မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စည်းဝေးကြီးများ—ကျွန်ုပ်တို့ညီအစ်ကိုအသင်းအပင်းဖြစ်ကြောင်း ရွှင်လန်းဖွယ်အတည်ပြုချက်များ

စည်းဝေးကြီးများ—ကျွန်ုပ်တို့ညီအစ်ကိုအသင်းအပင်းဖြစ်ကြောင်း ရွှင်လန်းဖွယ်အတည်ပြုချက်များ

ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အပြည့်အဝ​ရပ်တည်

စည်းဝေးကြီး​များ—ကျွန်ုပ်​တို့​ညီအစ်ကို​အသင်းအပင်း​ဖြစ်​ကြောင်း ရွှင်လန်းဖွယ်​အတည်ပြုချက်​များ

တစ်နှစ်​နီးပါး မတရား​ထောင်ချ​ခံရ​ပြီး​နောက် ကျန်းမာ​ရေး​ချူချာ​လျက်​ရှိသော အသက်​ငါးဆယ်​အရွယ် ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်​သည် ဟိုတယ်​အခန်း​စောင့်​အဖြစ် ပျော်ရွှင်စွာ​လုပ်ဆောင်နေ​၏။ သူသည် အဝတ်​သေတ္တာ​များ​ကို သွက်လက်​ဖျတ်လတ်​စွာ​သယ်ယူ​ပေး​ပြီး ရောက်ရှိ​လာသော ခရစ်ယာန်​ချင်း​များ​အား ဟိုတယ်​အခန်း​များ​သို့ ပို့ဆောင်​ပေး​နေ​၏။ သူနှင့်​အတူ အကျဉ်း​ချ​ခံ​ခဲ့​ရသူ—ကျမ်းစာ​ကျောင်းသား​ချင်း—နှစ်ဦး​သည် တည်းခိုခန်း​များ စီမံခန့်ခွဲ​ပေး​ရန်​စောင့်ဆိုင်း​နေကြ​သော လူအုပ်ကြီး​ကို နေရာချ​ပေး​နေကြ​သည်။ သန်း​ခေါင်​ကျော်​အထိ အလုပ်များလျက်​ရှိကြ​၏။ သူတို့​အားလုံး စိတ်အားတက်​ကြွ​နေကြ​သည်။ ဤ​အချိန်​အခါ​ကား အဘယ်နည်း။

ထို​နှစ်​ကား ၁၉၁၉ ခုနှစ်​ဖြစ်​ပြီး (ယနေ့ ယေဟောဝါသက်သေ​များ​ဟု လူသိ​များသော) ကျမ်းစာ​ကျောင်းသား​များသည် ညှဉ်းပန်း​နှိပ်စက်​ရာ​ကာလ​မှ နာလန်ထူ​ခါ​စ​ပင်​ရှိသေး​သည်။ မိမိတို့​အဖွဲ့အစည်း​ကို ပြန်လည်​အားဖြည့်တင်း​ပေးဖို့ ယူ.အက်စ်.အေ.၊ အိုဟိုင်အို၊ စီ​ဒါ​ပွိုင့်​တွင် ၁၉၁၉၊ စက်တင်ဘာ ၁ ရက်​မှ ၈ ရက်​အထိ စည်းဝေးကြီး​တစ်ခု​ကို ကျင်းပ​ကြ​မည်​ဖြစ်သည်။ စည်းဝေးကြီး​နောက်ဆုံး​နေ့တွင် စည်းဝေးကြီး​တက်ရောက်သူ​အသီးသီး​အား ညီအစ်ကို​ရပ်သဖော့ဒ်​က “သင်တို့သည် ဘုန်း​အသရေ​နှင့်​ပြည့်စုံသော ကျွန်ုပ်​တို့​သခင်၏​နိုင်ငံတော်​အကြောင်း . . . လူ​တို့အား​ဟောပြောနေကြ​သည့်၊ ဘုရင်တကာ​တို့၏​ဘုရင်၊ သခင်​တကာ​တို့၏​သခင်၏ သံတမန်​ဖြစ်သည်” ဟူသော​စကား​ဖြင့် အားပေးခဲ့​ခြင်း​ကို စိတ်အားတက်​ကြွ​နေ​သူ ၇,၀၀၀ မျှ​ရှိ​လူအုပ်ကြီးသည် အထူး​အာရုံစိုက်​နားထောင်​ခဲ့​ကြ​၏။

ယေဟောဝါ​၏​လူမျိုး​တို့သည် စည်းဝေးကြီး​များ​ကို ရှေး​ဣသရေလ​အချိန်​ကတည်းက ကျင်းပ​ခဲ့​ကြသည်။ (ထွက်မြောက်ရာ ၂၃:၁၄-၁၇; လုကာ ၂:၄၁-၄၃) ဤသို့​စုဝေး​ခဲ့​ချိန်​များသည် ပျော်ရွှင်ဖွယ်​အချိန်​အခါ​များ​ဖြစ်၍ တက်ရောက်သူ​အားလုံး ဘုရားသခင့်​စကားတော်​ကို စိတ်​စွဲလမ်း​ကြ​စေရန် ကူညီပေး​ချိန်​ဖြစ်သည်။ ထို​နည်းတူ​စွာ မျက်မှောက်ခေတ် ယေဟောဝါသက်သေ​များ​၏ စည်းဝေးကြီး​များသည်​လည်း ဝိညာဉ်​ရေး​အကျိုး​စီးပွား​ကို အာရုံစိုက်​သည်။ ဤ​ပျော်ရွှင်ဖွယ်​စည်းဝေးများ​သည် ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​၏ ခိုင်မြဲ​သော​နှောင်ကြိုး​များ​ဖြင့် သက်သေခံ​များ စည်းလုံး​နေကြောင်း စိတ်ရင်းမှန်​ဖြင့်​လေ့လာသူ​များ​အတွက် မငြင်း​နိုင်သော​သက်သေ​သာဓက​ဖြစ်သည်။

တက်ရောက်​ရန် ကြိုးစား​မှုများ

စည်းဝေးကြီး​များသည် ဝိညာဉ်​ရေး​လန်းဆန်းမှု​နှင့် ဘုရားသခင့်​စကားတော်​မှ သွန်သင်ပေး​ချက်​များ​ရသည့် အချိန်​အခါ​ဖြစ်​ကြောင်းကို မျက်မှောက်ခေတ်​ခရစ်ယာန်​များ သဘောပေါက်​ကြ​၏။ သူတို့အား “စုံလင်​လျက်၊ ဘုရားသခင်​၏​အလိုတော်ကို အကုန်အစင်​လေ့​ကျက်​လျက် တည်ကြည်” စေရန် ကူညီပေး​ရာ​တွင် အဆိုပါ​စည်းဝေးကြီး​များသည် မရှိမဖြစ်​လိုအပ်ရာ​များ​ဖြစ်၏​ဟု သူတို့​မှတ်ယူ​ကြသည်။ (ကောလောသဲ ၄:၁၂) သို့ဖြင့် သက်သေခံ​များသည် ဤ​စည်းဝေးများ​ကို လှိုက်လှိုက်လှဲလှဲ​ထောက်ခံကြ​ပြီး ၎င်းတို့ကို​တက်ရောက်​ရန် အကြီးအကျယ်​ကြိုးစား​ကြသည်။

အချို့​အတွက်​ဆိုလျှင် ဤ​စည်းဝေးကြီး​များ​ကို​တက်ရောက်​ရန် ယုံကြည်ခြင်း​ရှိကြောင်း တင်ပြ​ခဲ့​ကြ​ရပြီး တောင်ကြီး​ပ​မာ အတားအဆီး​များ​ကို​ပင် ကျော်လွှား​ဖို့​လိုအပ်​ခဲ့​သည်။ ဥပမာ၊ ဩစတြီးယား​နိုင်ငံ​မှ သက်ကြီး​ပိုင်း​သက်သေခံ​တစ်ဦး​ကို စဉ်းစား​ကြည့်​ပါ။ သူသည် ဆီး​ချို​ရောဂါရှင်​ဖြစ်​ပြီး နေ့စဉ် အင်​စူ​လင်​ဆေးထိုး​နေရ​သော်လည်း သူ့​နိုင်ငံ​တွင်​ကျင်းပ​သည့် ခရိုင်​စည်းဝေးကြီး​ကို နေ့တိုင်း​တက်ရောက်​ရန်​စီစဉ်​ခဲ့​၏။ အိန္ဒိယ​နိုင်ငံ​မှ အလွန်​ဆင်းရဲသော​မိသားစုကြီး​တစ်ခု​သည် စည်းဝေးကြီး​တက်ရောက်​ရန် မဖြစ်​နိုင်​စ​ရာ​အကြောင်း​က ပို​များနေ​သည်။ ထို​မိသားစု​မှ​တစ်ဦး​က ကူညီ​ထောက်ပံ့​ပေး​ခဲ့​သည်။ “ဒီ​စည်းဝေးကြီး​ကို မပျက်​ချင်​လို့ ခရီး​စရိတ်​အတွက် ကျွန်မ​ရွှေ​နားကွင်း​ကို ရောင်းလိုက်​ရတယ်။ ပေါင်းသင်း​ခွင့်​နဲ့ အတွေ့အကြုံ​တွေ​က ကျွန်မ​တို့​ရဲ့​ယုံကြည်ခြင်းကို ပို​ခိုင်ခံ့​စေ​တဲ့​အတွက် ရော​င်း​ရကျိုးနပ်​ပါ​တယ်” ဟု​သူ​ပြောပြ​သည်။

ပါပူဝါ နယူးဂီနီ​နိုင်ငံ​မှ နှစ်ခြင်း​မခံရ​သေး​သော စိတ်ဝင်စားသူ​အုပ်စု​တစ်စု​သည် မြို့​ပေါ်​တွင်​ကျင်းပ​မည့် ခရိုင်​စည်းဝေးကြီး​ကို​တက်ရောက်​ရန် သန္နိ​ဋ္ဌာန်​ချ​ခဲ့​ကြသည်။ သူတို့​ရွာ​မှ ကား​ပိုင်ရှင်​တစ်ဦးထံ​သို့​သွား​၍ စည်းဝေးကြီး​အရောက် ကုန်ကျ​ငွေ​ကို မေးခဲ့​ကြသည်။ ကုန်ကျ​စရိတ်​သည် သူတို့​တတ်နိုင်​သည်ထက် ပို​များနေ​သောကြောင့် ထို​လူ​၏​အိမ်​တွင်​အလုပ်လုပ်​ပေး​ရန်၊ မီးဖိုဆောင်​ကို ပြန်လည်​ဆောက်လုပ်​ပေး​ရန် သူတို့​စီစဉ်​ခဲ့​ကြသည်။ ဤနည်းဖြင့် သူတို့သည် ခရိုင်​စည်းဝေးကြီး​သို့ သွားရောက်​နိုင်​ကြ​ပြီး စည်းဝေးကြီး​အစီအစဉ်​တစ်ခုလုံး​ကို တက်ရောက်ခြင်း​မှ အကျိုးကျေးဇူး​ခံစား​ခဲ့​ကြ​ရ၏။

စည်းဝေးကြီး​များ​တက်ရောက်​ရန် ရည်စူး​ထားသော ယေဟောဝါသက်သေ​များ​အတွက် ခရီး​ဝေး​ခြင်း​မှာ မဖြေရှင်း​နိုင်သော​ပြဿနာ​တစ်ခု​မဟုတ်​ချေ။ ၁၉၇၈ ခုနှစ်​တွင် ပြင်သစ်​နိုင်ငံ၊ လီလ်​မြို့၌ ကျင်းပ​သည့်​စည်းဝေးကြီး​တစ်ခု​ကို တက်ရောက်​ရန် ပိုလန်​နိုင်ငံ​မှ​လူငယ်​တစ်ဦး​သည် မိုင် ၇၅၀ ကို​စက်ဘီး​စီး​၍ ခြောက်​ရက်​ကြာ​ခရီးနှင်​ခဲ့​၏။ ၁၉၉၇၊ နွေ​ရာသီ​အတွင်း မွန်​ဂို​လီ​ယာ​နိုင်ငံ​မှ သက်သေခံ​နှစ်ဦး​သည် ရုရှား​နိုင်ငံ၊ အီ​ရ်​ကွတ်​စ်​မြို့တွင်​ကျင်းပ​မည့် ခရစ်ယာန်​အစည်းအဝေး တက်ရောက်​ရန်​မိုင် ၇၅၀ ခရီး​ကို​သွားခဲ့သည်။

စစ်မှန်သော​ညီအစ်ကို​အသင်းအပင်း​၏​လှုပ်ရှားမှု

စည်းဝေးကြီး​များ​၌ သက်သေခံ​များ​တင်ပြ​ကြသော စည်းလုံးမှု​နှင့် ညီအစ်ကို​အသင်းအပင်း​ကို ဘက်မလိုက်​ဘဲ​လေ့လာသူ​များ သိသာ​ထင်ရှား​စွာ​တွေ့ မြင်နိုင်​ကြသည်။ စည်းဝေးကြီး​တက်ရောက်​သူများ​ကြား​တွင် မျက်နှာ​လိုက်ခြင်း​မရှိ၊ ဦးဆုံး​အကြိမ် တစ်ဦး​နှင့်​တစ်ဦး​တွေ့ဆုံ​သူများ​ကြား​၌​ပင် စစ်မှန်သော​နွေးထွေးမှု​ရှိသည်​ကို လူအများ စိတ်စွဲ​မှတ်​သွားခဲ့​ကြ​၏။

ဩစတြေးလျ​နိုင်ငံ​တွင် မကြာသေးမီ​က​ကျင်းပ​ခဲ့​သော အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​တစ်ခု​အတွင်း အခြား​အရပ်မှ​လည်ပတ်​ရောက်ရှိ​လာသော စည်းဝေးကြီး​ကိုယ်စားလှယ်​များနှင့်​အတူ တစ်ပတ်​အထိ လိုက်ပါ​သွားလာ​ခဲ့​သည့် ဧည့်လမ်းညွှန်​သူ​တစ်ဦး​သည် သူတို့နှင့်​ပေါင်းသင်း​ရခြင်း​မှ အလွန်​ပျော်ရွှင်မှု​ရသည့်​အတွက် အချိန်ပို​နေ​လို​ခဲ့​သည်။ သူတို့၏​ချစ်ခြင်း​မေတ္တာ​နှင့် စည်းလုံးမှု​ကို ထို​သူ​စိတ်စွဲ​မှတ်​သွား​၏၊ သူတို့​အများစုမှာ သူစိမ်း​များ​ဖြစ်​ကြသော်လည်း ဤမျှ​သင့်မြတ်​နိုင်​ကြသည်​ကို သူ​မယုံကြည်​နိုင်​ဘဲ​ဖြစ်​ခဲ့​သည်။ သူတို့နှင့်​ခွဲခွာ​ရတော့​မည့်​အချိန်​ရောက်​သောအခါ မိမိ​စကား​ကို​နားထောင်ပေး​ရန် တောင်းဆို​ခဲ့​သည်။ “ညီအစ်ကို၊ ညီအစ်မ​တို့” ဟု​ခေါ်​၍ ကျေးဇူး​တင်​စကားပြော​မဆုံး​မီ ဆို့နင့်​လာ​ကာ မျက်ရည်များ​ပင်​ကျ​လာ​လေ​သည်။

၁၉၉၇ ခုနှစ်​တွင် သီရိလင်္ကာ​နိုင်ငံ​၏ ဘာသာ​စကား​သုံးမျိုး​ဖြင့် ခရိုင်​စည်းဝေးကြီး​ကို အားကစားရုံ​ကြီး​တစ်ခု​၌ ပထမ​ဆုံး​အကြိမ်​ကျင်းပ​ခဲ့​၏။ အစီအစဉ်​တစ်ခုလုံး​ကို အင်္ဂလိပ်၊ စင်ဟာလီ​နှင့် တယ်​မီလ်​ဘာသာ​စကား​တို့​ဖြင့် တစ်ပြိုင်တည်း​တင်ဆက်​ခဲ့​သည်။ လူမျိုးရေး​တင်းမာမှု တိုးများ​နေသော​လောကကြီး​တွင် ဤသို့​ဘာသာ​စကား​သုံးမျိုး​ဖြင့် စည်းဝေးကြီး​ကျင်းပ​ခြင်း​ကို သတိ​မပြုမိ​ကြ​ဘဲ​မနေ​ပါ။ ရဲသား​တစ်ဦး​က “ဒီ​စည်းဝေးကြီး​ကို ဘယ်သူ​စီမံ​ဦးဆောင်​နေတာလဲ၊ စင်ဟာလီ​တွေ​လား၊ တယ်​မီလ်​တွေ​လား၊ အင်္ဂလိပ်​တွေ​လား” ဟု​ညီအစ်ကို​တစ်ဦး​ကို မေးခဲ့သည်။ “ဘယ်​အုပ်စု​ကမှ ဒီ​စည်းဝေးကြီး​ကို စီမံ​ဦးဆောင်​နေတာ​မဟုတ်ဘူး။ ဒီ​စည်းဝေးကြီး​ကို ကျွန်ုပ်​တို့အားလုံး​က ပူးပေါင်း​ဆောင်ရွက်​နေကြ​တာ” ဟု​ညီအစ်ကို​က ပြန်ဖြေ​သည်။ ထို​ရဲသား​က မယုံ​ချင်​ပေ။ နောက်ဆုံး​ဆုတောင်းချက်​အဆုံး ဘာသာ​စကား​သုံးမျိုး​စ​လုံး​မှ လူ​အစုအဝေး​အားလုံး ပူးပေါင်း​ပြီး “အာမင်” ချ​လိုက်​သံ​သည် အားကစားရုံ​တစ်ခုလုံး ဟိန်းထွက်​သွားသော​အခါ စည်းဝေးကြီး​တက်ရောက်သူ​များသည် အလိုအလျောက်​လက်ခုပ်သြဘာ​ပေး​ကြ​လေ​သည်။ ပရိသတ်​တွင် မျက်ရည်​မကျ​သူ မရှိသလောက်​ပင်။ မှန်​၏၊ စည်းဝေးကြီး​များသည် ကျွန်ုပ်​တို့​ညီအစ်ကို​အသင်းအပင်း​၏ အားရဖွယ်​အတည်ပြုချက်​များ​ဖြစ်သည်။—ဆာလံ ၁၃၃:၁ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ယေဟောဝါသက်သေ​များ—ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများ စာအုပ်​၏​စာမျက်နှာ ၆၆-၇၇၊ ၂၅၄-၈၂ ကို​ရှု။