မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန် အယူသီးမှု မျှမဟုတ်

စာတန် အယူသီးမှု မျှမဟုတ်

စာတန် အယူသီးမှု မျှ​မဟုတ်

“ဓမ္မသစ်​ကျမ်း​တစ်လျှောက် ဘုရားသခင်​နှင့် ကိုယ်တော်​၏​ကောင်းမှု​များ​တစ်ဖက် စာတန်​ဦးစီး​ဦးဆောင်​ပြု​သည့် ဆိုးညစ်မှု​များ အကြီးအကျယ်​ဆိုင်ပြိုင်​တိုက်လှန်​ခြင်း​ကို တွေ့ရှိ​ရသည်။ ယင်းသည် စာရေးသူ​တစ်ဦး၊ နှစ်ဦး​၏​စိတ်ကူး​စိတ်​သန်း​မျှ​မဟုတ်၊ အားလုံး​သဘောတူညီ​သော​အချက်​ဖြစ်သည်။ . . . ထို့​ကြောင့် ဓမ္မသစ်​ကျမ်း​၏​သက်သေခံချက်​မှာ ရှင်းနေပါသည်။ စာတန်​သည် အမှန်တကယ်​ဆိုးသွမ်း​သော​သူ၊ ဘုရားသခင်​နှင့် ဘုရားသခင့်​လူမျိုး​ကို အမြဲ​ပင် ရန်လိုသော​သူ​ဖြစ်၏။”—“ကျမ်းစာ​သစ်​အဘိဓာန်။”

သို့​ဆိုလျှင် ခရစ်ယာန်​ဘာသာဝင်​ဟု​အမည်ခံ​သူများ—နှင့် သမ္မာကျမ်းစာ​ကို ယုံကြည်ပါ​သည်​ဟု​ဆို​ကြ​သူများ—သည် စာတန်​အမှန်တကယ်​တည်ရှိ​ကြောင်းကို အဘယ်ကြောင့်​ငြင်းပယ်​ကြ​သနည်း။ အမှန်စင်စစ်​ဆို​ရ​လျှင် သူတို့သည် သမ္မာကျမ်းစာ​ကို ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အဖြစ် လက်မခံကြ​သောကြောင့်​တည်း။ (ယေရမိ ၈:၉) ကျမ်း​ရေးသူ​တို့သည် ၎င်းတို့၏​ဝန်းကျင်ရှိ လူမျိုး​တို့၏​အတွေးအခေါ်​များ​ကို ရောင်ပြန်ဟပ်​ခဲ့​ကြ​ခြင်း​မျှ​ဖြစ်​ပြီး ဘုရားသခင့်​ထံ​တော်​မှ အမှန်တရားကို အတိအကျ​မဖော်​ပြ​ကြ​ချေ​ဟု သူတို့​ပြော​ကြသည်။ ဥပမာ ကက်သလစ်​ဘာသာ​ဗေဒ​ပညာရှင် ဟန်းစ် ကူ​န်​က ဤသို့​ရေးသားခဲ့​သည်– “စာတန်​နှင့် ၎င်း​၏​နတ်ဆိုး​တပ်မဟာ​များ ဒဏ္ဍာရီ​ဆန်​ဆန်​အယူအဆ​များသည် . . . ဗာဗုလုန်​ဒဏ္ဍာရီ​မှ အစောပိုင်း​ဂျူး​ဘာသာ​တရား​သို့ တိုးဝင်​ပျံ့နှံ့​လာ​ခဲ့​ပြီး ယင်း​မှ​တစ်ဆင့် ဓမ္မသစ်​ကျမ်း​ထဲ ဝင်ရောက်​လာ​ခြင်း​ဖြစ်သည်။”—ခရစ်ယာန်​တစ်ဦး​ဖြစ်​ခြင်း။

သို့သော် သမ္မာကျမ်းစာ​သည် လူ့​နှုတ်ထွက်​စကား​မျှ​မဟုတ်​ချေ; ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သည့် နှုတ်မြွက်​စကားတော် အမှန်စင်စစ်​ဖြစ်၏။ ထို့​ကြောင့် စာတန်​နှင့်​ပတ်သက်​၍ ၎င်း​ပြောဆို​သည့်​စကား​ကို ကျွန်ုပ်​တို့​အလေးအနက်​ထား​ရန် သင့်တော်​ပေ​သည်။—၂ တိမောသေ ၃:၁၄-၁၇; ၂ ပေတရု ၁:၂၀၊ ၂၁ယေရှု မည်သို့​ယူဆ​ခဲ့​သနည်း

စာတန် တကယ်​ရှိသည်​ဟု ယေရှု​ယုံကြည်ခဲ့​၏။ ယေရှုသည် မိမိ​ကိုယ်နှိုက်​ရှိ ဆိုးညစ်သော​အရာတစ်ခု​ဖြင့် စမ်းသပ်ခံ​ခဲ့​ရသည်​မဟုတ်။ နောက်ပိုင်း​တွင် ကိုယ်တော်​က “ဤ​လောကကို​အစိုး​ရသော​မင်း” ဟု​ခေါ်ဆို​ခဲ့​သည့် တကယ့်​ပုဂ္ဂိုလ်​စင်စစ်​တစ်ပါး​၏ တိုက်ခိုက်​ခြင်း​ကို ခံ​ခဲ့​ရသည်။ (ယောဟန် ၁၄:၃၀; မဿဲ ၄:၁-၁၁) စာတန်​၏​ဆိုးညစ်သော​ဉာဏ်ဆင်မှု​များ​တွင် အခြား . . . ဝိညာဉ်​သတ္တဝါများ ပါဝင်​ထောက်ကူ​ကြောင်းကို​လည်း ကိုယ်တော်​ယုံကြည်ခဲ့​၏။ ကိုယ်တော်​သည် “နတ်ဆိုးစွဲ​သော” လူ​တို့ကို ကုသ​ပေး​ခဲ့​၏။ (မဿဲ ၁၂:၂၂-၂၈) ဘုရားမဲ့​ဝါဒီ​တို့၏ ဆင်ခြင်တုံ​တရား​အားထား​သူ စွယ်စုံ​ကျမ်း​က​ပင် ယင်း​အချက်​၏​အရေးပါမှု​ကို ဤသို့​ရေးသား​ဖော်ပြ​သည်– “နတ်ဆိုး​များ​ရှိကြောင်းကို ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​၏​ယေရှု ယုံကြည်​လက်ခံခြင်း​သည် ဘာသာ​ဗေဒ​ပညာရှင်​များ​အတွက် ထိမိ​၍​လဲစရာ​အမြဲ​ဖြစ်​ခဲ့​သည်။” စာတန်​နှင့် သူ၏​နတ်ဆိုး​များ​အကြောင်း ယေရှု​ပြောဆို​သောအခါ ကိုယ်တော်​သည် ဗာဗုလုန်​ဒဏ္ဍာရီ​မှ လက်ခံ​ယူ​ထားသော အယူသီးမှု​များ​ကို ထပ်ကျော့​ပြောဆို​ခဲ့​ခြင်း မဟုတ်​ချေ။ သူတို့ အမှန်တကယ်​တည်ရှိ​ကြောင်း ကိုယ်တော်​သိတော်မူ၏။

ယေရှု​အချိန်​က ဘာသာရေး​ဆရာများ​အား ကိုယ်တော်​မိန့်တော်မူ​ခဲ့​သော စကား​များ​ကို သုံးသပ်ကြည့်​ခြင်း​ဖြင့် စာတန်​အကြောင်း ကျွန်ုပ်​တို့​များစွာ​သိရှိ​လာ​ကြ​ရသည်– “သင်တို့သည် သင်တို့၏​အဘ​တည်း​ဟူသော [စာတန်] မှ​ဆင်းသက်​ကြ​၏။ သင်တို့​အဘ​၏​အလို​သို့​လည်း လိုက်​တတ်ကြ​၏။ [စာတန်] သည် ရှေးဦး​စွာ​မှ​စ၍ လူ​အသက်ကို​သတ်​သော​သူ​ဖြစ်၏။ သူ၌​သစ္စာတရား​မရှိသော​ကြောင့် သစ္စာတရား​၌​မတည်​မနေ။ သူသည် မုသာ​စကား​ကို​ပြော​သောအခါ မိမိ​ပကတိ​အတိုင်း​ပြော​၏။ မုသာ​စကား​၌​ကျင်လည်​သော​သူ​ဖြစ်၏။ မုသာ​၏​အဘ​လည်း​ဖြစ်၏။”—ယောဟန် ၈:၄၄

ထို​အတိုင်း​ဆိုလျှင် “ရှုတ်ချ​ဂုဏ်ဖျက်​သူ” ဟု​အဓိပ္ပာယ်​ရှိသော အမည်​ရှိသူ . . . သည် ‘မုသာ​စကား​၌​ကျင်လည်​သော​သူနှင့် မုသာ​၏​အဘ​ဖြစ်’ ၏။ သူသည် ဘုရားသခင်​အကြောင်း လိမ်ညာ​ပြောဆို​ခဲ့​သည့် ဦးဆုံး​သတ္တဝါ​ဖြစ်​ခဲ့​ပြီး ဧဒင်ဥယျာဉ်​တွင် ထိုသို့​ပြုလုပ်​ခဲ့​၏။ ကောင်း​မကောင်း​သိကျွမ်းရာ​အပင်​မှ​အသီးကို ကျွန်ုပ်​တို့၏​ကနဦး​မိဘများ​စား​ကြ​မည်​ဆိုလျှင် “ဧကန်​အမှန်​သေ” ရမည်ဟု ယေဟောဝါ​က သူတို့အား မိန့်တော်မူ​ခဲ့​သည်။ မြွေ​၏​ပါးစပ်​ကို​အသုံးပြု​ကာ စာတန်​က ထိုစကား​များ မမှန်ကန်​ဟု​ပြောဆို​ခဲ့​သည်။ (ကမ္ဘာဦး ၂:၁၇; ၃:၄) ဆီလျော်​စွာ​ပင် သူ့​အား “. . . စာတန်​အမည်​ရှိသော ရှေး​မြွေ​ဟောင်း” ဟု​ခေါ်ဆို​ထား​သည်။—ဗျာဒိတ် ၁၂:၉

ကောင်း​မကောင်း​သိကျွမ်းရာ​အပင်​နှင့်​ပတ်သက်​၍ စာတန်​သည် လိမ်လည်​ပြောဆို​ခဲ့​၏။ အဆိုပါ​အပင်​မှ အသီး​စားခြင်း​ကို တားမြစ်​ထားခြင်း​သည် မတရား၊ တန်ခိုး​ကို​အလွဲသုံးစား​ပြုခြင်း​ဖြစ်သည်ဟု သူက​အငြင်းပွား​ခဲ့​သည်။ အဘယ်အရာ​ကောင်း​သည်၊ မကောင်းသည်​ကို ကိုယ်တိုင်​ဆုံးဖြတ်ခြင်း​ဖြင့် “ဘုရားသခင်​ကဲ့သို့” ဖြစ်​နိုင်​ကြောင်း အာဒံ​နှင့် ဧဝ​အား သူ​ပြော​ခဲ့​သည်။ လွတ်လပ်​စွာ​ရွေးချယ်ခွင့်​ရှိ​သူများ​အဖြစ် သူတို့သည် ကိုယ်ပိုင်​ဆုံးဖြတ်ခွင့် အပြည့်အဝ​ရှိ​သင့်​ကြောင်း စာတန်​သွယ်ဝိုက်​ပြောဆို​လေ​သည်။ (ကမ္ဘာဦး ၃:၁-၅) ဘုရားသခင့်​အုပ်စိုးမှု​နည်းလမ်း​၏ တော်မှန်​ဖြောင့်မတ်မှု​ကို ဤသို့​တိုက်ခိုက်​ခြင်း​ဖြင့် အရေးပါသော​ဖြေရှင်း​စ​ရာ​ကိစ္စ​များ ပေါ်ထွက်​လာ​၏။ သို့​နှင့် ယေဟောဝါ​သည် အဆိုပါ​ကိစ္စ​များ​ကို ဖြေရှင်းရန် အချိန်ပေး​ခဲ့​သည်။ ယင်း​၏​အဓိပ္ပာယ်​ကား စာတန်​မှာ တစ်ခဏ​တာ ဆက်​အသက်ရှင်ခွင့်​ရှိ​ခြင်း​ဖြစ်၏။ သူ့​အတွက် သတ်မှတ်​ထားချိန်​မှာ ယခု လျင်မြန်​စွာ​ကုန်ဆုံး​နေပြီ​ဖြစ်သည်။ (ဗျာဒိတ် ၁၂:၁၂) သို့​တိုင် သူသည် မိမိ၏​သွန်သင်ချက်​များ​ကို ဖြန့်ချိ​ရန် ယေရှု​အချိန်​က ကျမ်း​ပြု​ဆရာများ​နှင့် ဖာရိရှဲ​များ​ကဲ့သို့​သော သူတို့ကို​အသုံးပြု၍ လိမ်လည်​လှည့်ဖြားခြင်း​ဖြင့် လူ​တို့ကို ဘုရားသခင်​နှင့်​စိမ်းကား​သွားစေရန် ဆက်​ပြုလုပ်​ဆဲ​ရှိသည်။—မဿဲ ၂၃:၁၃၊ ၁၅

စာတန်​သည် “ရှေးဦး​စွာ​မှ​စ၍ လူ​အသက်ကို​သတ်​သော​သူ” နှင့် “[အမှန်] တရား၌​မတည်” သော​သူ​ဖြစ်​ကြောင်းကို​လည်း ယေရှု​မိန့်တော်မူ​ခဲ့​သည်။ ယင်းကြောင့် ယေဟောဝါ​သည် စာတန်​အား “လူ​အသက်ကို​သတ်​သော​သူ” တစ်ဦး​အဖြစ် ဖန်ဆင်း​ခဲ့​သည်​ဟု ဆိုလိုခြင်း​မဟုတ်​ချေ။ သူသည် ဘုရားသခင်​အား ဆန့်ကျင်သူ​မှန်သမျှကို နှိပ်စက်​ကလူ​ပြုသော ကြောက်မက်​ဖွယ်​ကောင်း​သည့် မီးငရဲ​မင်း​အဖြစ် ဖန်ဆင်း​ခံရ​သည်မဟုတ်။ သမ္မာ​ကျမ်းစာ​ပါ “ငရဲ” သည် စာတန်​၏​ဘုံ​ဗိမာန်​မဟုတ်ပါ။ ၎င်း​သည် လူသား​တို့၏ သင်္ချိုင်း​မျှ​သာ​ဖြစ်သည်။—တမန်​တော် ၂:၂၅-၂၇; ဗျာဒိတ် ၂၀:၁၃၊ ၁၄

စာတန်​သည် မူလအစ​က ‘အမှန်တရား​တွင်’ ရှိခဲ့​သည်။ တစ်ချိန်က သူသည် ဘုရားသခင်​၏​စုံလင်သော . . . ဝိညာဉ်​သား​တစ်ပါး​အဖြစ် ယေဟောဝါ​၏​ကောင်းကင်​မိသားစုတွင် ပါဝင်​ခဲ့​သည်။ သို့သော် သူသည် ‘အမှန်တရား၌​မတည်​မနေ’ ခဲ့​ချေ။ သူ့​နည်း​သူ့​ဟန်၊ မုသား​နှင့်​ဆိုင်သော သူ့​မူများ​ကို သာ၍​နှစ်သက်ခဲ့​သည်။ ‘သူ​ရှေးဦး​စွာ​မှ​စ’ ခဲ့​ချိန်​သည် ဘုရားသခင်​၏​ကောင်းကင်သား​တစ်ဦး​အဖြစ် ဖန်ဆင်း​ခံ​ခဲ့​ရချိန်တွင်​မဟုတ်ဘဲ ယေဟောဝါ​အား စိတ်လို​ကိုယ်​လျောက် ပုန်ကန်​၍ အာဒံ​နှင့် ဧဝ​ကို သူ​လိမ်လည်​ပြောဆို​ခဲ့​ချိန်​တွင်​ဖြစ်သည်။ စာတန်​သည် မောရှေ​အချိန်​က ယေဟောဝါ​အား ဆန့်ကျင်​ပုန်ကန်​ခဲ့​ကြသော​သူတို့နှင့်​တူ​သည်။ သူတို့နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “သူတို့သည် ယိုယွင်း​ကြပြီ။ ဘုရားသခင်​၏​သား​မဟုတ်၊ အညစ်အကြေး​ကပ်​ကြ​၏။ သဘော​ကောက်​၍ ဖောက်ပြန်သော​အမျိုး​ဖြစ်​ကြ​၏။” (တရားဟောရာ ၃၂:၅) စာတန်​နှင့်​ပတ်သက်​၍​လည်း ထို​နည်း​ထပ်တူ​ဆိုနိုင်​သည်။ သူသည် ပုန်ကန်​ပြီး​နောက် အာဒံ​နှင့် ဧဝ​သာမက လူ့​မိသားစု​တစ်ရပ်လုံး သေဆုံးရခြင်း​၏​တရားခံ​ဖြစ်လာ​သောအခါ “လူ​အသက်ကို​သတ်​သော​သူ” ဖြစ်လာ​ခဲ့​သည်။—ရောမ ၅:၁၂

မနာခံ​သော ကောင်းကင်တမန်​များ

စာတန်​နှင့်အတူ အခြား​ကောင်းကင်တမန်​များ ပါဝင်​ပုန်ကန်​ခဲ့​ကြသည်။ (လုကာ ၁၁:၁၄၊ ၁၅) ထို​ကောင်းကင်တမန်​များသည် နောဧ​အချိန်​က “မိမိတို့​နေရာ​အရပ်​ကို​စွန့်ပစ်” ၍ “လူ​သမီးတို့” နှင့် လိင်ဆက်ဆံ​ပျော်ပါး​ရန် လူ့​ကိုယ်ခန္ဓာ​ကို​ယူတင်​ခဲ့​ကြသည်။ (ယုဒ ၆; ကမ္ဘာဦး ၆:၁-၄; ၁ ပေတရု ၃:၁၉၊ ၂၀) “ကောင်းကင်​ကြယ်​သုံး​စု​တစ်စု” သို့​မဟုတ် . . . ဝိညာဉ်​သတ္တဝါ​အနည်းစု​မှာ ဤ​လမ်းစဉ်​ကို​လိုက်ခဲ့​ကြပြီ။—ဗျာဒိတ် ၁၂:၄

အဆင့်မြင့်​ပုံဆောင်​စကား​များ​ပါ​သည့် ဗျာဒိတ်ကျမ်း​က စာတန်​ကို “အဆင်း​နီ​သော​နဂါး​ကြီး” အဖြစ်​ပုံဖော်​ထား​သည်။ (ဗျာဒိတ် ၁၂:၃) အဘယ်ကြောင့်​နည်း။ သူ့​၌ ကြောက်လန့်​စ​ရာ အလွန်​အရုပ်​ဆိုးသော​ခန္ဓာကိုယ် ရှိသောကြောင့်​မဟုတ်ပါ။ အမှန်​မှာ . . . ဝိညာဉ်​သတ္တဝါများ​၌ အဘယ်​ခန္ဓာ​မျိုး​ရှိကြောင်းကို ကျွန်ုပ်​တို့​မသိကြ​ချေ၊ သို့သော် ဖြစ်​နိုင်​ဖွယ်​ရာ​မှာ စာတန်​သည် အခြား​ကောင်းကင်တမန် . . . ဝိညာဉ်​သတ္တဝါ​တို့​နှင့် ထူး​မခြားနား​ပင်​ဖြစ်​ပေမည်။ သို့​တ​စေ “အဆင်း​နီ​သော​နဂါး​ကြီး” က စာတန်​၏ ငမ်းငမ်းတက်​လုယက်​ခြင်း၊ ထိတ်လန့်ဖွယ်​ရာ​ဖြစ်​ခြင်း၊ တန်ခိုး​ရှိ​ခြင်း​နှင့် အဖျက်သဘော​ရှိ​ခြင်း​တို့ကို ကောင်းစွာ​ပုံဖော်​၏။

စာတန်​နှင့် နတ်ဆိုး​များသည် ယခု အလွန်​ပင်​ကန့်သတ်​ခံရ​ကြ​၏။ တစ်ချိန်က လူ့​အသွင်​ကို သူတို့​ယူတင်​နိုင်​ခဲ့​သကဲ့သို့ ယခု​မပြု​လုပ်နိုင်​ကြ​တော့​ချေ။ ၁၉၁၄ ခုနှစ်​တွင် ခရစ်တော်​၏​လက်တော်​၌ ဘုရားသခင်​၏​နိုင်ငံတော် တည်ထောင်​ပြီး​နောက် များ​မကြာမီတွင် သူတို့သည် ကမ္ဘာ​မြေပေါ်​သို့ ချပစ်​ခံ​ခဲ့​ရ၏။—ဗျာဒိတ် ၁၂:၇-၉

စာတန်​သည် အောင်နိုင်​ရန်​ခက်​သည့် ရန်သူကြီး​ဖြစ်

သို့​ဖြစ်သည့်​တိုင် စာတန်​သည် အောင်နိုင်​ရန်​ခက်​ဆဲ​ပင်။ သူသည် “ဟောက်​သော​ခြင်္သေ့​ကဲ့သို့ အဘယ်သူ​ကို​မျို​ရမည်​နည်း​ဟူ၍ လှည့်လည်​ရှာဖွေ​လျက်​ရှိ၏။” (၁ ပေတရု ၅:၈) သူသည် ကျွန်ုပ်​တို့၏​မစုံလင်​သော​သွေးသား​ခန္ဓာကိုယ်​ထဲ ကိန်းအောင်း​နေသည့် မသဲကွဲ​သော မကောင်းဆိုးဝါး​မျှ​မဟုတ်​ချေ။ ကျွန်ုပ်​တို့၏​အပြစ်ပြု​လို​သော​စိတ်​ကို နေ့စဉ် ဆိုင်ပြိုင်​တိုက်လှန်​နေကြ​ရသည်မှာ မလွဲဧကန်​ဖြစ်သည်။ (ရောမ ၇:၁၈-၂၀) သို့သော် အမှန်စင်စစ် ဆိုင်ပြိုင်​တိုက်လှန်​နေကြ​ရသည်မှာ “လော[က]မှောင်မိုက်​၌​အစိုးတရ​ပြုလုပ်သော မင်းတို့​နှင့်​လည်းကောင်း၊ မိုးကောင်းကင်​၌​နေသော နတ်ဆိုး​တို့​နှင့်​လည်းကောင်း” ဖြစ်သည်။—ဧဖက် ၆:၁၂

စာတန်​၏​သြဇာ မည်မျှ​ကျယ်ပြန့်​သနည်း။ တမန်​တော်​ယောဟန်​က “လော[က]သား​အပေါင်းတို့သည် [စာတန်]၏​လက်၌​ရှိကြသည်” ဟု​ဆို​သည်။ (၁ ယောဟန် ၅:၁၉) ကျွန်ုပ်​တို့သည် စာတန်​ရှိကြောင်းကို စိတ်​စွဲလမ်း​နေခြင်း သို့​မဟုတ် သူ့ကို အယူသီး​စွာ ကြောက်ရွံ့​ခြင်း​ကြောင့် ကြက်​သေ​သေ​သည့်​အဖြစ်မျိုး မခံလို​ကြ​ချေ။ သို့သော် အမှန်တရားကို ကျွန်ုပ်​တို့​မမြင်​စေရန်​နှင့် ဘုရားသခင်​အပေါ် တည်ကြည်မှု​ချိုးဖျက်​စေရန် သူ၏​ကြိုးပမ်းမှု​များ​ကို သတိထား​နေဖို့​ကောင်း​ပေ​သည်။—ယောဘ ၂:၃-၅; ၂ ကောရိန္သု ၄:၃၊ ၄

စာတန်​သည် ဘုရားသခင့်​အလိုတော်ကို ဆောင်​လို​သူတို့အား ရက်စက်​ကြမ်းကြုတ်​သော​နည်းများဖြင့် အမြဲတစေ​တိုက်ခိုက်​သည်မဟုတ်​ချေ။ ရံဖန်ရံခါ သူသည် မိမိကိုယ်ကို “လင်း​သော​ကောင်းကင်တမန်” ပုံဖမ်း​ပေမည်။ တမန်​တော်​ပေါလု​က ဤသို့​ရေးသား​ရာ​တွင် ခရစ်ယာန်​များ​ကို ထို​ဘေးအန္တရာယ်​အကြောင်း သတိပေး​ခဲ့​သည်– “မြွေသည် မိမိ​ပရိယာယ်​အားဖြင့် ဧဝ​ကို​လှည့်စား​သကဲ့သို့၊ သင်တို့သည် စိတ်​ဆွေးမြေ့​ယိုယွင်း​၍၊ ခရစ်တော်​ကို​အကြွင်းမဲ့​ချစ်သော​စိတ်​ပျောက်​မည်​ဟု စိုးရိမ်ခြင်း​ရှိ၏။”—၂ ကောရိန္သု ၁၁:၃၊ ၁၄

သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် ‘. . . သတိရှိ​ရန်၊ သတိ​နှင့်​စောင့်နေ​ရန်၊ ယုံကြည်ခြင်း၌​တည်ကြည်​လျက် ထို​စာတန်​ကို​ဆီးတား​ရန်’ လို​သည်။ (၁ ပေတရု ၅:၈၊ ၉သမ္မာ; ၂ ကောရိန္သု ၂:၁၁) မှော်အတတ်​နှင့်​ဆက်နွှယ်သော အရာ​တစ်ခုခု​နှင့် ပတ်သက်​ခြင်း​အားဖြင့် စာတန်​၏​လက်ခုပ်​ထဲ​ရောက်သွား​ခြင်း​ကို ရှောင်ရှားပါ​လေ။ (တရားဟောရာ ၁၈:၁၀-၁၂) သမ္မာကျမ်းစာ​ကို ဝီရိယ​စိုက်ထုတ်​လေ့လာ​သော ကျောင်းသား​ကောင်း​တစ်ဦး ဖြစ်ပါ၊ ယေရှု​ခရစ်​သည် စာတန်​၏​စုံစမ်းခြင်း​ခံ​ခဲ့​ရသောအခါ ဘုရားသခင်​နှုတ်မြွက်​စကားတော်​ကို ထပ်တလဲလဲ ကိုးကား​ခဲ့​ကြောင်း သတိရပါ။ (မဿဲ ၄:၄၊ ၇၊ ၁၀) ဘုရားသခင့် ဝိညာဉ်​တော်​ရဖို့​အတွက် ဆုတောင်း​ပါ။ စာတန်​အလွန်​အားပေး​အား​မြှောက်​ပြုသော ဇာတိ​ပကတိ​အကျင့်​များ​ကို ရှောင်ရှား​နိုင်​ရန် ယင်း​၏​အသီးများ​က ကျွန်ုပ်​တို့ကို​ကူညီပေး​နိုင်​သည်။ (ဂလာတိ ၅:၁၆-၂၄) ထို့​အပြင် စာတန်​နှင့် သူ့​နတ်ဆိုးများ၏​ဖိစီးမှုကို တစ်နည်း​နည်းဖြင့်​ခံရ​သည်​ဟု သင်​ခံစား​မိ​သောအခါ ယေဟောဝါ​ထံ စိတ်အား​ထက်သန်​စွာ​ဆုတောင်း​ပါ။—ဖိလိပ္ပိ ၄:၆၊ ၇

စာတန်​ကို ကြောက်ရွံ့​တုန်လှုပ်​နေစရာ​မလို​ပေ။ စာတန်​ပြုလုပ်​နိုင်​သည့် မည်သည့်​အရာ​မှ​မဆို အမှန်တကယ်​ကာကွယ်​ပေး​မည်​ဟု ယေဟောဝါ​ကတိပြု​တော်​မူ​သည်။ (ဆာလံ ၉၁:၁-၄; သု. ၁၈:၁၀; ယာကုပ် ၄:၇၊ ၈) တမန်​တော်​ပေါလု​က “သခင်​ဘုရား​အားဖြင့်လည်း​ကောင်း၊ တန်ခိုးတော်​အရှိန်​အားဖြင့်လည်း​ကောင်း ခိုင်ခံ့ခြင်း​ရှိကြလော့” ဟု​ဆို​သည်။ သို့​ဖြစ်​လျှင် သင်သည် “[စာတန်]၏​ပရိယာယ်​တို့ကို ဆီးတား​နိုင်​မည်။”—ဧဖက် ၆:၁၀၊ ၁၁

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

စာတန်​သည် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​ကြောင်း ယေရှု​သိတော်မူ၏

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

“လော[က]သား​အပေါင်းတို့သည် [စာတန်] ၏​လက်၌​ရှိကြသည်”

[Credit Line]

NASA photo

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာခြင်း​နှင့် မှန်မှန်​ဆုတောင်းခြင်း​ဖြင့် စာတန်​ကို​ဆီးတား​ပါ