မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ကောင်းချီးမင်္ဂလာ သင့်နောက်လိုက်မီမည်လော

ယေဟောဝါ၏ကောင်းချီးမင်္ဂလာ သင့်နောက်လိုက်မီမည်လော

ယေဟောဝါ​၏​ကောင်းချီး​မင်္ဂလာ သင့်​နောက်​လိုက်မီ​မည်​လော

‘သင်၏​ဘုရားသခင်​ထာဝရ​ဘုရား​၏​စကားတော်​ကို နားထောင် [လျက်​နေသော​ကြောင့်] သင့်​နောက်က​လိုက်၍​မီ​သဖြင့် သင့်​အပေါ်​သို့ ကောင်းချီး​မင်္ဂလာ​များ သက်ရောက်​လတ္တံ့။’—တရားဟောရာ ၂၈:၂၊ သမ္မာ။

၁။ ဣသရေလ​လူမျိုး​သည် ကောင်းချီး​ရမည်၊ သို့​မဟုတ် ကျိန်ခြင်း​ခံရ​မည်​ကို အဘယ်အရာ​မှ ပိုင်းဖြတ်​ပေး​သနည်း။

တောကန္တာရ​ထဲ​၌ နှစ်ပေါင်း ၄၀ လှည့်လည်​ချိန် ကုန်ဆုံး​ခါနီး​တွင် ဣသရေလလူ​တို့သည် မောဘ​လွင်ပြင်​၌ တပ်​စခန်းချ​ခဲ့​ကြ​၏။ သူတို့ရှေ့​၌ ကတိထားရာပြည်​ရှိသည်။ ယခု မောရှေ​သည် ကောင်းချီး​များနှင့် ကျိန်ခြင်း​များ အစဉ်လိုက်​ဖော်ပြ​ထား​သည့် တရားဟောရာကျမ်း​ကို ရေးသား​လေ​သည်။ ဣသရေလလူ​တို့သည် ကိုယ်တော်​အား နာခံမှု​ပြပြီး ‘ယေဟောဝါ​၏​စကားတော်​ကို​နားထောင်​လျက်​နေ’ ကြ​မည်​ဆိုလျှင် သူတို့​နောက် ကောင်းချီး​များ ‘လိုက်မီ’ လိမ့်​မည်။ ယေဟောဝါ​သည် သူတို့ကို ‘အထူး​ပိုင်ဆိုင်ရာ လူမျိုး’ အဖြစ် ချစ်​မြတ်နိုး​တော်​မူ​ပြီး သူတို့​အတွက်​အကျိုးဆောင်​ရန် မိမိ၏​အစွမ်း​တန်ခိုး​ကို တင်ပြ​လို​ခဲ့​သည်။ သို့သော် ကိုယ်တော့်​စကား​ကို သူတို့ ဆက်၍​နားမထောင်​ခဲ့​လျှင် သူတို့​အပေါ်​သို့ ကျိန်ခြင်း​များ မုချ​ဧကန် လိုက်မီ​ပေမည်။—တရားဟောရာ ၈:၁၀-၁၄; ၂၆:၁၈; ၂၈:၂၊ ၁၅

၂။ တရားဟောရာ ၂၈:၂ ပါ ‘နားထောင်​လျက်​နေ’ နှင့် ‘လိုက်မီ’ ဟူ၍​ဘာသာ​ပြန်ဆို​ထားသော ဟေဗြဲ​ကြိယာ​များ​နောက်ကွယ်​ရှိ အဓိပ္ပာယ်​ကား အဘယ်နည်း။

တရားဟောရာ ၂၈:၂ ၌ ‘နားထောင်​လျက်​နေ’ ဟု​ပြန်ဆို​ထားသော ဟေဗြဲ​ကြိယာ​မှာ ဆက်တိုက်​ဆောင်ရွက်ချက်​ကို​ဆိုလို​သည်။ ယေဟောဝါ​၏​လူတို့သည် အခါ​အား​လျော်​စွာ​သာ နားထောင်​ကြ​ရမည်​မဟုတ်; ဘဝ​လမ်းစဉ်​အဖြစ် သူတို့​ဆက်​နားထောင်​သွား​ရမည်​ဖြစ်သည်။ သို့​မှ​သာ သူတို့​နောက် ဘုရားသခင့်​ကောင်းချီး​များ လိုက်မီ​လိမ့်​မည်။ “လိုက်မီ” ဟု ဘာသာ​ပြန်ဆို​ထားသော ဟေဗြဲ​ကြိယာ​မှာ အမဲလိုက်​ရာ​တွင် အသုံးပြုသည့်​အသုံးအနှုန်း​နှင့်​ဆက်စပ်​ပြီး များသောအားဖြင့် “လိုက်မီ​ရန်” သို့​မဟုတ် “လှမ်းယူ​ရန်” အဓိပ္ပာယ်​ရှိသည်။

၃။ ကျွန်ုပ်​တို့သည် ယောရှု​နည်းတူ မည်သို့​ဖြစ်​နိုင်​မည်​နည်း၊ ယင်းသည် အဘယ်ကြောင့် အလွန်​အရေးကြီး​သနည်း။

ဣသရေလ​ခေါင်းဆောင် ယောရှု​သည် ယေဟောဝါ​စကား နားထောင်​ရန်​ရွေးချယ်​ခဲ့​သဖြင့် ကောင်းချီး​များ​ခံစား​ခဲ့​ရသည်။ ယောရှုက “အဘယ်​မည်​သော​ဘုရား​တို့အား ဝတ်ပြု​မည်​အရာ​ကို ယနေ့​ရွေး​ကြလော့။ ငါ​နှင့်​ငါ့​အိမ်သား​ဖြစ်​လျှင် ထာဝရ​ဘုရား​ကို​သာ​ဝတ်ပြု​မည်” ဟု​ဆို​ခဲ့​သည်။ ထို​အခါ လူတို့က “အခြား​တစ်ပါး​သော​ဘုရား​တို့ကို ဝတ်ပြုခြင်း​ငှာ ထာဝရ​ဘုရား​ကို​စွန့်​သော​အမှုသည် အကျွန်ုပ်​တို့​နှင့်​ဝေး​ပါစေ​သော” ဟု​ပြန်ဖြေ​ခဲ့​ကြသည်။ (ယောရှု ၂၄:၁၅၊ ၁၆) ယောရှု​၏​အထူး​ကောင်းမွန်သော​သဘောထား​ကြောင့် ကတိထားရာပြည်​သို့​ဝင်ရန် သူ၏​လူမျိုးဆက်​မှ အနည်းငယ်​သော​သူတို့တွင် ပါဝင်ခွင့်​ရရှိခဲ့သည်။ ယနေ့ ကျွန်ုပ်​တို့သည် များစွာ​သာလွန်​ကောင်းမွန်သော ကတိထားရာပြည်​၏​အဝင်ဝ​တွင် ရပ်နေ​ကြ​၏၊ ၎င်း​ကား ဘုရားသခင်​၏​မျက်နှာသာ​ရသူ​အားလုံး စောင့်မျှော်​နေကြ​သည့် ယောရှု​အချိန်​က​ထက် သာ၍​ကြွယ်ဝသော ကောင်းချီး​မင်္ဂလာ​များ​ရရှိ​မည့် မြေကြီး​ပရဒိသု​ဖြစ်သည်။ ယင်း​သို့​သော​ကောင်းချီး​များ သင့်​နောက် လိုက်မီ​မည်​လော။ သင်သည် ယေဟောဝါ​၏​စကား​ကို နားထောင်​လျက်​နေ​မည်​ဆိုလျှင် လိုက်မီ​လိမ့်​မည်။ ထိုသို့​ပြု​ရန် သင့်​စိတ်ပိုင်းဖြတ်​ထား​ချက်​ကို ပို​အားရှိစေ​ရန် ရှေး​ဣသရေလ​လူမျိုး၏ သမိုင်း​အပြင် မှတ်သားလောက်ဖွယ်​ရာ တစ်ဦးချင်း​စီ​၏ စံနမူနာ​များ​ကို​ပါ သုံးသပ်ကြည့်​ကြ​စို့။—ရောမ ၁၅:၄

ကောင်းချီး​လော၊ ကျိန်ခြင်း​လော

၄။ ရှောလမုန်​၏​ဆုတောင်းချက်​ကို ဖြည့်ဆည်း​ပေး​သည့်​အနေ​ဖြင့် ဘုရားသခင်​သည် သူ့​အား အဘယ်အရာကို ပေးသနား​တော်​မူ​ခဲ့​သနည်း၊ ယင်း​သို့​သော ကောင်းချီး​များနှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ မည်သို့​ခံစား​သင့်​သနည်း။

ရှောလမုန်​ဘုရင်​အုပ်ချုပ်ချိန်​အတွင်း ဣသရေလလူ​တို့သည် ယေဟောဝါ​ထံ​တော်​မှ များသောအားဖြင့် အံ့မခန်းဖွယ်​ကောင်းချီး​များ ခံစား​ခဲ့​ရသည်။ သူတို့သည် လုံခြုံမှု​နှင့် ကောင်းမွန်​ရာ​မြောက်မြားစွာ​တို့ကို မွေ့လျော်​စံစား​ခဲ့​ကြ​ရသည်။ (၃ ဓမ္မ​ရာဇဝင် ၄:၂၅) ရှောလမုန်​သည် ဘုရားသခင်​ထံ​တော်​မှ စည်းစိမ်ဥစ္စာ​ကို မတောင်းဆို​ခဲ့​သော်လည်း သူ၏​စည်းစိမ်​ချမ်းသာ​သည် အလွန်​ကျော်ကြား​လာ​ခဲ့​သည်။ ယင်းအစား အသက်ငယ်​သေး​၍ အတွေ့အကြုံ​မရှိ​စဉ်​တွင် နာခံမှု​ရှိသော​စိတ်နှလုံး​ရှိဖို့​အတွက် ဆုတောင်း​ခဲ့​သည်၊ ယေဟောဝါ​က သူ့ကို​ဉာဏ်ပညာ​နှင့် သိနားလည်မှု​ရှိစေ​ခြင်း​ဖြင့် ဆုတောင်း​ပြည့်စေ​ခဲ့​၏။ ယင်းကြောင့် ရှောလမုန်​သည် လူ​တို့ကို သင့်တော်​လျောက်ပတ်​စွာ၊ အကောင်း​နှင့် အဆိုးကို ပိုင်းခြား​သိမြင်​၍ တရား​စီရင်​နိုင်​ခဲ့​သည်။ လူငယ်​တစ်ဦး​ဖြစ်နေ​စဉ် သူ့​အား ကြွယ်ဝ​ချမ်းသာမှု​နှင့် ဘုန်းထွန်းတောက်​မှု​ကို​ပါ ယေဟောဝါ​ပေးသနား​ခဲ့​သော်လည်း ရှောလမုန်​သည် ဝိညာဉ်​ရေးရာ​ကြွယ်ဝ​ချမ်းသာမှု​၏ သာလွန်​ထူးကဲ​သောတန်​ဖိုး​ကို အလွန်​လေးမြတ်​၏။ (၃ ဓမ္မ​ရာဇဝင် ၃:၉-၁၃) ကျွန်ုပ်​တို့​၌ ဥစ္စာ​ပစ္စည်း နည်း​သည်​ဖြစ်စေ၊ များသည်​ဖြစ်စေ ယေဟောဝါ​၏​ကောင်းချီး​ကို​ခံစား​ရပြီး ဝိညာဉ်​ရေး​ဘက်​ကြွယ်ဝ​ချမ်းသာ​နေ​မည်​ဆိုလျှင် မည်မျှ​ကျေးဇူး​တင်​နိုင်​ကြသည်​တကား!

၅။ ဣသရေလ​နှင့် ယုဒ​နိုင်ငံသား​တို့သည် ယေဟောဝါ​၏​စကား​ကို နားမထောင်​ကြသောအခါ အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။

ဣသရေလလူ​တို့သည် ယေဟောဝါ​၏​ကောင်းချီး​မင်္ဂလာ​များ​ကို တန်ဖိုး​မထားခဲ့ကြ​ချေ။ သူတို့သည် ကိုယ်တော်​၏​စကား​ကို ဆက်​နားမထောင်​ကြသော​ကြောင့် တင်ကူး​မိန့်တော်မူ​ခဲ့​သည့် ကျိန်ခြင်း​များ သူတို့​နောက်​လိုက်မီ​ခဲ့​၏။ ယင်းကြောင့် သူတို့ကို ရန်သူများ အနိုင်ယူ​ခဲ့​ကြ​ပြီး ဣသရေလ​နှင့် ယုဒပြည်သား​များသည် ပြည်နှင်ဒဏ်​ခံ​ခဲ့​ရသည်။ (တရားဟောရာ ၂၈:၃၆; ၄ ဓမ္မ​ရာဇဝင် ၁၇:၂၂၊ ၂၃; ၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၀) ဘုရားသခင့်​ကောင်းချီး​မင်္ဂလာ​များသည် ယေဟောဝါ​၏​စကား​ကို နားထောင်သူ​တို့​နောက်​သာ လိုက်မီ​ကြောင်း ထိုသို့​ဆင်းရဲခံ​ရပြီး​နောက် ယေဟောဝါ​၏​လူမျိုး သင်ခန်းစာ​ရခဲ့​ကြ​သလော။ ဘီ.စီ.အီး. ၅၃၇ တွင် မိမိတို့၏​နေရင်းပြည်​သို့ ပြန်လာ​ခဲ့​ကြ​သည့် ကျန်ကြွင်း​သော​ဂျူး​တို့သည် သူတို့​လိုအပ်​ခဲ့​ကြသော “ဉာဏ်​နှင့်ယှဉ်သော​စိတ်နှလုံး” ရ​မရ ဖော်ပြ​ရန် အခွင့်အလမ်း​ရခဲ့​ကြ​ပြီး ယခု​မူ ဘုရားသခင်​၏​စကား​ကို နားထောင်​လျက်​နေကြ​ဖို့​လို​ကြောင်း သိမြင်​လာ​ကြသည်။—ဆာလံ ၉၀:၁၂သ​မ။

၆။ (က) ယေဟောဝါ​သည် မိမိလူ​တို့အား ပရောဖက်ပြု​ရန် ဟဂ္ဂဲ​နှင့် ဇာခရိ​တို့ကို အဘယ်ကြောင့်​စေလွှတ်ခဲ့​သနည်း။ (ခ) ဟဂ္ဂဲ​မှ​တစ်ဆင့်​ပေး​သော ဘုရားသခင်​၏​သတင်း​စကား​က အဘယ်​မူကို ရှင်းလင်း​ဖော်ပြ​သနည်း။

ပြည်တော်ပြန်​ဂျူး​များသည် ယဇ်​ပလ္လင်​တစ်ခု​တည်​၍ ယေရုရှလင်​မြို့ရှိ ဗိမာန်တော်ကို စတင်​ပြုပြင်​ကြ​လေ​သည်။ သို့သော် အတိုက်အခံ​အကြီးအကျယ် ပေါ်ထွက်​လာသော​အခါ သူတို့​ဇွဲ​လျော့​သွားပြီး ဆောက်လုပ်ရေး ရပ်တန့်​သွားလေသည်။ (ဧဇရ ၃:၁-၃၊ ၁၀; ၄:၁-၄၊ ၂၃၊ ၂၄) ထို​အခါ သူတို့သည် ကိုယ်​ကိုယ်တိုင်​ဇိမ်​ရှိကြ​ဖို့ ဦးစားပေး​စ​ပြု​လာ​ကြသည်။ သို့​နှင့် ဘုရားသခင်​သည် စစ်မှန်သော​ဝတ်ပြုရေး​အပေါ် ဇွဲ​ပြန်​ရှိလာ​စေရန် ပရောဖက်​ဟဂ္ဂဲ​နှင့် ဇာခရိ​တို့ကို စေလွှတ်ခဲ့​သည်။ ဟဂ္ဂဲ​မှ​တစ်ဆင့် ယေဟောဝါ ဤသို့​မိန့်တော်မူ​ခဲ့​သည်– “အချင်း​လူ​တို့ သင်တို့သည် အမိုး​နှစ်ထပ်​နှင့်​ပြည့်စုံသော​အိမ်​၌ နေချိန်​ရှိ​လျက်​ပင် [ဝတ်ပြုရာ] အိမ်တော်​ပျက်​လျက်​နေရ​မည်​လော။ . . . ကိုယ်​ကျင့်​သော​အကျင့်​တို့ကို ဆင်ခြင်​ကြလော့။ သင်တို့သည် များစွာသော​မျိုးစေ့ကို​ကြဲ​သော်လည်း အသီးအနှံ​နည်းပါး​ရ၏။ စား​ရ​သော်လည်း ဝ​စွာ​မစား​ရ​ကြ။ . . . အလုပ်လုပ်​၍​အ​ခ​ကို​ခံရ​သော်လည်း မ​လုံ​သော​အိတ်ထဲမှာ သိုထား​ရ​ကြ​၏။” (ဟဂ္ဂဲ ၁:၄-၆) စည်းစိမ်ဥစ္စာ​ရှိဖို့​အတွက် ဝိညာဉ်​ရေးရာ​ကို စွန့်လွှတ်​ခြင်း​က ယေဟောဝါ​၏​ကောင်းချီး​ရမည်​မဟုတ်ပါ။—လုကာ ၁၂:၁၅-၂၁

၇။ ယေဟောဝါ​က ဂျူး​တို့အား “ကိုယ်​အကျင့်​တို့ကို ဆင်ခြင်​ကြလော့” ဟု အဘယ်ကြောင့်​မိန့်တော်မူ​ခဲ့​သနည်း။

အဆိုပါ​ဂျူး​တို့သည် နေ့စဉ်​ပူပန်မှု​များ​ကို​သာ အာရုံစိုက်​နေကြ​သောကြောင့် အတိုက်အခံ​ကြား​၌​ပင် ဘုရားသခင်​အား နာခံမှု​ရှိ​ရှိ ခံရပ်​တည်ကြည်​မှ​သာ မိုးရွာ​ခြင်း၊ ရာသီအလိုက်​သစ်သီးဝလံ​အမျိုးမျိုး​ရှိ​ခြင်း ကောင်းချီး​များ​ကို ရမည်​ဖြစ်​ကြောင်း မေ့လျော့​ခဲ့​ကြသည်။ (ဟဂ္ဂဲ ၁:၉-၁၁) သို့​ဖြစ်၍ “ကိုယ်​အကျင့်​တို့ကို ဆင်ခြင်​ကြလော့” ဟူသော ဤ​နှိုးဆော်ချက်​သည် ဆီလျော်​လိုက်​လေ​ခြင်း! (ဟဂ္ဂဲ ၁:၇) တစ်နည်း​အားဖြင့် ယေဟောဝါ​က သူတို့ကို ဤသို့​မိန့်တော်မူ​ခြင်း​ဖြစ်သည်– ‘စဉ်းစား​ကြည့်! လယ်ယာမြေ​ထဲမှာ မင်းတို့ အချည်းနှီး​ကြိုးစား​လုပ်ကိုင်​ခဲ့​ကြ​တာ​ဟာ ငါ့​ဝတ်ပြုရာ​အိမ်တော်​ရဲ့ ပျက်စီး​နေတဲ့​အခြေအနေ​နဲ့ ဘယ်လို​ဆက်နွှယ်​တာ​ကို ကြည့်​ကြ။’ ယေဟောဝါ​ပရောဖက်​များ​၏ မှုတ်သွင်းခံ​စကား​များသည် နောက်ဆုံး​တွင် ကြားနာသူ​တို့၏​နှလုံးကို ထိမိ​ခဲ့​ရာ လူတို့သည် ဗိမာန်တော်​လုပ်ငန်း​ကို ပြန်လည်​စတင်​ခဲ့​ကြ​ပြီး ဘီ.စီ.အီး. ၅၁၅ တွင် ပြီးစီး​လေ​သည်။

၈။ ယေဟောဝါ​သည် မာလခိ​အချိန်​က ဂျူး​များ​ကို အဘယ်​နှိုးဆော်​စကား မိန့်တော်မူ​ခဲ့​သနည်း၊ အဘယ်ကြောင့်​နည်း။

နောက်ပိုင်း ပရောဖက်​မာလခိ​အချိန်၌ ဂျူး​တို့သည် ဝိညာဉ်ရေးတွင် ထပ်မံ​ယိမ်းယိုင်​လာ​သည်၊ လက်​သင့်​မခံ​ဖွယ်​ယဇ်​သကာ​များ​ကို​ပင် ဘုရားသခင်​ထံ ပူဇော်​နေကြ၏။ (မာလခိ ၁:၆-၈) သို့​နှင့် ယေဟောဝါ​သည် သူတို့၏​အသီးအနှံ​မှ ဆယ်ဖို့တစ်ဖို့​ကို ကိုယ်တော်​၏​အိမ်တော်​ထဲ ယူဆောင်​လာကြပြီး မိုးကောင်းကင်​ပြတင်းပေါက်​တို့ကို​ဖွင့်​၍ ကောင်းချီး​မင်္ဂလာ​များ အကုန်အစင်​သွန်းလောင်း​မည်၊ မ​သွန်းလောင်း​မည်​ကို စမ်း​ကြည့်​ရန် သူတို့အား နှိုးဆော်​ခဲ့​သည်။ (မာလခိ ၃:၁၀) ဘုရားသခင်​၏​စကား​ကို သူတို့​သာ နားထောင်​ကြ​မည်​ဆိုလျှင် ဘုရားသခင် အလျှံပယ်​ပေးသနား​တော်​မူ​မည်​ဖြစ်သည့်​အရာများ​ကို ဂျူး​တို့က အပင်ပန်းခံ​ကြိုးစား​ရှာဖွေ​နေကြ​ခြင်း​သည် တကယ်​မိုက်မဲ​လှ​သည်​တကား!—၂ ရာဇဝင်ချုပ် ၃၁:၁၀

၉။ သမ္မာကျမ်းစာ​မှတ်တမ်း​မှ အဘယ်သူ​သုံးဦး​၏​အကြောင်းကို ကျွန်ုပ်​တို့​ဆန်းစစ်​ကြည့်​ကြ​မည်​နည်း။

ဣသရေလ​လူမျိုး၏ သမိုင်းကြောင်း​အပြင် ယေဟောဝါ​၏​စကား​ကို နားထောင်​သည်၊ နားမထောင်​သည်​အပေါ်​မူတည်၍ ဘုရားသခင်​၏​ကောင်းချီး​မင်္ဂလာ​များ သို့​မဟုတ် ကျိန်ခြင်း​များ ခံ​ခဲ့​ကြ​ရသူ​များစွာ​အကြောင်းကိုလည်း သမ္မာကျမ်းစာ​က မှတ်တမ်း​တင်ထား​သည်။ သူတို့​ထဲ​က ဗောဇ၊ နာဗလ​နှင့် ဟန္န​တို့​သုံးဦး​ထံ​မှ အဘယ်အရာကို သင်ယူ​နိုင်​ကြောင်း ကျွန်ုပ်​တို့​ကြည့်​ကြ​စို့။ ယင်း​နှင့်​ပတ်သက်​၍ ရုသ​ကျမ်း​အပြင် ၁ ဓမ္မ​ရာဇဝင် ၁:၁–၂:၂၁ နှင့် ၁ ဓမ္မ​ရာဇဝင် ၂၅:၂-၄၂ ကိုလည်း သင်​ဖတ်​လို​ပေမည်။

ဗောဇ​သည် ဘုရားသခင့်​စကား​ကို​နားထောင်​ခဲ့

၁၀။ ဗောဇ​နှင့် နာဗလ​တို့​၌ အဘယ်​တူညီချက်​များ​ရှိ​သနည်း။

၁၀ ဗောဇ​နှင့် နာဗလ​တို့သည် ခေတ်ပြိုင်​အသက်ရှင်ခဲ့​သူများ မဟုတ်​ကြသော်လည်း သူတို့တွင် တူညီ​သည့်​အရာအချို့​ရှိ၏။ ဥပမာ၊ နှစ်ဦးစလုံး​သည် ယုဒနယ်တွင် နေထိုင်ခဲ့​ကြသည်။ သူတို့သည် ကြွယ်ဝ​ချမ်းသာ​သော မြေပိုင်ရှင်​များ​ဖြစ်​ကြ​ပြီး နှစ်ဦးစလုံး​သည် လိုအပ်​နေ​သူ​တစ်စုံ​တစ်ဦး​အား ချစ်ခင်​ကြင်နာ​မှု​ပြ​ခွင့်​ရခဲ့​ကြသည်။ သို့သော် တူညီချက်​များ​မှာ ဤ​တွင် အဆုံးသတ်​သွား​၏။

၁၁။ ဗောဇ​သည် ယေဟောဝါ​၏​စကား​ကို​နားထောင်​လျက်​နေကြောင်း မည်သို့​ဖော်ပြ​ခဲ့​သနည်း။

၁၁ ဗောဇ​သည် ဣသရေလလူ​တို့၏​တရားသူကြီး​များ ခေတ်တွင် အသက်ရှင်ခဲ့​သည်။ သူသည် သူတစ်ပါးကို တလေးတစား​ဆက်ဆံ​သဖြင့် သူ၏​ကောက်ရိတ်သိမ်း​သူတို့သည် သူ့ကို အလွန်​ကြည်ညို​ခဲ့​ကြသည်။ (ရုသ ၂:၄) ပညတ်တော်​ကို​နာခံ​သည့်​အနေ​ဖြင့် ဗောဇ​သည် သူ၏​လယ်ကွက်​တွင် ကျန်ကြွင်း​သော​အရာများ​ကို အခက်အခဲ​ရှိသူတို့​နှင့် ဆင်းရဲသားတို့​အတွက် ချန်​ထား​ပေးဖို့ အသေအချာ​စစ်ဆေး​ခဲ့​၏။ (ဝတ်ပြုရာ ၁၉:၉၊ ၁၀) ရုသ​နှင့် နောမိ​အကြောင်း သူ​ကြားသိ​ခဲ့​၍ အိုမင်း​နေပြီ​ဖြစ်သော ယောက္ခမ​ဖြစ်သူ​၏​လိုအပ်ရာ​ကို ဝီရိယ​ရှိ​ရှိ ရုသ​ဖြည့်ဆည်း​ပေး​ကြောင်း တွေ့မြင်​သောအခါ ဗောဇ​အဘယ်အရာ​ပြုလုပ်​ခဲ့​သနည်း။ သူသည် အထူး​ထောက်ထား​စာနာမှု​ပြ​၍ ရုသ​ကို သူ၏​လယ်ကွက်​တွင် ကောက်သင်း​ကောက်ခွင့်​ပေးဖို့ မိမိလူ​တို့ကို အမိန့်ပေး​ခဲ့​၏။ သူ၏​စကား​များနှင့် မေတ္တာပါ​အပြု​အမူ​များ​ကြောင့် ဗောဇ​သည် ယေဟောဝါ​စကား​ကို​နားထောင်​သည့် ဝိညာဉ်​ရေး​ရှိသူ​တစ်ဦး​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​သည်။ ထို့​ကြောင့် သူသည် ဘုရားသခင်​၏​မျက်နှာသာ​ရ​၍ ကောင်းချီး​မင်္ဂလာ​များ​ခံစား​ခဲ့​ရသည်။—ဝတ်ပြုရာ ၁၉:၁၈; ရုသ ၂:၅-၁၆

၁၂၊ ၁၃။ (က) ယေဟောဝါ​၏​ရွေးယူခြင်း​ပညတ်​ကို အလွန်​အလေးထားကြောင်း ဗောဇ​မည်သို့​ဖော်ပြ​ခဲ့​သနည်း။ (ခ) ဗောဇ​နောက် ဘုရားသခင်​၏​အဘယ်​ကောင်းချီး လိုက်မီ​ခဲ့​သနည်း။

၁၂ ယေဟောဝါ​၏​စကား​ကို ဗောဇ​နားထောင်​လျက်​နေကြောင်း အထင်ရှားဆုံး​သာဓက​မှာ ဘုရားသခင်​၏​ရွေးယူခြင်း​ပညတ်​ကို ကိုယ်ကျိုးမဖက်​ဘဲ ကိုင်တွယ်​ခဲ့​ပုံ​ဖြစ်၏။ ဗောဇ​သည် သူ၏​ဆွေမျိုး—သေဆုံး​ပြီ​ဖြစ်သော နောမိ​၏​ခင်ပွန်း​ဧလိမလက်—၏​မိသားစုတွင် အမွေခံ​ပစ္စည်း​ကျန်ရစ်​စေရန် သူတတ်​နိုင်​သမျှ​ကြိုးစား​ပြုလုပ်​ခဲ့​သည်။ “မယား​မတ်​ယူခြင်း” အစီအစဉ်​အရ မုဆိုးမ​တစ်ဦး​သည် ကွယ်လွန်​ပြီ​ဖြစ်သော မိမိ​ခင်ပွန်း​၏​ဆွေမျိုး​အရင်း​အ​ချာ​ကို လက်ထပ်​ယူ​ရန်ဖြစ်​ပြီး ဤသို့​အားဖြင့် သူတို့​မှ မွေးလာ​သော​သား​ယောက်ျား​သည် အမွေ​ကို​ဆက်ခံ​ပေမည်။ (တရားဟောရာ ၂၅:၅-၁၀; ဝတ်ပြုရာ ၂၅:၄၇-၄၉) သားဖွား​ဖို့​အရွယ်​လွန်​ပြီ​ဖြစ်သော နောမိ​အစား ရုသ​သည် အိမ်ထောင်ပြု​ရန် အစားထိုး​ခံ​ခဲ့​သည်။ ဧလိမလက်​၏ အရင်းနှီးဆုံး​ဆွေမျိုး​က နောမိ​ကို​ကူညီ​ရန် ငြင်းပယ်​ပြီး​နောက် ဗောဇ​သည် ရုသ​ကို မိမိ၏​ဇနီး​အဖြစ် သိမ်းယူ​ခဲ့​သည်။ သူတို့၏​သား ဩဗက်​ကို နောမိ​၏​သား​နှင့် ဧလိမလက်​၏​တရားဝင်​အမွေခံ​အဖြစ် ရှုမှတ်​ခဲ့​ကြသည်။—ရုသ ၂:၁၉၊ ၂၀; ၄:၁၊ ၆၊ ၉၊ ၁၃-၁၆

၁၃ ဗောဇ​သည် ဘုရားသခင့်​ပညတ်​ကို ကိုယ်ကျိုးမဖက် လိုက်လျှောက်​ခဲ့​သောကြောင့် ကောင်းချီး​များစွာ သူ့ကို​လိုက်မီ​ခဲ့​သည်။ သူတို့၏​သား​သြဗက်​မှ​တစ်ဆင့် သူနှင့် ရုသ​သည် ယေရှု၏​ဘိုးဘေး​များ​ဖြစ်ခွင့်​ရသည့် ကောင်းချီး​ကို ခံစား​ခဲ့​ကြ​ရသည်။ (ရုသ ၂:၁၂; ၄:၁၃၊ ၂၁၊ ၂၂; မဿဲ ၁:၁၊ ၅၊ ၆) ဗောဇ​၏​ကိုယ်ကျိုးမဖက်​သော​အပြု​အမူ​များ​မှ ကျွန်ုပ်​တို့​သိရှိ​ရသည်မှာ သူတစ်ပါးကို မေတ္တာပြ​၍ ဘုရားသခင်​၏​တောင်းဆိုချက်​များနှင့်​အညီ ဆောင်ရွက်​ပြုမူ​သူတို့​နောက် ကောင်းချီး​များ​လိုက်မီ​ကြောင်း ဖြစ်သည်။

နာဗလ​သည် နားမထောင်​ခဲ့

၁၄။ နာဗလ​သည် မည်သို့သော​လူစားမျိုး​ဖြစ်သနည်း။

၁၄ ဗောဇ​နှင့်​ခြားနား​လျက် နာဗလ​သည် ယေဟောဝါ​စကား နားမထောင်​ခဲ့​ပါ။ “ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​ရမည်” ဟူသော ဘုရားသခင့်​ပညတ်​ကို သူ​ချိုးဖောက်​ခဲ့​သည်။ (ဝတ်ပြုရာ ၁၉:၁၈) နာဗလ​သည် ဝိညာဉ်​ရေး​ရှိသူ​တစ်ဦး​မဟုတ်​ချေ; သူသည် “ခက်ထန်​သော​သဘော​ရှိ၏။ ဆိုးသော​အမှုကို​လည်း​ပြု​တတ်၏။” သူ၏​ကျေးကျွန်​များ​က​ပင် သူ့ကို “အသုံးမကျ​သော​သူ” အဖြစ်​ရှုမြင်ခဲ့​ကြသည်။ နာဗလ​ဟူ​သည့် သူ့​အမည်​၏​အဓိပ္ပာယ်​မှာ “ဉာဏ်​မရှိခြင်း၊” သို့​မဟုတ် “မိုက်မဲခြင်း” ကား​ဆီလျော်​လှ​ပေ​သည်။ (၁ ဓမ္မ​ရာဇဝင် ၂၅:၃၊ ၁၇၊ ၂၅) သို့​ဖြစ်၍ လိုအပ်​နေ​သူ—ယေဟောဝါ​၏​ဘိသိက်ခံ​ဒါဝိဒ်—အား စာနာ​ထောက်ထား​မှု​ပြ​ရန် အခွင့်ကောင်း​ရရှိသော​အခါ နာဗလ မည်သို့​တုံ့ပြန်​မည်​နည်း။—၁ ဓမ္မ​ရာဇဝင် ၁၆:၁၃

၁၅။ နာဗလ​သည် ဒါဝိဒ်​ကို မည်သို့​ဆက်ဆံ​ခဲ့​သနည်း၊ ယင်း​ကိစ္စ​တွင် အဘိဂဲလ​သည် သူ၏​ခင်ပွန်း​နှင့် မည်သို့​ကွာခြား​သနည်း။

၁၅ ဒါဝိဒ်​နှင့် သူ၏​လူတို့သည် နာဗလ​၏​သိုးအုပ်​များ​အနီး​တွင် တပ်​စခန်းချ​ခဲ့​သောအခါ မည်သည့်​အဖိုးအခ​ကို​မျှ​မယူ​ဘဲ လှည့်လည်​၍​လုယူ​တတ်ကြ​သော​လူစု​ရန်​မှ ကာကွယ်​ပေး​ခဲ့​သည်။ “သူတို့နှင့်​ပေါင်းဖော်သော​ကာလပတ်လုံး သူတို့သည် နေ့​ည​အစဉ်​ကွယ်ကာ​လျက်​နေကြပါ​၏” ဟု နာဗလ​၏​သိုးထိန်း​တစ်ဦး​က ပြော​ခဲ့​သည်။ သို့သော် ဒါဝိဒ်​၏​စေတမန်​များသည် အစားအစာ​အနည်းငယ် လာ​တောင်းခံ​ခဲ့​သော​ခါ နာဗလ​က “သူတို့ကို​ဆဲ” ၍ အဘယ်အရာမျှ​မပေး​ဘဲ လက်​ချည်း​လွှတ်လိုက်​လေ​သည်။ (၁ ဓမ္မ​ရာဇဝင် ၂၅:၂-၁၆) နာဗလ​၏​ဇနီး အဘိဂဲလ​သည် ဒါဝိဒ်​အတွက် စား​နပ်​ရိက္ခာ​များ ချက်ချင်း​ပို့ပေး​ခဲ့​သည်။ ဒေါသ​အရှိန်​ဖြင့် ဒါဝိဒ်​သည် နာဗလ​နှင့် သူ၏​လူ​တို့ကို လက်စတုံး​ပစ်​လု​နီးပါး​ဖြစ်နေ​သည်။ သို့​ဖြစ်၍ အဘိဂဲလ​၏​အစပြု​ဆောင်ရွက်ချက်​က များစွာသော​သူတို့၏​အသက်ကို ကယ်ဆယ်​ပေး​ခဲ့​ပြီး ဒါဝိဒ်​လည်း သွေးပြစ်​ကျူးလွန်​မိ​ခြင်း​မှ ကာကွယ်​ခံ​ခဲ့​ရသည်။ သို့သော် နာဗလ​၏​တပ်မက်မှု​နှင့် ခက်ထန်​မှု​မှာ လွန်​စွာ​ကြီးမား​ခဲ့​သည်။ ဆယ်ရက်​ကြာလေ​သော် “ထာဝရ​ဘုရား​သည် ဒဏ်ခတ်​တော်​မူ​သဖြင့် နာဗလ​သေ​၏။”—၁ ဓမ္မ​ရာဇဝင် ၂၅:၁၈-၃၈

၁၆။ ကျွန်ုပ်​တို့သည် ဗောဇ​ကို မည်သို့​အတုယူ​နိုင်​၍ နာဗလ​၏​လမ်းစဉ်​များ​ကို မည်သို့​ငြင်းပယ်​နိုင်​သနည်း။

၁၆ ဗောဇ​နှင့် နာဗလ​တို့သည် ခြားနား​လိုက်​လေ​ခြင်း! ကျွန်ုပ်​တို့သည် နာဗလ​၏​ခက်ထန်​မှု​နှင့် တစ်ကိုယ်ကောင်း​ဆန်​သည့်​နည်းလမ်းများ​ကို တစ်ဖက်​က​ငြင်းပယ်​သင့်​စဉ် ဗောဇ​၏ ညှာတာ​ထောက်ထား​မှု​နှင့် ကိုယ်ကျိုးမဖက်​မှု​ကို အတု​ယု​ကြ​စို့​လေ။ (ဟေဗြဲ ၁၃:၁၆) တမန်​တော်​ပေါလု​၏ ဤ​ဆုံးမ​စကား​ကို လိုက်လျှောက်ခြင်း​ဖြင့် ထိုသို့ ကျွန်ုပ်​တို့​ပြုလုပ်​နိုင်​ကြသည်– “ငါ​တို့သည်​အဆင်သင့်​သည်​အတိုင်း ယုံကြည်ခြင်း​၏​အိမ်သူအိမ်သား​တို့​၌ အထူးသဖြင့်​ကျေးဇူးပြု​လျက်၊ ခပ်သိမ်း​သော​သူတို့အား ကျေးဇူးပြု​ကြ​ကုန်​အံ့။” (ဂလာတိ ၆:၁၀) ယနေ့ ယေရှု၏ “အခြားသိုး” ဖြစ်​ကြသော မြေကြီး​မျှော်လင့်ချက်​ရှိသည့် ခရစ်ယာန်​များသည် ယေဟောဝါ​၏​ကောင်းကင်​အတန်း​စား​များ၊ ကောင်းကင်​တွင် မသေ​နိုင်သော​အဖြစ်ကို ပေးအပ်​ခြင်း​ခံရ​မည့် ၁၄၄,၀၀၀ သော​သူတို့​မှ အကြွင်းအကျန်​တို့အား ကောင်းမှု​ပြု​ရန် အခွင့်အရေး​ရရှိ​ထား​သည်။ (ယောဟန် ၁၀:၁၆; ၁ ကောရိန္သု ၁၅:၅၀-၅၃; ဗျာဒိတ် ၁၄:၁၊) ယေရှု​က ယင်း​သို့​သော​မေတ္တာပါ​အကျင့်​များ​ကို မိမိ​ကိုယ်တိုင်​အား ပြုလုပ်​ဘိ​သကဲ့သို့​ရှုမြင်​၍ ဤ​ကောင်းမှု​များ​ကို ပြုလုပ်ခြင်း​က ယေဟောဝါ​၏​ကောင်းချီး​များစွာကို ခံစား​စ​ရာ​အကြောင်း​ရှိစေသည်။—မဿဲ ၂၅:၃၄-၄၀; ၁ ယောဟန် ၃:၁၈

ဟန္န​၏​စုံစမ်းခြင်း​များနှင့် ကောင်းချီး​များ

၁၇။ ဟန္န​သည် အဘယ်​စုံစမ်းခြင်း​များ​ကို ထိပ်တိုက်​ရင်ဆိုင်ခဲ့​ရသနည်း၊ အဘယ်​သဘောထားမျိုးကို သူ​တင်ပြ​ခဲ့​သနည်း။

၁၇ ယေဟောဝါ​၏​ကောင်းချီး​များသည် ဘုရားတရား​ကြည်ညို​သော​အမျိုးသမီး ဟန္န​နောက်သို့​လည်း လိုက်မီ​ခဲ့​သည်။ သူသည် လေဝိ​အမျိုးသား ခင်ပွန်း​ဧလကာန​နှင့်အတူ ဧဖရိမ်​တောင်ပေါ်​တွင် နေထိုင်ခဲ့​သည်။ ပညတ်တော်​၏​ခွင့်ပြု​ချက်​နှင့် စည်းမျဉ်း​အတိုင်း သူ၌ ပေနိန္န​ဟူ​သည့် နောက်ထပ်​ဇနီး​တစ်ဦး​ရှိခဲ့​သည်။ ပေနိန္န​တွင် သားသမီး​များစွာ​ရှိသော်လည်း ဟန္န​မှာ​မူ မြုံ​လျက်​ရှိရာ ဣသရေလ​အမျိုးသမီး​တစ်ဦး​အတွက် အပြစ်တင်စရာ​ဖြစ်သည်။ (၁ ဓမ္မ​ရာဇဝင် ၁:၁-၃; ၁ ရာဇဝင်ချုပ် ၆:၁၆၊ ၃၃၊ ၃၄) သို့သော် ပေနိန္န​သည် ဟန္န​အား နှစ်သိမ့်မှု​ပေး​မည့်​အစား မေတ္တာမဲ့​သော​နည်းလမ်း​ဖြင့် ပြုမူ​ဆက်ဆံ​ခဲ့​ရာ ဟန္န​သည် အစာ​မစားနိုင်၊ ငို​လျက်​နေရ​သည့်​အထိ စိတ်ညစ်​ခဲ့သည်။ သာ၍​ဆိုး​သည်​မှာ ရှိလော​မြို့ရှိ ယေဟောဝါ​၏​အိမ်တော်​သို့ မိသားစု​လိုက် “နှစ်စဉ်​မပြတ်” သွားရောက်​သည့်​အခါတိုင်း ဤသို့​ဖြစ်​ခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၁:၄-၈) ပေနိန္န​သည် ချစ်ခင်​ကြင်နာ​မှု​တကယ်​ကင်းမဲ့​၏၊ ဟန္န​အတွက်​မူ စမ်းသပ်မှု​ကြီး​ပါ​တကား! သို့​တိုင် ဟန္န​သည် ယေဟောဝါ​ကို တစ်ခါမျှ အပြစ်မတင်​ခဲ့​ချေ; ရှိလော​သို့ ခင်ပွန်း​သွားသော​အခါ အိမ်​တွင် သူ​ဘယ်တော့​မျှ​မနေခဲ့ချေ။ ထို့​ကြောင့် နောက်ဆုံး​တွင် သူ့​နောက် ကောင်းချီး​များ​လိုက်မီ​မည်​မှာ သေချာ​ပါ​သည်။

၁၈။ ဟန္န​သည် အဘယ်​စံနမူနာ​ကို ချမှတ်​ပေး​ခဲ့​သနည်း။

၁၈ ဟန္န​သည် ယနေ့ ယေဟောဝါ​၏​လူ​တို့အတွက်၊ အထူးသဖြင့် အခြား​သူတို့၏​ထောက်ထား​စာနာမှု​မရှိသော ဝေဖန်ချက်​များ​ကြောင့် စိတ်ထိခိုက်​သူတို့​အတွက် အထူး​ကောင်းမွန်သော​စံနမူနာ​ကို ချမှတ်​ပေး​ခဲ့​၏။ ထိုသို့​သော​အခြေအနေ​မျိုး​များ​၌ ထီးတည်း​နေခြင်း​သည် အဖြေ​မဟုတ်​ချေ။ (သု. ၁၈:၁သ​မ) ဟန္န​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို သွန်သင်ပေး​၍ ဝတ်ပြု​ကိုးကွယ်​ရန်​အတွက် ကိုယ်တော်​၏​လူ​တို့ စုရုံး​ကြသော​နေရာ၌​ရှိနေဖို့ သူ၏​အလိုဆန္ဒကို မိမိ၏​စုံစမ်းခြင်း​များ​ကြောင့် ပျောက်ဆုံး​မသွား​စေ​ခဲ့​ပါ။ သို့​နှင့် သူသည် ဝိညာဉ်​ရေး​ဘက် စိတ်​ထက်သန်​လျက်​ရှိခဲ့​သည်။ သူ၏​ဝိညာဉ်​ရေး​အတိမ်အနက်​ကို ၁ ဓမ္မ​ရာဇဝင် ၂:၁-၁၀ ၌​မှတ်တမ်း​တင်ထား​သည့် ထူးခြား​ကောင်းမွန်သော သူ၏​ဆုတောင်းချက်​က ဖော်ပြ​ပေး​သည်။ *

၁၉။ ဝိညာဉ်​ရေးရာ​များ​ကို ကျွန်ုပ်​တို့​ကျေးဇူး​တင်​လေးမြတ်​ကြောင်း မည်သို့​ဖော်ပြ​နိုင်​ကြ​သနည်း။

၁၉ ယေဟောဝါ​၏​မျက်မှောက်ခေတ် ကျေးကျွန်​များ​အနေ​ဖြင့် ကျွန်ုပ်​တို့သည် တဲ​တော်​တစ်ခု​၌ ဝတ်ပြု​ကိုးကွယ်​ကြသည်​မဟုတ်ပါ။ သို့​ဖြစ်စေ​ကာ​မူ ဟန္န​ကဲ့သို့​ပင် ဝိညာဉ်​ရေးရာ​များ​အတွက် ကျေးဇူး​တင်​လေးမြတ်​ကြောင်း ကျွန်ုပ်​တို့​ဖော်ပြ​နိုင်​ကြသည်။ ဥပမာ၊ ခရစ်ယာန်​အစည်းအဝေး​များ၊ စည်းဝေးများ​နှင့် စည်းဝေးကြီး​များ​ကို မှန်မှန်​တက်ရောက်ခြင်း​အားဖြင့် ဝိညာဉ်​ရေးရာ​ဘဏ္ဍာများ​ကို ကျွန်ုပ်​တို့ အလွန်​တန်ဖိုး​ထား​လေးမြတ်​ကြောင်း ဖော်ပြ​နိုင်​ကြသည်။ “သစ္စာ​နှင့်​ဖြောင့်မတ်ခြင်း​အားဖြင့် ရဲရင့်စွာ​ဘုရား[သခင်]ဝတ်​ကို​ပြု​ရသော​အခွင့်” ပေး​မည်​ဟု ကျွန်ုပ်​တို့အား ကတိ​ခံ​ထား​တော်​မူ​သည့် ယေဟောဝါ​၏​စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​မှု​၌ တစ်ဦး​ကိုတစ်​ဦး အားပေး​ရန် ဤ​အခါ​သ​မများ​ကို ကျွန်ုပ်​တို့​အသုံးပြု​ကြ​စို့​လေ။—လုကာ ၁:၇၄၊ ၇၅က​ဘ; ဟေဗြဲ ၁၀:၂၄၊ ၂၅

၂၀၊ ၂၁။ ဟန္န​သည် သူ၏​ဘုရားသခင်​ရေးရာ​ဆက်ကပ်​အပ်နှံခြင်း​အတွက် မည်သို့​ဆုချ​ခံ​ခဲ့​ရသနည်း။

၂၀ ယေဟောဝါ​သည် ဟန္န​၏​ဘုရားသခင်​ရေးရာ​ဆက်ကပ်​အပ်နှံခြင်း​ကို သတိပြုမိ​တော်​မူ​ပြီး မြောက်မြားစွာ​သော​ဆုကျေးဇူး ပေးသနား​ခဲ့​သည်။ ရှိလော​သို့ မိသားစု​လိုက် နှစ်စဉ်​သွား​သည့် ခရီး​တစ်ခေါက်​တွင် ငိုကြွေး​နေသော​ဟန္န​သည် ဘုရားသခင်​ထံ ဤသို့​စိတ်​ထက်သန်​စွာ​ဆုတောင်း၍ ကတိပြု​ခဲ့​သည်– “အို​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား၊ ကိုယ်တော်​၏​ကျွန်မ​ကို​မေ့လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်တော်​ကျွန်မ​၏​ဆင်းရဲခြင်း​ကို ကြည့်ရှု​အောက်မေ့​သဖြင့်၊ သား​ယောက်ျား​ကို​ပေးသနား​တော်​မူလျှင် . . . တစ်သက်လုံး​ထာဝရ​ဘုရား​၏​ကျွန်​ဖြစ်စေ​ခြင်း​ငှာ ကျွန်မ​အပ်​ပါ​မည်။” (၁ ဓမ္မ​ရာဇဝင် ၁:၉-၁၁) ဘုရားသခင်​သည် ဟန္န​၏​အသနားခံချက်​ကို ကြား​တော်​မူ​၍ ရှမွေလ​ဟု သူ​အမည်ပေး​ခဲ့​သော သား​ယောက်ျား​ရစေ​၍ ကောင်းချီး​ပေး​တော်​မူ​ခဲ့​သည်။ ထို​သားကို​နို့​ဖြတ်​သောအခါ ရှိလော​သို့ သူ​ခေါ်ဆောင်​သွားခဲ့​ပြီး တဲ​တော်​တွင် အမှုတော်ထမ်း​စေ​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၁:၂၀၊ ၂၄-၂၈

၂၁ ဟန္န​သည် ဘုရားသခင်​အား ချစ်​သည့်​မေတ္တာကို ဖော်ပြ​ခဲ့​ပြီး ရှမွေလ​နှင့်​ပတ်သက်​၍ ကိုယ်တော်​ထံ သူ​ပြု​ခဲ့​သော​ကတိကဝတ်​ကို ဖြည့်စွက်​ခဲ့​သည်။ ထို့​ပြင် ယေဟောဝါ​၏​တဲ​တော်​တွင် သူတို့၏​ချစ်​မြတ်နိုး​ရသော​သား အမှုထမ်းဆောင်​ခဲ့​ရသော​ကြောင့် သူနှင့် ဧလကာန​တို့ ခံစား​ခဲ့​ရသည့် ကြွယ်ဝသော​ကောင်းချီး​ကို စဉ်းစား​ကြည့်​ပါ! ခရစ်ယာန်​မိဘ​များစွာ​သည်လည်း သူတို့၏​သားသမီး​များ​မှာ အချိန်ပြည့်​ရှေ့ဆောင်​အမှုထမ်းများ​ဖြစ်​ကြ​ခြင်း၊ ဗေသလ​မိသားစုဝင်​များ​ဖြစ်​ခြင်း​နှင့် အခြား​နည်းလမ်းများ​ဖြင့် ယေဟောဝါ​အား ဂုဏ်တင်​နေကြ​သောကြောင့် အလားတူ​ပျော်ရွှင်မှု​နှင့် ကောင်းချီး​များ​ကို ခံစား​နေကြ​ရသည်။

ယေဟောဝါ​၏​စကား​ကို နားထောင်​လျက်​နေလော့!

၂၂၊ ၂၃။ (က) ယေဟောဝါ​၏​စကားတော်​ကို ကျွန်ုပ်​တို့ နားထောင်​လျက်​နေ​မည်​ဆိုလျှင် အဘယ်အရာ​ကျိန်းသေ​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့ အဘယ်​အကြောင်းကို သုံးသပ်ကြ​မည်​နည်း။

၂၂ ယေဟောဝါ​စကား​ကို နားထောင်​လျက်​နေလျှင် ကျွန်ုပ်​တို့ အဘယ်အရာကို သေချာ​နိုင်​သနည်း။ ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို စိုးလ်​အကြွင်းမဲ့​ချစ်​ပြီး ကိုယ်တော့်​ထံ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​ကို ဖြည့်စွက်​မည်​ဆိုလျှင် ဝိညာဉ်​ရေး​ဘက် ကြွယ်ဝ​ချမ်းသာ​ပေမည်။ ထိုသို့​သော လမ်းစဉ်​ကို​လိုက်လျှောက်ခြင်းက ပြင်းထန်သော​စုံစမ်းခြင်း​များ ခံရ​ရန်​အကြောင်း​ရှိ​ဦး​တော့ ယေဟောဝါ​၏​ကောင်းချီး​များသည် ကျွန်ုပ်​တို့​နောက် မလွဲဧကန်​လိုက်မီ​ပေမည်၊ အများအားဖြင့် ကျွန်ုပ်​တို့​စဉ်းစား၍​မရနိုင်​သည့် သာ၍​ကြီးမားသော​နည်းလမ်း​ဖြင့် ဖြစ်​လိမ့်​မည်။—ဆာလံ ၃၇:၄; ဟေဗြဲ ၆:၁၀

၂၃ အနာဂတ်​တွင် ဘုရားသခင်​၏​လူ​တို့​အပေါ် ကောင်းချီး​များစွာ သွန်းလောင်း​လိမ့်​မည်။ ယေဟောဝါ​၏​စကား​ကို နာခံမှု​ရှိ​ရှိ​လိုက်နာခြင်း​ကြောင့် ‘လူအုပ်ကြီး’ သည် “ကြီးစွာ​သော​ဆင်းရဲ” ခြင်း တစ်လျှောက် ကာကွယ်​စောင့်ရှောက်​ခံရ​မည်​ဖြစ်​ပြီး ဘုရားသခင့်​ကမ္ဘာသစ်​တွင် အသက်တာ​ပျော်ရွှင်မှု​များစွာ​ခံစားရ​မည်။ (ဗျာဒိတ် ၇:၉-၁၄; ၂ ပေတရု ၃:၁၃) ထို​တွင် ယေဟောဝါ​သည် မိမိလူ​တို့၏​ဖြောင့်မတ်​သော​ဆန္ဒ​များ​ကို အပြည့်အဝ​ကျေနပ်​ရောင့်ရဲ​စေ​လိမ့်​မည်။ (ဆာလံ ၁၄၅:၁၆) သို့သော် နောက်​ဆောင်းပါး​က ဖော်ပြ​မည့်​အတိုင်း ယေဟောဝါ​၏​စကားတော်​ကို နားထောင်​လျက်​နေသူတို့​သည် ယခု​ပင်​လျှင် ‘အထက်​အရပ်မှ​လာသော ကောင်းမြတ်​စုံလင်​သည့် ဆုကျေးဇူး​ရှိသမျှ​တို့’ ကို​ခံစား​ကြ​ရသည်။—ယာကုပ် ၁:၁၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 ဟန္န​၏​ဖော်ပြချက်များ​သည် မေရှိယ​၏​မိခင်​ဖြစ်​တော့​မည့်​အကြောင်း ကြားသိ​ရပြီး​နောက် များ​မကြာမီတွင် အပျိုစင်​မာရိ ပြောဆို​ခဲ့​သော​စကား​အချို့​နှင့် တူညီမှု​ရှိ၏။—လုကာ ၁:၄၆-၅၅

သင်​မှတ်မိ​သလော

• ဣသရေလ​လူမျိုး၏​သမိုင်းက ဘုရားသခင်​ထံ​တော်​မှ ကောင်းချီး​များနှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ကို အဘယ်အရာ သွန်သင်ပေး​နိုင်​သနည်း။

• ဗောဇ​နှင့် နာဗလ​တို့သည် မည်သို့​ကွာခြား​သနည်း။

• ဟန္န​ကို ကျွန်ုပ်​တို့ မည်သို့​အတုယူ​နိုင်​သနည်း။

• ယေဟောဝါ​၏​စကား​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် နားထောင်​လျက်​နေ​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ရှောလမုန်​ဘုရင်​သည် နာခံမှု​ရှိသော စိတ်နှလုံး​ရှိဖို့​အတွက် ဆုတောင်း​ခဲ့​၏၊ ယေဟောဝါ​သည် သူ့​အား ဉာဏ်ပညာ​ဖြင့်​ကောင်းချီး​ပေး​ခဲ့​၏

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဗောဇ​သည် အခြား​သူတို့ကို ထောက်ထား​ညှာတာ​၍ သနား​ကြင်နာ​စွာ ဆက်ဆံ​ခဲ့

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဟန္န​သည် ယေဟောဝါ​ကို မှီခို​အားထားခြင်း​ကြောင့် ကြွယ်ဝ​စွာ ကောင်းချီး ခံစား​ခဲ့​ရ