မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဖြုန်းတီးသောသား” တစ်ဦးကို သင်မည်သို့ကူညီပေးနိုင်သနည်း

“ဖြုန်းတီးသောသား” တစ်ဦးကို သင်မည်သို့ကူညီပေးနိုင်သနည်း

“ဖြုန်းတီးသော​သား” တစ်ဦး​ကို သင်​မည်သို့​ကူညီပေး​နိုင်​သနည်း

“အထက်​က​ပျောက်​၏၊ ယခု​တွေ့ ပြန်​၏။ ထို​ကြောင့် . . . ဝမ်းမြောက်စရာ​အကြောင်း​ရှိ၏။”—လုကာ ၁၅:၃၂

၁၊ ၂။ (က) လူငယ်​အချို့​သည် ခရစ်ယာန်​အမှန်တရားကို မည်သို့​တန်ပြန်​ခဲ့​ကြပြီ​နည်း။ (ခ) ထိုသို့​သော​အခြေအနေ​မျိုး​တွင် မိဘများနှင့် သားသမီး​ပါ မည်သို့ ခံစား​နိုင်​သနည်း။

“အမှန်တရား​ထဲ​က ထွက်​လိုက်​တော့​မယ်!” ခရစ်ယာန်​လမ်းစဉ်​အတိုင်း မိမိတို့၏​သားသမီး​များ​ကို ကြီးပြင်း​လာ​စေရန် ကြိုးစား​သွန်သင်​ပေး​ခဲ့​ကြ​သည့် ဘုရားသခင်​ကို​ကြောက်ရွံ့​သူ​မိဘများသည် ကလေး​တစ်ဦးထံ​မှ ထိုစကား​မျိုး​ကြား​လိုက်ရ​ခြင်း​မှာ အမှန်တကယ် စိတ်​တုန်လှုပ်​ချောက်ချား​စ​ရာ​ပါ​တကား! အခြား​လူငယ်များ​မူ သူတို့၏​အကြံအစည်​များ​ကို မည်မည်ရရ​မဖော်ပြဘဲ ‘ရွေ့​လျော့’ သွားခဲ့​ကြပြီ။ (ဟေဗြဲ ၂:၁) ဤသူတို့​တွင် များစွာ​သည် ယေရှု၏​ပုံ​ဥပမာ​ရှိ ဖြုန်းတီးသော​သား​နှင့်​ဆင်တူ​၏၊ သူသည် ဖခင်​၏​အိမ်က​ထွက်သွား​ကာ သူ၏​အမွေဥစ္စာ​ကို ဝေးလံ​သော​ပြည်​၌ သုံးဖြုန်း​ပစ်လိုက်​သည်။—လုကာ ၁၅:၁၁-၁၆

ယေဟောဝါသက်သေ​အများစု​၌ ဤ​ပြဿနာ မရှိကြ​သော်လည်း ရှိသူတို့​အတွက် သူတို့၏​ဝမ်းနည်းမှုကို အဘယ်​နှစ်သိမ့်​စကား​က​မျှ အပြည့်အဝ ဖယ်ရှား​ပေး​နိုင်​မည်​မဟုတ်​ချေ။ ထို့​ပြင် ထင်ရာစိုင်း​သည့်​လူငယ်​ကိုယ်တိုင် တွေ့ကြုံ​နိုင်သော ပျော်ရွှင်မှု​ကင်းမဲ့​ခြင်း​ကို သတိမမူ​ဘဲ​မနေ​ပါ​နှင့်။ သူ၏​အတွင်းစိတ်​နှလုံးထဲတွင်​မူ သူ၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​က သူ့ကို နှိပ်စက်​နေ​ပေ​လိမ့်​မည်။ ယေရှု၏​ပုံ​ဥပမာ​၌ ဖြုန်းတီးသော​သား​သည် နောက်ဆုံး​တွင် ‘သတိ​ပြန်​ရ’ လာသော​ကြောင့် ဖခင်​ဖြစ်သူ ပျော်ရွှင်​ခဲ့​ရလေ​သည်။ မိဘများနှင့် အသင်းတော်​ရှိ​အခြားသူ​တို့သည် ဖြုန်းတီးသော​သားများ​ကို ‘သတိ​ပြန်​ရလာ’ စေရန် မည်သို့​ကူညီပေး​နိုင်​ကြ​သနည်း။—လုကာ ၁၅:၁၇

ထွက်သွား​ရန် အချို့​အဘယ်ကြောင့်​ဆုံးဖြတ်

၃။ လူငယ်များ ခရစ်ယာန်​အသင်းတော်​မှ ထွက်သွား​ရန် ဆုံးဖြတ်​ခဲ့​ရသည့် အကြောင်းရင်း​အချို့​ကား အဘယ်နည်း။

ခရစ်ယာန်​အသင်းတော်တွင် ယေဟောဝါ​အား ဝမ်းမြောက်စွာ​အမှုဆောင်​ကြသော ရာ​နှင့်၊ ထောင်နှင့်ချီ​သည့် လူငယ်များ​ရှိကြသည်။ သို့​ဆိုလျှင် အခြား​လူငယ်တို့​သည် အဘယ်ကြောင့် ထွက်ခွာ​သွား​ကြ​သနည်း။ ဤ​လောက​မှ​ကမ်း​လှမ်း​သော​အရာ တစ်စုံတစ်ခု​ကို မိမိတို့​ဆုံးရှုံး​နေသည်​ဟု သူတို့​ခံစားရ​၍​ဖြစ်​နိုင်​သည်။ (၂ တိမောသေ ၄:၁၀) သို့​မဟုတ် ယေဟောဝါ​၏​ကာကွယ်​မှု​ပေး​သော​သိုးခြံ​သည် တင်းကျပ်လွန်း​၏​ဟု သူတို့​ယူမှတ်​ကြ​ပေမည်။ ကိုယ်ကို​ကိုယ်ကို​သိသောစိတ်​မကြည်လင်​ခြင်း၊ ဆန့်ကျင်ဘက်​လိင်​ရှင်​ကို အလွန်အမင်း​စိတ်ဝင်စားခြင်း၊ သို့​မဟုတ် သက်တူရွယ်တူ​များ​၏​လက်ခံမှုကို ရ​လို​စိတ်​ရှိ​ခြင်း​တို့​က လူငယ်​တစ်ဦး​ကို ယေဟောဝါ​၏​သိုးအုပ်​မှ ရွေ့​လျော့​သွား​စေနိုင်​သည်။ လူငယ်​တစ်ဦး​သည် မိဘ​တစ်ဦးဦး၊ သို့​မဟုတ် အခြား​ခရစ်ယာန်​တစ်ဦး၏ အရေခြုံ​ဟန်ဆောင်မှု​ကို တွေ့မြင်​ခြင်း​ကြောင့် ဘုရားသခင့်​အမှုတော်ကို မ​ဆောင်​တော့​ဘဲ​နေခြင်း ဖြစ်​နိုင်​ပေ​သည်။

၄။ လူငယ်များ လမ်းလွဲ​သွား​ရသည့်​အကြောင်းရင်း​ကား အဘယ်အရာ ဖြစ်လေ့​ရှိ​သနည်း။

ကလေး​တစ်ဦး ကလန်ကဆန်​ပြုမူ​ပြောဆိုခြင်း​သည် များသောအားဖြင့် ဝိညာဉ်​ရေး​အားနည်းမှု​၏ လက္ခဏာ၊ သူ့​စိတ်နှလုံး​အတွင်းသဘော​၏ ဖော်ထုတ်​ချက်​များ​ဖြစ်လေ့​ရှိသည်။ (သု. ၁၅:၁၃; မဿဲ ၁၂:၃၄) လူငယ်​တစ်ဦး​သည် အဘယ်​အကြောင်းကြောင့်​ပင် လမ်းလွဲ​သွားပါစေ၊ ပြဿနာ​၏​အရင်းအမြစ်​မှာ “အမှန်တရား​၏ တိကျ​မှန်ကန်သော​အသိပညာ” မရှိသော​ကြောင့် ဖြစ်တတ်​သည်။ (၂ တိမောသေ ၃:၇က​ဘ) လူငယ်များ​အနေ​ဖြင့် ယေဟောဝါ​အား ဝတ်​ကျေ​တမ်း​ကျေ ဝတ်ပြု​ကိုးကွယ်​ခြင်း​ထက် ကိုယ်တော်​နှင့်​နှစ်ကိုယ်ကြား ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​ရန် မွေးမြူ​သွားခြင်းက ပို​၍​အရေးကြီး​၏။ ထိုသို့​ပြု​ရန် အဘယ်အရာက သူတို့ကို​ကူညီပေး​မည်​နည်း။

ဘုရားသခင်​ထံ​သို့​ချဉ်းကပ်​လော့

၅။ လူငယ်​တစ်ဦး​သည် ဘုရားသခင်​နှင့်​နှစ်ကိုယ်ကြား ဆက်ဆံ​ရေး​ကို​မွေးမြူရန် အဘယ်အရာ​လိုအပ်​သနည်း။

“ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့။ သို့ပြုလျှင်၊ သင်တို့၌​ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟူ၍ တပည့်တော်​ယာကုပ်​ရေးသားခဲ့​သည်။ (ယာကုပ် ၄:၈) ထိုသို့​ပြု​ရန် ဘုရားသခင့်​စကားတော်​ကို အရသာ​တွေ့​မှု​တိုးပွား​လာ​စေရန် လူငယ်​တစ်ဦး​အား ကူညီပေး​ရမည်။ (ဆာလံ ၃၄:၈) အစပိုင်း​တွင် သမ္မာကျမ်းစာ​၏​အခြေခံ​သွန်သင်ချက်​များ​ဖြစ်သော “နို့” ကို​သူ​သောက်သုံး​ရန် လို​ပေ​လိမ့်​မည်။ သို့သော် ဘုရားသခင့်​စကားတော်​ကို သူ​နှစ်သက်​လာပြီး နက်နဲ​သော​ဝိညာဉ်​ရေးရာ​အချက်အလက်​များ​ဖြစ်သည့် “ကြေ​ခဲ​သော​အစာ” ကို အရသာ​တွေ့​လာသော​အခါ သူသည် မကြာမီ​ပင် ဝိညာဉ်​ရေး​ဘက်​ရင့်ကျက်​လာပေမည်။ (ဟေဗြဲ ၅:၁၁-၁၄; ဆာလံ ၁:၂) ဤ​လောက​လမ်းစဉ်၌ လုံးလုံး​နစ်​မြုပ်​သွားခဲ့​သော လူငယ်​တစ်ဦး​က ဝိညာဉ်​ရေး​စံနှုန်း​များ​ကို စတင်​တန်ဖိုး​ထား​တတ်လာ​ကြောင်း ဝန်ခံခဲ့​သည်။ အဘယ်အရာက သူ့ကို ပြန်​လှည့်လာ​စေ​ခဲ့​သနည်း။ သမ္မာကျမ်းစာ​တစ်အုပ်လုံး​ကို​ဖတ်ရှု​ရန် အကြံပြုချက်ကို​တုံ့​ပြန်၍ သမ္မာကျမ်းစာ​မှန်မှန်​ဖတ်ရှု​ရန်​အစီအစဉ်​အတိုင်း သူ​ပြုလုပ်​ခဲ့​သည်။ မှန်ပါသည်၊ ဘုရားသခင်​၏​စကားတော်​ကို မှန်မှန်​ဖတ်ရှုခြင်း​သည် ယေဟောဝါ​နှင့်​ရင်းနှီးမှုကို မွေးမြူ​ပေးဖို့​အတွက် အရေးပါ​ပေ​သည်။

၆၊ ၇။ ဘုရားသခင့်​စကားတော်​ကို ချစ်​မြတ်နိုး​ဖို့ မိဘများသည် မိမိတို့၏​သားသမီး​များ​အား မည်သို့​ကူညီပေး​နိုင်​ကြ​သနည်း။

ဘုရားသခင့်​စကားတော်​ကို သားသမီး​များ​ချစ်​မြတ်နိုး​တတ်ကြ​စေရန် မိဘများ​ကူညီ​ပေးဖို့ တကယ်​ပင်​အရေးပါ​သည်​တကား! မိသားစု​သင်အံမှု ပုံမှန်​ပြုလုပ်​ခဲ့​သည့်​ကြား​မှ​ပင် ဆယ်ကျော်သက်​အရွယ် ကလေး​မ​တစ်ဦး​သည် ပေါ့ပြက်ပြက်​နေထိုင်သူ​တို့​နှင့် အပေါင်းအသင်း​လုပ်ခဲ့သည်။ သူ၏ မိသားစု​သင်အံမှု​နှင့်​ပတ်သက်​၍ သူက ဤသို့​ပြန်​ပြောပြ​သည်– “အဖေက မေးခွန်းတွေ​မေးတဲ့အခါ အဖေရဲ့​မျက်နှာကို​မကြည့်​ဘဲ အဖြေတွေကို ကျွန်မ​ဖတ်​ရုံ​ဖတ်ပြ​သွား​လိုက်တယ်။” မိသားစု​သင်အံမှု​တွင် အကြောင်းအရာ​တစ်ခု​ကို ပြီးစီး​သွား​ရန်​လေ့လာ​သွား​ရုံ​ပြု​မည့်​အစား ပညာ​ရှိသော​မိဘများသည် သွန်သင်ခြင်း​အတတ်ပညာ​ကို အသုံးပြု​ကြ​၏။ (၂ တိမောသေ ၄:၂) သင်အံမှု​ကို လူငယ်​တစ်ဦး​နှစ်ခြိုက်​ဖို့​အတွက် သူကိုယ်တိုင် ပါဝင်​ပတ်သက်​ရ​ပေမည်။ ထို့​ကြောင့် သဘောထား​မေးခွန်းများ​မေးမြန်း၍ သူ့​အား ထုတ်ဖော်​ပြောဆို​စေပါ။ ဆင်ခြင်​သုံးသပ်​နေသည့်​အကြောင်းကို လက်တွေ့​ကျင့်သုံး​ရန် လူငယ်​ကို​အားပေးပါ​လေ။ *

ထို​ထက်​ကား ကျမ်းစာ​ဆွေးနွေးခန်း​ကို အသက်​ဝင်စေပါ။ သင့်လျော်​သောအခါ ငယ်ရွယ်သူ​တို့ကို ကျမ်းစာ​ဖြစ်ရပ်​များနှင့် ဇာတ်ကြောင်း​များ​ကို သရုပ်ဆောင်​စေပါ။ ဆွေးနွေး​နေသော​အကြောင်းအရာများ ဖြစ်ပျက်​ခဲ့​သည့် နယ်မြေ​၏ မြေ​မျက်နှာ​အသွင်အပြင်​လက္ခဏာများ​ကို သူတို့​စိတ်ထဲ​မြင်ယောင်​စေပါ။ မြေပုံများ​နှင့် ပုံစံ​ကားချပ်​များ​အသုံးပြုခြင်းက အကူအညီ​ဖြစ်​ပေမည်။ မှန်ပါသည်၊ စိတ်ကူး​ဉာဏ်​အနည်းငယ်​ကွ​န့်​မြူး​လိုက်ခြင်း​ဖြင့် မိသားစု​သင်အံမှု​ကို အသက်ဝင်​စေ​ကာ အသွင်အမျိုးမျိုး​ဖြင့်​ပြုလုပ်​နိုင်​သည်။ မိဘများလည်း ယေဟောဝါ​နှင့် မိမိတို့၏​နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ကို ဆန်းစစ်​ကြည့်​သင့်​သည်။ သူတို့​ကိုယ်တိုင် ယေဟောဝါ​ထံ ပိုမို​နီးကပ်​လာ​သည်​နှင့်​အမျှ သူတို့၏​ကလေး​များ​ကိုလည်း ထိုသို့​ဖြစ်လာ​စေရန် ကူညီပေး​နိုင်​သည်။—တရားဟောရာ ၆:၅-၇

၈။ ဆုတောင်းခြင်း​က ဘုရားသခင်​နှင့်​ရင်းနှီးမှု​ရှိစေရန် မည်သို့​ကူညီပေး​နိုင်​သနည်း။

ဆုတောင်းခြင်း​က​လည်း လူတစ်ဦးကို ဘုရားသခင်​နှင့် ရင်းနှီး​စေ​သည်။ မြီး​ကောင်​ပေါက်​အရွယ်​ဝင်​ခါ​စ ကလေး​မ​တစ်ဦး​သည် ခရစ်ယာန်​လမ်းစဉ်​နှင့် သူ၏​မယုံကြည်​သူ သူငယ်ချင်း​အပေါင်းအသင်း​များ​ကြား ဝေခွဲမရ​ဖြစ်နေ​ခဲ့​သည်။ (ယာကုပ် ၄:၄) ယင်း​နှင့်​ပတ်သက်​၍ သူ​အဘယ်အရာ​ပြုလုပ်​ခဲ့​သနည်း။ “ကျွန်မ​ဘယ်လို​ခံစား​နေ​ရတယ်ဆိုတဲ့​အကြောင်းကို ယေဟောဝါ​ဆီ ပထမ​ဆုံး​အကြိမ် ကောင်းကောင်း​ဆုတောင်း​ခဲ့တယ်” ဟု​သူ​ဝန်ခံခဲ့​သည်။ နောက်ဆုံး​တွင် အသင်းတော်​အတွင်း သူ​ရင်ဖွင့်​နိုင်​သူ မိတ်ဆွေ​တစ်ဦး တွေ့ရှိ​ခဲ့​သောအခါ သူ၏​ဆုတောင်းချက် ဖြေကြား​ခံ​ခဲ့​ရ၏​ဟု သူ​ကောက်ချက်​ချ​ခဲ့​သည်။ မိမိကို ယေဟောဝါ​ညွှန်ကြား​နေသည်​ဟု သူ​ခံစားရ​ကာ ဘုရားသခင်​နှင့်​နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ရှိ​ရန် စတင်​ကြိုးစား​ခဲ့​လေ​သည်။ မိဘများသည် မိမိတို့​ကိုယ်တိုင်​၏​ဆုတောင်းချက်​များ​၏ အရည်အသွေးကို တိုးမြှင့်​ပေးခြင်း​အားဖြင့် သားသမီး​များ​ကို​ကူညီပေး​နိုင်​ကြသည်။ မိသားစု​လိုက်​ဆုတောင်း​သောအခါ မိဘများသည် မိမိတို့၏​စိတ်နှလုံး​ကို သွန်​ချ​ဖော်ပြခြင်း​အားဖြင့် မိဘများနှင့် ယေဟောဝါ​စပ်ကြား မေတ္တာဖွဲ့​နှောင်​ထား​ကြောင်းကို သားသမီး​များ​အား ခံစား​မိ​စေနိုင်​သည်။

စိတ်ရှည်ပါ၊ တစ်ကြိမ်​တည်း​တွင် ခိုင်မာ​ပါ

၉၊ ၁၀။ ယေဟောဝါ​သည် ထင်ရာစိုင်း​ဣသရေလ​လူမျိုး​ကို သည်းခံခြင်း​နှင့်​ပတ်သက်​၍ အဘယ်​ပုံ​နမူနာ​ချမှတ်​တော်​မူ​ခဲ့​သနည်း။

လူငယ်​တစ်ဦး သွေဖည်​ခါ​စ​တွင် ထီး​တည်းနေ​ရန် ကြိုးစား​မည်၊ မိဘများ​က သူနှင့်​သမ္မာကျမ်းစာ​အကြောင်း​ဆွေးနွေး​ရန် ကြိုးစား​သည့်​အခါ ကလန်ကဆန်​ပြုလုပ်​ပေမည်။ ထိုသို့​သော​အခြေအနေ​မျိုး​တွင် မိဘများ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ ရှေး​ဣသရေလလူ​များနှင့် ယေဟောဝါ မည်သို့​လုပ်ဆောင်​တော်​မူ​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။ ကိုယ်တော်​သည် သူတို့၏​ထင်ရာစိုင်း​လမ်းစဉ်​သို့ သူတို့ကို​မ​အပ်​မီ ဤ “လည်ပင်း​ခိုင်မာ” သော​ဣသရေလ​လူမျိုး​ကို နှစ်ပေါင်း ၉၀၀ ကျော်​သည်းခံ​ခဲ့​သည်။ (ထွက်မြောက်ရာ ၃၄:၉; ၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၁; ရောမ ၁၀:၂၁) သူတို့သည် “ဘုရားသခင်​ကို အ​ဖန်​ဖန်​စုံစမ်း” သည့်​ကြား​မှ ယေဟောဝါ​သည် သူတို့​အပေါ် “ကရုဏာ​စိတ်” ပြတော်မူ​ခဲ့​သည်။ “ကြိမ်ဖန်​များစွာ​စိတ်တော်ပြေ​၍ အမျက်တော်ကို​နှိုးဆော်​တော်​မ​မူ။” (ဆာလံ ၇၈:၃၈-၄၂) ဘုရားသခင်​သည် သူတို့နှင့်​စီရင်​ဆက်ဆံ​ရာ​တွင် အမှား​မရှိခဲ့​ချေ။ မေတ္တာ​ရှိသော​မိဘများသည် ယေဟောဝါ​ကို​တုပ​ကာ မိမိတို့၏​ကြိုးစား​ကူညီပေး​မှု​ကို ကလေး​သည် ချက်ချင်း​မတုံ့ပြန်​သောအခါ စိတ်ရှည်​ကြ​၏။

၁၀ သည်းခံလျက်​နေခြင်း သို့​မဟုတ် စိတ်ရှည်ခြင်း​က “ကြာမြင့်စွာ​သည်းခံနေ​ခြင်း” ကို​ဆိုလို​သည်မဟုတ်​ဘဲ ဖရိုဖရဲ​ဖြစ်သွား​သော​ဆက်ဆံ​ရေး တိုးတက်​ကောင်းမွန်​လာရန်​အတွက် မျှော်လင့်ချက်​ရှိသမျှကို စွန့်ပစ်​ရန်​ငြင်းဆန်​ခြင်း​ကို ဆိုလို​သည်။ ယေဟောဝါ​သည် မည်သို့​သည်းခံခြင်း​တွင် စံနမူနာ​ချမှတ်​ပေး​ခဲ့​၏။ ဣသရေလလူ​တို့​ထံ မိမိ၏​စေတမန်​များ​ကို “အထပ်ထပ်” စေလွှတ်​ခြင်း​ဖြင့် အစပြု​ခဲ့​သည်။ ယေဟောဝါ​၏​လူမျိုး​သည် “ဘုရားသခင်​၏​တမန်​တို့ကို​ပြက်ရယ်ပြု​၍ အမိန့်တော်ကို နားမထောင်” သော်လည်း ကိုယ်တော်​သည် ‘မိမိ​လူမျိုး​ကို သနား’ တော်​မူ​သည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆) ကိုယ်တော်​သည် ဣသရေလလူ​တို့ကို မေတ္တာ​ရပ်ခံ​၍ ‘သင်တို့​လိုက်​သောမ​ကောင်း​လမ်း​နှင့် ဆိုးသွမ်း​သော​အကျင့်​များ​မှ ပြန်လာကြလော့’ ဟု​မိန့်တော်မူ​ခဲ့​၏။ (ယေရမိ ၂၅:၄၊ ၅သမ္မာ) သို့​တိုင် ယေဟောဝါ​သည် မိမိ၏​ဖြောင့်မတ်​သော​မူများ​ကို မလျှော့ပေါ့​ခဲ့​ချေ။ ဣသရေလလူ​တို့သည် ဘုရားသခင်​ထံ​တော်​နှင့် ကိုယ်တော်​၏​လမ်းစဉ်​တော်​များ​သို့ ‘ပြန်​လှည့်လာ​ကြ’ ရန် သွန်သင်ခံ​ခဲ့​ရသည်။

၁၁။ မိဘများသည် သွေဖည်​သွားသော​ကလေး​ကို သည်းခံလျက်​နေစဉ် တစ်ကြိမ်​တည်း​တွင် မည်သို့​ခိုင်မာ​နိုင်​သနည်း။

၁၁ မိဘများသည် သွေဖည်​နေသော​ကလေး​ကို အလျင်စလို​လက်မလျှော့​လိုက်ခြင်း​ဖြင့် သည်းခံခြင်း​တွင် ယေဟောဝါ​ကို တုပ​နိုင်​ကြသည်။ သူတို့သည် မျှော်လင့်ချက်​ထား​ကာ ကိုယ်တိုင်​အစပြု​၍ ဆက်သွယ်ရေး​လမ်းကြောင်းကို ဖွင့်​ထားခြင်း၊ ပြန်လည်​ဆက်သွယ်ခြင်း​တို့ကို ပြုလုပ်​နိုင်​သည်။ သူတို့သည် ဖြောင့်မတ်​သော​မူများ​ကို စွဲကိုင်​ထား​စဉ် မိမိ​ကလေး​အား အမှန်တရား​လမ်းစဉ်​သို့ ပြန်လှည့်​လာရန် “အထပ်ထပ်” မေတ္တာ​ရပ်ခံ​နိုင်​ကြသည်။

အရွယ်​မ​ရောက်​သေး​သူ​တစ်ဦး နှင်ထုတ်​ခံရသော​အခါ

၁၂။ အသင်းတော်​မှ နှင်ထုတ်​ခံရ​သည့် မိမိတို့​နှင့်​နေထိုင်​သော အရွယ်​မ​ရောက်​သေး​သူ​တစ်ဦး​အပေါ် မိဘများ​၌ အဘယ်​တာဝန်​ရှိ​သနည်း။

၁၂ မိဘများနှင့် အတူ​နေထိုင်​သော အရွယ်​မ​ရောက်​သေး​သူ​တစ်ဦး​သည် ကြီး​လေး​သည့်​အပြစ်ကို ကျူးလွန်​၍ သူ၏​နောင်တ​မယူ​သော​သဘောထား​ကြောင့် အသင်းတော်​မှ နှင်ထုတ်​ခံရ​သည်​ဆိုလျှင် အသို့နည်း။ ထို​ကလေး​သည် မိဘများနှင့် အတူ​နေထိုင်​ဆဲ​ရှိသောကြောင့် ဘုရားသခင့်​စကားတော်​နှင့်​အညီ သူ့ကို​သွန်သင်ပေး​ရန်၊ ဆုံးမ​ပဲ့ပြင်​ရန်​တာဝန် သူတို့တွင်​ရှိနေဆဲ​ဖြစ်၏။ ယင်းကို မည်သို့​ပြုလုပ်​နိုင်​သနည်း။—သု. ၆:၂၀-၂၂; ၂၉:၁၇

၁၃။ မိဘများသည် အမှား​ပြုလျက်​ရှိသော​ကလေး​တစ်ဦး၏​စိတ်နှလုံး​ကို​ထိမိ​ရန် မည်သို့​ကြိုးစား​ပြုလုပ်​နိုင်​မည်​နည်း။

၁၃ သမ္မာကျမ်းစာ​ကို သူနှင့်​သီးသန့်​လေ့လာချိန်​တွင် လိုအပ်​သလို သွန်သင်​ဆုံးမ​ပဲ့ပြင်​ပေး​နိုင်​ပေမည်၊ အမှန်​မှာ ထိုသို့​ပြု​ရန် အကောင်းဆုံး​ဖြစ်​ပေမည်။ ထို​ကလေး​၏ မာကျော​သော​စိတ်ထား​နောက်ဝယ် အဘယ်အရာ​ရှိသည်​ကို​တွေ့မြင်​ရန်​ကြိုးစား​ပြီး သူ့​စိတ်နှလုံး​သဘောထားကို သိရှိ​ရန်​ကြိုးစား​သင့်​သည်။ သူ၏​ဝိညာဉ်​ရေးရာ​ဖျားနာ​မှု​၏ အတိုင်းအတာ​ကား အဘယ်နည်း။ (သု. ၂၀:၅) သူ၏​စိတ်ထိခိုက်​လှုပ်ရှား​လွယ်​သော​အပိုင်း​ကို ထိမိ​နိုင်​သလော။ အဘယ်​ကျမ်းချက်​များ​ကို ထိထိရောက်ရောက်​အသုံးပြုနိုင်​မည်​နည်း။ တမန်​တော်​ပေါလု​က ကျွန်ုပ်​တို့ကို ဤသို့​အာမခံခဲ့​သည်– “ဘုရားသခင်​၏ နှုတ်[မြွက်​စကား] တော်​သည် အသက်ရှင်ခြင်း၊ တန်ခိုး​နှင့်​ပြုပြင်ခြင်း၊ သန်လျက်​တကာ​တို့​ထက် ထက်​ခြင်း​နှင့်​ပြည့်စုံ​သည်​ဖြစ်၍၊ အသက်​နှင့်​စိတ်​ဝိညာဉ်​ကိုလည်း​ကောင်း၊ အရိုး​ဆစ်​နှင့်​ခြင်ဆီ​ကိုလည်း​ကောင်း ပိုင်းခြား​၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်နှလုံး​အကြံအစည်​များ​ကိုလည်း သိမြင်​တတ်၏။” (ဟေဗြဲ ၄:၁၂) မှန်ပါသည်၊ မိဘများသည် သူတို့၏​သားသမီးကို နောက်ထပ်​မမှား​နှင့်​ဟု နှုတ်ဖြင့်​ပြောဆိုခြင်း​ထက်မက ပြုလုပ်​နိုင်​ပေ​သည်။ ရောဂါ​ပျောက်ကင်း​စေခြင်း​အစီအစဉ်ကို အစပြု​၍ ကြိုးစား​ပြုစု​ပျိုးထောင်​ပေး​နိုင်​သည်။

၁၄။ ယေဟောဝါ​နှင့် မိမိ၏​ဆက်ဆံ​ရေး ပြန်ကောင်း​လာ​စေရန် အမှား​ပြု​မိ​သူ​လူငယ်​တစ်ဦး​အနေ​ဖြင့် ဦးဆုံး​ပြုလုပ်​သင့်​သည့်​အရာ​ကား အဘယ်နည်း၊ ထိုသို့​ပြုလုပ်​စေရန် မိဘများသည် အဆိုပါ​ကလေး​ကို မည်သို့​ကူညီပေး​နိုင်​သနည်း။

၁၄ အမှား​ပြု​မိ​သော​လူငယ်​သည် ယေဟောဝါ​နှင့် မိမိ၏​ဆက်ဆံ​ရေး​ကို ထူထောင်​ဖို့​လို​သည်။ သူ​ဦးဆုံး​လှမ်း​ရမည့်​ခြေလှမ်း​မှာ “နောင်တ​ရ​၍ စိတ်​ပြောင်းလဲ” ခြင်း​ဖြစ်သည်။ (တမန်​တော် ၃:၁၉၊ ၂၀; ဟေရှာယ ၅၅:၆၊ ၇) မိမိတို့​အိမ်တွင်း​ရှိ လူငယ်​အား နောင်တ​ယူ​စေရန် ကူညီပေး​ရာ​တွင် မိဘများသည် အဆိုပါ​ဆီးတား​ငြင်းဆန်​သောက​လေး​ကို ‘သည်းခံ​နိုင်သော​သူ​ဖြစ်၍ နူးညံ့​သိမ်မွေ့စွာ​ဆုံးမ​ရ​ပေမည်။’ (၂ တိမောသေ ၂:၂၄-၂၆) သမ္မာကျမ်းစာ​အရ သူတို့ကို “ဆုံးမ” ပေး​ရန်လို​သည်။ “ဆုံးမ” ဟု​ဘာသာ​ပြန်ဆို​ထားသော ဂရိ​စကားလုံး​ကို ‘ထင်ရှား​စွာ​ဖော်ပြခြင်း’ ဟူ၍လည်း​အနက်​ပြန်ဆို​နိုင်​သည်။ (ဗျာဒိတ် ၃:၁၉; ယောဟန် ၁၆:၈) သို့​ဖြစ်၍ ထို​ကလေး​အား​ဆုံးမခြင်း​တွင် သူ၏​အပြစ်ရှိ​လမ်းစဉ်​ကို အထင်အရှား​ဖော်ပြ​ရန် သက်သေ​အထောက်အထား အလုံအလောက်​တင်ပြခြင်း​ပါဝင်​သည်။ ထိုသို့​ပြုလုပ်​ရန် အမှန်တကယ်​ပင် မလွယ်ကူ​ချေ။ ဖြစ်​နိုင်​လျှင် မိဘများသည် သူ့​အပြစ်ကို​ဖော်ပြ​ရန် သမ္မာကျမ်းစာ​နှင့်​အညီ သင့်လျော်​သည့်​နည်း​မျိုးစုံ​ကို​သုံး​၍ သူ၏​စိတ်နှလုံး​ကို လှုံ့ဆော်ပေး​နိုင်​ပါ​သည်။ သူ့​အား “[မကောင်းမှု] ကို​မုန်း​၍ [ကောင်းမှု] ကို​ချစ်” ရန်လို​ကြောင်း သိမြင်​နားလည်​လာစေဖို့ ကြိုးစား​ကူညီပေး​သင့်​သည်။ (အာမုတ် ၅:၁၅) ထို​အခါ သူသည် ‘[စာတန်] ၏​အလိုအတိုင်း​ဖမ်းမိ​ခံ​ရာ​မှ’ သတိ​ပြန်​ရလာ​ပေမည်။

၁၅။ အမှား​ပြု​မိ​သူ​တစ်ဦး​သည် ယေဟောဝါ​နှင့် ဆက်ဆံ​ရေး ပြန်လည်​ကောင်းမွန်​လာ​စေရန် ဆုတောင်းခြင်း​က အဘယ်​အခန်းကဏ္ဍ​မှ​ပါဝင်​သနည်း။

၁၅ ယေဟောဝါ​နှင့် ဆက်ဆံ​ရေး ပြန်လည်​ကောင်း​လာ​စေရန် ကြိုးစား​ပြုလုပ်​ရမည့်​အရာ​တွင် ဆုတောင်းခြင်း​သည် မရှိမဖြစ်​လိုအပ်​၏။ ခရစ်ယာန်​အသင်းတော်​နှင့် စ​ပေါင်းသင်း​ပြီး​နောက်​တွင် နောင်တ​မယူ​ဘဲ အထင်အရှား​ဆက်​ပြုမူ​နေသည့် ပြစ်မှု​နှင့်​စပ်​လျ​ဉ်း၍ မည်သူမျှ “ဆုတောင်း” ခြင်း​မပြု​သင့်​ချေ။ (၁ ယောဟန် ၅:၁၆၊ ၁၇; ယေရမိ ၇:၁၆-၂၀; ဟေဗြဲ ၁၀:၂၆၊ ၂၇) သို့​တိုင် မိဘများသည် အဆိုပါ​အခြေအနေ​ကို ကိုင်တွယ်​ရာ​၌ ဉာဏ်ပညာ​ပေး​ရန် ယေဟောဝါ​ထံ ဆုတောင်း​နိုင်၏။ (ယာကုပ် ၁:၅) နှင်ထုတ်​ခံ​ထား​ရသူ လူငယ်​တစ်ဦး​သည် နောင်တ​ရ​ကြောင်း​အထင်အရှား​ဖော်ပြ​သော်လည်း “ဘုရားသခင်​ရှေ့တော်၌ ရဲရင့်​ရသော​အခွင့်” မရ​ရှိလျှင် ထို​ကလေး​၏​အပြစ်ကို​လွှတ်​ရန် အခြေခံ​အကြောင်းကို ဘုရားသခင်​တွေ့ရှိ​ပါ​က ကိုယ်တော်​၏​အလိုတော်အတိုင်း​ဖြစ်ပါစေ​ဟု မိဘများ ဆုတောင်း​ပေမည်။ (၁ ယောဟန် ၃:၂၁) ဤသို့​သော​ဆုတောင်းချက်​များ​ကို ကြားနာ​ရခြင်း​ဖြင့် ထို​လူငယ်​သည် ယေဟောဝါ​အား သနား​ကြင်နာ​တတ်သော​ဘုရားသခင်​အဖြစ်​တွေ့မြင်​စေရန် ထောက်ကူ​သင့်​သည်။ *ထွက်မြောက်ရာ ၃၄:၆၊ ၇; ယာကုပ် ၅:၁၆

၁၆။ အရွယ်​မ​ရောက်​သေး​သော နှင်ထုတ်​ခံရ​သူများ​၏ မိသားစုကို ကျွန်ုပ်​တို့ မည်သို့​ကူညီပေး​နိုင်​ကြ​သနည်း။

၁၆ နှစ်ခြင်း​ခံ​ပြီး​သား လူငယ်​တစ်ဦး နှင်ထုတ်​ခံရ​ပါ​က အသင်းသားများ​သည် သူနှင့် “မပေါင်းဖော်” ရန်​တောင်းဆို​ထား​သည်။ (၁ ကောရိန္သု ၅:၁၁; ၂ ယောဟန် ၁၀၊ ၁၁) ယင်းက သူ့​အား နောက်ဆုံး​တွင် ‘သတိ​ပြန်​ရလာ’ စေ​၍ ဘုရားသခင်​၏​ကာကွယ်​မှု​ပေး​သည့်​သိုးခြံ​ထဲ​သို့ ပြန်လှည့်​ဝင်လာ​စေရန် ကူညီပေး​ပေမည်။ (လုကာ ၁၅:၁၇) သို့သော် သူ​ပြန်လာ​သည်​ဖြစ်စေ၊ ပြန်​မလာ​သည်​ဖြစ်စေ အသင်းတော်​သားများ​သည် နှင်ထုတ်​ခံရ​သည့်​သူငယ်​၏​မိသားစုကို အားပေး​တည်ဆောက်​နိုင်​ကြသည်။ ကျွန်ုပ်​တို့အားလုံး​သည် သူတို့​အပေါ် “စိတ်​ကြင်နာ​ခြင်း” နှင့် “သနားစုံမက်​ခြင်း” တင်ပြ​ရန် အခွင့်အလမ်း​များ​ကို ရှာဖွေ​နိုင်​ကြသည်။—၁ ပေတရု ၃:၈၊ ၉

အခြားသူ​တို့ မည်သို့​ကူညီပေး​နိုင်

၁၇။ လမ်းလွဲ​နေသော​ကလေး​တစ်ဦး​ကို ကူညီပေး​သောအခါ အသင်းတော်​သားများ​အနေ​ဖြင့် အဘယ်အရာကို စိတ်ထဲ​စွဲမှတ်​ထား​သင့်​သနည်း။

၁၇ ခရစ်ယာန်​အသင်းတော်​မှ နှင်ထုတ်​မခံရ​သော်လည်း ယုံကြည်ခြင်း​အားနည်း​လာသော လူငယ်​တစ်ဦး​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ “အင်္ဂါ​တစ်ခု​တည်း​ဆင်းရဲခြင်း​ကို​ခံရ​လျှင်၊ အင်္ဂါ​အပေါင်းတို့သည် [သူနှင့်] အတူ​ခံရ​ကြ​၏” ဟု တမန်​တော်​ပေါလု​ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၁၂:၂၆) ထိုသို့​သော​လူငယ်​ကို တက်တက်ကြွကြွ​စိတ်ဝင်စား​ကြောင်း အခြားသူ​တို့​လည်း ဖော်ပြ​နိုင်​သည်။ ဝိညာဉ်​ရေး​အရ​ဖျားနာ​နေ​သူ လူငယ်​တစ်ဦး​သည် အခြား​လူငယ်များ​ကို အကျိုးယုတ်​စွာ ဩဇာ​လွှမ်းမိုး​နိုင်သော​ကြောင့် အတော်အတန်​သတိပြု​ရန်​တော့​လို​သည်။ (ဂလာတိ ၅:၇-၉) အသင်းတော်​တစ်ခု​တွင် ဝိညာဉ်​ရေး​ဘက်​အားနည်း​လာသော လူငယ်​အချို့​ကို​ကူညီပေး​ရန် ရည်ရွယ်ချက်​ကောင်း​ရှိသူ လူကြီး​အချို့​သည် လူကြိုက်များ​သော​တေး​သီချင်းများ​ကို အတူတကွ​တီးမှုတ်​သီဆို​ကြ​ရန် ဖိတ်ခေါ်​ခဲ့​၏။ အဆိုပါ​လူငယ်များသည် ထို​အစီအစဉ်ကို သဘောကျ​ကြ​ပြီး​လွယ်​လင့်​တကူ​ပါဝင်​ခဲ့​ကြသော်လည်း တစ်ဦး​အပေါ်​တစ်ဦး သူတို့၏​လွှမ်းမိုးမှု​က နောက်ဆုံး​တွင် အသင်းတော်​နှင့်​ပေါင်းသင်းမှု ရပ်စဲ​လိုက်​စေ​ခဲ့​၏။ (၁ ကောရိန္သု ၁၅:၃၃; ယုဒ ၂၂၊ ၂၃) ဖျားနာ​နေသော​ကလေး​တစ်ဦး​ကို ရောဂါ​ကုသ​ပေး​မည်​ကား ဝိညာဉ်​ရေး​လမ်းညွှန်မှု​မပါ​သည့် လူမှုပေါင်းသင်း​ဆက်ဆံရေး​မဟုတ်ဘဲ ဝိညာဉ်​ရေးရာ​များ​ကို​အရသာ​တွေ့​စေရန် ကူညီပေး​မည့်​ပေါင်းသင်း​ဆက်ဆံမှု​ဖြစ်သည်။ *

၁၈။ ယေရှု၏​ပုံ​ဥပမာ​ထဲ​မှ ဖခင်​၏​ဖြုန်းတီးသော​သား​သဘောထားကို ကျွန်ုပ်​တို့ မည်သို့​တုပ​နိုင်​ကြ​သနည်း။

၁၈ အသင်းတော်​မှ​ထွက်သွား​ခဲ့​သော​လူငယ်​တစ်ဦး​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ ပြန်လှည့်​လာသော​အခါ သို့​မဟုတ် စည်းဝေးကြီး​တစ်ခု​ကို​တက်ရောက်​သောအခါ သူ​မည်သို့​ခံစားရ​မည်​ကို စဉ်းစား​ကြည့်​ပါ​လေ။ ယေရှု၏​ပုံ​ဥပမာ​ထဲ​မှ ဖြုန်းတီးသော​သား​၏​ဖခင်​ကဲ့သို့ ကြိုဆို​သော​သဘောထားကို ကျွန်ုပ်​တို့ မတင်ပြ​သင့်​ပေ​လော။ (လုကာ ၁၅:၁၈-၂၀၊ ၂၅-၃၂) ခရစ်ယာန်​အသင်းတော်ကို စွန့်ခွာ​ထွက်သွား​ပြီး​နောက်​မှ ခရိုင်​စည်းဝေးကြီး​တစ်ခု​ကို တက်ရောက်​ခဲ့​သော ဆယ်ကျော်သက်​တစ်ဦး​က ဤသို့​ပြောပြ​သည်– “ကျွန်တော့်​လို​လူမျိုး​ကို လူတိုင်း​က အရေးမထား​ဘဲ​နေလိမ့်မယ်​လို့ ထင်​မိ​တာ၊ ဒါပေမဲ့ ညီအစ်ကို ညီအစ်မ​တွေ​က ကျွန်တော့်​ကို တ​ရေး​တ​ယူ လှိုက်လှိုက်လှဲလှဲ​ကြိုဆို​ကြတယ်။ ကျွန်တော့်​စိတ်​ကို တကယ်​လှုပ်ရှား​စေ​ခဲ့တယ်။” ထို့နောက် သမ္မာကျမ်းစာ​ကို သူ​ပြန်​လေ့လာ​၍ နောက်ပိုင်း​တွင် နှစ်ခြင်း​ခံယူ​လိုက်​လေ​သည်။

လက်မလျှော့​ပါ​နှင့်

၁၉၊ ၂၀။ ဖြုန်းတီးသော​သား​တစ်ဦး​နှင့်​ပတ်သက်​၍ အပြုသဘောထား အဘယ်ကြောင့်​ရှိ​သင့်​သနည်း။

၁၉ “ဖြုန်းတီးသော​သား” ဖြစ်သူက​လေး​တစ်ဦး ‘သတိ​ပြန်​ရလာ​ရန်’ ကူညီပေး​ရာ​တွင် စိတ်ရှည်​ဖို့​လို​သည်၊ မိဘများနှင့် အခြားသူ​တို့အတွက်​ပါ စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်​နိုင်​ပေ​သည်။ သို့သော် လက်မလျှော့​ပါ​နှင့်။ “လူ​အချို့​တို့သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အတိုင်း၊ ထာဝရ​ဘုရား​သည် ကတိတော်​အရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အဘယ်သူမျှ​မပျက်စီး​ဘဲ၊ ရှိသမျှ​တို့သည် နောင်တ​ရစေ​ခြင်း​ငှာ အလိုတော်​ရှိ၍၊ ငါ​တို့ကို​သည်းခံ​တော်​မူ​၏။” (၂ ပေတရု ၃:၉) ယေဟောဝါ​သည် လူ​တို့ကို နောင်တ​ရ​၍ အသက်ရှင်​စေ​လို​ကြောင်း သမ္မာကျမ်း​ဆိုင်ရာ အာမခံချက်​ရှိ​ထား​သည်။ အမှန်​မှာ လူသား​တို့ကို မိမိ​ကိုယ်နှိုက်​နှင့်​မိတ်သဟာယ​ဖွဲ့​ရန်​အစီအစဉ်ကို ကိုယ်တော်​သည် အစပြု​လုပ်ဆောင်ခဲ့​လေ​ပြီ။ (၂ ကောရိန္သု ၅:၁၈၊ ၁၉) ကိုယ်တော်​၏​စိတ်ရှည်ခြင်း​က သန်းနှင့်ချီ​သော​သူတို့အား အသိတရား​ဝင်​စေရန် ဖြစ်စေ​နိုင်​ခဲ့​သည်။—ဟေရှာယ ၂:၂၊ ၃

၂၀ ထို့​ကြောင့် အရွယ်​မ​ရောက်​သေး​သော ဖြုန်းတီးသော​သား​တစ်ဦး​ကို သတိ​ပြန်​ရလာ​စေရန် မိဘများ​ကူညီပေး​ရာ​တွင် သမ္မာကျမ်းစာ​နည်းလမ်း​ရှိရှိသမျှကို အသုံးမပြု​သင့်​ပေ​လော။ ယေဟောဝါ​ကို တုပ​ပြီး ကိုယ်တော့်​ထံ သင့်​ကလေး ပြန်​လှည့်လာ​စေရန် အပြုသဘောထား​ခြေလှမ်း​များ​လှမ်း​ရာ​တွင် သည်းခံပါ။ သမ္မာကျမ်းစာ​မူများ​ကို အခိုင်အမာ​ဆုပ်ကိုင်​ထား​ပါ၊ ကိုယ်တော့်​အကူအညီ​ရဖို့​အတွက် သင်​ဆုတောင်း​စဉ် ယေဟောဝါ​၏​အရည်အသွေးများ​ဖြစ်သော မေတ္တာ၊ တရား​မျှတမှု​နှင့် ဉာဏ်ပညာ​ကို ရောင်ပြန်ဟပ်​ဖို့​ကြိုးစား​ပါ​လေ။ ခေါင်းမာ​၍ ကလန်ကဆန်​လုပ်ခဲ့​သူများစွာ​သည် ပြန်​လှည့်လာ​ကြ​ရန် ယေဟောဝါ​၏ မေတ္တာပါ​ဖိတ်ခေါ်ချက်​ကို တုံ့ပြန်​ခဲ့​သကဲ့သို့ သင်၏​ဖြုန်းတီးသော​သား သို့​မဟုတ် သမီး​သည် ဘုရားသခင်​၏ ကာကွယ်​မှု​ရရှိသော​သိုးအုပ်​ထဲ​သို့ ပြန်ဝင်​လာ​စ​ရာ​အကြောင်း​ရှိ​ပေ​သည်။—လုကာ ၁၅:၆၊ ၇

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 ငယ်ရွယ်သူ​တို့ကို ထိထိရောက်ရောက် သွန်သင်​နိုင်​ပုံ​အတွက် ထပ်ဆင့်​အကြံပြုချက်များ​ရလိုလျှင် ၁၉၉၉၊ ဇူလိုင် ၁၊ ကင်းမျှော်စင် စာမျက်နှာ ၁၃-၁၇ ကို​ရှု။

^ အပိုဒ်၊ 15 ငယ်ရွယ်​သော​နှင်ထုတ်​ခံရ​သူ​တစ်ဦး​အတွက် ထိုသို့​သော​ဆုတောင်းချက်​များ​ကို အသင်းတော်​အစည်းအဝေး​၌ လူအများရှေ့​တွင် တောင်းလျှောက်​မည်​မဟုတ်​ချေ၊ အကြောင်း​မှာ အခြားသူ​တို့သည် နှင်ထုတ်​ခံရ​သူ၏​အခြေအနေ​ကို သိချင်​မှ​သိ​ပေမည်။—၁၉၇၉၊ အောက်တိုဘာ ၁၅၊ ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၃၁ ကို​ရှု။

^ အပိုဒ်၊ 17 အသေးစိတ်​အကြံပြုချက်များ​အတွက် နိုးလော့! ၁၉၇၂၊ ဇွန် ၂၂ စာမျက်နှာ ၁၃-၁၆ [လိပ်]; ၁၉၉၆ စက်တင်ဘာ ၂၂ စာမျက်နှာ ၂၁-၃ [လိပ်] ကို​ရှု။

သင်​မှတ်မိ​သလော

• လူငယ်များ အသင်းတော်​မှ​ထွက်သွား​သောအခါ အကြောင်းရင်း​ကား အဘယ်အရာ​ဖြစ်​နိုင်​သနည်း။

• ယေဟောဝါ​နှင့် နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ရှိစေရန် လူငယ်များ​ကို မည်သို့​ကူညီပေး​နိုင်​သနည်း။

• ဖြုန်းတီးသော​သား​တစ်ဦး​ကို ကူညီပေး​ရာ​တွင် မိဘများသည် သည်းခံ​ရမည်​ဖြစ်သော်လည်း အဘယ်ကြောင့်​ခိုင်မာ​ဖို့​လို​သနည်း။

• ဖြုန်းတီးသော​သား​တစ်ဦး ပြန်​လှည့်လာ​စေရန် အသင်းတော်တွင်​ရှိသူတို့​က မည်သို့​ကူညီပေး​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေဟောဝါ​နှင့် ရင်းရင်းနှီးနှီး​ရှိဖို့​အတွက် ဘုရားသခင့်​စကားတော်​ကို ဖတ်ရှုခြင်း​သည်​အရေးကြီး

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မိဘများ​၏ နှလုံး​ပါ​သော​ဆုတောင်းချက်​က မိဘ​နှင့် ယေဟောဝါ​စပ်ကြား မေတ္တာဖွဲ့​နှောင်​ထားမှု​ကို သားသမီး​များ​အား ခံစား​မိ​စေနိုင်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဖြုန်းတီးသော​သား​တစ်ဦး “သတိရ” လာသော​အခါ သူ့ကို ကြိုဆို​ပါ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါ​ထံ​တော်​သို့ သင့်​ကလေး​ပြန်​လှည့်လာ​စေရန် အပြုသဘောပါပါ​ပြုလုပ်​ပါ