တည်ကြည်မှုဟူသည် အဘယ်နည်း
တည်ကြည်မှုဟူသည် အဘယ်နည်း
ဘီ.စီ.အီး. ဒုတိယရာစုမှ ဂျူးဟာစီဒင်တို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်တည်ကြည်သူများဖြစ်သည်ဟု ယူမှတ်ခဲ့ကြသည်။ သူတို့၏အမည်သည် “တည်ကြည်သော” ဟူသည့် မူရင်းဟေဗြဲဝေါဟာရ ချားဆီဒ် မှဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယင်းကို “ချစ်ခင်ကြင်နာခြင်း၊” “တည်ကြည်သောမေတ္တာ၊” “ကြင်နာခြင်း၊” “ကောင်းမြတ်ခြင်း၊” “ကရုဏာ” ဟုမကြာခဏပြန်ဆိုလေ့ရှိသည့် နာမ်ဖြစ်သော ချီဆီဒ် မှယူထားခြင်းဖြစ်၏။ ဓမ္မဟောင်းကျမ်း၏ ဘာသာရေးဆိုင်ရာအဘိဓာန်ကျမ်း အရ ချီဆီဒ် သည် “တက်ကြွလှုပ်ရှား၊ လူမှုရေးရှိကာ၊ တည်မြဲ [ပြီး] လူ့သဘောထားသာမဟုတ်ဘဲ ဤသဘောထားမှဖြစ်ပေါ်လာသည့် အပြုအမူကိုလည်း ဆိုလိုသည်။ ယင်းသည် အသက်ကို ထိန်းသိမ်း သို့မဟုတ် တိုးမြှင့်ပေးသည့် အပြုအမူတစ်ခုဖြစ်သည်။ ကြမ္မာဆိုး သို့မဟုတ် ဆင်းရဲခြင်းခံနေရသူတစ်ဦး၏အကျိုးအတွက် ကြားဝင်လုပ်ဆောင်ပေးသည်။ မိတ်ဆွေဖြစ်ကြောင်းပြသမှုဖြစ်သည်။”
သမ္မာကျမ်းစာတွင် အသုံးပြုထားသည့်အတိုင်း ဤဟေဗြဲဝေါဟာရနှင့်ဆက်နွှယ်နေသော အဓိပ္ပာယ်အပြည့်အစုံကို ဘာသာစကားများစွာမှ မည်သည့်စကားလုံးတစ်လုံးတည်းနှင့် မဖော်ပြနိုင်သည်မှာ ထင်ရှားပါသည်။ မည်သို့ပင်ဖြစ်ပါစေ၊ ကျမ်းစာအဓိပ္ပာယ်ဖွင့်ဆိုချက်အရ တည်ကြည်မှုသည် ကတိကဝတ်များကို သစ္စာရှိရှိလုပ်ဆောင်ခြင်းထက်မက ပို၍အဓိပ္ပာယ်ရှိသည်။ ၎င်းတွင် သူတစ်ပါးအကျိုးအတွက် အပြုသဘောပါလုပ်ဆောင်ခြင်းနှင့် မေတ္တာရှိရှိစွဲကပ်ခြင်းသဘောလည်းပါဝင်သည်။ တည်ကြည်မှုအစစ်အမှန်၏အဓိပ္ပာယ်ကို သိရှိနားလည်ရန် ယေဟောဝါသည် အာဗြဟံ၊ မောရှေ၊ ဒါဝိဒ်၊ ဣသရေလလူမျိုးနှင့် လူသားအများစုတို့အား တည်ကြည်မှုပြသခဲ့ပုံကို စဉ်းစားသုံးသပ်ကြည့်ပါ။
တည်ကြည်မှုကို ယေဟောဝါပြသခဲ့
ယေဟောဝါသည် မိမိ၏အဆွေအာဗြဟံကို “ငါသည် သင်၏အကွယ်အကာဖြစ်၏” ဟုမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၁၅:၁; ဟေရှာယ ၄၁:၈) ယင်းသည် စကားအဖြစ်ပြောခြင်းမျှသာမဟုတ်ချေ။ ယေဟောဝါသည် အာဗြဟံနှင့် သူ၏အိမ်ထောင်စုကို ဖာရောနှင့်အဘိမလက်တို့ရန်မှ ကာကွယ်ပေးပြီး ကယ်တင်ခဲ့သည်။ ရှင်ဘုရင်လေးပါး ပူးပေါင်းတိုက်ခိုက်ခြင်းမှ လောတကိုကယ်ရန် အာဗြဟံအား ကိုယ်တော်ကူညီပေးခဲ့၏။ အသက် ၁၀၀ ရှိအာဗြဟံနှင့် အသက် ၉၀ ရှိစာရာတို့မှတစ်ဆင့် ကတိထားရာမျိုးစေ့ ဆင်းသက်လာနိုင်ရန် ယေဟောဝါ သူတို့ကို မွေးဖွားနိုင်စွမ်းပေးခဲ့သည်။ ယေဟောဝါသည် အဆင်းအာရုံများ၊ အိပ်မက်များနှင့် ကောင်းကင်တမန်များအားဖြင့် အာဗြဟံနှင့်မှန်မှန်ဆက်သွယ်ခဲ့သည်။ အမှန်ဆိုရသော် ယေဟောဝါသည် အာဗြဟံအသက်ရှင်စဉ်နှင့် သူကွယ်လွန်ပြီး နှစ်ပေါင်းများစွာအထိလည်း တည်ကြည်မှုပြခဲ့၏။ အာဗြဟံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးသည် ရာစုနှစ်များစွာတစ်လျှောက် ကလန်ကဆန်ပြုလုပ်ခဲ့ကြသော်လည်း ယေဟောဝါသည် ကတိတည်ခဲ့သည်။ အာဗြဟံနှင့်ယေဟောဝါ၏ဆက်ဆံရေးသည် စစ်မှန်သောတည်ကြည်မှု၏ ဖော်ပြချက်တစ်ခုဖြစ်ပြီး မေတ္တာကို လက်တွေ့ပြသခြင်းဖြစ်သည်။—ကမ္ဘာဦးအခန်းကြီး ၁၂ မှ ၂၅။
“ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည်နည်းတူ မောရှေနှင့်မျက်နှာချင်းဆိုင်၍ နှုတ်ဆက်တော်မူ၏” ဟုဆိုသည်။ (ထွက်မြောက်ရာ ၃၃:၁၁) အမှန်ဆိုရသော် မောရှေသည် ယေရှုခရစ်မတိုင်မီ အခြားမည်သည့်ပရောဖက်ထက်မဆို ယေဟောဝါနှင့်ပို၍ရင်းနှီးခွင့်ရှိခဲ့သည်။ ယေဟောဝါသည် မောရှေကို မည်သို့တည်ကြည်မှုပြခဲ့သနည်း။
ဩဇာစွမ်းပကားရှိသည့် အသက် ၄၀ ရှိမောရှေသည် သူ၏လူမျိုးကိုကယ်တင်ရန် ရောင့်တက်စွာလုပ်ဆောင်ခဲ့၏။ သို့သော် အချိန်မတိုင်သေးချေ။ အသက်ချမ်းသာရဖို့ သူထွက်ပြေးခဲ့ရသည်။ သူတမန်တော် ၇:၂၃-၃၀) သို့တိုင် သူ့ကို ယေဟောဝါမစွန့်ပစ်ခဲ့ပေ။ အချိန်တန်သောအခါ မောရှေသည် အီဂျစ်ပြည်မှ ဣသရေလလူမျိုးကို ခေါ်ထုတ်ရန် ပြန်သွားခဲ့ရသည်။
သည် အနှစ် ၄၀ တိုင် မိဒျန်ပြည်တွင် သိုးကျောင်းခဲ့ရသည်။ (ထိုနည်းတူစွာ ယေဟောဝါသည် ဣသရေလ၏ကျော်ကြားသောဒုတိယရှင်ဘုရင် ဒါဝိဒ်ကို တည်ကြည်မှုပြခဲ့၏။ ဒါဝိဒ်သည် လူငယ်မျှသာဖြစ်သော်လည်း ယေဟောဝါက ပရောဖက်ရှမွေလအား သူ့ကို “ထ၍ဘိသိက်ပေးလော့!” ဟုမိန့်ဆိုခဲ့သည်။ ထိုအချိန်မှစ၍ ဒါဝိဒ်သည် ဣသရေလလူမျိုး၏ဘုရင်အလောင်းအလျာအဖြစ် ကြီးပြင်းလာနေစဉ် ယေဟောဝါသည် သူ့ကို တည်ကြည်စွာကာကွယ်၍ လမ်းညွှန်ပေးခဲ့သည်။ သူ့ကို “ခြင်္သေ့လက်၊ ဝံလက်မှ” လွတ်မြောက်စေသည့်အပြင် ဖိလိတ္တိလူဂေါလျတ်လက်မှလည်း ယေဟောဝါကယ်နုတ်ပေးခဲ့သည်။ ယေဟောဝါသည် ဒါဝိဒ်ကို ဣသရေလရန်သူများအပေါ် အောင်ပွဲများစွာဆက်တိုက်ရရှိစေခဲ့ပြီး မနာလိုမုန်းတီးနေသောရှောလု၏ လှံဖြင့်ထိုးသတ်ခြင်းမှလည်း ကယ်ခဲ့သည်။—၁ ဓမ္မရာဇဝင် ၁၆:၁၂; ၁၇:၃၇; ၁၈:၁၁; ၁၉:၁၀။
အမှန်ဆိုလျှင် ဒါဝိဒ်သည် စုံလင်သောလူသားတစ်ဦးမဟုတ်ချေ။ သူသည် အလွန်ကြီးလေးသောအပြစ်များကိုပြုလုပ်ခဲ့၏။ သို့သော် အကြီးအကျယ်နောင်တရသောဒါဝိဒ်ကို ယေဟောဝါစွန့်ပစ်မည့်အစား သူ့အား တည်ကြည်သောမေတ္တာ တိုး၍ပြခဲ့သည်။ ယေဟောဝါသည် ဒါဝိဒ်၏အသက်တာတစ်လျှောက်လုံးတွင် သူ၏အသက်ကို ထပ်ခါတလဲကာကွယ်ပေးပြီး တိုးတက်အောင်မြင်စေခဲ့သည်။ စိတ်ဆင်းရဲနေသူ၏အကျိုးအတွက် ကိုယ်တော်သည် ကြားဝင်ကူညီပေးခဲ့သည်။ ချစ်ခင်ကြင်နာမှုအမှန်ပါတကား!—၂ ဓမ္မရာဇဝင် ၁၁:၁–၁၂:၂၅; ၂၄:၁-၁၇။
သိနာတောင်ပေါ်တွင် မောရှေပညတ်ပဋိညာဉ်ကိုလိုက်လျှောက်ပါမည်ဟု ဣသရေလလူမျိုးသဘောတူလိုက်သောအခါ လူမျိုးတစ်မျိုးလုံးအနေဖြင့် ယေဟောဝါနှင့် အထူးဆက်ကပ်အပ်နှံထားသော ဆက်ဆံရေးရှိခဲ့ကြသည်။ (ထွက်မြောက်ရာ ၁၉:၃-၈) ထို့ကြောင့် ဣသရေလလူမျိုးသည် ယေဟောဝါနှင့် အိမ်ထောင်ပြုထားသော ဆက်ဆံရေးရှိလာသည်။ ထို့ကြောင့် ဣသရေလနှင့်ပတ်သက်၍ ‘ယေဟောဝါသည် သင့်ကို မိန်းမကဲ့သို့ခေါ်မည်’ ဟုဆိုသည်။ ထို့ပြင် ယေဟောဝါက သူ့ကို “ထာဝရမေတ္တာနှင့် သင့်ကိုကယ်မသနားဦးမည်” ဟုမိန့်ဆိုခဲ့၏။ (ဟေရှာယ ၅၄:၆၊ ၈) အဆိုပါအထူးဆက်ဆံရေး၌ တည်ကြည်မှုကို ယေဟောဝါမည်သို့ပြခဲ့သနည်း။
ယေဟောဝါသည် ဣသရေလလူမျိုး၏လိုအပ်ရာများကို ဖြည့်စွက်ပေးရန်၊ သူတို့နှင့်နှောင်ကြိုးခိုင်မြဲစေရန် အစပြုလုပ်ဆောင်ခဲ့၏။ အီဂျစ်ပြည်မှ သူတို့ကိုကယ်နုတ်၍ လူမျိုးတစ်မျိုးအဖြစ်ဖွဲ့စည်းပေးကာ “နို့နှင့်ပျားရည်စီးတတ်သောပြည်သို့” ပို့ဆောင်ပေးခဲ့သည်။ (ထွက်မြောက်ရာ ၃:၈) ယဇ်ပုရောဟိတ်များ၊ လေဝိသားများမှတစ်ဆင့်ဖြစ်စေ၊ ပရောဖက်များ၊ စေတမန်များကို အမြဲစေလွှတ်ခြင်းအားဖြင့်ဖြစ်စေ ဝိညာဉ်ရေးသွန်သင်ချက်ကို ကိုယ်တော်မှန်မှန်ပေးခဲ့သည်။ (၂ ရာဇဝင်ချုပ် ၁၇:၇-၉; နေဟမိ ၈:၇-၉; ယေရမိ ၇:၂၅) အခြားဘုရားများကို ထိုလူမျိုးကိုးကွယ်သောအခါ ယေဟောဝါဆုံးမပဲ့ပြင်ခဲ့သည်။ သူတို့နောင်တရကြသောအခါ ကိုယ်တော်ခွင့်လွှတ်တော်မူ၏။ ဣသရေလလူမျိုးသည် ထိန်းသိမ်းရခက်သော “မိန်းမ” ဖြစ်ကြောင်း ဝန်ခံရမည်။ သို့တိုင် ယေဟောဝါသည် သူ့ကို ချက်ချင်းမစွန့်ပစ်ခဲ့ချေ။ အာဗြဟံကိုပေးခဲ့သော ကတိတော်များကြောင့် ကိုယ်တော်သည် ဣသရေလလူမျိုးနှင့်ဆိုင်သည့် မိမိ၏ရည်ရွယ်ချက်များ မပြည့်စုံမီတိုင်အောင် သူတို့နှင့် တည်ကြည်စွာတွယ်ကပ်နေခဲ့သည်။ (တရားဟောရာ ၇:၇-၉) ယနေ့ ဇနီးမောင်နှံများအတွက် အထူးကောင်းမွန်သောပုံသက်သေတစ်ခုပါတကား!
ယေဟောဝါသည် ကောင်းသောသူ၊ မကောင်းသောသူ လူသားအပေါင်း၏အခြေခံဘဝလိုအပ်ရာများကို ပေးသနားထားခြင်းဖြင့် လူအများစုအပေါ်လည်း တည်ကြည်မှုပြ၏။ (မဿဲ ၅:၄၅; တမန်တော် ၁၇:၂၅) ထို့ထက်မက၊ လူသားအားလုံး အပြစ်နှင့်သေခြင်းအချုပ်အနှောင်အောက်မှ လွတ်မြောက်စေရန်နှင့် ပရဒိသုတွင် စုံလင်ပြီး ထာဝရအသက်နှင့် ခမ်းနားထည်ဝါသော အလားအလာများခံစားရရန် ကိုယ်တော့်သားတော်၏ ရွေးနုတ်ဖိုးပူဇော်သကာကို ပေးခဲ့သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) ရွေးနုတ်ဖိုးအစီအစဉ်သည် အသက်ဆက်ရှင်စေရန် အကောင်းဆုံးအစီအစဉ်ဖြစ်သည်။ ယင်းသည် “ကြမ္မာဆိုး သို့မဟုတ် ဆင်းရဲခြင်းခံနေရသူတစ်ဦး၏အကျိုးအတွက် ကြားဝင်လုပ်ဆောင်ပေးခြင်း” အမှန်ဖြစ်ပေသည်။
အပြုသဘောလုပ်ရပ်များဖြင့် သင်၏တည်ကြည်မှုကို ထင်ရှားပြလော့
ချစ်ခင်ကြင်နာမှုနှင့် ကြောင်းတူသံကွဲစကားဖြစ်သော တည်ကြည်မှုသည် အပြန်အလှန်ချစ်ခင်ခြင်း သဘောလည်းဆောင်သည်။ သင့်အား ချစ်ခင်ကြင်နာမှုပြလျှင် ထိုအတိုင်းတုံ့ပြန်လိမ့်မည်ဟု မျှော်လင့်နိုင်ပါသည်။ တည်ကြည်မှုကို ထိုနည်းတူပြန်ဆပ်ရမည်။ ချီဆီဒ်နှင့်ဆက်နွှယ်ရာများကို ဒါဝိဒ်သဘောပေါက်ခဲ့ကြောင်း သူ၏ဤစကားများက ပေါ်လွင်စေပါသည်– “သန့်ရှင်းသောဗိမာန်တော်သို့ မျက်နှာပြုလျက် ပျပ်ဝပ်ကိုးကွယ်၍ . . . နာမတော်ကိုချီးမွမ်းပါမည်။” အဘယ်ကြောင့်နည်း။ “ကရုဏာတော်နှင့်သစ္စာတော်ကြောင့်” ဖြစ်သည်။ (ဆာလံ ၁၃၈:၂) ယေဟောဝါ၏ချစ်ခင်ကြင်နာမှုရရှိသူအနေနှင့် ဒါဝိဒ်သည် ကိုယ်တော့်အား ဝတ်ပြုကိုးကွယ်ပြီး ချီးမွမ်းရန် အမှန်ပင်လှုံ့ဆော်ခံခဲ့ရ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့ကို ယေဟောဝါပြသောချစ်ခင်ကြင်နာမှုကို ထောက်ထား၍ ထိုသို့တုံ့ပြန်ရန် လှုံ့ဆော်ခံရပါသလော။ ဥပမာ၊ ယေဟောဝါ၏နာမတော် ရှုတ်ချပြောဆိုခံရလျှင် ကိုယ်တော်၏ဂုဏ်သိက္ခာထိခိုက်သည့်အတွက် ကိုယ်တော့်ဘက်ရပ်တည်ကာ ချေပပြောဆိုရန် လှုံ့ဆော်ခံရသလော။
ဆိုင်ကယ်မတော်တဆမှုဖြင့် သေဆုံးသွားသောဆွေမျိုးတစ်ဦး၏အသုဘကို တက်ရောက်ခဲ့ကြသည့် ခရစ်ယာန်ဖြစ်ခါစလူသစ်တစ်ဦးနှင့် သူ၏ဇနီးတို့သည် ထိုသို့တွေ့ကြုံခံစားခဲ့ကြရ၏။ ၎င်းသည် ဘာသာရေးမပါသောအခမ်းအနားတစ်ခုဖြစ်ခဲ့ပြီး သေဆုံးသူအကြောင်း တက်ရောက်သူများအား ကြိုက်ရာပြောဆိုခွင့်ပြုခဲ့သည်။ ‘ကောင်းကင်မှာ သူ့ကို ဘုရားသခင်အလိုရှိလို့ ခေါ်သွားပြီ’ ဟုပြောဆိုခြင်းဖြင့် ဤလူငယ် အချိန်မတန်ဘဲ သေဆုံးသွားခြင်းသည် ဘုရားသခင်ကြောင့်ဟု လူတစ်ဦးကစွပ်စွဲခဲ့သည်။ ကျွန်ုပ်တို့ခရစ်ယာန်ညီအစ်ကိုက နှုတ်ဆိတ်၍မနေနိုင်ခဲ့ချေ။ သူ့တွင် ကျမ်းစာမပါ၊ မှတ်စုမရှိသော်လည်း စင်မြင့်ပေါ်တက်ခဲ့သည်။ “သနားကြင်နာ၊ ထောက်ထားစာနာမှုရှိတဲ့ အဆုံးမဲ့တန်ခိုးနဲ့ပြည့်စုံတဲ့ ဘုရားသခင်ဟာ ဒီလိုအခြေအနေမျိုးတွေကို ကြိုက်နှစ်သက်မယ်လို့ ထင်သလား” ဟုသူမေးခဲ့သည်။ ထို့နောက် သူသည် ကျွန်ုပ်တို့သေဆုံးရခြင်းအကြောင်း၊ သေခြင်းမှ လူသားတို့ကိုကယ်တင်ရန် ဘုရားသခင်ပြုလုပ်ပေးခဲ့ရာနှင့် ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ရန် အံ့ဖွယ်ကောင်းသည့် ရှင်ပြန်ထမြောက်ခြင်း အခွင့်အရေးတို့ကို ကျမ်းချက်များဖြင့် ကိုးကားရှင်းပြ၍ ဆယ်မိနစ်လက်တန်းဟောပြောခဲ့သည်။ ပရိသတ် ၁၀၀ ကျော်တို့သည် အတန်ကြာအားရနှစ်သက်စွာ လက်ခုပ်သြဘာပေးကြသည်။ ထိုညီအစ်ကိုသည် နောက်ပိုင်းတွင် ဤသို့ပြန်ပြောပြသည်– “ကျွန်တော်တစ်ခါမှမခံစားခဲ့ဖူးတဲ့ အတွင်းရွှင်လန်းမှုကို ခံစားခဲ့ရတယ်။ ယေဟောဝါရဲ့ဉာဏ်ပညာမှာ ကျွန်တော့်ကိုသင်ကြားပေးတဲ့အတွက်၊ ကိုယ်တော်ရဲ့သန့်ရှင်းတဲ့နာမတော်ကို ကာကွယ်ပြောဆိုခွင့်ပေးတဲ့အတွက် ကိုယ်တော့်ကို ကျွန်တော်ကျေးဇူးတင်ခဲ့တယ်။”
ယေဟောဝါကို တည်ကြည်ခြင်းတွင် ကိုယ်တော်၏စကားတော် သမ္မာကျမ်းစာကို တည်ကြည်ခြင်းပါဝင်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သမ္မာကျမ်းစာမှတစ်ဆင့် ကျွန်ုပ်တို့မည်သို့အသက်ရှင်ရမည်ကို ယေဟောဝါသွန်သင်ပေးသောကြောင့်ဖြစ်သည်။ ထိုတွင်မှတ်တမ်းတင်ထားသော ပညတ်များနှင့်မူများသည် ဘဝအတွက် အကောင်းဆုံးနှင့် အကျိုးအရှိဆုံး ဆုံးမစကားများ အမှန်ဖြစ်သည်။ (ဟေရှာယ ၄၈:၁၇) အခြားသူများ၏ ဖိအားပေးမှု သို့မဟုတ် သင့်အားနည်းချက်များကြောင့် ယေဟောဝါ၏ပညတ်များကို စွဲလမ်းခြင်းမှ သွေဖည်မသွားပါနှင့်။ ဘုရားသခင့်စကားတော်ကို ဆက်၍တည်ကြည်ပါ။
ဘုရားသခင်ကိုတည်ကြည်ခြင်းတွင် ကိုယ်တော်၏အဖွဲ့အစည်းအပေါ် တည်ကြည်ခြင်းလည်းပါဝင်၏။ နှစ်များတစ်လျှောက် ကျမ်းချက်အချို့ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ပုံနှင့်စပ်လျဉ်း၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရသည်။ အမှန်မှာ ကျွန်ုပ်တို့ကဲ့သို့ ဝိညာဉ်ရေးအစာကောင်းစွာစားသုံးရသူ တစ်ဦးတစ်ယောက်မျှမရှိချေ။ (မဿဲ ၂၄:၄၅-၄၇) ယေဟောဝါသည် မိမိ၏မျက်မှောက်ခေတ်အဖွဲ့အစည်းကို ထောက်မပေးခဲ့သည်မှာ ယုံမှားဖွယ်မရှိချေ။ ကျွန်ုပ်တို့လည်း ထပ်တူ မပြုလုပ်နိုင်ပေလော။ အေ. အိတ်ခ်ျ. မက္ခမီလန်သည် ထိုသို့ပြုလုပ်ခဲ့၏။ သူမသေဆုံးမီအချိန်လေးတွင် ဤသို့ပြောခဲ့သည်– “၁၉၀၀၊ စက်တင်ဘာလမှာ အသက်နှစ်ဆယ့်သုံးနှစ်အရွယ်နဲ့ ဘုရားသခင်ကို ကျွန်တော်ဆက်ကပ်အပ်နှံခဲ့တဲ့အချိန်တုန်းက ယေဟောဝါရဲ့အဖွဲ့အစည်းဟာ လူနည်းစုနဲ့စခဲ့တာကနေ ကိုယ်တော်ရဲ့အမှန်တရားကို ဇွဲရှိရှိကြွေးကြော်နေကြတဲ့ ပျော်ရွှင်တဲ့ကမ္ဘာချီအသင်းကြီးတစ်ခုဖြစ်လာတာကို ကျွန်တော်တွေ့ခဲ့ရပါပြီ။ . . . ဘုရားသခင်ရဲ့အမှုတော်ကို မြေကြီးပေါ်မှာ ကျွန်တော်ထမ်းဆောင်ရချိန် ကုန်တော့မှာကို ကျွန်တော်သိတဲ့ ဒီအချိန်မှာ ယေဟောဝါဟာ ကိုယ်တော့်လူမျိုးတော်ကို ညွှန်ကြားခဲ့ပြီး အချိန်တန်လိုအပ်ရာတွေကို ပေးနေတယ်ဆိုတာ အရင်ကထက် အခု ပိုပြီးယုံကြည်တယ်။” ညီအစ်ကိုမက္ခမီလန်သည် ၁၉၆၆၊ ဩဂုတ် ၂၆ ရက်တွင် သူသေဆုံးသည်အထိ ၆၆ နှစ်နီးပါးမျှ တည်ကြည်စွာအမှုထမ်းဆောင်ခဲ့၏။ သူသည် ဘုရားသခင်၏မျက်မြင်ရအဖွဲ့အစည်းအပေါ် တည်ကြည်မှုရှိခြင်းနှင့်ပတ်သက်၍ ပုံသက်သေကောင်းဖြစ်ခဲ့သည်။
အဖွဲ့အစည်းအပေါ် တည်ကြည်မှုရှိသည့်အပြင် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်လည်း တည်ကြည်နိုင်မည်လော။ ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခံရသည့်အခါ ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများအပေါ် တည်ကြည်မှုဆက်၍ရှိနိုင်မည်လော။ ဒုတိယကမ္ဘာစစ်အတွင်း နယ်သာလန်နိုင်ငံမှ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် တည်ကြည်မှုတွင် ပုံသက်သေကောင်းပြခဲ့ကြ၏။ နာဇီဂက်စတာပိုတို့သည် ဂရိုနင်ဂျင်အသင်းတော်မှ အကြီးအကဲဖြစ်သူ ကလာစ် ဒီ ဗာရီစ်ကို ရက်စက်ကြမ်းတမ်းစွာ စစ်ဆေးမေးမြန်းခဲ့ပြီး ၁၂ ရက်လုံးလုံး ပေါင်မုန့်နှင့်ရေကိုသာကျွေးပြီး တိုက်ပိတ်ခဲ့သည်၊ ယင်းနောက် ထပ်မံမေးမြန်းပြန်၏။ သူ့ကို ခြောက်လုံးပြူးသေနတ်ဖြင့်ချိန်ကာ သတ်မည်ဟုခြိမ်းခြောက်၍ တာဝန်ရှိညီအစ်ကိုများရှိမည့်နေရာအပြင် အခြားအရေးကြီးသတင်းကို ပြောပြရန် နှစ်မိနစ်အချိန်ပေးခဲ့သည်။ “ကျွန်တော့်ဆီက ခင်ဗျားတို့ ဘာမှကြားရမှာမဟုတ်ဘူး။ . . . ကျွန်တော် သစ္စာဖောက်မှာမဟုတ်ဘူး” ဟုစကားတစ်ခွန်းတည်းကိုသာ ကလက်စ်ပြောခဲ့သည်။ သူ့ကို ခြောက်လုံးပြူးသေနတ်ဖြင့် သုံးကြိမ်တိုင်ခြိမ်းခြောက်ခဲ့သည်။ နောက်ဆုံး ဂက်စတာပိုက အလျှော့ပေးလိုက်ပြီး ကလက်စ်ကို အခြားထောင်သို့ ပို့လိုက်သည်။ သူ၏ညီအစ်ကိုများကို တစ်ခါမျှသစ္စာမဖောက်ခဲ့ချေ။
ကျွန်ုပ်တို့၏အနီးစပ်ဆုံးဆွေမျိုး—ကျွန်ုပ်တို့အိမ်ထောင်ဖက်—အပေါ် တည်ကြည်မှုရှိမည်လော။ ယေဟောဝါသည် ဣသရေလလူမျိုးနှင့်ဖွဲ့ထားသည့် ပဋိညာဉ်ကိုတည်ကြည်သကဲ့သို့ ကျွန်ုပ်တို့သည် မိမိတို့၏လက်ထပ်ကတိကဝတ်ကို တည်ကြည်သလော။ စွဲမြဲတည်ကြည်မှု၌ မသွေဖည်ရုံသာမက သင့်အိမ်ထောင်ဖက်နှင့် ပို၍ရင်းနှီးမှုရှိရန် တက်ကြွစွာကြိုးစားပါလေ။ သင့်အိမ်ထောင်ရေးခိုင်မြဲရန် အစပြုလုပ်ဆောင်ပါ။ အချင်းချင်းအချိန်ယူပေါင်းသင်းပါ၊ လွတ်လပ်ပွင့်လင်းစွာ စကားပြောဆက်သွယ်ပါ၊ အားပေးထောက်မပါ၊ နားထောင်ပေးပါ၊ အတူတကွရယ်မောပါ၊ ငိုကြွေးပါ၊ ကစားပါ၊ တူညီသောပန်းတိုင်များအောင်မြင်ဖို့ အတူတူကြိုးစားပါ၊ တစ်ဦးကိုတစ်ဦးစိတ်ကျေနပ်စေပြီး မိတ်ဆွေများဖြစ်ကြပါ။ သူတစ်ပါးကို ချစ်မိသောစိတ်ထားများ မပေါ်လာမိစေရန် အထူးသဖြင့်သတိထားပါ။ သင့်အိမ်ထောင်ဖက်မဟုတ်သော အခြားသူများနှင့် အသိမိတ်ဆွေဖြစ်လာပြီး ရင်းနှီးသောဆက်ဆံရေးရှိခြင်းသည် လျောက်ပတ်မှန်ကန်သော်လည်း သင့်အိမ်ထောင်ဖက်အပေါ်တွင်သာ ချစ်သည့်စိတ်ရှိသင့်သည်။ သင်နှင့်သင့်အိမ်ထောင်ဖက်စပ်ကြား မည်သူ့ကိုမျှ အဝင်မခံပါနှင့်။—သု. ၅:၁၅-၂၀။
ယုံကြည်ခြင်းတူသူမိတ်ဆွေများနှင့် မိသားစုကို စွဲမြဲတည်ကြည်လျက်နေပါ။ နှစ်များကုန်လွန်လာသည်နှင့်အမျှ သူတို့ကို မမေ့လျော့လိုက်ပါနှင့်။ သူတို့နှင့် အမြဲအဆက်အသွယ်ရှိပါ၊ စာရေးပါ၊ ဖိတ်ခေါ်ပါ၊ လည်ပတ်ပါ။ သင်သည် မည်သည့်အခြေအနေသို့ရောက်ရောက် သူတို့စိတ်ထိခိုက်စရာမဖြစ်စေရန် ကြိုးစားပါ။ သင့်ကို သူတို့သိကြောင်း၊ သင်နှင့်အဆက်အသွယ်ရှိကြောင်း ပြောဆိုရခြင်း၌ ပျော်ရွှင်မှုရရှိပါလေစေ။ သူတို့ကို တည်ကြည်ခြင်းသည် မှန်ကန်ရာကိုပြုလုပ်ဖို့ သင့်ကို ဆက်လက်အားရှိနေစေပြီး သင့်အတွက် အားပေးရာအရင်းအမြစ်ဖြစ်ပါလိမ့်မည်။—ဧသတာ ၄:၆-၁၆။
မှန်ပါသည်၊ စစ်မှန်သောတည်ကြည်မှုတွင် တန်ဖိုးရှိဆက်ဆံရေးများကို ထိန်းသိမ်းစောင့်ရှောက်ထားရန် အပြုသဘောလုပ်ရပ်များပါဝင်သည်။ ယေဟောဝါ၏ချစ်ခင်ကြင်နာမှုကို တုံ့ပြန်ရန် သင်အတတ်နိုင်ဆုံးပြုလုပ်ပါလေ။ ခရစ်ယာန်အသင်းတော်၊ သင့်အိမ်ထောင်ဖက်၊ သင့်မိသားစု၊ သင့်မိတ်ဆွေများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ယေဟောဝါ၏တည်ကြည်မှုကို အတုယူပါ။ သင့်အိမ်နီးချင်းများအား ယေဟောဝါ၏ဂုဏ်ရည်တော်များကို တည်ကြည်မှုရှိရှိကြေညာပါ။ ဆာလံဆရာက “အကျွန်ုပ်သည် ထာဝရဘုရား၏[ချစ်ခင်ကြင်နာမှု]ကို အစဉ်အမြဲသီချင်းဆိုပါမည်။ ကိုယ်တော်၏[တည်ကြည်မှု]ကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်” ဟူ၍ မှန်ကန်စွာပြောဆိုခဲ့သည်။ (ဆာလံ ၈၉:၁) ဤသို့သောဘုရားသခင်ထံ ကျွန်ုပ်တို့ဆွဲဆောင်မခံရပေလော။ မှန်ပါသည်၊ ကိုယ်တော်၏ “[ချစ်ခင်ကြင်နာမှု]သည် အစဉ်အမြဲရှိ” တော်မူ၏။—ဆာလံ ၁၀၀:၅။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အေ. အိတ်ခ်ျ. မက္ခမီလန်