည် သူတို့၏စွမ်းရည်များကို ဝင့်ဝါပလွှားစွာဖော်ပြမည်မဟုတ်ဘဲ ညီအစ်ကိုများ၏အကျိုးအတွက်နှင့် ယေဟောဝါ၏ဂုဏ်တော်ထင်ရှားစေရေးအတွက် သူတို့လျောက်ပတ်စွာအသုံးပြုကြပေမည်။ အဆုံး၌ စစ်မှန်သောခရစ်ယာန်တစ်ဦးကို သတ်မှတ်ဖော်ပြသည်မှာ စွမ်းရည်မဟုတ်ဘဲ မေတ္တာဖြစ်ကြောင်း သူတို့အသိအမှတ်ပြုကြသည်။—ယောဟန် ၁၃:၃၅; ၁ ကောရိန္သု ၁၃:၁-၃။
‘သင်၏ကြီးကြပ်မှူးများအဖြစ် ငြိမ်သက်ခြင်း’
၁၈။ အကြီးအကဲများသည် မိမိတို့အချင်းချင်း ငြိမ်သက်မှုရှိစေရန် မည်သို့ပြုလုပ်ကြသနည်း။
၁၈ အသင်းတော်အကြီးအကဲများသည် ရန်ငြိမ်းစေသူများဖြစ်ခြင်းတွင် ဦးစီးဦးဆောင်ကြ၏။ ယေဟောဝါသည် မိမိ၏လူမျိုးအကြောင်း ဤသို့တင်ကူးမိန့်တော်မူခဲ့သည်– ‘သင်၏ကြီးကြပ်မှူးများအဖြစ် ငြိမ်သက်ခြင်း၊ တာဝန်ပေးသူတို့အဖြစ် ဖြောင့်မတ်ခြင်းကို ငါခန့်အပ်မည်။’ (ဟေရှာယ ၆၀:၁၇၊ ကဘ) ဤပရောဖက်ပြုချက်စကားများနှင့်အညီ ခရစ်ယာန်သိုးထိန်းများအဖြစ် တာဝန်ထမ်းဆောင်သူတို့သည် သူတို့အချင်းချင်းနှင့် သူတို့၏သိုးအုပ်များအကြားတွင် ငြိမ်သက်မှုတိုးပွားစေရန် ကြိုးပမ်းကြသည်။ အကြီးအကဲများသည် ငြိမ်းချမ်းပြီး ကျိုးကြောင်းညီညွတ်သည့် “အထက်မှသက်ရောက်သောပညာ” ကိုတင်ပြခြင်းအားဖြင့် မိမိတို့အကြား ငြိမ်သက်ခြင်းကိုထိန်းသိမ်းထားနိုင်သည်။ (ယာကုပ် ၃:၁၇) သူတို့၏နောက်ခံနှင့် ဘဝအတွေ့အကြုံအသီးသီးကြောင့် အသင်းတော်ရှိ အကြီးအကဲများသည် ရံဖန်ရံခါ ခြားနားသောရှုမြင်ချက်များရှိကြပေမည်။ ယင်းက သူတို့၌ ငြိမ်သက်ခြင်းမရှိဟု ဆိုလိုသလော။ ထိုသို့သောအခြေအနေမျိုးကို သင့်တော်လျောက်ပတ်စွာကိုင်တွယ်မည်ဆိုလျှင် ယင်းသို့မဟုတ်ချေ။ ရန်ငြိမ်းစေသူများသည် မိမိတို့၏ယူဆချက်များကို ကျိုးနွံစွာဖော်ပြပြီးနောက် အခြားသူတို့၏စကားကို တလေးတစားနားထောင်ပေးသည်။ ကိုယ်နည်းကိုယ်ဟန်အတိုင်းဖြစ်စေရန် အတင်းအကျပ်ပြုမည့်အစား ရန်ငြိမ်းစေသူတစ်ဦးသည် မိမိညီအစ်ကို၏ရှုမြင်ချက်ကို ဆုတောင်း၍သုံးသပ်လိမ့်မည်။ သမ္မာကျမ်းစာမူကို မချိုးဖောက်ပါက ရှုမြင်ချက်အမျိုးမျိုးထားရှိနိုင်ပါ သည်။ အခြားသူတို့သည် မိမိနှင့် သဘောမတူညီပါက ရန်ငြိမ်းစေသူတစ်ဦးသည် အများစု၏ဆုံးဖြတ်ချက်ကို သဘောတူထောက်ခံပေလိမ့်မည်။ ဤနည်းဖြင့် မိမိသည် အကျိုးသင့်အကြောင်းသင့်ရှိသူတစ်ဦးဖြစ်ကြောင်း ဖော်ပြလိမ့်မည်။ (၁ တိမောသေ ၃:၂၊ ၃) မိမိစိတ်ကြိုက်ဖြစ်စေခြင်းထက် ငြိမ်သက်ခြင်းကို ဆက်ထိန်းသိမ်းထားခြင်းသည် သာ၍အရေးကြီးကြောင်း အတွေ့အကြုံရှိသူ ကြီးကြပ်မှူးများသိရှိကြသည်။
၁၉။ အကြီးအကဲများသည် အသင်းတော်တွင် ရန်ငြိမ်းစေသူများအဖြစ် မည်သို့ပြုမူကြသနည်း။
၁၉ အကြီးအကဲများသည် သိုးတော်စုဝင်များကို ထောက်ပံ့ကူညီခြင်း၊ သူတို့၏ကြိုးပမ်းမှုများကို တရားလွန်အပြစ်မရှာခြင်းအားဖြင့် ငြိမ်သက်ခြင်းတိုးပွားစေမည်။ မှန်ပါသည်၊ တစ်ခါတစ်ရံ အချို့သူတို့ကို တည့်မတ်ပေးရန်လိုကောင်းလိုပေမည်။ (ဂလာတိ ၆:၁) သို့သော် ခရစ်ယာန်ကြီးကြပ်မှူးတစ်ဦး၏လုပ်ငန်းမှာ အဓိကအားဖြင့် စည်းကမ်းထုတ်ဖို့မဟုတ်ချေ။ သူသည် မကြာခဏချီးမွမ်းပြောဆိုတတ်၏။ မေတ္တာရှိသောအကြီးအကဲများသည် သူတစ်ပါး၏အကောင်းကိုတွေ့မြင်ရန် ကြိုးစားကြသည်။ ကြီးကြပ်မှူးများသည် ယုံကြည်သူချင်းတို့၏ကြိုးပမ်းအားထုတ်မှုကို တန်ဖိုးထားလေးမြတ်၍ ယုံကြည်သူချင်းတို့သည် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေကြကြောင်း ယုံကြည်စိတ်ချသည်။—၂ ကောရိန္သု ၂:၃၊ ၄။
၂၀။ အသင်းတော်ရှိသူအားလုံးသာ ရန်ငြိမ်းစေသူများဖြစ်ကြမည်ဆိုလျှင် အသင်းတော်သည် အဘယ်နည်းဖြင့် အကျိုးကျေးဇူးခံစားကြရမည်နည်း။
၂၀ သို့ဖြစ်၍ မိသားစုအတွင်း၊ အသင်းတော်အတွင်းနှင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မခံယူသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ကျွန်ုပ်တို့သည် ငြိမ်းချမ်းစွာနေနိုင်ရန်၊ ငြိမ်သက်မှုအတွက် ကြိုးစားကြသည်။ ကျွန်ုပ်တို့သည် ဝီရိယရှိရှိ ငြိမ်သက်ခြင်းကိုမွေးမြူမည်ဆိုလျှင် အသင်းတော်တွင် ပျော်ရွှင်မှုရှိစေပါလိမ့်မည်။ တစ်ကြိမ်တည်းတွင် နောက်ဆောင်းပါး၌ ကျွန်ုပ်တို့တွေ့ရှိကြရမည့်အတိုင်း နည်းအမျိုးမျိုးဖြင့် ကာကွယ်မှုနှင့် ခွန်အားရရှိကြပေလိမ့်မည်။
သင်မှတ်မိသလော
• ငြိမ်းချမ်းစွာနေခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။
• ယေဟောဝါသက်သေမဟုတ်သူများနှင့် ဆက်ဆံရာ၌ ကျွန်ုပ်တို့သည် မည်သို့ငြိမ်းချမ်းစွာနေနိုင်သနည်း။
• မိသားစုအတွင်း ငြိမ်သက်မှုရှိစေသော နည်းလမ်းချို့ကားအဘယ်နည်း။
• အကြီးအကဲများသည် အသင်းတော်တွင် ငြိမ်သက်မှု မည်သို့တိုးပွားစေနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ရန်ငြိမ်းစေသူများသည် သူတစ်ပါးကိုအထင်အမြင်သေးသည့်ဟန်ပန်မျိုးကို ရှောင်ရှားကြ၏
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် ခရစ်ယာန်ဓမ္မအမှုတွင်၊ အိမ်တွင်၊ အသင်းတော်တွင် ရန်ငြိမ်းစေသူများဖြစ်ကြ၏