မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန် ရှိသလော

စာတန် ရှိသလော

စာတန် ရှိသလော

“ယနေ့ လျော့နည်းလာ​လျက်​ရှိသည့် လူ​အနည်းငယ်​အတွက် ‘ဘုရားသခင်’ အမှန်တကယ်​တည်ရှိ​သည့်​နည်းတူ ခရစ်ယာန်​ချာ့ခ်ျ​၏​သမိုင်း​တွင် ဗေလဇေဗုလ သို့​မဟုတ် စာတန်၊ နတ်ဆိုး​မင်း အမှန်တကယ်​တည်ရှိ​၏​ဟု တစ်ချိန်​တစ်ခါ​က ယုံကြည်ခဲ့​ကြသည်; ဂျူး​တို့​နှင့် အစောပိုင်း​ခရစ်ယာန်​တို့၏​ဝန်းကျင်ရှိ ဆိုးညစ်မှု​ကို​အကောင်အထည်ဖော်​ရန် သူတို့​လုပ်ကြံ​ဖန်တီး​ခဲ့​ကြ​သည့် လူတစ်ပိုင်း တိရစ္ဆာန်​တစ်ပိုင်း​သတ္တဝါ​ဖြစ်သည်။ နောက်ပိုင်း​တွင် ခရစ်ယာန်​များ​က ယင်းသည် အမှန်တကယ်​ခြေမြစ်မှု​မရှိသော ဒဏ္ဍာရီ​အဖြစ် အသိအမှတ်ပြု​လာ​ကြ​ကာ ၎င်းကို မသိမသာ​ပ​ထုတ်​လိုက်​ကြသည်။” —လူ​ဒို​ဗစ် ကနေ​ဒီ​ရေးသား​သည့်—“စိတ်ကူး​တွင်​သာ—ဘုရားသခင်​အား နှုတ်ဆက်​ခဲ့​ခြင်း” စာအုပ်။

စာရေး​ဆရာ​နှင့် အသံလွှင့်သူ လူ​ဒို​ဗစ် ကနေ​ဒီ​ပြော​သည့်​အတိုင်း စာတန်​အမှန်​တည်ရှိမှု​ကို ခရစ်ယာန်ဘောင်​ရှိ မည်သူ​တစ်ဦး​က​မျှ ရာစု​နှစ်ချီ၍ သံသယ​မဝင်​ခဲ့​ချေ။ ယင်းအစား ပါမောက္ခ နော်မန်​ကော်​န်း​ဆို​သကဲ့သို့ ခရစ်ယာန်​များသည် ရံဖန်ရံခါ “စာတန်​နှင့် သူ့​နတ်ဆိုးများ၏​သြဇာ​ကို စိတ်​စွဲလမ်း​ခဲ့​ကြ​၏။” (ဥရောပ​၏​နတ်ဆိုး​စိတ်) ဤ​စိတ်စွဲ​လမ်း​မှု​သည် ပညာ​မတတ်​သော တောသူ​တောင်​သားများ​၌​သာ ရှိသည်​မဟုတ်။ ဥပမာ​ပေး​ရ​လျှင် ဆိုးညစ်​၍ ညစ်ညမ်း​သော​ထုံးတမ်း​စဉ်​လာ​များ​ကို​ပြုမူ​ရာ​တွင် တိရစ္ဆာန်​တစ်ကောင်​ပုံစံ​ဖြင့် ကိုယ်ယောင်​ပြောင်း​ကာ စာတန်​ဦးစီး​သည် ဟူသော​ယုံကြည်ချက်​မှာ “မိရိုးဖလာ​ကို​ဆက်ခံသူ စာပေ​မတတ်​သည့်​လူအများစု​သာ​မဟုတ်၊ အထက်တန်းလွှာ​ပညာတတ်​တို့၏ လောက​အမြင်​နှင့်​လည်း​သက်ဆိုင်​သည်။” ဥရောပ​တွင် ချာ့ခ်ျ​နှင့် ပြည်တွင်း​အာဏာပိုင်​များ​က စုန်း​များ​ဖြစ်သည်ဟု​စွပ်စွဲ​ကာ ၅၀,၀၀၀ ခန့်​ကို နှိပ်စက်​ကလူ​ပြု​၍ အသေ​သတ်ခဲ့​သော ၁၅ ရာစု​မှ ၁၇ ရာစု​တစ်လျှောက်​အတွင်း အရှိန်အဟုန်ပြင်း​စွာ စုန်းကဝေ​နှင်ထုတ်​ခဲ့​ချိန်​တွင် ပညာတတ်​ခရစ်ယာန်​ဘုန်းကြီး​များ​အပါအဝင် ဤ “အထက်တန်းလွှာ​ပညာတတ်​တို့” သည် တာဝန်​မကင်း​ခဲ့​ကြ​ချေ။

ယင်းကြောင့် လူအများ​က စာတန်​နှင့်​ပတ်သက်​၍ စိတ်​လှုပ်ရှား​ဖွယ် အယူသီး​သော​စိတ်ကူး​စိတ်​သန်း​များ​အဖြစ် ငြင်းပယ်​ခဲ့​ခြင်း​သည် အံ့ဩစရာ​မဟုတ်ပေ။ ၁၇၂၆ ခုနှစ်​၌​ပင် ဒဲန်နီ​ရ​ယ်လ် ဒီ​ဖို​ဆို​သူက စာတန်​သည် “လင်းနို့​တောင်ပံ​များ၊ ချို​များ၊ နှစ်​မြွှာ​ကွဲ​နေသော​ခြေဖဝါး၊ အမြီး​ရှည်၊ ခွ​ပုံ​ရှိ​လျှာ အစ​ရှိသည့် ထူးခြားသော​ဂုဏ်ရည်​ရှိ” ကြောက်စရာ ဧရာမ​သတ္တဝါ​ကြီး​ဖြစ်၏​ဟု လူ​တို့​ယူဆကြ​ခြင်း​ကို လှောင်ပြောင်​ခဲ့​၏။ ထိုသို့​သော​ယူဆချက်များ​မှာ “စာတန်​ကို​တီထွင်​၍ အသိပညာ​ကင်းမဲ့​သော လူ့​လောကကို လှည့်စား” ကြ​သည့် “စာတန်​ဖြစ်ပေါ်​စေ​သူနှင့် စာတန်​ဖန်တီးသူ​တို့” ၏ “အသိဉာဏ်မဲ့​သည့် မရေရာ​သော စိတ်ကူး​စိတ်​သန်း​များ” ဖြစ်သည်။

ဤသို့​သင်ယူ​ဆ​သလော။ “စာတန်​ဟူသည် လူတို့က မိမိတို့၏​အပြစ်ကို ပုံချ​ရန် လူ့​ဖန်တီးမှု​မျှ” ဖြစ်၏​ဟု သင်​သဘောတူ​သလော။ ထို​ဖော်ပြချက်​သည် ဇော်​န်ဒဗယ်န်​သမ္မာကျမ်းစာ​ရုပ်​ပြ​စွယ်စုံ​ကျမ်း​တွင်​ပါရှိ​ပြီး ခရစ်ယာန်​အမည်ခံ​သူများစွာ​က ထိုသို့​ပင်​ယူမှတ်​ကြသည်။ ဂျက်ဖရီ ဘာ​တင် ရပ်စဲ​လ်​က ခရစ်ယာန်ဘောင်​၏​ဘာသာ​ဗေဒ​ပညာရှင်​များသည် များသောအားဖြင့် “စာတန်​နှင့် နတ်ဆိုး​များ​ကို ရှေးခေတ်​မှ​ကျန်ကြွင်း​သည့်​အယူသီးမှု​အဖြစ် ပယ်ရှား​ခဲ့​ကြပြီ” ဟု​ဆို​သည်။ သို့​တိုင် အချို့​သူတို့​အတွက်​မူ စာတန် အမှန်တကယ်​တည်ရှိ​၏။ လူ့​သမိုင်း​တစ်လျှောက် ဆိုးညစ်မှု​များ ထပ်တလဲလဲ​ပေါ်လာ​ခြင်း နောက်ဝယ်​တွင် လူ​ထက်​အင်အားကြီး​မား​၍ ဆိုးသွမ်း​သော​စွမ်းအား​တန်ခိုး တစ်စုံတစ်ရာ​ရှိ​ရမည်ဟု သူတို့​ကျိုး​ကြောင်​ဆင်ခြင်​ကြ​၏။ “စာတန်​ရှိသည်​ဟူသော​ယုံကြည်ချက် သိသိသာသာ​ကျဆင်း​သွားပြီး​နောက်​မှ လျင်မြန်​စွာ ပြန်​ပေါ်လာ​ရခြင်း” အကြောင်းရင်း​တစ်ရပ်​ကား “နှစ်​ဆယ်ရာစု​တွင် ကြောက်ရွံ့​တုန်လှုပ်​ဖွယ်​ရာ​များ ဖြစ်​ခဲ့​ခြင်း” ကြောင့်​ဖြစ်သည်ဟု​ရပ်စဲ​လ်​က​ဆို​သည်။ စာရေး​ဆရာ ဒေါ​န် လူ​ဝ​စ္စ​အရ “ရိုး​အ​သော​ဘိုးဘေး​များ” ၏ အယူသီးမှု​များနှင့် စိုးရိမ်​ပူပန်မှု​များ​ကို “အထင်မကြီး သရော်​ပြုံး​ပြုံး​ခဲ့” ကြ​သူ ခေတ်​ပညာတတ်​အတော်များများ​သည် “တစ်ခါ​ပြန်၍ သဘာဝ​ထက်​လွန်​သော ဆိုးညစ်မှု​ကို စိတ်ဝင်စား​လာကြပြီ။”—ခေတ်​ကာလ​များ​တစ်လျှောက် ဘာသာရေး​အယူသီးမှု။

သို့​ဆိုလျှင် ထို​ကိစ္စ​နှင့်​ပတ်သက်​၍ အမှန်တရား​ကား အဘယ်နည်း။ စာတန်​ဟူသည် အဓိပ္ပာယ်​မရှိသော အယူသီးမှု​မျှ​သာ​လော။ သို့​မဟုတ် ဤ ၂၁ ရာစု​၌​ပင် အလေးအနက်​ထား​ရမည့် ပုဂ္ဂိုလ်​တစ်ဦး​လော။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဂွတ်​စ်​တာ​ဗ် ဒို​ရီ ထွင်းထု​သည့်​ဤ​ပုံ​တွင် ဖော်ပြ​ထား​သကဲ့သို့ ရှေးခေတ်​အယူသီးမှု​များ​က စာတန်​ကို လူတစ်ပိုင်း၊ တိရစ္ဆာန်​တစ်ပိုင်း​အဖြစ် သရုပ်ဖော်​ထား

[Credit Line]

The Judecca​—Lucifer/​The Doré Illustrations For Dante’s Divine Comedy/​Dover Publications Inc.