မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ချိန်က ကျွန်မတို့သည် မြေခွေးများဖြစ်ခဲ့—ယခုသိုးများဖြစ်နေ!

တစ်ချိန်က ကျွန်မတို့သည် မြေခွေးများဖြစ်ခဲ့—ယခုသိုးများဖြစ်နေ!

တစ်ချိန်က ကျွန်မ​တို့သည် မြေခွေး​များ​ဖြစ်​ခဲ့​—ယခု​သိုးများ​ဖြစ်နေ!

စ​ကီ​နာ​နှင့် ကျွန်မ​သည် ငယ်​စဉ်​က အိမ်နီးချင်း​များ​ဖြစ်​ကြ​၏။ ​စ​ကီ​နာ​သည် လူ​ကောင်​ထွား​၍ သန်မာ​သော်လည်း ကျွန်မ​သည်​ညှက်၍​ပိန်​သည်။ မကြာခဏ​ပင် အော်​ကြီး​ဟစ်​ကျယ်​ငြင်းခုံ​လေ့​ရှိသော်လည်း တစ်နေ့​တွင် ကျွန်မ​တို့ အကြီးအကျယ်​လုံးထွေး​သတ်ပုတ်​ခဲ့​ကြ​၏။ ထို​နေ့​မှ​စ၍ နောက်နောင် တစ်ဦး​နှင့်​တစ်ဦး​စကား​လည်း​မပြော နှုတ်​လည်း​မ​ဆက်​ကြ​တော့​ချေ။ နောက်ဆုံး​၌ ကျွန်မ​တို့​နှစ်ဦးစလုံး အိမ်​ပြောင်းရွှေ့​သွား​ကြ​ပြီး အဆက်အသွယ်​ပြတ်​သွားခဲ့​ကြသည်။

၁၉၉၄ ခုနှစ်​တွင် ယေဟောဝါသက်သေ​များနှင့် ကျွန်မ​သမ္မာကျမ်းစာ​စလေ့လာ​ခဲ့​ရာ တဖြည်းဖြည်း ကျွန်မ​၏​စရိုက်​ပြောင်းလဲ​လာ​ခဲ့​သည်။ နောက်​လေးနှစ်​အကြာတွင် ဘာရွန်ဒီ​နိုင်ငံ၊ ဘူ​ဂျန်ဘူ​ရာ​မြို့မှာ​ကျင်းပ​သော ကျွန်မ​တို့၏​အထူး​အစည်းအဝေး​နေ့ကို တက်ရောက်​စဉ် စ​ကီ​နာ​နှင့် အမှတ်မထင်​ပြန်​ဆုံခဲ့​၍ အံ့သြ​သွား​ရသည်။ သူ​စည်းဝေး​လာ​တက်ရောက်​သည့်​အတွက် ကျွန်မ​ဝမ်းသာ​သော်လည်း ကျွန်မ​တို့ အေး​တိ​အေးစက်​သာ​နှုတ်ဆက်​ခဲ့​ကြသည်။ ထို​နေ့​နှောင်းပိုင်းတွင် နှစ်ခြင်း​ယူ​ရန်​ထိုင်​နေသူတို့​အကြား သူ့ကို တွေ့​လိုက်ရ​သောအခါ ကျွန်မ​အံ့အားသင့်​ခဲ့​၏! သူသည်​လည်း လုံးဝ​ပြောင်းလဲ​သွားပေ​ပြီ။ သူသည် ကျွန်မ​နှင့် မကြာခဏ​ရန်ဖြစ်​ခဲ့​သည့် ရန်လိုသော​ပုဂ္ဂိုလ်​တစ်ဦး လုံးဝ​မဟုတ်​တော့​ချေ။ ဘုရားသခင်​ထံ သူ၏​ဆက်ကပ်​အပ်နှံခြင်း​ကို ရေ​တွင်​နှစ်ခြင်း​ခံ​ခြင်း​ဖြင့် လူအများရှေ့​သက်သေထူ​ခဲ့​ခြင်း​ကို တွေ့ မြင်ရ​ခြင်း​က တကယ်​ဝမ်းသာစရာ​ကောင်း​လေ​စွ!

ရေ​ထဲ​မှ သူ​ထွက်​လာသော​အခါ သူ့​ထံ မြန်မြန်ဆန်ဆန်​သွား​လိုက်ပြီး သူ့ကို​ဖက်​ကာ နား​နားကပ်​၍ ဤသို့​တိုးတိုး​ပြောလိုက်​သည်– “ငါ​တို့ ဘယ်လောက်တောင် ရန်ဖြစ်​ခဲ့​ကြသလဲ​ဆိုတာ မှတ်မိသေးလား။” သူက “မှတ်မိ​တာပေါ့၊ ဒါပေမဲ့ အဲ့​ဒါဟာ​အတိတ်မှာ​ကျန်​ခဲ့ပြီ။ အခု ငါ​လူသစ်​ဖြစ်သွား​ပြီ” ဟု​ပြော​ခဲ့​သည်။

မဟာသိုးထိန်းရှင်၊ ယေဟောဝါ​ဘုရားသခင်​၏​သိုးများ​အဖြစ် ကျွန်မ​တို့​နှစ်ဦးစလုံး​ကို စည်းလုံးစေ​၍ မြေခွေး​ကဲ့သို့​သော ကျွန်မ​တို့၏​စရိုက်​​လက္ခဏာများ​ကို ပြောင်းလဲ​စေ​ခဲ့​သည့် ကျမ်းစာ​အမှန်တရားကို တွေ့ ရှိခဲ့​ခြင်း​အတွက် ကျွန်မ​တို့​ပျော်ရွှင်​နေကြပါ​သည်။ ကျမ်းစာ​အမှန်တရားသည် ဘဝ​များ​ကို အမှန်တကယ်​ပင်​ပြောင်းလဲ​စေ​သည်။