မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်စုံတစ်ရာက လူတို့ကို အမှန်ပင်စည်းလုံးစေနိုင်မည်လော

တစ်စုံတစ်ရာက လူတို့ကို အမှန်ပင်စည်းလုံးစေနိုင်မည်လော

တစ်စုံတစ်ရာ​က လူ​တို့ကို အမှန်ပင်​စည်းလုံးစေ​နိုင်​မည်​လော

သင်၏​ယုံကြည်ချက်များ မည်သို့​ပင်​ရှိပါစေ ဘာသာ​တရား​အားလုံးနီးပါး​၌ အမှန်တရား​မြတ်နိုးကြ​သူများ​ရှိ​ရမည်ကို သင်​သဘောတူ​ပေမည်။ အမှန်တရားကို တကယ်​တန်ဖိုး​ထားပြီး ယင်းကို တလိုတလား​ရှာဖွေ​လို​သူများ​သည် ဟိန္ဒူ၊ ကက်သလစ်၊ ဂျူး​နှင့် အခြား​ဘာသာ​များ​တွင်​ရှိကြ​၏။ သို့​တိုင် ဘာသာ​တရားသည် လူ​တို့ကို စိတ်ဝမ်း​ကွဲပြား​စေ​ပုံ​ရသည်။ အချို့​ဆိုလျှင် ဘာသာ​တရားကို ခုတုံး​လုပ်​၍ မကောင်းမှု​ပြု​ကြသည်။ ဘာသာ​တရား​အားလုံး​ထဲ​မှ ဖြောင့်မတ်ခြင်း​နှင့်​အမှန်တရားကို မြတ်နိုးကြသော စိတ်ရင်းမှန်​သူများ​အား စည်းလုံးစေ​နိုင်​မည်​လော။ သူတို့​အားလုံး​ကို ရည်ရွယ်ချက်​တစ်ခု​တည်း​အတွက် စုစည်း​နိုင်​မည်​လော။

ဘာသာ​တရား​ကြောင့် ပိုမို​စိတ်ဝမ်း​ကွဲပြား​လာ​သည်ကို တွေ့မြင်​ရခြင်း​မှာ အမှန်​စိတ်​ချောက်ချား​စ​ရာ​ပင်! အဆိုပါ​စိတ်သဘော​ကွဲလွဲ​မှု​အချို့​ကို သုံးသပ်ကြည့်​ပါ။ သီရိလင်္ကာ​နိုင်ငံ​၌ . . . ဘာသာဝင်​များနှင့် . . . ဘာသာဝင်​များ တိုက်ပွဲ​ဖြစ်နေ​ကြသည်။ ပရိုတက်စတင့်၊ ကက်သလစ်​နှင့် ဂျူး​တို့သည် တိုက်ပွဲ​များစွာ​တွင် သွေးထွက်သံယို​ဖြစ်စေ​ခဲ့ပြီ။ “ခရစ်ယာန်​များ” သည်​ဘော့စနီးယား၊ ချေချင်းညှာ၊ အင်ဒိုနီးရှား၊ ကိုဆိုဗို​တို့​တွင် မွတ်​စ​လင်​များနှင့် တိုက်ပွဲ​ဖြစ်နေ​၏။ ထို့​ပြင် ၂၀၀၀၊ မတ်​လ​တွင် ဘာသာရေး​နှင့်​ဆက်နွှယ်​သည့် နှစ်​ရက်​ကြာ​ပဋိပက္ခ​ကြောင့် နိုင်ဂျီးရီးယား​လူမျိုး ၃၀၀ သေဆုံး​ခဲ့​ရသည်။ မှန်ပါသည်၊ ဘာသာရေး​မုန်းတီးမှု​သည် အဆိုပါ​ရက်စက်​သော​ပဋိပက္ခ​များ​ကို ဖြစ်ပွား​စေ​ခဲ့​သည်။

ဘာသာရေး​အမည်ခံ​ပြီး ပြုကျင့်​သောမ​ကောင်းမှု​များ​က စိတ်ရင်းမှန်​သူများကို မကြာခဏ​စိတ်​ချောက်ချား​စေ​ခဲ့ပြီ။ ဥပမာ၊ ကလေး​များ​ကို လိင်ဆိုင်ရာ​မတရား​ပြုကျင့်​ခဲ့​သော ခရစ်ယာန်​ဓမ္မ​ဆရာများ​အား အချို့​သော​ချာ့ခ်ျ​များ​က ဆက်​ခွင့်ပြု​ထားသော​ကြောင့် ချာ့ခ်ျ​တက်​သူများစွာ​သည် အလွန်​အံ့သြ​ကြသည်။ လိင်​တူ​ဆက်ဆံခြင်း​နှင့် ကိုယ်ဝန်​ဖျက်ချခြင်း စ​သော​ကိစ္စရပ်​များ​ကို ခရစ်ယာန်​အမည်ခံ ဂိုဏ်းဂဏ​များစွာအတွင်း စိတ်ဝမ်း​ကွဲပြား​နေကြ​သည့်​အတွက် အခြား​ယုံကြည်သူများ​က အကြီးအကျယ်​စိတ်​အနှောင့်အယှက်​ဖြစ်​ကြ​၏။ ဘာသာ​တရားသည် လူ​တို့ကို စည်းလုံးမှု​မရှိစေ​ခဲ့​သည်​မှာ ထင်ရှား​ပါ​သည်။ သို့​တိုင် ဘာသာ​တရား​များစွာ​တွင် အမှန်တရားကို အမှန်တကယ်​မြတ်နိုးကြ​သူများ​ရှိကြောင်း အောက်ပါ​တွေ့ကြုံမှု​များ​က​ဖော်ပြ​သည်။

သူတို့ အမှန်တရားကို​တောင့်တ​ခဲ့​ကြ

ဖီဒေလ်ယား​သည် ဘိုလီးဗီးယား​နိုင်ငံ၊ လာ​ပါ​ဇ်​မြို့ ဆန်​ဖ​ရန်စ​စ္စ​ကို . . . ချာ့ခ်ျ​မှ စိတ်ရင်းမှန်​ဖြင့် ဆည်းကပ်​ဝတ်ပြုသူ​တစ်ဦး​ဖြစ်​ခဲ့​၏။ သူသည် မာရိ​ပုံ​ရှေ့တွင် ပျပ်ဝပ်​ကိုးကွယ်​ပြီး လက်ဝါး​ကားတိုင်​ရှေ့တွင် အကောင်းဆုံး​ဖယောင်းတိုင်​များ ထွန်း​လေ့​ရှိသည်။ ဆင်းရဲသား​များ​ကို​ဝေမျှပေး​ရန် ခရစ်ယာန်​ဘုန်းကြီး​အား စားကောင်း​သောက်​ဖွယ်​များစွာ အပတ်စဉ်​လှူဒါန်း​လေ့​ရှိသည်။ သို့သော် ဖီဒေလ်ယား​၏​ကလေး​ငါး​ယောက်​သည် နှစ်ခြင်း​မခံနိုင်​မီ သေဆုံး​သွားခဲ့​ကြသည်။ သူတို့​အားလုံး​သည် လင်​ဘို​အမှောင်ထု​ထဲ​တွင် ဆင်းရဲခံ​နေကြ​ရသည်​ဟု ခရစ်ယာန်​ဘုန်းကြီး​က သူ့ကို​ပြော​သောအခါ ‘ဘုရားသခင်​ဟာ သနား​ကြင်နာ​တတ်တယ်​ဆိုရင် ဒါ​ဘယ်လို​ဖြစ်​နိုင်​မလဲ’ ဟူ၍ ဖီဒေလ်ယား​စဉ်းစားမိ​သည်။

ဆရာဝန်​တာ​ရာ​သည် နီပေါ​နိုင်ငံ၊ ခတ္တမန္ဒူ​မြို့မှ ဟိန္ဒူ​ဘာသာဝင်​အဖြစ် ကြီးပြင်း​လာ​ခဲ့​သူ​ဖြစ်သည်။ သူသည် ဘိုးဘေး​များ​၏ ရာစုနှစ်ချီ​ဓလေ့​ထုံးစံ​များ​ကို​လိုက်​ကာ ဟိန္ဒူ​ဘုရားကျောင်း​များ​မှ​ဘုရား​များ​ကို ကိုးကွယ်​၍ သူ၏​အိမ်​တွင်​လည်း ရုပ်ပုံများ​ထားခဲ့​သည်။ သို့သော် ဘာကြောင့် ဤမျှ​လောက်​ဆင်းရဲခြင်း​များနေ​ရသနည်း၊ ဘာကြောင့် လူများ​သေရ​သနည်း အစ​ရှိသော​မေးခွန်းများ​က တာ​ရာ​ကို စိတ်ရှုပ်​ထွေး​စေ​ခဲ့​သည်။ သူ၏​ဘာသာ​တရား​မှ စိတ်​ကျေနပ်​လောက်​သည့်​အဖြေ​များ မရရှိ​ခဲ့​ချေ။

အခြား​တစ်ဖက်​တွင်​မူ ပါ​န်​ယာ​သည် ယိုး​ဒ​ယား​နိုင်ငံ၊ ဘန်ကောက်​မြို့ တူးမြောင်း​ဘေး​မှ​အိမ်တစ်လုံး​တွင် . . . ကြီးပြင်း​လာ​ခဲ့​၏။ အရင်​ဘဝက​လုပ်ရပ်များ​ကြောင့် ဆင်းရဲခံ​နေရ​ပြီး မိမိ​ကိုယ်နှိုက်​မှ တပ်မက်မှု​ရှိသမျှကို ဖယ်ရှားခြင်း​ဖြင့် ဆင်းရဲခြင်း​မှ​လွတ်ကင်း​နိုင်​မည်​ဟု သွန်သင်ခံ​ခဲ့​ရသည်။ စိတ်ရင်းမှန်​သော . . . ဘုန်းကြီး​များ​၏​ဉာဏ်ပညာ​ကို အလွန်​လေးစားဖို့လည်း သွန်သင်ခံ​ရသည်။ သူသည် . . . ပုံ​များ​က အကာအကွယ်​ပေး​သည်​ဟု ယုံကြည်ချက်​ဖြင့် ယင်း​တို့ကို​စုဆောင်း​ခဲ့​၏။ သို့သော် ပါ​န်​ယာ​သည် ဆိုးဝါး​သော​မတော်တဆမှု​တစ်ခု​ကြောင့် အောက်ပိုင်း​သေသွား​ပြီး​နောက် အံ့ဖွယ်​နည်းဖြင့်​ကုသမှု​ခံယူ​ရ​ရန် မျှော်လင့်ချက်​ဖြင့် . . . ဘုရားကျောင်း​များစွာ​သို့​သွားခဲ့သည်။ ကုသမှု​လည်း​မရ၊ ဝိညာဉ်​ရေး​ဉာဏ်​အလင်း​ကိုလည်း သူ​မရရှိ​ခဲ့​ပေ။ ယင်းအစား၊ နတ်ဆိုး​ပညာ​ကို​တွေ့ရှိ​ရပြီး ယင်းကို အပေါ်ယံ​စလေ့လာ​လေ​သည်။

ဗာရ်​ဂျာလ်​သည် အမေရိကန်​ပြည်ထောင်စု​တွင်​မွေး​ပြီး ကောလိပ်​တွင် . . . အဖွဲ့​ထဲ​ဝင်​ခဲ့​သည်။ လူဖြူ​များသည် နတ်ဆိုး​များ​ဖြစ်​ကြသည်​ဟု​ရေးထား​သော ၎င်းတို့၏​စာပေ​များ​ကို ဇွဲရှိ​ရှိ သူ​ဖြန့်ဝေ​ခဲ့​သည်။ ယင်းကြောင့်​သာ လူ​မဲ​များ​ကို လူဖြူ​များ​က ရက်စက်​ကြမ်းကြုတ်မှု​များစွာ ပြု​ကြသည်​ဟု သူတို့​ယူဆ​ခဲ့​ကြသည်။ ဗာရ်​ဂျာလ်​သည် စိတ်ရင်းမှန်​ဖြင့် ထိုသို့​ယုံကြည်ခဲ့​သော်လည်း လူဖြူ​အားလုံး မည်သို့​လူဆိုးများ​ဖြစ်​နိုင်​မည်​နည်း။ တရား​ဟောပြောခြင်းသည် များသောအားဖြင့် ငွေကြေး​နှင့် အဘယ်ကြောင့်​ဆက်နွှယ်​နေရ​သနည်း အစ​ရှိသော​မေးခွန်းများ​ကြောင့် သူ​စိတ်ရှုပ်​ထွေး​နေသည်။

ချာ​ရို​သည် ကက်သလစ်​ကြီးစိုး​သော တောင်​အမေရိက​တွင် ကြီးပြင်း​ခဲ့​သော်လည်း သူသည် စိတ်ရင်းမှန်​သည့် ပရိုတက်စတင့်​တစ်ဦး​ဖြစ်သည်။ သူ၏​ဝန်းကျင်ရှိ . . . ကိုးကွယ်​ခြင်း​နှင့် မပတ်သက်​သောကြောင့် အ​ကျေနပ်​ကြီး​ကျေနပ်​ခဲ့​သည်။ ချာ​ရို​သည် တနင်္ဂနွေ​အပတ်စဉ် ချာ့ခ်ျ​မှာ စိတ်​လှုပ်ရှား​ဖွယ်​ဝတ်ပြု​ဆုတောင်း​ပြီး ထို​တွင် “ဟာ​လေ​လု​ယ” ဟု​ဟစ်ကြွေး​ကာ ဘာသာရေး​သီချင်းဆို၊ က​ခဲ့​ရခြင်း​ကို ပျော်မွေ့​သည်။ မိမိသည် ကယ်တင်​ခံရ​ပြီး ဒုတိယ​မွေးဖွားခြင်း​ခံ​ခဲ့​ရပြီ​ဟု စိတ်ရင်းမှန်​စွာ ချာ​ရို​ယုံကြည်ခဲ့​သည်။ ချာ့ခ်ျ​ကို သူ၏​ဝင်ငွေ​ဆယ်​ပုံ​တစ်​ပုံ​လှူဒါန်း​ပြီး သူ​အနှစ်သက်ဆုံး တီဗွီ​ဧဝံဂေလိ​သတင်း​ဟောပြောသူက အလှူငွေ​တောင်းခံ​သောအခါ အာဖရိက​မှ​ကလေး​များ​အတွက် ငွေ​ပို့ပေး​ခဲ့​၏။ သို့သော် မေတ္တာရှင်​ဘုရားသခင်​က ငရဲ​တွင် ဝိညာဉ်​များ​ကို အဘယ်ကြောင့်​ညှဉ်းဆဲ​ရ​ကြောင်းကို သူ၏​ပါစတာ​အား​မေး​သောအခါ အဓိပ္ပာယ်ရှိရှိ​အဖြေ​မပေးနိုင်​ကြောင်း သူ​တွေ့ရှိ​ခဲ့​၏။ သူ၏​အလှူငွေများ​ကို အာဖရိက​မှ​ကလေး​များ​အတွက် အသုံးမပြု​ကြောင်း နောက်ပိုင်း​တွင်​သိရှိ​လာ​ခဲ့​သည်။

အဆိုပါ​လူ​ငါး​ဦး​သည် နောက်ခံ​အမျိုးမျိုး​မှ​ဖြစ်​ကြသော်လည်း တူညီချက်​တစ်ခု​ရှိသည်။ သူတို့သည် အမှန်တရားကို ချစ်​မြတ်နိုးကြ​ပြီး သူတို့၏​မေးခွန်းများ​အတွက် မှန်ကန်သော​အဖြေ​များ​ကို စိတ်ရင်းမှန်​စွာ ကြိုးစား​ရှာဖွေခဲ့​ကြသည်။ သို့ရာတွင် သူတို့သည် စစ်မှန်သော​ဝတ်ပြုရေးတွင် အမှန်ပင်​စည်းလုံး​လာနိုင်​ကြ​မည်​လော။ နောက်​ဆောင်းပါး​က ထို​မေးခွန်း​ကို ဖြေဆိုပါ​လိမ့်​မည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

နောက်ခံ​အမျိုးမျိုး​မှ​လူ​တို့ကို အမှန်ပင်​စည်းလုံးစေ​နိုင်​မည်​လော

[Picture Credit Line on page 3]

G.P.O., Jerusalem