မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုံးဖြတ်ချက် ကောင်းများချနိုင်ပုံ

ဆုံးဖြတ်ချက် ကောင်းများချနိုင်ပုံ

ဆုံးဖြတ်ချက် ကောင်း​များ​ချ​နိုင်​ပုံ

လွတ်လပ်​စွာ​ဆုံးဖြတ်​ပိုင်ခွင့်​သည် ဘုရားသခင်​ထံ​မှ ဆု​ဖြစ်၏။ လွတ်လပ်​စွာ​ဆုံးဖြတ်​ပိုင်ခွင့်​မ​ရှိလျှင် ကျွန်ုပ်​တို့သည် မိမိတို့​လုပ်ဆောင်မှုများ​အပေါ် ထိန်းချုပ်​နိုင်စွမ်း​မရှိဘဲ စက်ရုပ်​ပ​မာ​မျှ​သာ​ဖြစ်​လိမ့်​မည်။ သို့သော် ယင်းကြောင့် အခက်အခဲ​များ​ကို ကျွန်ုပ်​တို့​ကြုံတွေ့​ကြ​ရသည်။ လွတ်လပ်​စွာ​ဆုံးဖြတ်​ပိုင်ခွင့်​ရရှိ​ထား​ရာ ကျွန်ုပ်​တို့​ဘဝ​တစ်လျှောက်​လုံး​တွင် ဆုံးဖြတ်ချက်​များ​ချ​ရမည်​ဖြစ်သည်။

အမှန်​ဆို​ရ​လျှင် ဆုံးဖြတ်ချက်​များစွာ​သည် အရေး​မကြီး​လှ​ပေ။ အဘယ်​အသက်မွေးဝမ်းကျောင်း​အလုပ်ကို ရွေးချယ်​မည်၊ အိမ်ထောင်ပြု​မည်၊ မပြု​မည် အစ​ရှိသည့် အခြား​ဆုံးဖြတ်ချက်​များသည် ကျွန်ုပ်​တို့၏​အနာဂတ်​တစ်ခုလုံး​ကို ထိခိုက်​နိုင်​သည်။ အခြား​သူများ​နှင့်​ဆိုင်သော အခြား​ဆုံးဖြတ်ချက်​များလည်း​ရှိ၏။ မိဘများ​၏​ဆုံးဖြတ်ချက်​အချို့​သည် သူတို့က​လေး​များ​အပေါ် အကျိုး​သက်ရောက်မှု များစွာ​ရှိစေသည်။ ထို့​ပြင် ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​များစွာ​အတွက် ဘုရားသခင်​ထံ စာရင်း​ရှင်း​ကြ​ရမည်။—ရောမ ၁၄:၁၂

အကူအညီ​လိုအပ်

ဆုံးဖြတ်ချက်​ချ​ခြင်း​နှင့်​ပတ်သက်​လာ​လျှင် လူသား​တို့၏​မှတ်တမ်းမှာ မကောင်း​လှ​ပေ။ မှတ်တမ်း​တင်ထားသော ကနဦး​လူသား​၏​ဆုံးဖြတ်ချက်​သည် ဆိုးကျိုး​သက်ရောက်​ခဲ့​သည်။ ဧဝ​သည် ဘုရားသခင်​အတိအလင်း​တားမြစ်​ထားသော အသီးကို​စား​ရန် ဆုံးဖြတ်​ခဲ့​၏။ တစ်ကိုယ်ကောင်း​စိတ်ဖြင့် သူ၏​ရွေးချယ်မှု​သည် သူ့​ခင်ပွန်း​နှင့်အတူ ဘုရားသခင်​ကို​အာခံ​စေ​ခဲ့​ရာ လူသား​မျိုးနွယ်​တစ်ရပ်လုံး​ပါ အကြီးအကျယ်​ဘေး​တွေ့ခဲ့​ရလေ​သည်။ ကိစ္စရပ်​များစွာ​တွင် လူသား​တို့သည် ဖြောင့်မတ်​သော​မူများ​ထက် ကိုယ့်​အကျိုးကို​သာ​ကြည့်​၍ ဆုံးဖြတ်ချက်​ချ​တတ်ကြ​သည်။ (ကမ္ဘာဦး ၃:၆-၁၉; ယေရမိ ၁၇:၉) အရေးကြီးသော​ဆုံးဖြတ်ချက်​များ​ချရန် လိုအပ်​လာ​သည့်​အခါ ကျွန်ုပ်​တို့​၌​ကန့်သတ်ချက်​များ​ရှိကြောင်း မကြာခဏ​သတိပြုမိ​လေ့​ရှိကြသည်။

ထို့​ကြောင့် အရေးကြီး​ဆုံးဖြတ်ချက်​များ​ချ​ရချိန်တွင် လူသား​တို့​ထက် သာ၍​ကြီးမြတ်သော​ရင်းမြစ်​များ​မှ အကူအညီကို လူအများ ရှာဖွေ​တတ်ကြ​သည်​မှာ အံ့ဩစရာ​မဟုတ်​ချေ။ နေဗုခဒ်နေဇာ​သည် စစ်​ဆင်နွှဲ​နေချိန်​၌ ဆုံးဖြတ်ချက်​ချ​ရသော အဖြစ်အပျက်​တစ်ခု​ကို ကျမ်းစာ​က မှတ်တမ်း​တင်ထား​သည်။ သူသည် ရှင်ဘုရင်​တစ်ပါး​ဖြစ်သော်လည်း “ဗေဒင်​တွက်” ရန်လို​အပ်​သည်​ဟု ထင်မှတ်​ကာ နတ်​ဝိညာဉ်​များ​ကို မေးမြန်း​လေ​သည်။ ထို့​ကြောင့် မှတ်တမ်းက ဤသို့​ဆို​သည်– “မြား​တို့ကို​ရောနှော [“လှုပ်ခါ၊” က​ဘ] ၏။ တေရပ်​ရုပ်တု​တို့ကို မေးမြန်း​၏။ အသည်း​ကို​ကြည့်ရှု​၏။” (ယေဇကျေလ ၂၁:၂၁) အလားတူ​စွာ​ပင် ယနေ့လည်း လူများစွာ​တို့သည် ဗေဒင်​ဆရာများ​နှင့် နက္ခတ်​ဗေဒ​ပညာရှင်​များ​ကို မေးမြန်း​ကြ​ပြီး အခြား​နည်းများဖြင့် နတ်​ဝိညာဉ်​များ​၏​အကူအညီကို ခံယူ​ကြသည်။ သို့သော် ယင်း​တို့သည် လှည့်ဖြား​တတ်​ပြီး လမ်းလွဲ​စေ​သည်။—ဝတ်ပြုရာ ၁၉:၃၁

အပြည့်အဝ​ယုံကြည်​အားထား​နိုင်​ပြီး သမိုင်း​တစ်လျှောက်​တွင် လူသားများ​ကို ပညာရှိ​စွာ​ဆုံးဖြတ်ချက်​များ​ချ​စေ​ခဲ့​သူတစ်ပါး​ရှိသည်။ ထို​သူ​ကား ယေဟောဝါ​ဘုရားသခင်​ပင်​ဖြစ်သည်။ ဥပမာ၊ ဘုရားသခင်​သည် ရှေး​အချိန်​က မိမိ၏​ဣသရေလ​လူမျိုး အရေးကြီး​အခြေအနေ​များ​ကို ရင်ဆိုင်​ရသောအခါ စာရေး​တံ​ချ​ရသည့် မြင့်မြတ်​သော​မဲ​ဖြစ်​နိုင်​ဖွယ်​ရှိသော ဥ​ရိမ်​နှင့်​သု​မိ​မ်​ကို ထို​လူမျိုး​အား ပေး​ထား​သည်။ ဥ​ရိမ်​နှင့်​သု​မိ​မ်​အားဖြင့် ယေဟောဝါ​သည် မေးခွန်းများကို တိုက်ရိုက်​အဖြေပေး​၍ ဣသရေလ​လူမျိုး​မှ​အကြီးအကဲ​များ​အား ကိုယ်တော်​၏​အလိုတော်နှင့်​အညီ ဆုံးဖြတ်ချက်​များ​ချ​နိုင်​ရန် ကူညီပေး​ခဲ့​၏။—ထွက်မြောက်ရာ ၂၈:၃၀; ဝတ်ပြုရာ ၈:၈; တောလည်ရာ ၂၇:၂၁

နောက်​ဥပမာ​ကို သုံးသပ်ကြည့်​ပါ။ ဂိဒေါင်​သည် မိဒျန်​လူမျိုး​ကို​တိုက်ခိုက်​ရန် ဣသရေလ​စစ်တပ်​ကို ဦးဆောင်ဖို့​လိုအပ်​လာသော​အခါ ဤ​မြင့်မြတ်​လှ​သော​အခွင့်အရေး​ကို လက်ခံသင့်၊ မသင့် ဆုံးဖြတ်ချက်​ချ​ရသည်။ ယေဟောဝါ​သည် မိမိ​အား တကယ်​ကူညီပေး​မည်​ကို​အသေအချာ​သိ​လို​၍ အံ့ဖွယ်​နိမိတ်​တစ်ခု​ကို ဂိဒေါင်​တောင်း​ခဲ့​သည်။ သိုးမွေး​သည် တစ်ညလုံး​နှင်း​စို၍ မြေတစ်ပြင်လုံး သွေ့ခြောက်​တော်​မူ​ပါစေ​ဟု သူ​ဆုတောင်း​ခဲ့​၏။ နောက်​တစ်ည​တွင် သူက မြေတစ်ပြင်လုံး​သည် နှင်း​စို၍ သိုးမွေး​သွေ့ခြောက်​ပါစေ​ဟု တောင်းလျှောက်​ပြန်​သည်။ ယေဟောဝါ​သည် ဂိဒေါင်​တောင်းဆို​ခဲ့​သည့် နိမိတ်​များ​ကို ကြင်နာ​စွာ​ပြသ​တော်​မူ​ခဲ့​သည်။ ရလဒ်​ကား ဂိဒေါင်​သည် ဘုရားသခင့်​အကူအညီ​ဖြင့် ဆုံးဖြတ်ချက်​အမှန်​ကို​ချ​ပြီး ဣသရေလ​ရန်သူများ​ကို လုံးလုံး​ချေမှုန်း​ခဲ့​လေ​သည်။—တရားသူကြီး ၆:၃၃-၄၀; ၇:၂၁၊ ၂၂

ယနေ့​ကော​အသို့နည်း

ယနေ့လည်း ယေဟောဝါ​၏​ကျေးကျွန်​များ အရေးကြီး​ဆုံးဖြတ်ချက်​များ​ချဖို့​လိုအပ်​လာ​သည့်​အခါ သူတို့ကို ကိုယ်တော်​ကူညီပေး​နေဆဲ​ပင်။ မည်သို့​အားဖြင့်​နည်း။ ဂိဒေါင်​နည်းတူ ကျွန်ုပ်​တို့သည် ‘သိုးမွေး​စမ်းသပ်မှု​များ’ ဖြစ်သည့် မည်သို့​ပြုမူ​သင့်​ကြောင်း ယေဟောဝါ​ထံ​မှ နိမိတ်​များ​တောင်းဆို​သင့်​သလော။ ဇနီး​မောင်နှံ​တစ်စုံ​သည် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောသူများ အလွန်​လိုအပ်​လျက်​ရှိသော​နေရာတွင် သွား​အမှုဆောင်ရန် ပြောင်းရွှေ့​သင့်၊ မသင့် သိ​လို​ခဲ့​ကြသည်။ ဆုံးဖြတ်ချက်​ချ​နိုင်​ရန် အကူအညီ​အတွက် စမ်းသပ်မှု​တစ်ခု​ကို သူတို့​စီစဉ်​ခဲ့​ကြသည်။ သူတို့၏​အိမ်ကို ဈေးနှုန်း​သတ်မှတ်ပြီး ရော​င်း​မည်။ အိမ်ကို သတ်မှတ်​ထားသော​ရက်၊ သတ်မှတ်​ထားသော​ဈေးနှုန်း သို့​မဟုတ် ထို​ထက်မက​သော​ဈေး​ဖြင့် ရော​င်း​ရမည်​ဆိုလျှင် မိမိတို့ကို ဘုရားသခင်​ပြောင်းရွှေ့​စေ​လို​သည်​ဟု သူတို့​ယူမှတ်​ကြ​မည်​ဖြစ်သည်။ သို့သော် အိမ်ကို​မရောင်း​ရ​လျှင် မိမိတို့ကို ဘုရား​သခင်မ​ပြောင်းရွှေ့​လို​ဟု သူတို့​ယူမှတ်​ကြ​မည်​ဖြစ်သည်။

အိမ်​မရောင်း​ရ​ပါ။ ၎င်း​ကြောင့် ယေဟောဝါ​သည် သာ၍​လိုအပ်​လျက်​ရှိသော​နေရာတွင် ဤ​ဇနီး​မောင်နှံ​ကို သွား​အမှုဆောင်ရန် အလို​မရှိ​ဟု တင်ပြ​နေပါသလော။ အမှန်​ဆို​သော် ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​အတွက် အဘယ်အရာ​ပြုလုပ်​ပေး​သည်၊ မပြု​လုပ်ပေး​သည်ကို ယတိပြတ်​ပြော​ခြင်း​သည် ရောင့်တက်​ရာ​ရောက်​ပေမည်။ ယနေ့ ယေဟောဝါ​သည် ကျွန်ုပ်​တို့အတွက် မိမိ၏​အလိုတော်ကို ဘယ်​သောအခါ​မျှ ကြားဖြတ်​ဝင်ရောက်​ဖော်ပြ​ပေး​မည်​မဟုတ်​ဟု မပြော​နိုင်​ချေ။ (ဟေရှာယ ၅၉:၁) သို့ရာတွင် ကျွန်ုပ်​တို့၏​အရေးကြီးသော​ဆုံးဖြတ်ချက်​များ​ကို ဘုရားသခင်​ကြားဝင်​ဆုံးဖြတ်​ပေး​ရန် ကျွန်ုပ်​တို့​မျှော်လင့်​ပိုင်ခွင့်​မရှိ​ချေ။ ဂိဒေါင်​ပင်​လျှင် သူ့​အသက်တာတွင် များသောအားဖြင့် ယေဟောဝါ​ထံ​မှ အံ့ဖွယ်​နိမိတ်​များ​မပါဘဲ ဆုံးဖြတ်ချက်​များ ချ​ခဲ့​ရ၏!

သို့သော် သမ္မာကျမ်းစာ​က ဘုရားသခင်​၏​လမ်းညွှန်မှု ရရှိနိုင်​သည်​ဟု​ဆို​သည်။ ကျွန်ုပ်​တို့​အချိန်ကာလ​နှင့်​ပတ်သက်​၍ ဤသို့​ကြိုဟော​သည်– “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်​သို့​လမ်းလွဲ​လျှင် ‘ဤ​မည်​သော​လမ်း​သည်​မှန်​၏။ ဤ​လမ်း၌​သွားလော့’ ဟု​သင့်​နောက်​၌ ပြော​သော​စကားသံ​ကို ကိုယ်​နား​နှင့်​ကြား​ရ​လိမ့်​မည်။” (ဟေရှာယ ၃၀:၂၁) ကျွန်ုပ်​တို့သည် အရေးကြီးသော​ရွေးချယ်မှု​များ ပြု​ရသည့်​အခါ ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​များ​မှာ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ​ဖြစ်​ပြီး ကိုယ်တော်​၏​မြင့်မြတ်​သော​ဉာဏ်ပညာ​ကို ထင်ဟပ်​စေရန် အသေအချာ​သိနိုင်ဖို့ အကူအညီ​တောင်းဆိုခြင်း​သည် တကယ်​ပင်​လျောက်ပတ်​ပေ​၏။ မည်သို့​အားဖြင့်​နည်း။ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ကို စူးစမ်း​လေ့လာ​ပြီး ယင်းကို ‘ကျွန်ုပ်​တို့​ခြေရှေ့​မှာ မီးခွက်​ဖြစ်၍ ကျွန်ုပ်​တို့​လမ်းခရီး​ကို​လင်း​စေ’ ခြင်း​အားဖြင့်​ဖြစ်သည်။ (ဆာလံ ၁၁၉:၁၀၅; သု. ၂:၁-၆) ဤသို့​လုပ်ဆောင်ရန် ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​မှ တိကျ​မှန်ကန်သော​အသိပညာကို ဆည်းပူးခြင်း​အကျင့် ပျိုးထောင်​ပေးဖို့​လိုအပ်​သည်။ (ကောလောသဲ ၁:၉-၁၁) ထို့​ပြင် ဆုံးဖြတ်ချက်​ချ​ရမည့်​အခါ ထို​ကိစ္စ​နှင့်​ဆက်နွှယ်​နေသည့် ကျမ်းစာမူ​အားလုံး​ကို သေချာ​စွာ​ရှာဖွေ​လေ့လာ​ဖို့​လို​သည်။ ဤသို့​သော​ရှာဖွေ​လေ့လာမှု​သည် ကျွန်ုပ်​တို့အား “သာ၍​အရေးကြီးသော​အရာများ​ကို သေချာ​စွာ​သိနိုင်” စေမည်။—ဖိလိပ္ပိ ၁:၉၊ ၁၀က​ဘ။

ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဆုတောင်းသံ​ကို နားညောင်း​တော်​မူ​လိမ့်​မည်​ဟု ယုံကြည်​စိတ်ချ​စွာ​ဖြင့်​လည်း ကိုယ်တော်​ထံ ကျွန်ုပ်​တို့​ဆုတောင်း​သင့်​သည်။ ကျွန်ုပ်​တို့​ဆုံးဖြတ်ချက်​ချ​ရမည့်​ကိစ္စ​နှင့် ဆင်ခြင်​သုံးသပ်​နေသော ရွေးချယ်မှု​များ​ကို မေတ္တာရှင်​ဘုရားသခင်​အား ပြောပြ​ရခြင်း​သည် တကယ်​ပင်​စိတ်သက်သာ​မှု​ရရှိစေ​ပါ​သည်​တကား! ထို့နောက် ကျွန်ုပ်​တို့သည် ဆုံးဖြတ်ချက်​အမှန်​ချ​နိုင်​ရန် လမ်းညွှန်မှုကို ယုံကြည်​စိတ်ချ​စွာ တောင်းဆို​နိုင်​သည်။ သန့်ရှင်းသော​ဝိညာဉ်တော်သည် များသောအားဖြင့် သက်ဆိုင်​သည့်​ကျမ်းစာမူများ​ကို အမှတ်ရ​စေမည် သို့​မဟုတ် ကျွန်ုပ်​တို့​အခြေအနေ​နှင့်​ဆက်နွှယ်​သည့် ကျမ်းချက်​တစ်ချက်​ကို ပို​၍​ရှင်းလင်းစွာ​သဘောပေါက်​နားလည်စေ​ရန် ကူညီပေး​မည်။—ယာကုပ် ၁:၅၊ ၆

ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​များ​ကို ဆွေးနွေး​တိုင်ပင်​နိုင်​မည့် အသင်းတော်​မှ​ရင့်ကျက်သူများ​ကိုလည်း ယေဟောဝါ​ပေးသနား​ထား​သည်။ (ဧဖက် ၄:၁၁၊ ၁၂) သို့သော် အခြား​သူများ​နှင့် တိုင်ပင်​ဆွေးနွေး​ရာ​တွင် မိမိတို့​ကြား​လို​ရာ​ကို​ပြော​သည့်​သူနှင့်​မတွေ့မချင်း တစ်ယောက်​ပြီး​တစ်ယောက်​ထံ ချဉ်းကပ်​သူများ​၏​လမ်းစဉ်​ကို မလိုက်လျှောက်​သင့်​ချေ။ ကြား​လို​ရာ​ကို​ပြောဆိုသူ​၏​အကြံပေး​ချက်​ကို​မှ သူတို့​လိုက်​ကြ​၏။ ရောဗောင်​၏​သတိပေး​နမူနာကို ကျွန်ုပ်​တို့​သတိရ​သင့်​သည်။ သူသည် အရေးကြီး​ဆုံးဖြတ်ချက်​ချဖို့ လိုအပ်​လာသော​အခါ ဖခင်​နှင့်​အမှုထမ်းခဲ့​ကြသော အသက်ကြီးသူ​များ​ထံ​မှ အလွန်​ကောင်းသော​အကြံပေး​ချက်​ကို ရရှိခဲ့သည်။ သို့သော် သူတို့၏​ဆုံးမ​စကား​ကို လိုက်လျှောက်​မည့်​အစား မိမိ​နှင့်အတူ​ကြီးပြင်း​လာ​ကြ​သူ ရွယ်တူချင်း​များနှင့် ဆွေးနွေး​တိုင်ပင်​ခဲ့​၏။ သူတို့၏​အကြံပေး​ချက်​ကို​လိုက်ခြင်း​ဖြင့် သူသည် ပညာ​မဲ့​ဆုံးဖြတ်ချက်​ကို​ချ​ခဲ့​ရာ နောက်ဆုံး သူ၏​နိုင်ငံ​အစိတ်အပိုင်း​အတော်များများ ဆုံးရှုံး​ခဲ့​ရသည်။—၃ ဓမ္မ​ရာဇဝင် ၁၂:၁-၁၇

အကြံပေး​ချက်​ရလိုသည့်​အခါ ဘဝတွင် အတွေ့အကြုံ​ရှိသူ၊ ကျမ်းစာ​အသိပညာ​ကောင်းစွာ​ရှိသူ၊ ဖြောင့်မတ်​သော​မူများ​ကို အလွန်​လေးစား​သူများ​ထံ​မှ အကူအညီ​ယူပါ။ (သု. ၁:၅; ၁၁:၁၄; ၁၃:၂၀) ဖြစ်​နိုင်​သည့်​အခါတိုင်း​တွင် သက်ဆိုင်​သည့်​မူများ​နှင့် သုတေသန​ပြု​ထား​သည့် အချက်အလက်​အားလုံး​ကို အချိန်​ယူ​တွေးတော​ဆင်ခြင်​ပါ။ ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​အလင်း​အတိုင်း အရာများ​ကို သင်​တွေ့မြင်​လာသော​အခါ ဆုံးဖြတ်ချက်​အမှန်​ကို​ချရန် ပိုမို​သိသာ​ထင်ရှား​လာ​လိမ့်​မည်။—ဖိလိပ္ပိ ၄:၆၊ ၇

ကျွန်ုပ်​တို့​ချ​သော​ဆုံးဖြတ်ချက်​များ

ဆုံးဖြတ်ချက်​အချို့​ကို အလွယ်တကူ​ချ​နိုင်​သည်။ သက်သေခံခြင်း​ကို​ရပ်တန့်​ရန် မိန့်မှာ​ခံရသော​အခါ ယေရှု​အကြောင်း​ဆက်​မဟောဘဲ​မနေနိုင်​ကြောင်း တမန်​တော်​များ​သိ​သောကြောင့် လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​ရန် မိမိတို့၏​ဆုံးဖြတ်ချက်​ကို ဆဲန်ဟီဒရင်​အား ချက်ချင်း​အကြောင်းကြား​ခဲ့​သည်။ (တမန်​တော် ၅:၂၈၊ ၂၉) အချို့​သော​ကိစ္စ​များ​ကို​မူ သမ္မာကျမ်းစာ​က တိုက်ရိုက်​မဖော်​ပြ​ထားသော​ကြောင့် ဆုံးဖြတ်ချက်​ချဖို့​ရန် အတော်အတန်​စဉ်းစား​ဆင်ခြင်​ဖို့​လိုအပ်​ပေမည်။ သို့​တိုင် ကျမ်းစာ​မူများ​က အကောင်းဆုံး,ဆုံးဖြတ်ချက်​ချ​နိုင်​ရန် အလင်းဖြာ​ပေး​တတ်​သည်။ ဥပမာ၊ ယနေ့ အပန်းဖြေနည်း​အမျိုးမျိုး​တို့သည် ယေရှု​အချိန်တွင် မရှိခဲ့​သော်လည်း ယေဟောဝါ​နှစ်သက်​သည့်​အရာ၊ မနှစ်သက်​သည့်​အရာ​တို့​နှင့်​ပတ်သက်​၍ ကျမ်းစာ​တွင် ရှင်းလင်း​ပြတ်သား​စွာ​ဖော်ပြ​ပေး​ထား​သည်။ ထို့​ကြောင့် အကြမ်းဖက်မှု၊ အကျင့်​ယိုယွင်းမှု သို့​မဟုတ် ပုန်ကန်မှု​တို့ကို အားပေး​အား​မြှောက်​ပြုသော အပန်းဖြေမှု​ကို​လိုက်စား​ကြ​သည့် မည်သည့်​ခရစ်ယာန်​မဆို ဆုံးဖြတ်ချက်​ချ​မှား​ခဲ့​ကြသည်။—ဆာလံ ၉၇:၁၀; ယောဟန် ၃:၁၉-၂၁; ဂလာတိ ၅:၁၉-၂၃; ဧဖက် ၅:၃-၅

တစ်ခါတစ်ရံ ဆုံးဖြတ်ချက်​နှစ်ခုစလုံး​သည် မှန်ကန်​ပေမည်။ အကူအညီ​သာ၍​လိုအပ်​လျက်​ရှိသော​နေရာတွင် အမှုထမ်းဆောင်​ခြင်း​သည် အခွင့်ထူး​ဖြစ်​ပြီး ကောင်းချီး​များစွာ​ရရှိစေ​နိုင်၏။ သို့ရာတွင် အကြောင်း​တစ်ခုခု​ကြောင့် ထိုသို့​မပြု​လုပ်ရန် တစ်ဦး​တစ်ယောက်​ဆုံးဖြတ်​ခဲ့​လျှင် သူသည် မိမိ၏​အသင်းတော်တွင် ကောင်းစွာ​အမှုဆောင်​နိုင်​ပါ​သေး​သည်။ တစ်ခါတစ်ရံ ကျွန်ုပ်​တို့သည် ယေဟောဝါ​အား မည်မျှ​ချစ်​မြတ်နိုး​ကြောင်းကို​ဖော်ပြ​ရန်၊ သို့​မဟုတ် ကျွန်ုပ်​တို့၏​အသက်တာတွင် အရေးကြီးဆုံး​ကား အဘယ်အရာ​ဖြစ်​ကြောင်းကို​ဖော်ပြ​ရန် အခွင့်ကောင်း​ရရှိ​သည့် ဆုံးဖြတ်ချက်​နှင့်​ကြုံ​ရကြပေမည်။ ဤသို့ဖြင့် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​စိတ်နှလုံး​အခြေအနေ​ကို​ဖော်ပြ​ရန် ကျွန်ုပ်​တို့၏​လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ကို အသုံးပြု​စေ​သည်။

ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​များသည် သူတစ်ပါးကို မကြာခဏ​ထိခိုက်​လေ့​ရှိ၏။ ဥပမာ၊ ပထမ​ရာစု​ရှိ​ခရစ်ယာန်​များသည် ပညတ်တရား​၏​ချုပ်နှောင်​မှုများ​စွာ​မှ လွတ်မြောက်​လာသော​ကြောင့် ဝမ်းမြောက်​ကြသည်။ ပ​မာ​ပြ​ရ​သော် ပညတ်တရား​အောက်​ရှိ မသန့်ရှင်း​သော​အစာကို သူတို့​စား​လိုလျှင် စား​နိုင်​သည်၊ မစား​လိုလျှင် မစား​ဘဲ​နေနိုင်​ပြီ​ဖြစ်သည်။ သို့သော် ဤ​လွတ်လပ်ခွင့်ကို အသုံးပြု၊ မပြု ဆုံးဖြတ်​ရာ​တွင် သူတစ်ပါး​၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ထောက်ထား​ဖို့ တိုက်တွန်း​ခံ​ခဲ့​ကြ​ရသည်။ ယင်း​နှင့်​ပတ်သက်​၍ ပေါလု​၏ “ထိမိ​၍​လဲစရာ​အကြောင်းကို​မပြု” ကြ​နှင့်​ဟူသော​စကား​များသည် ကျွန်ုပ်​တို့​ချ​လိုက်​သော ဆုံးဖြတ်ချက်​များစွာ​နှင့်​သက်ဆိုင်​နိုင်​သည်။ (၁ ကောရိန္သု ၁၀:၃၃) သူတစ်ပါးကို ထိမိ​လဲစရာ​မဖြစ်စေ​လို​သည့် စိတ်ဆန္ဒ​သည် ကျွန်ုပ်​တို့​ဆုံးဖြတ်ချက်​ချ​ရမည့် ကိစ္စ​များစွာ​တွင် အကူအညီ​ဖြစ်​ပေ​လိမ့်​မည်။ ထို့​ပြင် အိမ်နီးချင်း​ကို​ချစ်​ရမည်​ဟူသည်​ကား ဒုတိယ​အကြီးမြတ်ဆုံး​ပညတ်​ဖြစ်၏။—မဿဲ ၂၂:၃၆၊ ၃၉က​ဘ။

ကျွန်ုပ်​တို့​ဆုံးဖြတ်ချက်​များ​၏​အကျိုး​ရလဒ်

ကိုယ်ကို​ကိုယ်​သိသောစိတ်​ကြည်လင်​စွာ​ဖြင့် ကျမ်းစာ​မူများ​ကို​အခြေခံ​ပြီး ချ​လိုက်​သော​ဆုံးဖြတ်ချက်​များသည် နောက်ဆုံး​တွင် အမြဲ​ပင်​အကျိုး​ရလဒ်ကောင်း​များ ထွက်ပေါ်​စေပါ​လိမ့်​မည်။ လတ်တလော​တွင် ကိုယ်ကျိုး​စွန့်​ဖို့​လို​ပေမည်။ တမန်​တော်​များသည် ယေရှု​အကြောင်း​ဆက်​ဟောပြော​မည်​ဟု သူတို့၏​ဆုံးဖြတ်ချက်​ကို ဆဲန်ဟီဒရင်​အား ဖော်ပြ​သောအခါ သူတို့သည် အကျဉ်းထောင်​မှ​မလွှတ်​မီ ရိုက်နှက်​ခံ​ခဲ့​ရသည်။ (တမန်​တော် ၅:၄၀) ရှာဒရက်၊ မေရှက်​နှင့် အဗေဒနေဂေါ ဟေဗြဲ​လူ​သုံးဦး​တို့သည် နေဗုခဒ်နေဇာ​၏​ရွှေရုပ်​ပုံ​ကို ဦး​မချ​ဟု​ဆုံးဖြတ်​လိုက်​သောအခါ အသက်​အန္တရာယ်​နှင့်​ကြုံ​ခဲ့​ကြ​ရသည်။ သူတို့၏​ဆုံးဖြတ်ချက်​သည် သေ​နိုင်​သည့်​ဖြစ်​နိုင်​ခြေ​များ​ကို​ရင်ဆိုင်​ရန် အသင့်​ရှိခဲ့​ကြသည်။ သို့သော် သူတို့သည် ဘုရားသခင့်​မျက်နှာတော်​နှင့်​တွေ့​ပြီး ကောင်းချီး​ရရှိ​မည်​ကိုလည်း သိခဲ့​ကြ​၏။—ဒံယေလ ၃:၁၆-၁၉

ကျွန်ုပ်​တို့သည် အသိစိတ်​ရှိ​ရှိ​ဆုံးဖြတ်ချက်​ချ​ပြီး​နောက် အခက်အခဲ​များ​ကြုံတွေ့​ရ​လျှင် ဆုံးဖြတ်ချက်​မှားသွား​ပြီ​ဟု ယူဆ​စ​ရာ​အကြောင်း​မရှိပေ။ “အချိန်​နှင့်​ကြိုတင်​မမြင်​ရသော​ဖြစ်ပျက်​မှု” ကြောင့်​စိတ်ရင်းမှန်​ဖြင့်​ချ​သော ဆုံးဖြတ်ချက်​များ​ပင်​လျှင် ဆိုးကျိုး​ပေါ်​စေနိုင်​သည်။ (ဒေ. ၉:၁၁က​ဘ) ထို့​ပြင် ယေဟောဝါ​သည် တစ်ခါတစ်ရံ ကျွန်ုပ်​တို့​ကတိကဝတ်​၏​အတိမ်အနက်​ကို စမ်းသပ်​ရန် ဘေး​တွေ့ခွင့်​ပြု​သည်။ ယာကုပ်​သည် ကောင်းချီး​မရ​မီ ကောင်းကင်တမန်​တစ်ပါး​နှင့် တစ်ညလုံး​နပန်းလုံး​ခဲ့​ရသည်။ (ကမ္ဘာဦး ၃၂:၂၄-၂၆) ကျွန်ုပ်​တို့သည်​လည်း မှန်ကန်​ရာ​ကို​ပြုလုပ်​နေ​လျက်​ပင် အခက်အခဲ​နှင့်​နပန်းလုံး​နေရ​ပေမည်။ သို့သော် ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​များသည် ဘုရားသခင်​၏​အလိုတော်နှင့်​အညီ​ဖြစ်​လျှင် ကျွန်ုပ်​တို့​ခံနိုင်ရည်​ရှိ​ရန် ကိုယ်တော်​ကူညီပေး​ပြီး နောက်ဆုံး​၌ ကောင်းချီး​ပေး​မည်​ကို ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။—၂ ကောရိန္သု ၄:၇

ထို့​ကြောင့် အရေးကြီး​ဆုံးဖြတ်ချက်​တစ်ခု​ချ​သောအခါ သင့်​ဉာဏ်ပညာ​အပေါ် မှီခို​အားမထား​ပါ​နှင့်။ သက်ဆိုင်​သည့် ကျမ်းစာ​မူများ​ကို ရှာဖွေပါ။ ယင်း​အကြောင်းကို ယေဟောဝါ​အား ပြောပြ​ပါ။ ဖြစ်​နိုင်​မည်​ဆိုလျှင် ရင့်ကျက်သော​ခရစ်ယာန်​ချင်း​များနှင့် တိုင်ပင်​ဆွေးနွေး​ပါ။ ထို့နောက် သတ္တိ​ရှိပါ။ သင်၏​ဘုရားသခင်​ပေး လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ကို အကျိုးသင့်အကြောင်းသင့်​နည်းဖြင့် အသုံးချပါ။ ဆုံးဖြတ်ချက်​ကောင်း​ချ​ပြီး သင်၏​နှလုံး​သည် ယေဟောဝါ​၏​ရှေ့မှောက်တော်​တွင် ဖြောင့်မတ်​ကြောင်း ကိုယ်တော့်​အား​ဖော်ပြ​ပါ​လေ။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

အရေးကြီး​ဖြတ်​ချက်​များ​မချ​မီ ဘုရားသခင့်​နှုတ်​မြွတ်​စကားတော်​ကို စူးစမ်း​ပါ

[[စာမျက်နှာ ၂၈၊ ၂၉ ပါ ရုပ်ပုံ]

သင်,ချ​ရမည့်​ဆုံးဖြတ်ချက်​များ​ကို ယေဟောဝါ​အား​ပြောပြ​ပါ

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

သင်၏​အဓိက​ဆုံးဖြတ်ချက်​များ​ကို ရင့်ကျက်သော​ခရစ်ယာန်​များနှင့်​ဆွေးနွေး​နိုင်