အဘယ်အရာက စစ်မှန်သောတန်ဖိုး ရှိသနည်း
အဘယ်အရာက စစ်မှန်သောတန်ဖိုး ရှိသနည်း
စစ်မှန်သောတန်ဖိုးရှိသည့်အရာတစ်ခုခုကို ပိုင်ဆိုင်ထားခြင်းက စိတ်ကိုပျော်ရွှင်စေနိုင်သည်။ သို့သော် ၎င်းကား အဘယ်အရာဖြစ်နိုင်မည်နည်း။ မြောက်မြားစွာသောငွေကြေးလော။ တန်ဖိုးကြီးသော သို့မဟုတ် ဆန်းပြားသောရတနာလော။ ထင်ပေါ်ကျော်ကြားမှုလော။ လူအများသည် ယင်းတို့ကို အလွန်တန်ဖိုးထားတတ်ကြ၏။ ၎င်းတို့ကိုပိုင်ဆိုင်ထားခြင်းသည် စားဝတ်နေရေးကိုဖူလုံစေနိုင်သည်၊ ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်သည်၊ သို့မဟုတ် အသိအမှတ်ပြု ခံလိုစိတ်နှင့် အထမြောက်ပြီဟူသောစိတ်တို့ကို ရောင့်ရဲစေနိုင်သည်။ ဤအရာများက အနာဂတ်အတွက် ကျွန်ုပ်တို့၏ပန်းတိုင်များနှင့် ရည်မှန်းချက်များကို ပြည့်စုံစေမည်ဟုယူမှတ်ကာ ယင်းတို့ကို ရှာဖွေစုဆောင်းရန် ကြိုးစားအားထုတ်နေသလော။
အများအားဖြင့်ဆိုရလျှင် လူတို့သည် မိမိတို့၏လိုအပ်ရာများကို မည်သို့ဖြည့်စွက်ပေးသည် သို့မဟုတ် အလိုဆန္ဒများကို မည်မျှကျေနပ်ရောင့်ရဲစေသည်အပေါ် အခြေပြု၍ တစ်စုံတစ်ရာကို တန်ဖိုးထားတတ်ကြ၏။ ကျွန်ုပ်တို့သည် စိတ်ချမ်းသာစေပြီး လုံခြုံသောအနာဂတ်ရှိဖို့အတွက် အလားအလာရှိစေသည့်အရာများကို မြတ်နိုးတတ်ကြသည်။ စိတ်သက်သာမှု၊ နှစ်သိမ့်မှု၊ သို့မဟုတ် အသိအမှတ်ပြုခံရမှု ချက်ချင်းပေးသောအရာများကို ကျွန်ုပ်တို့တန်ဖိုးထားတတ်ကြသည်။ သို့တိုင် ပြောင်းလဲနေသော ကျွန်ုပ်တို့၏ဆန္ဒများ သို့မဟုတ် စိတ်ဝင်စားရာများကို အခြေပြု၍ တန်ဖိုးဖြတ်ခြင်းသည် အတိမ်အနက်မရှိ၊ အမြော်အမြင်နည်းရာကျသည်။ စင်စစ်အားဖြင့် ကျွန်ုပ်တို့အတွက်အလိုအပ်ဆုံးဟု ကျွန်ုပ်တို့ပိုင်းခြားသိမြင်သည့်အရာက စစ်မှန်သောတန်ဖိုးကို သတ်မှတ်ပေးသည်။
ကျွန်ုပ်တို့အလိုအပ်ဆုံးအရာကား အဘယ်နည်း။ အသက်—အဓိကအကျဆုံးဖြစ်သည့် ယင်းအရာမရှိလျှင် မည်သည့်အရာမျှ တန်ဖိုးမရှိပေ။ အသက်မရှိလျှင် ကျွန်ုပ်တို့တည်ရှိမည်မဟုတ်။ ရှေးဣသရေလရှင်ဘုရင်ရှောလမုန်က ဤသို့ရေးခဲ့၏– “သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . မရဏာနိုင်ငံ [လူသားများ၏သာမန်သင်္ချိုင်း] ၌လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” (ဒေ. ၉:၅၊ ၁၀) ကျွန်ုပ်တို့သေသွားလျှင် ကျွန်ုပ်တို့၏ကိုယ်ပိုင်ပစ္စည်းရှိသမျှကို ထားရစ်ခဲ့ရသည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့အလိုအပ်ဆုံးအရာမှာ ကျွန်ုပ်တို့၏အသက်ကို ထိန်းသိမ်းပေးမည့်အရာကို ပိုင်ဆိုင်ရရှိထားဖို့ဖြစ်သည်။ အဘယ်အရာက ထိုသို့ပြုလုပ်ပေးမည်နည်း။
ကျွန်ုပ်တို့၏အသက်ကို အဘယ်အရာက ထိန်းသိမ်းပေးမည်နည်း
“ငွေသည်လည်း ကွယ်ကာတတ်၏” ဟုဘုရင်ရှောလမုန်က ပြောခဲ့သည်။ (ဒေ. ၇:၁၂) ငွေကြေးအလုံအလောက်ရှိလျှင် အစာအစားနှင့် အဆင်ပြေသောအိမ်ကို ရရှိနိုင်သည်။ ငွေကြေးဖြင့် ခရီးဝေးသွားရ၍ ပျော်ရွှင်နိုင်၏။ အသက်ကြီးရင့်ပြီး မကျန်းမမာဖြစ်သည့်အခါ အလုပ်မလုပ်နိုင်သည့်အတွက် ကျွန်ုပ်တို့လိုအပ်ရာများကို ငွေကထောက်ပံ့ပေးနိုင်သည်။ လူအများသည် ချမ်းသာကြွယ်ဝကြသည်။ သို့တိုင် ငွေသည် ကျွန်ုပ်တို့ကို ဆက်အသက်မရှင်စေနိုင်ပေ။ တမန်တော်ပေါလုက “ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍ မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ . . . အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားရမည်” ဟုတိမောသေအား သတိပေးဆုံးမခဲ့သည်။ (၁ တိမောသေ ၆:၁၇) လောကမှငွေကြေးရှိသမျှသည် ကျွန်ုပ်တို့အတွက် အသက်ကိုမဝယ်ပေးနိုင်ချေ။
ဟီတိုရှီ၏အတွေ့အကြုံကို သုံးသပ်ကြည့်ပါ။ ဆင်းရဲချို့ငဲ့စွာကြီးပြင်းလာသောကြောင့် ဟီတိုရှီသည် ချမ်းသာကြွယ်ဝလိုခဲ့၏။ ငွေဖြင့် လူတို့ကိုပင် ဝယ်ယူနိုင်၏ဟူ၍ထင်မှတ်သည့်အထိ ငွေ၏အစွမ်းထက်မြက်မှုကို သူယုံကြည်ခဲ့သည်။ ထိုအခါ ဟီတိုရှီ၏အိမ်သို့ လူတစ်ဦးရောက်လာပြီး သူ့အတွက် ယေရှုခရစ်အသေခံပေးခဲ့ကြောင်း သိပါသလောဟုမေးခဲ့သည်။ မိမိကဲ့သို့သောသူတစ်ဦးအတွက် မည်သူကမျှအသေခံပေးမည်မဟုတ်ဟု ဟီတိုရှီအထင်ရှိသောကြောင့် ထိုမေးခွန်းကို သိလိုခဲ့သည်။ လူထုကျမ်းစာဟောပြောချက်တစ်ခုကို သူတက်ရောက်နားထောင်ခဲ့ပြီး ‘မျက်စိကိုရိုးရှင်းစွာထား’ ရန်သတိပေးချက်ကို ကြားရသည့်အခါ အံ့အားသင့်ခဲ့၏။ “ရိုးရှင်း” သောမျက်စိသည် အမြင်ကျယ်၍ ဝိညာဉ်ရေးရာများအပေါ် အာရုံစူးစိုက်တတ်ကြောင်း ဟောပြောသူက ရှင်းပြသည်။ (လုကာ ၁၁:၃၄) ထိုအခါ ဟီတိုရှီသည် ငွေကြေးများလာဖို့အတွက် ကြိုးစားပမ်းစားလုပ်ကိုင်မည့်အစား သူ့ဘဝတွင် ဝိညာဉ်ရေးစံနှုန်းများကို ဦးစားပေးလာလေသည်။
စည်းစိမ်ဥစ္စာသည် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အေးချမ်းလုံခြုံမှုရှိစေနိုင်သည်။ ချမ်းသာကြွယ်ဝခြင်းသည် ကျွန်ုပ်တို့၏နေ့စဉ်လိုအပ်ရာများအတွက် စိုးရိမ်ပူပန်ခြင်းကို လျော့နည်းစေနိုင်၏။ နှစ်လိုဖွယ်ရပ်ကွက်တစ်ခုတွင် အိမ်ကောင်းတစ်လုံးရှိထားခြင်းက ပြီးပြည့်စုံသည်ဟုခံစားရစေမည်။ ခေတ်မီအဝတ်အစားများနှင့် ကားကောင်းတစ်စီးက အခြားသူများ၏ အထင်ကြီးလေးစားမှုကို ရရှိစေနိုင်သည်။
‘ကျွန်ုပ်တို့ကြိုးစားအားထုတ်သမျှသောအမှု၌ပျော်မွေ့’ ရခြင်းသည် ကောင်းချီးတစ်ရပ်ဖြစ်သည်။ (ဒေ. ၃:၁၃) အလျှံပယ်ရှိခြင်းက ကျွန်ုပ်တို့ချစ်မြတ်နိုးသူများအား ‘ငြိမ်ဝပ်စွာနေရန်၊ စားသောက်ရန်၊ ပျော်မွေ့ရန်’ လုပ်ဆောင်ပေးနိုင်ပေမည်။ သို့သော် စည်းစိမ်ဥစ္စာသည် မမြဲသောတန်ဖိုးမျှသာဖြစ်သည်။ လောဘလွန်ကြူးခြင်းအကြောင်းကို သတိပေးရာ၌ ယေရှုခရစ်က “စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်” ဟုမိန့်မှာခဲ့၏။ (လုကာ ၁၂:၁၅-၂၁) ပစ္စည်းဥစ္စာများသည် အရေအတွက် သို့မဟုတ် တန်ဖိုးမည်မျှပင်ရှိပါစေ ကျွန်ုပ်တို့ကို အသက်အာမခံချက်မပေးနိုင်ချေ။
ဥပမာ၊ လီဇ်သည် ငွေကြေးချမ်းသာသူတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ သူကဤသို့ပြောပြသည်– “ကျွန်မတို့မှာ အိမ်ကြီးအိမ်ကောင်းတစ်လုံး၊ ကားနှစ်စီးရှိတယ်၊ ကျွန်မတို့ရဲ့ငွေရေးကြေးရေးအခြေအနေကြောင့် လောကရဲ့ပျော်ပါးစရာရှိရှိသမျှကိုရနိုင်တယ်။ . . . ဒါပေမဲ့ အံ့ဩစရာက ငွေကြေးအတွက် ကျွန်မစိုးရိမ်နေသေးတယ်။” သူဤသို့ရှင်းပြ၏– “ကျွန်မတို့မှာ ဆုံးရှုံးနိုင်စရာ အတော်များတယ်။ ပိုရှိလေ လုံခြုံမှုပိုနည်းလေပုံခံစားရတယ်။”
ထင်ပေါ်ကျော်ကြားမှုသည် ချီးမွမ်းဂုဏ်တက်စေသောကြောင့် လူအများက ယင်းတို့ကို အလွန်တန်ဖိုးထားတတ်ကြသည်။ ယနေ့ ဤလောကတွင် အောင်မြင်သောအသက်မွေးလုပ်ငန်းသည် အားကျစရာကောင်းသည့် ဖြစ်မြောက်မှုတစ်ခုဖြစ်သည်။ ထူးခြားသောစွမ်းရည်များ သို့မဟုတ် ကျွမ်းကျင်မှုများကို ပျိုးထောင်ခြင်းသည် ကျွန်ုပ်တို့ကို ဂုဏ်တက်စေနိုင်သည်။ အခြားသူများသည် ကျွန်ုပ်တို့ကို ချီးမွမ်းပြီး ကျွန်ုပ်တို့၏ထင်မြင်ချက်များကို အလွန်တန်ဖိုးထားကာ ကျွန်ုပ်တို့၏မျက်နှာသာရလိုကြပေမည်။ ယင်းတို့အားလုံးသည် ပျော်ရွှင်ကျေနပ်စရာဖြစ်နိုင်သည်။ သို့သော် အဆုံး၌မူ ၎င်းတို့ကွယ်ပျောက်သွားတတ်သည်။ ရှင်ဘုရင်တစ်ပါးရရှိနိုင်သမျှဘုန်းတန်ခိုးကို ရှောလမုန်ရရှိထားသော်လည်း သူကဤသို့ညည်းတွားခဲ့၏– “မိုက်သောသူ[အား] အစဉ်မအောက်မေ့သကဲ့သို့ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။” (ဒေ. ၂:၁၆) အသက်ရှင်ခြင်းသည် ထင်ပေါ်ကျော်ကြားမှုအတွက် ဆုလာဘ်မဟုတ်ချေ။
ပန်းပုဆရာချဲလိုသည် ကျော်ကြားမှုထက် သာ၍တန်ဖိုးရှိသောအရာတစ်ခုကို သူအလွန်လေးမြတ်တတ်လာသည်။ သူသည် ထူးချွန်မှုအတွက် ကျွမ်းကျင်မှုတိုးတက်စေမည့် သင်တန်းတစ်ခုကို တက်ခွင့်ရခဲ့သည်။ မကြာမီ သတင်းစာနှင့် အနုပညာဝေဖန်ရေးသမားများက သူ၏အလုပ်ကို ချီးမွမ်းကြလေသည်။ သူ၏ပန်းပုရုပ်များစွာကို ဥရောပမြို့ကြီးများတွင် ပြသခဲ့၏။ ချဲလိုက ဤသို့ပြောသည်– “ပန်းပုပညာဟာ ကျွန်တော့်ဘဝမှာ အတန်ကြာတဲ့အထိ အရေးအကြီးဆုံးဖြစ်ခဲ့တာကို ကျွန်တော်ဝန်ခံရမယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့လုပ်ငန်းကို ဆက်ပြီးလိုက်စားနေမယ်ဆိုရင် သခင်နှစ်ပါးရဲ့အစေကိုခံနေတာဖြစ်တယ်ဆိုတာ ကျွန်တော်သဘောပေါက်လာတယ်။ (မဿဲ ၆:၂၄) ကျွန်တော်လုပ်နိုင်တဲ့ အရေးကြီးဆုံးအရာက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းပဲဆိုတာကို ကျွန်တော်လက်ခံယုံကြည်လာတယ်။ ဒါကြောင့် ပန်းပုဆရာအလုပ်ကို စွန့်လွှတ်လိုက်ဖို့ ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့တယ်။”
အဘယ်အရာသည် တန်ဖိုးအရှိဆုံးဖြစ်သနည်း
အသက်မရှိလျှင် အဘယ်အရာမျှ အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိသောကြောင့် ကျွန်ုပ်တို့အသက်ဆက်ရှင်နိုင်မည်ဟု အာမခံသည့် မည်သည့်အရာရှိသနည်း။ အသက်ရှိသမျှသည် ယေဟောဝါဘုရားသခင်ထံမှ မြစ်ဖျားခံ၏။ (ဆာလံ ၃၆:၉) မှန်ပါသည်၊ “ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။” (တမန်တော် ၁၇:၂၈) ကိုယ်တော်ချစ်မြတ်နိုးသူများအား ဆုကျေးဇူးအဖြစ် ထာဝရအသက်ပေးသနားတော်မူသည်။ (ရောမ ၆:၂၃) ဤဆုကျေးဇူးကိုရရှိရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ရမည်နည်း။
ထာဝရအသက်ဆုကျေးဇူးရရှိခြင်းသည် ယေဟောဝါနှင့် ကျွန်ုပ်တို့စပ်ကြား ရင်းနှီးသောဆက်ဆံရေးရှိခြင်းအပေါ် မူတည်သည်။ သို့ဖြစ်၍ ကိုယ်တော်၏မျက်နှာသာတော်ရရှိခြင်းသည် ကျွန်ုပ်တို့ပိုင်ဆိုင်နိုင်သမျှသော မည်သည့်အရာထက်မဆို သာ၍အဖိုးထိုက်ပေသည်။ ယင်းကို ကျွန်ုပ်တို့ရရှိပြီဆိုလျှင် စစ်မှန်ပြီး ထာဝရပျော်ရွှင်မှုအလားအလာကို ကျွန်ုပ်တို့ပိုင်ဆိုင်ကြပေမည်။ သို့သော် ဘုရားသခင့်မျက်နှာသာတော်မရရှိလျှင် ထာဝရဖျက်ဆီးခြင်းခံရပေမည်။ ထို့ကြောင့် ရှင်းနေသည်မှာ ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေးရရှိရန် ကျွန်ုပ်တို့ကိုကူညီပေးမည့် မည်သည့်အရာမဆို အလွန်တန်ဖိုးရှိ၏။
ကျွန်ုပ်တို့ပြုလုပ်ရမည့်အရာ
ကျွန်ုပ်တို့၏အောင်မြင်မှုသည် အသိပညာတိုးလာခြင်းအပေါ် မူတည်၏။ တိကျမှန်ကန်သောအသိပညာ၏ဇာစ်မြစ်မှာ ယေဟောဝါ၏စကားတော် သမ္မာကျမ်းစာဖြစ်သည်။ ၎င်းကသာလျှင် ဘုရားသခင်မျက်နှာသာတော်ရရှိရန် ကျွန်ုပ်တို့ပြုလုပ်ရမည့်အရာကို ဖော်ပြပေးသည်။ ထို့ကြောင့် ကျမ်းစာကို သေချာစွာလေ့လာဖို့လိုအပ်သည်။ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်အကြောင်းကို ကျွန်ုပ်တို့ တတ်နိုင်သမျှသိရှိရန် ဇွဲရှိရှိကြိုးစားအားထုတ်ခြင်းသည် ‘ထာဝရအသက်နှင့်ဆိုင်သော အသိပညာ’ ကိုရရှိစေသည်။ (ယောဟန် ၁၇:၃) ဤသို့သောအသိပညာသည် မြတ်နိုးတန်ဖိုးထားရမည့် ရတနာတစ်ပါးဖြစ်ပါသည်!—သု. ၂:၁-၅။
ဘုရားသခင့်စကားတော်မှရရှိသော အသိပညာသည် နောက်တစ်ဆင့်ဖြစ်သော ယေရှုခရစ်၌ ယုံကြည်ခြင်းတင်ပြစေသည်။ ယေဟောဝါထံရောက်ရှိလာကြသူအားလုံးသည် ယေရှုမှတစ်ဆင့် ထိုသို့ပြုလုပ်ရမည်ဟု ကိုယ်တော်ပညတ်ထားသည်။ (ယောဟန် ၁၄:၆) မှန်၏၊ “ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ . . . မရှိ။” (တမန်တော် ၄:၁၂) ကျွန်ုပ်တို့၏အဆုံးသတ်ကယ်တင်ခြင်းမှာ “ရွှေငွေ” အပေါ်မဟုတ်ဘဲ “ခရစ်တော်၏အသွေးတော်မြတ်” အပေါ်မူတည်ပေသည်။ (၁ ပေတရု ၁:၁၈၊ ၁၉) ယေရှု၏သွန်သင်ချက်များကိုယုံကြည်ပြီး ကိုယ်တော်၏စံနမူနာများကို လိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တင်ပြကြရမည်။ (ဟေဗြဲ ၁၂:၁-၃; ၁ ပေတရု ၂:၂၁) ကိုယ်တော်၏ပူဇော်သကာသည် အမှန်ပင်အဖိုးထိုက်လှပါသည်တကား! ၎င်း၏အကျိုးကျေးဇူးများကို လိုက်လျှောက်ခြင်းက လူသားအားလုံး၏ ထာဝရအနာဂတ်ကို ဆုံးဖြတ်ပေးသည်။ ကျွန်ုပ်တို့၏အကျိုးအတွက် ယင်းကို အပြည့်အဝလိုက်လျှောက်သောအခါ စစ်မှန်သောတန်ဖိုးရှိသည့် ထာဝရအသက်ဆုကို ကျွန်ုပ်တို့ရရှိကြမည်။—ယောဟန် ၃:၁၆။
ယေရှုက “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့” ဟုမိန့်ဆိုခဲ့၏။ (မဿဲ ၂၂:၃၇) ယေဟောဝါကို ချစ်ခြင်းဟူသည် “ပညတ်တော်တို့ကိုစောင့်ခြင်း” ဖြစ်သည်။ (၁ ယောဟန် ၅:၃) ကိုယ်တော်၏ပညတ်တော်များက လောကနှင့်သီးခြားနေဖို့၊ ဖြောင့်မတ်သောအကျင့်ကိုကျင့်ဖို့နှင့် ကိုယ်တော်၏နိုင်ငံတော်ကို သစ္စာရှိရှိထောက်ခံဖို့ တောင်းဆိုသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် သေခြင်းကိုမဟုတ်၊ ‘အသက်ရှင်ခြင်းကို ရွေးယူ’ ကြသည်။ (တရားဟောရာ ၃၀:၂၀) “ဘုရားသခင်၌ ချဉ်းကပ်” လျှင် ‘ကိုယ်တော်သည် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။’—ယာကုပ် ၄:၈။
ဤလောကရှိ အဖိုးတန်သောအရာရှိသမျှထက် ဘုရားသခင့်မျက်နှာသာတော်ရရှိခြင်း အာမခံချက်သည် သာ၍အဖိုးထိုက်ပေသည်။ ယင်းကိုရရှိထားသူများသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသောသူများဖြစ်ကြ၏။ သို့ဖြစ်၍ စစ်မှန်သောတန်ဖိုးရှိရတနာဖြစ်သည့် ယေဟောဝါ၏မျက်နှာသာတော်ရရှိရန် ကြိုးစားကြပါစို့လေ။ တမန်တော်ပေါလု၏ ဤသတိပေးချက်ကို နှလုံးသွင်းကြစို့လေ– “ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မီအောင်လိုက်ကြလော့။ ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကိုပြုလော့။ ထာဝရအသက်ကိုကိုင်ယူလော့။”—၁ တိမောသေ ၆:၁၁၊ ၁၂။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အဘယ်အရာကို သင်အလွန်တန်ဖိုးထားသနည်း။ ငွေကြေး၊ ပစ္စည်းဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှု၊ သို့မဟုတ် အခြားအရာတစ်ခုခုလော
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့သည် ကျမ်းစာကို သေချာစွာလေ့လာရန်လိုအပ်