အရှေ့အလယ်ပိုင်းဒေသ၌ ဝိညာဉ်ရေးအလင်း ထွန်းလင်း
ဘဝအတ္ထုပ္ပတ္တိ
အရှေ့အလယ်ပိုင်းဒေသ၌ ဝိညာဉ်ရေးအလင်း ထွန်းလင်း
နာဂျီဘ် ရှာလမ် ပြောပြသည်
စီ.အီး. ပထမရာစုနှစ်မှာ အရှေ့အလယ်ပိုင်းဒေသကနေ သမ္မာကျမ်းစာအလင်းထွန်းလင်းခဲ့ပြီး မြေကြီးစွန်းအထိရောက်ရှိသွားတယ်။ ၂၀ ရာစုအတွင်း တစ်ခါပြန်ပြီး ကမ္ဘာ့ရဲ့ဒီအပိုင်းမှာ အဲဒီအလင်းပြန်လင်းလာတယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်း ပြောပြပါရစေ။
ကျွန်တော့်ကို ၁၉၁၃ ခုနှစ်၊ လက်ဘနွန်မြောက်ပိုင်း၊ အမ်ယူန်မြို့မှာမွေးဖွားခဲ့တယ်။ နောက်တစ်နှစ်မှာ ပထမကမ္ဘာစစ်ဖြစ်တာကြောင့် အဲဒီနှစ်ဟာ ကမ္ဘာ့အေးချမ်းတည်ငြိမ်မှုရဲ့နောက်ဆုံးနှစ်ဖြစ်ခဲ့တယ်။ စစ်ပြီးသွားတဲ့ ၁၉၁၈ ခုနှစ်မှာ အဲဒီတုန်းက အရှေ့အလယ်ပိုင်းပုလဲဆိုပြီး နာမည်ကြီးတဲ့လက်ဘနွန်မှာ စီးပွားရေးရော၊ နိုင်ငံရေးပါ ချွတ်ခြုံကျသွားတယ်။
လက်ဘနွန်စာပို့လုပ်ငန်းပြန်စတဲ့ ၁၉၂၀ ပြည့်နှစ်မှာ တိုင်းတစ်ပါးမှာနေကြတဲ့ လက်ဘနွန်လူမျိုးတွေဆီကနေ စာတွေရရှိခဲ့ကြတယ်။ အဲဒီသူတွေထဲမှာ ကျွန်တော့်ဦးလေး အဗ္ဗဒူလာနဲ့ ဂျော့ဂျ် ဂျာန်တူးစ်တို့လည်းပါတယ်။ သူတို့က ကျွန်တော့်အဘိုးဖြစ်တဲ့ သူတို့အဖေ ဟာဘီ ဂျာန်တူးစ်ကို ဘုရားသခင့်နိုင်ငံတော်အကြောင်း စာရေးပြောပြခဲ့ကြတယ်။ (မဿဲ ၂၄:၁၄) သားတွေရဲ့စာတွေထဲပါတဲ့အကြောင်း မြို့သားချင်းတွေကိုပြောပြရုံနဲ့ အဘိုးကို ပြောင်လှောင်ပါလေရော။ ဟာဘီရဲ့သားတွေက သူတို့အဖေကို မြေရောင်း၊ မြည်းဝယ်ပြီး လိုက်ဟောပြောခိုင်းနေတယ်လို့ မြို့သားတွေက ကောလာဟလပြောခဲ့ကြတယ်။
အစောပိုင်းအလင်းပျံ့နှံ့မှု
နောက်တစ်နှစ် ၁၉၂၁ ခုနှစ်မှာ ယူ.အက်စ်.အေ.၊ နယူးယောက်၊ ဘရွတ်ကလင်မြို့မှာနေတဲ့ မီရှယ် အဘူးတ်က လက်ဘနွန်နိုင်ငံ၊ ထရီပိုလီမြို့ကို ပြန်လာတယ်။ သူဟာ အဲဒီတုန်းက ကျမ်းစာကျောင်းသားလို့ခေါ်တဲ့ ယေဟောဝါသက်သေတစ်ဦးဖြစ်တယ်။ အဘူးတ်ရဲ့သူငယ်ချင်းတွေနဲ့ ဆွေမျိုးအများစုက ကျမ်းစာသတင်းတရားကို လက်မခံကြပေမဲ့ နာမည်ကြီးနှစ်ယောက်ဖြစ်တဲ့ ပါမောက္ခအီဘရာဟင် အာတယာနဲ့ သွားဆရာဝန်
ဟာနာ ရှာမ်မာစ်တို့ကတော့ လက်ခံနားထောင်တယ်။ ဒေါက်တာရှာမ်မာစ်ဆိုရင် သူ့အိမ်နဲ့ဆေးခန်းမှာတောင် ခရစ်ယာန်အစည်းအဝေးတွေ ကျင်းပခွင့်ပြုခဲ့တယ်။ကျွန်တော်နေတဲ့ အမ်ယူန်မြို့ကို ညီအစ်ကိုအဘူးတ်နဲ့ ညီအစ်ကိုရှာမ်မာစ်တို့လာတုန်းက ကျွန်တော်ငယ်သေးတယ်။ သူတို့လာလည်ပတ်တာ ကျွန်တော့်အတွက် အရမ်းအားရစရာဖြစ်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ ညီအစ်ကိုအဘူးတ်နဲ့ ကျွန်တော်စလိုက်သွားခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာ ညီအစ်ကိုအဘူးတ်သေတဲ့အထိ ကျွန်တော်တို့နှစ်ယောက် ခရစ်ယာန်ဓမ္မအမှုမှာ အနှစ် ၄၀ တွဲခဲ့ကြတယ်။
၁၉၂၂ ခုနှစ်နဲ့ ၁၉၂၅ ခုနှစ်ကြားကာလမှာ လက်ဘနွန်မြောက်ဘက် ရွာအတော်များများအထိ ကျမ်းစာအလင်းတရားပျံ့နှံ့သွားတယ်။ အမ်ယူန်မြို့မှာလိုပဲ လူ ၂၀၊ ၃၀ လောက်က ကျမ်းစာဆွေးနွေးကြဖို့ ကိုယ်ပိုင်အိမ်တွေမှာ တွေ့ဆုံကြတယ်။ ခရစ်ယာန်ဓမ္မဆရာက ကျွန်တော်တို့ရဲ့အစည်းအဝေးတွေကိုဖျက်ဖို့ ကလေးတွေကိုလွှတ်ပြီး သံပုံးတွေရိုက်ခိုင်း၊ အော်ဟစ်ဆူပူခိုင်းလို့ တစ်ခါတလေ ထင်းရှူးတောမှာ ကျွန်တော်တို့စည်းဝေးခဲ့ကြရတယ်။
ကျွန်တော်ငယ်ငယ်တုန်းက ခရစ်ယာန်ဓမ္မအမှုမှာပါဝင်တာ၊ အစည်းအဝေးတိုင်းကိုတက်တာ ဇွဲရှိလွန်းလို့ ကျွန်တော့်ကို တိမောသေလို့ခေါ်ကြတယ်။ ကျောင်းအုပ်ဆရာကြီးက သူရည်ညွှန်းခေါ်တဲ့ “အဲဒီအစည်းအဝေးတွေ” ကိုမတက်ဖို့ ကျွန်တော့်ကိုအမိန့်ထုတ်ခဲ့တယ်။ ကျွန်တော်နားမထောင်တဲ့အတွက် ကျောင်းထုတ်ခံခဲ့ရတယ်။
ကျမ်းစာနယ်မြေများ၌ သက်သေခံခြင်း
၁၉၃၃ ခုနှစ်မှာ ကျွန်တော်နှစ်ခြင်းခံပြီးမကြာခင် ယေဟောဝါသက်သေတွေက အချိန်ပြည့်အမှုဆောင်လို့ခေါ်တဲ့ ရှေ့ဆောင်လုပ်ငန်းမှာ စပါဝင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့က လူနည်းစုလောက်ပဲဖြစ်ပေမဲ့ လက်ဘနွန်မြောက်ပိုင်းက ရွာအများစုမှာ ဟောပြောရုံမကဘူး၊ ဘေရူးမြို့နဲ့ဆင်ခြေဖုံးရပ်ကွက်တွေကိုလည်းရောက်တယ်၊ လက်ဘနွန်တောင်ဘက်အထိပါပဲ။ အဲဒီအစောပိုင်းနှစ်တွေက ယေရှုခရစ်နဲ့ ကိုယ်တော်ရဲ့ပထမရာစုနောက်လိုက်တွေလိုပဲ ကျွန်တော်တို့လည်း အများအားဖြင့် ခြေကျင်လျှောက်ကြ၊ မြည်းစီးသွားခဲ့ကြတယ်။
၁၉၃၆ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ နှစ်အတော်ကြာနေခဲ့တဲ့ လက်ဘနွန်သားသက်သေခံ ယူးဆက်ဖ် ရားဟာလ်က လက်ဘနွန်နိုင်ငံကိုလာလည်တယ်။ သူက အသံချဲ့စက်နဲ့ ဓာတ်ပြားနည်းနည်း ယူလာတယ်။ အဲဒီပစ္စည်းတွေကို ၁၉၃၁ ဖော့တ်ကားပေါ်မှာတပ်ဆင်ပြီး လက်ဘနွန်နဲ့ ဆီးရီးယားတစ်လျှောက် ဝေးခေါင်တဲ့ဒေသတွေအထိ ခရီးထွက်ပြီး ဘုရားသခင့်နိုင်ငံတော်သတင်းတရား ယူဆောင်သွားခဲ့တယ်။ အဲဒီအသံချဲ့စက်အသံကို ခြောက်မိုင်ကျော်အထိ ကြားနိုင်တယ်။ လူတွေက ကောင်းကင်ကလာတဲ့အသံဆိုပြီး အိမ်ခေါင်မိုးပေါ်တွေတက်ပြီး နားထောင်ကြတယ်။ လယ်ကွင်းထဲကလူတွေကလည်း သူတို့အလုပ်တွေကိုပစ်ထားပြီး အနီးကပ်လာနားထောင်ကြတယ်။
ယူးဆက်ဖ် ရားဟာလ်နဲ့သွားခဲ့တဲ့ နောက်ဆုံးခရီးတစ်ခေါက်ကတော့ ၁၉၃၇ ခုနှစ် ဆောင်းရာသီမှာ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုကို သူမပြန်ခင်မှာ ပါလက်စတိုင်းကိုလည်း ကျွန်တော်တို့ခရီးသွားခဲ့ကြသေးတယ်။ ဟိုင်ဖာမြို့နဲ့ ယေရုရှလင်မြို့ကိုသွားခဲ့တဲ့အပြင် အဲဒီနိုင်ငံက တောရွာတွေကိုလည်း ကျွန်တော်တို့သွားလည်ပတ်ကြတယ်။ ကျွန်တော်တို့တွေ့ဆုံခဲ့တဲ့သူတွေထဲက လူတစ်ယောက်ကတော့ အရင်ကတည်းက ကျွန်တော်နဲ့စာအဆက်အသွယ်လုပ်ခဲ့တဲ့ အီဘရာဟင် ရှီဟာဒီပါပဲ။ အီဘရာဟင်ဟာ ကျွန်တော်တို့လည်ပတ်ချိန်မှာ ကျွန်တော်တို့နဲ့အတူ တစ်အိမ်မှတစ်အိမ် အမှုဆောင်မှာ စတင်ပါဝင်တဲ့အထိ ကျမ်းစာအသိပညာတိုးတက်ခဲ့တယ်။—တမန်တော် ၂၀:၂၀။
ယေဟောဝါသက်သေတွေနဲ့ စာဆက်သွယ်ပြီး ကျမ်းစာလေ့လာနေတဲ့ အမာခံကက်သလစ် ပါမောက္ခကာလီလ် ကိုဘရိုစီကိုလည်း ကျွန်တော်အရမ်းတွေ့ချင်ခဲ့တယ်။ လက်ဘနွန်ကသက်သေခံတွေရဲ့ လိပ်စာကို သူဘယ်လိုရခဲ့သလဲ။ ဟိုင်ဖာမြို့ စတိုးဆိုင်ရှင်က ကာလီလ်ဝယ်တဲ့ပစ္စည်းတွေကို ယေဟောဝါသက်သေတွေရဲ့ စာအုပ်တစ်အုပ်ကနေဆွဲဖြုတ်ထားတဲ့ စာရွက်နဲ့ထုပ်ပေးလိုက်တာကိုး။ အဲဒီစာရွက်ပေါ်မှာ ကျွန်တော်တို့လိပ်စာပါတယ်။ သူ့ဆီလည်ပတ်ခဲ့တဲ့အချိန်ဟာ တကယ်ပျော်စရာပဲ၊ အဲဒီနောက်ပိုင်း ၁၉၃၉ ခုနှစ်မှာ သူနှစ်ခြင်းခံဖို့ ထရီပိုလီမြို့ကို ရောက်လာတယ်။
၁၉၃၇ ခုနှစ်မှာ ထရီပိုလီမြို့ကို ပက်ထရိုစ် လာဂါကိုးစ်နဲ့ဇနီး ရောက်လာကြတယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့သုံးယောက် လက်ဘနွန်နဲ့ ဆီးရီးယားတစ်ဝိုက်မှာ ဘုရားသခင့်နိုင်ငံတော်သတင်းကို လူတွေရဲ့အိမ်အထိ သွားလည်ပတ်ဟော
ပြောခဲ့ကြတယ်။ ညီအစ်ကိုလာဂါကိုးစ်ဆုံးသွားတဲ့ ၁၉၄၃ ခုနှစ်မှာ သက်သေခံတွေဟာ လက်ဘနွန်၊ ဆီးရီးယားနဲ့ ပါလက်စတိုင်း မြို့ရွာအားလုံးလိုလိုမှာ ဝိညာဉ်ရေးအလင်းထွန်းလင်းပြီးသွားပြီ။ တစ်ခါတလေ ကျွန်တော်တို့လူ ၃၀ လောက်က ဝေးခေါင်တဲ့ဒေသတွေကိုရောက်ဖို့ ကားနဲ့ ဒါမှမဟုတ် ဘတ်စကားနဲ့ မနက်အစောကြီး ၃:၀၀ နာရီမှာစထွက်ကြရတယ်။၁၉၄၀ ပြည့်လွန်နှစ်တွေအတွင်းမှာ အီဘရာဟင် အာတယာက ကင်းမျှော်စင်ကို အာရဘီဘာသာစကားနဲ့ ဘာသာပြန်ဆိုတယ်။ ပြီးတော့ အဲဒီမဂ္ဂဇင်းကို ကျွန်တော့်လက်ရေးနဲ့လေးစောင်ကူးပြီး ပါလက်စတိုင်း၊ ဆီးရီးယားနဲ့ အီဂျစ်က သက်သေခံတွေဆီ ပို့ပေးလိုက်တယ်။ အဲဒီအချိန် ဒုတိယကမ္ဘာစစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို အကြီးအကျယ်ဆန့်ကျင်ခဲ့ကြတာ၊ ဒါပေမဲ့လည်း အရှေ့အလယ်ပိုင်းဒေသက ကျမ်းစာအမှန်တရားကို ချစ်မြတ်နိုးသူအားလုံးနဲ့ ကျွန်တော်တို့အမြဲအဆက်အသွယ်လုပ်ခဲ့ကြတယ်။ ကျွန်တော်ကိုယ်တိုင် မြို့တွေနဲ့ ပတ်ဝန်းကျင်ရွာတွေရဲ့ မြေပုံတွေဆွဲပြီး အဲဒီကို သတင်းကောင်းရောက်ရှိဖို့ အထူးကြိုးစားခဲ့တယ်။
ဒုတိယကမ္ဘာစစ် ဖြစ်နေတုန်း ၁၉၄၄ ခုနှစ်မှာ ကျွန်တော်ရဲ့ရှေ့ဆောင်အဖော် မီရှယ် အဘူးတ်ရဲ့သမီး အီဗလီန်နဲ့ ကျွန်တော်လက်ထပ်ခဲ့တယ်။ နောက်ဆုံး ကျွန်တော်တို့ ကလေးသုံးယောက်—သမီးတစ်ယောက်၊ သားနှစ်ယောက်ရခဲ့တယ်။
ခရစ်ယာန်သာသနာပြုများနှင့်အတူ အမှုဆောင်ခြင်း
စစ်ပြီးလို့မကြာခင်မှာပဲ ပထမဂိလဒ်ကျောင်းဆင်း ခရစ်ယာန်သာသနာပြုတွေ လက်ဘနွန်ကို ရောက်လာကြတယ်။ အကျိုးကတော့ လက်ဘနွန်မှာ ပထမဆုံးအသင်းတော်ကို တည်ထောင်နိုင်ခဲ့ပြီး ကျွန်တော့်ကို အုပ်စုအမှုထမ်းအဖြစ် ခန့်အပ်ခဲ့တယ်။ အဲဒီနောက် ၁၉၄၇ ခုနှစ်မှာ လက်ဘနွန်ကို နေသန် အိပ်ခ်ျ. နောရ်နဲ့ သူ့ရဲ့အတွင်းရေးမှူး မီလ်တင် ဂျီ. ဟင်ရှယ်လ်တို့ လာလည်ပတ်ကြပြီး ညီအစ်ကိုတွေကို အားပေးသွားခဲ့တယ်။ မကြာခင်မှာ ခရစ်ယာန်သာသနာပြုတွေ ထပ်ရောက်လာကြပြီး ကျွန်တော်တို့ရဲ့ခရစ်ယာန်ဓမ္မအမှုကိုဖွဲ့စည်းဖို့နဲ့ အသင်းတော်အစည်းအဝေးတွေကျင်းပဖို့ အများကြီးအကူအညီပေးခဲ့ကြတယ်။
ဆီးရီးယားနိုင်ငံရဲ့ ဝေးခေါင်တဲ့ဒေသတစ်ခုကိုသွားတဲ့အခါ တစ်ခေါက်မှာ ဒေသခံဘိရှော့ကအတိုက်အခံလုပ်ခဲ့တယ်။ ဂျူးနိုင်ငံတည်ဆောက်ရေးစာပေတွေကို ကျွန်တော်တို့ ဖြန့်ဝေနေတယ်လို့ သူစွပ်စွဲခဲ့တယ်။ ရယ်စရာကောင်းတာက ၁၉၄၈ ခုနှစ်မတိုင်ခင်က ဒီခရစ်ယာန်ဓမ္မဆရာတွေကပဲ ကျွန်တော်တို့ကို “ကွန်မြူနစ်တွေ” ဆိုပြီး အမည်ပေးခဲ့ကြတယ်။ အဲဒီအခေါက်မှာ ကျွန်တော်တို့ကို သူတို့ဖမ်းထားပြီး နှစ်နာရီကြာ စစ်ဆေးမေးမြန်းခဲ့လို့ ကောင်းကောင်းသက်သေခံခွင့်ရလိုက်တယ်။
နောက်ဆုံးကျတော့ အမှုကိုနားထောင်ခဲ့တဲ့ တရားသူကြီးက “ခင်ဗျားတို့ကို စွဲချက်တင်တဲ့ အဲဒီမုတ်ဆိတ် [ဘိရှော့ကိုပြောနေ
ခြင်းဖြစ်] ကိုကျွန်တော်အပြစ်တင်ပေမဲ့ ခင်ဗျားတို့နဲ့တွေ့ဆုံပြီး ခင်ဗျားတို့ရဲ့သွန်သင်ချက်တွေသိလာခွင့်ရလိုက်လို့ ဒီမုတ်ဆိတ်ကို ကျေးဇူးတင်ရမယ်” လို့ပြောခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ကိုနှောင့်ယှက်မိတဲ့အတွက် သူတောင်းပန်ခဲ့တယ်။နောက်ဆယ်နှစ်ကြာတော့ ဘေရူးမြို့ကိုဘတ်စကားစီးသွားတုန်းမှာ ကျွန်တော့်ခုံဘေးမှာထိုင်တဲ့ စိုက်ပျိုးရေးအင်ဂျင်နီယာတစ်ယောက်နဲ့ စကားစမြည်ပြောခဲ့တယ်။ ကျွန်တော်တို့ရဲ့ယုံကြည်ချက်ကို နားထောင်ပြီး မိနစ်အနည်းငယ်မှာပဲ သူက ဆီးရီးယားက သူ့မိတ်ဆွေတစ်ယောက်လည်း ဒီအတိုင်းပဲပြောတယ်လို့ ပြောပြခဲ့တယ်။ အဲဒီမိတ်ဆွေက ဘယ်သူလဲ။ လွန်ခဲ့တဲ့ဆယ်နှစ်က ကျွန်တော်တို့အမှုကိုကိုင်ခဲ့တဲ့ တရားသူကြီးဖြစ်နေတာကိုး!
၁၉၅၀ ပြည့်လွန်နှစ်အတွင်းမှာ အီရတ်နိုင်ငံက သက်သေခံတွေဆီ ကျွန်တော်သွားလည်ပတ်ပြီး သူတို့နဲ့အတူ တစ်အိမ်မှတစ်အိမ်သက်သေခံခဲ့တယ်။ ဂျော်ဒန်နဲ့ အနောက်ဘက်ကမ်းကိုလည်း အကြိမ်ကြိမ်ရောက်ခဲ့တယ်။ ၁၉၅၁ ခုနှစ်မှာ ဗက်လင်မြို့ကိုသွားတဲ့ သက်သေခံလေးယောက်အုပ်စုထဲမှာ ကျွန်တော်လည်းပါတယ်။ အဲဒီမှာပဲ သခင့်ညစာစားပွဲကျင်းပခဲ့ကြတယ်။ အဲဒီနေ့အစောပိုင်းမှာ ညစာစားပွဲအတွက်ရောက်လာကြတဲ့သူအားလုံး ဘတ်စကားနဲ့ ဂျော်ဒန်မြစ်ကိုသွားကြတယ်၊ အဲဒီမှာ လူ ၂၂ ယောက် ယေဟောဝါထံ သူတို့ရဲ့ဆက်ကပ်အပ်နှံမှုကို နှစ်ခြင်းနဲ့တင်ပြခဲ့ကြတယ်။ အဲဒီဒေသမှာ ကျွန်တော်တို့အတိုက်အခံကြုံတိုင်း ကျွန်တော်တို့က “ခင်ဗျားတို့ကိုယ်နှိုက်ရဲ့ပြည်သားတစ်ယောက် ကမ္ဘာတစ်ခုလုံးကိုအုပ်ချုပ်မယ့် ဘုရင်ဖြစ်လာမယ်ဆိုတာကိုပြောပြဖို့ ရောက်လာကြတာ! ခင်ဗျားတို့ ဘာဖြစ်လို့စိတ်အနှောင့်အယှက်ဖြစ်ကြတာလဲ။ ခင်ဗျားတို့ပျော်သင့်ပါတယ်!” လို့ပြောလေ့ရှိတယ်။
အခက်အခဲများကြား ဟောပြောခြင်း
အရှေ့အလယ်ပိုင်းဒေသကလူတွေဟာ အများအားဖြင့် သဘောကောင်းတယ်၊ နှိမ့်ချမှုရှိတယ်၊ ဖော်ရွေကြတယ်။ အများက ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို စိတ်ဝင်တစားနားထောင်ကြတယ်။ “ဘုရားသခင်သည် ကိုယ်တော်တိုင် လူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ” ဆိုတဲ့ ဒီကျမ်းစာပရောဖက်ပြုချက် မကြာခင်ပြည့်စုံလာတော့မယ်ဆိုတာကို သိရတာထက် စိတ်ရွှင်လန်းစရာ ဘာမှမရှိတာအမှန်ပါပဲ။—ဗျာဒိတ် ၂၁:၃၊ ၄။
ကျွန်တော်တို့ရဲ့အလုပ်ကို အတိုက်အခံလုပ်ကြတဲ့ လူအ
များစုဟာ ကျွန်တော်တို့ရဲ့အလုပ်နဲ့ ကျွန်တော်တို့ဟောနေတဲ့သတင်းတရားကို တကယ်နားမလည်လို့ပဲ။ ခရစ်ယာန်ဘောင်ဓမ္မဆရာတွေဟာ ကျွန်တော်တို့ကို တလွဲမြင်ရအောင် တော်တော့်ကိုလုပ်ခဲ့ကြတာကိုး! ဒါကြောင့် ၁၉၇၅ ခုနှစ်ကစပြီး ၁၅ နှစ်ကျော်ကြာခဲ့တဲ့ လက်ဘနွန် ပြည်တွင်းစစ်အတွင်း သက်သေခံတွေ အကြီးအကျယ်အခက်အခဲတွေ ကြုံတွေ့ခဲ့ကြရတယ်။တစ်ချိန်မှာ ချာ့ခ်ျမှန်မှန်တက်ခဲ့ကြတဲ့ မိသားစုတစ်စုနဲ့ ကျွန်တော် ကျမ်းစာသင်အံမှုကျင်းပတယ်။ ကျမ်းစာအမှန်တရားတွေ သူတို့တတ်သိလာကြတဲ့အတွက် ခရစ်ယာန်ဓမ္မဆရာတွေက ဒေါသထွက်ကြတယ်။ အဲဒါကြောင့် တစ်ညမှာ ဒေသခံဘာသာရေးအုပ်စုတစ်စုက အဲဒီမိသားစုရဲ့ဆိုင်ကိုဝင်စီးပြီး ယူ.အက်စ်. ဒေါ်လာအနည်းဆုံး ၁၀,၀၀၀ တန်တဲ့ ကုန်ပစ္စည်းတွေကို မီးရှို့ပစ်ကြဖို့ အသင်းသားတွေကို သွေးထိုးပေးတယ်။ အဲဒီညမှာပဲ သူတို့လာပြီး ကျွန်တော့်ကို အတင်းဆွဲခေါ်သွားတယ်။ ဒါပေမဲ့ သူတို့ရဲ့ခေါင်းဆောင်ကို အကျိုးသင့်အကြောင်းသင့်ပြောပြီး သူတို့သာ ခရစ်ယာန်စစ်တွေဖြစ်မယ်ဆိုရင် ရိုင်းရိုင်းစိုင်းစိုင်းလုပ်ကြမှာမဟုတ်ဘူးလို့ ရှင်းပြနိုင်ခဲ့တယ်။ အဲဒါနဲ့ သူက ကားကိုရပ်ခိုင်းပြီး ကျွန်တော့်ကိုဆင်းခိုင်းတယ်။
နောက်တစ်ကြိမ်မှာ စစ်မှုထမ်းလေးယောက်က ကျွန်တော့်ကိုပြန်ပေးဆွဲသွားတယ်။ ကျွန်တော့်ကိုပစ်သတ်မယ်လို့ပြောတဲ့ သူတို့ခေါင်းဆောင်က အမျိုးမျိုးခြိမ်းခြောက်ပြီးတဲ့နောက်မှာ ရုတ်တရက်စိတ်ပြောင်းသွားပြီး ကျွန်တော့်ကိုလွှတ်လိုက်တယ်။ အခုဆိုရင် သူတို့ထဲကနှစ်ယောက်ဟာ လူသတ်မှုနဲ့ လုယက်မှုအတွက် ထောင်ကျနေပြီး နောက်နှစ်ယောက်တော့ သေဒဏ်ပေးခံရပြီ။
သက်သေခံရန် အခြားအခွင့်အရေးများ
တစ်နိုင်ငံကနေတစ်နိုင်ငံကို လေယာဉ်နဲ့ မကြာခဏသွားခွင့်ရတယ်။ တစ်ခါက ဘေရူးမြို့ကနေ အမေရိကန်ပြည်ထောင်စုကိုအသွားမှာ လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ချားလ်စ် မာလီခ်ဘေးမှာ ကျွန်တော်ထိုင်ခဲ့ရတယ်။ သူက ဂရုတစိုက်နားထောင်ပြီး ကျွန်တော်ဖတ်ပြတဲ့ ကျမ်းပိုဒ်တိုင်းကို တန်ဖိုးထားခဲ့တယ်။ နောက်ဆုံးကျမှ သူက ထရီပိုလီမြို့မှာ ကျောင်းတက်တုန်း သူ့ဆရာဟာ အီဘရာဟင် အာတယာဖြစ်တဲ့အကြောင်းပြောပြတယ်၊ ကျွန်တော့်ယောက္ခထီးက သူ့ဆရာကို ကျမ်းစာအမှန်တရား ဦးဆုံးပြောပြခဲ့တာ! အီဘရာဟင်က ကျမ်းစာကိုလေးစားဖို့ သူ့ကိုသင်ပေးခဲ့တယ်လို့ မစ္စတာမာလီခ်ပြောပြတယ်။
နောက်တစ်ခေါက် လေယာဉ်ခရီးစဉ်မှာ ကုလသမဂ္ဂ ပါလက်စတိုင်းကိုယ်စားလှယ်တစ်ယောက်ဘေးမှာ ကျွန်တော်ထိုင်ခဲ့ရတယ်။ သူ့ကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ပြောပြခွင့်ရခဲ့တယ်။ နောက်ဆုံးတော့ နယူးယောက်မှာရှိတဲ့ သူ့ညီရဲ့မိသားစုနဲ့ ကျွန်တော့်ကိုမိတ်ဆက်ပေးခဲ့တယ်၊ သူတို့ဆီကို ကျွန်တော်မကြာခဏသွားလည်တယ်။ နယူးယောက်က ကုလသမဂ္ဂရုံးမှာအလုပ်လုပ်နေတဲ့ ကျွန်တော့်ဆွေမျိုးတစ်ယောက်လည်းရှိတယ်။ တစ်နေ့ သူ့ရုံးကို ကျွန်တော်သုံးနာရီကြာ သွားလည်ခဲ့တယ်၊ အဲဒီအချိန်အတွင်းမှာ သူ့ကို ဘုရားသခင့်နိုင်ငံတော်အကြောင်း သက်သေခံနိုင်ခဲ့တယ်။
အခု ကျွန်တော် ၈၈ နှစ်ရှိနေပြီ၊ အသင်းတော်တာဝန်တွေကို ထမ်းဆောင်နိုင်ပါသေးတယ်။ ကျွန်တော့်ဇနီး အီဗလီန်လည်း ယေဟောဝါရဲ့အမှုတော်ကို ကျွန်တော်နဲ့အတူလက်တွဲထမ်းဆောင်နေဆဲပါ။ ကျွန်တော်တို့သမီးက ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး အခု ဘေရူးမြို့အသင်းတော်ရဲ့အကြီးအကဲအဖြစ် အမှုထမ်းဆောင်နေတယ်။ သူတို့သမီးလည်း သက်သေခံတစ်ယောက်ဖြစ်တယ်။ ကျွန်တော်တို့ရဲ့သားထွေးနဲ့သူ့ဇနီးက သက်သေခံတွေဖြစ်ကြပြီး သူတို့သမီးလည်း အမှန်တရားထဲမှာရှိတယ်။ ကျွန်တော်တို့သားကြီးရဲ့နှလုံးထဲကိုတော့ ခရစ်ယာန်ယုံကြည်ချက် ရိုက်သွင်းပေးခဲ့တာပဲ၊ အချိန်တန်ရင် ယုံကြည်လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
၁၉၃၃ ခုနှစ်မှာ ရှေ့ဆောင်အဖြစ်အမှုဆောင်ဖို့ ကျွန်တော့်ကိုခန့်အပ်ခဲ့တယ်—အရှေ့အလယ်ပိုင်းဒေသက ပထမဦးဆုံးရှေ့ဆောင်ပေါ့။ ကျွန်တော့်ဘဝမှာ လွန်ခဲ့တဲ့ ၆၈ နှစ်အတွင်းမှာ ရှေ့ဆောင်အဖြစ် ယေဟောဝါရဲ့အမှုတော်ထမ်းဆောင်ရတာထက်ကောင်းတာ ဘာတစ်ခုမှမတွေ့ခဲ့ပါဘူး။ ကိုယ်တော်ပေးသနားထားတဲ့ ဝိညာဉ်ရေးအလင်းမှာ ဆက်လျှောက်လှမ်းနေဖို့ ကျွန်တော်သန္နိဋ္ဌာန်ချထားပါတယ်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၃၅ ခုနှစ်က နာဂျီဘ်
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
၁၉၄၀ ပြည့်နှစ် လက်ဘနွန်တောင်ပေါ်မှာ အသံချဲ့စက်ကားနှင့်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဘယ်ဘက်ထိပ်မှစ၍ လက်ယာရစ်– နာဂျီဘ်၊ အီဗလီန်၊ သူတို့၏သမီး၊ ညီအစ်ကိုအဘူးတ်နှင့် နာဂျီဘ်၏သားကြီး၊ ၁၉၅၂
အောက် (ရှေ့တန်း)– ထရီပိုလီမြို့မှ နာဂျီဘ်၏အိမ်၌ ညီအစ်ကိုရှာမ်မာစ်၊ နောရ်၊ အဘူးတ်နှင့် ဟင်ရှယ်လ်၊ ၁၉၅၂
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
နာဂျီဘ်နှင့် သူ့ဇနီးအီဗလီန်