စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
ဟေဗြဲ ၄:၉-၁၁ ၌ဖော်ညွှန်းထားသည့် “ချမ်းသာ [“အနားယူခြင်း၊” ကဘ]” ကား အဘယ်နည်း၊ လူတစ်ဦးသည် “ထိုချမ်းသာ [“အနားယူရာ၊” ကဘ] ထဲသို့” မည်သို့ “ဝင်” သနည်း။
ပထမရာစုရှိ ဟေဗြဲခရစ်ယာန်များထံ တမန်တော်ပေါလုဤသို့စာရေးခဲ့သည်– “ဘုရားသခင်၏လူတို့အဖို့အလို့ငှာ ငြိမ်ဝပ်ခြင်းချမ်းသာ [“အနားယူခြင်း၊” ကဘ] တစ်မျိုးသည် ကျန်ရစ်သေး၏။ ဘုရားသခင်သည် မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူသည်နည်းတူ၊ ထိုချမ်းသာ [“အနားယူရာ၊” ကဘ] ထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။ . . . ထိုချမ်းသာ [“အနားယူရာ၊” ကဘ] ထဲသို့ ဝင်ရမည်အကြောင်း ကြိုးစားအားထုတ်ကြကုန်အံ့။”—ဟေဗြဲ ၄:၉-၁၁။
ဘုရားသခင်သည် မိမိအလုပ်မှအနားယူခြင်းအကြောင်း ပေါလုပြောသောအခါ ကမ္ဘာဦး ၂:၂ တွင်ဖော်ပြထားရာကို သူရည်ညွှန်းနေခြင်းဖြစ်သည်မှာ ထင်ရှား၏၊ ထိုတွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “သတ္တမနေ့ရက်ရောက်လျှင် ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍ ဖန်ဆင်းသမျှသောအမှုအရာတို့သည် ပြီးစီးပြီးမှ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေ [“အနားယူ၊” ကဘ] တော်မူ၏။” ယေဟောဝါသည် “သတ္တမနေ့၌” အဘယ်ကြောင့် “ငြိမ်ဝပ်စွာနေ [“အနားယူ၊” ကဘ] တော်မူ” ခဲ့သနည်း။ ကိုယ်တော်သည် “ဖန်ဆင်းသမျှသောအမှုအရာတို့သည်ပြီးစီး” ခြင်းမှ ပြန်လည်အားဖြည့်ရန် လိုအပ်သောကြောင့် မဟုတ်သည်မှာသေချာပါသည်။ နောက်အခန်းငယ်က သဲလွန်စတစ်ခုကို ဤသို့ဖော်ပြသည်– “ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေ [“အနားယူ၊” ကဘ] တော်မူ၏။”—ကမ္ဘာဦး ၂:၃; ဟေရှာယ ၄၀:၂၆၊ ၂၈။
“သတ္တမနေ့” သည်ယခင်ခြောက်ရက်နှင့် မတူချေ၊ အကြောင်းမူကား၊ ဘုရားသခင်သည် ယင်းနေ့ကို ကောင်းချီးပေးပြီး သန့်ရှင်းစေကာ အထူးရည်ရွယ်ချက်အတွက် ဖယ်ထားသည် သို့မဟုတ် ဆက်ကပ်ထားသည်။ ထိုရည်ရွယ်ချက်ကားအဘယ်နည်း။ အစောပိုင်းတွင် ဘုရားသခင်သည် လူသားနှင့် ကမ္ဘာမြေကြီးတို့နှင့်ပတ်သက်၍ မိမိ၏ရည်ရွယ်ချက်ကို ဖော်ပြခဲ့သည်။ ပထမလူသားနှင့် သူ့ဇနီးကို ဘုရားသခင်က “အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့” ဟုမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) ဘုရားသခင်သည် လူသားနှင့် ကမ္ဘာမြေကြီးကို စုံလင်သောအစပေးခဲ့သော်လည်း ဘုရားသခင်ရည်ရွယ်ထားသည့်အတိုင်း ကမ္ဘာတစ်ခုလုံးကိုနိုင်ပြီး စုံလင်သောလူ့မိသားစုဖြင့် ပြည့်နှက်နေသောပရဒိသုအဖြစ်သို့ ရောက်ရှိပြောင်းလဲစေရန် အချိန်ယူရပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်သည် မိမိဖန်ဆင်းခဲ့ပြီးရာများကို အလိုတော်နှင့်အညီ တိုးတက်ဖြစ်ပေါ်ခွင့်ပြုရန် “သတ္တမနေ့” တွင်ကမ္ဘာမြေကြီးဆိုင်ရာဖန်ဆင်းခြင်းလုပ်ငန်းမှ အနားယူခဲ့သည်။ ထို “နေ့” အကုန်တွင် ဘုရားသခင်ရည်ရွယ်ထားသမျှသည် အမှန်တကယ်ဖြစ်ပေါ်လာပေလိမ့်မည်။ ထိုအနားယူရာနေ့သည် မည်မျှကြာမည်နည်း။
ဟေဗြဲကျမ်းပါ ပေါလု၏ဖော်ပြချက်ကို ပြန်ကြည့်ရာ သူက “ဘုရားသခင်၏လူတို့အဖို့အလို့ငှာ ငြိမ်ဝပ်ခြင်းချမ်းသာ [“အနားယူခြင်း”၊ ကဘ] တစ်မျိုးသည် ကျန်ရစ်သေး၏” ဟုထောက်ပြကာ “ထိုချမ်းသာ [“အနားယူရာ၊” ကဘ] ထဲသို့” ဝင်ကြရန် ကြိုးစားဖို့ ခရစ်ယာန်ချင်းများအား တိုက်တွန်းခဲ့ကြောင်း ကျွန်ုပ်တို့သတိပြုမိသည်။ အဆိုပါစကားကို ပေါလုရေးခဲ့စဉ်က အစောပိုင်းအနှစ် ၄,၀၀၀ ခန့်ကစတင်ခဲ့သည့် ဘုရားသခင်၏အနားယူရာ “သတ္တမနေ့” သည်တည်ရှိနေဆဲဖြစ်သည်ကို ယင်းကဖော်ပြ၏။ “ဥပုသ်နေ့ကိုအစိုးရ” သောယေရှုခရစ် အုပ်ချုပ်မည့်အနှစ်တစ်ထောင်အကုန်တွင် လူသားနှင့် ကမ္ဘာမြေကြီးနှင့်ပတ်သက်၍ ဘုရားသခင်၏ရည်ရွယ်ချက် လုံးလုံးလျားလျားမပြည့်မချင်း ၎င်းနေ့ရက်ကုန်ဆုံးမည်မဟုတ်ချေ။—မဿဲ ၁၂:၈; ဗျာဒိတ် ၂၀:၁-၆; ၂၁:၁-၄။
အလွန်ကောင်းမွန်သော ထိုမျှော်လင့်ချက်ဖြင့် ဘုရားသခင်၏အနားယူရာနေ့ထဲ ကျွန်ုပ်တို့မည်သို့ဝင်ရောက်နိုင်သည်ကို ပေါလုရှင်းပြခဲ့သည်။ ‘ဘုရားသခင်၏အနားယူရာနေ့ထဲသို့ ဝင်သောသူသည်လည်း မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏’ ဟုသူရေးသားခဲ့သည်။ လူသည် စုံလင်သောအစရှိခဲ့သော်လည်း လူသားတစ်ရပ်လုံးအနေဖြင့် ဘုရားသခင်၏အနားယူရာနေ့ထဲ မဝင်ခဲ့ကြရသေးကြောင်း ယင်းကျမ်းချက်က ဖော်ပြသည်။ အကြောင်းမှာ အာဒံနှင့်ဧဝသည် သူတို့အတွက် ဘုရားသခင်၏အစီအစဉ်ကို လက်ခံခြင်းအားဖြင့် “သတ္တမနေ့” တွင်ဘုရားသခင့်အနားယူရာကို ကြာမြင့်စွာ မစောင့်ထိန်းခဲ့ကြသောကြောင့်ဖြစ်သည်။ ယင်းအစား၊ သူတို့သည် ဘုရားသခင်ကို ပုန်ကန်၍ လွတ်လပ်လိုခဲ့ကြသည်။ မှန်၏၊ သူတို့သည် ဘုရားသခင်၏မေတ္တာပါညွှန်ကြားချက်ကို လက်ခံကြမည့်အစား စာတန်၏ဉာဏ်နီဉာဏ်နက်များနောက် လိုက်ပါသွားခဲ့ကြသည်။ (ကမ္ဘာဦး ၂:၁၅-၁၇) ရလဒ်ကား၊ မြေကြီးပရဒိသုတွင် ထာဝရနေထိုင်ရမည့်အခွင့်အရေးကို သူတို့ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ လူသားထုတစ်ရပ်လုံးသည် အပြစ်နှင့်သေခြင်းအောက်သို့ ကျရောက်ခဲ့ကြရ၏။—ရောမ ၅:၁၂၊ ၁၄။
လူသားများ၏ပုန်ကန်မှုကြောင့် ဘုရားသခင်၏ရည်ရွယ်ချက် မပျက်သွားခဲ့ချေ။ ကိုယ်တော်၏အနားယူရာနေ့သည် ဆက်တည်ရှိနေဆဲပင်။ သို့သော် ယေဟောဝါသည် မိမိ၏သားတော်ယေရှုခရစ်အားဖြင့် မေတ္တာပါရွေးနုတ်ဖိုးအစီအစဉ်ကို ပြုလုပ်ပေးထားရာ ယုံကြည်ခြင်းကိုအခြေပြု၍ ယင်းကို လက်ခံသူရှိသမျှသည် အပြစ်နှင့်သေခြင်း ဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်ကြပြီး အနားယူရန် စောင့်မျှော်နိုင်ကြပါသည်။ (ရောမ ၆:၂၃) ယင်းကြောင့် ‘မိမိတို့အမှုအရာတို့မှ အနားယူ’ ရန်ခရစ်ယာန်ချင်းများကို ပေါလုတိုက်တွန်းရခြင်းဖြစ်၏။ ကယ်တင်ခြင်းရဖို့အတွက် ဘုရားသခင်၏အစီအစဉ်ကို သူတို့လက်ခံရ မည်၊ အာဒံနှင့်ဧဝကဲ့သို့ပင် မိမိနည်းမိမိဟန်ဖြင့် အနာဂတ်အတွက်လုပ်ဆောင်ကြရန် မကြိုးစားရပါ။ ထို့ပြင် ကိုယ်ကျိုးရှာလုပ်ငန်းများမှလည်း သူတို့ရပ်တန့်ဖို့လိုသည်။
ဘုရားသခင်၏အလိုတော်ကိုလုပ်ဆောင်ရန် ကိုယ်ကျိုးရှာခြင်း သို့မဟုတ် လောကရေးရာများ လိုက်စားခြင်းကို စွန့်လွှတ်ခြင်းသည် အမှန်ပင် လန်းဆန်းမှုနှင့် အပန်းပြေစေသည်။ ယေရှုက ဤဖိတ်ခေါ်ချက်ကို မိန့်ဆိုခဲ့၏– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။”—မဿဲ ၁၁:၂၈-၃၀။
ဘုရားသခင်၏အနားယူရာနေ့နှင့် ၎င်းထဲသို့ဝင်နိုင်ပုံနှင့်ပတ်သက်သော ပေါလု၏ဆွေးနွေးချက်သည် ယုံကြည်ခြင်းအတွက် ညှဉ်းပန်းကဲ့ရဲ့ခြင်းခံခဲ့ရသည့် ယေရုရှလင်မြို့မှ ဟေဗြဲခရစ်ယာန်များအတွက် တကယ်အားရှိစရာဖြစ်ခဲ့သည်။ (တမန်တော် ၈:၁; ၁၂:၁-၅) အလားတူစွာ ပေါလု၏စကားများသည် မျက်မှောက်ခေတ် ခရစ်ယာန်များအတွက်လည်း အားရှိစရာရင်းမြစ်ဖြစ်နိုင်သည်။ ဘုရားသခင်၏ဖြောင့်မတ်သောနိုင်ငံတော်အောက်တွင် မြေကြီးပရဒိသုဖြစ်ပေါ်လာစေရန် ကိုယ်တော်၏ကတိတော် ပြည့်စုံလုနီးကြောင်း သိရှိထားကြရာ ကျွန်ုပ်တို့သည် ကိုယ်ပိုင်အလုပ်များမှအနားယူပြီး ထိုအနားယူရာနေ့ထဲ ဝင်ရောက်ရန် ကြိုးစားအားထုတ်သင့်သည်။—မဿဲ ၆:၁၀၊ ၃၃; ၂ ပေတရု ၃:၁၃။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
မြေကြီးပရဒိသုဆိုင်ရာ ဘုရားသခင်၏ ကတိတော်သည် ကိုယ်တော်၏အနားယူရာနေ့ အကုန်တွင် ပြည့်စုံလာပါလိမ့်မည်